← Chapters

အခန်း ၇၄

Vol. 8 Ch. 74

အခန်း ၇၄

Vol. 8 Ch. 74

အခန်း (၇၄) ဆောင်းနှင်းပွင့်တို့ ကြွေလွင့်လာချိန်

ထိုခဏ၌ပင် အဝေးတစ်နေရာမှ ဆရာသခင်ဖန်းချန်က သူ့ကို လှမ်းကြည့်နေကြောင်း လျိုအာနွား

သတိထားမိလိုက်သည်။ မည်သည့်အချိန်ကတည်းက ကျောထက်တွင် ဓားလွယ်ထားမှန်း မသိရသော

ဆရာသခင်သည် သူ့ထံသို့ လက်လှမ်းပြနေ၏။

“ငါ့ကို လာခဲ့ဖို့ ခေါ်နေတာလား”

အာနွားတစ်ယောက် နားမလည်နိုင်ဖြစ်သွားသော်လည်း အမိန့်ကို မဖီဆန်ဝံ့ပေ။

တောင်ထိပ်ရှိ မျက်စိကျစရာ ခရမ်းရောင်အပင်ငယ်များကိုပင် လှည့်မကြည့်နိုင်တော့ဘဲ

ဆရာသခင်ရှိရာသို့ သွားရမည့်လမ်းကို ရှာလိုက်သည်။ ထို့နောက် ကျယ်လောင်စွာ

တစ်ချက်အော်မြည်လိုက်ပြီး ခွာသံပြင်းပြင်းဖြင့် ချောက်ကမ်းပါးဆီသို့

ဒုန်းစိုင်းပြေးသွားလေသည်။

…

ဖန်းချန်သည် နွားသိုးကြီး ချောက်ကမ်းပါးဆီသို့ ပြေးလာသည်ကိုမြင်လျှင်

ပြုံးလိုက်ပြီး သူလုပ်လက်စအလုပ်ကိုသာ ခေါင်းငုံ့၍

ဆက်လုပ်နေလိုက်သည်။ ထိုတောင်ကုန်းနှင့် ဤနေရာသည် အတော်အတန် ဝေးကွာလှပေရာ

နွားသိုးကြီး၏ အပြေးအဟုန်ဖြင့်ဆိုလျှင်ပင် တစ်နာရီ၊ နှစ်နာရီခန့်

ကြာမြင့်မည်ဖြစ်၍ အေးအေးဆေးဆေးပင် စောင့်နေရန် သူ

ဆုံးဖြတ်လိုက်သည်။

မြေတစ်ဧကကို စေ့စပ်သေချာစွာ ထွန်ယက်ပြီးနောက် ကြီးမားသော မြေစာခဲကြီးများကို

ချေမွလိုက်သည်။ ထို့နောက် ကြေးတူးရွင်းကို တဲအုံထဲသို့ ပြန်သိမ်းကာ

သူ၏ဝတ်ရုံဖြူကို သန့်စင်မန္တန်ဖြင့် ဖုန်ခါလိုက်ပြီး နေ့လယ်စာအတွက် ပြင်ဆင်ရန်

ဟန်ပြင်လိုက်သည်။

ထိုစဉ် ချောက်ကမ်းပါးအစွန်းဆီသို့ အကြည့်ရောက်သွားရာ သူ၏ခြေလှမ်းများ ရပ်တန့်သွား၏။

နွားသိုးကြီးမှာ တရွေ့ရွေ့ဖြင့် ရောက်ရှိလာလေပြီ။ သူ့ကိုစောင့်နေသော ဖန်းချန်ကို

မြင်သည်နှင့် လျိုအာနွားမှာ အရှိန်တင်ကာ မြက်မိုးတဲရှေ့သို့ ပြေးလာပြီး

မတ်တတ်ရပ်လျက် အရိုအသေပေးလိုက်သည်။

“ကျွန်တော်မျိုး လျိုအာနွား ဆရာသခင်ကို ဂါရဝပြုပါတယ်။ မတွေ့ရတာ ကြာပြီဖြစ်ပေမဲ့

ဆရာသခင်ရဲ့ ကျက်သရေက အရင်ကထက်တောင် ပိုပြီး တောက်ပနေပါလား”

အာနွား၏စကားမှာ အလွန်မှန်ကန်လှပေသည်။

သန့်စင်မန္တန်ကို တတ်မြောက်ပြီး ဝတ်ရုံဖြူပြောင်းဝတ်လိုက်ကတည်းက ဖန်းချန်၏ဟန်ပန်မှာ

လောကီအညစ်အကြေးများနှင့် ကင်းစင်နေသယောင် ရှိသည်။

ကျောထက်တွင် လွယ်ထားသော ကြေးမြှောင်ဓားရှည်နှင့် အစွန်းအထင်းကင်းသည့် ဝတ်ရုံဖြူ၊

သေသပ်စွာ ထုံးဖွဲ့ထားသော ဆံထုံး၊ သွယ်လျသော ကိုယ်နေဟန်ထားနှင့်

နူးညံ့ချောမောသော မျက်နှာသွင်ပြင်တို့

ပေါင်းစပ်သွားသောအခါ ဖန်းချန်မှာ

မြေပြင်သို့ဆင်းသက်လာသော

တောမှီရသေ့နတ်တစ်ပါးအလား

တင့်တယ်နေလေသည်။

ထို့ပြင် နွားသိုးကြီး၏ အမြင်တွင် ထိုဓားမှာ သာမန်ဓားတစ်လက် မဟုတ်ဘဲ နက်နဲသော

အငွေ့အသက်များ ကိန်းအောင်းနေသည်ကို ခံစားနေရသည်။

“ဒီဓားက ဝိညာဉ်သက်ဝင်နေတာပဲ” ဟု လျိုအာနွား စိတ်ထဲမှ ရေရွတ်လိုက်မိသည်။ ထို့ကြောင့်

သူ၏ အမူအရာနှင့် အပြုအမူများမှာ ယခင်ကထက်ပင် ပို၍ ရိုသေကျိုးနွံသွားတော့သည်။

နွားသိုးကြီး၏ အမူအရာကိုကြည့်ကာ ဖန်းချန်က ပြုံးလိုက်ပြီး “သြော်... မင်းကိုး။

ဒီလောက် တရိုတသေ လုပ်နေစရာ မလိုပါဘူး။ မင်းခန္ဓာကိုယ်ကြီးနဲ့ အခုလို

မတ်တတ်ရပ်နေရတာ ပင်ပန်းလိမ့်မယ်။ ယွင်ကျုံးတောင်ပေါ်မှာ နေရတာ

အဆင်ပြေရဲ့လား။ ဘယ်လိုနေလဲ” ဟု မေးလိုက်သည်။

ထိုစကားကိုကြားမှ အာနွားသည် သူ၏ ရှေ့ခွာများကိုချကာ ခြေလေးဖက်ဖြင့်

အနေအထားပြန်ပြင်လိုက်ပြီး ရှေ့ရှိလူကို

ပြန်ဖြေလိုက်သည်။

“ဂရုတစိုက် မေးခွန်းထုတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာသခင်။ ဆရာသခင် ကယ်တင်ပြီး

လမ်းပြပေးလိုက်ကတည်းက ကျွန်တော်မျိုးလည်း ဒီတောင်ပေါ်ကို တန်းလာခဲ့တာပါ။

ယွင်ကျုံးတောင်က တကယ်ကို နေချင့်စဖွယ်ပါပဲ။ ကျွန်တော်တို့လို

နာမ်ဝိညာဉ်တွေ ရှင်သန်ဖို့ သိပ်ကို သင့်တော်ပါတယ်။”

“ဒီရောက်နေတဲ့ အတောအတွင်းမှာ ကျွန်တော်မျိုး စားကောင်းအိပ်ပျော်ပါပဲ။

ခန္ဓာကိုယ်လည်း အတော်လေး ကြီးထွားလာတယ်။ ပြီးတော့

ယွင်ကျုံးတောင်က ကျယ်ဝန်းလွန်းလို့ စိတ်ကြိုက် ပြေးလွှားနိုင်တာမို့

ကျင့်စဉ်ကျင့်ကြံတဲ့နေရာမှာလည်း ပိုပြီး အကျိုးကျေးဇူး ရှိစေပါတယ်”

ဖန်းချန်က လက်ကို နောက်ပစ်ထားလိုက်ရင်း “မင်း သဘောကျတယ်ဆိုရင် ကောင်းတာပေါ့။ မင်း

အသိဉာဏ်ပွင့်ပြီး ကျင့်စဉ်စွမ်းအင်တွေ ရလာတဲ့အချိန် လူ့လောကမှာ ဆက်နေလို့ရပေမဲ့

မင်းရဲ့မိသားစုက ရုတ်တရက် အပြောင်းအလဲတွေ ဖြစ်သွားခဲ့တော့ အဲဒီကို ပြန်သွားဖို့

မသင့်တော်တော့ဘူးလေ။ ဒီယွင်ကျုံးတောင်က ခိုလှုံဖို့ အကောင်းဆုံးနေရာပါပဲ”

ဟု ပြောလိုက်သည်။

ထိုအခါ လျိုအာနွားက “ဆရာသခင် ဒီနေရာမှာ ကျင့်စဉ်စံကျောင်း ဖွင့်ထားမှန်း

ကျွန်တော်မျိုး မသိခဲ့ပါဘူး။ အဲဒါကြောင့်

လာရောက်ဂါရဝမပြုမိတဲ့အပေါ်

ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်” ဟု ဆိုလေသည်။

ဖန်းချန်က အာနွား၏ အားနာမှုကို အမှုမထားဘဲ “ငါမှ မင်းကို မပြောခဲ့တာ၊ မင်းမှာ

ဘာအပြစ်ရှိမှာလဲ။ ဒီနေရာကို ရှန်းချီကမ်းပါးလို့ ခေါ်တယ်။ ဘယ်လိုလဲ...

ငါ့ရဲ့ ကျင့်စဉ်စံကျောင်းက တော်တော်လေး မဆိုးဘူးမလား”

“ဒါပေါ့” လျိုအာနွားက ခိုင်မာသောလေသံဖြင့် ဖြေသည်။ “ကျွန်တော်မျိုး ဒီတောင်ပေါ်မှာ

နေလာတာ ကြာပါပြီ။ နေရာအတော်များများကိုလည်း ရောက်ဖူးတယ်။ ဒါပေမဲ့ ကမ်းပါးထက်မှာ

တည်ရှိနေတဲ့ ဆရာသခင့်ရဲ့ နေရာလောက် သာယာလှပတာမျိုး တစ်ခါမှ မမြင်ဖူးပါဘူး။

ဒီနေရာကို ကောင်းကင်ဘုံက ကောင်းချီးပေးထားတဲ့ နယ်မြေလို့တောင်

ခေါ်သင့်ပါတယ်”

“ဟားဟား... ချီးကျူးတဲ့အတွက် ကျေးဇူးပဲ” ဖန်းချန်မှာ အတော်လေး သဘောကျသွားပြီး

“အာနွား... ဒီတောင်ပေါ်မှာ ငါကူညီပေးစရာများ ရှိမလား။ လိုအပ်တာရှိရင်

ပြောနိုင်ပါတယ်” ဟု မေးလိုက်သည်။

နွားသိုးကြီးသည် ခေတ္တမျှစဉ်းစားပြီးနောက် ပြန်ဖြေသည်။

“ဒီတောင်ပေါ်ရောက်ပြီးနောက်ပိုင်း မိတ်ဆွေသစ်တချို့နဲ့ သိကျွမ်းခဲ့ပါတယ်။

သူတို့အကူအညီနဲ့မို့ စားဝတ်နေရေးအတွက် ဘာမှမလိုပါဘူး၊ ဆားတောင်

မလိုပါဘူး။”

“ဒါပေမဲ့ စိုးရိမ်ပူပန်စရာလေး တစ်ခုတော့ ရှိနေတယ်။ ဆရာသခင် တောင်အောက်ကို

ဆင်းမယ့်အချိန်ကျရင် ဟူချောင်မြို့လေးဆီ ဝင်ပြီး အာဟွမ်ကို

သွားကြည့်ပေးစေချင်ပါတယ်။ ပြီးတော့ အာနွားတစ်ယောက် အဆင်ပြေပြေနဲ့

ကောင်းကောင်းမွန်မွန် ရှိနေတယ်လို့ သတင်းလေး ပါးပေးပါဦး”

“ကိစ္စမရှိပါဘူး” ဖန်းချန်က ပြုံးလျက် ဖြေလိုက်သည်။ “ပြီးခဲ့တဲ့တစ်ခေါက်က

လျိုအာဟွမ်ကို ငါတွေ့ခဲ့သေးတယ်။ သူလည်း အဆင်ပြေပါတယ်”

“ကျေးဇူးတင်ပါတယ် ဆရာသခင်” ထို့နောက် အာနွားသည် အနည်းငယ် တုံ့ဆိုင်းသွားပြီး

“နောက်ထပ် ကိစ္စတစ်ခု ရှိပါသေးတယ်။ မေးသင့်မမေးသင့်တော့ မသိဘူး”

“ပြောပါ”

“ကျွန်တော်မျိုး လူယောင်ဖန်ဆင်းနိုင်ဖို့ ဘယ်လိုလုပ်ရမလဲဆိုတာ ဆရာသခင်များ

သိပါသလား”

“မေးခွန်းကောင်းပဲ” ဟု ဆိုကာ ဖန်းချန်က ပြုံးလိုက်သည်။

အဝေးမှ လျိုအာနွားကို လှမ်းမြင်လိုက်ရကတည်းက ဤနွားသိုးကြီးနှင့် သူ့အကြား

ရေစက်တစ်ခုခုရှိနေကြောင်း ဖန်းချန်၏ ဝိညာဉ်အာရုံက

သိရှိနေခဲ့သည်။ ထို့ကြောင့် သူ့ကို လှမ်းခေါ်ကာ

လမ်းညွှန်မှုပေးရန် ပြင်ဆင်ထားခြင်းဖြစ်သည်။

လူယောင်ဖန်ဆင်းနိုင်ရန် မည်သို့လုပ်ရမည်ကို သူက တိုက်ရိုက်မပြောပြပေ။ ခေတ္တမျှ

စဉ်းစားပြီးနောက် လူယောင်ဖန်ဆင်းခြင်းနှင့် လုံးဝ မသက်ဆိုင်ဟု ထင်ရသော

ကိစ္စတစ်ခုကို ပြောလိုက်သည်။

“ဒီမှာကြည့်စမ်း အာနွား၊ ဒီနေ့ ငါ ကမ်းပါးပေါ်မှာ မြေတစ်ဧက ဖော်ထားတယ်။ နောက်နှစ်

နွေဦးပေါက်ရင် ဒီမှာ မျိုးစေ့တွေ ချမလို့။ နွေဦးရောက်ရင် ငါ့ဆီလာပြီး

လယ်လာထွန်ပေးလှည့်ပါ”

လျိုအာနွားမှာ ရိုးသားဖြူစင်သူပီပီ ချက်ချင်းပင် လက်ခံလိုက်သည်။ “ပြဿနာမရှိပါဘူး

ဆရာသခင်။ ဒီတောင်ပေါ်မှာ စားစရာ မြက်တွေမှ ပေါလို့၊ ကျွန်တော်မျိုးမှာ

ခွန်အားတွေလည်း ပြည့်နေတာပါပဲ”

“မင်း လူယောင်ဖန်ဆင်းနိုင်မယ့် အခွင့်အရေးက အဲဒီအထဲမှာ ရှိတယ်”

“ဗျာ”

အံ့အားသင့်နေသော အာနွားကို အရေးမစိုက်တော့ဘဲ ဖန်းချန်သည် အိမ်ထဲသို့ ပြန်ဝင်သွားကာ

ဝါးတောင်းတစ်လုံးကို ယူလာပြီး နွားချိုတွင် ချိတ်ပေးလိုက်သည်။ ထို့နောက်

ပြုံးလျက်...

“ယွင်ကျုံးတောင်က သီးနှံတွေ ပေါကြွယ်ဝတယ်။ ဒီကန်စွန်းဥက အရသာသိပ်ကောင်းတာ၊

မီးဖုတ်စားရင် ပိုတောင်ကောင်းသေးတယ်။ ဒီတစ်တောင်းလုံး ငါ

မီးဖုတ်ထားတာ၊ သိပ်စားလို့ကောင်းတယ်။ မင်း မြည်းကြည့်ဖို့

ငါပေးလိုက်မယ်။ ဝါးတောင်းကိုပါ ယူသွားလိုက်တော့”

“...ကျေးဇူးတင်ပါတယ် ဆရာသခင်။ လူကြီးသူမက ပေးသနားတာမို့ ကျွန်တော်မျိုး

မငြင်းဆန်ဝံ့ပါဘူး”

“ကောင်းပြီ၊ သွားတော့”

ဖန်းချန်သည် အာနွား၏ ရိုးသားမှုကို အလွန်သဘောကျနေသော်လည်း ဧည့်သည်ကို ပြန်လွှတ်ရန်

ဆုံးဖြတ်လိုက်သည်။ နွားသိုးကြီးမှာ သံသယပေါင်းများစွာနှင့်အတူ အစားအစာများပါသော

တောင်းတစ်လုံးကို သယ်ဆောင်လျက် ဖန်းချန်ကို နှုတ်ဆက်ကာ ရှန်းချီကမ်းပါးမှ

ထွက်ခွာသွားလေတော့သည်။

…

ဖရဲခင်းဘေးရှိ ပိုင်ဆပ်ပင်တန်းများမှာ ရင့်မှည့်နေပြီဖြစ်သည်။

ဖန်းချန်သည် ကြေးဓားဖြင့် ရိတ်သိမ်းကာ ပိုင်ဆပ်စေ့များကို ခြွေချပြီး အိမ်ထဲသို့

သယ်ယူသိမ်းဆည်းလိုက်သည်။ ယင်းမှာ အရက်ချက်ရန်အတွက် သူရည်ရွယ်ထားသော

သီးနှံပင်ဖြစ်၏။ သို့သော် ယခုအထွက်နှုန်းမှာ မလုံလောက်သေးပေ။

အရက်ချက်ရန် လုံလောက်သည်အထိ နောက်ထပ် တစ်ကြိမ်၊ နှစ်ကြိမ်ခန့်

စိုက်ပျိုးရဦးမည်ဖြစ်သည်။ ထို့ပြင် ပိုင်ဆပ်သည်

အရည်အသွေးမြင့် အရက်ချက်ရန် အကောင်းဆုံးဖြစ်သော်လည်း ပေါင်းခံသည့်ကိရိယာများ

လိုအပ်ပြီး သူ့ထံတွင် သင့်တော်သော ကိရိယာမရှိသေးပေ။

ထို့ကြောင့် ယခုရိတ်သိမ်းရရှိသမျှ၏ အများစုကို နောက်နှစ် ဆက်လက်စိုက်ပျိုးရန်

မျိုးစေ့အဖြစ် သိမ်းဆည်းထားလိုက်သည်။ အနည်းငယ် ပိုနေသည်များကိုတော့

ပိုင်ဆပ်ထမင်းချက်စားရန် သူ စိတ်ကူးထားသည်။

ဆောင်းဦးရာသီသည် တဖြည်းဖြည်း ကုန်ဆုံးလုနီးပြီဖြစ်သည်။

တိုက်ခတ်လာသော လေပြေများတွင် အအေးဓာတ် ပါလာပြီး ခပ်သိမ်းသော အရာရာတိုင်းမှာ

အေးစက်စပြုလာ၏။

ကျင်းကျိုးပြည်နယ်တစ်ဝိုက်တွင် ဆောင်းရာသီသည် သိပ်မအေးလှပေ။ ပြည်နယ်မြို့တော်၏

အပြင်ဘက်တွင်ပင် နှင်းကျလေ့ သိပ်မရှိချေ။ သို့သော်

တောင်တန်းဒေသများမှာတော့

လွင်ပြင်များနှင့် ကွာခြားလှသည်။

ရှန်းချီကမ်းပါး၏ မြေမျက်နှာပြင်မှာ အလွန်မြင့်မားသောကြောင့် ဆောင်းရာသီတွင်

အလွန်အေးချမ်းပြီး နှင်းများ မကြာခဏ ကျတတ်သည်။ ဤသည်မှာ

ယွင်ကျုံးတောင်၏ နတ်မင်း ကျန်းချွန်းက ဖန်းချန်နှင့်

စစ်တုရင်ကစားရင်း ပြောပြခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ဖန်းချန်တစ်ယောက် ဆောင်းတွင်းအတွက် ကြိုတင်ပြင်ဆင်မှုများ

စတင်လုပ်ဆောင်တော့သည်။

ပထမဆုံးအနေဖြင့် လောင်စာများကို စုဆောင်းသည်။ ဤသို့ စုဆောင်းခြင်းမှာ

အနွေးဓာတ်ရရန်အတွက်တော့ မဟုတ်ပေ။ လက်ရှိ သူ၏အဆင့်အရ

အပူအအေးဒဏ်ကို ကာကွယ်နိုင်စွမ်း ရှိနေပြီဖြစ်သည်။ အဓိကအကြောင်းရင်းမှာ

ဆောင်းတွင်း နှင်းကျချိန်တွင် ထင်းရှာရသည်မှာ အနည်းငယ်

အလုပ်ရှုပ်နိုင်သောကြောင့် ကြိုတင်ပြင်ဆင်ထားခြင်းသာ

ဖြစ်သည်။

ထို့နောက် စားနပ်ရိက္ခာများကို စုဆောင်းသည်။

အရောင်အသွေးစုံလင်လှသော သစ်သီးများကို ပါးပါးလှီးကာ ဝါးဆန်ခါပေါ်တွင် နေလှန်း၍

သစ်သီးခြောက်များ ပြုလုပ်သိမ်းဆည်းထားလိုက်သည်။ သစ်မာသီးများကိုလည်း

ဝါးတောင်းကြီးတစ်လုံး အပြည့် စုဆောင်းထားလိုက်သေး၏။ ယွင်ကျုံးတောင်ထွက်

အာလူးများကိုမူ အချပ်လေးများလှီးပြီး အာလူးခြောက်လုပ်ထားရာ ယင်းမှာလည်း

ကောင်းမွန်သော အဓိကအစားအစာတစ်မျိုး ဖြစ်လာပေမည်။ ထို့အပြင်

အသားအတွက် တိရစ္ဆာန်များကို ဖမ်းဆီးခြင်း၊ ငှက်များကို ဖမ်း၍

အသားခြောက်လှန်းခြင်း၊ ရေအိုင်များတွင် ပိုက်ချ၍ ငါးဖမ်းခြင်းများကိုပါ

ဆောင်ရွက်ထားသေးသည်။

ဖန်းချန်သည် ဤအလုပ်များကို အေးအေးလူလူပင် လုပ်ဆောင်နေခြင်းဖြစ်သည်။

ယွင်ကျုံးတောင်သည် သဘာဝထွက်ကုန်များ ပေါကြွယ်ဝလှရာ

ဆောင်းရာသီတွင် အစားအစာ ပြတ်လပ်လိမ့်မည်ဟု သူမထင်ပေ။

ထို့ပြင် သူသည် ဆားကျင်းဆီသို့သွားကာ ဆားခဲကြီးတစ်ခဲကို သယ်လာပြီး

မီးဖိုချောင်ထဲတွင် ထားလိုက်သေးသည်။

ဆားသည် ငါးပိ၊ ငါးခြောက်လုပ်ရန်၊ ဝက်ပေါင်ခြောက်လုပ်ရန်၊

ငှက်သားခြောက်လှန်းရန်နှင့်

ဟင်းသီးဟင်းရွက်မျိုးစုံကို ဆားနယ်ရန်အတွက် မရှိမဖြစ် လိုအပ်လှသည်။

ထိုအရည်အသွေးမြင့် ဆားကျင်းကို တွေ့ရှိကတည်းက ဖန်းချန်သည်

ဆားကို အလျှံပယ် သုံးစွဲနိုင်ခဲ့သည်။

တောင်အောက်ရှိ ဥပဒေများတွင် တရားမဝင်ဆားရောင်းချခွင့်ကို ပိတ်ပင်ထားခြင်းမှာ

နှမြောစရာပင်။ သို့မဟုတ်ပါက တောင်အောက်ဆင်းလျှင် အခြားဘာမှ

သယ်သွားစရာမလိုဘဲ ဆားခဲကြီးတစ်ခု သယ်သွားကာ

ရောင်းချလိုက်ရုံနှင့်ပင် လုံလောက်နေပေမည်။

နေ့ရက်များ တရွေ့ရွေ့ ကုန်ဆုံးလာသည်။

တစ်နေ့တွင် ဖန်းချန်သည် သစ်မာသီးများအပြည့်ပါသော တောင်းကို ပခုံးပေါ်တင်ကာ

ပြန်လာခဲ့သည်။ ကောင်းကင်ယံတွင် တိမ်များအုံ့ဆိုင်းကာ

မှုန်မှိုင်းနေ၏။ ရုတ်တရက် မော့ကြည့်လိုက်ရာ

လွင့်ဝဲကျဆင်းလာသော ပုံဆောင်ခဲလေးများကို သူ

မြင်လိုက်ရပြီး ပါးပြင်ထက်တွင် သာယာသော အေးမြမှုကို

ခံစားလိုက်ရသည်။

ခန့်မှန်းထားသည့်အတိုင်းပင် ဖြစ်သည်။

ယွင်ကျုံးတောင်ပေါ်တွင် ဆောင်းနှင်းပွင့်တို့ ကြွေလွင့်လာလေပြီ။

All Chapters