← Chapters

အခန်း ၇၅

Vol. 8 Ch. 75

အခန်း ၇၅

Vol. 8 Ch. 75

အခန်း (၇၅) ဆောင်းတွင်းကစားပွဲနှင့် ကောင်းကင်နိမိတ်

နှင်းပွင့်ဖြူဖြူတို့မှာ တိမ်စိုင်တို့ကြားမှ တဖွဲဖွဲ ဝဲပျံကျလာသည်။ နွေဦးပေါက်ဝယ်

လွင့်မျောနေသော လဲမှို့ကလေးများနှယ်၊ သို့မဟုတ် ပိုးသားနုနုကို

အပိုင်းပိုင်းဖြတ်၍ ကြဲပက်လိုက်သကဲ့သို့

တောင်တန်းကြီးများကြားဝယ် ဝဲလွင့်နေကြပြီး တောင်ထိပ်များ၊ သစ်ပင်များ၊

တောင်ကုန်းတောင်တန်းများနှင့် ကျောက်ဆောင်များကို ငွေရောင်ဝတ်ရုံ

ခြုံလွှမ်းပေးလိုက်ကြသည်။

“နှင်းတွေ ကျနေပြီပဲ...”

ဖန်းချန်သည် ရှောင်တိမ်းခြင်းမပြုဘဲ သူ၏ဝတ်ရုံနှင့် ဦးခေါင်းပေါ်သို့

နှင်းပွင့်များ ကျရောက်ခွင့်ပြုထားရာ

ထိုနှင်းပွင့်တို့မှာ ခဏအကြာတွင် ရေအဖြစ်

အရည်ပျော်သွားကြသည်။ သူသည် လက်ကိုဆန့်၍ နှင်းပွင့်အချို့ကို

ဖမ်းယူလိုက်ပြီး ကောင်းကင်အောက်ဝယ် ဆန်းပြားလှသော

ခြောက်မြှောင့်ပုံ နှင်းပွင့်ကလေးများ၏ သဘာဝအလှကို

ကြည့်ကာ ပြုံးလိုက်မိသည်။

နှင်းခြုံထားသော ယွမ်ကျုံးတောင်တန်းကြီးမှာ ထူးခြားစွာ လှပနေပေသည်။

ယခုနှစ်တွင် တောင်ခြေရှိ ပြည်နယ်မြို့တော်၌ ကောက်ပဲသီးနှံများ အထွက်ကောင်းခဲ့သည်။

လူတို့အတွက် ရှေ့လာမည့် နှစ်သစ်ကူးကာလမှာ အခက်အခဲမရှိ အေးချမ်းပေလိမ့်မည်။

ဖန်းချန်၏ အာရုံထဲတွင်လည်း ရှေ့နှစ်သည် ရာသီဥတု ကောင်းမွန်ပြီး

သီးနှံများ ဖြစ်ထွန်းမည့် နိမိတ်ကို မြင်နေရသည်။ ဤအချက်ကို

ကြည့်ခြင်းဖြင့် ယခုကျနေသော နှင်းများမှာ “မင်္ဂလာနှင်း” ဟုပင် ဆိုရပေမည်။

ယခုအချိန်၌ တိတ်တဆိတ် ရိပ်မြုံနေသော ကပ်ဘေးကြီးမှာ သဘာဝဘေးအန္တရာယ်မျိုး

မဟုတ်ကြောင်းလည်း သူ ရိပ်မိနေသည်။

ကမ်းပါးယံထက်က နတ်ကျောင်းသဖွယ် တဲအိမ်ကလေးမှာ နှင်းများဖုံးလွှမ်းသွားပြီး

ဖြူလွှလွှ အရောင်သို့ ပြောင်းလဲသွားသည်။ သို့သော်

ဝိညာဉ်ဓားစမ်းရေသည် နွေးထွေးသော

အငွေ့အသက်တို့နှင့်အတူ စီးဆင်းနေဆဲဖြစ်ကာ

ခဲသွားခြင်းမရှိပေ။ ချောင်းနံဘေးတွင်မူ ရေခဲစအချို့ ကပ်နေပြီဖြစ်ရာ ရာသီဥတု

မည်မျှအေးသည်ကို သိသာစေသည်။ ဟွမ်ဟွာချောင်းခွဲ နှစ်ခုသည်

မူလတောင်ကြားလမ်းအတိုင်း စီးဆင်းကာ ဘိုင်ကူးမြစ်ထဲသို့

ဝင်ရောက်သွားပြီး ရှန်းချီကမ်းပါးအစွန်းမှ ရေတံခွန်အဖြစ် စီးကျကာ အောက်ခြေရှိ

ရေကန်ထဲသို့ တိုးဝင်သွားကြသည်။

ဖန်းချန်သည် တဲအိမ်ထဲသို့ ပြန်ဝင်ကာ ရေနွေးတည်၍ လက်ဖက်ရည်သောက်ရင်း စာဖတ်လိုက်၊

အပြင်က နှင်းမြင်ကွင်းကို ကြည့်လိုက်နှင့် အချိန်ကို အေးအေးလူလူ

ကုန်လွန်စေသည်။ ပညာရှိအချို့က နှင်းကို အရည်ဖျော်၍

လက်ဖက်ရည်ဖျော်ခြင်းကို အလွန်နှစ်သက်ကြသော်လည်း ဖန်းချန်ကမူ

ထိုသို့မပြုလုပ်ပေ။

နှင်းမှာ သုံးရက်တိုင်တိုင် တဖြည်းဖြည်း ကျနေခဲ့ရာ သူလည်း အိမ်ထဲတွင် နှစ်ရက်ခန့်

အောင်းနေခဲ့ရသည်။ နံနက်စာ စားပြီးနောက် တံခါးဖွင့်၍ နေရောင်ကို

ကြည့်လိုက်သောအခါ ဖန်းချန် စိတ်ဝင်စားသွားသည်။

ပြင်ပတွင် နေရောင်အလွန်ကောင်းနေပြီး နှင်းပြင်ထက်၌ အလင်းပြန်နေသော်လည်း

ကောင်းကင်မှ နှင်းပွင့်အချို့မှာ ဝဲကျနေဆဲပင်။ နှင်းပြင်ပေါ်တွင်

တိရစ္ဆာန်မျိုးစုံ၏ ခြေရာများ ရှိနေသည်။ နှစ်မြှောင့်ခြေရာ၊

သုံးချောင်း၊ လေးချောင်း၊ ငါးချောင်းနှင့် ဇီးသီးပွင့်ပုံ ခြေရာများမှာ

တောကောင်ငယ်မျိုးစုံ ဤနေရာသို့ လာရောက်ခဲ့ကြောင်း သက်သေပြနေသည်။

ဖန်းချန်သည် အလုပ်ရုံထဲမှ နှီးတံမြက်စည်းကို ယူကာ နှင်းများကို

စတင်လှည်းကျင်းတော့သည်။ ‘ရှဲ... ရှဲ...’

ဟူသော အသံနှင့်အတူ ဖြူဖွေးနေသော နှင်းလွှာများအောက်မှ မြေပြင်အရောင်

ပြန်ပေါ်လာသည်။ သူသည် နှင်းများကို စိုက်ခင်းအသစ်ထဲသို့

ပုံလိုက်ပြီး နှင်းလူရုပ်ကလေး တစ်ရုပ်ကိုလည်း စိတ်ကူးပေါက်သလို

ဖန်တီးလိုက်သည်။ ထို့နောက် တံမြက်စည်းကို ကိုင်ကာ

ကမ်းပါးအစွန်းတွင် ရပ်လျက် တောင်ခြေက လောကကြီးကို

ငေးကြည့်နေမိသည်။

ယခုဆိုလျှင် နတ်တော်လသို့ ရောက်ရှိနေပြီဖြစ်ရာ လူတို့မှာ ပျော်ရွှင်နေကြပေလိမ့်မည်။

တောင်ခြေက လူတို့မှာ အလုပ်နားကာ နှစ်သစ်အတွက် ပြင်ဆင်နေကြပြီး အစားအသောက်၊

ဝတ်စုံသစ်များနှင့် ဆွေမျိုးမိတ်သင်္ဂဟများထံ လည်ပတ်ရန်

ပြင်ဆင်နေကြမည်ကို သူ သိသည်။ သို့သော် ရှန်းချီကမ်းပါးယံတွင်မူ

နှင်းများကြောင့် အရောင်ပြောင်းသွားသည်ကလွဲ၍ အမြဲတမ်း တိတ်ဆိတ်အေးချမ်းနေဆဲပင်။

…

ဖန်းချန်သည် ဆောင်းတွင်းအတွက် သိုလှောင်ထားသော အစားအစာများကို

စတင်သုံးဆောင်တော့သည်။ သူသည် ယခင်က

စုဆောင်းထားသော အဆီများဖြင့် ကျောက်ပြားပေါ်တွင် အသားခြောက်ကို

ကင်လိုက်သည်။ ဘေးနားတွင်မူ ဖိုကြီးထဲ၌ ပေါင်းထားသော

မြေပဲဥဖုတ်များမှာ အငွေ့တလူလူနှင့် အဆင်သင့် ရှိနေသည်။

မြေပဲဥမှာ အဓိက အစားအစာဖြစ်ပြီး အသားခြောက်မှာ ဟင်းအဖြစ် စားသုံးခြင်း ဖြစ်သည်။

သူကိုယ်တိုင် ပြုလုပ်ထားသော ဤအသားခြောက်များမှာ တောင်အောက်က လင်းရှီးရွာမှ

ရရှိခဲ့သော အသားခြောက်များထက်ပင် ပို၍ အရသာရှိနေသယောင် ထင်ရသည်။ အသား၏

အပြင်ဘက်မှာ အနည်းငယ် မည်းနေသော်လည်း ပါးပါးလှီးလိုက်သောအခါ

အတွင်းသားမှာ နီရဲနေပြီး အဆီမှာ ဝါဝင်းကာ ကြည်လင်နေသည်။ အသားလွှာလေးများဆီမှ

ထင်းရူးနံ့ သင်းသင်းလေး ထွက်ပေါ်နေပြီး ဆားအရသာမှာလည်း အနေတော်ပင်

ဖြစ်သည်။

အထူးသဖြင့် ဖန်းချန် အသုံးပြုထားသော သဘာဝ ဆားတွင်းမှ ဆားမှာ တောင်ပေါ်ရွာများတွင်

သုံးသော ဆားကြမ်းများထက် အရည်အသွေးရော အရသာပါ များစွာ သာလွန်လှပေသည်။

မီးဖိုပေါ်တွင် ချိတ်ထားသော အသားခြောက်များမှာ ရှေ့နှစ်

နွေဦးပေါက်အထိ စားမကုန်နိုင်အောင် များပြားလှသည်။

…

ဖန်းချန်သည် တောင်ပေါ်လမ်းအတိုင်း လျှောက်လာခဲ့သည်။ နှင်းများကျပြီးနောက်

တောင်ပေါ်လမ်းမှာ သွားလာရန် အလွန်ခက်ခဲသော်လည်း သူ့အတွက်မူ

ဘာမျှမဟုတ်ပေ။ သူ လျှောက်လှမ်းသွားရာ နှင်းပြင်ထက်တွင် ခြေရာလက်ရာမျှ

ကျန်ရစ်ခြင်း မရှိပေ။ အကယ်၍ လူ့လောကက သိုင်းပညာရှင်များသာ

မြင်တွေ့လျှင် “နှင်းပြင်ထက်ဝယ် ခြေရာမဲ့” ပညာဟု

အံ့ဩဘနန်း ပြောကြပေလိမ့်မည်။ သို့သော် တောင်ပေါ်တွင်

ကျေးငှက်သာရကာတို့သာ ရှိသည်။ ၎င်းတို့မှာ ဖန်းချန်

မည်သို့ လျှောက်သည်ကို ဂရုမစိုက်ဘဲ နှင်းပြင်ထက်တွင် အစားအစာရှာရန်နှင့်

အအေးဒဏ်ခံနိုင်ဖို့ အဆီစုဆောင်းရန်သာ ကြိုးပမ်းနေကြသည်။

သူသည် တောတွင်းဝတ်စုံကို ဝတ်ဆင်ကာ ကျောတွင် နွယ်တောင်းကို လွယ်ထားသည်။ တောင်းထဲတွင်

ကြေးပုဆိန် ပါရှိပြီး တောင်းနှင့် ကျောကြားတွင် ဝိညာဉ်စမ်းဓားကို စောင်းစောင်းကြီး

ထိုးထားသည်။ လက်ထဲတွင်မူ အဆီနှင့် အသား မျှတစွာ ပါဝင်သော အသားခြောက်တစ်တုံးကို

ကိုင်ထားသည်။ ၎င်းမှာ အကောင်းစား လက်ဆောင်တစ်ခုပင် ဖြစ်သည်။

တောင်ပေါ်တွင် လူသူနည်းပါးသော်လည်း သူနှင့် စကားစမြည် ပြောနိုင်သော မိတ်ဆွေတစ်ယောက်

ရှိသည်။ ဖန်းချန် ပေးအပ်ခဲ့သော စစ်တုရင်ခုံကို ရရှိပြီးကတည်းက တောင်စောင့်နတ်မင်း

ကျန်းချွမ်းမှာ ဤကစားနည်းကို အလွန်စွဲလမ်းသွားပြီး ဖန်းချန်ကို မကြာခဏ

ဖိတ်ခေါ်တတ်သည်။ ယခုတစ်ကြိမ် ဖိတ်ကြားစာကိုမူ

တောင်စောင့်နတ်မင်းက သမင်လေးတစ်ကောင်၏

ဦးချိုတွင် ချိတ်၍ စေလွှတ်ခဲ့ခြင်း ဖြစ်သည်။ အအေးဒဏ်ကြောင့်

တုန်ရီနေသော သမင်ငယ်လေးကို ဖန်းချန်က မြေပဲဥဖုတ်တစ်ဝက်

ကျွေးလိုက်ရာ သမင်လေးမှာ အလွန်ပင် ဝမ်းသာသွားရှာသည်။

တောစပ်လမ်းအတိုင်း လျှောက်လာရင်း ဖန်းချန်၏ ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားသည်။

ဤနေရာမှာ တောင်စောင်းတစ်ခုဖြစ်ပြီး ကျောက်တုံးကြားတွင် ပေါက်နေသော သစ်ပင်တစ်ပင်

ရှိသည်။ ၎င်းမှာ သစ်သားခေါက်ကို စား၍ရသော အပင်တစ်မျိုး ဖြစ်သည်။ အထူးသဖြင့်

အစာခေါင်းပါးသည့် ကာလများတွင် လူတို့၏ အသက်ကို ကယ်တင်နိုင်သော အပင်ပင်

ဖြစ်သည်။ ဤအပင်၏ အခွံကို အမှုန့်ကြိတ်၍ စားသုံးနိုင်သလို၊

ဆောင်းတွင်းမဟုတ်ပါက အရွက်များကိုလည်း

စားသုံးနိုင်သည်။

သို့သော် ဖန်းချန်မှာ ဤအပင်၏ အရသာကို တစ်ခါမျှ မမြည်းစမ်းဖူးပေ။ သူသည်

စိတ်ဝင်တစားဖြင့် လက်ထဲက အသားခြောက်ကို ကျောပိုးတောင်းထဲ

ထည့်လိုက်ပြီး သစ်ခေါက်နုနှစ်ခုကို ခွာယူကာ ပါးစပ်ထဲထည့်၍ ဝါးကြည့်လိုက်သည်။

အရသာမှာ အနည်းငယ် ချိုအီအီနှင့် သင်းပျံ့သော ရနံ့ ရှိလှပေသည်။

အရသာမှာ မဆိုးလှသဖြင့် အိမ်ပြန်ရောက်လျှင် အခွံအချို့ကို ခွာယူကာ

အမှုန့်ကြိတ်စားရန် သူ ဆုံးဖြတ်လိုက်သည်။

…

နတ်ကျောင်းသို့ ရောက်သောအခါ တောင်စောင့်နတ်မင်း ကျန်းချွမ်းမှာ

အသင့်စောင့်နေချေပြီ။ မကြာခဏ

ကစားဖော်ဖြစ်လာကြသဖြင့် ဖန်းချန်၏ တိုက်တွန်းချက်အရ

တောင်စောင့်နတ်မင်းက “ဖန်ဆရာကြီး” ဟု မခေါ်တော့ဘဲ “ဖန်ဆရာ” ဟုသာ

ရင်းရင်းနှီးနှီး ခေါ်ဝေါ်တော့သည်။

“ကျန်းတောင်စောင့်နတ်မင်း၊ မတွေ့ရတာ ကြာပြီနော်၊ နေကောင်းရဲ့လား” ဖန်းချန်က ပြုံး၍

နှုတ်ဆက်ရင်း ကျောပိုးတောင်းထဲမှ အသားခြောက်ကို ထုတ်ပေးလိုက်သည်။ “ဒါ

ကျွန်တော်ကိုယ်တိုင် လုပ်ထားတဲ့ အသားခြောက်ပါ၊ အရသာ

တကယ်ကောင်းလို့ မြည်းကြည့်ပါဦး”

“နေကောင်းပါတယ်ဗျာ၊ မကြာသေးခင်က အလှူအတန်းတွေလည်း အတော်လေး ပေါများတယ်”

တောင်စောင့်နတ်မင်းက ဝမ်းသာအားရ ပြန်ပြောသည်။

အသားခြောက်ကို ကြည့်ကာ “ဆရာ့လက်ရာက တကယ်ကို ကောင်းတာပဲ၊

ကြည့်ရုံနဲ့တင် သွားရည်ကျမိတယ်” ဟု ချီးကျူးလိုက်သည်။

နှုတ်ဆက်စကား ပြောပြီးနောက် နှစ်ယောက်သား စစ်တုရင်ခုံ၏ တစ်ဖက်တစ်ချက်တွင် ထိုင်ကာ

အနက်နှင့် အဖြူ အသီးသီးကို ကိုင်၍ စတင်ကစားကြတော့သည်။ တောင်စောင့်နတ်မင်းကလည်း

ကင်ထားသော သစ်အယ်သီးများ၊ သိုလှောင်ထားသော သစ်သီးများနှင့် လက်ဖက်ရည်တို့ဖြင့်

ဧည့်ခံသည်။

“ဒီနှင်းက တကယ့်ကို ကောင်းတဲ့ နှင်းပဲ” ဟု ဖန်းချန်က ဆိုသည်။

“မှန်ပါတယ်” ကျန်းချွမ်းက အကွက်တစ်ခု ရွှေ့လိုက်ရင်း ပတ်ဝန်းကျင်က

ငွေရောင်တောင်ထိပ်များကို ငေးကြည့်ကာ

“ယွမ်ကျုံးတောင်မှာ ဒီလောက် နှင်းထူထူကျတာ မမြင်ရတာ

နှစ်အတော်ကြာပြီ။ ဒီနှစ် နှင်းထူတော့ ရှေ့နှစ်မှာ

တောင်ပေါ်က သစ်ပင်တွေ ရေအလုံအလောက်ရပြီး ပိုပြီး စိမ်းလန်းစိုပြည်လာမှာ

သေချာတယ်”

ဖန်းချန်က ခေါင်းညိတ် ထောက်ခံလိုက်သည်။ နှစ်ဦးသား အပြန်အလှန် အကွက်များ ရွှေ့ရင်း

စစ်တုရင်ပွဲမှာ အရှိန်တက်လာသည်။

ထိုစဉ် တောင်စောင့်နတ်မင်းက လေသံကို ပြောင်းကာ ပြောလိုက်သည်။ “မကြာသေးခင်က ညဘက်

ကောင်းကင်ယံမှာ ထူးခြားတဲ့ နိမိတ်တွေ ခဏခဏ တွေ့နေရတယ်။ အဲဒီအပေါ်မှာ ဆရာ

ဘယ်လိုမြင်သလဲ”

All Chapters