အခန်း ၃၅၂
Vol. 36 Ch. 352
အခန်း (၃၅၂)
ယန်ဘုရင်၏ ညီလာခံခန်းမထဲတွင်။
" အရှင်မင်းကြီး ချင်နိုင်ငံက ကျူးကျော်ဖို့ စစ်တပ်ကို စေလွှတ်လိုက်ပါပြီ။ သူတို့က ကျွန်တော်မျိုးတို့ ယန်နယ်စပ်စထန်းကို ထိုးဖောက်ပြီး ယွင်တုံနယ်စပ်မြို့ဆီကို ချီတက်လာပါပြီ။ " သတင်းပို့သူက ဒူးထောက်ပြီး ကြောက်လန့်စွာ ပြောလိုက်သည်။
သူ၏ စကားဆုံးသည်နှင့် ညီလာခံတစ်ခုလုံးက ထိတ်လန့်တုန်လှုပ်သွားကြသည်။ ပလ္လင်ပေါ်တွင် ထိုင်နေသော ယန်ဘုရင်ကလည်း ထိတ်လန့်သွားသည်။
" ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ငါတို့ ချင်နိုင်ငံကို သံတမန်အဖွဲ့က မကြာသေးခင်ကမှ စေလွှတ်လိုက်တာ မဟုတ်ဘူးလား။ "
"ချင်နိုင်ငံက ရုတ်တရက် ဘာလို့တိုက်ခိုက်တာလဲ။ ဒါက အကြောင်းမဲ့စစ်ပွဲပဲ။ "
" ချင်နိုင်ငံက ချီနဲ့ ချူနိုင်ငံတို့ စစ်ကူစေလွှတ်မှာကို မကြောက်ဘူးလား။ "
ခန်းမထဲရှိ ဝန်ကြီးများက ထိတ်လန့်စွာဖြင့် ဆွေးနွေးနေကြသည်။ သူတို့က ချင်နိုင်ငံကို အလွန်ကြောက်လန့်နေကြပြီဖြစ်သည်။
" တော်ကြစမ်း။ " ယန်ဘုရင်က အေးစက်စွာ အော်ဟစ်လိုက်သည်။
" စိတ်ထိန်းပါ အရှင်မင်းကြီး။ " ဝန်ကြီးများအားလုံးက ဦးညွှတ်လိုက်ကြသည်။
" ချင်နိုင်ငံက တကယ်တိုက်ခိုက်တာ သေချာရဲ့လား။ " ယန်ဘုရင်က သတင်းပို့သူကို ကြည့်ပြီး မေးလိုက်သည်။
" အရှင်မင်းကြီး သေချာပါတယ်။ ချင်နိုင်ငံက လက်စားချေမယ်ဆိုပြီး မြင်းစီးစစ်သည်တစ်သိန်းကို စေလွှတ်ပြီး နယ်စပ်ကနေ ကျူးကျော်ဝင်ရောက်လာပါတယ်။ ကျွန်တော်မျိုးတို့ ယန်စစ်သည်တစ်ယောက်မှ အသက်ရှင်မကျန်တော့ပါဘူး။ "
" ချင်စစ်တပ်က တစ်လမ်းလုံးတိုက်ခိုက်လာတာပါ။ ကျွန်တော်မျိုးတို့ ယန်နယ်စပ်စခန်းကို ကာကွယ်နေတဲ့ စစ်သည်တစ်သိန်းနီးပါးကို ချင်စစ်တပ်က သတ်ဖြတ်လိုက်ပါပြီ။ လူရာဂဏန်းလောက်ပဲ ယွင်တုန်မြို့ထဲကို ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ ဒါ့အပြင် ချင်မြင်းတပ်တင်မဟုတ်ဘဲ ဝူအန်းစခန်းတစ်ခုလုံး လှုပ်ရှားနေပုံရပါတယ်။ " သတင်းပို့သူက ထိတ်လန့်စွာဖြင့် ပြန်ဖြေလိုက်သည်။
ထိုစကားများကို ကြားသောအခါ ယန်ဘုရင်၏ အမူအရာက ပို၍ တင်းမာလာသည်။
" ဘာလို့ဒီလိုဖြစ်နေတာလဲ။ ချင်နိုင်ငံက အကြောင်းရင်းမရှိဘဲ ဘယ်တော့မှ မလှုပ်ရှားဘူး။ ပြီးတော့ ငါစေလွှတ်လိုက်တဲ့ သံတမန်တွေကလည်း အခုထိ ပြန်မရောက်သေးဘူး။ သံတမန်တွေက တစ်ခုခုများ ဖြစ်သွားတာလား။ " ယန်ဘုရင်၏ စိတ်က ပို၍ လေးလံလာသည်။
" ချီနဲ့ချူနိုင်ငံကို သံတမန်တွေ စေလွှတ်လိုက်။ ချင်နိုင်ငံက ယန်နိုင်ကို တိုက်ခိုက်နေကြောင်း အသိပေးပြီး မဟာမိတ်စာချုပ်အတိုင်း ယန်နိုင်ငံကို ကူညီဖို့ စစ်တပ်စေလွှတ်ဖို့ တောင်းဆိုလိုက်ပါ။ " ယန်ဘုရင်က စိတ်ကို ထိန်းချုပ်ပြီး အမိန့်ပေးလိုက်သည်။
သူ၏ ယန်နိုင်ငံက အခြားနိုင်ငံနှစ်ခုနှင့် မဟာမိတ်စာချုပ် လက်မှတ်ထိုးထားသည်။ ချင်နိုင်ငံ၏ မတရားသော တိုက်ခိုက်မှုကြောင့် ထိုနိုင်ငံနှစ်ခုက စစ်ကူစေလွှတ်မည်မှာ သေချာသည်။
" အမိန့်အတိုင်းပါ။ " သံတမန်ရေးရာဝန်ကြီးက ချက်ချင်း ပြန်ပြောလိုက်သည်။
" စစ်သေနာပတိချုပ်ချင်ချင်း " ယန်ဘုရင်က ခေါ်လိုက်သည်။
" စစ်သည်သစ်စုဆောင်းတာနဲ့ လေ့ကျင့်တာက ဘယ်လိုရှိလဲ။ " ယန်ဘုရင်က မေးလိုက်သည်။
" လွန်ခဲ့တဲ့ သုံးလကတည်းက စုစည်းခဲ့တာ လူပေါင်း တစ်သိန်းခွဲတောင် မပြည့်ပါဘူး။ သူတို့အားလုံးက အခြေခံလေ့ကျင့်ထားပြီး တိုက်ခိုက်ရေးစွမ်းအား မပြည့်မီသေးပါဘူး။ ပြီးတော့ သံချပ်ကာ၊ လက်နက်တွေနဲ့ အခြားပစ္စည်းတွေကိုလည်း မဖြန့်ဝေရသေးပါဘူး။ " ချင်ချင်းက ပြန်ဖြေလိုက်သည်။
" ဘာလို့ဒီလောက်တောင် နှေးရတာလဲ။ " ယန်ဘုရင်က မျက်မှောင်ကြုတ်သွားသည်။
" အရှင်မင်းကြီး အချိန်က တိုလွန်းပါတယ်။ အခုအချိန်မှာ စစ်သည်တစ်သိန်းခွဲက အတင်းအကျပ် စုဆောင်းရတာပါ။ " ချင်ချင်းက ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။
ချင်နိုင်ငံက အလွန်သန်မာသည်ကို လူတိုင်းသိကြသည်။ စစ်သည်စုဆောင်းခြင်းက ချင်စစ်တပ်ကို ရင်ဆိုင်ခြင်းဖြစ်ပြီး ၎င်းက သေခြင်းတရားကို ရင်ဆိုင်ရခြင်းဖြစ်သည်ကို ပြည်သူများက သိကြသည်။ ယန်ဘုရင် အမိန့်ထုတ်ပြန်သောအခါ အစပိုင်းတွင် မစုဆောင်းနိုင်သည့်အတွက် ချင်ချင်းက ယန်ဘုရင်၏ အမိန့်အတိုင်း အတင်းအကျပ် စုဆောင်းခဲ့ရသည်။
အတင်းအကျပ် စုဆောင်းခံရသည့် စစ်သည်တစ်သိန်းခွဲက လေ့ကျင့်ရေးကို ကောင်းကောင်းမရရှိထားကြဘဲ အများစုမှာ လက်နက်ပင်မရှိကြပေ။ ထိုစစ်သည်များက ချင်စစ်တပ်ကို ရင်ဆိုင်ရလျှင် ရလဒ်က တစ်ခုသာ ရှိလေသည်။
" အမိန့်ထုတ်ပြန်လိုက်။ လက်နက်နဲ့ သံချပ်ကာ ထုတ်လုပ်ဖို့ နိုင်ငံတစ်ခုလုံးကို လှုပ်ရှားစေ။ ချီနဲ့ချူနိုင်ငံက ကူညီမယ်ဆိုပေမယ့် ယန်နိုင်ငံကလည်း မပြင်ဆင်ထားလို့မရဘူး။ " ယန်ဘုရင်က ညွှန်ကြားလိုက်သည်။
" သေစမ်း။ ချင်နိုင်ငံက ဒီလောက်မြန်မြန် လှုပ်ရှားလာတာ။ ငါပြင်ဆင်ဖို့တောင် အချိန်မရတော့ဘူး။ " ယန်ဘုရင်က စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။
ချင်နိုင်ငံက ရုတ်တရက် လှုပ်ရှားရသည့် အကြောင်းရင်းကို သူနားမလည်ပေ။ သူတို့က ဝေနိုင်ငံကို သိမ်းပိုက်ပြီးသည်မှာ ခြောက်လပင်မပြည့်သေးပေ။ သူတို့ တိုက်ခိုက်လျှင် နိုင်ငံသုံးခုကို ရင်ဆိုင်ရမည်ဖြစ်သည်။
အိမ်ရှေ့စံမင်းသားစံအိမ်တွင်။
ယန်တန်က လက်နောက်ပစ်၍ ရပ်နေပြီး သူ၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်အရိပ်အယောင်များ ပေါ်နေသည်။
" အချိန်ကို တွက်ကြည့်ရင် ချင်ဝူယန်နဲ့ ကျင်းခဲတို့ အောင်မြင်သွားလောက်ပြီ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီတစ်ခါတော့ ရင်ကျန့် သေမှာသေချာတယ်။ " ယန်တန်က သူ၏ အစီအစဉ်မှာ အမှားအယွင်မရှိနိုင်ဟု ယုံကြည်နေသည်။
" ကျန်းလီ မင်းက တစ်ခုခုစိုးရိမ်နေတာလား။ " ယန်တန်က နောက်လှည့်ကြည့်ပြီး မေးလိုက်သည်။
" အရင်တုန်းက ဟန်တန်မှာ ငါတို့သုံးယောက် အပြန်အလှန် မှီခိုခဲ့ရတာ။ အခုတော့ အခြေအနေက ဒီလိုဖြစ်သွားပြီ။ အဲ့ဒီရက်တွေကို တွက်ကြည့်ရင် ငါစိတ်ထဲမှာ မအေးချမ်းနိုင်ဘူး။ " ယန်တန်၏ နောက်တွင် ကုချင်းကို ကိုင်ထားသော လူတစ်ယောက်က လမ်းလျှောက်ထွက်လာသည်။
" ရင်ကျန့်က အရင်တုန်းက ကျောက်ကျန့်မဟုတ်တော့ဘူး။ အရင်တုန်းက သူက သူ့နိုင်ငံကို ပြန်ရောက်ရင် ကျောက်နိုင်ငံကို ဖျက်ဆီးပြီး ယန်နိုင်ငံကို ထောက်ပံ့မယ်လို့ ပြောခဲ့တယ်။ ဒါပေမယ့် သူဘာလုပ်ခဲ့လဲ။ ကျောက်နိုင်ငံ ကျူးကျော်တုန်းက သူ ဘေးကနေ ရပ်ကြည့်နေခဲ့တယ်။ ငါတို့ယန်နိုင်ငံရဲ့ ကြီးမားတဲ့ အင်အားကို စတေးပြီးမှ သူက စစ်တပ်စေလွှတ်ဖို့ သဘောတူခဲ့တာပဲ။ ဒီလို ကတိပျက်တဲ့လူက တကယ်ရွံစရာကောင်းတယ်။ " ယန်တန်က မုန်းတီးမှုများဖြင့် ပြောလိုက်သည်။
ကောင်းကျန်းလီက ခေါင်းခါလိုက်သည်။ ယန်တန်က ရိုးအပြီး ကလေးဆန်လှသည်။ သူတို့ ယန်နိုင်ငံတွင် ဓားစာခံအဖြစ် ရှိနေတုန်းက ရင်ကျန့်က အသက်ဘယ်လောက်တောင် ရှိသေးလို့လဲ။ ကလေးတစ်ယောက်၏ စကားကို ယန်တန်က အမှန်တကယ် ယုံကြည်ခဲ့သည်။ ထို့အပြင် နိုင်ငံများကြားတွင် အကျိုးစီးပွားက အဓိကဖြစ်သည်။
" ရင်ကျန့် သေသွားရင် ချင်နိုင်ငံက ဖရိုဖရဲ ဖြစ်သွားလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် ကျင့်သုံးနိုင်ငံက နယ်မြေတွေကလည်း ရှုပ်ထွေးသွားလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် ငါတို့ ယန်နိုင်ငံက အခွင့်အရေးယူပြီး နယ်မြေချဲ့ထွင်နိုင်လိမ့်မယ်။ ချင်နိုင်ငံက သတင်းရောက်လာတဲ့အခါ ခမည်းတော်က ငါကို အထင်ကြီးလေးစားပြီး ပြည်သူတွေက ငါ့ကို အားကိုးလာကြလိမ့်မယ်။ ငါယန်တန်က ယန်နိုင်ငံရဲ့ သူရဲကောင်းဖြစ်လာလိမ့်မယ်။ "ယန်တန်က စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်လိုက်သည်။
" ဒါပေမယ့် လုပ်ကြံမှုသာ မအောင်မြင်ရင် ယန်နိုင်ငံက အန္တရာယ်ထဲ ကျရောက်သွားလိမ့်မယ်ဆိုတာ မင်းစဉ်းစားမိရဲ့လား။ ယမ်ဘုရင်ကို ချင်နိုင်ငံက သတ်ဖြတ်လိမ့်မယ်။ " ကောင်းကျန်းလီက ဖြည်းညင်းစွာ ပြောလိုက်သည်။
ယန်တန်က ချက်ချင်း ဒေါသထွက်သွားသည်။ " ဒါက မအောင်မြင်နိုင်စရာ အကြောင်းမရှိဘူး။ ငါ ဘယ်တော့မှ မရှုံးနိမ့်နိုင်ဘူး။ ယင်ကျန့်က သေကို သေရမယ်။ "
ထိုအချိန်တွင် အရာရှိတစ်ယောက်က အပြေးအလွှား ရောက်ရှိလာသည်။
" အိမ်ရှေ့စံမင်းသား တစ်ခုခုဖြစ်သွားပါပြီ။ " အရာရှိက ယန်တန်ရှေ့တွင် ဒူးထောက်လိုက်သည်။
" ဘာဖြစ်တာလဲ။ ချင်နိုင်ငံမှာ တစ်ခုခုဖြစ်သွားတာလား။ " ယန်တန်က စိတ်ထဲမှ ဝမ်းသာသွားပြီး မေးလိုက်သည်။
" အိမ်ရှေ့စံမင်းသားက ဘယ်လိုလုပ်သိတာလဲ။ " အရာရှိက အံ့ဩသွားသည်။
" ရင်ကျန့် သေသွားပြီလား။ "
" အိမ်ရှေ့စံမင်းသား ချင်ဘုရင်က ဘယ်လိုလုပ်သေမှာလဲ။ " အရာရှိက နားမလည်နိုင်စွာဖြင့် ပြောလိုက်သည်။ " ချင်စစ်တပ်က နယ်စပ်ကို ဖြတ်ကျော်ပြီး ကျွန်တော်မျိုးတို့ရဲ့ ယန်နိုင်ငံကို ကျူးကျော်လာပါပြီ။ ယန်နယ်စပ်မှာ ကာကွယ်နေတဲ့ စစ်သည်တစ်သိန်းကျော်ကိုလည်း ချင်စစ််တပ်က အားလုံးနီးပါးကို သတ်ဖြတ်လိုက်ပါတယ်။ ချင်စစ်တပ်က ကျွန်တော်တို့ ယန်နိုင်ငံကို တိုက်ခိုက်နေပါပြီ။ "
ယန်တန်က ထိတ်လန့်သွားပြီး သူ၏ မျက်နှာက ဖြူဖျော့သွားကာ ခြေလှမ်းများပင် ယိမ်းယိုင်သွားသည်။
" အိမ်ရှေ့စံမင်းသား ဘာဖြစ်တာလဲ။ " အရာရှိက အံ့ဩစွာဖြင့် မေးလိုက်သည်။
ကောင်းကျန်းလီ၏ အမူအရာကလည်း ပြောင်းလဲသွားသည်။ " ငါတို့ ရှုံးနိမ့်သွားပြီ။ သေချာပေါက် ရှုံးနိမ့်သွားပြီ။ အဲ့ဒါကြောင့် ချင်နိုင်ငံက ယန်နိုင်ငံကို တိုက်ခိုက်ခဲ့တာပဲ။ "
" မဖြစ်နိုင်ဘူး။ ရင်ကျန့်က ကျင်းခဲရဲ့ တိုက်ခိုက်မှုကို ဘယ်လိုလုပ်လွတ်မြောက်နိုင်မှာလဲ။ ဒီလောက်ပြည့်စုံတဲ့ အစီအစဉ်ကို လုပ်ကြံမှုက ဘာလို့မအောင်မြင်တာလဲ။ ကောင်ကင်ဘုံက ငါတို့ ယန်နိုင်ငံကို တကယ်ပဲ ဖျက်ဆီးချင်နေတာလား။ " ယန်တန်၏ ခန္ဓာကိုယ်က တုန်ယင်နေသည်။
ချင်စစ်တပ်က တိုက်ခိုက်လာသည်ဟု ကြားလိုက်ရသည့် သတင်းကို ကြားလိုက်ရသည်နှင့် လုပ်ကြံမှုမအောင်မြင်သည်ကို သူ နားလည်လိုက်သည်။ မဟုတ်လျှင် ချင်နိုင်ငံက အကြောင်းရင်းမရှိဘဲ တိုက်ခိုက်မည်မဟုတ်ပေ။
" ချင်စစ်တပ်က လက်စားချေမယ်ဆိုပြီး ကျွန်တော်တို့ ယန်နိုင်ငံကို တိုက်ခိုက်လာတာ။ အရှင်မင်းကြီးက ချီနဲ့ ချူနိုင်ငံတွေကို သံတမန်စေလွှတ်ပြီး စစ်ကူလွှတ်ဖို့ တောင်းဆိုထားတယ်။ ချင်စစ်တပ်က မတရားတဲ့ စစ်ပွဲကို စတင်လိုက်တာမလို့ သူတို့က ရပ်ကြည့်နေမှာမဟုတ်ဘူး။ သေချာပေါက် စစ်ကူလွှတ်မှာပဲ။ အိမ်ရှေ့စံမင်းသား အရမ်းစိုးရိမ်နေစရာမလိုပါဘူး။ " အရာရှိက ပြောလိုက်သည်။
" အကြောင်းပြချက်မရှိဘူးတဲ့လား။ " ယန်တန်၏ မျက်နှာက ပို၍ ဖြူဖျော့သွားသည်။
" ငါ ခမည်းတော်ကို ဘယ်လို မျက်နှာပြရမလဲ။ ယန်ဝန်ကြီးတွေကို ဘယ်လိုမျက်နှာပြရမလဲ။ " ယန်တန်က စိတ်ထဲမှ ကြောက်ရွံ့သွားသည်။
သူက အမြဲတမ်း သူ့ကိုသူသက်သေပြချင်ခဲ့သည်။ ထို့ကြောင့် ထိုလုပ်ကြံမှုက သူ့ကိုသူ သက်သေပြရန် အကောင်းဆုံး အခွင့်အရေးဖြစ်သည်။ အကယ်၍ အောင်မြင်ခဲ့လျှင် သူ၏ ခမည်းတော်နှင့် ဝန်ကြီးများက ဘယ်လောင်တောင်ချီးကျူးမလဲ စိတ်ကူးကြည့်နိုင်လေသည်။ သို့သော် ယခုတော့ အရာအားလုံးက စိတ်ကူးယဉ်သက်သက် ဖြစ်သွားခဲ့သည်။
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့