အခန်း ၃၅၃
Vol. 36 Ch. 353
အခန်း (၃၅၃)
ယန်နိုင်ငံ၏ ညီလာခံအတွင်း၌ အပြင်ဘက်မှ အရေးပေါ်သတင်းပို့သူတစ်ယောက်က ပြေးလာသည်။
" အရှင်မင်းကြီး ချင်နိုင်ငံက ဘာကြောင့် ယန်နိုင်ငံကို တိုက်ခိုက်တာလဲဆိုတာ သတင်းရပါပြီ။ ချင်နိုင်ငံထဲက သူလျိုတွေက အသက်စွန့်ပြီး ပြန်ပို့လိုက်တာပါ။ " သတင်းပို့သူက အစီရင်ခံစာကို ကိုင်ပြီး ပြောလိုက်သည်။
" မြန်မြန်ယူခဲ့စမ်း။ "ယန်ဘုရင်က အမိန့်ပေးလိုက်သည်။
သူ၏ အမြင်တွင် ချင်နိုင်ငံက အကြောင်းမဲ့ လှုပ်ရှားမည်မဟုတ်ဘဲ တစ်ခုခု ဖြစ်ပျက်ခဲ့သည်မှာ သေချာသည်။ ချင်ဘုရင်က ထိုမျှမိုက်မဲမည်မဟုတ်သည်ကို သူသိထားသည်။
ဝန်ကြီးတစ်ယောက်က အစီရင်ခံစာကို ယူပြီး ယန်ဘုရင်ကို ပေးလိုက်သည်။ ယန်ဘုရင်က ၎င်းကို ဖွင့်ဖတ်လိုက်ပြီး အစီရင်ခံစာမှ အကြောင်းအရာများကို မြင်သောအခါ သူ၏ မျက်နှာက ဖြူဖျော့သွားပြီး အစီရင်ခံစာကို ကိုင်ထားသော လက်များက တုန်ယင်နေသည်။
" သွားပြီ။ အားလုံး ပြီးဆုံးသွားပြီ။ ငါတို့ယန်နိုင်ငံ ပျက်စီးသွားပြီ။ " ယန်ဘုရင်၏ ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယင်နေသည်။
ညီလာခံမှ အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာအရာရှိများက ယန်ဘုရင်ကို စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်နေကြသည်။ သူတို့အတွက်မူ ယန်ဘုရင်၏ အမူအရာက ထူးဆန်းနေခဲ့သည်။
" အရှင်မင်းကြီး ချင်နိုင်ငံက ဘာလို့ယန်နိုင်ငံကို တိုက်ခိုက်တာလဲ။ တကယ်ပဲ တစ်ခုခုဖြစ်ခဲ့တာလ။ " ချင်ချင်းက ရှေ့တိုးပြီး မေးလိုက်သည်။
သို့သော် ယန်ဘုရင်၏ နှုတ်ခမ်းများက တုန်ယင်နေပြီး စကားမပြောနိုင်ဖြစ်နေခဲ့သည်။ အရပ်ဘက်နှင့် စစ်ဘက်အရာရှိများ၏ အကြည့်အောက်တွင် ယန်ဘုရင်၏ မျက်နှာက ဖြူဖျော့နေခဲ့သည်။
" အရှင်မင်းကြီးကို အစီရင်ခံပါတယ်။ ချင်သံတမန်က တွေ့ဆုံခွင့်တောင်းနေပါတယ်။ " အရာရှိတစ်ယောက်က ကျယ်လောင်စွာ ပြောလိုက်သည်။
" ချင်သံတမန်လား။ ဘယ်လောက်တောင် ရဲတင်းလိုက်သလဲ။ အခုချင်နိုင်ငံက ငါတို့ရဲ့ ယန်နိုင်ငံကို မတရားတိုက်ခိုက်နေတာတောင် ချင်သံတမန်က အရှင်မင်းကြီးနဲ့ တွေ့ရဲတာလား။ "
" ငါတို့ ယန်နိုင်ငံက သူ့ကို မသတ်ရဲဘူးလို့ ထင်နေတာလား။ ဒီချင်သံတမန်က တကယ်ပဲ သေလမ်းရှာနေတာပဲ။ "
နန်းတွင်းမှ ဝန်ကြီးများက ဒေါသတကြီး ကျိန်ဆဲလိုက်ကြသည်။ ပုံမှန်အားဖြင့် စစ်တပ်မလှုပ်ရှားမီ အခြားနိုင်ငံတစ်ခုတွင် တာဝန်ထမ်းဆောင်နေသော သံတမန်က ဦးစွာ ပြန်သွားလေ့ရှိသည်။ သို့သော် ချင်စစ်တပ်၏ ရုတ်တရက် တိုက်ခိုက်မှုကြောင့် ကျိမြို့တွင် တာဝန်ထမ်းဆောင်နေသော သံတမန်က မထွက်ခွာနိုင်ခဲ့ပေ။
" အရှင်မင်းကြီး ဒီချင်သံတမန်နဲ့ တွေ့ဆုံဖို့မလိုပါဘူး။ သူ့ကို အပြင်ကို ဆွဲထုတ်ပြီး ကွပ်မျက်ပစ်လိုက်ပါ။ " ယန်ဝန်ကြီးတစ်ယောက်က ကျယ်လောင်စွာ ပြောလိုက်သည်။
" ကျွန်တော်မျိုးလည်း ထောက်ခံပါတယ်။ ချင်နိုင်ငံရဲ့ မောက်မာမှုက သည်းမခံနိုင်ပါပဲ။ " ယန်ဝန်ကြီးများက သဘောတူညီကြောင်း ပြောဆိုလိုက်ကြသည်။
ယန်ဘုရင်က မျက်နှာပျက်နေပြီး လက်မြှောက်လိုက်သည်။ နန်းတော်တစ်ခုလုံးက တိတ်ဆိတ်သွားသည်။
" ချင်သံတမန်ကို ခေါ်လိုက်။ "
ထိုစကားကို ကြားလိုက်ရသောအခါ ဝန်ကြီးများက အံ့ဩသွားကြပြီး စိတ်ရှုပ်ထွေးသွားကြသည်။
" အရှင်မင်းကြီးရဲ့ အမိန့်တော် ချင်သံတမန် ဝင်ရောက်စေ။ "
အနက်ရောင်အရာရှိဝတ်ရုံကို ဝတ်ဆင်ထားသော ချင်သံတမန်က ခန်းမထဲသို့ ဝင်ရောက်လာသည်။ သူ၏ အကြည့်က တည်ငြိမ်နေပြီး ခန်းမတစ်ခုလုံးမှ ရန်လိုသော အကြည့်များကို ဂရုမစိုက်ပေ။
" ချင်နိုင်ငံ အရှင်မင်းကြီးရဲ့ အမိန့်တော်အရ ကျုပ်က ယန်ဘုရင်ဆီကို စစ်ကြေညာစာ ယူဆောင်လာပါတယ်။ " ချင်သံတမန်က လက်ထဲရှိ နိုင်ငံတော်အမိန့်စာကို မြှောက်ပြီး ကျယ်လောင်စွာ ကြေညာလိုက်သည်။
" ယန်နိုင်ငံက ရွံစရာကောင်းတဲ့ လုပ်ရပ်ကို လုပ်ဆောင်ခဲ့တယ်။ သံတမန်အဖွဲ့အဖြစ် ဟန်ဆောင်ပြီး ကျုပ်တို့ ချင်အရှင်မင်းကြီးကို လုပ်ကြံဖို့ ကြိုးစားခဲ့တယ်။ ကျုပ်တို့ ချင်စစ်သေနာပတိချုပ်သာ အချိန်မီ ရောက်မလာခဲ့ရင် ကျုပ်တို့ အရှင်မင်းကြီးက ယန်လုပ်ကြံသူရဲ့ လက်ချက်နဲ့ သေဆုံးသွားလောက်ပြီ။ " ချင်သံတမန်က ယန်ဝန်ကြီးများနှင့် ယန်ဘုရင်ကို အေးစက်စွာ ကြည့်ပြီး ပြောလိုက်သည်။
သူက နိုင်ငံတော်အမိန့်စာကို ယူဆောင်လာခဲ့ပြီး သေမှာကို လုံးဝ မကြောက်ပေ။ အကယ်၍ ယန်နိုင်ငံက သူ့ကို သတ်ရဲလျှင် ချင်စစ်တပ်ရောက်လာသောအခါ ကျိမြို့တစ်ခုလုံးက ငရဲခန်းဖြစ်သွားပေလိမ့်မည်။
ချင်သံတမန်၏ စကားများကို ကြားသောအခါ ခန်းမထဲရှိ လူအားလုံးက ထိတ်လန့်တုန်လှုပ်သွားကြသည်။
" ဘာလုပ်ကြံတာလဲ။ ဘာတွေဖြစ်နေတာလဲ။ "
" ငါတို့ရဲ့ ယန်သံတမန်အဖွဲ့က ချင်ဘုရင်ကို လုပ်ကြံဖို့ ကြိုးစားခဲ့တာလား။ "
" မဖြစ်နိုင်ဘူး။ ဒါက အရှင်မင်းကြီး စီစဉ်တာလား။ ချင်စစ်တပ်က ရုတ်တရက် လှုပ်ရှားတာဆိုတော့ အဲ့ဒီလုပ်ကြံမှုက တကယ်လား။ ဒါဆို ယန်နိုင်ငံက အန္တရာယ်ထဲ ရောက်သွားပြီပေါ့။ "
" ဒါဆို ချင်နိုင်ငံက စစ်ချီဖို့ အကြောင်းပြချက်ရသွားပြီပေါ့။ ချီနိုင်ငံနဲ့ ချူနိုင်ငံတို့ကလည်း စစ်တပ်စေလွှတ်စရာ အကြောင်းမရှိတော့ဘူးပေါ့။ "
" အရှင်မင်းကြီးက ဘာလို့ ဒီလောက်တောင် မိုက်နဲရတာလဲ။ သူက ဘယ်လိုလုပ် လုပ်ကြံသူတွေကို စေလွှတ်ရတာလဲ။ "
ယန်ဝန်ကြီးများအားလုံးက ထိတ်လန့်သွားကြသည်။
" ချင်သံတမန် ဒီကိစ္စကို ပြန်ပြင်လို့မရတော့ဘူးလား။ " ယန်ဘုရင်က ချင်သံတမန်ကို ကြည့်ပြီး ပြောလိုက်သည်။
" ယန်ဘုရင် တကယ်လို့ ကျုပ်က ယန်ဘုရင်ကို လုပ်ကြံဖို့ ကြိုးစားပြီး အသက်ဆုံးရှုံးလုနီးပါးဖြစ်ခဲ့ရင် ယန်ဘုရင်ကရော ကျုပ်ကို ခွင့်လွှတ်မှာလား။ " ချင်သံတမန်က လှောင်ပြုံးပြုံးပြီး ပြောလိုက်သည်။
" ချင်သံတမန် ဒီကိစ္စကို ငါလုပ်တာမဟုတ်ဘူး။ တကယ်လို့ ဒီကိစ္စရဲ့ စီစဉ်သူကို ငါ လက်အပ်ရင် ဒီကိစ္စကို ပြန်ပြင်လို့ရမလား။ " ယန်ဘုရင်က မေးလိုက်သည်။
" အဲ့လိုလုပ်ဖို့ မလိုပါဘူး။ ယန်သံတမန်အဖွဲ့ရဲ့ ခေါင်းဆောင်နဲ့ လက်ထောက်က လုပ်ကြံခဲ့တယ်။ ချင်နိုင်ငံအတွက်တော့ ဒါက ယန်နိုင်ငံရဲ့ လက်ချက်ပဲ။ တကယ်လို့ လုပ်ကြံမှုသာ အောင်မြင်သွားပြီး ချင်နိုင်ငံက ဖရိုဖရဲဖြစ်သွားရင် ဒါက ယန်နိုင်ငံ လိုချင်တာမဟုတ်ဘူးလား။ အခုတော့ စကားလုံး နည်းနည်းနဲ့ လုပ်ကြံမှုကို ဖုံးကွယ်ဖို့ ကြိုးစားနေတာလား။ ယန်ဘုရင် စဉ်းစားတာ အရမ်းရိုးရှင်းလွန်းနေပြီ။ " ချင်သံတမန်က ပြုံး၍ ပြောလိုက်သည်။
" စစ်ကြေညာစာကို ပေးပို့ပြီးပြီ။ အခု ကျုပ် ချင်နိုင်ငံကို ပြန်တော့မယ်။ ယန်ဘုရင် ကျုပ်ကို သတ်ချင်ရင် သတ်လိုက်ပါ။ " ယန်ဘုရင်ပြန်ပြောသည်ကိုပင် မစောင့်တော့ဘဲ ချင်သံတမန်က အမိန့်စာကို ကြမ်းပြင်တွင် ချပြီး လှည့်ထွက်သွားသည်။
ထိုအခြေအနေကို ရင်ဆိုင်ရာတွင် ခန်းမထဲရှိ ယန်ဘုရင်နှင့် ဝန်ကြီးများအားလုံးက စကားပြောမထွက်ကြပေ။ လူတိုင်းက ချင်သံတမန် ထွက်သွားသည်ကို တိတ်ဆိတ်စွာ ကြည့်နေကြသည်။
"အရှင်မင်းကြီး ဘာတွေဖြစ်နေတာလဲ။ သံတမန်ကို လုပ်ကြံဖို့ အရှင်မင်းကြီး စီစဉ်ခဲ့တာများလား။ " ချင်ချင်းက စိုးရိမ်တကြီး ပြောလိုက်သည်။
အရပ်ဘက်နှင့် စစ်ဘက်အရာရှိများအားလုံးကလည်း ယန်ဘုရင်ကို ကြည့်လိုက်ကြသည်။ သူတို့ထဲမှ လူအများစုက အပြစ်တင်သော အကြည့်များဖြင့် ကြည့်နေကြသည်။
" ငါက ဒီလောက်မိုက်မဲပါ့မလား။ " ယန်ဘုရင်က သက်ပြင်းချပြီး ပြောလိုက်သည်။
" အရှင်မင်းကြီး စီစဉ်တာမဟုတ်ဘူးဆိုရင် ဒါဆိုရင် သံတမန်အဖွဲ့ထဲမှာ လုပ်ကြံသူတွေကို ဘယ်သူက စီစဉ်နိုင်မှာလဲ။ " ယန်ဝန်ကြီးတစ်ယောက်က စိတ်ရှုပ်ထွေးစွာဖြင့် ပြောလိုက်သည်။
" အိမ်ရှေ့စံမင်းသားကို ခေါ်လာခဲ့စမ်း။ " ယန်ဘုရင်က အေးစက်စွာဖြင့် ပြောလိုက်သည်။
" အိမ်ရှေ့စံမင်းသားလား။ " ယန်ဘုရင်၏ အမိန့်တော်ကို ကြားပြီး ဝန်ကြီးများက တစ်စုံတစ်ခုကို တွေးမိသွားကြသည်။
အချိန်အနည်းငယ်ကြာပြီးနောက် ယန်တန်က ခန်းမထဲသို့ ဝင်ရောက်ဘာသည်။
" သားတော် ခမည်းတော်ကို ဂါရဝပြုပါတယ်။ " ယန်တန်က ဦးညွှတ်ပြီး ပြောလိုက်သည်။
" ဒူးထောက်စမ်း။ " ယန်ဘုရင်က အေးစက်စွာ အမိန့်ပေးလိုက်သည်။
ယန်တန်က တုန့်ဆိုင်းခြင်းမရှိဘဲ ချက်ချင်း ဒူးထောက်လိုက်သည်။
" မင်းကျူးလွန်ခဲ့တဲ့ အမှားကို မင်းသိလား။ " ယန်ဘုရင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
" ဒီကိစ္စက မအောင်မြင်ခဲ့ပေမယ့် သားတော်မမှားပါဘူး။ ဒီအစီအစဉ်သာ အောင်မြင်ခဲ့ရင် ချင်နိုင်ငံမှာ ဖရိုဖရဲဖြစ်သွားမှာဖြစ်ပြီး သားတော်တို့ ယန်နိုင်ငံအတွက် အခွင့်အရေး ရလာမှာပဲ။ သားတော်တို့ ယန်နိုင်ငံက သိမ်းပိုက်ခံရမယ့် အန္တရာယ်ကနေ လွတ်မြောက်ရုံတင်မကဘဲ ပိုပြီးသန်မာလာပါလိမ့်မယ်။ " ယန်တန်က မောက်မာစွာ ပြောလိုက်သည်။
ထိုစကားနှင့်အတူ ခန်းမတစ်ခုလုံးက နားလည်သွားကြသည်။ ထိုကိစ္စက ယန်တန်စီစဉ်ခဲ့ခြင်းဖြစ်သည်။ ဝန်ကြီးများအားလုံးက ယန်တန်ကို စိတ်ပျက်ခြင်း၊ ဒေါသထွက်ခြင်းတို့ဖြင့် ကြည့်နေကြသည်။
" ဒီလူမိုက် မင်းက နောင်တမရသေးဘူးလား။ မင်းက ငါတို့ ယန်နိုင်ငံကို ပျက်စီးခြင်းထဲရောက်အောင် ပို့လိုက်တာ မင်းမသိဘူးလား။ " ယန်ဘုရင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
" သားတော်တို့ ယန်နိုင်ငံ ပျက်စီးတာက စောတာနဲ့ နောက်ကျတာပဲ ကွားသွားပါ။ ရင်ကျန့်မှာ ယုတ်မာတဲ့ ရည်မှန်းချက်တွေရှိတယ်။ လုပ်ကြံမှုမရှိခဲ့ရင်တောင် သူက သားတော်တို့ ယန်နိုင်ငံကို ကျူးကျော်လာမှာပဲ။ ယန်နိုင်ငံရဲ့ အင်အားနဲ့ဆိုရင် ချင်နိုင်ငံကို ဘယ်လိုမှ ခုခံနိုင်မှာမဟုတ်ဘူး။ ဒီတစ်ခါ သားတော်က ယန်နိုင်ငံရဲ့ ကံကြမ္မာအတွက် လောင်းကြေးထပ်ခဲ့တာပဲ။ " ယန်တန်က နောင်တရခြင်းမရှိဘဲ ပြောလိုက်သည်။
" မင်းကအခုထိ နောင်တမရသေးဘူးလား။ မင်းကြောင့် ချင်နိုင်ငံက တိုက်ခိုက်ဖို့ အကြောင်းပြချက်ရသွားပြီ။ မင်းကြောင့် ချီနဲ့ ချူတို့က စစ်ကူစေလွှတ်မှာမဟုတ်တော့ဘူး။ မင်းကြောင့် ယန်နိုင်ငံက ပျက်ဆီးတော့မယ်ဆိုတာ မင်းသိရဲ့လား။ " ယန်ဘုရင်က အံကျိတ်ပြီး ပြောလိုက်သည်။ သူက ယန်တန်ကို အပိုင်းပိုင်းခုတ်သတ်ပစ်ချင်နေသည်။
" သားတော် လုပ်သမျှအရာအားလုံးက ယန်နိုင်ငံအတွက်ပါ။ ခမည်းတော် ဘယ်လိုပြစ်ဒဏ်ပဲပေးပေး သားတော် လက်ခံပါတယ်။ " ယန်တန်က ပြောလိုက်သည်။
ယန်ဘုရင်၏ မျက်လုံးများက သွေးနီရောင်လွှမ်းနေပြီး ယန်တန်ကို စူးစိုက်ကြည့်နေသည်။ ယန်နန်းတော်တစ်ခုလုံးက ကြီးမားသော ဖိအားတစ်ခု လွှမ်းမိုးနေသည်။
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့