← Chapters

အခန်း (၁၀၈၀)

Vol. 104 Ch. 1080

အခန်း (၁၀၈၀)

Vol. 104 Ch. 1080

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း ၁၀၈၀

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

တုပိုင်က သူမအား အေးစက်စွာ စိုက်ကြည့်နေသည်။ "မင်းမှာ ငါ့အမေနဲ့ တူခွင့် မရှိဘူး။" ထို့နောက် ဘုရင်မ၏ အရေခွံကို ဆွဲခွာပစ်လိုက်သည်။

ချက်ချင်းဆိုသလိုပင် သူမ၏ သွေးသံရဲရဲ အသားစိုင်ကြီး ပေါ်ထွက်လာ၏။ သို့သော် သူမက နာကျင်စွာ အော်ဟစ်မည့်အစား စူးရှကျယ်လောင်စွာ ရယ်မောလိုက်သည်။

ချက်ချင်းဆိုသလိုပင် သူမ၏ ဒဏ်ရာများက ပြန်လည် ကောင်းမွန်လာကာ တုပိုင်၏ ရှေ့မှောက်၌ အကောင်းပကတိ ရပ်နေသည်။

သို့သော် ယခုတစ်ကြိမ်၌မူ တုပိုင်၏ မိခင်ရုပ်သွင်မျိုး မဟုတ်တော့ချေ။ သူမ၏ အစစ်အမှန် ရုပ်သွင်ပင်။

ဤသည်မှာ တုပိုင်သာမက အဓိပတိ အပါအဝင် ဤနေရာ၌ရှိသည့် လူအားလုံးအတွက် ဘုရင်မ၏ အစစ်အမှန် မျက်နှာကို ပထမဆုံးအကြိမ် မြင်တွေ့လိုက်ရခြင်းပင် ဖြစ်၏။

သူမသည် လှပဆွဲဆောင်မှု ရှိနေဆဲ ဖြစ်သော်ငြား မြင့်မြတ်သည့် ကျက်သရေမျိုး ကင်းမဲ့နေသည်။ သူမ၏ မျက်လုံးထောင့်တို့က အပေါ်သို့ ခပ်ထက်ထက် ပင့်တက်နေကာ ဆွဲဆောင်မှု ရှိနေသော်ငြား ရက်စက်ယုတ်မာမည့်ပုံ ပေါက်နေ၏။

ထို့အပြင် ကိုယ်ဗလာကျင်းလျက် ရှိနေသည်။ သို့သော် တုပိုင်နှင့် အဓိပတိတို့ ဤနေရာ၌ ရှိနေပါလျက်နှင့်ပင် လုံးဝ ရှက်ရွံ့သည့်ဟန် မပေါ်နေချေ။

ဘုရင်မက လှောင်ပြုံး ပြုံးလိုက်သည်။ "ဟက်... တုပိုင်... ငါက မသေနိုင်ဘူးလို့ ပြောသားပဲ။ မင်း ငါ့ကို ဘယ်တော့မှ သတ်လို့မရဘူး။ ဒါပေမဲ့ ငါကတော့ မင်းကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်မယ်။"

သူမက လက်ကို ဖြန့်လိုက်ရာ ရွှေရောင်စွမ်းအင်များက လက်ဖဝါးထဲ၌ စုဝေးလာကာ တောက်ပနေသည့် အလင်းဓားတစ်လက်အဖြစ် ဖန်ဆင်းပေါ်ထွက်လာ၏။ သေချာပေါက်ပင် ဤလက်နက်မှာ နဂါးမျိုးနွယ်၏ စွမ်းအားဖြင့် ဖန်တီးထားခြင်း ဖြစ်သည်။

ဘုရင်မက ရက်စက်စွာ ပြောလိုက်၏။ "တုပိုင်... မင်း ဘယ်လို အသက်ရှင်နေသေးလဲ ငါ မသိပေမဲ့ တကယ် ပြန်မလာသင့်ဘူး။ အခု ငါက လွန်ခဲ့တဲ့ တစ်နှစ်ကထက် အများကြီး ပိုစွမ်းအားကြီးနေပြီ။"

မျက်တောင်တစ်ခတ် အတွင်း၌ပင် တုပိုင်၏ အရှေ့သို့ သူမ ရောက်လာကာ ထက်မြက်လှသည့် ဓားဖြင့် နှလုံးသားတည့်တည့်ဆီသို့ ထိုးသွင်းလိုက်သည်။

"ရွှပ်..." ဓားကို လျင်မြန်စွာ ဆွဲထုတ်ကာ ထပ်မံ ထိုးသွင်းလိုက်၏။ ထပ်ခါတလဲလဲဖြင့် တုပိုင်၏ ရင်ဘတ်ကို အကြိမ်ဆယ်နှင့်ချီ၍ ထိုးနှက်လိုက်သည်။

ဘုရင်မက ရက်စက်စွာ အော်လိုက်သည်။ "အခု သေလိုက်တော့။"

သို့သော်... တုပိုင်က လုံးဝ အကောင်းပကတိ ဖြစ်နေကြောင်း သတိပြုမိချိန်၌ ဘုရင်မ လုံးဝ ထိတ်လန့်သွားရ၏။ တူပိုင်၏ ရင်ဘတ်ပေါ်၌ ခြစ်ရာလေးတစ်ခုမျှပင် မရှိနေချေ။ ဤသည်မှာ မည်သို့ ဖြစ်နိုင်မည်နည်း။

သူမ၏ ဓားကို နဂါးစွမ်းအင်ဖြင့် ဖန်တီးထားခြင်း ဖြစ်သည်။ မည်သည့်အရာကိုမဆို ဖြတ်တောက်နိုင်ကာ အမြင့်မားဆုံးသော စွမ်းအားပုံစံများထဲမှ တစ်ခုလည်း ဖြစ်၏။ သို့သော် တုပိုင်သည် ယခုအခါ နဂါးသရဖူကို ဆောင်းထားကာ နဂါးတောင်ဝှေးကို ကိုင်ဆောင်ထားလေပြီ။ သူသည် နဂါးသောင်းချီတို့၏ ဘုရင်ပင်။ နဂါးစွမ်းအင်က သူ့ကို မည်သို့လုပ်၍ အန္တရာယ် ပေးနိုင်ပါမည်နည်း။

"ရွှပ်..."

ဘုရင်မက ထပ်မံပြီး တုပိုင်၏ လည်ပင်းကို အရူးအမူး ခုတ်ပိုင်းလိုက်ပြန်သည်။ ထိုသို့တိုင်အောင် တုပိုင်က သူမ၏ ရှေ့မှောက်၌ အကောင်းတိုင်းရပ်နေဆဲ ဖြစ်၏။ သူ့ကို ဓားဖြင့် ခုတ်ရသည်မှာ လေဟာနယ်ကို ခုတ်နေရသကဲ့သို့ ခံစားရကာ ခန္ဓာကိုယ်က အနည်းငယ်မျှပင် တုံ့ပြန်မှု မရှိပေ။

ဇဝေဇဝါ ဖြစ်သွားသည့် ဘုရင်မက ခန်းမထဲရှိ အနီးအနားမှ ကျောက်တိုင်တစ်တိုင်ကို ဓားဖြင့် ခုတ်ချလိုက်၏။

"ရွှပ်..."

"ဝုန်းးး"

တုတ်ခိုင်လှသည့် ကျောက်တိုင်ကြီးမှာ ထက်ပိုင်း ပြတ်တောက်သွားရသည်။ သူမ၏ နဂါးစွမ်းအင်ဓားမှာ လုံးဝ အကောင်းပကတိ ဖြစ်နေကာ မယုံကြည်နိုင်လောက်အောင် စွမ်းအားကြီးမားနေဆဲပင်။ ထိုသို့ဆိုလျှင် အဘယ်ကြောင့် တုပိုင်အပေါ် အလုပ်မဖြစ်ရသည်နည်း။

ထိတ်လန့်သွားလျက်ပင် သူမ နောက်ထပ် တိုက်ခိုက်မှုတစ်ခုကို စတင်လိုက်ပြန်၏။

ရုတ်တရက် ကြီးမားလှသည့် နဂါးမီးတောက်ကြီးတစ်ခု ပေါက်ကွဲထွက်လာကာ တုပိုင်ကို လုံးဝ ဝါးမျိုသွားသည်။ ထိုနဂါးမီးတောက်မှာ ရူးသွပ်လောက်အောင် ပူပြင်းရုံသာမက မည်သည့်အရာကိုမဆို ဖျက်ဆီးပစ်နိုင်သော အဖျက်စွမ်းအားများလည်း ပါဝင်နေ၏။

သို့သော် တုပိုင်ကမူ အကောင်းပကတိဖြစ်နေဆဲဖြစ်ကာ ဘုရင်မဆီသို့ ဖြည်းညင်းစွာ လျှောက်လှမ်းလာလိုက်သည်။

သူမက ကြောက်လန့်စွာဖြင့် ခေါင်းရမ်းလိုက်သည်။ "မဟုတ်ဘူး... ဘာလို့လဲ။ ငါက နဂါးမျိုးနွယ်ရဲ့ စွမ်းအားတွေကို ပိုင်ဆိုင်ထားတာလေ။ ငါက ပြိုင်ဘက်ကင်းပဲ။ ဒါတွေက ဘာလို့ မင်းအပေါ် အလုပ်မဖြစ်ရတာလဲ။"

တုပိုင်က မျက်နှာသေဖြင့် ဆိုလိုက်၏။ "ဒါအကုန်ပဲလား။ တခြား လှည့်ကွက်တွေ ရှိသေးရင်လည်း အားမနာနဲ့... ထုတ်သုံးလိုက်ပါဦး။"

ရုတ်တရက် ဘုရင်မက လျင်မြန်စွာ ရွေ့လျားသွားကာ တုပိုင်၏ ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် ဝင်ရောက် ပေါင်းစပ်လိုက်သည်။

"ဝုန်းးး"

သူမ၏ စွမ်းအင်များက တုပိုင်၏ ကိုယ်တွင်းမှနေ၍ ပေါက်ကွဲထွက်လာ၏။ ဤသည်မှာ အိပ်မက်ဆိုး မိစ္ဆာဘုရင်ကို သတ်ရန် တုပိုင် အသုံးပြုခဲ့သည့် နည်းလမ်းပင် ဖြစ်သော်ငြား ထိုစဉ်က တုပိုင်သည် အစစ်အမှန် ခန္ဓာကိုယ်ကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ဘုရင်မကမူ ကိုယ်ပိုင်အသက်ကို စွန့်စားရန် ဆန္ဒမရှိသဖြင့် သူ၏ ခန္ဓာကိုယ်အတွင်း၌ ဖောက်ခွဲရန် ကိုယ်ပွားတစ်ခုကိုသာ အသုံးပြုလိုက်ခြင်း ဖြစ်၏။

သို့သော်...။ တုပိုင်မှာ ဆံပင်တစ်ပင်လေးမျှပင် ကျွတ်မသွားချေ။ ကိုယ်တွင်း၌ ဖြစ်ပေါ်သော ကြီးမားလှသည့် ပေါက်ကွဲမှုကြီးက သူ့ကို လုံးဝ သက်ရောက်မှု မရှိဘဲ ပုံရိပ်ယောင်တစ်ခု သက်သက်သာ ဖြစ်နေသကဲ့သို့ပင်။

နောက်တစ်စက္ကန့်၌ပင် ဘုရင်မက ရန်ယဲ့ရှောင်၏ အနောက်၌ ပေါ်လာ၏။ တောက်ပနေသည့် ဓားကို ရန်ယဲ့ရှောင်၏ လည်ပင်း၌ တေ့ထားကာ အေးစက်စွာ ခြိမ်းခြောက်လိုက်သည်။ "တုပိုင်... ငါ့ကို အခုချက်ချင်း လွှတ်ပေး။ မဟုတ်ရင်... မင်းမိန်းမကို ငါ သတ်ပစ်မယ်။"

တုပိုင်က လှောင်ပြုံးသာ ပြုံးလိုက်၏။ ရန်ယဲ့ရှောင်သည်လည်း တုံ့ပြန်ရန် စိတ်ကူးပင် မရှိချေ။

ဘုရင်မက အကြောက်တရားတို့ကြောင့် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ "ငါ တကယ်ပြောနေတာနော် တုပိုင်။ ရန်ယဲ့ရှောင်က မင်းကို အရမ်း ချစ်တာ။ သူ့ရဲ့ လှပတဲ့ ခေါင်းလေး ပြတ်ကျသွားတာကို မင်း မြင်ချင်မှာ မဟုတ်ဘူး။ ငါ့ကို အခုချက်ချင်း လွှတ်ပေး ၊ မဟုတ်ရင် သူ သေရလိမ့်မယ်။"

တုပိုင် ခေါင်းရမ်းလိုက်သည်။ "အိမ်ရှေ့စံမင်းသားက မင်းရဲ့ သားမဟုတ်ဘူးဆိုတာ သေချာရဲ့လား။ လွန်ခဲ့တဲ့ တစ်နှစ်ကလည်း သူ ငါ့မိန်းမကို အခုလိုပဲ ဓားစာခံ လုပ်ခဲ့သေးတယ်လေ။"

ရန်ယဲ့ရှောင်ကမူ နှာခေါင်းရှုံ့လိုက်သည်။ "ဟမ့်... အ​စောက နင်တိုက်တဲ့ အဆိပ်ဝိုင်ကို သောက်ရတာတောင် ငါ မကြောက်တာ ၊ အခု နင့်ရဲ့ ဓားကိုလည်း ငါ ကြောက်နေမှာ မဟုတ်ဘူး။ လုပ်လေ... ငါ့လည်ပင်းကိုသာ လှီးချလိုက်။"

ဘုရင်မပ အံကြိတ်လိုက်ပြီး တောက်ပနေသည့် ဓားဖြင့် ရန်ယဲ့ရှောင်၏ လည်ပင်းကို ပြင်းထန်စွာ ခုတ်ချလိုက်၏။

သို့သော်...။ ဓားက ရန်ယဲ့ရှောင်၏ အရေပြားနှင့် ထိတွေ့လိုက်သည်နှင့် တစ်ပြိုင်နက် တစ်စစီ ကွဲကြေ သွားရသည်။ ဖန်ဖြင့် လုပ်ထားသည့် ဓားသကဲ့သို့ပင်။ လုံးဝ အသုံးမဝင်ချေ။

တစ်ကိုယ်လုံး တုန်ရီသွားလျက် ဘုရင်မမှာ လုံးဝ မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်နေမိ၏။ ဤသည်မှာ မည်သို့ ဖြစ်ကုန်သနည်း။ နဂါးစွမ်းအင်များ အားလုံးက အဘယ်ကြောင့် အသုံးမဝင် ဖြစ်နေရသည်နည်း။

သူမ၏ မျက်နှာအမူအရာက အကြီးအကျယ် ပြောင်းလဲသွားသည်။ နောက်ဆုံး၌ လက်လျှော့ချလိုက်ကာ မျက်နှာအမူအရာက အေးစက်လာပြီး ပခုံးတစ်ချက် တွန့်လိုက်၏။

ဘုရင်မက ထပ်ခါထပ်ခါ ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီလေ တုပိုင်။ မင်းရဲ့ စွမ်းရည်တွေက တကယ် အံ့ဩဖို့ကောင်းတာပဲ။ ဒါပေမဲ့... ဘာဖြစ်လဲ။"

တုပိုင်ထံသို့ တည်ငြိမ်စွာ လျှောက်လာရင်း သူမက အေးစက်စွာ ပြောလိုက်သည်။ "မင်း အရမ်း သန်မာတယ်။ ငါ့ရဲ့ နဂါးစွမ်းအင်တွေက မင်းကို လုံးဝ အန္တရာယ် မပေးနိုင်ဘူး။ ဒါပေမဲ့ ဘာဖြစ်လဲ။ မင်းလည်း ငါ့ကို သတ်လို့ မရပါဘူး။ ငါက အရှေ့တိုင်းနဂါးရဲ့ စွမ်းအားတွေကို ပိုင်ဆိုင်ထားတာ။ အဲဒါ မင်းအမေရဲ့ စွမ်းအားပဲ။ ငါက မသေမျိုးပဲ"

တုပိုင်က မထီမဲ့မြင် ပြုံးလိုက်၏။ "ဒါဆို... အရာအားလုံး ဆုံးရှုံးသွားမှာကို မင်း ဂရုမစိုက်ဘူးပေါ့။"

ဘုရင်မ၏ မျက်နှာက ပျက်ယွင်းသွားသော်ငြား လျင်မြန်စွာပင် ပြန်လည် ချေပလိုက်သည်။

သူမက ပခုံးတွန့်လိုက်၏။ "သေချာတာပေါ့... မင်းက ကယ်တင်ရှင်လေ။ အရင်က ငါ မင်းကို အထင်သေးမိတာ ဖြစ်နိုင်တယ်။ မြင့်မြတ်နယ်မြေက နဂါးသွေးနွယ်ဖွားတွေ မင်းဘက် ပါသွားနိုင်ပေမဲ့ ဘာအရေးလဲ။ မမေ့နဲ့... ငါ့ချစ်သူက ကံကြမ္မာမိစ္ဆာဘုရင်ပဲ။ မင်းက သန်မာတယ်ဆိုပေမဲ့ သူနဲ့ယှဉ်ရင် ဘာမှ မဟုတ်ဘူး။ ငါ မြင့်မြတ်နယ်မြေရဲ့ ဘုရင်မ ဖြစ်ဖို့တောင် မလိုတော့ဘူး။ သူ့ရဲ့ မိစ္ဆာနန်းတော်ကို သွားပြီး သူ့ရဲ့ မိစ္ဆာဘုရင်မ လုပ်လို့ရတယ်။ ငါ့အတွက်ကတော့ ဘာမှ မကွာခြားဘူး။"

ထို့နောက် သူမ၏ မျက်နှာ၌ ခါးသီးသည့် အမုန်းတရားများဖြင့် ရှုံ့မဲ့သွားကာ ရွံရှာဖွယ် လေသံဖြင့် ပြောပြန်သည်။ "တုပိုင်... ငါက မင်းကို မသတ်နိုင်တာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ကံကြမ္မာမိစ္ဆာဘုရင်ကတော့ သတ်နိုင်တယ်။ သူက မင်းကို အပိုင်းပိုင်း ဆုတ်ဖြဲ ၊ မင်းမိန်းမကို သေတဲ့အထိ ညှဉ်းပန်းနှိပ်စက် ၊ ပြီးရင် မင်းရဲ့ ကလေးတွေကို ငါ့ရဲ့ မနက်စာအဖြစ် နုတ်နုတ်စင်းပစ်ပြီး ချက်ပေးလိမ့်မယ်။"

ထို့နောက် သူမ၏ မျက်လုံးများကို မှိတ်ကာ စွမ်းအင်များကို ထုတ်လွှတ်လိုက်ပြီး အစွမ်းကုန် အော်ဟစ်လိုက်သည်။ "ကျွန်မရဲ့ချစ်သူ... ကံကြမ္မာမိစ္ဆာဘုရင်... ကျေးဇူးပြုပြီး ငါ့ဆီကို လာပါ။ နဂါးစွမ်းအင် အကာအကွယ်ကို ရှင့်အတွက် ဖွင့်ထားပေးလိုက်ပြီ။"

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း ၁၀၈၀ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

All Chapters