အခန်း (၁၀၇၆)
Vol. 104 Ch. 1076
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း ၁၀၇၆
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
နေမင်းတစ်စင်း သေဆုံးတော့မည့်အချိန်၌ မည်သို့ဖြစ်လေ့ရှိသည်နည်း။ ဖောင်းပွလာကာ ပေါက်ကွဲသွားပြီး နောက်ဆုံး၌ လုံးဝ ပြိုကျပျက်စီးသွားလေ့ရှိသည်။ ဤနေမင်းလေးမှာ သေးငယ်သော်ငြား အလားတူ နိယာမများကို လိုက်နာနေ၏။ နောက်ဆုံး ပျက်သုဉ်းမည့် ပေါက်ကွဲမှုအတွက် ပြင်ဆင်နေခြင်းပင်။
နေမင်းသည် ဆက်တိုက်ဆိုသလို ဖောင်းပွလာ၏။
ခဏအကြာ၌...
"ဝုန်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး"
ဖျက်ဆီးအား ပြင်းထန်လှသည့် ပေါက်ကွဲမှုကြီးတစ်ခုက နယ်မြေတစ်ခုလုံးကို ဆုတ်ဖြဲသွား၏။ အဆုံးအစမဲ့ အလင်းရောင်နှင့် သန့်စင်သည့် စွမ်းအင်များ အပြင်ဘက်သို့ ပေါက်ကွဲထွက်လာကာ နေမင်း၏ ကျန်ရှိနေသေးသော စွမ်းအားအားလုံးကို အရည်ပျော်နေသည့် နဂါးအလောင်းများထဲသို့ ချက်ချင်း ထိုးသွင်းပေးလိုက်တော့သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ကြီးမားလှသော စွမ်းအားကြီးက ထိုနဂါးများ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်များကို လုံးဝ ဖျက်ဆီးပစ်လိုက်ရာ မည်သည့် အရိပ်အယောင်မျှ ကျန်ရစ်မနေခဲ့တော့ချေ။
နေမင်းလေးသည် သူ၏ ဒြပ်စင်နှင့် စွမ်းအင်အားလုံးကို နဂါးများထံ လွှဲပြောင်းပေးလိုက်ပြီဖြစ်ရာ ပေါက်ကွဲပြီးနောက် ကြယ်တစ်လုံးအဖြစ် ပြိုကျပျက်စီးသွားခြင်း မရှိတော့ဘဲ လုံးဝ ပျောက်ကွယ်သွားတော့သည်။
မျက်စိကျိန်းမတတ် တောက်ပသည့် အလင်းရောင်များ မှေးမှိန်သွားပြီးနောက် ငရဲမျှော်စင်၏ သတ္တမမြောက်ထပ်သည် လုံးဝ အမှောင်အတိ ကျသွားတော့၏။ အလွှာတစ်ခုလုံး ဟာလာဟင်းလင်း ဖြစ်သွားလေပြီ။ တောင်ကြီးပင်လျှင် ပျောက်ကွယ်သွားရပြီ ဖြစ်၏။
အချိန်အတော်ကြာသွားသကဲ့သို့ ခံစားရသော်ငြား တစ်စက္ကန့်လေးမျှသာ ကြာလိုက်သကဲ့သို့လည်း ခံစားရပြန်၏။
ရုတ်တရက် အမှောင်ထုထဲ၌ ရွှေရောင် အလင်းတန်း ပုံရိပ်များ တစ်ခုပြီးတစ်ခု စတင် ပေါ်ထွက်လာသည်။
နဂါးများပင်...။ မရေမတွက်နိုင်သည့် နဂါးများ... ထောင်နှင့်ချီသည့် နဂါးများ ပြန်လည်မွေးဖွားလာကြခြင်းပင်။ နဂါးတစ်ကောင်စီတိုင်းက တောက်ပလှသည့် ရွှေရောင်အလင်းများကို ထုတ်လွှတ်နေကြပြီး နေမင်းကိုယ်တိုင်ကဲ့သို့ လင်းလက်တောက်ပနေကြသည်။
နေမင်းလေးက သေဆုံးသွားသော်ငြား နဂါးများက ပြန်လည်ရှင်သန်လာကြ၏။ ဤစွမ်းအင် ဖလှယ်မှုက မျှတပေသည်။
မူလက နဂါးတစ်ကောင်စီတိုင်းသည် ကီလိုမီတာ အတော်များများ ရှည်လျားကြ၏။ ယခုအခါတွင်မူ မီတာတစ်ရာခန့်သာ ရှည်လျားတော့သော်ငြား သူတို့၏ စွမ်းအင်များကမူ အလွန်တရာ သန့်စင်နေကြသည်။ နဂါးတိုင်းက နဂါးမျိုးနွယ်၏ အမြင့်ဆုံး စွမ်းအင်နိယာမများကို ကျွမ်းကျင်ပိုင်နိုင်ထားကြ၏။
ထို့နောက် ထောင်နှင့်ချီသည့် နဂါးတို့က ကောင်းကင်ယံထက်သို့ ထည်ဝါစွာ ပျံတက်သွားကြပြီး သတ္တမမြောက်ထပ်မှ ထွက်ခွာကာ အဋ္ဌမမြောက်ထပ်ဆီသို့ ဦးတည်လိုက်ကြသည်။
**--**--**--**--**--**--**--**
တုပိုင် မြေပြင်ပေါ်၌ ထိုင်နေသည်မှာ နာရီအတော်ကြာပြီ ဖြစ်သည်။ နေမင်းကို သူ ပစ်ချလိုက်သောကြောင့် ငရဲမျှော်စင်မှာ အဆုံးအစမဲ့ အမှောင်ထုထဲသို့ ကျဆင်းသွားခဲ့၏။
ရုတ်တရက် တုပိုင် တောက်ပသည့် အလင်းရောင်တစ်ခုကို မြင်လိုက်ရသည်။ ထို့နောက် ဒုတိယမြောက် ၊ တတိယမြောက် ၊ စတုတ္ထမြောက်... မကြာမီ၌မှာပင် မရေမတွက်နိုင်သည့် အလင်းရောင်များ ပေါ်ထွက်လာတော့၏။
ထောင်နှင့်ချီသည့် နဂါးတို့က အဋ္ဌမမြောက်ထပ်သို့ ပျံတက်လာကြ၏။ ဆယ်ဂဏန်း ၊ ရာဂဏန်း ၊ သောင်းဂဏန်းနှင့်ချီသည့် နဂါးများပင်။
အဋ္ဌမမြောက်ထပ်မှာ ဤမျှများပြားသော နဂါးများအတွက် သေးငယ်လွန်း၏။ ထို့အတွက်ကြောင့် ဟင်းလင်းပြင်ကိုယ်တိုင်ကိုက စတင် ကျယ်ပြန့်လာတော့သည်။ နဂါးပေါင်း သောင်းနှင့်ချီ ရောက်ရှိလာမှုက ဤအထပ်ကို ယခင်ကထက် အဆပေါင်းသောင်းနှင့်ချီ၍ ပိုမို ကြီးမားသွားစေ၏။
ထောင်နှင့်ချီသည့် နဂါးတို့က ကောင်းကင်ယံ၌ ဝဲပျံနေကြ၏။ ရင်သပ်ရှုမောဖွယ်ကောင်းပြီး လှပလွန်းလှသည့် မြင်ကွင်းတစ်ခုပင်။
သို့သော် တုပိုင်၌ မေးခွန်းတစ်ခု ရှိနေသည်။ လောက၏နိယာမများအရ စွမ်းအင်ဆိုသည်မှာ ဘာမှမရှိရာမှ ရုတ်တရက် ပေါ်ထွက်လာ၍ မရနိုင်ချေ။ သူ ပစ်ချလိုက်သည့် နေမင်းလေး၏ စွမ်းအင်က မည်သည့်နေရာမှ ရောက်လာသနည်း။ ထို့အပြင် သူက အဘယ်ကြောင့် ထိုနေမင်းကို ပစ်ချနိုင်ခဲ့သည်နည်း။ သူသည် ဒဏ္ဍာရီလာ သူရဲကောင်း ဟုန်ယီ မဟုတ်ပေ။
တုပိုင်က မေးသည်။ "အဘိုး... အဲဒီ နေမင်းလေးက ဘယ်ကနေ ရောက်လာတာလဲ။"
"အင်း...။" အဘိုးအိုက ပြုံး၍ ပြန်ဖြေသည်။ "နေမင်းလေးက မရေမတွက်နိုင်တဲ့ နဂါးတွေ မှုတ်ထုတ်လိုက်တဲ့ နဂါးမီးတောက်တွေကနေ ဖြစ်ပေါ်လာတာလေ။ အဲဒါက နဂါးအားလုံးရဲ့ အဓိက စွမ်းအင်ပဲ။"
မိခင်ဖြစ်သူ၏ စိတ်ဝိညာဉ်က ဤနဂါးတစ်သောင်းနီးပါးမှာ ကြီးစိုးသူ မိစ္ဆာဧကရာဇ်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရကြောင်း သူ့ကို ယခင်က ပြောပြခဲ့ဖူးသည်။ မသေဆုံးမီ၌ ထိုနေမင်းလေးကို ဖန်တီးရန် နဂါးများက သူတို့၏ အဓိက စွမ်းအင်အားလုံးကို မှုတ်ထုတ်ခဲ့ကြ၏။ နှစ်ပေါင်းများစွာ ကြာပြီးနောက် ပြန်လည်မွေးဖွားလာနိုင်စေရန်အတွက် သေဆုံးခြင်းမှ အသက်ရှင်ကျန်ရစ်စေမည့် သူတို့၏ နည်းလမ်းပင်။
ထိုအရာက လျှပ်စစ်ဓာတ်အားပေးစက်ရုံတစ်ခုနှင့် တူနေ၏။ လျှပ်စစ်စွမ်းအင် လွန်ကဲစွာ ထုတ်လုပ်မိသည့်အခါ စွမ်းအင် သိုလှောင်ရန်အတွက် အမြင့်ရှိ ရေကန်တစ်ခုထဲသို့ ရေများ စုပ်တင်လေ့ရှိသည်။ နောက်ပိုင်း၌ စွမ်းအင် လိုအပ်လာချိန်တွင် လျှပ်စစ်ပြန်ထုတ်ရန် ထိုရေများကို ပြန်လွှတ်ပေး၏။ သေချာပေါက် ဤဖြစ်စဉ်အတွင်း စွမ်းအင်အချို့ ဆုံးရှုံးသွားသော်ငြား ပြန်လည်မွေးဖွားရန် အခွင့်အရေးအတွက်မူ မပြောပလောက်ပေ။
တုပိုင် ကောင်းကင်ယံ၌ ပျံသန်းနေကြသည့် နဂါးများကို ကြည့်လိုက်ပြီး ပြဿနာသစ်တစ်ခုနှင့် ရင်ဆိုင်လိုက်ရ၏။ ဤနဂါးများကို သူ မည်သို့ အောင်နိုင်မည်နည်း။ နဂါးသောင်းချီ၏ ဘုရင်ဖြစ်လာအောင် မည်သို့ လုပ်ရမည်နည်း။
**--**--**--**--**--**--**--**
အဘိုးအိုက ဆန်းကြယ်သည့် အပြုံးဖြင့် ဆိုလိုက်သည်။ "မင်းကြီး... အဋ္ဌမမြောက်ထပ်ရဲ့ စမ်းသပ်မှုကို မင်း အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပြီ။ ဂုဏ်ယူပါတယ်။ အခု မင်း တောင်းဆိုမှု တစ်ခု လုပ်နိုင်ပြီ။ ငါ့စွမ်းရည် တတ်နိုင်သရွေ့ ငါ ခြွင်းချက်မရှိ ဖြည့်ဆည်းပေးမယ်။"
တုပိုင်၏ ဉာဏ်ပညာကို ထပ်မံ စမ်းသပ်ရမည့် အချိန် ရောက်လာပြန်ပြီ ဖြစ်၏။ တောင်းဆိုမှု တစ်ခုတည်းသာ လုပ်နိုင်ပြီး ထိုအရာကို အဘိုးအိုက ဖြည့်ဆည်းပေးနိုင်ရမည် ဖြစ်သည်။ သို့သော် အဘိုးအို မည်သည့်အရာများ လုပ်ပေးနိုင်သနည်းဆိုသည်ကို တုပိုင် မည်သို့ သိနိုင်မည်နည်း။
နဂါးများအားလုံး၏ စွမ်းအားကို ရယူနိုင်ရန်အတွက် သူ၏ ခန္ဓာကိုယ်ထဲသို့ နဂါးများအားလုံး ထည့်ပေးရန် အဘိုးအိုအား တောင်းဆိုချင်ခဲ့၏။ သို့သော် အဘိုးအိုက ထိုသို့ တကယ် လုပ်ပေးနိုင်မည်လော။
တုပိုင်၏ အတွေးများအား ဖောက်မြင်နေရသကဲ့သို့ အဘိုးအိုက ပြောလာသည်။ "ဥပမာအနေနဲ့ ပြောရရင် နဂါးတွေအားလုံး သူတို့ရဲ့ စွမ်းအင်တွေကို မင်းဆီ ပေးအပ်ဖို့ တောင်းဆိုနိုင်တယ်။ အဲဒါက မင်းကို နတ်ဘုရားတစ်ပါးလို စွမ်းအားတွေ ပေးစွမ်းပြီး ယုံကြည်နိုင်လောက်အောင် ခိုင်မာတဲ့ ခန္ဓာကိုယ်တစ်ခုကို ဖန်တီးပေးလိမ့်မယ်။"
အဘိုးအိုက တကယ်ပဲ ထိုသို့ လုပ်ပေးနိုင်ပါသလော။ ထောင်နှင့်ချီသော နဂါးများ၏ စွမ်းအားကို စုပ်ယူရမည့် အတွေးက စိတ်လှုပ်ရှားစရာ ကောင်းလှ၏။
သို့သော် တုပိုင် ထိုသို့သာ လုပ်လိုက်ပါက သူသည် အလွန်အစွမ်းထက်လှသည့် နဂါးသစ်တစ်ကောင် ဖြစ်လာမည်ဖြစ်သော်ငြား ဤထောင်နှင့်ချီသော နဂါးများအားလုံးကမူ ထာဝရ သေဆုံးသွားကြပေလိမ့်မည်။
နဂါးသောင်းချီ၏ ဘုရင် ဖြစ်လာခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသည်နည်း။ အသန်မာဆုံး နဂါး ဖြစ်လာခြင်းကို ဆိုလိုသည်နည်း သို့မဟုတ် မျိုးနွယ်သစ်တစ်ခု ဖန်တီးခြင်းကို ဆိုလိုနေသည်လော။
ငရဲမျှော်စင်၏ နဝမမြောက်ထပ်သို့ သွားရန် တုပိုင် တောင်းဆိုသင့်သည်လော။
မဟုတ်သေးချေ။ ထိုအရာက မှားယွင်းနေ၏။ ပထမအချက်အနေဖြင့် နဝမမြောက်ထပ် ရှိ ၊ မရှိကို သူပင် မသိချေ။ ရှိခဲ့လျှင်ပင် ယခုသွားရမည့် အချိန် မဟုတ်သေးပေ။ ယခင် သတ္တမမြောက်ထပ်၌ ဖြေရှင်းနည်း ရှာရန် အဋ္ဌမမြောက်ထပ်သို့ သွားစရာ မလိုခဲ့ချေ။ စမ်းသပ်မှု၏ အဖြေက ဤနေရာ၌သာ ရှိနေ၏။ ဉာဏ်ပညာကို အသုံးပြုရန်သာ လိုအပ်သည်။
အဘိုးအိုက သူ့ကို အလောတကြီး မတိုက်တွန်းတော့ပေ။ သိနားလည်သော အပြုံးတစ်ခုဖြင့် တုပိုင်ကို ကြည့်နေရုံသာ ကြည့်နေ၏။
တုပိုင် မျက်စိမှိတ်ကာ မြေပြင်ပေါ်၌ တင်ပျဉ်ခွေထိုင်လျက် အသေအချာ စဉ်းစားလိုက်၏။ ဤရွေးချယ်မှုက အရာအားလုံးကို ပြောင်းလဲပစ်လိမ့်မည်။ သူကိုယ်တိုင် ဤလမ်းကို လျှောက်လှမ်းရမည်ကို သိထားသဖြင့် မိခင်ဖြစ်သူမှာ တိတ်ဆိတ်စွာ နေနေ၏။
မိနစ်အနည်းငယ် အကြာ၌ တုပိုင် မျက်လုံးများကို ဖွင့်လိုက်၏။
အဘိုးအိုက အပြုံးဖြင့် မေးသည်။ "မင်းကြီး စဉ်းစားပြီးပြီလား။ ဘာတောင်းဆိုရမလဲဆိုတာ ဆုံးဖြတ်ပြီးပြီလား။"
တုပိုင်က ခေါင်းညိတ်လိုက်၏။ "ဆုံးဖြတ်ပြီးပါပြီ။"
အဘိုးအိုက ပြောသည်။ "ဒါဆိုရင် မင်းရဲ့ တောင်းဆိုမှုကို ပြောပါ။ ငါ့ တတ်နိုင်သရွေ့ သဘောတူတယ်။"
တုပိုင်က တုန့်ဆိုင်းခြင်းမရှိ ပြောလိုက်သည်။ "မင်းကို လိုချင်တယ်။"
အဘိုးအို၏ ခန္ဓာကိုယ်မှာ တုန်ယင်သွားရ၏။
သူက နောက်ပြောင်လိုက်သည်။ "မင်းကြီး... ငါက အသုံးမကျတဲ့ အဘိုးကြီး တစ်ယောက်ပါ။ ပြီးတော့ ငါက မိန်းမတွေကိုပဲ သဘောကျတယ်။ မင်းရဲ့ တောင်းဆိုမှုကို ပြောင်းပေးလို့ ရမလား။"
တုပိုင်က ပြုံးလျက် ပြောသည်။ "မရပါဘူး။ ဒါက ကျွန်တော့်ရဲ့ တစ်ခုတည်းသော တောင်းဆိုမှုပဲ။ မင်းကို လိုချင်တယ်။"
အဘိုးအိုက အသက်ကို ပြင်းပြင်းရှူသွင်းကာ သက်ပြင်းချလျက် ပြောလိုက်သည်။ "ဟူး... ငါက လူအသွင်နဲ့ နေလာတာ အရမ်းကြာတော့ ငါ့ရဲ့ တကယ့်ရုပ်သွင်က ဘယ်လိုလဲဆိုတာကိုတောင် မေ့လုနီးပါး ဖြစ်နေပြီ။ မင်းကြီး... မင်းရဲ့ ဉာဏ်ပညာက တကယ့်ကို ပြိုင်ဘက်ကင်းပါပဲ။"
တုပိုင်က ပြုံးကာ မေးလိုက်သည်။ "ကျွန်တော် ပေါ်လာမယ့် အချိန်ကိုပဲ ဒီမှာ အချိန်အကြာကြီး စောင့်နေခဲ့တာ မဟုတ်လား။"
အဘိုးအိုက ပြုံးလိုက်သည်။ "အဲဒါက အမှန်ပါပဲ... ဒါပေမဲ့ ငါ နည်းနည်းလောက်တော့ ရုန်းကန်ချင်သေးတယ်။"
တုပိုင်ကလည်း ပြုံးလျက် ပြော၏။ "လုပ်ပါဗျာ။"
အဘိုးအိုက သက်ပြင်းချလျက် ပြောသည်။ "လွမ်းစရာ မရှိပေမဲ့ ဒီနေရာက အရာအားလုံးကို နှုတ်ဆက်လိုက်ပါတယ်။"
ထို့နောက် သူ၏ ခေါင်းက ပြုတ်ကျသွားပြီး သရဖူတစ်ခု အဖြစ်သို့ ပြောင်းလဲသွား၏။ ခန္ဓာကိုယ်က နဂါးတောင်ဝှေးတစ်ခု အဖြစ်သို့ ပေါင်းစပ်သွားသည်။ သို့သော် တောင်ဝှေး၏ ထိပ်ပိုင်း၌မူ ကျောက်မျက်ရတနာ မရှိဘဲ မှန်တစ်ချပ် ရှိနေသည်။
တုပိုင် အံ့အားသင့်သွားရ၏။ ဤကမ္ဘာကြီးက အလွန် စိတ်ဝင်စားစရာ ကောင်းလှသည်။
အစောပိုင်းက အဘိုးအိုသည် သူ့အား လက်နက်သုံးခု ကမ်းလှမ်းခဲ့၏။ လေးနှင့်မြှား ၊ မှန်တစ်ချပ်နှင့် သရဖူတစ်ခုတို့ ဖြစ်၏။ တုပိုင်က လေးနှင့်မြှားကို အသုံးပြုခဲ့သည်။ ယခုအခါ မှန်နှင့် သရဖူမှာလည်း သူ၏ ပိုင်ဆိုင်မှုများ ဖြစ်လာလေပြီ။ ထို့အပြင် ဉာဏ်ပညာပါပါဖြင့် မှန်ကို တောင်ဝှေးထဲ၌ တိုက်ရိုက် တပ်ဆင်ထားသေးသည်။
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း ၁၀၇၆ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။