← Chapters

အခန်း (၁၀၇၇)

Vol. 104 Ch. 1077

အခန်း (၁၀၇၇)

Vol. 104 Ch. 1077

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း ၁၀၇၇

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

တုပိုင် သရဖူကို ကောက်ယူကာ သူ၏ ခေါင်းထက်၌ ဆောင်းလိုက်၏။

"ဝုန်းးးးး"

ရွှေရောင် အလင်းတန်းတစ်ခု တောက်ပသွားပြီးနောက် သရဖူမှာ ပျောက်ကွယ်သွားတော့၏။ ချက်ချင်းဆိုသလိုပင် စိတ်ဝိညာဉ် ပုံရိပ်ယောင်မှာ ပျောက်ကွယ်သွားလေပြီ။ တုပိုင် ပြန်လည်ရှင်သန်လာပြီး ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်မှာလည်း အပြည့်အဝ ပြန်လည်တည်ဆောက်ပြီး ဖြစ်နေသည်။

အရှေ့တိုင်းနဂါး စွမ်းအင်ဖြင့် ဖန်တီးထားသည့် ယခင် ခန္ဓာကိုယ်မှာ အလွန်တရာ စွမ်းအားကြီးမားခဲ့၏။ သို့သော် ဤခန္ဓာကိုယ်သစ်မှာ ပို၍ စွမ်းအားကြီးမားကာ ပို၍ ပြီးပြည့်စုံပြီး ပို၍ မြင့်မြတ်နေသည်။

ဤအရာက မည်သည့် သရဖူနည်း။ နဂါးဘုရင်၏ သရဖူလော။ အလင်းရောင် သရဖူလော။

တုပိုင် သူ၏ လက်များနှင့် ခန္ဓာကိုယ်သစ်ကို ကြည့်လိုက်၏။ ယခင် ခန္ဓာကိုယ်မှာ ရွှေရောင် အလင်းတန်းများဖြင့် တောက်ပနေခဲ့သော်ငြား ဤခန္ဓာကိုယ်မှာမူ သန့်စင်ပြီး သာမန် လူသားတစ်ဦး၏ ခန္ဓာကိုယ်နှင့် တူနေ၏။

သို့သော် ဟင်းလင်းပြင်လောက အသီးသီးကို ဖြတ်သန်းသွားလာနိုင်လောက်အောင် အလွန်တရာ စွမ်းအားကြီးမားနေသည်ကို တုပိုင် ကောင်းစွာ ခံစားမိသည်။

ယခု ကောင်းကင်ယံ၌ ဝဲပျံနေကြသည့် မရေမတွက်နိုင်သော နဂါးများကို သူ မည်သို့ အောင်နိုင်ရမည်နည်း။

တုပိုင် လက်ထဲရှိ နဂါးတောင်ဝှေးကို မြှောက်လိုက်၏။ ထောင်နှင့်ချီသည့် နဂါးများထံမှ ရွှေရောင် အလင်းတန်းများက တောင်ဝှေး၏ မှန်ထဲသို့ ဖြာကျလာကာ ပြန်လည် ရောင်ပြန်ဟပ်သွား၏။

ရုတ်တရက် တောင်ဝှေးမှ ကောင်းကင်ယံကိုပင် ဖောက်ထွက်သွားသည့် မျက်စိကျိန်းမတတ် တောက်ပသော အလင်းတန်းတစ်ခု ပစ်ထွက်သွား၏။ အမြင့်ဆုံး စွမ်းအင်နိယာမများ ပါဝင်နေသည့် ရွှေရောင် အလင်းတန်းတစ်ခုပင်။

ထိုအလင်းတန်းနှင့် ထိတွေ့မိသွားသည့် နဂါးများအားလုံးက မှန်ဆီသို့ စတင် ပျံသန်းလာကြ၏။

ဆယ်ဂဏန်း ၊ ရာဂဏန်း ၊ ထောင်ဂဏန်း... မရေမတွက်နိုင်သော နဂါးများက အလင်းမြစ် တစ်စင်းကဲ့သို့ တောင်ဝှေးပေါ်ရှိ မှန်ထဲသို့ စီးဝင်သွားပြီး လုံးဝ ပျောက်ကွယ်သွားကြသည်။

ကမ္ဘာပေါ်ရှိ မည့်သည့်အရာမဆို နဂါးသောင်းချီ၏ စွမ်းအင်ကို မထိန်းသိမ်းထားနိုင်ချေ။ သို့သော် မှန်ကမူ လုပ်နိုင်၏။ မှန်တစ်ချပ်သည် သူတောင်းစားဖြစ်စေ ၊ ဘုရင်ဖြစ်စေ အရာအားလုံးကို တန်းတူညီမျှ ရောင်ပြန်ဟပ်ပေးနိုင်သည်။ ထို့အတွက်ကြောင့် နဂါးသောင်းချီကို ပြဿနာမရှိ ထိန်းသိမ်းထားနိုင်ခြင်းပင်။

နဂါးများ မှန်ထဲသို့ ဝင်ရောက်သွားသည်နှင့်အမျှ တုပိုင်သူ၏ ကိုယ်ပိုင် စွမ်းအားများ လျင်မြန်စွာ အားပိုကောင်းလာသည်ကို ခံစားလိုက်ရ၏။ နောက်ဆုံး၌ သူသည် ကောင်းကင်နှင့် မြေကြီးကို အုပ်စိုးရန် အလုံအလောက် စွမ်းအားကြီးမားလာလေပြီ။

နဂါးများကို ခန္ဓာကိုယ်ထဲသို့ ရူးမိုက်စွာ စုပ်ယူခဲ့ခြင်း မရှိပေ။ စွမ်းအားများ ပေးရန်အတွက် သက်သက် သူတို့ကို စတေးခိုင်းခဲ့ခြင်း မရှိချေ။ ထို့အစား ထိန်းချုပ်ရန်သာ ရွေးချယ်ခဲ့၏။ မရေမတွက်နိုင်သော နဂါးများကို သူ၏ ကိုယ်ပိုင် လက်နက်များ အဖြစ်သို့ ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။

ဤရွေးချယ်မှုကြောင့် ယခုအခါ သူသည် စစ်မှန်သည့် နဂါးသောင်းချီ၏ ဘုရင် ဖြစ်လာလေပြီ။

"ဟူးးးး" တုပိုင် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်၏။

မှန်မှ အလင်းရောင်များလည်း မှေးမှိန်သွား၏။ ထောင်နှင့်ချီသည့် နဂါးများသည် တုပိုင်၏ အမိန့်ကို အချိန်မရွေး နာခံရန် အသင့်ဖြစ်လျက် မှန်ထဲရှိ ကမ္ဘာလောက၌ အေးချမ်းစွာ အနားယူနေကြပြီ ဖြစ်၏။

"အမေ... သား ငရဲမျှော်စင်ကနေ ထွက်တော့မယ်။ အပြင်ဘက်ကို ရောက်သွားရင် ကျွန်တော်တို့ အချင်းချင်း စကားပြောလို့ မရတော့ဘူးလား။"

မိခင်ဖြစ်သူက နူးညံ့စွာ ပြောလာ၏။ "ဟုတ်တယ် သား။ ဒါပေမဲ့ အမေက သားရဲ့ ဘေးနားမှာ အမြဲတမ်း ရှိနေမှာပါ။"

တုပိုင်က ဝန်လေးစွာ နှုတ်ဆက်လိုက်သည်။ "သား... သွားတော့မယ်နော် အမေ။"

မိခင်က ကြင်နာစွာ ပြန်ပြော၏။ "သွားတော့... အမေ့ရဲ့ သားလေး။"

နဂါးတောင်ဝှေးကို ကိုင်ဆောင်လျက် တုပိုင် လှေကားမှ ဆင်းမသွားခဲ့ချေ။ ထို့အစား ငရဲမျှော်စင်၏ စွမ်းအင် နံရံများကို တိုက်ရိုက် ဖောက်ထွက်ကာ အပြင်ဘက် ကမ္ဘာသို့ တိုးဝင်လိုက်၏။

အပြင်ဘက်၌ ကမ္ဘာမြေကြီးကမူ သေဆုံးနေလေပြီ။ ကံကြမ္မာ မိစ္ဆာဘုရင်၏ မရေမတွက်နိုင်သည့် ကြောက်မက်ဖွယ်ကောင်းသည့် တိုက်ခိုက်မှုများက ကမ္ဘာမြေ၏ လည်ပင်းကို ရေဘဝဲလက်တံများကဲ့သို့ ရစ်ပတ်ထားပြီး ကမ္ဘာမြေ၏ စွမ်းအင်များကို အရူးအမူး ဝါးမျိုနေ၏

"မြင့်မြတ်နယ်မြေရဲ့ ဘုရင်မ... မိစ္ဆာဘုရင်... မင်းတို့ရဲ့ အဆုံးသတ် ရောက်လာပြီ။" တုပိုင် ခက်ထန်စွာ ကြုံးဝါးလိုက်သည်။

ထို့နောက် မြင့်မြတ်နယ်မြေသို့ ပျံသန်းသွားလိုက်တော့၏။

**--**--**--**--**--**--**--**

တုပိုင် ငရဲမျှော်စင်ထဲ၌ ဆယ်နှစ်နီးပါး နေထိုင်ခဲ့ရသော်ငြား အပြင်ဘက် ကမ္ဘာတွင်မူ တစ်နှစ်ပင် မပြည့်သေးချေ။

သို့သော် ဤတစ်နှစ်တာ ကာလကပင် မယုံကြည်နိုင်လောက်အောင် ကြာရှည်လှသည်ဟု ခံစားရ၏။ ဤသည်မှာ မိစ္ဆာစစ်တပ် မြို့ကို ဝိုင်းရံထားချိန်ကထက်ပင် ပိုမို ဆိုးရွားပြီး လူသားများအတွက် အခက်ခဲဆုံး နှစ်တစ်နှစ်ပင်။

အတိတ်၌ ထိုက်ခန်အင်ပါယာ မြို့တော်အား မသေမျိုးနှင့် မိစ္ဆာတပ်ရင်းများ ဝိုင်းရံတိုက်ခိုက်မှုများမှာ ခေတ္တမျှသာဖြစ်ပြီး ပြတ်သားကာ ရိုးရှင်းလှ၏။ နိုင်မည်လော ၊ သေမည်လော ဆိုသည်သာ။

သို့သော် ယခုအခါ၌မူ လူသားများသည် ညတိုင်း မျှော်လင့်ချက် ကင်းမဲ့ခြင်းများထဲသို့ ကျဆင်းနေကြရပြီး လေးလံလှသော လေထုကြီးက တစ်နေ့တခြား ပိုမို လေးလံလာရ၏။

ပထမဆုံးအနေဖြင့် အသက်ရှင်ကျန်ရစ်သည့် လူသားများမှာ လုံးဝ အထီးကျန်ဆန်နေကြရသည်။ မိစ္ဆာဘုရင်၏ မရေမတွက်နိုင်သော လက်တံများက ကမ္ဘာမြေကို တင်းကျပ်စွာ ဆုပ်ကိုင်ထား၏။ ကောင်းကင်ယံမှ ကြည့်ပါက တုတ်ခိုင်သည်ဟု မထင်ရသော်ငြား လက်တံ တစ်ခုစီတိုင်းမှာ ကီလိုမီတာ ထောင်နှင့်ချီ၍ ရှည်လျားပြီး အသေးဆုံး လက်တံပင်လျှင် အချင်း မီတာတစ်သောင်းပင် ရှိနေသည်။

မြေပြင်ပေါ်မှ ကြည့်ပါက ကမ္ဘာကြီးမှာ မရေမတွက်နိုင်သော နံရံများအနောက်၌ ပိတ်လှောင်ခံထားရသကဲ့သို့ပင်။ တစ်ခုစီတိုင်းမှာ မီတာ သောင်းနှင့်ချီ မြင့်မားနေပြီး ကမ္ဘာမြေပေါ်ရှိ အမြင့်ဆုံး တောင်များကိုပင် သေးသွားစေသည်။

မြို့တော်မှာလည်း ဧရာမ လက်တံကြီး နှစ်ခုကြား၌ ပိတ်မိနေ၏။ နေမင်းကို မွန်းတည့်ချိန်တွင်သာ မြင်တွေ့နိုင်ပြီး ကျန်သည့်အချိန်များ၌မူ မြို့တော်မှာ မိစ္ဆာဘုရင်၏ ဧရာမ အသားစိုင် တောင်ကြီးများ၏ အရိပ်အောက်၌ အမှောင်အတိ ကျနေတော့သည်။

အင်ပါယာ တစ်ခုလုံးမှာ မီတာသောင်းချီ မြင့်မားလှသည့် နံရံကြီးများဖြင့် ပိတ်လှောင်ခံထားရသည့် ဧရာမ အကျဉ်းထောင်ကြီး တစ်ခု အဖြစ်သို့ ရောက်ရှိနေလေပြီ။

ထိုပိတ်လှောင်ခံထားရသည့် ခံစားချက်ကို မခံစားနိုင်တော့သဖြင့် အချို့လူများက ထွက်ပြေးရန် အသည်းအသန် ကြိုးစားခဲ့ကြ၏။

စွမ်းအားကြီးမားသော သိုင်းပညာများကို အသုံးပြုကာ ဧရာမ အသားစိုင် လက်တံတောင်ကြီးများကို တွယ်တက်ခဲ့ကြသည်။ မြင့်မားသော သိုင်းပညာအဆင့်များကြောင့် မီတာသောင်းချီ မြင့်မားသည့် နေရာတွင်ပင် အေးခဲသွားခြင်း သို့မဟုတ် အသက်ရှူကျပ်သွားခြင်းမျိုး မရှိခဲ့ပေ။

သို့သော် တောင်ထိပ်သို့ ရောက်ရှိသွားချိန်၌မူ သူတို့အားလုံး လုံးဝ မျှော်လင့်ချက် ကင်းမဲ့သွားကြရတော့သည်။ မျက်စိတစ်ဆုံး မြင်တွေ့နေရသည်မှာ အသားစိုင် တောင်ကြီးများက ကမ္ဘာမြေကြီး တစ်ခုလုံးကို လွှမ်းခြုံထားခြင်းပင်။

ကမ္ဘာမြေကြီး တစ်ခုလုံးမှာ ထွက်ပြေးမလွတ်နိုင်သည့် လှောင်ချိုင့်ကြီး တစ်ခု အဖြစ်သို့ ပြောင်းလဲသွားလေပြီ။

အခြေအနေကြောင့် သိုင်းပညာရှင်များက စိတ်ဓာတ်ကျကာ မြို့တော်သို့ ပြန်လာပြီး ထိုညမှာပင် သူတို့ကိုယ် သူတို့ အဆုံးစီရင်သွားကြတော့၏။

မြို့တော်၌ အစားအစာ ရှားပါးမှု မရှိချေ။ မိစ္ဆာဘုရင် ကမ္ဘာမြေကို သိမ်းပိုက်ပြီးနောက် မျိုးဗီဇပြောင်း သစ်သီး အထွက်နှုန်းမှာ ပို၍ပင် တိုးတက်လာခဲ့၏။

သို့သော် မျှော်လင့်ချက် ကင်းမဲ့မှုများက ဆက်လက် ကြီးထွားလာနေဆဲပင်။ နောက်ဆုံး၌ စိတ်ပိုင်းဆိုင်ရာ ဖိအားများကို မခံနိုင်တော့ဘဲ တစ်ယောက်ပြီးတစ်ယောက် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ကြတော့သည််။

နေ့စဉ်ရက်ဆက် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုများ ဖြစ်ပွားလျက် ရှိနေကြသည်။

အိမ်ရှေ့စံမင်းသီးလေး ဖန်ရှောင် (တုရှောင်) မှာ ကာတွန်းများ ကြည့်ခြင်းကို ရပ်တန့်လိုက်ပြီး ဗီဒီယိုဂိမ်းများတွင်လည်း သားရဲဂူ ဝင်သည့် အဖွဲ့များကို ဦးဆောင်ခြင်း မပြုတော့ချေ။

သူမလေးသည် နေ့စဉ်နှင့်အမျှ အလွန်တရာ အလုပ်များနေပြီး မှော်စစ်သေနာပတိ သောင်းနှင့်ချီ ၊ သိပ္ပံပညာရှင်များနှင့်အတူ အလုပ်လုပ်နေရ၏။ အင်ဂျင်များကို အဆက်မပြတ် ပြုပြင်မွမ်းမံနေပြီး စွမ်းအင် အစီအရင် အမျိုးမျိုးကို အဆင့်မြှင့်တင်နေကြသည်။

ယနေ့တွင် အဆုံးအစမဲ့ အလုပ်များမှနေ၍ နောက်ဆုံး၌ အနားယူချိန်တိုလေး တစ်ခု ရရှိ၏။

ဖန်းချင်းယီက မေးလိုက်၏။ "ဖန်ရှောင်... ဒီတလော နင် ဘာတွေ အရမ်း အလုပ်များနေတာလဲ။"

ဖန်ရှောင်က သက်ပျင်းချကာ ပြန်ဖြေ၏။ "ကျွန်မတို့ရဲ့ စွမ်းအင်အခြေခံ ယဉ်ကျေးမှုနဲ့ သိပ္ပံပညာကို ပေါင်းစပ်ဖို့ ကြိုးစားနေတာ။ ကွမ်တန် ဆက်စပ်မှု ၊ အဝေး ဆက်သွယ်ရေးနဲ့ စူပါကွန်ပျူတာတွေလိုမျိုး အဆင့်မြင့် သိပ္ပံပညာဆိုင်ရာ အယူအဆတွေကို အဓိကထား လေ့လာနေတယ်။"

ဖန်းချင်းယီက ထပ်မေးသည်။ "ဒီအရာတွေ အားလုံးကို သုတေသန လုပ်နေတာ နင့်ရဲ့ ရည်ရွယ်ချက်က ဘာလဲ။"

ဖန်ရှောင်က ပြန်ဖြေ၏။ "အခြား ဂြိုဟ်တွေဆီ ပြောင်းရွှေ့ဖို့ ပြင်ဆင်နေတာပါ။ ကမ္ဘာကြီး ပျက်စီးသွားရင်တောင် လူသားမျိုးနွယ်ကို မျိုးသုဉ်းပျောက်ကွယ်သွားအောင် အဖြစ်ခံလို့ မရဘူးလေ။"

ဖန်းချင်းယီ အံ့အားသင့်သွားရသည်။ "ကောင်မလေး... ကမ္ဘာကြီး ပျက်စီးသွားရင်တောင် ငါတို့မှာ တာ့နင်အင်ပါယာ ဟင်းလင်းပြင်လောကနဲ့ မြင့်မြတ်နယ်မြေ ရှိသေးတယ်လေ။"

ဖန်ရှောင်က ခေါင်းယမ်းလိုက်၏။ "အန်တီဖန်း... တာ့နင်အင်ပါယာက ပွားလာတဲ့ ဟင်းလင်းပြင်ခွဲ တစ်ခုသက်သက်ပဲ။ ဟင်းလင်းပြင် သဘောတရားအရဆိုရင် အဲဒါက ကမ္ဘာမြေနဲ့ အတိအကျ တူညီတဲ့ တည်နေရာမှာ ရှိနေတာ။ အဲဒီ ဟင်းလင်းပြင်ခွဲရဲ့ ကမ္ဘာမြေကလည်း ဒီကမ္ဘာမြေပဲ။ အကယ်၍ ဒီမူလကမ္ဘာမြေကြီးသာ လုံးဝ ပျက်စီးသွားရင် တာ့နင်အင်ပါယာ ဟင်းလင်းပြင်လည်း အတူ ပျောက်ကွယ်သွားလိမ့်မယ်။"

ဖန်းချင်းယီအတွက် ဆက်စပ်မှုများအား နားလည်သဘောပေါက်ရန် ခက်ခဲနေ၏။

ဖန်ရှောင်က ထပ်မံ ရှင်းပြလိုက်သည်။ "တာ့နင်အင်ပါယာ ဟင်းလင်းပြင်က တိကျတဲ့ အချိန်နဲ့ ဟင်းလင်းပြင်တစ်ခုမှာ ကမ္ဘာမြေက ဖန်တီးထားတဲ့ အရိပ်တစ်ခုလိုပဲ။ အဲဒါက ပုံရိပ်ယောင်တစ်ခု သက်သက်ပဲ။ မူလကမ္ဘာ မဟုတ်ဘူး။"

ဖန်းချင်းယီက ထပ်မေးလိုက်၏။ "ဒါဆို မြင့်မြတ်နယ်မြေကရော။"

ဖန်ရှောင်က ခေါင်းခါလိုက်သည်။ "မြင့်မြတ်နယ်မြေက ကပ်ပါး ဟင်းလင်းပြင်လောက တစ်ခုသက်သက်ပဲ။ အပေါ်ယံ ကြည့်ရင်တော့ စွမ်းအားကြီးမားပုံ ပေါက်ပေမဲ့ အရင်တုန်းက နဂါးသွေးတိုက်ကြီးမှာ တွယ်ကပ်ပြီး ရှင်သန်ခဲ့တာ ၊ အခုတော့ ကမ္ဘာမြေမှာ တွယ်ကပ်နေတာလေ။ အကယ်၍ လက်ခံကိုယ်ထည် ကမ္ဘာမြေကြီးသာ သေဆုံးသွားရင် ကိုယ်ထည်ကို အမှီပြုပြီ ရှင်သန်ရတဲ့ ကပ်ပါးလည်း အတူတူ သေဆုံးသွားမှာပဲ။"

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း ၁၀၇၇ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

All Chapters