အခန်း (၁၀၇၈)
Vol. 104 Ch. 1078
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း ၁၀၇၈
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
ဖန်းချင်းယီက မျက်မှောင်ကြုတ်လိုက်သည်။ “ဒါဆိုရင် နင့်ရဲ့ ထက်မြက်လှတဲ့ ဉာဏ်ရည်အရ ကမ္ဘာကြီးက ပျက်စီးသွားတော့မှာလား။”
ဖန်ရှောင်က ခေါင်းညိတ်၏။ “အခုလည်း ပျက်စီးနေပြီလေ။ မေးရမှာက ဘယ်လောက်အထိ ဆိုးဆိုးရွားရွား ဖြစ်သွားမလဲဆိုတာပဲ။ အကယ်၍ တစ်ဝက်လောက်ပဲ ပျက်စီးသွားရင် အင်္ဂါဂြိုဟ်ထက်တော့ ပိုကောင်းနေဦးမှာပဲ။ ဒါပေမဲ့ လုံးဝ ပျက်သုဉ်းသွားရင်တော့ အဲဒီဂြိုဟ်တွေထက်တောင် ပိုဆိုးသွားနိုင်တယ်။”
သူမလေးက ဆက်ပြော၏။ “လက်ရှိအချိန်မှာ ကျွန်မတို့က အရန် အစီအစဉ် တချို့ကို လုပ်ဆောင်နေတယ်။ အဆိုးရွားဆုံး အခြေအနေ ဖြစ်လာပြီး ကမ္ဘာကြီး ပျက်စီးသွားရင် အနည်းဆုံး လူသောင်းနဲ့ချီပြီး တခြားဂြိုဟ်တွေကို ရွှေ့ပြောင်းပေးဖို့ ဧရာမ အာကာသယာဉ်ကြီး တစ်စင်းကို တည်ဆောက်ရလိမ့်မယ်။”
“ကျွန်မတို့ရဲ့ အကောင်းဆုံး ရွေးချယ်မှုက အင်္ဂါဂြိုဟ်ပဲ။ လကမ္ဘာမှာ ဟီလီယမ်တွေ အများကြီး ရှိလို့ အစကတော့ ရွေးချယ်စရာ ကောင်းတစ်ခုပဲ။ ဒါပေမဲ့ ကမ္ဘာကြီးသာ ပျက်စီးသွားရင် လကမ္ဘာလည်း ဂြိုဟ်ပတ်လမ်းကနေ လွတ်ထွက်သွားပြီး ကမောက်ကမတွေ ဖြစ်ကုန်လိမ့်မယ်။ ဝမ်းနည်းစရာက ကျွန်မတို့က ထိန်းချုပ်နိုင်တဲ့ နျူကလီးယား ပေါင်းစပ်ခြင်း နည်းပညာကို ပြီးပြည့်စုံအောင် မလုပ်နိုင်သေးဘူး။ ဒါပေမဲ့ အရမ်းကို နီးစပ်နေပါပြီ။”
ပြီးခဲ့သည့် တစ်နှစ်တာ ကာလအတွင်း တာ့နင်အင်ပါယာမှ မှော်စစ်သေနာပတိ သောင်းနှင့်ချီနှင့် ကမ္ဘာမြေ၏ သိပ္ပံပညာရှင် ထောင်နှင့်ချီတို့သည် အဓိက ပန်းတိုင် နှစ်ခုဖြစ်သည့် ထိန်းချုပ်နိုင်သော နျူကလီးယား ပေါင်းစပ်ခြင်းနှင့် ကွမ်တမ် နည်းပညာများအပေါ်၌ အာရုံစိုက်ထားခဲ့ကြ၏။
နျူကလီးယား ပေါင်းစပ်ခြင်းနှင့် ပတ်သက်၍ အကြီးမားဆုံး ပြဿနာမှာ ထိုဓာတ်ပြုမှုကို ထိန်းသိမ်းထားရန် ကွန်တိန်နာ ရှာဖွေခြင်းပင်။ ထိုဓာတ်ပြုမှုက ဆဲလ်စီးယပ်စ် ဒီဂရီ သန်းရာနှင့်ချီသည့် အပူချိန်များကို ထုတ်လွှတ်ရာ မည်သည့် ရုပ်ပိုင်းဆိုင်ရာ ဒြပ်စင်ကိုမဆို ချက်ချင်း အငွေ့ပျံသွားစေလိမ့်ပေမည်။
သို့သော် စွမ်းအင်အခြေခံ ယဉ်ကျေးမှုနှင့် သိပ္ပံပညာကို ပေါင်းစပ်လိုက်ခြင်းက ပြီးပြည့်စုံသည့် အဖြေတစ်ခုကို ပေးစွမ်းနိုင်ပုံရ၏။ မှော်စစ်သေနာပတိများ၏ မှော်စွမ်းအင် အစီအရင်များသည် ပေါင်းစပ်ဓာတ်ပြုမှုကို ထိန်းသိမ်းထားနိုင်ပြီး ထိုပြင်းထန်လှသော အပူချိန်များကို ခံနိုင်ရည် ရှိကြသည်။
လက်ရှိအချိန်၌ သီအိုရီပိုင်းမှာ ပြီးပြည့်စုံနေပြီ ဖြစ်သော်ငြား အောင်မြင်သည့် စမ်းသပ်မှု ရလဒ်များကိုမူ မရရှိသေးချေ။
နျူကလီးယား ပေါင်းစပ်ခြင်း မရှိပါက ကြယ်တာရာများအကြား ပြောင်းရွှေ့အခြေချခြင်းဆိုသည်မှာ စကားလုံး အလွတ်သက်သက်သာ ဖြစ်၏။ များပြားလှသည့် စွမ်းအင်များကို အဆုံးအစမရှိ အလွယ်တကူဖြင့် ရရှိနိုင်သည့် အရင်းအမြစ်တစ်ခု ရှိမှသာ သူတို့သည် အခြားဂြိုဟ်တစ်ခုကို သက်ရှိများ နေထိုင်နိုင်အောင် ပြောင်းလဲပစ်နိုင်မည် ဖြစ်သည်။
ဥပမာအနေဖြင့် အင်္ဂါဂြိုဟ်သို့ ပြောင်းရွှေ့မည်ဆိုပါက ရေ အများကြီး လိုအပ်ပေလိမ့်မည်။ အကောင်းဆုံး ဖြေရှင်းနည်းမှာ ကမ္ဘာမြေထက် အဆပေါင်း မရေမတွက်နိုင်အောင် ရေပိုမို များပြားသည့် ဥက္ကာခဲ ခါးပတ်ကွင်းကို တူးဖော်ရန်ပင် ဖြစ်၏။ သို့သော် အခမဲ့နီးပါး ရနိုင်သည့် စွမ်းအင်မရှိပါက ရေတစ်ကီလိုဂရမ်ကို သယ်ဆောင်ရန်အတွက်ပင် ဒေါ်လာသန်းနှင့်ချီ ကုန်ကျပေလိမ့်မည်။ မည်သူက ထိုမျှ တတ်နိုင်မည်နည်း။
ဖန်းချင်းယီက သက်ပြင်းချလိုက်သည်။ “ဒီကပ်ဘေးကြီးကနေ ငါတို့ ရှောင်လွှဲနိုင်ဖို့ နင့်အဖေ မြန်မြန် ပြန်ကောင်းလာဖို့ပဲ မျှော်လင့်ရတော့တာပဲ။”
ဖန်ရှောင်က တိုးညှင်းစွာ ပြန်ပြောလိုက်၏။ “ဒီကမ္ဘာကြီးက ပျက်စီးပြီး ရှုပ်ပွနေရင်တောင်မှ ဒါက ကျွန်မတို့ရဲ့ မိခင်ဂြိုဟ်ပဲ။ ကျွန်မ တခြားဂြိုဟ်တွေကို စူးစမ်းရှာဖွေချင်ပေမဲ့ ထွက်တော့ မပြေးချင်ဘူး။”
ထိုအခိုက်အတန့်၌ပင်... ရွှေရောင် အလင်းတန်းတစ်ခုက ရုတ်တရက် ကောင်းကင်ယံထက်၌ တောက်ပသွားပြီး မြောက်ဘက်သို့ ပျံသန်းသွား၏။
ဖန်းချင်းယီက ကောင်းကင်ကို လက်ညှိုးထိုးကာ အော်လိုက်သည်။ “ဖန်ရှောင်။ ကြည့်လိုက်...”
ထိုအလင်းတန်းက ကြယ်တံခွန်တစ်ခုနှင့် အတိအကျ တူညီနေပြီး တောက်ပနေသည့် အမြီးတန်းအရှည်ကြီးကို ချန်ရစ်ကာ ကောင်းကင်ယံထက်၌ ယုံကြည်နိုင်လောက်အောင် မြန်ဆန်ပြီး မြင့်မားစွာ ပျံသန်းနေ၏။
ဖန်းချင်းယီက စိတ်လှုပ်ရှားစွာ ပြောလာသည်။ “ဖန်ရှောင်... ဒဏ္ဍာရီတွေထဲမှာ အခုလို ကောင်းကင်ယံမှာ ကြယ်တံခွန် တစ်ခု ပေါ်လာရင် နဂါးတစ်ကောင် နိုးထလာပြီလို့ အဓိပ္ပာယ်ရတယ်တဲ့။”
ဖန်ရှောင်က မျက်လုံးလှိမ့်လိုက်၏။ “အန်တီဖန်း... အန်တီ Game of Thrones ဇာတ်ကား ကြည့်တာ များသွားပြီ။ ဒါပေမဲ့ အန်တီ တကယ်ကြီး မှန်အောင် ခန့်မှန်းနိုင်ခဲ့တာပဲ။”
ပြောပြီးနောက် သူမ၏ လက်ထဲရှိ စာရွက်စာတမ်းများ အားလုံးကို ဘေးသို့ ပစ်ချလိုက်၏။ ထို့နောက် အချိန်အတော်ကြာ မကိုင်ခဲ့သော တက်ဘလက် တစ်လုံးကို ကောက်ယူလိုက်ပြီး ဆိုဖာပေါ်၌ သက်သောင့်သက်သာ လှဲလျောင်းကာ Peppa Pig ကာတွန်းကား တစ်ပိုင်းကို ဖွင့်လိုက်တော့သည်။
ဖန်းချင်းယီက မျက်မှောင်ကြုတ်သွား၏။ “ဖန်ရှောင်... နင် ဘာလုပ်နေတာလဲ။ နင့်ရဲ့ ဆယ့်ငါးမိနစ် အနားယူချိန် ပြီးသွားပြီလေ။ အလုပ်ပြန်လုပ်ရမယ့် အချိန် ရောက်ပြီ။ ထိန်းချုပ်နိုင်တဲ့ နျူကလီးယား ပေါင်းစပ်ခြင်း နည်းပညာကို နင် ဖြေရှင်းပေးဖို့ လိုအပ်တယ်။”
ဖန်ရှောင်က သူမ၏ ဖိနပ်များကို ကန်ချွတ်လိုက်ပြီး ပြန်ပြောလိုက်သည်။ “မလုပ်ချင်ဘူး။ ကာတွန်းတွေ ကြည့်ချင်တယ်။ ဆိုဒါသောက်မယ်။ မျိုးဗီဇပြောင်း အာလူးကြော်တွေ စားပြီး ကျွန်မရဲ့ ဂိမ်းတွေထဲက သားရဲဂူတွေကို ဝင်တိုက်မယ်...”
ဖန်းချင်းယီက ခေါင်းရမ်းလိုက်သည်။ “မရဘူး။ နင်က ဉာဏ်ကြီးရှင် တစ်ယောက်လေ။ နင့်အဖေ ဆုံးပါးသွားပြီးနောက်ပိုင်း နင်က ငါတို့အတွက် ကျန်ရစ်ခဲ့တဲ့ တစ်ခုတည်းသော အရာပဲ။ နင်က လူသားမျိုးနွယ်ရဲ့ မျှော်လင့်ချက်ပဲ။ နင် လက်လျှော့လို့ မရဘူး။ ဆက်ပြီး အလုပ်လုပ်ရမယ်။”
ဖန်ရှောင်က နာမည်ကြီး ကွမ်တုံ တီဗီဇာတ်လမ်းတွဲ စကားတစ်ခွန်းဖြင့် ပြန်ဖြေလိုက်၏။ “ဘဝမှာ အရေးအကြီးဆုံးက ပျော်ရွှင်ဖို့ပဲ။ ပြီးတော့ ကျွန်မ အဖေက အရမ်း တော်တာပဲကို။ သူ့သမီး အနေနဲ့ ကျွန်မက ဘဝကို သာသာယာယာပဲ ဖြတ်သန်းသင့်တာပေါ့။ ကျွန်မက ဘာလို့ ဒီလောက်တောင် အလုပ်ကြိုးစားနေရမှာလဲ။”
ဖန်းချင်းယီ အေးခဲသွား၏။ ထို့နောက် သူမက အလန့်တကြား မေးလာသည်။ “ဘာပြောလိုက်တယ်။ နင့်အဖေ ပြန်ရောက်လာပြီလား။”
ဖန်ရှောင်က ချစ်စဖွယ်ပြုံးပြလိုက်သည်။ “ခုနလေးတင် ကောင်းကင်ယံက တောက်ပနေတဲ့ အလင်းတန်းကို အန်တီ မြင်ခဲ့တယ် မဟုတ်လား။”
ထိုစကားကို ကြားသောအခါ ဖန်းချင်းယီ ခန်းမထဲမှ အလျင်စလို ထွက်သွားပြီး နန်းတော်၏ အမြင့်ဆုံး လသာဆောင်သို့ တိုက်ရိုက် ပျံသန်းသွားလိုက်၏။
ထို့နောက် အသံကုန်ဟစ်ကာ အော်ဟစ်လိုက်သည်။ “အားလုံးပဲ ငါ့စကားကို နားထောင်ကြ။ ဧကရာဇ်မင်းမြတ် တုပိုင် ပြန်ရောက်လာပြီ။ ကိုယ့်ကိုယ်ကိုယ် အဆုံးမစီရင်ကြနဲ့တော့။”
**--**--**--**--**--**--**--**
ပြီးခဲ့သည့် တစ်နှစ်တာ ကာလအတွင်း ရန်ယဲ့ရှောင်သည် တုပိုင်၏ နန်းတော်ထဲ၌သာ သူ သေဆုံးသွားသည့်အတွက် ဝမ်းနည်းပူဆွေးလျက် တစ်ယောက်တည်း ထိုင်နေခဲ့၏။
လက်ရှိ ဥက္ကဋ္ဌ ဖြစ်နေသော မြင့်မြတ်နယ်မြေ၏ ယခင်ဘုရင်မက ရန်ယဲ့ရှောင်၏ အရှေ့၌ ကျက်သရေရှိစွာ ထိုင်လျက် တိုးညှင်းစွာ ပြောလာသည်။ “ဘဝမှာ အရေးအကြီးဆုံးက ပျော်ရွှင်ဖို့ပဲ။ တုပိုင်က သေသွားပြီလေ။ မင်းကို မျှော်လင့်ချက် မရှိတဲ့ မုဆိုးမအဖြစ် ချန်ထားရစ်ခဲ့တာပဲ။ မကြာခင်မှာ ကမ္ဘာကြီးလည်း ပျက်စီးတော့မှာ။ မင်းရဲ့ သမီးလည်း သေရလိမ့်မယ်။ အသက်ရှင်နေရတာ ဒီလောက်တောင် မပျော်မရွှင် ဖြစ်နေမှတော့ မင်း ဘာလို့... သေမသွားတာလဲ။”
ရန်ယဲ့ရှောင်က တည်ငြိမ်စွာ ပြန်ပြောလိုက်၏။ “ငါသေဖို့ မင်းက တကယ်ပဲ အဲဒီလောက်တောင် လောနေတာလား။”
ယခင်ဘုရင်မက ပြုံးလိုက်၏။ “အဲဒီလိုတော့လည်း မဟုတ်ပါဘူး။ ဒါပေမဲ့ မင်း အသက်ရှင်နေသရွေ့ လက်ရှိ ဘုရင်မ မိုဟန်က မင်းကို အားကိုးနေဦးမှာပဲ။ သူ ဘာလုပ်ရမှန်း မသိတဲ့ အချိန်တိုင်း မင်းဆီကနေ အကြံဉာဏ် တောင်းလေ့ရှိလို့ သူက သိပ်မမိုက်မဲဘူးလို့ ထင်ရစေတယ်။ မင်းက အရမ်း ထက်မြက်တဲ့ မိန်းမ တစ်ယောက်ပဲ။”
ရန်ယဲ့ရှောင်က ပြန်ပြော၏။ “သူက နာမည်ခံ သက်သက်ပါပဲ။ အစစ်အမှန် အာဏာတွေ အားလုံးက မင်းလက်ထဲမှာပဲ ရှိတာလေ။ မင်းက သူကို နန်းတော် အပြင်ဘက်ကိုတောင် ခြေချခွင့် မပေးဘူး မဟုတ်လား။”
ထိုအရာက အမှန်ပင်။ ဘုရင်မမိုဟန်သည် နန်းတော်ထဲမှ လုံးဝ ထွက်ခွာနိုင်ခြင်း မရှိချေ။ ဆင်ခြေကတော့ ရိုးရှင်းလှ၏။ သူမက အမြင့်မြတ်ဆုံး ဖြစ်ပြီး တော်ဝင် ဂုဏ်သိက္ခာကို ထိန်းသိမ်းရန် အမြဲတမ်း အထဲ၌သာ နေရမည် ဖြစ်ကြောင်းပင်။
ယခင်ဘုရင်မက ပြော၏။ “ဒါပေမဲ့... အဲဒါက မလုံလောက်သေးဘူး။ အရေးအကြီးဆုံးက မင်းဟာ ကယ်တင်ရှင် ဧကရာဇ်မင်းမြတ် တုပိုင်ရဲ့ ဇနီး ဖြစ်နေတာပဲ။ သူက သေသွားပြီလေ။ သူ့ရဲ့ ပြီးပြည့်စုံတဲ့ မိဖုရား တစ်ပါးအနေနဲ့ သူနဲ့အတူ လိုက်သေတာက ပုံမှန် မဟုတ်ဘူးလား။ ဒါကြောင့် ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိုက်ပါ။”
ရန်ယဲ့ရှောင်က ပြုံးလိုက်၏။ “ငါ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လို့ ရပါတယ်။ ဒါပေမဲ့ နောက်ပိုင်း မိုဟန်ကို မင်း ဘာဆက်လုပ်မလဲဆိုတာ သိချင်တယ်။ ဘာပဲဖြစ်ဖြစ် သူက အရှေ့တိုင်းနဂါးရဲ့ စွမ်းအားတွေကို စွန့်လွှတ်လိုက်ပြီး ကလေးလေး တစ်ယောက်လို အားနည်းနေပြီလေ။”
ယခင်ဘုရင်မက ကောက်ကျစ်စွာ ပြုံးလိုက်သည်။ “စိတ်မပူပါနဲ့။ ဘုရင်မမိုဟန်ကို ကြီးကျယ်ခမ်းနားတဲ့ ဘဝတစ်ခုနဲ့ နေထိုင်ပြီး ဂုဏ်ယူဖွယ်ကောင်းတဲ့ သေဆုံးခြင်းမျိုးနဲ့ သေဆုံးသွားစေဖို့ သေချာပေါက် လုပ်ဆောင်ပေးမှာပါ။”
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း ၁၀၇၈ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။