စီမံကိန်း
Vol. 145 Ch. 2027
ရှီမာယူယူ၏ အကြည့်များအေးစက်သွားသည်။
“တစ္ဆေကြင်ယာတော်က အမြဲတမ်းပဲ အညှာတာမဲ့တယ်.. အဘိုးက ဒီလောက်နှစ်တွေအများကြီး လူလုံးထွက်မပြတော့ သူမက အဲဒါကိုအမြတ် ထုတ်ချင်တာပဲ.. သူမက တစ်လျှောက်လုံးဒီလိုပဲလုပ်လာတာမလား” သူမ သရော်မိသည် “တခြားကြင်ယာတော်တွေနဲ့ ယှဉ်ရင် သူမက တစ္ဆေဘုရင်ဖြစ် လာဖို့ သင့်တော်တယ်လို့ စဉ်းစားနေတာနေမှာပေါ့… သူမမှာ အဲလိုအစွမ်းအစ ရှိလား မရှိလားကို သူမကိုယ်သူမ ပြန်မကြည့်ဘူး”
“မင်းအဘိုးကို စိတ်မပူဘူးလား”
“စိတ်ပူဖို့တော့မလိုဘူး” ရှီမာယူယူ ပြောလိုက်သည် “တကယ်တော့ အဘိုးက ကျွန်မဆီမှာ ဝိညာဉ်ပုံနှိပ်ပေးထားတယ်.. ကျွန်မရဲ့အသိစိတ်ပင်လယ် ထဲမှာ သူကောင်းကောင်းရှိနေတယ်.. အဲတော့ သူ အဆင်ပြေပါတယ်”
“အင်း အဲလိုကိုး” ဝူလင်းယူသည် သူမ၏ နှာခေါင်းလေးကို ထိချိတ်လိုက် သည် “ကိုယ့်ကို ဘာလို့စောစောမပြောလဲ”
“ဟီးဟီး ရှင့်ကို စိတ်ပူစေမိပြီ.. ကျွန်မလည်း အဲလိုတစ်ခါမှမတွေးမိလို့ လွတ်သွားတာပါ” ရှီမာယူယူသည် နှာခေါင်းရှုံ့လေသည်။
ဝူလင်းယူသည် အစောပိုင်းက အမှန်တကယ်ပင် တစ္ဆေဘုရင် တစ်ခုခု ဖြစ်ပြီဟု သံသယဝင်သွားသေးသည်။ သူတို့သည် အလွန်ဝေးကွာနေကာ မတွေ့ ရသည်မှာလည်း အလွန်ကြာနေပြီဖြစ်သဖြင့် ယုံမိတော့မလိုဖြစ်သွားသည်။
“ဒါဆို အလောတကြီးပြန်ဖို့ စိတ်ပူစရာမလိုတော့ဘူးပဲ” ဝူလင်းယူသည် သူမ ဒဏ်ရာပြန်သက်သာသွားသည်နှင့် အလောတကြီးပြန်ရန် တွေးထား၏။ ယခု သူတို့သည် ပြန်ရမည်ဖြစ်သော်လည်း အလောကြီးရန်မလိုတော့ပေ။
“ကိုယ့် ထွက်ခွာခြင်းစာမေးပွဲကအောင်သွားပြီ မင်းသက်သာတာနဲ့ ထွက် ခွာခြင်းစာမေးပွဲ ဖြေရမယ်” ဝူလင်းယူ ပြောလေသည်။
“ထွက်ခွာခြင်းစာမေးပွဲဟုတ်လား”
“လျှို့ဝှက်ဂိုဏ်းကနေ ထွက်သွားချင်တဲ့လူတိုင်းက သင်ထားတဲ့ ဘာသာ ရပ်ကို စာမေးပွဲဖြေရတယ်.. ပြီးခဲ့တဲ့ နှစ်တွေမှာ မင်းက နာမည်ကြီးထားတော့ အကုန်လုံးရဲ့ ဆန္ဒအတိုင်း မင်းရဲ့စာမေးပွဲက အများရှေ့မှာဖြစ်လိမ့်မယ်”
“ဟင်.. ဆရာတွေက သဘောတူလား” ရှီမာယူယူသည် ဝူလင်းယူ၏ အပြုံးကိုမြင်သောအခါ နှုတ်ခမ်းတွန့်မိသည် “ဆရာတွေက အဲလိုစဉ်းစားကြ မယ်မထင်ဘူး”
“မင်း စာမေးပွဲဖြေမယ်လို့ ကြားတာနဲ့ တော်တော်များများက ပြန်တောင် လာနေကြပြီ” ဝူလင်းယူ ဆက်ပြောလေသည်။
“တကယ်ကြီးလား”
“အဲဒါကြောင့် မင်း ပြင်ဆင်ထားရမယ်.. မင်းရဲ့စာမေးပွဲအတွင်းမှာ အကုန် လုံးက စောင့်ကြည့်နေကြမှာ”
“ဒီနေ့လိုမျိုးလား ဟူး…”
ဟူး.. အနှစ် ၂၀ တောင်ကျော်သွားပြီ။ သူတို့က ဘာလို့များ သူမကို ကြည့် ရတာကို ကြိုက်ကြတာလဲ။ ဒီနှစ်တွေမှာ သူမက တိရိစ္ဆာန်ရုံထဲက တိရိစ္ဆာန်လို ပဲ။
သို့သော် သူမ၏ဆရာများ သဘောတူပြီးသဖြင့် သူမ ကန့်ကွက်နေလည်း အသုံးမဝင်တော့ပေ။ ဂိုဏ်းထဲမှလူများသည် သူမနောက်သို့ အနှစ် ၂၀ ကျော် လိုက်နေခဲ့ကြသည်။ သူမသည် သူတို့၏ ဆန္ဒကိုတော့ တစ်ခါလောက် ဖြည့်ပေး သင့်သည်။
မည်သို့ပင်ဖြစ်စေကာမူ သူမသည် ထွက်သွားတော့မည်ဖြစ်သည်။ အနာဂတ်တွင် သူတို့ မည်သို့ပင်လုပ်ချင်ပါစေ သူမနှင့် ဘာမှမဆိုင်တော့ပေ။
ရှီမာယူယူ မိုးကြိုးဘေးဒုက္ခနှင့် ရင်ဆိုင်သည့် မြင်ကွင်းကို မှတ်တမ်းတင် ထားသည့်သူရှိသည်။ ထိုမြင်ကွင်းကို ကြည့်လိုက်ရုံနှင့် သူတို့ကို တုန်ယင်စေ သည်။ ရှီမာယူယူသည် မိုးကြိုးသွားများကို မရှောင်ခဲ့သည်ကို သူတို့ မြင်ခဲ့ရ သည်။ ထိုအစား သူမသည် ရင်ဆိုင်ခဲ့သည်။ ထိုအခြင်းအရာသည် သူမ၏ သတ္တိ ကို လေးစားမိကြပြီး သူတို့၏ စိတ်အားအင်ကိုလည်း အားကောင်းလာစေသည်။
“ထင်ထားတဲ့အတိုင်း လျှို့ဝှက်ဂိုဏ်းရဲ့ဒဏ္ဍာရီဝင်ပဲ.. ဘယ်သူမှ သူမလို မျိုး ထူးကဲတဲ့လူမရှိဘူး”
“ဟူး.. သူများကို အနိုင်ရရုံဆိုတဲ့လူတွေကလည်း ရှိသေးတယ်”
“အဲလိုမဟုတ်ဘူးလား.. သူမနဲ့ယှဉ်ရင် ဒီနှစ်တွေမှာ ငါတို့တွေက… ဟူး…”
ရှီမာယူယူ ဒဏ်ရာများကို ကုစားနေစဉ်တွင် သူမ၏သတင်းများသည် လျှို့ဝှက်ဂိုဏ်းသို့ ပတ်နေပြီဖြစ်သည်။ ထိုအချိန်တွင် သူတို့သည် သူမ၏ စာမေး ပွဲကို ပို၍တက်ရောက်ချင်လာသည်။
သူမ နလန်ထူနေချိန်တွင် မုယဲ့ချီတို့သည် သူမကို ဆက်တိုက်လာတွေ့ သည်။ သို့သော် သူမသည် သူတို့ကိုနှင်ထုတ်ကာ မည်သူကိုမှမတွေ့ပေ။ သူမ သည် အနုပညာရှင်မဟုတ်သလို မျောက်လည်းမဟုတ်ပေ။ သူတို့တွေက ဘာလို့အကုန်လုံး ဆန့်ကျင်ပြီး သူမကို လာတွေ့ချင်နေကြတာလဲ။
လုယန်သည် သူ၏ကိုယ်ပိုင်ခြံဝန်းထဲတွင် ရှိနေကာ တောင်ထိပ်ငယ်ဆီသို့ လူအဝင်အထွက်များနေသည်ကို ကြားသည်။ အရင်ကထက် အနည်းငယ် ဆူညံ နေသော်လည်း သူ မုန်းတီးခြင်းမရှိပေ။
ရှီမာယူယူသည် ဂီတအခန်းတွင် လှဲလျောင်းရင်း ဝိညာဉ်အသီးစားကာ သူ ဗျတ်စောင်းသံကို နားထောင်နေသည်။
“ဆရာ.. ဆရာတီးတာ အရမ်းကောင်းတာပဲ” ရှီမာယူယူသည် လက်တစ် ဖက်ဖြင့် မေးထောက်ထားသည် “နောက်ထပ်အကြာကြီး မကြားရတော့မှာ တော့ နှမြောဖို့ကောင်းတယ်”
“မင်း ဆုံးဖြတ်ပြီးပြီလား” လုယန်သည် သူမကိုမေးမြန်းလေသည်။
“အင်း” ရှီမာယူယူ ခေါင်းညိတ်သည် “ကျွန်မ မရဏာစံတင်အဆင့် တက် မယ့်နေ့မတိုင်ခင်က ပြောပြီးပြီလေ.. ကျွန်မ ထွက်သွားမှာပါ.. ဒီလိုမျိုး အကြာ ကြီး ဒီမှာနေရတာကိုက ကျွန်မအတွက် ရှားပါးတဲ့အခွင့်အရေးဖြစ်နေပြီ”
“တကယ်ပဲ အံ့ဩစရာပဲ.. မင်း ဒီလောက် မြန်မြန်ကြီး တက်သွားလိမ့် မယ်လို့ ထင်ထားပြီးသားပါ” လုယန်သည် သူမခန္ဓာကိုယ်အခြေအနေကို သိထားသဖြင့် ဤမျှအချိန်ကြာအောင် အချိန်ဆွဲထားရန် ရွေးချယ်သည်ကို နားမလည်နိုင်ဖြစ်မိသည်။
“အစကတည်းက ဒီကိုလာရတဲ့ ရည်ရွယ်ချက်နဲ့ နည်းနည်းဆန့်ကျင်နေပြီ လေ” ရှီမာယူယူ ပြုံးလိုက်သည် “မသွားခင် ဆရာ့ရဲ့ မင်္ဂလာပွဲကိုမတက်နိုင်တာ တော့ နှမြောဖို့ကောင်းနေပြီ.. နှမြောလိုက်တာ”
သူမ၏ ဆရာနှစ်ယောက်သည် ပြီးခဲ့သည့်နှစ်များတွင် တစ်ယောက်နှင့် တစ်ယောက် ခံစားချက်များ တိုးပွားလာခဲ့သော်လည်း အတူရှိရန် မဆုံးဖြတ်ရ သေးပေ။
လုယန်၏ မျက်နှာထားသည် အနည်းငယ် တောင့်တင်းသွားကာ ထို အကြောင်းအရာကို ဆက်မပြောချင်သဖြင့် ပြောလေသည် “နောက် ၁၅ ရက် နေရင် မင်းအတွက် စာမေးပွဲပြင်ဆင်ပေးမယ်.. အဲအချိန်ရောက်ရင် မင်းဒဏ်ရာ က ပြဿနာမရှိလောက်တော့ဘူးမလား”
“ပြဿနာမရှိပါဘူး” သူမ၏ ဆရာသည် အရေထူသည်ကို ရှီမာယူယူသိ သည်။ ထို့ကြောင့် ဆက်ပြီးစနောက်မနေတော့ပေ။
“လူအများရှေ့ချပြမယ့် စာမေးပွဲဆိုတော့ ဂိုဏ်းထဲကလူတွေထက် သာလွန်စေမယ့် ဒဏ္ဍာရီလာပုံရိပ်ကို မြင်ရမယ်ဆိုပြီး ဂိုဏ်းအဖွဲ့ဝင်တွေလည်း စိတ်လှုပ်ရှားနေကြတယ်” လုယန်သည် လက်ဦးမှုယူကာ သူမကို ရှင်းပြလေ သည်။
“ကျွန်မ သိပါတယ်” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ စာမေးပွဲမတိုင် ခင် ဒီမှာတော့ ပုန်းခွင့်ပြုပါဦး”
လုယန်သည် ပြုံးကာ သူမကို လွှတ်ထားပေးသည်။
သူမသည် ထိုနေရာတွင် နလန်ထူသည်။ သူမ၏ တောင်ထိပ်လေးဆီသို့ ရောက်လာသူများကို ဟိုင်ရှင်းနှင့် ဟိုင်ရှီးတို့သည် သူမကိုကူညီပြီး နှင်ထုတ် ပေးသည်။
တောင်ထိပ်လေးတွင် သူတို့သာ ကျန်တော့သည်နှင့် မိုဝေ့၏ ခြံဝန်းဆီသို့ သွားကြသည်။
“ဘယ်လိုလဲ ငါ မင်းတို့ကိုမလိမ်ဘူးမလား” မိုဝေ့ပြောလေသည်။
“ဂိုဏ်းဒုသခင်က အမြဲတမ်း စိတ်ရင်းနဲ့ပါ.. အဲလူတွေက ပါရမီရှင်ဆိုတာ ကို အတည်ပြုချင်ရုံပါပဲ” အမျိုးသားထဲမှ တစ်ယောက်သည် တိုးညင်းသော အသံဖြင့် ပြောလေသည် “အခု ကျွန်တော်တို့တွေ လူကိုမြင်ပြီးပြီဆိုတော့ အတည်ပြုနိုင်ပြီ”
“ငါ လူအကြောင်းကိုတော့ ပြောပြီးပြီ.. မင်း သူတို့ကို ခေါ်ထုတ်နိုင် မထုတ်နိုင်တာကတော့ ငါနဲ့မဆိုင်တော့ဘူး” မိုဝေ့ ပြောလေသည် “မင်းတို့ ငါ့ကို ကတိပေးထားတာကို မမေ့တာကောင်းမယ်”
“အဲဒါကို ဘယ်လိုလုပ်မေ့မှာလဲ.. သူမ လျှို့ဝှက်ဂိုဏ်းကနေ ထွက်သွား တာနဲ့ ကျွန်တော်တို့တွေ ချက်ချင်းလိုက်သွားမယ်.. အခုတစ္ဆေဘုရင်မရှိဘူးဆို တော့ ကျွန်တော်တို့တွေ အများကြီး ပေးဆပ်နေဖို့မလိုဘူး” နောက် တစ်ယောက်မှ ပြောလေသည်။
“ဒါဆိုလည်း ကောင်းပြီလေ” ရှီမာယူယူသည် ကိုးခုမြောက်မရဏာမျိုး နွယ်မှ ဆင်းသက်လာကြောင်းကိုတော့ မိုဝေ့ သူတို့ကိုမပြောပေ။ သူတို့ သူမကို သတ်နိုင်သရွေ့ အဆင်ပြေသည်။ သူမသည် တခြားအရာများကို ဂရုမစိုက်ပေ။
“ဒါဆို ဘယ်တော့ လှုပ်ရှားတာ အကောင်းဆုံးလဲ”
“နောက်ပိုင်းမှာ တောင်ထိပ်လေးမှာက လူတွေအရမ်းများလာတယ်.. အခုလှုပ်ရှားရင် အရမ်းအုတ်အုတ်သဲသဲဖြစ်သွားလိမ့်မယ်.. ပေါ်ပေါက်သွားဖို့ လွယ်တယ်.. ၁၅ ရက်နေလို့ သူမ စာမေးပွဲဖြေပြီးသွားရင် ဘေးနားကလူတွေကို ဂရုစိုက်နေရတာနဲ့ သူမ အလုပ်များနေလိမ့်မယ်.. အဲအချိန်က လှုပ်ရှားရမယ့် အချိန်ပဲ” မိုဝေ့ ပြောလေသည်။ “ဒါကိုမှတ်ထားဦး မင်းတို့မြို့ငယ်အပြင်မှာပဲ လှုပ်ရှားလို့ရမယ်.. သူမကို ဂိုဏ်းထဲမှ တိုက်ခိုက်ရင် လျှို့ဝှက်ဂိုဏ်းကပြန်တိုက် ခိုက်လိမ့်မယ်”
သူတို့သည် သေချာပေါက် အလောမကြီးပေ။ မဟုတ်လျှင် သူမကိုပါ ဆွဲချသလိုဖြစ်သွားလိမ့်မည်။
“ကျွန်တော်တို့ နားလည်ပါတယ် သူမကို မျှားခေါ်ဖို့ နည်းလမ်းစဉ်းစားပါ့ မယ်”
“မင်းတို့ အဲလိုလုပ်ဖို့ နည်းလမ်းရှိမယ်လို့ မျှော်လင့်ပါတယ်.. ဟုတ်ပြီ ငါတို့ လျှို့ဝှက်ဂိုဏ်းကနေ အရင်ဆုံးသွားရမယ်”
ထိုလူများထွက်သွားသည်နှင့် လျိုရွှီသည် ရှေ့တိုးကာ ပြောလေသည် “သခင် ကျွန်မတို့ တကယ်ပဲဒါလုပ်မှာလာ”
မိုဝေ့ဆီမှ အေးစက်မှုများ ပျံ့လွှင့်လာသည် “ငါတို့တွေ ထပ်ပြီးတွေဝေနေ ရင် သူမ ဒီနေရာကနေ ထွက်သွားလိမ့်မယ်.. အဲလူတွေက ဟိုင်မျိုးနွယ် အကြောင်းသိထားပြီးတော့ အဲနှစ်ယောက်ကိုလည်း စိတ်ဝင်စားနေကြတာ.. သူတို့တွေက ငါတို့ကိုယ်စား လှုပ်ရှားပေးဖို့ အသင့်တော်ဆုံးပဲ”
“ဒါပေမဲ့…” သူမသည် ရှီမာယူယူ မည်မျှအားကောင်းကြောင်း၊ သူမကိုယ် သူမ မည်သို့ကာကွယ်နိုင်ကြောင်းကို ပြောချင်သည်။ သူမ လမ်းကြောင်းတွင် အတားအဆီးလုပ်နေသည်ကို သူမ သိပါက မည်သို့လုပ်ထွက်လာမည်ကို မသိ နိုင်ပေ။
သို့သော် မိုဝေ့သည် တစ်စုံတစ်ရာလုပ်ရန် ဆုံးဖြတ်ပြီးချိန်တွင် စိတ် ပြောင်းတတ်သူမဟုတ်ပေ။ သူမ၏ ရင်များ စိုးရိမ်တကြီးခုန်လျက်ရှိသည်။ အထူးသဖြင့် ရှီမာယူယူ၏ စာမေးပွဲနေ့တွင် သူမ သတင်းရသောအခါ ရင်ထဲမှ ကြောက်စိတ်ကြီး မြင့်တက်လာသည်။
***