← Chapters

အခန်း (၅၈-၆၀)

Vol. 4 Ch. 58-60

အခန်း (၅၈-၆၀)

Vol. 4 Ch. 58-60

📝အပိုင်း - ၅၈ အတွင်းစည်းဝင်ခွင့် ပြိုင်ပွဲ (၅)

ဘာသာပြန် - Na Gar🐉

တုံရှန်းသည် ဆံနွယ်ရှည်များကို ဝိညာဥ်ကြိုးမျှင်ဖြင့် သေသေချာချာ စုစည်းချည်နှောင်ထားပြီး ကျောပြင်ကို မတ်မတ်ဆန့်ထားကာ မျက်ဝန်းများမှာ အေးစက်ပြီး ကြည်လင်နေသည်။

သူမသည် စင်မြင့်ဗဟိုတွင် ရပ်တန့်ကာ လက်ကို အသာအယာ လှန်လိုက်ရာ လက်ဖဝါးထဲ၌ ဓားပျံတစ်စင်း ချက်ချင်း ပေါ်ထွက်လာခဲ့သည်။ ဓားကိုယ်ထည်တစ်ခုလုံးမှာ တောက်ပနေပြီး ၎င်းပေါ်တွင် မိုးကြိုးအမှတ်အသားများ မထင်မရှား လှည့်ပတ်စီးဆင်းနေကာ အေးစက်လှသော အလင်းတန်းများ ဖြာထွက်နေသည်။ လုလီသည် မျက်တောင်တစ်ချက် လှုပ်ခတ်သွားပြီး ဤလက်နက်မှာ သာမန်မဟုတ်ကြောင်း စိတ်ထဲမှ ကောင်းကောင်းသိလိုက်သည်။

"အဆင့်မြင့် ဓားပျံပဲ"

သူ၏ ရင်ထဲတွင် ရုတ်တရက် တင်းကျပ်သွားပြီး မျက်မှောင်ကြုတ်လိုက်မိသည်။

ဤကဲ့သို့သော အဆင့်အတန်းရှိသည့် ဓားပျံမျိုးကို ရရှိရန် သူသည် မိမိ၏ ပိုင်ဆိုင်မှုအားလုံးကို ပုံအောခဲ့ရပြီးမှ လေလံပွဲတွင် ပျက်စီးနေသော လက်နက်တစ်ခုကိုသာ လဲလှယ်ယူခဲ့ရခြင်း ဖြစ်သည်။

သို့သော် တုံရှန်းကမူ စစ်မှန်သော အဆင့်မြင့် ဝိညာဥ်လက်နက်တစ်ခုကို အေးအေးဆေးဆေး ထုတ်ယူနိုင်ပေသည်။

ကွေ့ယွမ်တောင်ထွတ်သည် သူမအပေါ်တွင် တကယ့်ကို…… အစွမ်းကုန် ပံ့ပိုးပေးထားခြင်း ဖြစ်သည်။

စင်မြင့်ထက်ရှိ ရန်သူမှာလည်း ချီစုဆောင်းခြင်းအဆင့်(၆)တွင် ရှိနေပြီး အသက် (၁၈)နှစ် ဝန်းကျင်ခန့် ရှိရာ အပြင်စည်းတွင် နှစ်ရှည်လများ ကျင်လည်ခဲ့သော ဝါရင့်ကျင့်ကြံသူတစ်ဦး ဖြစ်ကြောင်း ထင်ရှားသည်။ ၎င်းသည် အတွင်းစည်းသို့ တက်လှမ်းနိုင်မည့် နောက်ဆုံးသော ကန့်သတ်ချက်ကို ရောက်ရှိနေသဖြင့် အစွမ်းကုန် စွန့်စားတိုက်ခိုက်နေခြင်း ဖြစ်သည်။

တစ်ဖက်လူသည် မီးဓာတ်ကို ထုတ်ဖော်လိုက်ရာ မီးမြွေကြီးတစ်ကောင်သည် လေထုထဲ၌ ပေါ်ထွက်လာပြီး တုံရှန်းဆီသို့ ပြင်းထန်စွာ ပြေးဝင်သွားခဲ့သည်။

သို့သော် တုံရှန်း၏ မျက်နှာအမူအရာမှာ ပြောင်းလဲခြင်းမရှိဘဲ ခန္ဓာကိုယ်ကို အနည်းငယ် လှုပ်ရှားလိုက်ရာ ဝတ်စုံစများ လွင့်ပျံသွားပြီး ဓားပျံသည် အေးစက်လှသော အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ မီးမြွေကြီး၏ ဗဟိုဆီသို့ တိုက်ရိုက် ထိုးစိုက်ဝင်ရောက်သွားခဲ့သည်။ ဝိညာဥ်ချီများမှာ ကြိုးမျှင်များကဲ့သို့ ၎င်းအတွင်းသို့ စီးဆင်းသွားပြီးနောက် မီးတောက်များမှာ ရုတ်တရက် ပေါက်ကွဲသွားတော့သည်။ သူမသည် မည်သည့်ပညာရပ်ကိုမျှ ထပ်မံထုတ်ဖော်ခြင်းမပြုဘဲ ဓားစွမ်းအားနှင့် ဝိညာဥ်စွမ်းအားသက်သက်ဖြင့်သာ ထိုပြင်းထန်လှသော မီးတောက်များကို အရှင်လတ်လတ် ခြေမှုန်းပစ်လိုက်ခြင်း ဖြစ်သည်။ ချက်ချင်းပင် ရှေ့သို့ ခြေလှမ်းတစ်လှမ်း တိုးကာ ဓားဖျားက ရန်သူ၏ လည်ချောင်းဆီသို့ တိုက်ရိုက် ဦးတည်သွားတော့သည်။

တစ်ဖက်လူသည် ထိတ်လန့်တကြား ရှောင်ဖယ်လိုက်သော်လည်း ခြေလှမ်းဝက်ခန့် နောက်ကျသွားခဲ့သဖြင့် ဘယ်ဘက်လက်မောင်းကို ဓားဖြင့် ထိမှန်ခြင်း ခံလိုက်ရပြီး သွေးများ ပန်းထွက်လာကာ စင်အောက်သို့ ပြင်းထန်စွာ လဲကျသွားခဲ့သည်။

စက္ကန့်ပိုင်းအတွင်းမှာပင် အရှုံးအနိုင်က ရှင်းလင်းစွာ ပေါ်ထွက်သွားခဲ့ပြီ ဖြစ်သည်။

လူအုပ်ကြီးကြားထဲမှ ဆူညံသံများနှင့် အံ့သြချီးမွမ်းသံများ ဆက်တိုက် ထွက်ပေါ်လာခဲ့ပြီး မူလက အာရုံမစိုက်ခဲ့ကြသော အချို့သော အတွင်းစည်းတပည့်များပင် မျက်ဝန်းများကို လေးနက်စွာ ထားရှိလျက် စိုက်ကြည့်လာကြတော့သည်။

"အဆင့်မြင့် ဝိညာဥ်လက်နက်က ထက်မြက်တာ မှန်ပေမဲ့ သူမရဲ့ ဓားချီကတော့…… အဆင့်(၆)ကို ဝင်ရောက်ခါစပဲ ရှိသေးတာတောင် ဝိညာဥ်

ပင်လယ်ကို တည်ငြိမ်အောင် ထိန်းချုပ်နိုင်နေပြီ"

"ဒါက ပါရမီတင်မကဘူး၊ ဂိုဏ်းရဲ့ နောက်ခံအင်အားလည်း ပါတာပေါ့"

ဤဆွေးနွေးသံများ နားထဲသို့ ဖြတ်သန်းသွားသော်လည်း လုလီကမူ ထပ်မံ၍ နားမထောင်တော့ပေ။

"သူမက ဝိညာဥ်စွမ်းအားသက်သက်ကိုပဲ သုံးသွားတာ၊ ဘာပညာရပ်မှ မထုတ်ဖော်ရသေးဘူး"

သူက စိတ်ထဲမှ တိတ်တဆိတ် တွေးတောနေမိသည်။

မိမိအနေဖြင့် တုံရှန်းကို သာမန်စည်းကမ်းများနှင့် နှိုင်းယှဥ်၍ မရနိုင်

ကြောင်း သူကောင်းကောင်းသိသည်။ သူမက မြေနတ်အရိုး ပါရမီရှင်ဖြစ်ပြီး ဂိုဏ်းအတွင်း၌ နှစ်ပေါင်းများစွာအတွင်း တွေ့ရခဲလှသော အရည်အချင်းရှိသူ ဖြစ်သောကြောင့် ဖြစ်သည်။

လုလီသည် ရင်ထဲမှ လေပူများကို ဖြည်းဖြည်းချင်း မှုတ်ထုတ်လိုက်ပြီး ခံစားချက်များကို ဖိနှိပ်ကာ လှည့်ထွက်၍ လူအုပ်ကြားထဲသို့ ပျောက်ကွယ်သွားခဲ့ပြီး မျက်နှာတွင်မူ တည်ငြိမ်မှုများ ပြန်လည်ရောက်ရှိလာခဲ့သည်။

သူက အမှောင်ရိပ်ကျသော ထောင့်တစ်နေရာတွင် ထိုင်လိုက်ပြီး ကျောက်ဆောင်ကို ကျောမှီလျက် လက်ထဲမှ သစ်သားပြားကို အသာအယာ ပွတ်သပ်နေခဲ့သည်။

ပြိုင်ပွဲ၏ ပထမတစ်ကျော့သည် အသက်ရှင်သန်ရန်အတွက် စွန့်စားနိုင်စွမ်းမရှိသော လူများကိုသာ ဖယ်ထုတ်ပစ်သည့် အဆင့်တစ်ခုမျှသာ ဖြစ်သည်။

သူ့စိတ်ထဲတွင် ကောင်းကောင်းသဘောပေါက်သည်မှာ ဤပထမတစ်ကျော့တွင် လူအများစုမှာ မိမိတို့၏ အစွမ်းများကို ဖုံးကွယ်ထားကြဆဲဖြစ်ပြီး ကျင့်ကြံခြင်းအဆင့်သက်သက်ဖြင့်သာ ဖိနှိပ်တိုက်ခိုက်ကြခြင်း ဖြစ်ကာ၊ စစ်မှန်သော ပညာရပ်များနှင့် ဝှက်ဖဲများကိုမူ မည်သူမျှ အလွယ်တကူ ထုတ်ပြကြလိမ့်မည် မဟုတ်ကြောင်းပင်။

အကြိုတိုက်ပွဲက ပြီးဆုံးသွားခဲ့ပြီ။ နောက်ဆက်တွဲ ဖြစ်လာမည့် ဒုတိယတစ်ကျော့မှသာ စစ်မှန်သော သတ်ဖြတ်ခြင်း စတင်မည့် အချိန်ဖြစ်ပေသည်။

လူအုပ်ကြီးမှာ တဖြည်းဖြည်း ငြိမ်သက်သွားခဲ့ပြီး ကျင့်ကြံသူအများအပြားမှာ ထိုင်လျက် သို့မဟုတ် မတ်တတ်ရပ်လျက် တိတ်တဆိတ် ဝိညာဥ်အာရုံကို ထိန်းချုပ်ကာ ဝိညာဥ်စွမ်းအားများကို ပြန်လည်ဖြည့်တင်းနေကြသည်။ စောစောစီးစီး ရှုံးနိမ့်သွားခဲ့ကြသော တပည့်အချို့ကမူ ရှက်ကိုးရှက်ကန်းဖြင့် ကွင်းပြင်ပသို့ ထွက်ခွာသွားကြပြီ ဖြစ်သည်။

လုလီသည် စင်မြင့်ထက်ရှိ ရွှေရောင်စာရင်းကို မော့ကြည့်လိုက်ရာ ၎င်းပေါ်ရှိ ရွှေရောင်စာလုံးများမှာ မသိမသာ ပြောင်းလဲသွားခဲ့ပြီး နောက်တစ်ကျော့တွင် သူနှင့် ထိပ်တိုက်ရင်ဆိုင်ရမည့် ရန်သူ၏ နာမည် ပေါ်ထွက်လာခဲ့သည်။

အမှတ်စဥ် (၂၅၆)ကျောက်မင် ၊ လမ်းစဥ်ခြောက်သွယ်တောင်ထွတ် ၊ ချီစုဆောင်းခြင်းအဆင့် (၆) ၊ ခန္ဓာကိုယ်သန့်စင်သူ ။

သူ၏ မျက်ဝန်းထဲမှ အလင်းရောင်များ မသိမသာ လှုပ်ခတ်သွားခဲ့သည်။

ခန္ဓာကိုယ်သန့်စင်သူ။

ဒါက သူတစ်ခါမျှ ထိပ်တိုက်မရင်ဆိုင်ဖူးသေးသော ရန်သူအမျိုးအစား ဖြစ်သည်။

ချီစုဆောင်းခြင်းအဆင့် (၆)ဆိုသည်မှာ စိမ်းသက်မှုမရှိချေ။

သို့သော် လမ်းစဥ်ခြောက်သွယ်တောင်ထွတ်ဟူသည် ဟွမ်ရှန်းဂိုဏ်းအတွင်း၌ တိုက်ခိုက်ရာတွင် ရူးသွပ်လှသည်ဟု နာမည်ကြီးသော နေရာတစ်ခု ဖြစ်သည်။

သူတို့၏ ပညာရပ်များသည် လှပဆန်းကြယ်ခြင်းမရှိသော်လည်း အခြေခံအုတ်မြစ်မှာမူ အလွန်ပင် ခိုင်ခံ့လှပြီး လက်သီးနှင့် ခြေထောက်များမှာ သံမဏိကဲ့သို့ ဖြစ်ကာ၊ လှုပ်ရှားလိုက်လျှင် ခန္ဓာကိုယ်ဖြင့် အသက်စွန့်

တိုက်ခိုက်တတ်ကြသဖြင့် 'အင်အားဖြင့် ပညာရပ်ကို ခြေမှုန်းခြင်'ကို အဓိက ထားကြသည်။

လုလီသည် သစ်သားပြားမျက်နှာပြင်ကို လက်ချောင်းထိပ်ဖြင့် ဖြည်းဖြည်းချင်း ပွတ်သပ်နေရင်း ဦးနှောက်ထဲတွင် ဖြစ်လာနိုင်မည့် တိုက်ပွဲမြင်ကွင်းအချို့ကို ခဏချင်းအတွင်း ပုံဖော်လိုက်သည်။

တစ်ဖက်လူသည် လမ်းစဥ်ခြောက်သွယ်တောင်ထွတ်မှ ခန္ဓာကိုယ်သန့်စင်သူဖြစ်သဖြင့် ပညာရပ်များဖြင့် အောင်နိုင်ရန် ကြိုးစားလိမ့်မည် မဟုတ်ချေ။

သူသည် အနားသို့ ချဉ်းကပ်လာပြီး ဖိအားပေးကာ လှုပ်ရှားမည့် နယ်မြေကို ပိတ်ဆို့ပြီးနောက်၊ တိုက်ရိုက်အဆန်ဆုံးနှင့် အပြင်းထန်ဆုံးသော နည်းလမ်းများဖြင့် ရှေ့မှနေ၍ ခြေမှုန်းတိုက်ခိုက်လိမ့်မည် ဖြစ်သည်။ ခန္ဓာကိုယ်၊ အရိုးအကြောများနှင့် ဝိညာဥ်ချီ လည်ပတ်မှုနှုန်းတို့ကသာ အရှုံးအနိုင်ကို တိုက်ရိုက် ဆုံးဖြတ်ပေးလိမ့်မည်။

သို့သော် ဤအချက်မှာ လုလီအတွက် အားနည်းချက်တစ်ခု မဟုတ်ချေ။

သူသည် ခန္ဓာကိုယ်သန့်စင်ခြင်းကျင့်စဥ်ကို သီးသန့်ကျင့်ကြံသူ မဟုတ်

လင့်ကစား ထိုက်ယင် ချီစုဆောင်းခြင်းကျင့်စဥ်ကို နှစ်ရှည်လများ ကျင့်ကြံလာခဲ့သူဖြစ်ပြီး နေ့ညမပြတ် ယင်ချီများဖြင့် အရိုးနှင့် အကြောများကို သန့်စင်ပေးခဲ့ပြီး ဖြစ်ရာ၊ ဝိညာဥ်ချီများ သွေးကြောအတွင်း စီးဆင်းနေခြင်းမှာ ကျင့်စဥ်ကို ကျင့်ကြံရုံသာမကဘဲ တိတ်တဆိတ် ခန္ဓာကိုယ်ကိုပါ သန့်စင်ပေးနေခြင်း ဖြစ်သည်။

ထိုကျင့်စဥ်မှာ မူလက အေးစက်ပြီး ဖုံးကွယ်နိုင်စွမ်းရှိသော စရိုက်လက္ခဏာရှိသဖြင့် ရုတ်တရက် ပေါက်ကွဲထွက်လာမည့် စွမ်းအားအပိုင်းတွင် အားမသန်သော်လည်း၊ ရေရှည်ကျင့်ကြံမှုအတွင်း "နူးညံ့မှုကြားထဲတွင် မာကျောမှုရှိပြီး ယင်ချီကြားထဲတွင် သံမဏိကဲ့သို့ ခိုင်ခံ့သော" ခန္ဓာကိုယ်အခြေခံကို သဘာဝအတိုင်း တည်ဆောက်ပေးနိုင်သည်။

အထူးသဖြင့် ယခင်က ဖန်မင်နှင့် ထိပ်တိုက်ရင်ဆိုင်စဥ်တုန်းက သူသည် လူအများရှေ့၌ လက်ဗလာဖြင့် ဓားပျံကို ထိပ်တိုက်ရင်ဆိုင်ခဲ့ပြီး မည်သည့်ဝိညာဥ်လက်နက်ကိုမျှ အားမကိုးဘဲ၊ ခန္ဓာကိုယ်အစွမ်းသက်သေဖြင့်သာ ဓားအလင်းတန်းကို တားဆီးကာ ခြေလှမ်းတစ်လှမ်းမျှ နောက်မဆုတ်ခဲ့ခြင်းမှာ အပေါ်ယံကြွားဝါခြင်း မဟုတ်ဘဲ စစ်မှန်သော အခြေခံအစွမ်း ရှိနေခြင်းကြောင့် ဖြစ်သည်။

သူသည် ခေါင်းငုံ့ကာ မိမိ၏ လက်ဆစ်များကို ကြည့်ရှုရင်း အနည်းငယ် လှုပ်ရှားလိုက်ရာ အရိုးများ ရိုက်ခတ်မိသံမှာ သဲ့သဲ့ထွက်ပေါ်လာခဲ့သည်။ ၎င်းမှာ သားရဲတစ်ကောင်က အံကို တင်းတင်းကြိတ်လိုက်သကဲ့သို့ ရှိသလို၊ လေးကြိုးကို မတင်မီ ထွက်ပေါ်လာသော အသံသဲ့သဲ့နှင့်လည်း တူညီပေသည်။

သူသည် ဤတိုက်ပွဲကို အားကိုးကာ မိမိ၏ စစ်မှန်သော ခန္ဓာကိုယ်ကန့်သတ်ချက်ကို စမ်းသပ်ကြည့်နိုင်ပေသည်။

ပညာရပ်များနှင့် ဝိညာဥ်လက်နက်များကို အသုံးမပြုဘဲ၊ အင်အားကိုသာ အဓိကထားရှိကြသော လမ်းစဥ်ခြောက်သွယ်တောင်ထွတ်မှ ရူးသွပ်သူများနှင့် ထိပ်တိုက်ရင်ဆိုင်နိုင်ခြင်း ရှိမရှိဆိုသည်ကို စမ်းသပ်ရန် ဖြစ်သည်။

ဤအချက်ကို တွေးမိသောအခါ လုလီ၏ နှုတ်ခမ်းထောင့်မှာ အနည်းငယ် မြှောက်တက်သွားခဲ့ပြီး ၎င်းမှာ ထင်ရှားခြင်းမရှိသော်လည်း ခံစားရခက်ခဲသော မျှော်လင့်ချက်ရိပ်တစ်ခု ပါဝင်နေသည်။

ဒုတိယတစ်ကျော့ စတင်တော့မည်ဖြစ်သဖြင့် လူအုပ်ကြီးမှာ ပိုမိုသိပ်သည်းလာခဲ့ပြီး မလှမ်းမကမ်းရှိ တပည့်အချို့မှာ အုပ်စုလိုက် စုရုံးလျက် စာရင်းကို ဖတ်ရှုနေကြပြီး အသံများ ဆူညံနေသည်။

ဘေးနားရှိ လူငယ်တစ်ဦးသည် အမှတ်မထင် လုလီကို လှည့်ကြည့်လိုက်ရာ မျက်ဝန်းများ ချက်ချင်း ရပ်တန့်သွားခဲ့ပြီး၊ သူ လက်ထဲတွင် ကစားနေသော သစ်သားပြားပေါ်မှ ဂဏန်းများကို သတိထားမိပုံရသဖြင့် ခေါင်းကို ဆန့်ထုတ်ကာ ချဉ်းကပ်လာခဲ့သည်။

သူသည် မျက်လုံးများကို မှေးလျက် ထိုဂဏန်းတန်းကို စိုက်ကြည့်လိုက်

သည်။

"(၄၃၅)…… (၄၃၅) ဟုတ်လား"

ခဏအကြာတွင် သူသည် ရွှေရောင်စာရင်းပေါ်တွင် အမြန်ရှာဖွေလိုက်ရာ အကြည့်မှာ ရုတ်တရက် ရပ်တန့်သွားခဲ့ပြီး နှုတ်ခမ်းထောင့်မှာ မသိမသာ တွန့်ကွေးသွားလျက် သဘာဝမကျသော အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။

"အား... ညီလေး၊ မင်းကတော့ တကယ့်ကို ကံဆိုးတာပဲ"

ထိုလူငယ်သည် ခေါင်းကို ဘယ်ပြန်ညာပြန် ခါယမ်းလျက် စကားပြောလာခဲ့ပြီး အသံထဲတွင် သနားဂရုဏာရိပ်အချို့ပင် ပါဝင်နေသည်။

"လမ်းစဥ်ခြောက်သွယ်တောင်ထွတ်က ရူးသွပ်တဲ့သူတွေနဲ့ ထိပ်တိုက်တွေ့ရတာ ဟုတ်လား။ အဲဒါက ခန္ဓာကိုယ်သန့်စင်ခြင်းကို သီးသန့်ကျင့်ကြံတဲ့ ရက်စက်တဲ့သူပဲ ကြားရသလောက်တော့ အရင်တစ်သုတ်တုန်းက သူတစ်ယောက်တည်းနဲ့ အဆင့်နိမ့်ဝိညာဥ်လက်နက် နှစ်ခုကို ဆွဲဖြတ်ပစ်ခဲ့ပြီး၊ အဆင့်တူ ကျင့်ကြံသူ သုံးဦးကိုလည်း ဆက်တိုက် ရိုက်နှက်ခြေမှုန်းခဲ့ဖူးတယ်"

ဤနေရာသို့ ပြောပြီးနောက် သူက လုလီ၏ ခန္ဓာကိုယ်ကို အပေါ်အောက် ထပ်မံကြည့်ရှုလိုက်ပြီး အထူးသဖြင့် သူ၏ သွယ်လျသော ခန္ဓာကိုယ်

တည်ဆောက်ပုံကို ကြည့်ကာ နှာခေါင်းရှုံ့လိုက်ပြန်သည်။

"မင်းရဲ့ ဒီခန္ဓာကိုယ်လေးနဲ့ဆိုရင် သုံးချက်တောင် တောင့်ခံနိုင်ပါ့မလား မသိဘူး"

ဘေးနားရှိ လူတစ်ဦးကလည်း ချက်ချင်း ဝင်ရောက်ရယ်မောသည်။

"သုံးချက်တင် ဘယ်ကမလဲ၊ ဒီလက်သီးတစ်ချက်တည်းနဲ့တင် နံရိုးတွေ အကုန်ကျိုးသွားလောက်တယ်"

လူအုပ်ကြီးမှာ ဝိုင်း၍ ရယ်မောကြတော့သည်။

ထင်ရှားသည်မှာ သူတို့၏ မျက်စိထဲတွင် လုလီ၏ အပြင်ပန်းရုပ်သွင်မှာ မည်သည့်ခြိမ်းခြောက်မှုမျိုးမျှ မရှိသောကြောင့် ဖြစ်သည်။

သို့သော် အချို့သူများ၏ မျက်နှာအမူအရာမှာမူ ထိုခဏချင်းအတွင်း ပြောင်းလဲသွားခဲ့ပြီး၊ သူသည် ပထမတစ်ကျော့တုန်းက ဖန်ချင်ကို ရက်စက်စွာ သတ်ဖြတ်ခဲ့သော ထိုလူဖြစ်ကြောင်း မှတ်မိသွားကြသည်။

သူတို့၏ မျက်နှာများ လေးနက်သွားသော်လည်း စကားပြော၍ သတိပေးခြင်းမပြုဘဲ ဘေးနားရှိ ရင်းနှီးသော သူငယ်ချင်းများကိုသာ တိတ်တဆိတ် ဆွဲခေါ်လျက် ခြေလှမ်းအမြန်ဖြင့် ထိုနေရာမှ ထွက်ခွာသွားကြပြီး မျက်နှာအမူအရာများမှာ လေးနက်လှသည်။

လုလီက ပြန်လည်မတုံ့ပြန်ဘဲ မျက်ခုံးကို အနည်းငယ် ပင့်လိုက်ရုံသာ ပြုလုပ်ပြီး အကြည့်ကို ထိုစကားပြောခဲ့သော လူငယ်ထံသို့ ပို့ဆောင်လိုက်သည်။

ထိုသူသည် အသက်သိပ်မကြီးသေးဘဲ (၁၅) ၊ (၁၆) နှစ်ဝန်းကျင်ခန့် ရှိကာ မျက်နှာထားကြည်လင်ပြီး အရှိန်အဝါတည်ငြိမ်သဖြင့် သာမန်အပြင်စည်းတပည့် မဟုတ်ကြောင်း ထင်ရှားသည်။ ကြည့်ရသည်မှာ နောက်ထပ်တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ခန့်အထိ စောင့်ဆိုင်းပြီးမှ ပါဝင်ယှဥ်ပြိုင်သင့်သူဖြစ်သော်လည်း ယခုအချိန်ကတည်းက စာရင်းပေးသွင်းထားခြင်းကို ကြည့်လျှင် မိမိကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိသော ပါရမီရှင်တစ်ဦး ဖြစ်ရမည်။

(၅၆)။

လုလီသည် သူ၏ သစ်သားပြားကို တစ်ချက်ကြည့်လိုက်ပြီး အမူအရာမပျက်ဘဲ စိတ်ထဲတွင် တိတ်တဆိတ် မှတ်သားထားလိုက်သည်၊ ဤလူငယ်နှင့် နောင်တစ်ချိန်တွင် ထိပ်တိုက်ဆုံတွေ့နိုင်ခြေ ရှိပေသည်။

သူက အနည်းငယ် ပြုံးလိုက်ပြီး ဒေါသရိပ်မရှိသလို မာန်မာနလည်း မပြဘဲ

သစ်သားပြားကို အလိုက်သင့် သိမ်းဆည်းရင်း ပြောလိုက်သည်။

"ငါက စတုတ္ထမြောက် အချက်အထိ တောင့်ခံနိုင်မလားဆိုတာကိုပဲ သိချင်တာပါ"

စကားဆုံးသည်နှင့် ပတ်ဝန်းကျင်ရှိ မူလက ရယ်မောနေကြသော လူသံများမှာ ရုတ်တရက် ခဏမျှ ရပ်တန့်သွားခဲ့သည်။

"ဟေး……"

ထိုလူငယ်သည် ခဏမျှ ကြောင်အသွားပြီးနောက် စိတ်ဝင်စားဖွယ် အမူအရာတစ်ခု ပြသလာသည်။

"ဒါဆိုရင်တော့ ငါက မင်းကို ပဉ္စမမြောက်အချက်အထိ တောင့်ခံနိုင်ပြီး အသက်ရှင်သန်နိုင်ပါစေလို့ မျှော်လင့်ရမှာပေါ့…… မပြောတတ်ဘူး၊ မင်းနာမည်ကြီးသွားနိုင်တာပဲ"

ထိုစဥ်မှာပင် စင်မြင့်အရပ်မျက်နှာဆီမှ ရုတ်တရက် ကောင်းကင်တုန်ဟည်းမတတ် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

၎င်းမှာ သာမန်စကားပြောသံမျှသာ ဖြစ်သော်လည်း အသံမှာ မိုးကြိုးပစ်ချလိုက်သကဲ့သို့ လူတိုင်း၏ နားစည်ထဲတွင် ပြင်းထန်စွာ ပဲ့တင်ထပ်သွားခဲ့သည်။

"ဘယ်သူက လုလီလဲ။ လုလီ ဘယ်မှာလဲ။ ဘာလို့ စင်ပေါ်တက်ပြီး အရိုက်ခံဖို့ အခုထိ ရောက်မလာသေးတာလဲ"

အသံသည် စင်မြင့်ထက်မှ ပေါက်ကွဲထွက်လာခဲ့ပြီး ၎င်းထဲတွင် မဖုံးကွယ်နိုင်သော စိတ်မရှည်မှုများနှင့် စိန်ခေါ်မှုများ ပါဝင်နေသည်။

လူအုပ်ကြီးမှာ ချက်ချင်း ဆူညံသွားကြပြီး လုလီကို စနောက်နေခဲ့ကြသော အချို့သူများသည်လည်း မသိမသာ လှည့်ကြည့်လိုက်ကြရာ၊ စင်မြင့်ထက်တွင် အရပ်ရှစ်ပေခန့်ရှိသော သန်မာလှသည့် တပည့်ကြီးတစ်ဦး ရပ်နေသည်ကို မြင်တွေ့လိုက်ရသည်။ သူသည် အပေါ်အင်္ကျီမဝတ်ဘဲ ရင်ဘတ်ကို ဖွင့်ထားကာ ကြွက်သားများမှာ ထွားကြိုင်းလှပြီး ရင်ဘတ်ပေါ်တွင် စိမ်းလဲ့လဲ့ အစီအရင် အစင်းကြောင်းတစ်ခုမှာ မထင်မရှား ရှိနေသည်။

၎င်းကား လမ်းစဥ်ခြောက်သွယ်တောင်ထွတ်၏ သီးသန့် "ကျောက်ဆောင်

ခန္ဓာ" ဖြစ်ပြီး ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဥ်ကို အဓိကကျင့်ကြံထားခြင်းဖြစ်၍ ခန္ဓာကိုယ်အစွမ်းမှာ ဝိညာဥ်လက်နက်များနှင့်ပင် နှိုင်းယှဥ်နိုင်ပေသည်။

📝အပိုင်း - ၅၉ အတွင်းစည်းဝင်ခွင့် ပြိုင်ပွဲ(၆)

ဘာသာပြန် - Na Gar🐉

လုလီက ပြိုင်ပွဲစင်မြင့်ထက်သို့ လှမ်းတက်လာခဲ့သည်။

သူ၏ခန္ဓာကိုယ်မှာ ပိန်ပါးသော်လည်း ခြေလှမ်းများမှာမူ အလွန်ပင် တည်ငြိမ်လှသည်။

ဆန့်ကျင်ဘက်တွင်မူ ဝတ်ရုံကြမ်းကိုဝတ်ဆင်ထားပြီး ပခုံးနှင့် လက်မောင်း ဗလာကျင်းထားသော လမ်းစဥ်ခြောက်သွယ်တောင်ထွတ်မှ ခန္ဓာကိုယ်

ကျင့်ကြံသူသည် စင်မြင့်ထက်၌ စောင့်ဆိုင်းနေသည်မှာ ကြာပြီဖြစ်သည်။

ထိုသူ၏အမည်မှာ ကျောက်မင် ဖြစ်ပြီး မျက်နှာတွင် အသားပိုများ တွန့်လိပ်နေကာ လက်မောင်းမှာ လုလီ၏ ပေါင်ထက်ပင် ပိုမိုတုတ်ခိုင်နေသည်။ စိမ်းပြာရောင် ကျောက်ပြားပေါ်သို့ နင်းထားသော သူ၏ခြေလှမ်းများသည် ကျောက်ပြားများကိုပင် အက်ကွဲစေတော့မည့်အတိုင်း ရှိနေသည်။

သူက လုလီကို အထက်အောက် အကဲခတ်ကြည့်ရှုပြီးနောက် မျက်ဝန်းထဲ၌ အထင်သေးသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားကာ ဝါကျင့်ကျင့် သွားများကို ပေါ်အောင် စပ်ဖြဲဖြဲရယ်မောလိုက်ရင်း ပြောလိုက်သည်။

"ကောင်လေး... မင်း စောစောစီးစီး အရှုံးပေးပြီး စင်ပေါ်က ဆင်းသွားဖို့ ငါ အကြံပြုချင်တယ်"

"မင်း ဖန်မင်ကို ဘယ်လို နည်းလမ်းတွေ သုံးပြီး အနိုင်ပိုင်းခဲ့လဲဆိုတာ ငါ မသိပေမဲ့... ငါ့ရဲ့ ဒီလက်သီးကတော့ ဘယ်မျက်နှာမှ ထောက်ထားမှာ မဟုတ်ဘူး"

သူက လက်မောင်းကို ဖြည်းညှင်းစွာ မြှောက်လိုက်ရာ လှိမ့်တုံးသဖွယ် တုတ်ခိုင်လှသော လက်သီးကြီးသည် လေထုထဲတွင် အသာအယာ ဝှေ့ယမ်းရုံမျှဖြင့် အက်ကွဲသံ အကျယ်ကြီး ထွက်ပေါ်သွားစေသည်။

"မင်းရဲ့ ဒီလို လက်မောင်းသေးသေး ခြေထောက်သေးသေးလေးနဲ့... ငါ့လက်သီးတစ်ချက်အောက်မှာတင် ဒုက္ခိတဖြစ်သွားရင် မတန်ဘူးမဟုတ်လား"

လုလီက သူ့ကို မော့ကြည့်လိုက်သည်။

သူသည် အသက် (၁၃) နှစ်သာ ရှိသေးပြီး အရပ်မှာလည်း ကျောက်မင်၏ ပခုံးခန့်သာ ရှိသဖြင့် ကျောက်မင်ရှေ့တွင် ရပ်နေသည်မှာ ကလေးငယ်တစ်ဦးနှင့် ကျားရဲတစ်ကောင် ရင်ဆိုင်နေရသကဲ့သို့ပင် ဖြစ်နေသည်။

သို့သော် သူ၏မျက်နှာတွင် ကြောက်ရွံ့သည့် အရိပ်အယောင် စိုးစဥ်းမျှ မရှိဘဲ အနည်းငယ် ပြုံးလိုက်ကာ တည်ငြိမ်စွာ ပြန်လည်ဖြေကြားလိုက်သည်။

"စီနီယာအစ်ကိုရဲ့ စေတနာကို ကျွန်တော် လှိုက်လှိုက်လှဲလှဲ လက်ခံပါတယ်... ဒါပေမဲ့... လမ်းညွှန်ပြသပေးပါဦး"

မောင်းသံများ မြည်ဟည်းသွားသည်နှင့် တိုက်ပွဲက တရားဝင် စတင်လေပြီ။

ထူးဆန်းသည်မှာ နှစ်ဦးစလုံးက ချက်ချင်း လက်ဦးမှု မယူကြခြင်းပင်။

ကျောက်မင်သည် အနည်းငယ် ကြောင်အသွားပြီး မျက်မှောင်ကုတ်ကာ မေးလိုက်သည်။

"ကောင်လေး... မင်း ရူးသွားတာလား။ ငါ ဒီမှာ ရပ်ပြီး မင်းကို စောင့်နေတာ ကြာပြီ။ ဝိညာဥ်လက်နက် ထုတ်ဖို့ အခွင့်အရေး ပေးနေတာတောင် မထုတ်သေးဘူးလား။ ဘာလို့ ကြောင်ရပ်နေတာလဲ"

လုလီကမူ မလှုပ်မယှက် ရပ်မြဲအတိုင်း ရပ်နေပြီး ခပ်ဖျော့ဖျော့ ပြုံးကာ ခေါင်းကို အသာအယာ ခါယမ်းလိုက်သည်။

"မလိုပါဘူး စီနီယာအစ်ကို... ကျွန်တော် လောလောဆယ် ဝိညာဥ်လက်နက် မသုံးဖို့ ဆုံးဖြတ်ထားလို့ပါ"

ထိုစကားအဆုံးတွင် သူသည် ခြေလှမ်းကို တစ်ချက် ပြောင်းလဲလိုက်ပြီး အလွန် ရိုးရှင်းလှသော အခြေခံ ကိုယ်ဟန်အနေအထားတစ်ခုကို ယူလိုက်သည်။ ခြေဖျားကို အတွင်းသို့ ကွေးကာ၊ ဒူးကို အနည်းငယ် ညွှတ်ပြီး၊ လက်သီးနှစ်ဖက်ကို ရင်ဘတ်ရှေ့တွင် အတူတကွ မြှောက်ထားလိုက်သည်။ သူ၏ အသက်ရှူနှုန်းမှာ အပ်တစ်ချောင်းကဲ့သို့ ကျုံ့ဝင်သွားပြီး အရိုးများဆီမှ စည်တီးသံကဲ့သို့ တဒုန်းဒုန်း မြည်ဟည်းသံများ ထွက်ပေါ်လာ၏။

ထိုအခိုက်အတန့်တွင် သူ၏ တစ်ကိုယ်လုံး ပြောင်းလဲသွားသယောင် ရှိသည်။

ထိုအရာသည် ကျင့်ကြံသူတစ်ဦး၏ အရှိန်အဝါ သို့မဟုတ် စွမ်းအား၏ လှိုင်းထန်မှုမျိုး မဟုတ်ဘဲ... သန့်စင်လှသော 'ခန္ဓာကိုယ်အင်အား' ၏ ဖိအားပေးမှုမျိုးသာ ဖြစ်သည်။ ထိုကဲ့သို့ ပိန်ပါးသော လူငယ်လေးတစ်ဦး၏ ခန္ဓာကိုယ်ပေါ်မှနေ၍ လူကို အကြောင်းရင်းမရှိ ထိတ်လန့်တုန်လှုပ်စေသော အန္တရာယ်ရှိသည့် ခံစားချက်မျိုးကို ပေါက်ကွဲထွက်ပေါ်လာစေခြင်း ဖြစ်သည်။

စင်အောက်ရှိ လူအများကြားတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။

"နောက်နေတာလား သူက လမ်းစဥ်ခြောက်သွယ်တောင်ထွတ်က လူကို လက်ဗလာနဲ့ ယှဥ်တိုက်မလို့လား"

"ရူးသွားပြီ ထင်တယ်... ကျောက်မင်ရဲ့ လက်သီးက တစ်ချက်တည်းနဲ့ သံတုံးကိုတောင် အက်ကွဲစေနိုင်တာ။ ဒီကောင်လေးက ဝိညာဥ်လက်နက်တောင် မသုံးဘူးတဲ့လား"

ကျောက်မင်သည် ခဏမျှ ကြောင်အသွားပြီးနောက် မိုးခြိမ်းသံကဲ့သို့ ဟိန်းဟောက်ကာ ရယ်မောလိုက်တော့သည်။

"ကောင်းပြီ သတ္တိရှိတာပဲ ဒါဆို မင်းရဲ့ ဒီခန္ဓာကိုယ်သေးသေးလေးက ငါ့ရဲ့ လက်သီးကို တကယ် ခံနိုင်၊ မခံနိုင် ငါ စမ်းကြည့်ရတာပေါ့"

ပြောပြီးသည်နှင့် သူသည် ခြေတစ်ဖက်ဖြင့် မြေပြင်ကို ပြင်းထန်စွာ နင်းလိုက်ရာ ကြွေပြားများ ပေါက်ကွဲအက်ကွဲသွားပြီး လုလီထံသို့ ဝုန်းဒိုင်းကြဲကာ ပြေးဝင်သွားတော့သည်။

သူ၏ လက်သီးအရှိန်အဝါသည် တောင်တစ်လုံးကဲ့သို့ ကြီးမားလှပြီး လမ်းစဥ်ခြောက်သွယ်တောင်ထွတ်၏ သီးသန့်ကျင့်စဥ်ဖြစ်သော လေးလံထုထည်ကြီးမားသည့် ခန္ဓာကိုယ်အင်အားကို သယ်ဆောင်လာကာ ပတ်ဝန်းကျင်ရှိ ဝိညာဥ်ချီများကိုပါ လှုပ်ခါသွားစေသည်။

သို့သော် လုလီကမူ မလှုပ်မယှက် ရှိနေဆဲ။

လက်သီးသည် မျက်စိရှေ့သို့ ရောက်ရှိလာခါမှသာ သူသည် ရှေ့သို့ တိုးကာ ထိပ်တိုက် တိုးဝင်သွားခဲ့သည်။

"ဘုန်း..."

လေးလံသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။

လူအများ မြင်တွေ့လိုက်ရသည်မှာ လူငယ်လေး၏ ခန္ဓာကိုယ်မှာ တုန်ခါသွားပြီး နောက်သို့ သုံးလှမ်း ဆုတ်ခွာသွားခြင်း ဖြစ်သည်။ သူ၏ ခြေလှမ်းတစ်လှမ်း ကျတိုင်း ပြိုင်ပွဲစင်မြင့်၏ ကျောက်ပြားများသည် အနည်းငယ် တုန်ခါသွား၏။ သို့သော် သူသည် မလဲပြိုဘဲ ကြံ့ကြံ့ခံကာ မတ်မတ်ရပ်နိုင်ခဲ့သည်။

မလဲကျခဲ့ချေ။

ပြိုင်ပွဲစင်မြင့်အောက်သို့လည်း လွင့်စင်မသွားခဲ့ပေ။

စင်အောက်တွင် ခဏမျှ တိတ်ဆိတ်ခြောက်ကပ်သွားတော့သည်။ လူတိုင်းက ထိုပိန်ပိန်ပါးပါး လူငယ်လေးသည် လွင့်စင်သွားပြီး အရိုးများ ကျိုးကြေသွားလိမ့်မည်ဟု ထင်မှတ်ထားခဲ့ကြသော်လည်း... သူသည် ကျောက်မင်၏ ထိုလက်သီးချက်ကို တည့်တည့်ကြီး ခံနိုင်ရည်ရှိလိမ့်မည်ဟု မည်သူမျှ ထင်မထားခဲ့ကြချေ။

ကျောက်မင်၏ မျက်ခုံးများ လှုပ်ခတ်သွားပြီး လက်သီးမှာလည်း စူးစူးရှရှ နာကျင်လာခဲ့သည်။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."

သူက တိုးတိုးလေး ရေရွတ်လိုက်မိသည်။ ဤလက်သီးသည် ရွှေနှင့် ကျောက်တုံးများကိုပင် ခွဲေချနိုင်သည်ဟု သူ ကိုယ်တိုင် ယုံကြည်မှုအပြည့် ရှိထားသော လက်သီးချက် ဖြစ်သော်လည်း ရလဒ်အနေဖြင့် ဤကောင်လေးကို ခြေလှမ်းသုံးလှမ်းသာ နောက်ဆုတ်စေနိုင်ခဲ့သည်။

လုလီက သူ၏လက်သီးကို ငုံ့ကြည့်လိုက်ပြီးနောက် ကျောက်မင်ကို မော့ကြည့်ကာ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဖြည်းညှင်းစွာ ဆွဲတင်လိုက်သည်။

"ပြန်စရအောင်"

စကားပင် မဆုံးသေးမီ သူသည် ကျောက်မင်၏ လှုပ်ရှားမှုကိုပင် မစောင့်တော့ဘဲ ကျားသစ်တစ်ကောင်ကဲ့သို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။ လက်သီးရိပ်များက လေညင်းကဲ့သို့ မြန်ဆန်လှပြီး ခြေကန်ချက်များကလည်း လျှပ်စီးကဲ့သို့ သွက်လက်လှကာ ဆက်တိုက် တိုက်ခိုက်မှုများက အရှိန်အဟုန် အပြည့် ရှိနေသဖြင့် ကျောက်မင်ကိုပင် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားစေကာ လက်မောင်းနှစ်ဖက်ကို ကာကွယ်ရန် ကြက်ခြေခတ် ပုံစံဖြင့် အသုံးချစေခဲ့ရပြီး မျက်နှာပျက်သွားစေခဲ့သည်။

"ဒီကောင်လေး... နူးညံ့တဲ့ အင်အားသုံးနည်း ကို သုံးနေတာလား"

ကျောက်မင်၏ စိတ်ထဲတွင် တုန်လှုပ်သွားပြီးမှ ယခင် လက်သီးချက် အဘယ်ကြောင့် အာနိသင်မရှိရသနည်းဆိုသည်ကို နောက်ဆုံးတွင် သဘောပေါက်သွားတော့သည်။ သူ၏ ခွန်အား မလုံလောက်ခြင်းကြောင့် မဟုတ်ဘဲ တစ်ဖက်လူက သူ၏ အင်အားကို ဖျောက်ပယ်ပစ်လိုက်ခြင်း ဖြစ်သည်။

ထိုအရာသည် အလွန်တရာ အေးစက်ငြင်သာပြီး မျှောပါစေသော အင်အားသုံးတဲ့နည်းလမ်း ဖြစ်သော်လည်း တန်ပြန်တုန်ခါမှုအတွင်း ခွန်အားကို ပြန်လည် စုဆောင်းကာ တိုက်ခိုက်နိုင်စွမ်း ရှိသည်။ အပျော့နှင့် အမာ အချိုးကျ ပေါင်းစပ်ထားပြီး ယင်နှင့် ယန်ကို အပြန်အလှန် ကူးပြောင်းပေးနိုင်သည့်အတွက် ရှေးဟောင်းကျမ်းစာများထဲတွင် မှတ်တမ်းတင်ထားသော ပျောက်ဆုံးသွားသည့် ယင်ခန္ဓာကိုယ် လေ့ကျင့်ခန်း တစ်ခုနှင့် အလွန်ပင် ဆင်တူလှသည်။

"ကွေ့ယွမ်တောင်ထွတ်က ဘယ်တုန်းကတည်းက ဒီလို ထူးဆန်းတဲ့ ကောင်လေးကို မွေးထုတ်ပေးလိုက်တာလဲ"

ကျောက်မင်သည် နောက်ဆုံးတွင် အထင်သေးစိတ်အားလုံးကို ရုပ်သိမ်းလိုက်ပြီး အသံနိမ့်နိမ့်ဖြင့် အော်ဟစ်ကာ ကျောရိုးကို တစ်ချက် လှုပ်ခါလိုက်ရာ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဥ်ချီများမှာ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာပြီး ဝိညာဥ်ချီများမှာ ဒန်ထျန်မှနေ၍ လျှံတက်လာကာ ချက်ချင်းပင် ခြေလက်အင်္ဂါ အစိတ်အပိုင်းအားလုံးဆီသို့ စီးဝင်သွားပြီး ကြွက်သားများမှာလည်း ဖောင်းကြွလာကာ အရိုးအဆစ်များကလည်း တဒုန်းဒုန်း မြည်ဟည်းသွားတော့သည်။

သူ၏ ရင်ဘတ်ပေါ်ရှိ အစိမ်းရောင် အမှတ်အသားသည် ရုတ်တရက် လင်းထိန်သွားပြီး ခြေဖဝါးအောက်ရှိ ကျောက်ခဲအကျိုးအပဲ့များ လွင့်စင်သွားကြသည်။

"ကောင်လေး... ဒီလက်သီးကတော့ ငါ ညှာမှာ မဟုတ်ဘူး"

သူသည် လမ်းစဥ်ခြောက်သွယ်တောင်ထွတ်၏ လျှို့ဝှက်ကျင့်စဥ်ဖြစ်သော 'ကျောက်ပြားအက်ကွဲခန္ဓာ' ကို အသက်သွင်းလိုက်ရာ ခန္ဓာကိုယ် အင်အားမှာ ထပ်မံ မြင့်တက်လာပြီး အရိုးအဆစ်များ တင်းမာကာ အရေပြားမှာ အမည်းရောင်သန်းသော အစိမ်းပုပ်ရောင်သို့ ပြောင်းလဲသွားပြီး တစ်ကိုယ်လုံးသည် ဒေါသတကြီး လောင်ကျွမ်းနေသော စစ်နတ်ဘုရား ခန္ဓာကိုယ်တစ်ခုကဲ့သို့ တိုက်ခိုက်ရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။

လုလီ၏ မျက်ဝန်းများမှာ စုဆုံသွားပြီး အသက်ရှူနှုန်းကို ချက်ချင်း ထိန်းချုပ်လိုက်ကာ ခန္ဓာကိုယ်အတွင်းရှိ ထိုက်ယင်ချီစုဆောင်းခြင်းကျင့်စဥ်ကို အရှိန်အဟုန်ဖြင့် လည်ပတ်စေလိုက်ရာ အေးစက်စက် အအေးဓာတ်တစ်ခုသည် နှလုံးသားထဲမှနေ၍ တိုးထွက်လာခဲ့သည်။

နှစ်ဦးစလုံးသည် လက်သီးချင်း ထိမှန်ကာ ပြင်းထန်စွာ ရင်ဆိုင်နေကြသည်။

အရပ် ရှစ်ပေ ရှိသော ချီစုဆောင်းခြင်းအဆင့်(၆)ရှိ ခန္ဓာကိုယ်ကျင့်ကြံသူတစ်ဦးသည် ပိန်ပိန်ပါးပါး လူငယ်လေးတစ်ဦးနှင့် ယှဥ်ပြိုင်တိုက်ခိုက်နေရလိမ့်မည်ဟု မည်သူမျှ မျှော်လင့်မထားခဲ့ကြချေ။

ကျောက်မင်၏ သွေးချီများမှာ လှိုင်းတံပိုးကဲ့သို့ ထန်နေပြီး လုလီ၏ ခြေလှမ်းများမှာမူ တည်ငြိမ်လှကာ အကြီးနှင့် အငယ် နှစ်ဦးတို့ တိုက်ခိုက်မှုကြောင့် ကောင်းကင်နှင့် မြေကြီး မြည်ဟည်းသွားပြီး ကျောက်ပြားများလည်း အက်ကွဲကုန်တော့သည်။

ကွင်းပြင်ဘေးရှိ ဆွေးနွေးသံများမှာ ပိုမို စိပ်လာခဲ့သည်။ မူလက ပေါ့ပေါ့ပါးပါးဖြင့် ဝိုင်းကြည့်နေကြသော တပည့်များသည်လည်း ယခုအခါတွင် ဆွဲဆောင်ခြင်း ခံလိုက်ရပြီး စုရုံးရောက်ရှိလာကြသည်။

ဤကဲ့သို့သော တိုက်ပွဲမျိုးကို မြင်တွေ့ရခဲလွန်းသောကြောင့် ဖြစ်သည်။

ပညာရပ်များကို အသုံးမပြုဘဲ၊ ဝိညာဥ်လက်နက်များကို အားမကိုးဘဲ၊ သန့်စင်လှသော ခန္ဓာကိုယ်အင်အားသက်သက်ဖြင့်သာ ထိပ်တိုက်ရင်ဆိုင်နေကြခြင်းမှာ တောရိုင်းတိရစ္ဆာန်များ ကိုက်ခဲနေကြသည်နှင့်ပင် တူလှတော့သည်။

တုံရှန်သည်လည်း အသံလာရာသို့ လှမ်းကြည့်လိုက်ရာ ပြိုင်ပွဲစင်မြင့်ထက်ရှိ ရင်းနှီးသော်လည်း စိမ်းသက်နေသော လူငယ်လေး၏ ခန္ဓာကိုယ်ပေါ်သို့ အကြည့်များ ကျရောက်သွားပြီး မျက်ဝန်းအိမ်ထဲ၌ အနည်းငယ် တုန်လှုပ်သွားခဲ့သည်။

'အံ့သြစရာကောင်းလိုက်တာ၊ သူ ဖြစ်နေတယ်ပေါ့။'

သူမသည် လုလီ ချီစုဆောင်းခြင်းအဆင့်(၅)သို့ ရောက်ရှိနေပြီဖြစ်ကြောင်း စောစောစီးစီးကပင် သိရှိထားခဲ့သော်လည်း သူသည် ကျောက်မင်၏ ရှေ့တွင် ယခုအချိန်အထိ ကြံ့ကြံ့ခံနိုင်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။

လမ်းစဥ်ခြောက်သွယ်တောင်ထွတ်၏ ခန္ဓာကိုယ်ကျင့်ကြံသူများသည် မည်သူမဆို သံမဏိအရိုး၊ ကြေးနီကြွက်သားများ ရှိကြပြီး သားရဲရိုင်းများကဲ့သို့ ကြမ်းတမ်းလှသည် မဟုတ်ပါလား။

သို့သော် လုလီသည် ပိန်ပိန်ပါးပါး ဖြစ်နေသည်မှာ ထင်ရှားသော်လည်း နောက်သို့ တစ်လှမ်းမျှပင် ဆုတ်ခွာခြင်း မရှိခဲ့ချေ။

ပြိုင်ပွဲစင်မြင့်ထက်တွင် လက်သီးလေပြင်းများသည် မိုးခြိမ်းသံကဲ့သို့ မြည်ဟည်းနေသည်။

အလှည့်ပေါင်း ဒါဇင်ချီ၍ တိုက်ခိုက်ပြီးနောက် လုလီသည် နောက်ဆုံးတွင် စိတ်အေးလက်အေး ဖြစ်သွားပြီး ဆုံးဖြတ်ချက်တစ်ခု ချမှတ်နိုင်ခဲ့သည်။

ခွန်အားပိုင်းတွင် သူသည် ကျောက်မင်ကို မယှဥ်နိုင်ချေ။ ခန္ဓာကိုယ် ကြံ့ခိုင်မှုပိုင်းတွင်လည်း ကွာခြားချက် ရှိနေသေးသည်။

သို့သော် သူ၏ ခန္ဓာကိုယ်သည် ယင်ချီ ဖြင့် သွန်းလုပ်ထားခြင်း ဖြစ်သည်။

အပျော့ထဲတွင် အမာကို ဝှက်ထားပြီး၊ အမာထဲတွင်လည်း အပျော့ကို ဆောင်ထားသဖြင့် အလွန်တိုတောင်းသော အခိုက်အတန့်လေးအတွင်းမှာပင် တစ်ဖက်လူ၏ အင်အား ငါးပုံသုံးပုံ ကို ဖျောက်ပယ်ပစ်နိုင်သည်။ ထို့အပြင် အတွင်းအက်ျီအဖြစ် ဝတ်ဆင်ထားသော ဝိညာဥ်သံချပ်ကာသည်လည်း မူလကပင် ရိုက်ခတ်မှုများကို လျှော့ချပေးနိုင်သည့် အာနိသင် ရှိနေသဖြင့် သူသည် တစ်ချိန်လုံး ကြံ့ကြံ့ခံနိုင်ခဲ့ခြင်း ဖြစ်သည်။

"ဖောက်ထွက်လို့မရဘူး"

ဒါကတော့ သူ၏ စိတ်ထဲက ကျောက်မင်အပေါ် ဆုံးဖြတ်ချက် ဖြစ်သည်။

"ဘာမှ လုပ်လို့မရဘူး"

ဒါကတော့ မိမိကိုယ်ကိုယ် ဆုံးဖြတ်ချက် ဖြစ်သည်။

ထပ်မံ အချိန်ဆွဲနေပါက သွေးချီများကို ဖြုန်းတီးရုံသာ ရှိလိမ့်မည်။

လုလီသည် ခြေလှမ်းကို အနည်းငယ် ပြောင်းလဲလိုက်ပြီး ခန္ဓာကိုယ်ကို လျှောတိုက်ကာ အစပျိုးပြီး နောက်သို့ သုံးလှမ်း ဆုတ်ခွာလိုက်သည်။

ကျောက်မင်က ရှေ့သို့ တိုးရန် ပြင်လိုက်စဥ်မှာပင် တစ်ဖက်လူ၏ လက်အင်္ကျီအတွင်းမှ အေးစက်သော အလင်းတန်းတစ်ခု ဖြတ်ခနဲ လက်သွားသည်ကို ရုတ်တရက် မြင်တွေ့လိုက်ရသည်။

ဟန်ယွဲ့ဓားပျံသည် အစွပ်အတွင်းမှ ထွက်ပေါ်လာခဲ့သည်။

ထိုအရာသည် လခြမ်းပုံသဏ္ဌာန် ရှိသော ဓားပျံတစ်စင်း ဖြစ်ပြီး ဓားသွားမှာ စက္ကူကဲ့သို့ ပါးလွှာကာ အအေးဓာတ်များ စိမ့်ထွက်နေသည်။ ဝိညာဥ်ချီများ လှိုင်းထန်လာသည်နှင့်အမျှ စိမ်းပြာရောင်အလင်းတန်းသည် မြင့်တက်သွားပြီး မျက်ခုံးအလယ်တည့်တည့်သို့ တိုက်ရိုက် ခုတ်ပိုင်းလာခဲ့သည်။

ကျောက်မင်၏ မျက်သူငယ်အိမ်သည် ကျုံ့ဝင်သွားပြီး စိတ်ထဲတွင် အလွန်တရာ ထိတ်လန့်သွားခဲ့သည်။ ထိုအရာသည် အလယ်အလတ်အဆင့် ဝိညာဥ်လက်နက်ဖြစ်နေသည် မဟုတ်ပါလား။

သူသည် အဆင့်နိမ့်အဆင့် ကို ကြံ့ကြံ့ခံနိုင်သော်လည်း ဤတိုက်ခိုက်မှုကိုမူ မိမိ၏ ခန္ဓာကိုယ်ဖြင့် ခုခံရန် လုံးဝ မဝံ့ရဲချေ။

"အလယ်အလတ်အဆင့်လား မင်း ရူးနေတာပဲ"

ကျောက်မင်သည် အသံနိမ့်နိမ့်ဖြင့် အော်ဟစ်လိုက်ပြီး ခန္ဓာကိုယ်ကို ချက်ချင်း ကျုံ့ကာ ပြိုင်ပွဲစင်မြင့်အောက်သို့ အလျင်အမြန် ခုန်ဆင်းသွားခဲ့ရပြီး မျက်နှာတစ်ခုလုံးတွင် မကျေမနပ် ဖြစ်နေသည့် အရိပ်အယောင်များ ပြည့်နှက်နေတော့သည်။

ကျောက်မင်သည် အကြိမ်ကြိမ် ရန်စ စကားပြောဆိုခဲ့သော်လည်း ထိုအရာမှာ သူ၏ ပွင့်လင်းလွန်းသော သဘာဝဗီဇကြောင့်သာ ဖြစ်သည်။

ယခုအချိန်အထိ တိုက်ခိုက်လာခဲ့ရာတွင် လုလီသည် သူ၏ထံမှ တကယ့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို မခံစားခဲ့ရချေ။ ယခုအခါတွင် သူသည် မိမိဘာသာ စင်ပေါ်မှ ဆင်းသွားခဲ့ပြီဖြစ်ရာ လုလီအနေဖြင့်လည်း ထပ်မံ လိုက်လံ တိုက်ခိုက်ရန် မသင့်တော်တော့ပေ။

လုလီသည် ဟန်ယွဲ့ဓားကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး လက်သီးစုပ်ကာ နှုတ်ဆက်လိုက်သည်။

"စီနီယာအစ်ကိုရဲ့ 'ကျောက်ပြားအက်ကွဲခန္ဓာ' က တကယ်ကို ပြင်းထန်လွန်းပါတယ်... တကယ်ကို ရှားပါးတဲ့ ခွန်အားပဲ။ ဒီညီငယ်က ဝိညာဥ်လက်နက်ရဲ့ အားသာချက်ကို အသုံးချပြီး ကံကောင်းထောက်မစွာနဲ့ အနိုင်ရရှိခဲ့တာမို့... ခွင့်လွှတ်ပေးပါဦး"

📝အပိုင်း - ၆၀ လျှို့ဝှက်နယ်မြေစမ်းသပ်ပွဲ

ဘာသာပြန် - Na Gar🐉

ကျောက်မင်က အော်ဟစ်ကာ ရယ်မောလိုက်ပြီး ချွေးများကို သုတ်ရင်း ပြောလိုက်သည်။

"မင်းက ခန္ဓာကိုယ်ပိုင်း ကြံ့ခိုင်ရုံတင်မကဘဲ အလယ်အလတ်အဆင့် ဝိညာဥ်လက်နက်လည်း ရှိနေပြီး ကျင့်ကြံဆင့်ကလည်း လန့်စရာကောင်းအောင် တည်ငြိမ်နေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ ငါ အရှုံးပေးရတာ မတရားမဖြစ်ပါဘူး"

ဝိုင်းကြည့်နေကြသော လူအများမှာ ယခုမှပင် သတိပြန်ဝင်လာကြပြီး... စောစောက လျှပ်စီးလက်သဖွယ် မြန်ဆန်လှသော အခိုက်အတန့်လေးအတွင်း ကျောက်မင်သည် မိမိဘာသာ စင်ပေါ်မှဆင်းကာ အရှုံးပေးသွားခဲ့ခြင်း ဖြစ်ကြောင်း သဘောပေါက်သွားကြတော့သည်။

ထိတ်လန့်တုန်လှုပ်မှုများက ချက်ချင်းပင် လှိုင်းထန်သွားခဲ့၏။

ဤလူငယ်လေးသည် မည်သည့်အသံမျှ မထွက်ဘဲ လမ်းစဥ်ခြောက်သွယ်တောင်ထွတ်၏ တိုက်ခိုက်ရေးရူးသွပ်သူကို အတင်းအဓမ္မ မောင်းထုတ်နိုင်ခဲ့သည်။

ယခုနှစ်တွင် ထူးချွန်သော တပည့်အသစ်များမှာ ရှီဟွမ်နှင့် တုံရှန်နှစ်ဦးတည်းသာ ရှိသည်ဟု ထင်မှတ်ထားခဲ့ကြသော်လည်း ယခုအခါတွင်မူ လုလီဟူသော အမည်တစ်ခု ထပ်မံတိုးပွားလာပြီး အဆင့်သတ်မှတ်ချက်စာရင်းထဲသို့ တိတ်တဆိတ် တက်လှမ်းလာခဲ့ပြီ ဖြစ်သည်။

လုလီသည် အသာအယာ ခေါင်းညိတ်ပြလိုက်ပြီး စင်ပေါ်မှ ဆင်းလာခဲ့သည်။ သူ၏ ပုံသဏ္ဌာန်မှာ ထက်မြက်ပြတ်သားမှုမျိုး မပြသသော်လည်း လူအုပ်ကြီးကြားတွင်မူ သူ့ဘာသာသူ သီးသန့်စည်းတစ်ခု ဖြစ်ပေါ်နေသကဲ့သို့ ရှိနေ၏။

သူက တုံရှန့် စိုက်ကြည့်နေသည်ကို မြင်တွေ့လိုက်ရသည်။

သူက ရှောင်တိမ်းခြင်း မရှိဘဲ သူမထံသို့ တည့်တည့် ရှောက်လှမ်းသွားခဲ့သည်။

"ဂျူနီယာမောင်လေး လု" တုံရှန်က စကားစလိုက်သည်။ သူမ၏ အသံမှာ မကျယ်သော်လည်း စူးစမ်းလိုစိတ်များ ပြည့်နှက်နေသည်။

"လမ်းစဥ်ခြောက်သွယ်တောင်ထွတ်က ကျောက်မင်တောင် နင့်လက်ထဲမှာ ရှုံးသွားတယ်ဆိုတော့... တကယ်ကို မျှော်လင့်မထားတဲ့အရာပဲ"

လုလီက ခြေလှမ်းရပ်လိုက်ပြီး တည်ငြိမ်သော မျက်ဝန်းများဖြင့် လေသံအေးအေးဖြင့် ပြောလိုက်သည်။

"ကံကောင်းလို့ပါ"

တုံရှန်က သူ့ကို အကဲခတ်ကြည့်ရှုလိုက်ပြီးနောက် သူ ရန်သူကို နှိမ်နင်းခဲ့သော ဟန်ယွဲ့ဓားပျံကို ပြန်လည်အမှတ်ရသွားခဲ့သည်။

"နင် ဝိညာဥ်လယ်မြေမှာလည်း ကံကောင်းမှုအချို့ ရှိခဲ့ပုံရတယ်။ အလယ်အလတ်အဆင့် ဝိညာဥ်လက်နက်ဆိုတာ မြင်ရခဲတယ်လေ"

"နှစ်နှစ်ပတ်လုံး တခြားလူတွေအတွက် မြေနဂါးသွေးကြောမန္တန်နဲ့ မိုးတိမ်

ငယ်မန္တန်တွေကို ကူညီသုံးပေးခဲ့ပြီး... စုဆောင်းထားသမျှ ပိုင်ဆိုင်မှု အားလုံးကို ဒီဓားပျံတစ်စင်းတည်းပေါ်မှာပဲ ပုံအောလိုက်ရတာပါ"

လုလီက အမှန်အတိုင်း ပြောလိုက်သည်။

သူ့အနေဖြင့် ဖုံးကွယ်ထားရန် အစီအစဥ် မရှိချေ။ ဤအရာသည် လျှို့ဝှက်ချက်တစ်ခု မဟုတ်ဘဲ အနည်းငယ် စုံစမ်းကြည့်ရုံမျှဖြင့် သိရှိနိုင်သောအရာ ဖြစ်သည်။

တုံရှန်က ခေါင်းညိတ်လိုက်ပြီး လေသံကို အနည်းငယ် လျှော့ချကာ ပြောလိုက်သည်။

"ဒါပေမဲ့... နောက်ထပ်လာမယ့် ပြိုင်ဘက်တွေကတော့ ကျောက်မင်တို့လို လူမျိုးတွေနဲ့ နှိုင်းယှဥ်လို့ မရဘူး။ အများစုက ချီစုဆောင်းခြင်းအဆင့်(၆) အထွတ်အထိပ်အဆင့်တွေ ဖြစ်ပြီး အစွမ်းအစတွေကို ဝှက်ထားတဲ့ အဆင့်(၇) ကျွမ်းကျင်သူတွေလည်း မနည်းဘူး။ ပြီးတော့..."

သူမ၏ အသံသည် ခဏမျှ ရပ်တန့်သွားပြီး မျက်ဝန်းများမှာ လေးနက်သွားခဲ့သည်။

"ဒုတိယအလှည့်က... တကယ့် အသက်နဲ့ရင်းရမယ့် စမ်းသပ်ကွင်းပဲ။ စင်မြင့်ထက်ကလို တိုက်ခိုက်ရုံနဲ့ ရပ်လိုက်ရတဲ့ပွဲ မဟုတ်ဘဲ... အစစ်အမှန် သတ်ဖြတ်ကွင်းပဲ ဖြစ်လိမ့်မယ်။ နင်က စမ်းသပ်မှုတစ်ခုအဖြစ်ပဲ ယှဥ်ပြိုင်ချင်တာဆိုရင်... ဒီနေရာတင် ရပ်လိုက်တာက ခန္ဓာကိုယ် မထိခိုက်ဘဲ ဆုတ်ခွာနိုင်ပါသေးတယ်"

လုလီကမူ စိတ်လှုပ်ရှားခြင်း မရှိဘဲ ပြောလိုက်သည်။

"အသက်နဲ့ရင်းရမယ့် စမ်းသပ်ပွဲ ဖြစ်နေမှတော့... ကျွန်တော် စီနီယာအစ်မတုံနဲ့အတူ ပခုံးချင်းယှဥ်ပြီး သွားချင်ပါတယ်"

တုံရှန်က ခဏမျှ ကြောင်အသွားပြီးနောက် မျက်ဝန်းများကို ပြန်လည်ရုပ်သိမ်းလိုက်ကာ ထပ်မံ၍ ဖျောင်းဖျခြင်း မပြုတော့ပေ။

သူမ နားလည်သည်မှာ ဤလူငယ်လေးသည် အသက်အန္တရာယ်ကို တကယ် ကြောက်ရွံ့နေခဲ့ပါက သူမ၏ ရှေ့တွင် ရပ်နေလိမ့်မည် မဟုတ်ချေ။

သူမက ဖြည်းညှင်းစွာ လှည့်လိုက်ပြီး ဝတ်ရုံစများ လွင့်ပျံသွားကာ လေသံအေးအေးဖြင့် ပြောလိုက်သည်။

"ဒါဆိုရင်လည်း... နင်နဲ့ငါ စမ်းသပ်ကွင်းထဲမှာ တွေ့ကြတာပေါ့"

သူမ နှုတ်မှ ထုတ်မပြောခဲ့သည်မှာ... တကယ်တမ်း အသက်အန္တရာယ်နှင့် ရင်ဆိုင်ရပါက သူမအနေဖြင့် မသိကျိုးကျွံပြုပြီး ထိုင်ကြည့်နေမည် မဟုတ်ချေ။

ဘာလို့လဲဆိုတော့ လွန်ခဲ့သော နှစ်နှစ်ကတည်းက စတင်၍ တစ်အိတ်ပြီးတစ်အိတ် ရောက်ရှိလာသော ဝိညာဥ်ဆန်များသည် မည်သည့်အခါမျှ ပြတ်တောက်မသွားခဲ့သောကြောင့် ဖြစ်သည်။

သူသည် သူမအပေါ် မည်သည့် အကျိုးအမြတ်ကိုမျှ မတောင်းဆိုခဲ့ဘဲ အမြဲတမ်း တိတ်တဆိတ်သာ ပြုလုပ်ပေးခဲ့သည်။

သူမ မမှတ်မိဘဲ မနေနိုင်ချေ။

ထိုအကြောင်းကြောင့်ပင် လွန်ခဲ့သော နှစ်နှစ်လုံးလုံး သူ၏ ဝေးကွာလွန်းသော တိတ်ဆိတ်မှုများနှင့် သူ၏မျက်ဝန်းထဲ၌ ရံဖန်ရံခါ ဖြတ်ပြေးသွားတတ်သော အေးစက်တည်ငြိမ်မှုများသည် သူမ၏ စိတ်နှလုံးထဲ၌ လှိုင်းတံပိုးများကို ဖြစ်ပေါ်စေခဲ့သည်။ ထိုအရာသည် ချစ်ခြင်းမေတ္တာမျိုး မဟုတ်ဘဲ ရှင်းပြရခက်ပြီး လက်လွှတ်မခံနိုင်သော ဂရုစိုက်မှုမျိုးသာ ဖြစ်သည်။

မျက်ရှေ့ရှိ လူငယ်လေးသည် ပိုမို တည်ငြိမ်ပြီး စိတ်ခံစားချက်ကို မပြသလေလေ... သူမအနေဖြင့် သူ့ကို ပို၍ နားမလည်နိုင်လေလေ ဖြစ်လာခဲ့သည်။

မြူခိုးများကဲ့သို့၊ ပုစ္ဆာတစ်ပုဒ်ကဲ့သို့... ရှင်းလင်းရန် ခက်ခဲလေလေ၊ ပိုမို စူးစမ်းလိုလေလေပင် ဖြစ်သည်။

ပထမအလှည့် ရွေးချယ်မှု ပြီးဆုံးသွားသည်နှင့်အမျှ လူပေါင်း ၅၀၀ ကျော်ထဲမှ ယခုအခါတွင်မူ ၂၀၀ နီးပါးသာ ကျန်ရှိတော့သည်။ အသက်

ရှင်ကျန်ရစ်သူများမှာ မည်သူမဆို အခြေခံအုတ်မြစ် နက်ရှိုင်းသူများသာ ဖြစ်ကြ၏။

အများစု၏ ကျင့်ကြံအဆင့်မှာ ချီစုဆောင်းခြင်းအဆင့်(၆)၏ ထိပ်ဆုံးသို့ ရောက်ရှိနေပြီဖြစ်ပြီး အဆင့်(၇)ရှိသော ဝါရင့်ကျွမ်းကျင်သူအချို့ပင် ရောနှောပါဝင်နေကြသည်။

ထိုအထဲတွင် လုလီသည် ချီစုဆောင်းခြင်းအဆင့်(၅)ဖြင့် ထူးဆန်းစွာ ပါဝင်နေခဲ့သည်။

ဤထူးခြားချက်သည် ချက်ချင်းပင် လူအနည်းငယ်ကြားတွင် ဆွေးနွေးစရာ ဖြစ်လာခဲ့သည်။

အချို့လူများက သူ့ကို ရှီဟွမ်၊ တုံရှန်တို့နှင့် တန်းတူထားကာ ဤကောင်လေး၏ အလားအလာမှာ အလွန်ပင် လန့်စရာကောင်းသည်ဟု ထင်မြင်ကြသော်လည်း... ပိုမိုများပြားသော လူများကမူ နှာခေါင်းရှုံ့ကြပြီး သူသည် ကံကောင်းလွန်း၍သာ ဖြစ်ကြောင်း၊ ဒုတိယအလှည့်ကိုမူ ဝင်ရောက်ယှဥ်ပြိုင်ရန်ပင် ရဲလိမ့်မည်မဟုတ်ကြောင်း ပြောဆိုကြသည်။

"ဒုတိယအလှည့်က တကယ့် အသက်နဲ့ရင်းရမယ့်နေရာကွ... သူ အထဲကို ဝင်ရဲတဲ့ သတ္တိ ရှိပါ့မလား"

ဒုတိယအလှည့် စမ်းသပ်ပွဲသည် သေးငယ်သော လျှို့ဝှက်နယ်မြေတစ်ခုအတွင်း၌ မကြာမီ စတင်တော့မည် ဖြစ်သည်။

ကောလာဟလများအရ ထိုနေရာသည် ဟွမ်ရှန်းဂိုဏ်း၏ ရှေးဟောင်းဘိုးဘေးတစ်ဦးက လျှို့ဝှက်အစီအရင်ဖြင့် တည်ဆောက်လုပ်ထားသော သီးသန့်နယ်မြေတစ်ခု ဖြစ်ပြီး သီးသန့်ကမ္ဘာတစ်ခုအဖြစ် တည်ရှိနေကာ အကျယ်အဝန်းမှာ ပေတစ်ထောင်ခန့်ရှိသော တောင်တစ်လုံးမျှသာ ရှိသော်လည်း ဝိညာဥ်ချီများမှာ အလွန်ပင် သိပ်သည်းလှပြီး၊ တောတောင်များ ထူထပ်ကာ၊ မြူများ ဖုံးလွှမ်းနေပြီး မရေမတွက်နိုင်သော ဝိညာဥ်ဆေးဝါးများနှင့် မိစ္ဆာသားရဲများကို မွေးဖွားပေးထားသည်။

ထိုအထဲတွင် အဝါရောင်အဆင့်မြင့်မိစ္ဆာသားရဲများ မကြာခဏ ထွက်ပေါ်

တတ်ပြီး အချို့သော နေရာများတွင် အနက်ရောင်အဆင့် ရက်စက်ကြမ်းကြုတ်သော သတ္တဝါများ ပုန်းအောင်းနေကြောင်းပင် သတင်းများ ထွက်ပေါ်နေသည်။ မည်သူမျှ မျက်စိဖြင့် တပ်အပ်မမြင်ဖူးကြသော်လည်း မည်သူမျှ ပေါ့ပေါ့ဆဆ မနေရဲကြချေ။

အဝါရောင်အဆင့် မိစ္ဆာသားရဲများသည် ချီစုဆောင်းခြင်းအဆင့် ကျင့်ကြံသူများနှင့် အကြမ်းဖျင်း တူညီသော်လည်း မွေးရာပါ ခန္ဓာကိုယ်အင်အားသန်မာပြီး ရက်စက်ကြမ်းကြုတ်သော ဗီဇ ရှိကြသဖြင့် တိုက်ခိုက်ရေးစွမ်းရည်မှာ လူသားများ၏ တူညီသောအဆင့်ထက် များစွာ သာလွန်လှသည်။

စမ်းသပ်မှုနည်းလမ်းမှာ အလွန်ပင် ရက်စက်လှသည် မိစ္ဆာအမြုတေအရေအတွက်ဖြင့် အဆင့်သတ်မှတ်ချက်ကို တွက်ချက်ခြင်း ဖြစ်ပြီး၊ လူပေါင်း ၂၀၀ ကျော်ထဲမှ အများဆုံးမှ အယောက် (၂၀) သာ နောက်တစ်ဆင့်သို့ တက်လှမ်းခွင့် ရရှိမည်ဖြစ်သည်။

နောက်တစ်ဆင့် တက်လှမ်းခွင့်ရရှိသူများသည် မိမိတို့ရရှိထားသော မိစ္ဆာအမြုတေ၊ ဝိညာဥ်ဆေးပင် စသည့် ရရှိသမျှ အရာအားလုံး၏ ဆယ်ပုံတစ်ပုံ ကို မိမိဘာသာ သိမ်းဆည်းထားနိုင်ပြီး ကျန်ရှိသောအရာအားလုံးကိုမူ ဂိုဏ်းသို့ အပ်နှံရမည်ဖြစ်သည်။

ကျန်ရှိသော နောက်တစ်ဆင့် မတက်လှမ်းနိုင်သူများသည်မူ မည်သည့်အရာမျှ ရရှိလိမ့်မည်မဟုတ်ဘဲ အကယ်၍ ခန္ဓာကိုယ်မထိခိုက်ဘဲ ဆုတ်ခွာနိုင်ပါက ကံကောင်းခြင်းတစ်ရပ် ဖြစ်နေပြီဖြစ်သည်။

ဘာလို့လဲဆိုတော့ ဤလျှို့ဝှက်နယ်မြေထဲတွင် မိစ္ဆာသားရဲများသာမက... လူတို့၏ စိတ်နှလုံးများလည်း ရက်စက်သောကြောင့် ဖြစ်သည်။

ယခင် စမ်းသပ်ပွဲများတွင် တစ်ဝက်ကျော်ခန့်သာ အသက်ရှင်လျက် ပြန်လည်ထွက်ခွာနိုင်ခဲ့ကြသည်။

မိစ္ဆာသားရဲများကို သတ်ဖြတ်ရန် လွယ်ကူသော်လည်း လူကိုမူ ကာကွယ်ရန် ခက်ခဲလှသည်။ လျှို့ဝှက်နယ်မြေအတွင်း၌ အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းကို အရေးမစိုက်ကြဘဲ၊ လူသတ်ပြီး ရတနာလုယူခြင်း၊ ဂိုဏ်းတူတပည့်များကို ဝိုင်းဝန်းအမဲလိုက်ခြင်း စသည့်အရာများသည် ပုံမှန်ကိစ္စရပ်များသာ ဖြစ်ကြ၏။

ဤအရာသည်သာ တကယ့် အဆုံးအဖြတ် တိုက်ပွဲ ဖြစ်သည်။

သွေးနှင့် မီး၊ လူ့စိတ်နှလုံးနှင့် အသက်ဘေးတို့၏ ကန့်လန့်ကာသည် ယခုမှပင် စတင်၍ ဆွဲဖွင့်လိုက်ပြီ ဖြစ်သည်။

လျှို့ဝှက်နယ်မြေ၏ တံခါးဝရှေ့တွင် လူရိပ်များ စုဝေးနေကြပြီး တိုးတိုးလေး ပြောဆိုသံများ ထွက်ပေါ်နေသည်။

လူအများ စိုးရိမ်တကြီး စောင့်ဆိုင်းနေကြစဥ်မှာပင် ရင်းနှီးသော လူရိပ်တစ်ခုသည် ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့သည်။ ထိုသူမှာ ဟွမ်ရှန်းဂိုဏ်း၏ အပြင်စည်းတာဝန်ခံအကြီးအကဲဖြစ်သော ချီကွမ်ကျီ ပင် ဖြစ်သည်။

သူသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေပြီး မျက်ဝန်းများမှာ အေးစက်နေသော်လည်း အသံမှာမူ လူတိုင်း၏ နားထဲသို့ တည်ငြိမ်စွာ စီးဝင်သွားခဲ့သည်။

"ဂိုဏ်းရဲ့ အဆင့်မြင့်အကြီးအကဲတွေ ဆွေးနွေးဆုံးဖြတ်ချက်အရ... အများဆုံး အယောက် ၂၀ ရဲ့ မိမိဘာသာ သိမ်းဆည်းခွင့်အပြင်... ဒီတစ်ကြိမ် စမ်းသပ်ပွဲရဲ့ ပထမရရှိတဲ့သူကို အခြေခံတည်ဆောက်ခြင်းဆေးလုံးတစ်လုံးကို ထပ်မံ ဆုချီးမြှင့်မှာ ဖြစ်တယ်"

ထိုစကားအဆုံးတွင် တစ်ကွင်းလုံး တိတ်ဆိတ်ခြောက်ကပ်သွားပြီးနောက် ချက်ချင်းပင် ပေါက်ကွဲသွားတော့သည်။

ဤအရာသည် တစ်ခါမျှ မရှိခဲ့ဖူးသော ဆုလာဘ်မျိုး ဖြစ်သည်။

ကောလာဟလများ ထွက်ပေါ်ခဲ့သော်လည်း အတည်မပြုနိုင်ခဲ့ချေ။ ယခုအခါတွင်မူ ချီကွမ်ကျီ ကိုယ်တိုင် နှုတ်မှ ထုတ်ဖော်ပြောကြားလိုက်ပြီဖြစ်ရာ ဤအသက်နဲ့ရင်းရမယ့် စမ်းသပ်ပွဲသည် ကောင်းကင်ဘုံသို့ တက်လှမ်းနိုင်မည့် အခွင့်အရေးကို လုယူရမည့် စင်မြင့်တစ်ခု ဖြစ်လာခဲ့ပြီဟု အဓိပ္ပာယ်ရပေသည်။

ယခင်နှစ်များက ပြိုင်ပွဲများတွင် ဤကဲ့သို့သော ကြီးမားသည့် ဆုလာဘ်မျိုး မရှိခဲ့ဖူးချေ။

စမ်းသပ်ပွဲဟု ခေါ်ဆိုသော်လည်း အမှန်စင်စစ် ဂိုဏ်းအနေဖြင့် လုပ်ရိုးလုပ်စဥ်အတိုင်း ပြုလုပ်ခြင်းသာ ဖြစ်ပြီး၊ တစ်ဆက်တည်းမှာပင် လျှို့ဝှက်နယ်မြေရှိ မိစ္ဆာသားရဲများကို ရှင်းလင်းကာ၊ ဝိညာဥ်ဆေးဝါးများနှင့် မိစ္ဆာအမြုတေအချို့ကို စုဆောင်း၍ ဆေးခန်းမ၏ သိုလှောင်ရုံကို ဖြည့်တင်းရန်အတွက်သာ ဖြစ်သည်။

သို့သော် ယခုတစ်ကြိမ်တွင်မူ အခြေခံတည်ဆောက်ခြင်းဆေးလုံး တစ်လုံးကို ထုတ်ပေးလိုက်သည်။ သုံးလုံး မဟုတ်၊ နှစ်လုံး မဟုတ်ဘဲ တစ်လုံးတည်းသာ ဖြစ်သည်။

နည်းလွန်းလှသည်၊ လောင်ကျွမ်းစေတော့မည့်အတိုင်း နည်းလွန်းလှ၏။ လူတိုင်း နားလည်သည်မှာ ဤအရာသည် ဆုလာဘ် မဟုတ်ဘဲ တိုက်ပွဲကို လှုံ့ဆော်ခြင်းသာ ဖြစ်သည်။

ဤအခြေခံတည်ဆောက်ခြင်းဆေးလုံးသည် ရှီဟွမ်အတွက် ပြင်ဆင်ထားခြင်း ဖြစ်သည်။

သူသည် ကောင်းကင်နတ်အရိုးကို ပိုင်ဆိုင်ထားပြီး မွေးဖွားလာကတည်းက မည်သူ့ကိုမျှ မျက်စိထဲမထားဘဲ အရှိန်အဟုန်ဖြင့် ကျော်ကြားလာခဲ့သည်။ တုံရှန်းသည်လည်း ထပ်ကြပ်မကွာ လိုက်ပါလာခဲ့ပြီး ပါရမီ ထူးချွန်လှသဖြင့် ဂိုဏ်းအနေဖြင့် ဤနှစ်ဦးကို အနာဂတ်၏ ကြယ်ပွင့်များအဖြစ် သတ်မှတ်ထားပြီး ဖြစ်သည်။

သို့သော် ယခုအခါတွင် ဤအခြေခံတည်ဆောက်ခြင်းဆေးလုံး တစ်လုံးသည် ဆီထဲသို့ မီးတောက်တစ်ခု ပစ်ထည့်လိုက်သကဲ့သို့ ရှိနေသည်။

ဂိုဏ်းအနေဖြင့် တိတ်တဆိတ် မျက်နှာသာပေးရန် မလိုလားသဖြင့် လက်နက်ကောင်းကို အလင်းထဲသို့ ထုတ်ပြလိုက်ပြီး ဤပါရမီရှင်များကို မိမိတို့ဘာသာ သွေးထွက်သံယို လမ်းတစ်ခုကို ရှင်းလင်းစေကာ ပထမအဆင့်ဟူသော ဂုဏ်ပုဒ်ကို လုယူစေခြင်း ဖြစ်သည်။

သူတို့တွင် ပါရမီမပြတ်လပ်ချေ၊ မာန်မာနလည်း မပြတ်လပ်ချေ၊ ပြတ်လပ်နေသည်မှာ "ပထမ" ဟူသောအမည်ဖြင့် ကမ္ပည်းထိုးမည့် သွေးစွန်းသော အဆင့်သတ်မှတ်ချက်စာရင်းသာ ဖြစ်သည်။

ယခုအခါတွင် ထိုအခွင့်အရေး ရောက်ရှိလာခဲ့ပြီ။

အခြေခံတည်ဆောက်ခြင်းဆေးလုံး တစ်လုံးသည် လူတိုင်း၏ မျက်လုံးကို သွေးရောင်လွှမ်းသွားစေရန် လုံလောက်လှသည်။

ဤအရာသည် "ငါးစာ" ဖြစ်ကြောင်း သိရှိနေကြသော်လည်း မည်သူမျှ မမြင်ချင်ယောင်ဆောင်၍ မနေနိုင်ကြချေ။

အခြေခံတည်ဆောက်ခြင်းဆေးလုံးသည် ချီစုဆောင်းခြင်းအဆင့် ကျင့်ကြံသူများအတွက် ဒုတိယမြောက် အခြေခံတည်ဆောက်ခြင်းအဆင့် သို့ တက်ရောက်မည့် မဖြစ်မနေ လိုအပ်သော လမ်းကြောင်း ဖြစ်သည်။

တစ်ကြိမ် ဝါးမြိုလိုက်ပြီး အခြေခံတည်ဆောက်ခြင်း အောင်မြင်သွားပါက... ဝိညာဥ်စွမ်းအားသည် ထိုအချိန်မှစ၍ မူလစွမ်းအား အဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်ပြီး၊ သက်တမ်းမှာလည်း တိုးပွါးကာ၊ အဆင့်အတန်းနှင့် တန်ဖိုးမှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားသွားမည် ဖြစ်သည်။

သို့သော် ၎င်း၏ ရှားပါးမှု့မှာမူ စိတ်ကူးထားသည်ထက် များစွာ သာလွန်သည်။

အခြေခံတည်ဆောက်ခြင်းဆေးလုံးကို ဖော်စပ်ရန် သတ်မှတ်ချက်များသည် အလွန်ပင် တင်းကျပ်လှပြီး အဆင့်မြင့် ဆေးဖော်စပ်သူ လိုအပ်ရုံတင်မကဘဲ ကောင်းကင်ဘုံ၏ ရတနာဆေးပင်များနှင့် ပေါင်းစပ်ရသဖြင့် ဆေးလုံးအောင်မြင်မှုနှုန်းမှာ အလွန်နိမ့်ကျလှကာ ကြီးမားသော ဂိုဏ်းကြီးအချို့ကသာ တင်းကျပ်စွာ ချုပ်ကိုင်ထားကြသည်။

ဝိညာဥ်ကျောက်တုံးများဖြင့်ပင် လုံးဝ ဝယ်ယူ၍မရဘဲ တန်ဖိုးရှိသော်လည်း ဈေးကွက် မရှိချေ။

ချင်းဝူဈေးတွင် အခြေခံတည်ဆောက်ခြင်းဆေးလုံး တစ်လုံး ထွက်ပေါ်ခဲ့ဖူးပြီး နောက်ဆုံးတွင် ဝိညာဥ်ကျောက်တုံး တစ်သိန်းနီးပါးအထိဈေးဖြင့် လေလံအောင်မြင်သွားခဲ့သည်။ထိုအရာသည်လည်း ချင်းဝူဈေး၏ အတွင်းလူတစ်ဦးက တိတ်တဆိတ် ဝယ်ယူလိုက်ခြင်းဖြစ်ပြီး ပြင်ပဈေးကွက်သို့ စီးဆင်းမသွားခဲ့ကြောင်း ကောလာဟလများ ရှိခဲ့ဖူးသည်။

ဟွမ်ရှန်းဂိုဏ်းကဲ့သို့သော မဟာဂိုဏ်းကြီးအတွင်း၌မူ အတွင်းစည်းတပည့်များပင် ဖြစ်လင့်ကစား ဂိုဏ်းအကျိုးပြုမှတ်ဖြင့်သာ လဲလှယ်ယူရသည်။

သို့သော် အခြေခံတည်ဆောက်ခြင်းဆေးလုံး တစ်လုံးကို လဲလှယ်ရန်အတွက်... ဂိုဏ်းအကျိုးပြုမှတ် တိတိကျကျ ငါးသောင်း (၅၀၀၀၀) အထိ လိုအပ်သည်။

အပြင်စည်းတပည့်များသည် တစ်လလျှင် အကျိုးပြုမှတ် တစ်ရာခန့်သာ ရရှိသဖြင့် အကယ်၍ တစ်ပြားမျှ မသုံးဘဲ အခြေခံတည်ဆောက်ခြင်းဆေးလုံးကိုသာ သီးသန့် စုဆောင်းလဲလှယ်မည်ဆိုပါက... အနှစ် (၄၀)ကျော်မျှ အချိန်ယူရမည် ဖြစ်သည်။

အတွင်းစည်းတပည့်များပင် ဤအကျိုးပြုမှတ် ငါးသောင်းကို စုဆောင်းရန်အတွက်... အနည်းဆုံး ဆယ်နှစ်တိုင်တိုင် မအိပ်မနေ တာဝန်များကို ထမ်းဆောင်ရမည် ဖြစ်သည်။

ဤကဲ့သို့သော ပေးဆပ်မှုသည် မိစ္ဆာသားရဲများကို သတ်ဖြတ်ရသည်ထက် များစွာ ပိုမိုခက်ခဲလှသည်။

ထို့ကြောင့် ချီကွမ်ကျီက ဤဆုလာဘ်ကို ကြေညာလိုက်စဥ်တွင် ရောက်ရှိနေသော လူအများမှာ မိမိတို့ ပထမနေရာကို လုယူရန် မျှော်လင့်ချက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ... လောဘစိတ်များနှင့် လူသတ်လိုသော စိတ်ဆန္ဒများ မလွှဲမရှောင်သာ ထွက်ပေါ်လာခဲ့ကြတော့သည်။

လုလီသည် လျှို့ဝှက်နယ်မြေ၏ ကျောက်တံခါးကြီးရှေ့တွင် ရပ်နေပြီး ဖွင့်လှစ်ခြင်း မရှိသေးသော တံခါးဝကို တိတ်တဆိတ် စိုက်ကြည့်နေခဲ့သည်။ သူ၏ လက်ချောင်းများမှာမူ လက်ထဲရှိ သစ်သားပြားကို ဖြည်းညှင်းစွာ ပွတ်သပ်နေပြီး မျက်နှာတွင် မည်သည့် လှုပ်ရှားမှုမျှ မရှိဘဲ မျက်ဝန်းအိမ်မှာမူ သေဆုံးနေသော ရေကန်ကြီးကဲ့သို့ နက်ရှိုင်းလှသည်။

ယခုတစ်ကြိမ်သည် ပြိုင်ပွဲသက်သက် မဟုတ်ချေ။

သတ်ဖြတ်ခြင်းပွဲ ဖြစ်သည်။

ဝိညာဥ်အာရုံထဲတွင် ချိုးယွဲ့ ၏ အသံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး အနည်းငယ် ရူးသွပ်မှုနှင့် ပျော်ရွှင်မှုများ ပြည့်နှက်နေ၏။

"ဟေး... နောက်ဆုံးတော့ လျှို့ဝှက်နယ်မြေထဲကို ဝင်ရတော့မယ်ပေါ့။ လူသတ်မယ်၊ အရိုးတွေကို ဝါးမြိုမယ်၊ ရတနာတွေကို လုယူမယ်... ငါတို့ရဲ့ အချိန် ရောက်လာပြီ"

လုလီကမူ မည်သည့်တုံ့ပြန်မှုမျှ မပြုခဲ့ချေ။

သူ နားလည်သည်မှာ သူမ ပျော်ရွှင်နေသည်မှာ စမ်းသပ်ပွဲကြောင့် မဟုတ်ဘဲ သတ်ဖြတ်ခြင်းဟူသော အရာသက်သက်ကြောင့်သာ ဖြစ်သည်။

သူကိုယ်တိုင်လည်း... ထိုအရာကို ငြင်းဆန်ခြင်း မရှိခဲ့ချေ။

All Chapters