အခန်း (၄၆-၄၈)
Vol. 4 Ch. 46-48
📝အပိုင်း - ၄၆ မဟာဝိညာဉ်ကျင့်စဉ်
ဘာသာပြန် - Na Gar🐉
ဤကျောက်စိမ်းပြားများမှာ ရှေးကျကာဟောင်းနွမ်းနေပြီး ကျောက်စိမ်းကိုယ်ထည်ပေါ်တွင် ဝါကျင့်ကျင့် အက်ကြောင်းအချို့ပင် စွဲထင်နေသည်။
၎င်းတို့အပေါ်တွင် တိကျသော အဆင့်အတန်း သတ်မှတ်ချက်ကို ရေးသားထားခြင်း မရှိသလို ဆိုင်ရှင်ကလည်း အပိုအလိုမရှိဘဲ ခပ်တိုတိုပင် မိတ်
ဆက်ပေးထားသဖြင့် ဤပညာရပ်များ၏ စစ်မှန်သော စွမ်းအားကို ခန့်မှန်းရ ပို၍ခက်ခဲစေသည်။
ဆိုင်ခုံနောက်တွင် မျက်နှာတစ်ခုလုံး အရေးအကြောင်းများဖြင့် ပြည့်နှက်နေပြီး ပြုံးစိစိလုပ်နေသော အဖိုးအိုတစ်ဦး ထိုင်နေသည်။ သူသည် လုလီ ကျောက်စိမ်းပြားများ ကြည့်ရှုနေသည်ကို ကြည့်ကာ မသိမသာ လေသံဖြင့် စကားစလာသည်။
"ဒီညီလေးက အမြင်တော်တော်စူးရှတာပဲ။ ဒါတွေက ငါငယ်ငယ်တုန်းက လျှို့ဝှက်မြေတစ်ခုကနေ ရှာဖွေတူးဖော်ရခဲ့တဲ့ ရတနာတွေပဲ"
လုလီ၏ မျက်ဝန်းများ လက်ခနဲ ဖြစ်သွားပြီး တစ်ဖက်လူကို အမြန် အကဲခတ်လိုက်သော်လည်း ကျင့်ကြံခြင်းအဆင့်ကို မမြင်ရပေ။
ဤအချက်ကသာ အန္တရာယ်အရှိဆုံး ဖြစ်သည်။ စိတ်ထဲတွင် အနည်းငယ် ထိတ်လန့်သွားသော်လည်း သူက လှုပ်ရှားမှု့မပျက်ဘဲ ဆက်လက်၍ ကြည့်ရှုနေခဲ့သည်။
"ဒီကျောက်စိမ်းပြားတွေကတော့ အားကောင်းတာလည်း ရှိသလို အားနည်းတာလည်း ရှိတာပေါ့။ တစ်ပြားကို ဝိညာဥ်ကျောက်တုံး (၂၀၀၀)... စျေးတော့ စစ်လို့မရဘူး"
အဖိုးအိုက ပြုံးလျက် ဆက်ပြောပြန်သည် "ကံကောင်းရင် ရတနာအစစ်ကို ရရင် ရသွားမှာ။ တချို့လူတွေဆို ဒါကို လာလောင်းကြေးထပ်ကြတာ... ဒါက ငါတို့ ကျင့်ကြံခြင်းလောကရဲ့ ရတနာလောင်းကစားပေါ့"
လုလီ ဘာမှမပြောဘဲ ခေတ္တမျှ စဉ်းစားနေပြီးနောက် သူ၏ အကြည့်က ကျောက်စိမ်းပြားတစ်ခုပေါ်သို့ ကျရောက်သွားသည်။ ထိုကျောက်စိမ်းပြားပေါ်တွင် စာလုံးလေးလုံးသာ ရှိလေသည်။
'မဟာဝိညာဉ်ကျင့်စဉ်'
မိတ်ဆက်စာမှာ အလွန်တိုတောင်းလှပြီး ဂိုဏ်း၏ ကျမ်းစာဆောင်ထဲမှ အခြေခံအကျဆုံး ပညာရပ်များလောက်ပင် အသေးစိတ် ဖော်ပြထားခြင်း မရှိပေ။ ကြည့်ရသလောက်တော့ဤအရာသည်လည်း လေ့လာပြီးသည်နှင့် ပျက်စီးသွားမည့် တစ်ကြိမ်သုံး ကျောက်စိမ်းပြား အမျိုးအစား ဖြစ်ပုံရသည်။
ထိုစဉ် လုလီ၏ စိတ်ထဲ၌ ချိုးယွဲ့၏ တိုးညင်းသော အသံ ထွက်ပေါ်လာသည်။
"ဒီကျင့်စဉ်က... ငါကြားဖူးသလိုပဲ။ အလွန် လျှို့ဝှက်တဲ့ စိတ်ဝိညာဉ်အာရုံ လေ့ကျင့်နည်း ကျင့်စဉ်တစ်ခုပဲ။ အကယ်၍ ဒါက အစစ်အမှန်သာဆိုရင် ဝိညာဥ်ကျောက်တုံး(၂၀၀၀)ထဲနဲ့ ရတာက တကယ့်ကို အမြတ်ကြီး မြတ်တာပဲ"
လုလီ၏ မျက်ဝန်းများ အနည်းငယ် တောက်ပသွားသော်လည်း အမူအရာ ပျက်မသွားပေ။ သူက လက်ချောင်းကို ရွေ့လိုက်ပြီး အခြား ကျောက်စိမ်းပြားတစ်ခုကို အဆင်သင့် သဘာဝကျကျ ကောက်ကိုင်လိုက်ပြန်သည်။
'ထိုက်ယွမ်အသက်ရှူနှုန်းထိန်းချုပ်ခြင်းကျင့်စဉ်'
ဤကျင့်စဉ်၏ မိတ်ဆက်ကတော့ ပို၍ အသေးစိတ်ပြီး အာနိသင်ကလည်း ရှင်းလင်းသည်။ အသက်ရှူနှုန်းနှင့် ပုံရိပ်ကို ဖုံးကွယ်ပြီး ကျင့်ကြံခြင်းအဆင့်ကို လျှို့ဝှက်ထားနိုင်ခြင်း ဖြစ်သည်။
နှမြောစရာကောင်းသည်မှာ ဤကဲ့သို့သော ကျင့်စဉ်မျိုးက အလွန် အတွေ့ရများပြီး အဝါရောင်အဆင့်ကျင့်စဥ်များစွာတွင်လည်း အလားတူ အာနိသင်မျိုး ရှိကြသဖြင့် အဖိုးတန်သည်ဟု မဆိုသာပေ။
ထို့ကြောင့်လည်း ဤကျောက်စိမ်းပြားမှာ ဆိုင်အခင်းပေါ်တွင် အချိန်အတော်ကြာအောင် ရှိနေခဲ့ပြီး မည်သူမျှ စိတ်မဝင်စားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
လုလီက အလေးအနက် စဥ်းစားနေဟန် ဆောင်ကာ ခေတ္တအကြာတွင် မော့ကြည့်၍ ဆိုင်ရှင်ကို လှမ်းပြောလိုက်သည်။
"ကျွန်တော် ဒီ 'ထိုက်ယွမ် အသက်ရှူနှုန်းထိန်းချုပ်ခြင်းကျင့်စဉ်' ရယ်... ပြီးတော့ ဒီ 'မဟာဝိညာဉ်ကျင့်စဉ်' ရယ်... နှစ်ခုစလုံးကို ပေါင်းပြီး ဝိညာဥ်ကျောက်တုံး (၃၀၀၀)နဲ့ ယူမယ် ဘယ်လိုလဲ"
အဖိုးအို၏ ပြုံးစိစိဖြစ်နေသော မျက်နှာက ချက်ချင်း တောင့်တင်းသွားပြီး ရေနွေးကြမ်းခွက်ကို ဖြည်းညှင်းစွာ ချကာ ခေါင်းခါလျက် သက်ပြင်းချလိုက်သည်။
"ညီလေးရာ... မင်းစျေးဆစ်လိုက်တာ ငါ့ရင်ဝကို အပိုင်းပိုင်း ထိုးလိုက်သလိုပဲ။ ဒီကျောက်စိမ်းပြားတွေကို မင်း တကယ်တန်ဖိုးသိတယ်ဆိုရင် တစ်ပြားတည်းတင် နှစ်ထောင်တန်တယ်ဆိုတာ သိသင့်တာပေါ့... အခု မင်းက နှစ်ပြားတောင် ယူမှာကို"
လုလီက အလောမကြီးဘဲ ပြုံးရုံသာပြုံးကာ ကျောက်စိမ်းပြားကို ဆိုင်အခင်းပေါ်သို့ ပြန်ချလိုက်ပြီး လှည့်ထွက်သွားမည့်ဟန် ပြုလိုက်သည်။
အဖိုးအို၏ မျက်ခုံးများ အနည်းငယ် တွန့်ကွေးသွားပြီး အမြန် လှမ်းတားလိုက်သည်။
"ဟေ့ ဟေ့... လူငယ်လေး၊ မလောပါနဲ့ဦးဗျာ။ အရောင်းအဝယ်ဆိုတာ တစ်ခါတည်းနဲ့ ဘယ်ပြီးမလဲ"
"ဒါဆို အဘိုးက ဘယ်လောက် လိုချင်လို့လဲ" လုလီ လှည့်ကြည့်ကာ တည်ငြိမ်သော လေသံဖြင့် မေးလိုက်သည်။
"အနည်းဆုံး... သုံးထောင်ရှစ်ရာ" အဖိုးအိုက စဉ်းစားတွေးတောပြီး အတော်လေး လျှော့ပေးလိုက်သည့်ဟန်ဖြင့် "မင်းကလည်း ရတနာရဲ့တန်ဖိုးသိတဲ့လူပဲ... ငါက စျေးကို လျှောက်ပြောနေတာ မဟုတ်ဘူး"
လုလီက သူ၏ မျက်နှာအပြောင်းအလဲကို စိုက်ကြည့်ရင်း ရုတ်တရက် ပေါ့ပါးစွာ ရယ်မောလိုက်သည်။
"အဘိုးက 'ရတနာရဲ့တန်ဖိုးကိုသိတဲ့လူ' လို့ ပြောတာ စောလွန်းပါတယ်။ တကယ်လို့သာ ရတနာအစစ်ကို သိတယ်ဆိုရင် ဒီ 'မဟာဝိညာဉ်ကျင့်စဉ်' က ပြားစေ့တစ်စေ့တောင် မတန်ဘူးထင်တယ်"
အဖိုးအို၏ မျက်ဝန်းများ ချက်ချင်း ကျဉ်းမြောင်းသွားသည်။
"မင်း ဘာကို ပြောချင်တာလဲ"
"ဘာမှမရှိပါဘူး... ဒီကျောက်စိမ်းပြားရဲ့ အစင်းကြောင်းတွေက မညီမညာဖြစ်နေပြီး သေးငယ်တဲ့ အက်ကြောင်းတွေ ရှိနေလို့ပါ။ ဒါက ပုံမှန် ချိတ်
ပိတ်ထားတဲ့ စံနမူနာကျကျ ကျင့်စဉ်မျိုးနဲ့ မတူဘူး။ ဖြစ်နိုင်တာက... ဒါဟာ ကျင့်စဉ်အကြွင်းအကျန် အပိုင်းအစတစ်ခုလည်း ဖြစ်နိုင်တာပဲ" လုလီ၏ လေသံက တည်ငြိမ်သော်လည်း စကားလုံးတိုင်းက ချွန်ထက်လှသည်။
အဖိုးအိုက သူ့ကို စက္ကန့်အနည်းငယ်မျှ စိုက်ကြည့်ပြီးနောက် ရုတ်တရက် သွားဖြဲ၍ ရယ်မောလိုက်လေသည်။
"ကဲပါ ကဲပါ... သုံးထောင်ဆို သုံးထောင်ပေါ့ဗျာ၊ မိတ်ဆွေဖွဲ့လိုက်တာပေါ့။ ညီလေးရဲ့ ပါးစပ်ကတော့ မြေခွေးအိုကြီးထက်တောင် အဆိပ်ပြင်းလှချည်လား"
လုလီက တည်တည်ငြိမ်ငြိမ်ဖြင့် ရင်ဘတ်ထဲမှ သိုလှောင်အိတ်ကို ထုတ်ကာ အလယ်အလတ်အဆင့် ဝိညာဥ်ကျောက်တုံး(၃)တုံးကို ထုတ်၍ ကမ်းပေးလိုက်သည်။
"ငါတို့နှစ်ယောက်စလုံး ကိုယ်လိုချင်တာ ကိုယ်ရကြတာပေါ့"
အဖိုးအိုက ပြုံးလျက် ခေါင်းညိတ်ကာ ယူလိုက်ပြီး သူ၏မျက်ဝန်းထဲတွင် ထူးဆန်းသော အလင်းရောင်တစ်ခု လက်ခနဲ ဖြတ်ပြေးသွားပုံရသည်။
သို့သော် လုလီကမူ မသိချင်ယောင်ဆောင်ကာ ကျောက်စိမ်းပြားကို ကောက်ယူပြီး ဝတ်ရုံစကို ခါလိုက်ကာ လှည့်ထွက်ခဲ့တော့သည်။
လမ်းဘေးမှ လေပြေက သူ၏ ဆံစများကို တိုက်ခတ်သွားပြီး ယခုအချိန်တွင် သူ၏ စိတ်ထဲ၌ လှုပ်ခတ်သွားသော အတွေးနှင့် ထပ်တူကျနေသည်။
ဒီအဘိုးကြီးက ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားပေမဲ့ စကားပြောတာကတော့ အတွေ့အကြုံ ရင့်ကျက်လှတယ်။ ချိုးယွဲ့ရဲ့ အမြင်ကျယ်မှုသာ မရှိရင် ဒီကျင့်စဉ်ကို ငါ တကယ်ပဲ လွဲချော်သွားတော့မှာပဲ။
အကယ်၍ ဤ "မဟာဝိညာဉ်ကျင့်စဉ်" သည် ချိုးယွဲ့ ပြောသကဲ့သို့ စိတ်ဝိညာဉ်အာရုံကို လေ့ကျင့်ပေးနိုင်သော လျှို့ဝှက်ကျင့်စဉ်တစ်ခုသာ ဖြစ်ခဲ့လျှင်... ဤဝိညာဥ်ကျောက်တုံး(၃၀၀၀)မှာ အလွန်တန်ရုံတင်မကဘဲ ကောင်းကင်ကြီးက ပေးသော လက်ဆောင်ကို အလကားရလိုက်သည်ဟုပင် ဆိုနိုင်သည်။
စျေးကွက်ထဲတွင် ဝိညာဉ်ချီကို ကျင့်ကြံနိုင်ပြီး ခန္ဓာကိုယ်ကို သန့်စင်ပေးနိုင်သော ကျင့်စဉ်များမှာ သမုဒ္ဒရာပမာ များပြားလှပြီး ဂိုဏ်းကြီးများနှင့် ဈေးတန်းများတွင်လည်း ရေပန်းစား လှည့်လည်ရောင်းဝယ်နေကြသည်။
သို့သော် "စိတ်ဝိညာဉ်အာရုံကိုကျင့်ကြံခြင်း" နှင့် ပတ်သက်သော ကျင့်စဉ်များမှာမူ အလွန် ရှားပါးလှပြီး ပြင်ပသို့ ဘယ်သောအခါမှ ပေါက်ကြားလေ့မရှိပေ။
အကြောင်းရင်းမှာ အခြားမဟုတ် စိတ်ဝိညာဉ်အာရုံသည် မူလကပင် ကျင့်ကြံရန် ခက်ခဲလှသဖြင့် ပါရမီထူးခြားသော လူအနည်းစုမှလွဲ၍ ကျင့်ကြံသူ အများစုမှာ ကျင့်ကြံခြင်းအဆင့် သဘာဝအတိုင်း တိုးတက်လာမှသာ ဖြည်းညှင်းစွာ အဆင့်တက်နိုင်ကြခြင်း ဖြစ်သည်။
မိမိဘာသာ စိတ်ဝိညာဉ်အာရုံကို လေ့ကျင့်ချင်ပါက ကံကောင်းမှု့ ၊ အမွေအနှစ် သို့မဟုတ် လျှို့ဝှက်ကျမ်းစာများကို ရရှိမှသာ ဖြစ်နိုင်သည်။
ထို့ပြင် ဤကဲ့သို့သော ကျင့်စဉ်မျိုး လောကထဲတွင် ပေါ်ထွက်လာပါက မရေမတွက်နိုင်သော အင်အားကြီး ပုဂ္ဂိုလ်များက လုယူရန် သေချာပေါက် တိုက်ခိုက်ကြမည် ဖြစ်သည်။
လုလီသည် သူ၏ လက်ချောင်းများဖြင့် ထိုဟောင်းနွမ်းနေသော ကျောက်စိမ်းပြားကို ပွတ်သပ်ရင်း ချက်ချင်း စစ်ဆေးလိုသော စိတ်ဆန္ဒကို ဖိနှိပ်ကာ လမ်းမကြီး၏ အဆုံးဆီသို့ အပြေးအလွှား လျှောက်လှမ်းခဲ့သည်။
ထိုနေရာသည် ချင်းဝူဈေးတန်းတစ်ခုလုံး၏ အဓိက ဗဟိုချက်မဖြစ်သော လေလံပွဲပင် ဖြစ်သည်။
မကြာမီတွင် ခမ်းနားထည်ဝါသော အဆောက်အအုံကြီးတစ်ခု မျက်စိရှေ့သို့ ရောက်ရှိလာသည်။ ရွှေရောင်ဝင်းပနေပြီး အဆင့်ဆင့် ထပ်နေသော အဆောက်အအုံများ၊ နီရဲသော အမိုးစွန်းများနှင့် ပျံတက်တော့မည့်အလား အမိုးပြားများကြားမှ ထူးခြားသော အရှိန်အဝါတစ်ခု ဖြာထွက်နေသည်။
သို့သော် တံခါးဝတွင် ထင်ထားသကဲ့သို့ တည်ငြိမ်အေးချမ်းခြင်း မရှိဘဲ မီးအိမ်များ ဆွဲချိတ်ထားကာ မီးခိုးငွေ့များ ရစ်သိုင်းနေသည်။ ပါးလွှာသော အနီရောင်ဝတ်စုံများကို ဝတ်ဆင်ထားသော ပျိုမျစ်နုနယ်သည့် မိန်းမပျိုလေးတစ်စုမှာ ပန်းပွင့်များပမာ စုဝေးနေကြပြီး ပြုံးရွှင်သော မျက်နှာများဖြင့် လူအများ၏ အာရုံကို ဆွဲဆောင်နေကြသည်။
လုလီ ခြေလှမ်း အနည်းငယ် တုံ့ဆိုင်းသွားပြီး လူ့လောက၏ ပျော်ပါးရာ နေရာတစ်ခုသို့ မှားဝင်မိပြီဟု စိတ်ထဲတွင် ထင်မှတ်သွားမိသည်။ အနီရောင်
ဝတ်စုံနှင့် မိန်းမပျိုလေးက ယဉ်ကျေးစွာ ဦးညွှတ်ဂါရဝပြုလိုက်သည့်
အခါမှ"သခင်လေးက လေလံပွဲကို တက်ရောက်ဖို့ လာတာလားရှင့်... ကျွန်မနောက်ကို လိုက်ခဲ့ပါ"
သူက မျက်နှာသေဖြင့် ခေါင်းညိတ်လိုက်ပြီး မိန်းမပျိုလေး၏နောက်မှ လိုက်ပါသွားခဲ့သည်။
ကုလားကာစနောက်ကွယ်သို့ ရောက်သောအခါ ဆူညံသံများ ပျောက်ကွယ်သွားပြီး တိတ်ဆိတ်ငြိမ်သက်ခြင်းများက အစားထိုးဝင်ရောက်လာသည်။
မျက်စိထဲ မြင်တွေ့ရသမျှမှာ တည်ကြည်သော မျက်နှာထားနှင့် နက်ရှိုင်းသော အရှိန်အဝါရှိသည့် ကျင့်ကြံသူများသာ ဖြစ်ပြီး အချို့က တစ်ဦးတည်း မျက်စိမှိတ်ကာ ကျင့်ကြံနေကြပြီး အချို့ကလည်း တိုးတိုးတိတ်တိတ် စကားဆိုနေကြကာ အမူအရာတိုင်းမှာ စနစ်တကျ ရှိပြီး လေထုထဲတွင် မသိမသာ ဖိအားတစ်ခု ပျံ့လွင့်နေသည်။
ဤအချက်ကသာ ဤချင်ဝူဈေး လေလံပွဲ၏ စစ်မှန်သော အတွင်းသဏ္ဌာန် ဖြစ်ပေလိမ့်မည်။အလှအပနှင့် အပြုံးများက အပေါ်ယံ အခွံသက်သက်သာ ဖြစ်ပြီး အောက်ခြေမှ ထက်မြက်မှုနှင့် အကျိုးစီးပွားများကသာ တကယ့် အဓိက အနှစ်သာရ ဖြစ်သည်။
လုလီသည် အနီရောင်ဝတ်စုံနှင့် မိန်းမပျိုလေး၏ လမ်းပြမှုဖြင့် မကြာမီတွင် ကျောက်စိမ်းစင်မြင့်တစ်ခုရှေ့သို့ ရောက်ရှိလာသည်။
အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော သက်လတ်ပိုင်း ကျင့်ကြံသူတစ်ဦးက လာရောက်သော ဧည့်သည်များကို တစ်ဦးပြီးတစ်ဦး ပိုင်ဆိုင်မှု စစ်ဆေးပေးနေပြီး အေးစက်သော လေသံဖြင့် "ဒီတစ်ခေါက် လေလံပွဲကို ပါဝင်မယ့်သူတွေဟာ အရင်ဆုံး ပိုင်ဆိုင်မှု အစစ်ဆေးခံရပါမယ်။ အဆင့်နိမ့်ဝိညာဥ်ကျောက်တုံးတစ်သောင်းအောက် ရှိတဲ့သူတွေကတော့ ဝင်ခွင့်မရှိပါဘူး" ဟု ပြောနေသည်။
ရှေ့မှ လူအချို့က သိုလှောင်အိတ်များကို ထုတ်ပြကြပြီး အချို့ကလည်း သိုလှောင်လက်စွပ်များကို ကမ်းပေးကြကာ မျက်နှာများတွင် ယုံကြည်ချက်အပြည့် ရှိနေကြသည်။
လုလီက တည်ငြိမ်စွာဖြင့် သူ သီးသန့် ပြင်ဆင်ထားသော ဝိညာဥ်ကျောက်တုံးအချို့ပါဝင်သည့် သိုလှောင်အိတ်ကို ဖြည်းညှင်းစွာ ကမ်းပေးလိုက်သည်။
ဝိညာဥ်ကျောက်တုံးတစ်သောင်းကျော်ခန့် ရှိသဖြင့် ဝင်ခွင့်ရရန် ပြည့်မှီရုံသာ ရှိသည်။
လမ်းပြမိန်းမပျိုလေး၏ မျက်ခုံးများ အနည်းငယ် ပင့်တက်သွားပြီး အံ့သြသွားပုံရသော်လည်း ဘာမှမပြောဘဲ တိုးညင်းစွာ ဆိုသည်။ "အတွင်းခန်းထဲကို ဝင်ပြီး စိတ်ကြိုက် ထိုင်နိုင်ပါတယ်ရှင့်" ဟု ပြောရင်း အစိမ်းရောင် ဘုတ်ပြားတစ်ခုကို ကမ်းပေးလိုက်သည်။
လုလီ ဘုတ်ပြားကို လှမ်းယူလိုက်စဉ် လက်ချောင်းများ အနည်းငယ် တင်းကျပ်သွားပြီး နှလုံးသားထဲတွင် လှုပ်ခတ်သွားသည်။
အတွင်းခန်းထဲသို့ လှမ်းဝင်လိုက်သည်နှင့် အလင်းရောင်က ချက်ချင်း မှိန်ဖျော့သွားပြီး လေးနက်တည်ကြည်သော ခံစားချက်တစ်ခု ရိုက်ခတ်လာသည်။
အတွင်းခန်း၏ ပုံသဏ္ဌာန်မှာ ခွက်တစ်ခုကဲ့သို့ အဝိုင်းလိုက် အပေါ်သို့ မြင့်တက်သွားသော ပုံစံမျိုး ဖြစ်သည်။
အလယ်ဗဟိုတည့်တည့်တွင် တစ်ပွဲလုံး၏ အာရုံစိုက်ရာနေရာဖြစ်သော ကျောက်စိမ်းစင်မြင့်တစ်ခု ရှိပြီး ဘေးပတ်ပတ်လည်တွင် ဝိညာဉ်အလင်းတန်းများ ဖြာထွက်နေကာ ရတနာများကို ပြသရန်နှင့် ချောင်းမြောင်းကြည့်ရှုခြင်းကို တားဆီးရန်အတွက် အကာအကွယ်အစီအရင် အထပ်ထပ် ချထားကြောင်း ထင်ရှားသည်။
ကျောက်စိမ်းစင်မြင့်ပေါ်တွင် ယခုအချိန်ထိ လှုပ်ရှားမှုမရှိသေးသော်လည်း ဘေးပတ်ပတ်လည်တွင် ကျင့်ကြံသူအများအပြား ထိုင်နေကြပြီဖြစ်ကာ အသက်ရှူသံများက တည်ငြိမ်ပြီး အမူအရာ အမျိုးမျိုး ရှိကြသည်။
လုလီက လူအုပ်နှင့်အတူ လျှောက်လှမ်းရင်း မော့ကြည့်လိုက်ရာ လေလံပွဲတစ်ခုလုံးကို အလွှာသုံးလွှာ ခွဲခြားထားသည်ကို တွေ့ရသည်။
ပထမအလွှာမှာ အကျယ်ပြန့်ဆုံးနေရာဖြစ်ပြီး ထိုင်ခုံများ စိပ်စိပ်ပိတ်ပိတ် ရှိနေကာ အားလုံးနီးပါး ပြည့်နှက်နေသည်။ အများစုမှာ ဂိုဏ်း၏ အတွင်းစည်းတပည့်များနှင့် ငွေကြေးတတ်နိုင်သော တစ်ကိုယ်တော်ကျင့်ကြံသူများ ဖြစ်ကြပြီး တိုးတိုးတိတ်တိတ် စကားပြောသံများ ဆက်တိုက် ထွက်ပေါ်နေသည်။
ဒုတိယအလွှာမှာ အနည်းငယ် ပို၍ ဆိတ်ငြိမ်ပြီး ထိုင်ခုံများက စနစ်တကျ ရှိလှသည်။ ထိုင်နေသူများအားလုံးမှာ တန်ဖိုးကြီးဝတ်စုံများကို ဝတ်ဆင်ထားကြပြီး တည်ငြိမ်သော အမူအရာ ရှိကြကာ အများစုမှာ ဂိုဏ်းကြီးများ၏ အဓိကတပည့်များ သို့မဟုတ် အပြင်စည်းဝါရင့် အကြီးအကဲများ ဖြစ်ကြသည်။
သို့သော် တတိယအလွှာမှာမူ ပွင့်လင်းသောနေရာ မဟုတ်ဘဲ သီးသန့် အခန်းငယ်လေးများအဖြစ် တည်ရှိနေသည်။ ၎င်းတို့သည် နန်းဆောင်ငယ်လေးများပမာ ရှိသော်လည်း ပြတင်းပေါက်များကို မြူခိုးများဖြင့် ပိတ်ဆို့ထားသဖြင့် တိမ်တိုက်ထဲမှ မျှော်စင်များကဲ့သို့ မြူခိုးများ ရစ်သိုင်းနေပြီး လူရိပ်ကိုပင် သဲသဲကွဲကွဲ မြင်တွေ့နိုင်ခြင်း မရှိချေ။
လုလီ၏ အကြည့်များ အနည်းငယ် လှုပ်ခတ်သွားပြီး စိတ်ထဲတွင် ထိတ်လန့်သွားမိသည်။
ထိုသီးသန့်အခန်းများထဲတွင် တကယ့် အင်အားကြီး ပုဂ္ဂိုလ်ကြီးများ ပုန်းအောင်းနေကြသည်မှာ သေချာသည်။ ဤနေရာတွင် တိုက်ခိုက်ခြင်းကို တားမြစ်ထားသော်လည်း စွမ်းအားကြီးမားသော ပုဂ္ဂိုလ်များက လူသတ်ပြီး နှုတ်ပိတ်လိုပါက အလောင်းပင် ကျန်ရစ်လိမ့်မည် မဟုတ်ပေ။
"ချင်ဝူဈေးက တကယ့်ကို နဂါးတွေ ကျားတွေ ပုန်းအောင်းနေတဲ့ နေရာပဲ"
သူသည် ဘေးဘယ်ညာကို မကြည့်ဘဲ ပထမအလွှာ၏ ရှေ့ဆုံးလူအုပ်ကို ဖြတ်ကျော်ကာ လမ်းညွှန်မှုအတိုင်း ခန်းမဆောင်၏ ထောင့်စွန်းတစ်နေရာတွင် ဝင်ရောက်ထိုင်လိုက်သည်။
ဘေးပတ်ပတ်လည်မှ ကျင့်ကြံသူအများစု၏ အရှိန်အဝါမှာ ချီစုဆောင်းခြင်းအဆင့် (၅)နှင့်(၆)ခန့်သာ ရှိပြီး ရံဖန်ရံခါ အဆင့်မြင့်ကျင့်ကြံသူများ ရှိသော်လည်း မိမိတို့၏ အဆင့်အတန်းကို ထိန်းသိမ်းသောအားဖြင့် စကားပြောခြင်း မပြုကြပေ။
လုလီ ငြိမ်သက်စွာ ထိုင်နေသော်လည်း သူ၏ နှလုံးသားထဲတွင်မူ ရင်ခုန်
စိတ်လှုပ်ရှားမှု့များ အနည်းငယ် ထွက်ပေါ်နေခဲ့သည်။
📝အပိုင်း - ၄၇ လေလံပွဲ
ဘာသာပြန် - Na Gar🐉
အချိန်များတရွေ့ရွေ့ ကုန်ဆုံးလာသည်နှင့်အမျှ မူလက ဘာမျှမရှိသော အလယ်ဗဟို ကျောက်စိမ်းစင်မြင့်ထက်တွင် ရုတ်တရက် ရေလှိုင်းပမာ တုန်ခါမှုတစ်ခု ဖြစ်ပေါ်လာသည်။
လင်းလက်သောအလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီးနောက် မိန်းမပျိုတစ်ဦးသည် အလင်းတန်းကို နင်း၍ ပေါ်ထွက်လာသည်။ သူမ၏ ကိုယ်ဟန်အနေအထားမှာ ကြိုးကြာငှက်ကဲ့သို့ ပေါ့ပါးလှပြီး လူတိုင်း၏ မျက်စိရှေ့မှောက်သို့ ဖြည်းညှင်းစွာ ရောက်ရှိလာခဲ့သည်။
သူမ၏ ရုပ်ရည်မှာ အလွန် လှပလွန်းလှပြီး မျက်ခုံးမျက်လုံးများမှာ ပန်းချီကားတစ်ချပ်
ပမာ ရှိကာ အသားအရေမှာလည်း ကျောက်စိမ်းကဲ့သို့ ဝင်းပနေသည်။ အသက်အရွယ်မှာ ဆယ့်ရှစ်၊ ဆယ့်ကိုးနှစ်ခန့်သာ ရှိပုံရပြီး ဖြူစင်သော ပါးလွှာသည့် ပိတ်ပါးဝတ်စုံရှည်ကို ဝတ်ဆင်ထားကာ ခါးတွင် ရွှေချည်ထိုးခါးစည်းကို ပတ်ထားလျက် ကျောက်စိမ်းစင်မြင့်ထက်တွင် ငြိမ်သက်စွာ ရပ်နေသည်။
သို့သော် ကျောက်စိမ်းစင်မြင့်ထက်တွင် အစီအရင် အကာအကွယ်များ ခင်းကျင်းထားသဖြင့် သူမ၏ ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားရာ မည်သူမျှ သူမ၏ ကျင့်ကြံခြင်းအဆင့်ကို အကဲဖြတ်၍ မရချေ။
သို့သော်ငြားလည်း သူမ၏ အပြုံးတစ်ခုချင်းစီက လူအများ၏ စိတ်ဝိညာဉ်ကို ဖမ်းစားနိုင်သော ဆွဲဆောင်မှု အရှိန်အဝါတစ်ခုကို သဘာဝအတိုင်း ဆောင်ကြဉ်းနေသည်။
ခဏချင်းအတွင်းမှာပင် လေလံခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
မိန်းမပျိုက ရဲရဲနီသော နှုတ်ခမ်းလွှာကို အနည်းငယ်ဟလိုက်ရာ စိမ့်စမ်းရေကဲ့သို့ ကြည်လင်သော အသံ ထွက်ပေါ်လာသည်။
"ချင်းဝူဈေးရဲ့ ဒီတစ်ခေါက် လေလံပွဲ အခမ်းအနားကို ကြွရောက်လာကြတဲ့ ကျင့်ကြံသူ မိတ်ဆွေအပေါင်းတို့ကို ကြိုဆိုပါတယ်ရှင့်။ ဆက်လက်ပြီး လေလံတင်မဲ့ပစ္စည်း အသီးသီးကို ကျွန်မကပဲ လူကြီးမင်းတို့အတွက် တစ်ခုချင်းစီ တာဝန်ယူ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်"
စကားဆုံးသည်နှင့် ခန်းမထဲတွင် ရုတ်တရက် လှုပ်လှုပ်ရွရွ ဖြစ်သွားသည်။
လုလီ၏ နားထဲသို့ တိုးတိုးတိတ်တိတ် စကားပြောသံအချို့ ဝင်ရောက်လာ၏။
"သူပဲ... သူက လျူလီ မိန်းကလေး ဖြစ်ရမယ်။ ချင်းဝူဈေး မြို့စားမင်းရဲ့ သမီးပေါ့"
"သူ့လိုလူမျိုးက ဒီလေလံပွဲကို ကိုယ်တိုင် တင်ဆက်ပေးတယ် ဟုတ်လား။ ဒီတစ်ခေါက်တော့ တကယ့် ရတနာအစစ်တွေ ပေါ်ထွက်လာတော့မှာပဲ"
"ချင်းဝူဈေးရဲ့ မြို့စားမင်းက ရွှေအမြုတေအဆင့် ရှိတဲ့ အင်အားကြီး ပုဂ္ဂိုလ်ကြီးလေ။ သူ့သမီး လျူလီကလည်း ပါရမီ အလွန်မြင့်မားတယ်... အသက်ဆယ့်ရှစ်နှစ်ကတည်းက ချီစုဆောင်းခြင်းအဆင့် အထွတ်အထိပ်ကို ရောက်ခဲ့တာ၊ အခုဆိုရင် အခြေခံတည်ဆောက်ခြင်းအဆင့် တောင် ရောက်နေလောက်ပြီ"
လုလီ အမူအရာမပျက်ဘဲ ဤသတင်းအချက်အလက်များကို စိတ်ထဲတွင် မှတ်သားထားလိုက်သည်။
ချင်းဝူဈေးသည် ဤကဲ့သို့ နဂါးတန်ခိုးရှင်များနှင့် မိစ္ဆာများ ရောထွေးနေသော နေရာမျိုးတွင် အခြေချ ရပ်တည်နိုင်ခြင်းမှာ နောက်ကွယ်၌ ရွှေအမြုတေအဆင့် အင်အားကြီး ပုဂ္ဂိုလ်ကြီးတစ်ဦး စောင့်ကြပ်နေသောကြောင့် ဖြစ်သည်ကို ယခုမှသာ သူ သိရှိရတော့သည်။
ထို့ကြောင့်လည်း ကျင့်ကြံသူ အမြောက်အမြား၊ ဂိုဏ်းအသီးသီးနှင့် မိစ္ဆာလမ်းစဉ်မှ လူများပင် ဤနေရာတွင် ရောနှောနေထိုင်ကြသော်လည်း မည်သူမျှ ဤနေရာ၌ သတ်ဖြတ်လိုစိတ်ကို မပြဝံ့ကြခြင်း ဖြစ်ပေလိမ့်မည်။
လျူလီ၏ စကားသံ ဆုံးသည်နှင့် ကျောက်စိမ်းစင်မြင့်ထက်တွင် အလင်းတန်းတစ်ခု ဖြာထွက်လာသည်။
ဆံပင်ဖြူ အဖိုးအိုတစ်ဦးက ကျောက်စိမ်းသေတ္တာတစ်လုံးကို ကိုင်မြှောက်လျက် ဖြည်းညှင်းစွာ လျှောက်လှမ်းလာပြီး စင်မြင့်အလယ်ရှိ ဝိညာဉ်စင်ပေါ်တွင် ရိုသေစွာ ချထားလိုက်သည်။
လျူလီက သူမ၏ နှုတ်ခမ်းလွှာကို အနည်းငယ်ဟကာ လေသံမှာ နူးညံ့ပျော့ပြောင်းပြီး ကြည်လင်နေဆဲ ဖြစ်သော်လည်း လျစ်လျူရှု၍မရသော အရှိန်အဝါတစ်ခု ကိန်းအောင်းနေသည်။
"ပထမဆုံး လေလံပစ္စည်းကတော့ 'ချီစုဆောင်းခြင်း ဖန်တီးမှု့ဆေးလုံး' သုံးလုံး ဖြစ်ပါတယ်ရှင့်။ ဒီဆေးလုံးက ချီစုဆောင်းခြင်းအဆင့်(၅)နဲ့အထက် ရှိတဲ့ ကျင့်ကြံသူတွေကို အတားအဆီးတွေကို ကျော်ဖြတ်ပြီး နောက်တစ်ဆင့်ကို အောင်အောင်မြင်မြင် တက်ရောက်ဖို့ကူညီပေးနိုင်ပါတယ်။ ဆေးစွမ်းက သုံးရက်အတွင်း ပျောက်ကွယ်မသွားဘဲ ဝိညာဥ်ချီနဲ့ တွဲဖက်လေ့ကျင့်မယ်ဆိုရင် အာနိသင်က အလွန် အံ့ဩစရာကောင်းလှပါတယ်"
"အခြေခံလေလံစျေး အဆင့်နိမ့်ဝိညာဥ်ကျောက်တုံး(၅၀၀၀) ဖြစ်ပါတယ်"
စကားလုံးများ မြေသို့ကျသည်နှင့် ခန်းမတစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားပြီးနောက် ဆူပွက်နေသော ရေနွေးပမာ ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။
ပထမအလွှာရှိ ကျင့်ကြံသူ အများစုမှာ ချီစုဆောင်းခြင်းအဆင့်တွင်သာ ရှိကြသဖြင့် လူအများအပြား၏ မျက်ဝန်းများမှာ ရုတ်တရက် ပူပြင်းတောက်ပလာခဲ့သည်။
"ချီစုဆောင်းခြင်း ဖန်တီးမှု့ဆေးလုံး... အစကတည်းက ဒီလိုအဆင့်ရှိတဲ့ ဆေးလုံးကို ထုတ်ပြလာလိမ့်မယ်လို့ မထင်ထားမိဘူး"
လုလီလည်း မျက်နှာအမူအရာ အနည်းငယ် လေးနက်သွားသည်။
ဤဆေးလုံးကို သူက ဂိုဏ်း၏ ကျမ်းစာများထဲတွင် မြင်ဖူးခဲ့သည်။ ၎င်းသည် ဝိညာဥ်ချီ စုဆောင်းပေးသော သာမန် ချီစုဆောင်းခြင်းဆေးလုံးမျိုး မဟုတ်ဘဲ အဆင့်(၅)ကို ကျော်ဖြတ်၍ အဆင့်မြင့်နယ်ပယ်သို့ အရှိန်အဟုန်ဖြင့် တက်လှမ်းရန်အတွက် အထူးသီးသန့် ဖော်စပ်ထားခြင်း ဖြစ်သည်။ ၎င်းသည် အပြင်စည်းတပည့်များ အိမ်မက်မက်ရသောအဆင့်ကျော်ဖြတ်ခြင်း ရတနာတစ်ခုပင်။
"သုံးလုံး တစ်တွဲတောင် တင်ထားတာလား... အခြေခံစျေးတင် ငါးထောင် ရှိနေပြီ၊ ဒါက အခြေခံစျေးပဲ ရှိသေးတာ..."
လုလီ စိတ်ထဲတွင် တိတ်တဆိတ် လျှာသပ်မိသွားသည်။ သူသည် ယခုအခါတွင် ဝိညာဥ်ကျောက်တုံးသောင်းဂဏန်းမျှ လက်ထဲတွင် ရှိနေသော်လည်း ဤဆေးလုံး၏ တစ်လုံးချင်းစီ စျေးနှုန်းမှာ ကောင်းမွန်သော အဆင့်နိမ့်ဝိညာဥ်လက်နက်တစ်ခု၏ စျေးနှုန်းနှင့် နီးကပ်နေပြီ ဖြစ်သည်။
စင်အောက်မှ လူတစ်ဦးက ဘုတ်ပြားကို ချက်ချင်း မြှောက်လိုက်သည်။
"ငါးထောင်ငါးရာ"
"ခြောက်ထောင်"
"ခြောက်ထောင်ငါးရာ"
စျေးနှုန်းများမှာ တရိပ်ရိပ် တက်လှမ်းလာပြီး နောက်ဆုံးတွင် "ခုနစ်ထောင်" တွင် ရပ်တန့်သွားခဲ့သည်။
ထိုသူမှာ ထောင့်စွန်းတစ်နေရာတွင် ထိုင်နေသော အနက်ရောင်ဝတ်စုံနှင့် လူသန်ကြီးတစ်ဦး ဖြစ်ပြီး မျက်နှာမှာ မည်းမှောင်နေကာ ဘုတ်ပြားကို မြှောက်ပြီးနောက် မျက်နှာချင်းဆိုင်မှ ဘုတ်ပြားမြှောက်ထားသော လူကို ဓားကဲ့သို့ ထက်မြက်သော မျက်ဝန်းများဖြင့် အေးစက်စွာ စိုက်ကြည့်လိုက်သည်။
ထိုလူက စျေးထပ်ပြိုင်ရန် ပြုလုပ်ခဲ့သော်လည်း ထိုအကြည့်နှင့် ဆုံမိသောအခါ ခန္ဓာကိုယ် တုန်လှုပ်သွားပြီး ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် စိတ်ပျက်လက်ပျက်ဖြင့် ဘုတ်ပြားကို ပြန်ချလိုက်တော့သည်။
မိန်းမပျိုက ပြုံးလျက် ခေါင်းညိတ်ကာ ကြေညာလိုက်သည်။
"ချီစုဆောင်းခြင်း ဖန်တီးမှု့ဆေးလုံး သုံးလုံးကို နံပါတ်ခုနစ် ထိုင်ခုံက ကျင့်ကြံသူ ပိုင်ဆိုင်သွားပါတယ်ရှင့်"
မကြာမီတွင် ထိုလူသန်ကြီး ထရပ်လိုက်ပြီး အနောက်ခန်းဆီသို့ တည့်တည့် လျှောက်လှမ်းသွားခဲ့သည်။
သူ၏ ပုံရိပ်က ကုလားကာစနောက်ကွယ်သို့ ကွယ်ပျောက်သွားသည်နှင့် တစ်ပြိုင်နက် ပထမအလွှာ၏ အမှောင်ထောင့်စွန်းများထဲမှ လူအချို့သည်လည်း အသံတိတ် လှုပ်ရှားလျက် အမဲလိုက်ခွေးများပမာ အေးစက်သော မျက်ဝန်းများ၊ တည်ငြိမ်သော ခြေလှမ်းများဖြင့် ထိုလူ၏နောက်သို့ တိတ်တဆိတ် လိုက်ပါသွားကြသည်ကို လုလီ လှမ်းမြင်လိုက်ရသည်။
လုလီ၏ မျက်နှာ အမူအရာ မပြောင်းလဲသော်လည်း စိတ်ထဲတွင်မူ နိုးနိုးကြားကြား ရှိနေခဲ့ပြီ ဖြစ်သည်။
"တကယ့်ကို အန္တရာယ်များတဲ့ နေရာပဲ... ရတနာကို မြန်မြန်ရလေ၊ ဒုက္ခကလည်း ပိုမြန်မြန် ရောက်လာလေပဲ"
လေလံပွဲက ဆက်လက် လည်ပတ်နေသည်။
နောက်ထပ် လေလံပွဲ အနည်းငယ်မှာ အများစုမှာ ရှားပါးသော ဆေးဖက်ဝင် အပင်များ ဖြစ်ကြပြီး အချို့မှာ သက်တမ်း အလွန်ရင့်သဖြင့် ဆေးစွမ်း ပြည့်ဝလှရာ လေလံဆွဲချိန်တွင် လူသံများ ဆူညံလျက် ပြိုင်ဆိုင်မှု ပြင်းထန်သည်။ အချို့မှာမူ အသုံးပြုပုံ အလွန် ထူးခြားသဖြင့် သီးသန့် အခြေအနေများတွင်သာ အာနိသင်ရှိရာ ပါဝင်သူ အလွန်နည်းပါးပြီး အခြေခံစျေးနှုန်းတွင်ပင် မည်သူမျှ စျေးမခေါ်ကြသဖြင့် လေလံတင်သူက ခေတ္တမျှ စောင့်ဆိုင်းပြီးနောက် တူကို ကမန်းကတန်း ထုကာ ပွဲသိမ်းလိုက်ရလေ့ ရှိသည်။
လုလီကမူ ၎င်းတို့ကို စိတ်ဝင်စားမှု မရှိချေ။
သူသည် ဝိညာဥ်လယ်ကွက်ထဲတွင် နှစ်နှစ်တိုင်တိုင် စိုက်ပျိုးခဲ့သော်လည်း ဆေးဖော်စပ်ခြင်း လမ်းစဉ်နှင့် ပတ်သက်၍ အသိပညာ အလွန် နည်းပါးလှရာ ကျင့်စဥ်များနှင့် ဝိညာဥ်လက်နက်များလောက် စိတ်ဝင်စားမှု့ မရှိပေ။
ထိုဝိညာဥ်ဆေးပင်များ၏ တန်ဖိုးမှာ မသေးလှကြောင်း သူ မြင်ရသော်လည်း စိတ်လှုပ်ရှားခြင်း မရှိဘဲ စိတ်ထဲတွင်သာ တိတ်တဆိတ် တွေးတောနေမိသည်။
"နောင်တစ်ချိန်မှာ အခွင့်အရေးရှိရင် ဆေးပညာကိုလည်း ကောင်းကောင်း လေ့လာဖြည့်စွက်ရမယ်"
နောက်ဆက်တွဲအနေဖြင့် ဝိညာဥ်လက်နက်များ၏ သီးသန့်လေလံပွဲ ဖြစ်သည်။
ကျောက်စိမ်းစင်မြင့်ထက်တွင် လျူလီက စကားဆိုလာသည်။
"ဝိညာဥ်လက်နက်ရဲ့ ပထမဆုံး လေလံပစ္စည်းကတော့ အလယ်အလတ်
အဆင့် ဝိညာဥ်လက်နက် လျှပ်စီးတုပ်နှောင်ကျာပွတ် ဖြစ်ပါတယ်ရှင့်"
သူမ၏ စကားသံ ဆုံးသည်နှင့် အလင်းအကာအကွယ်တစ်ခု မြင့်တက်လာပြီး တစ်ခုလုံး ခရမ်းရောင် သန်းနေကာ ကိုယ်ထည်မှာ လျှပ်စီးမြွေပမာ ကွေးကောက်နေသော ကျာပွတ်ရှည်တစ်ခု ဖြည်းညှင်းစွာ ပေါ်ထွက်လာရာ ပတ်ဝန်းကျင်ရှိ လေထုမှာလည်း အနည်းငယ် တုန်ခါသွားသည်။
"ဒီကျာပွတ်ရဲ့ ကိုယ်ထည်ပေါ်မှာ လျှပ်စီးအစင်းကြောင်း ကိုးကြောင်းကို ထုဆစ်ထားပြီး ဝိညာဥ်စွမ်းအားကို နှိုးဆွလိုက်မယ်ဆိုရင် ရန်သူကို တုပ်နှောင်ပြီး ရစ်ပတ်ထားနိုင်တဲ့အပြင် လျှပ်စီးမိုးကြိုးကို ဆွဲဆောင်ပြီး သတ်ဖြတ်နိုင်ပါတယ်။ အခြေခံစျေးနှုန်းကတော့ အဆင့်နိမ့်ဝိညာဥ်ကျောက်တုံးတစ်သောင်းသုံးထောင် ဖြစ်ပါတယ်ရှင့်"
အောက်ခြေတွင် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် လူတစ်ဦးက ဘုတ်ပြားကို မြှောက်လိုက်သည်။
"တစ်သောင်းလေးထောင်"
"တစ်သောင်းငါးထောင်"
"တစ်သောင်းခြောက်ထောင်ငါးရာ"
လုလီက ပထမအလွှာ၏ ထောင့်စွန်းတွင် ထိုင်လျက် ငြိမ်သက်စွာ စောင့ကြည့်နေသည်။
သူ့ စိတ်ထဲတွင် တိတ်တဆိတ် ဖြင့် "ဒီလက်နက်က တော်တော်လေး အားကောင်းပေမဲ့ အနီးကပ် တိုက်ခိုက်ရမှာပဲ..."
၎င်း၏ စွမ်းအားက မဆိုးလှသော်လည်း သူ၏ မျှော်မှန်းချက်နှင့် ကိုက်ညီမှု့ မရှိသဖြင့် သူသည် လေလံဝင်ပြိုင်ရန် အစီအစဉ် မရှိချေ။
နောက်ဆုံးတွင် ဤကျာပွတ်ကို ဝိညာဥ်ကျောက်တုံးတစ်သောင်းရှစ်ထောင်ဖြင့် အောင်မြင်စွာ လေလံအောင်သွားခဲ့ပြီး ကိုယ်လုံးကြီးမားသော ကျင့်ကြံသူတစ်ဦး၏ လက်ထဲသို့ ရောက်ရှိသွားခဲ့သည်။
ထို့နောက်တွင် ဒုတိယမြောက် ဝိညာဥ်လက်နက်ကို ဖြည်းညှင်းစွာ ဖွင့်လှစ်လိုက်သည်။
"ဒုတိယမြောက် လေလံပစ္စည်းကတော့ ဝိညာဥ်ဖမ်းသံမှို ဖြစ်ပါတယ်ရှင့်။ ကိုးခုတစ်တွဲ ဖြစ်ပြီး အားလုံးကို ယင်ဝိညာဥ်သံမဏိနဲ့ သွန်းလုပ်ထားတာမို့လို့ ထုတ်လွှတ်လိုက်တာနဲ့ ရန်သူရဲ့ စိတ်ဝိညာဉ်ကို ချုပ်နှောင်ထားနိုင်ပါတယ်။ စိတ်ဝိညာဉ်အာရုံကို ထည့်သွင်းလိုက်မယ်ဆိုရင် မီတာရာချီအကွာက ရန်သူကို ဖျက်ဆီးနိုင်တဲ့အပြင် ပြင်းထန်တဲ့ အဆိပ်လည်း ပါဝင်ပါတယ်ရှင့်"
အလင်းအကာအကွယ်ထဲတွင် မိုးမခရွက်ကဲ့သို့ သေးသွယ်သော အနက်ရောင် သံမှို ကိုးခုသည် လေထဲတွင် မျောလွင့်နေပြီး ထိပ်ဖျားများမှာ အနည်းငယ် တုန်ခါနေကာ မသိမသာ ညည်းတွားသံများ ထွက်ပေါ်နေပုံရသည်။
"အခြေခံလေလံစျေးနှုန်းကတော့ အဆင့်နိမ့်ဝိညာဥ်ကျောက်တုံးတစ်သောင်းနှစ်ထောင် ဖြစ်ပါတယ်ရှင့်"
စျေးခေါ်သံများ ဆက်တိုက် ထွက်ပေါ်လာပြီး မကြာမီတွင် ဝိညာဥ်ကျောက်တုံး နှစ်သောင်းကျော်အထိ မြင့်တက်သွားခဲ့သည်။
လုလီ၏ မျက်ဝန်းများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။
သူသည် ဤဝိညာဥ်ဖမ်းသံမှို၏ အန္တရာယ်ရှိမှု့ကို သဘာဝအတိုင်း မြင်နိုင်သည်။ စိတ်ဝိညာဉ်ကို သီးသန့် ထိခိုက်စေသဖြင့် လုပ်ကြံသတ်ဖြတ်ခြင်း၏ အကောင်းဆုံး လက်နက်တစ်ခုဟု ဆိုရပေမည်။
လုလီ စိတ်လှုပ်ရှားသွားသော်လည်း စျေးနှုန်းများ မြင့်တက်လာသည်နှင့်အမျှ နောက်ဆုံးတွင် သူ ဝင်ရောက် မစွက်ဖက်ခဲ့ချေ။
ဤအရာသည် ရန်သူကို အမှောင်ထဲမှ သတ်ဖြတ်ရန် ကောင်းမွန်သော်လည်း ဂိုဏ်းတွင်း ပြိုင်ပွဲအတွက်မူ အလွန် ယုတ်မာကောက်ကျစ်လွန်းလှသဖြင့် အကြီးအကဲများ၏ မကျေနပ်မှုကို ဖြစ်ပေါ်စေမည်ကို စိုးရိမ်ရသည်။
သူသည် ဆက်လက်၍ မလှုပ်ရှားသေးဘဲ ဤကဲ့သို့သော စိတ်ဝိညာဉ်ဆိုင်ရာ လက်နက်မျိုးကို စိတ်ထဲတွင်သာ တိတ်တဆိတ် မှတ်သားထားလိုက်သည်။
တတိယမြောက် ဝိညာဥ်လက်နက်ပေါ်ထွက်လာသောအခါ လေထုမှာ တစ်ဖန် လေးနက်တည်ကြည်သွားပြန်သည်။
"တတိယမြောက် လေလံပစ္စည်းကတော့ လေဝိညာဥ်ကွင်း ဖြစ်ပါတယ်ရှင့်။ အလယ်အလတ်အဆင့် ခံစစ် ဝိညာဥ်လက်နက်တစ်ခုဖြစ်ပြီး နှိုးဆွလိုက်တာနဲ့ ခန္ဓာကိုယ် ပတ်ပတ်လည်မှာ လေဒိုင်းတစ်ခုကို ဖန်တီးပေးနိုင်ပြီး အဆင့်တူ ကျင့်ကြံသူရဲ့ အားအပြည့် တိုက်ခိုက်မှု့ကို တစ်ကြိမ် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်ရှင့်"
ဤဝိညာဥ်လက်နက်မှာ ငှက်မွှေးဘီးနှင့် တူညီပြီး တစ်ခုလုံး ငွေဖြူရောင် ဝင်းပနေကာ ပေါ့ပါးစွာ လည်ပတ်နေစဉ်အတွင်း လေပြေတစ်ချက်က ၎င်း၏အတွင်း၌ အဆက်မပြတ် စီးဆင်းနေသဖြင့် မြင်ရသည်မှာ အစစ်အမှန်နှင့် အိမ်မက်ကြား ယိမ်းထိုးနေပြီး ခန့်မှန်းရ ခက်ခဲလှသည်။
"အခြေခံစျေးနှုန်းကတော့ ဝိညာဥ်ကျောက်တုံးတစ်သောင်းလေးထောင် ဖြစ်ပါတယ်ရှင့်"
"ဒါက တော်တော်လေး မဆိုးဘူးပဲ... အရေးကြီးတဲ့ အချိန်မှာ အသက်ကယ်နိုင်တယ်... နှမြောစရာကောင်းတာက ငါက ကိုယ်ပိုင် အတွင်းသံချပ်အက်ျီကို အထူးသီးသန့် မှာယူထားပြီးပြီပဲ"
လုလီ၏ မျက်ဝန်းများ အနည်းငယ် လင်းလက်သွားပြီးနောက် စိတ်ဝင်စားမှု ပြန်လည် ပျောက်ကွယ်သွားခဲ့သည်။ သူ၏ ဤတစ်ခေါက် ခရီးစဉ်၏ ရည်ရွယ်ချက်မှာ တိုက်စစ်အတွက် ဝိညာဥ်လက်နက်ကို အဓိကထားခြင်း ဖြစ်သဖြင့် အခြားအရာများအတွက် ယာယီအားဖြင့် ထပ်မံသုံးစွဲရန် အရင်းအမြစ် ပိုလျှံခြင်း မရှိချေ။
"တစ်သောင်းငါးထောင်ငါးရာ"
"တစ်သောင်းခြောက်ထောင်"
"တစ်သောင်းခုနစ်ထောင်နှစ်ရာ"
"..."
သူက အကြည့်ကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး ဆက်လက် စောင့်ဆိုင်းနေခဲ့သည်။
📝အပိုင်း - ၄၈ ဟန်ယွဲ့ဓားနှင့် လျိုယွမ်ကျီ
ဘာသာပြန် - Na Gar🐉
ခန်းမအတွင်း မီးရောင်များ မှိန်ပျပျဖြစ်သွားပြီး ကောင်းကင်ထက်မှ ရွှေဖျော့ရောင် အလင်းတန်းတစ်ခု ဖြာဆင်းလာသည်။
လျိုလီ၏ အသံမှာ တစ်ဖန်ထွက်ပေါ်လာပြန်သည်။ သူမ၏ လေသံမှာ အေးစက်တည်ငြိမ်သော်လည်း ယခင်ကထက် ပိုမိုလေးနက်နေသည်။
"နောက်ထပ် လေလံတင်မှာကတော့... အဆင့်မြင့် ဝိညာဥ်လက်နက်တစ်ခု ဖြစ်ပါတယ်"
ဤစကားထွက်လာသည်နှင့်တစ်ပြိုင်နက် ခန်းမတစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားသည်။
ခဏအကြာတွင် အသက်ရှုသဲ့သဲ့များနှင့်အတူ လှိုင်းလုံးကြီးတစ်ခုကဲ့သို့ ရိုက်ခတ်လှုပ်ခတ်သွားတော့သည်။
"အဆင့်မြင့် ဝိညာဥ်လက်နက် ဟုတ်လား"
"ဒါက နောက်ဆုံးပစ္စည်းအဖြစ် ထွက်လာရမှာမဟုတ်ဘူးလား၊ ဘာလို့ စောစောစီးစီး ထွက်လာရတာလဲ"
အကယ်၍ စစ်မှန်သော အဆင့်မြင့် ဝိညာဥ်လက်နက်တစ်ခုသာဆိုလျှင် အခြေခံလေလံစျေးမှာ ဝိညာဥ်ကျောက်တုံး တစ်သိန်းထက် မနည်းနိုင်ပေ။
ဝိညာဥ်လက်နက်များကို အမြင့်ဆုံးအဆင့် ၊ အဆင့်မြင့်၊ အလယ်အလတ်
အဆင့်နှင့် အဆင့်နိမ့်အဆင့်ဟူ၍ အဆင့်လေးဆင့် ခွဲခြားထားသည်။ ထိုအထဲတွင် အမြင့်ဆုံးအဆင့် ဝိညာဥ်လက်နက်မှာ တိုက်ဆိုင်မှုရှိမှသာ ရနိုင်သောအရာဖြစ်ပြီး၊ အဆင့်မြင့် ဝိညာဥ်လက်နက်မှာမူ ချီစုဆောင်းခြင်းအထွတ်အထိပ်အဆင့် သို့မဟုတ် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများ ထိန်းချုပ်နိုင်သည့် အစွမ်းထက်ဆုံး သတ်ဖြတ်ခြင်းလက်နက် ဖြစ်သည်။
ထိုထက်မြင့်သော တတိယမြောက်အဆင့်ဖြစ်သည့် 'ရွှေအမြုတေ' အဆင့်မှစ၍ ကျင့်ကြံသူများသည် ဝိညာဥ်လက်နက်များကို တဖြည်းဖြည်း စွန့်
ပယ်ကြပြီး ပိုမိုဆန်းကြယ်နက်ရှိုင်းသော 'ဝိညာဥ်ရတနာ' များကိုသာ ရွေးချယ်အသုံးပြုကြသည်။
သို့သော် ချီစုဆောင်းခြင်းအဆင့် နှင့် အခြေခံတည်ဆောက်ခြင်းအဆင့် အတွက်မူ အစွမ်းထက်သော ဝိညာဥ်လက်နက်တစ်ခုသည် အသက်အန္တရာယ်ကို ဆုံးဖြတ်ပေးနိုင်သည့်အပြင် တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ရန် အထိရောက်ဆုံး နည်းလမ်းတစ်ခု ဖြစ်နေဆဲပင်။
လူတိုင်း၏ မျက်လုံးများ အရောင်တောက်နေစဥ် လျိုလီက ထပ်မံ၍ ပြောလိုက်သည်။
"ဒါပေမဲ့ ဒီလက်နက်က ပြည့်စုံတဲ့ အဆင့်မြင့် ဝိညာဥ်လက်နက်တစ်ခု မဟုတ်ပါဘူး၊ ပျက်စီးနေတဲ့ ဝိညာဥ်လက်နက်တစ်ခုပါ... သူ့ရဲ့ ဝိညာဥ်
အမှတ်အသားတွေ ပျက်စီးပြီး ဝိညာဥ်ချီကုန်ခမ်းသွားခဲ့လို့ အခုလက်ရှိ အစွမ်းက အလယ်အလတ်အဆင့်လောက်ပဲ ရှိပါတော့တယ်"
သူမက ခဏရပ်ကာ မျက်ဝန်းများကို ပင့်မော့လိုက်ပြီး "ဒါပေမဲ့လည်း တကယ်လို့ ဝိညာဥ်အမှတ်အသားတွေကို ပြုပြင်ပေးနိုင်မယ်၊ ဝိညာဥ်ချီကို ပြန်လည်မွေးမြူပေးနိုင်မယ့် ရတနာတွေကို ရှာတွေ့ခဲ့ရင်တော့ ဒီဝိညာဥ်
လက်နက်က အဆင့်မြင့်လက်နက်အဖြစ် ပြန်ရောက်သွားဖို့ အခွင့်အရေး ရှိပါတယ်"
ဤစကားကို ကြားလိုက်ရသောအခါ လူတိုင်း၏ မျက်နှာအမူအရာများ ပြောင်းလဲသွားပြီး သဘောပေါက်သွားကြသည်။ အချို့ကျင့်ကြံသူများ၏ မျက်ဝန်းထဲတွင် စိတ်ပျက်ရိပ်များ ဖြတ်ပြေးသွားသော်လည်း ကျင့်ကြံသူအများစုမှာမူ စမ်းသပ်လိုစိတ် ပြင်းပြနေကြဆဲပင်။
ပျက်စီးနေသော အဆင့်မြင့် ဝိညာဥ်လက်နက်ဖြစ်သော်လည်း ၎င်း၏ ခိုင်ခံ့မှုနှင့် အသုံးပြုထားသော ပစ္စည်းများ၏ အဖိုးတန်မှု့မှာ သာမန်အလယ်အလတ်အဆင့် ဝိညာဥ်လက်နက်များနှင့် နှိုင်းယှဥ်၍ မရနိုင်သောကြောင့် ဖြစ်သည်။
မကြာမီတွင် အနီရောင်ဝတ်စုံ ဝတ်ဆင်ထားသော အစေခံမိန်းကလေးတစ်ဦးသည် ပျက်စီးနေသော ဓားပျံတစ်လက်ကို သယ်ဆောင်ကာ စင်နောက်ကွယ်မှ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာခဲ့သည်။ ဤဓားမှာ တစ်လက်လုံး အရောင်မှိန်နေပြီး အလင်းရောင် မတောက်သော်လည်း သေသေချာချာ ကြည့်ရှုလျှင်မူ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်းအငွေ့အသက်တစ်ခု တိတ်တဆိတ် ထွက်ပေါ်နေသည်ကို ခံစားရနိုင်သည်။
လျိုလီက သူမ၏ နုဖတ်သော လက်ချောင်းလေးများကို မြှောက်ကာ တည်ငြိမ်စွာ မိတ်ဆက်ပေးလိုက်သည်။
"ဒီဓားကို 'ကိုးဘုံဥက္ကာပျံသံမဏိ' နဲ့ သွန်းလုပ်ထားတာ ဖြစ်ပြီး မီးဒဏ်နဲ့ အအေးဒဏ်ကို သဘာဝအတိုင်း ခုခံနိုင်စွမ်း ရှိပါတယ်... သာမန် မီး ဒါမှမဟုတ် ရေခဲစွမ်းအင်သုံး ပညာရပ်တွေက ဒီဓားအနားကို မကပ်နိုင်ပါဘူး၊ ဝိညာဥ်အမှတ်အသားတွေ ပျက်စီးလို့ အစွမ်းအများကြီး လျော့နည်းသွားပေမဲ့လည်း အဆင့်တူတွေထဲမှာတော့ ရှားပါးတဲ့ လက်နက်ကောင်းတစ်ခုပါပဲ"
သူမက ခဏမျှ ရပ်ပြီးနောက် လေလံစျေးကို ဖြည်းဖြည်းချင်း ကြေညာလိုက်သည်။
"အခြေခံလေလံစျေး... ဝိညာဥ်ကျောက်တုံး နှစ်သောင်း"
လုလီ၏ မျက်ဝန်းများ လှုပ်ခတ်သွားပြီး ထိုပျက်စီးနေသော ဓားပျံကို စိုက်ကြည့်ရင်း ရင်ထဲတွင် လိုချင်တပ်မက်စိတ်တစ်ခု တဖြည်းဖြည်း ကြီးစိုးလာခဲ့သည်။
ချီစုဆောင်းခြင်းအဆင့် အနိမ့်ပိုင်းကျင့်ကြံသူများ၏ ပညာရပ်များနှင့် အဆောင်ကျောက်စိမ်းပြားများသည် အများအားဖြင့် မီးနှင့် ရေ ဓာတ်နှစ်ခုကို အခြေခံကြသည်။ ဤဓားမှာ ကိုးဘုံဥက္ကာပျံသံမဏိဖြင့် သွန်းလုပ်ထားခြင်းဖြစ်ပြီး မီးနှင့် အအေးဒဏ်ကို သဘာဝအတိုင်း ခုခံနိုင်စွမ်းရှိရာ အကယ်၍ သူသာ အသုံးပြုခွင့်ရပါက ကျားကိုအတောင်ပံ တပ်ပေးလိုက်
သကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
သို့သော် မြင့်မားလှသော စျေးနှုန်းကို တွေးမိသောအခါ လုလီ၏ စိတ်နှလုံးမှာ အနည်းငယ် လေးလံသွားပြီး စိတ်ထဲတွင် တိတ်တဆိတ် တွက်ချက်နေမိသည်။
ယခုအချိန်တွင် သူ၏ ကိုယ်ပေါ်တွင် ဝိညာဥ်ကျောက်တုံး သုံးသောင်းကျော်နှင့် အဆင့်မြင့် ဝိညာဥ်ဆန် ပိဿာတစ်ထောင်ခန့်သာ ကျန်ရှိတော့သည်။ အကယ်၍ ဤဓား၏ လေလံစျေးမှာ ဝိညာဥ်ကျောက်တုံး လေးသောင်းထက် ကျော်လွန်သွားပါက သူလက်ခံနိုင်သည့် ကန့်သတ်ချက်ကို ကျော်လွန်သွားပြီဖြစ်ရာ ထပ်မံစဥ်းစားနိုင်တော့မည် မဟုတ်ပေ။
ကျင့်ကြံခြင်းလမ်းစဥ်ဟူသည် နောက်ဆုံးတွင် ငွေကြေးဓနနှင့် နောက်ခံအင်အားကိုသာ အားကိုးရခြင်း ဖြစ်ပေသည်။
လုလီက စိတ်ထဲမှ သက်ပြင်းတိတ်တဆိတ် ချမိသည်။ ဤကဲ့သို့သော အလယ်အလတ်အဆင့် ဝိညာဥ်လက်နက်ကို ဟွမ်ရှန်းဂိုဏ်း၏ အပြင်စည်းတပည့်များကြားတွင် မြင်တွေ့နိုင်ရန် မလွယ်ကူပေ။
ဝိညာဥ်ကျောက်တုံး လေးသောင်းဆိုသည်မှာ အပြင်စည်းတပည့်တစ်ဦး၏ လစဥ် ဝိညာဥ်ကျောက်တုံး တစ်ရာနှင့်သာ တွက်ချက်မည်ဆိုလျှင် စုဆောင်းရန် နှစ်ပေါင်းသုံးဆယ်ကျော် မျှ အချိန်ယူရမည်ဖြစ်သည်။
သို့သော် အမှန်တကယ်တွင် အပြင်စည်းတပည့်များသည် ချမ်းသာကြွယ်ဝမှုကို စုဆောင်းလိုပါက လစဥ်ထောက်ပံ့ကြေးအနည်းငယ်အပေါ်တွင်သာ မည်သည့်အခါမျှ အားမကိုးကြပေ။
ဝိညာဥ်ဆေးဥယာဥ်မှ တပည့်များသည် သူတို့အတွက် ချန်လှပ်ထားခွင့်ရှိသော ဆန်ဆယ်ပုံတစ်ပုံအပေါ်တွင် အားကိုးကြပြီး၊ လက်နက်ခန်းမမှ တပည့်များသည် လက်နက်သွန်းလုပ်ခနှင့် ရံဖန်ရံခါ ချန်လှပ်ထားသော ပစ္စည်းဖိုးများပေါ်တွင် အားကိုးကြသည်။ ဝိညာဥ်သားရဲခြံနှင့် ဆေးခန်းမတို့မှာလည်း ထိုနည်းအတိုင်းပင်။
ဟွမ်ရှန်းဂိုဏ်းတွင် အပြင်စည်းတပည့် မြောက်မြားစွာရှိရာ ဤမျှ မြင့်မားလှသော ကျင့်ကြံခြင်းအရင်းအမြစ် လိုအပ်ချက်အောက်တွင် ဆက်လက်ကျင့်ကြံနိုင်ရန်အတွက် အခြားသော လှည့်စားလုယူသည့် နည်းလမ်းမျိုးစုံ ရှိနေမည်မှာ အသေအချာပင်။
ဤအချက်ကို တွေးမိသောအခါ လုလီသည် ဝိညာဥ်လယ်မြေ၏ ဝေးလံခေါင်သီပြီး ခြောက်သွေ့လှသော မြင်ကွင်းကို မလွဲမသွေ ပြန်လည်သတိရမိပြန်သည်။ အမှန်တကယ်တွင် အပြင်စည်းတပည့်များ၏ အနည်းဆုံး ထက်ဝက်ခန့်မှာ အရင်းအမြစ်အားလုံး ဆင်းရဲလှသော ဝိညာဥ်လယ်မြေတွင်သာ ပိတ်မိနေကြပြီး အပိုဝင်ငွေရဖို့ နေနေသာသာ လစဥ် ဝိညာဥ်ကျောက်တုံးတစ်ရာကို ထိန်းသိမ်းနိုင်လျှင်ပင် တော်လှပြီဟု ဆိုရမည်။
သို့သော် ဟွမ်ရှန်းဂိုဏ်းမှာ အလွန်ပင် ကြီးမားလှပြီး အပြင်စည်းတပည့် ပေါင်းသောင်းချီရှိရာ ထိုအထဲတွင် လုလီကဲ့သို့ တစ်စုံတစ်ရာသော နည်းလမ်းကို အားကိုးကာ ဂိုဏ်း၏ အောက်ခြေတွင် တိတ်တဆိတ် ချမ်းသာနေသူများလည်း ရှိနေနိုင်ပေသည်။
ကျင့်ကြံသူတစ်ဦးနှင့် တစ်ဦးကြားရှိ ကွာဟချက်မှာ သာမန်လူသားများကြားရှိ ကွာဟချက်ထက် ပိုမိုကြီးမားလှသည်။
လုလီ၏ စိတ်ထဲတွင် အတွေးများ မဆုံးသေးခင်မှာပင် မျက်ဝန်းများက စင်ပေါ်ရှိ ဓားပျံထံသို့ တစ်ဖန်ပြန်လည် ကျရောက်သွားပြီး လေလံဆွဲသည့် ဘုတ်ပြားကို လက်ဖြင့် ဖြည်းဖြည်းချင်း တင်းတင်းဆုပ်ကိုင်လိုက်သည်။
ယခုအချိန်တွင် ပွဲခင်းအတွင်း လေလံစျေးမှာ ဝိညာဥ်ကျောက်တုံး သုံးသောင်းနီးပါးအထိ တက်လှမ်းနေပြီဖြစ်ရာ ကျင့်ကြံသူအများအပြားမှာ တုံ့ဆိုင်းသော အမူအရာများ ပြသလာကြသည်။ ယခင်က ထိပ်တန်းအလယ်အလတ်အဆင့် ဝိညာဥ်လက်နက် အချို့ပင်လျှင် ဝိညာဥ်ကျောက်တုံး နှစ်သောင်းဝန်းကျင်ဖြင့်သာ လေလံအောင်မြင်ခဲ့ခြင်းဖြစ်သည်။
မျက်စိရှေ့မှ ပျက်စီးနေသော အဆင့်မြင့် ဝိညာဥ်ဓားမှာ သွန်းလုပ်ထားသည့် ပစ္စည်းက ရှားပါးလှသော်လည်း ဝိညာဥ်အမှတ်အသားများ ပျက်စီးပြီး ဝိညာဥ်ချီအများအပြား လျော့နည်းသွားခဲ့ပြီ ဖြစ်ရာ အကယ်၍ ပြုပြင်ရခက်ခဲပါက ဤမျှ မြင့်မားသောစျေးနှုန်းနှင့် မတန်တဆ ဖြစ်သွားပေလိမ့်မည်။
"ကိုးဘုံဥက္ကာပျံသံမဏိ... အကယ်၍ သာ အောင်အောင်မြင်မြင် ပြုပြင်
နိုင်ရင်တော့ တကယ့်ကို အတုမရှိတဲ့ လက်နက်ကောင်းပဲ... မီးဒဏ် နဲ့ အအေးဒဏ်ကို ခုခံနိုင်တာကလည်း ငါ့ရဲ့ နောင်အနာဂတ်အတွက် အသုံးဝင်နိုင်တယ်"
"အဆင့်မြင့်လက်နက် ဖြစ်ခဲ့ဖူးတယ်ဆိုပေမဲ့ အခုတော့ ဝိညာဥ်အမှတ်အသားတွေ အကုန်ပျက်စီးနေပြီ၊ အချိန်တိုအတွင်း ပြုပြင်ဖို့က ဘယ်လောက်တောင်ခက်ခဲမှာလဲ။ ရှားပါးတဲ့ ပစ္စည်းတစ်မျိုးနှစ်မျိုးမရှိဘဲနဲ့ အဆင့်မြင့်အဖြစ် ပြန်ရောက်ဖို့က စိတ်ကူးယဥ်သက်သက်ပဲ။ အကယ်၍ ပျက်စီးနေတဲ့ ဓားအတိုင်းပဲ အသုံးပြုမယ်ဆိုရင် အခြားအလယ်အလတ်အဆင့် ဝိညာဥ်လက်နက်တွေနဲ့ အစားထိုးလို့ ရတာပဲ..."
လုလီသည် လေလံစင်မြင့်ပေါ်ရှိ အလင်းမှိန်နေသော ဓားပျံကို စိုက်ကြည့်ရင်း လက်နက်ကို လေလံဆွဲရမလား၊ မဆွဲရဘူးလားဟူ၍ စိတ်ထဲတွင် တိတ်တဆိတ် ချိန်ဆနေမိသည်။
ထိုစဥ်ပင် သူ၏ စိတ်ထဲတွင် ချိုးယွဲ့၏ တုံ့ဆိုင်းမှုအနည်းငယ် စွက်ဖက်နေသော အသံက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"လုလီ... အဲဒါကို လေလံဆွဲလိုက်"
လုလီ၏ စိတ်အာရုံ လှုပ်ခတ်သွားသည်။ ချိုးယွဲ့သည် မကွယ်လွန်မီက အဆင့်အတန်း မြင့်မားသူဖြစ်ပြီး မည်သည့်အရာကိုမဆို အထင်ကြီးလေ့မရှိပေ။ သူမသည် သာမန်အားဖြင့် ဝိညာဥ်လက်နက်မျိုးစုံကို မြင်တွေ့ဖူးနေကျဖြစ်ရာ သူ့ကို တစ်ခုခုဝယ်ရန် မိမိသဘောဖြင့် တိုက်တွန်းခဲလှသည်။ သို့ဆိုလျှင် ဤပျက်စီးနေသော ဓားတွင် တစ်စုံတစ်ရာသော လျှို့ဝှက်ချက် ရှိနေ၍လော။
သူက စိတ်ကို တည်ငြိမ်အောင်ထားပြီး အသံတိုးတိုးဖြင့် မေးလိုက်သည်။ "ဘာလို့ အဲဒါကို လေလံဆွဲခိုင်းရတာလဲ။ ဒီဓားက သွန်းလုပ်ထားတဲ့ ပစ္စည်းကောင်းတယ်ဆိုပေမဲ့ မဖြစ်မနေ ဝယ်ရမယ့်အဆင့်ထိတော့ မရောက်သေးပါဘူး"
ချိုးယွဲ့၏ အသံထဲတွင် ရှားရှားပါးပါး ရှုပ်ထွေးသော ခံစားချက်တစ်ခု ထွက်ပေါ်လာပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်။
"ဒီဓားက... ငါ ချီစုဆောင်းခြင်းအဆင့်တုန်းက အမြဲသုံးခဲ့တဲ့ ဓားပဲ၊ နာမည်က 'ဟန်ယွဲ့'တဲ့။ အခု ဒီဓားကို ပြန်မြင်ရတော့ အတိတ်ကို သတိရမိတယ်... အကယ်၍ နင် ဒီဓားကို လေလံဆွဲနိုင်ရင် ငါ နင့်ကို ကံကောင်းခြင်း လက်ဆောင်တစ်ခု ပေးမယ်"
ပြောပြီးနောက် ချိုးယွဲ့သည် တစ်ဖန်ပြန်လည် တိတ်ဆိတ်သွားပြီး မည်သည့်စကားမျှ ထပ်မပြောတော့ပေ။
ချိုးယွဲ့၏ ချီစုဆောင်းခြင်းအဆင့်တုန်းက ကိုင်ခဲ့တဲ့ဓား ဟုတ်လား။
လုလီသည် ဤစကားကို ကြားလိုက်ရသောအခါ မျက်မှောင် ချက်ချင်း ကျုံ့သွားပြီး ဦးနှောက်ထဲတွင် အတိတ်မှတ်ဉာဏ်များစွာ ဖြတ်ပြေးသွားသည်။ အကယ်၍ သူ အမှတ်မမှားပါက ချိုးယွဲ့ ကွယ်လွန်ပြီးနောက် မိစ္ဆာခေါင်းတောင်ရှိ ကျောက်ဂူအတွင်း၌ တုံရှန်း၏ အဘိုးဖြစ်သူ လျိုယွမ်ကျီက ချိုးယွဲ့၏ သိုလှောင်အိတ်ကို ရရှိခဲ့ဖူးသည်။
ဤသို့ဆိုလျှင် ဤဓားပျံမှာ လျိုယွမ်ကျီကိုယ်တိုင် လေလံတင်ရန် ထုတ်ပေးထားခြင်း ဖြစ်နိုင်ခြေ အလွန်မြင့်မားသည်။ ထိုအချက်က ယခုအချိန်တွင် လျိုယွမ်ကျီကိုယ်တိုင် ဤလေလံပွဲခင်းအတွင်း ပုန်းအောင်းနေသည်ဟူသော အဓိပ္ပာယ်ကို ဆောင်နေသည်မဟုတ်ပါလား။
လုလီ၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာပြီးနောက် ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားကာ မျက်ဝန်းများလည်း မသိမသာ ရန်လိုသောအသွင်သို့ ပြောင်းလဲသွားသည်။ သူ၏ ခန္ဓာကိုယ်မှာ သတိမထားမိနိုင်လောက်အောင် တင်းမာသွားပြီး ကျောပြင်မှတစ်ဆင့် အေးစက်စက် အငွေ့အသက်တစ်ခုက လည်ပင်းဆီသို့ တိတ်တဆိတ် ပျံ့နှံ့လာခဲ့သည်။
ထိုအဖိုးကြီး...
လျိုယွမ်ကျီနှင့် ပထမဆုံး ဆုံတွေ့စဥ်က သူသည် သာမန်လူသားတစ်ဦးသာ ရှိသေးသည်။
ထိုစဥ်က လျိုယွမ်ကျီသည် အထက်စီးမှ ငုံ့ကြည့်သောအမူအရာကို အနည်းငယ်မျှ မဖုံးကွယ်ဘဲ သူ၏ ရုန်းကန်မှု၊ နာကျင်မှုနှင့် တုံရှန်း၏ ကျင့်ကြံခြင်းလမ်းစဥ် အောင်မြင်ရန်အတွက် ဝိညာဥ်သွေးကို ပေးလှူခဲ့ရသည်များကို အေးစက်စွာ စောင့်ကြည့်ခဲ့သည်။
သူသည် မိမိကိုယ်ကို ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ သဘောထားကာ တုံ့ပြန်
ရန် အခွင့်အရေးပင်မပေးဘဲ ဝိညာဥ်သွေးကို အတင်းအဓမ္မ လုယူခဲ့ပြီး တုံရှန်း၏ ကံကြမ္မာထဲသို့ ချည်နှောင်ကာ လမ်းပြစောင့်ရှောက်သူဟူသော ခေါင်းစဥ်အောက်တွင် ကျွန်ပြုခြင်းကို ပြုလုပ်ခဲ့သည်။
လုလီသည် ယခုအခါ ကျင့်ကြံခြင်းအဆင့် နိမ့်ပါးသေးသော်လည်း အတွေ့အကြုံများစွာ ကြုံတွေ့ပြီးနောက် ကျင့်ကြံခြင်းလောကသို့ စတင်
ဝင်ရောက်ခါစ ကလေးငယ် မဟုတ်တော့ပေ။ သူက ထိုအဖိုးကြီး၏ ကျင့်ကြံခြင်းအဆင့် အတိမ်အနက်ကို တဖြည်းဖြည်း ရှင်းလင်းစွာ မြင်တွေ့လာရပြီ ဖြစ်သည်။
သူ့ရဲ့ ဓားပျံစီးရာမှာ ကျွမ်းကျင်မှု့မရှိဘဲ ပျံသန်းချိန် အလွန်တိုတောင်းကာ အမြင့်ကို မနည်းထိန်းထားရသည်။ ခန္ဓာကိုယ် ကာကွယ်တဲ့လေဒိုင်းမှာလည်း သူနှင့် တုံရှန်း နှစ်ဦးတည်းကိုသာ ဖုံးကွယ်နိုင်ခဲ့ပြီး ထိုခရီးစဥ်အတွင်း မိမိမှာ လေဓားသွားများကြောင့် ကိုယ်ခန္ဓာ ကွဲအက်လုနီးပါးဖြစ်ကာ အေးစက်သောလေများ အရိုးထဲအထိ စိမ့်ဝင်သွားပြီး ဓားပေါင်းသောင်းခြောက်ထောင်ဖြင့် ထိုးဆွခံရသကဲ့သို့ ခံစားခဲ့ရသည်။
ဤအခြေအနေများအရ ကျင့်ကြံခြင်းအဆင့် မြင့်မားသော်လည်း အခြေခံတည်ဆောက်ခြင်းအဆင့်သို့ မရောက်သေးဘဲ အနည်းဆုံး ချီစုဆောင်းခြင်းအဆင့်၏ ကန့်သတ်ချက် အစွန်းနားတွင်သာ ရှိနေကြောင်း သက်သေပြနေသည်။ လုလီက စိတ်ထဲတွင် တိတ်တဆိတ် ဆုံးဖြတ်လိုက်
သည်မှာ ထိုအဖိုးကြီးသည် ချီစုဆောင်းခြင်းအဆင့်(၉) သို့မဟုတ် (၁၀)တွင် ရှိနေနိုင်သော်လည်း သူ၏ လက်ရှိအခြေအနေနှင့် ထိပ်တိုက်ရင်ဆိုင်ရန် အလွန်ပင် ဝေးကွာနေသေးသည်။
ဤအတွေး ပေါ်လာသည်နှင့်တစ်ပြိုင်နက် လုလီ၏ စိတ်ထဲတွင် အန္တရာယ်အချက်ပေးသံများ ဆူညံသွားပြီး မျက်နှာပေါ်ရှိ အမည်းရောင်မျက်နှာဖုံးကို အပေါ်သို့ အနည်းငယ် ထပ်မံဆွဲတင်ကာ မျက်နှာအများစုကို ဖုံးကွယ်လိုက်
သည်။ တစ်ချိန်တည်းမှာပင် ဝိညာဥ်ချီကို တိတ်တဆိတ် လည်ပတ်စေကာ 'အသက်ရှူနှုန်းထိန်းချုပ်ခြင်းကျင့်စဥ်' ကို ပိုမိုမြန်ဆန်စွာ လည်ပတ်စေပြီး ခန္ဓာကိုယ်တစ်ခုလုံး၏ အငွေ့အသက်ကို ထပ်မံ၍ ဖုံးကွယ်လိုက်သည်။
သို့သော် ရင်ထဲတွင်မူ မငြိမ်သက်သေးပေ။
အကယ်၍ ထိုအဖိုးကြီးက အနီးအနားတွင် တကယ်ရှိနေပြီး မိမိက ဤဓားကို ဝင်ရောက်လေလံဆွဲမည်ဆိုပါက တစ်စုံတစ်ရာကို ရိပ်မိသွားနိုင်သည်။
လုလီ၏ နဖူးပြင်တွင် ချွေးစေးများ ထွက်လာပြီး ဦးနှောက်ထဲတွင် နေ့လယ်ပိုင်းက ဝယ်ယူခဲ့သော ကျောက်စိမ်းပြားထဲမှ ထိုက်ယွမ်အသက်ရှူနှုန်းထိန်းချုပ်ခြင်းကျင့်စဥ် ကို ရုတ်တရက် သတိရမိသည်။
ဤပညာရပ်၏ အဆင့်အတန်းကို မသိရသော်လည်း သူ၏ လက်ရှိ အသက်ရှူနှုန်းထိန်းချုပ်ခြင်းကျင့်စဥ်ထက် ပိုမိုအစွမ်းထက်မည်မှာ အသေအချာပင်။
ချိုးယွဲ့ပြောသော ကံကောင်းခြင်းအခွင့်အရေးကို တွေးမိရင်း လုလီသည် အသက်ကို ပြင်းပြင်းရှူကာ လက်ထဲမှ ဘုတ်ပြားကို ဖြည်းဖြည်းချင်း မြှောက်လိုက်ပြီး တည်ငြိမ်ပြီး ပြတ်သားသော အသံဖြင့် အော်လိုက်သည်။
"ဝိညာဥ်ကျောက်တုံး သုံးသောင်းတစ်ထောင်"
အသံက မကျယ်လှသော်လည်း ပွဲခင်းအတွင်းရှိ မျက်ဝန်းများကို ချက်ချင်း ဆွဲဆောင်သွားခဲ့သည်။ ကျင့်ကြံသူ အများအပြားမှာ အံ့အားသင့်သွားကြပြီး ဤအနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူလူငယ်က ဤမျှ မြင့်မားသော စျေးနှုန်းကို ပေးဝံ့လိမ့်မည်ဟု ထင်မထားကြပေ။
ထိုစဥ် ပထမထပ်၏ ထောင့်တစ်နေရာမှ မထင်မရှားသော မျက်ဝန်းတစ်စုံသည် လုလီရှိရာ အရပ်ဆီသို့ တိတ်တဆိတ် ဖြတ်သန်းကြည့်ရှုသွားပြီး စိတ်ဝင်စားဖွယ် အမူအရာတစ်ခု ပါဝင်နေပုံရလေသည်။