← Chapters

အခန်း (၄၉-၅၁)

Vol. 4 Ch. 49-51

အခန်း (၄၉-၅၁)

Vol. 4 Ch. 49-51

📝အပိုင်း - ၄၉ လေလံအောင်မြင်ခြင်း

ဘာသာပြန် - Na Gar🐉

ရုတ်တရက် အဝေးရှိ ဒုတိယထပ်၏ တစ်နေရာမှ နှာခေါင်းရှုံ့သံတစ်သံ ထွက်ပေါ်လာခဲ့သည်။

"ဝိညာဥ်ကျောက်တုံး သုံးသောင်းနှစ်ထောင်"

အသံက မကျယ်လှသော်လည်း ငြင်းပယ်လို့မရသော ဖိအားတစ်ခု ပါဝင်နေပြီး ကျင့်ကြံသူအများအပြားကို လှည့်ကြည့်စေခဲ့သည်။

လုလီ၏ မျက်ဝန်းများ အေးစက်သွားပြီး မျက်မှောင်ကြုတ်လိုက်မိသည်။

စျေးနှုန်းကို တစ်ခုချင်းစီ လိုက်တိုးနေ၍ မဖြစ်ချေ။ လေလံပွဲဟူသည် စည်းချက်ရှိသည်။ ဤကဲ့သို့ စျေးနှုန်းအနည်းငယ်စီဖြင့် အပြန်အလှန် လုနေခြင်းမှာ အခြားသူများ၏ စောင့်ကြည့်ခြင်းကို ခံရလွယ်ဆုံးဖြစ်ပြီး မိမိ မဖြစ်မနေ လိုချင်နေသည်ကို တစ်ပါးသူ ရိပ်မိသွားပါက အခြေအနေကို ပိုမိုရှုပ်ထွေးသွားစေနိုင်ကာ အပြောင်းအလဲများ ဖြစ်ပေါ်လာနိုင်သည်။

သူက အနည်းငယ် တွေးတောပြီးနောက် မျက်ဝန်းထဲတွင် ပြတ်သားသော ဆုံးဖြတ်ချက်တစ်ခု ချလိုက်တော့သည်။

"ဝိညာဥ်ကျောက်တုံး သုံးသောင်းခြောက်ထောင်"

ထိုစကားလုံးများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် လေလံခန်းမတစ်ခုလုံးသည် လေငြိမ်သွားသကဲ့သို့ ရုတ်တရက် တိတ်ဆိတ်သွားတော့သည်။

မူလက ဝင်ရောက်လုယူရန် စိတ်ကူးရှိနေကြသော ကျင့်ကြံသူအများအပြားမှာ ချက်ချင်းပင် လှုပ်ရှားမှုရပ်တန့်သွားပြီး ပထမထပ် ထောင့်တစ်နေရာရှိ အနက်ရောင်ဝတ်စုံဝတ် လူရိပ်ထံသို့ လှည့်ကြည့်လိုက်ကြသည်။

ထိုလူရိပ်မှာ မီးရောင်မှိန်ပျပျအောက်တွင် ငြိမ်သက်စွာ ထိုင်နေပြီး ခန္ဓာကိုယ်တစ်ခုလုံး၏ အငွေ့အသက်မှာ ဖုန်မု့န်တစ်စကဲ့သို့ တည်ရှိမှုမရှိသလောက်ပင်။

သို့သော် ဤတစ်ကြိမ်တည်းနှင့် ခေါ်ဆိုလိုက်သော စျေးနှုန်းမှာမူ မည်

သူထက်မဆို ပိုမိုများပြားပြီး ပြတ်သားလှသည်။

သုံးသောင်းခြောက်ထောင် တစ်ကြိမ်တည်းနှင့် လေးထောင်တိတိ တိုးမြှင့်

လိုက်ခြင်း ဖြစ်သည်။

ဒါက နောက်ဆုတ်ရန် လမ်းမချန်ဘဲ ထိုးနှက်လိုက်ခြင်းဖြစ်သလို ကြေညာချက်တစ်ခုလည်း ဖြစ်ပေသည်။

ဒီဓားကို ငါ မဖြစ်မနေ ရအောင်ယူမယ်။

"ဒါ ဘယ်ကလာတဲ့ မိသားစုကြီးရဲ့ သားသမီးလဲ" ကျင့်ကြံသူတစ်ဦးက အသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။

"ဂိုဏ်းကြီးတစ်ခုခုကနေ လေ့ကျင့်ဖို့ ထွက်လာတဲ့ အဓိကတပည့်လား မသိဘူး" အခြားသူတစ်ဦးကလည်း တွေးတောသော မျက်ဝန်းများဖြင့် ကြည့်နေသည်။

အနက်ရောင်ဝတ်စုံအောက်ရှိ လုလီမှာမူ ဘာမှမပြောဘဲ တိတ်ဆိတ်နေခဲ့သည်။

သူ့စိတ်ထဲတွင်မူ အစောကတည်းက သေသေချာချာ တွက်ချက်ပြီးသား ဖြစ်သည်။

ဝိညာဥ်ကျောက်တုံး သုံးသောင်းနှင့် ဝိညာဥ်ဆန် ပိသာရာချီခန့်ဒါက သူ၏ လက်ရှိ ပိုင်ဆိုင်မှုအားလုံးနီးပါး ဖြစ်သည်။

ဝိညာဥ်ဆန်မှာ ဟွမ်ရှန်းဂိုဏ်း၏ အပြင်စည်းတွင် အတွေ့ရများသော်လည်း အရည်အသွေးကောင်းမွန်ပါက ပြင်ပလောကတွင် အဖိုးတန်ပစ္စည်းတစ်ခု ဖြစ်နေဆဲပင်။ အချို့သော အရည်အသွေးမြင့် ဝိညာဥ်ဆန်မျိုးဆိုလျှင် ရှာမှရှား တိုက်ဆိုင်မှုရှိမှသာ တွေ့နိုင်သောအရာ ဖြစ်သည်။

ဤတစ်ကြိမ် လှုပ်ရှားမှု့မှာ သူ၏ ပိုင်ဆိုင်မှုအားလုံးကို ပုံအောလိုက်ခြင်းဟု ဆိုနိုင်သည်။

သို့သော် လုလီ၏ မျက်နှာအမူအရာမှာ မပြောင်းလဲဘဲ မျက်ဝန်းအနက်ပိုင်းတွင် တည်ငြိမ်သော အလင်းရောင်တစ်ခု ဖြတ်ပြေးသွားသည်။

မည်သူမျှ စျေးနှုန်းထပ်မံ မတိုးကြတော့ပေ။

တိတ်ဆိတ်မှုမှာ ခဏမျှ ကြာမြင့်သွားခဲ့သည်။

လေလံပွဲကို ဦးဆောင်နေသော လျိုလီက ပွဲခင်းတစ်ခုလုံးကို ဝေ့ကြည့်ကာ အနည်းငယ် ခေါင်းညိတ်လိုက်ပြီး "ဝိညာဥ်ကျောက်တုံး သုံးသောင်းခြောက်ထောင်... တစ်ကြိမ်... နှစ်ကြိမ်... သုံးကြိမ်"

သစ်သားတူလေး ကျရောက်သွားပြီးနောက် ထွက်ပေါ်လာသော အသံနှင့်

အတူ ဤဓားမှာ အနက်ရောင်ဝတ်စုံနဲ့လူ၏ လက်ထဲသို့ ကျရောက်သွားပြီဖြစ်ကြောင်း ကြေညာလိုက်တော့သည်။

စင်အောက်ရှိ လူတိုင်းမှာ တစ်ဦးကိုတစ်ဦး ကြည့်နေကြသော်လည်း နောက်ဆုံးတွင် မည်သူမျှ ထပ်မံမလှုပ်ရှားကြတော့ပေ။ အချို့သူများက လိုချင်တပ်မက်နေကြပြီး အချို့ကမူ တွန့်ဆုတ်နေကြသော်လည်း ဆက်လက်လုယူနေပါက ဒုက္ခရှာသည်နှင့် တူနေမည်ကို အားလုံး သိကြသည်။

ထောင့်တစ်နေရာရှိ လုလီသည် သက်ပြင်းတစ်ချက် တိတ်တဆိတ် ချလိုက်ပြီး အမူအရာမပြောင်းလဲဘဲ လှည့်ထွက်ကာ လေလံစင်နောက်ကွယ်ရှိ လမ်းကြောင်းဆီသို့ တိုက်ရိုက် လျှောက်လှမ်းသွားခဲ့သည်။

လျိုလီသည် လျှောက်လှမ်းသွားသော ကျောပြင်ကို ကြည့်ရင်း မျက်ခုံးပင့်မိသွားသည်။

ထိုလူ၏ လမ်းလျှောက်ပုံမှာ တည်ငြိမ်ပြီး ပုခုံးနှင့်ကျောပြင်မှာ အနည်းငယ် ကိုင်းနေရာ လူငယ်တစ်ဦး၏ အငွေ့အသက် မပျောက်သေးသည်မှာ ထင်ရှားသည်။ အသက်အရွယ် သိပ်မကြီးနိုင်သော်လည်း ဆုံးဖြတ်ချက်ချရာတွင် အနည်းငယ်မျှ တုံ့ဆိုင်းမှုမရှိချေ။ သူမ၏ စိတ်ထဲတွင် စူးစမ်းလိုစိတ် အနည်းငယ် ဖြစ်ပေါ်လာမိသည်။

"ဘယ်ဂိုဏ်းရဲ့ အဓိကတပည့်လဲ မသိဘူး..."

သူမက လက်ကို အနည်းငယ်ဝှေ့ယမ်းကာ ဘေးနားရှိ အနီရောင်ဝတ်စုံဝတ် အစေခံမိန်းကလေးအား ထိုပျက်စီးနေသော ဓားပျံကို သေသေချာချာ သိမ်းဆည်းရန် တိုးတိုးလေး မှာကြားလိုက်သည်။

စင်နောက်ကွယ်ရှိ ပစ္စည်းလွှဲပြောင်းရာနေရာ။

လုလီသည် ဝိညာဥ်ကျောက်တုံး သုံးသောင်း ထည့်ထားသော သိုလှောင်အိတ်ကို ကမ်းပေးလိုက်ပြီး တည်ငြိမ်သော အမူအရာဖြင့် အသံကို အနည်းငယ် နှိမ့်ကာ တမင်တကာ အက်ရှရှအသံဖြင့် ပြောလိုက်သည်။

"ဝိညာဥ်ကျောက်တုံး ခြောက်ထောင် လိုသေးတယ်... ငါ့ဆီမှာ အဆင့်မြင့် ဝိညာဥ်ဆန်တွေ ရှိတယ်၊ အဲဒါနဲ့ အစားထိုးလို့ ရမလား။ ဒီဝိညာဥ်ဆန်ရဲ့ အရည်အသွေးကို ကြည့်ပြီး ဘယ်နှစ်ပိဿာနဲ့ လဲလို့ရမလဲ"

ထိုအနီရောင်ဝတ်စုံဝတ် အစေခံမိန်းကလေးမှာ အနည်းငယ် ကြောင်အသွားပြီးနောက် သူကမ်းပေးလာသော အထုပ်ကို လွှဲပြောင်းယူကာ ဖွင့်ကြည့်ပြီး အနည်းငယ် အနံ့ခံကြည့်လိုက်ရာ မျက်ဝန်းထဲတွင် ချက်ချင်းပင် အံ့အားသင့်ရိပ်များ ထွက်ပေါ်လာခဲ့သည်။

သူမက ဆန်အနည်းငယ်ကို လက်ဖဝါးပေါ်သို့ သွန်ချကြည့်လိုက်ရာ ထိုဝိညာဥ်ဆန်မှာ အရောင်အသွေး တောက်ပကြည်လင်ပြီး အစေ့တိုင်း စိုပြည်နေကာ ၎င်း၏အပေါ်တွင် ဝိညာဥ်ချီများ စီးဆင်းနေပြီး နွေးထွေးသော အငွေ့အသက်တစ်ခု ပျံ့လွင့်လာသည်ကို ခံစားလိုက်ရသည်။ ၎င်းမှာ အဆင့်မြင့် အရည်အသွေးကောင်းမွန်သော ဆန်ဖြစ်ကြောင်း ထင်ရှားသည်။

သူမသည် မိမိသဘောဖြင့် မဆုံးဖြတ်ရဲသဖြင့် စင်ရှေ့သို့ အမြန်လျှောက်

လှမ်းသွားကာ ထိုဝိညာဥ်ဆန်ကို လျိုလီအား ပြသလိုက်သည်။

လျိုလီက အမှတ်မထင် ကြည့်လိုက်သော်လည်း သူမ၏ ဝိညာဥ်အာရုံဖြင့် အနည်းငယ် စစ်ဆေးကြည့်လိုက်သောအခါ မျက်ဝန်းထဲတွင် ထူးဆန်းသော အရောင်တစ်ခု ထွက်ပေါ်လာခဲ့သည်။

"ဒါက... ဝိညာဥ်မျိုးစေ့ အဆင့်အတန်း အလွန်မြင့်တဲ့ ဝိညာဥ်ဆန်ပဲ၊ သာမန်လောကမှာ တွေ့ရလေ့မရှိဘူး"

သူမသည် အဝေးရှိ မျက်နှာဖုံးစွပ်ထားသော အနက်ရောင်လူရိပ်ထံသို့ မျက်ဝန်းများကို ပင့်မော့ကြည့်လိုက်ပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။

"ဒီလို ဝိညာဥ်ဆန်မျိုးက ကျော်ကြားတဲ့ ဂိုဏ်းကြီးတွေရဲ့ ဝိညာဥ်လယ်မြေကနေ ထွက်လာတာ ဖြစ်ရမယ်"

သူမက ခဏရပ်ကာ ဦးနှောက်ထဲတွင် နေရာတစ်ခု၏ နာမည်ကို ချက်ချင်း သတိရမိလိုက်သည်။

ဟွမ်ရှန်းဂိုဏ်း။

ချင်းဝူစျေးနှင့် အနီးဆုံးဖြစ်သော ထိပ်တန်းဂိုဏ်းကြီးမှာ ဟွမ်ရှန်းဂိုဏ်း ဖြစ်ပြီး ဤနေရာမှ မိုင်တစ်ထောင်ခန့်သာ ကွာဝေးသည်။

ဝိညာဥ်ဆန်ကဲ့သို့သော ဝိညာဥ်စပါးကို သာမန်တစ်ကိုယ်တော်ကျင့်ကြံသူ သို့မဟုတ် ဂိုဏ်းငယ်လေးများအနေဖြင့် မည်သို့မျှ မစိုက်ပျိုးနိုင်ပေ။ ပထမဦးစွာ သဘာဝအတိုင်း ထူးကဲကောင်းမွန်သော ဝိညာဥ်လယ်မြေလိုအပ်သလို အထူးပြုစုပျိုးထောင်ထားသော ဝိညာဥ်မျိုးစေ့လည်း လိုအပ်သည်။

ဝိညာဥ်မျိုးစေ့နှင့် ဝိညာဥ်လယ်မြေများကို ဂိုဏ်းကြီးအချို့၏ လက်ထဲတွင်သာ အဓိက ထိန်းချုပ်ထားကြရာ ဟွမ်ရှန်းဂိုဏ်းကဲ့သို့သော သတ္တဝါကြီးမှလွဲ၍ အခြားဖြစ်နိုင်ခြေကို တွေးလို့မရပေ။

သို့သော် လျိုလီက အသံကျယ်ကျယ် မပြောဘဲ ဘေးနားရှိ အနီရောင်ဝတ်စုံဝတ် မိန်းကလေးအား တိုးတိုးလေး မှာကြားလိုက်သည်။

"သူ့ရဲ့ ဝိညာဥ်ဆန်က ဝိညာဥ်ချီ အပြည့်ဝတယ်၊ ပိဿာလေးရာကို ဝိညာဥ်ကျောက်တုံး ခြောက်ထောင်နဲ့ အစားထိုးလိုက်ပါ"

"ဟုတ်ကဲ့ပါ"

အနီရောင်ဝတ်စုံဝတ် မိန်းကလေးမှာ အမိန့်ရသည်နှင့် ဆင်းသွားပြီး တွက်ချက်ပြီးသား ဝိညာဥ်ဆန်နှင့် ပြေစာကို လုလီထံသို့ လွှဲပြောင်းပေးလိုက်သည်။

အရောင်းအဝယ် ပြီးဆုံးသွားခဲ့ပြီ။

လုလီသည် ဟန်ယွဲ့ဓားပျံကို သိမ်းဆည်းလိုက်ပြီး လှည့်ထွက်ကာ လူအုပ်ကြားထဲသို့ ပျောက်ကွယ်သွားခဲ့သည်။

သူ့နောက်ကွယ်တွင်မူ လျိုလီသည် ထိုလမ်းကြောင်းဆီသို့ အကြာကြီး စိုက်ကြည့်နေပြီး နှုတ်ခမ်းထောင့်တွင် အပြုံးနုနုလေးတစ်ခု ထွက်ပေါ်လာခဲ့သည်။

"ဟွမ်ရှန်းဂိုဏ်းပေါ့... ဒီလိုအသက်အရွယ်နဲ့ ဝိညာဥ်ဆန်တွေ၊ ဝိညာဥ်ကျောက်တုံးတွေကို တစ်ပြိုင်နက်တည်း ဒီလောက်အများကြီး ထုတ်ပေးနိုင်တာက... ဟို 'ကောင်းကင်နတ်အရိုး'ပိုင်ရှင် ရှီဟွမ်များလား..."

အရောင်းအဝယ် ပြီးဆုံးပြီးနောက် လုလီသည် အချိန်ဆွဲမနေဘဲ လေလံပွဲ၏ စင်နောက်ကွယ်မှ တိတ်တဆိတ် ထွက်ခွာလာခဲ့သည်။

စင်နောက်ကွယ်ရှိ လမ်းကြောင်းမှာ နောက်ပေါက်သို့ တိုက်ရိုက် ဆက်သွယ်ထားသည်။ ဤနေရာကို အစောကတည်းက စီစဥ်ထားခြင်းဖြစ်ပြီး လေလံအောင်မြင်သွားသော ရတနာများကြောင့် တစ်ခြားသူ၏ လိုချင်တပ်မက်မှုကို မခံရစေရန်နှင့် လေလံအောင်သူများ တိတ်တဆိတ် ထွက်ခွာနိုင်ရန်အတွက် ပြင်ဆင်ပေးထားခြင်း ဖြစ်သည်။

ပွဲစီစဥ်သူများလည်း သိကြသည်မှာ ဤကဲ့သို့ လူစုံတက်စုံရှိသောနေရာတွင် ရတနာလုယူသတ်ဖြတ်ခြင်း တစ်ကြိမ်နည်းသွားလေ၊ ပြဿနာနည်းလေ ဖြစ်သည်ကိုပင်။

လုလီသည် အနောက်ဘက်အပေါက်မှ ခြေလှမ်းလှမ်းလိုက်သောအခါ ညဉ့်ဦးယံ၏ စိုစွတ်သော လေပြေက မျက်နှာဆီသို့ ဖြတ်သန်းတိုက်ခတ်လာသည်။ ပတ်ဝန်းကျင်တွင် လမ်းသွားလမ်းလာများဖြင့် စည်ကားနေပြီး ရောင်စုံဝိညာဥ်အလင်းတန်းများကြောင့် လမ်းကြားများမှာ အရောင်အသွေး စုံလင်နေသည်။

သူက ခေါင်းကို ငုံ့ထားပြီး အနက်ရောင်ဝတ်စုံကို ခြုံကာ လူအုပ်ကြားထဲသို့ အမြန် တိုးဝင်သွားခဲ့သည်။

သို့သော် သူ၏ ဝိညာဥ်အာရုံကို အနည်းငယ် ဖြန့်ကြက်လိုက်သောအခါ အရှိန်အဝါအချို့မှာ လူအုပ်နှင့်အတူ ပျောက်ကွယ်မသွားဘဲ လေလံပွဲခင်းအပြင်ဘက်တွင် တိတ်တဆိတ် လှည့်ပတ်နေပြီး ဖယ်ခွာမသွားသည်ကို မသိမသာ ခံစားလိုက်ရသည်။

ထိုအရှိန်အဝါမှာ အလွန်ဖျော့တော့ပြီး ကျင့်ကြံခြင်းအဆင့်ကို မသိရသော်လည်း အနားသို့လည်း မကပ်ဘဲ၊ ဝေးဝေးသို့လည်း မသွားဘဲ စောင့်ကြည့်နေသည့် ပုံစံမျိုးကို အမြဲ ထိန်းသိမ်းထားသည်။

လုလီ၏ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားသည်။

"တကယ်ပဲ အစောင့်ကြည့်ခံလိုက်ရပြီ"

ချင်းဝူစျေး မြို့တွင်း၌ တိုက်ခိုက်ခြင်းနှင့် သတ်ဖြတ်ခြင်းကို တားမြစ်ထားသော်လည်း မြို့ပြင်တွင်မူ မည်သည့်ကန့်သတ်ချက်မျှ မရှိချေ။

ရတနာကောင်းများ တစ်ပါးသူ၏ လက်ထဲသို့ ကျရောက်သွားသည်ကို ကြည့်နေမည့်အစား အချို့သူများသည် စွန့်စားရန် ဝန်မလေးကြကြောင်း သူ ကောင်းကောင်း သိသည်။

အတင်းအဓမ္မ ထွက်ပြေးရန်မှာ လက်တွေ့မကျပေ။

လုလီ၏ မျက်နှာအမူအရာမှာ မပြောင်းလဲဘဲ ရင်ထဲမှ လှုပ်ခတ်မှုကို ဖိနှိပ်ကာ လမ်းဘေးရှိ လမ်းကြားအချို့သို့ အမြန် ကွေ့ပတ်သွားပြီးနောက် သာမန်ပုံစံရှိသော တည်းခိုခန်းတစ်ခုဖြစ်သည့် 'ချန်မင်တည်းခိုခန်း' သို့ ချက်ချင်း ဝင်ရောက်သွားခဲ့သည်။

ဤနေရာတွင် တည်းခိုသူများမှာ ကျင့်ကြံသူများ ဖြစ်ကြပြီး တစ်ညလျှင် ဝိညာဥ်ကျောက်တုံး သုံးရာ ပေးရသည်။ စျေးနှုန်းကြီးမြင့်သော်လည်း တည်းခိုခန်းအတွင်း၌ အကာအကွယ်အစီအရင်များ ထည့်သွင်းထားပြီး ဝိညာဥ်ချီများ စီးဆင်းနေကာ ပြင်ပမှ လူများ၏ စောင့်ကြည့်ခြင်းကို ဖုံးကွယ်ပေးနိုင်သည်။

လုလီအတွက်မူ ဤမျှပေးဆပ်ရခြင်းမှာ ဘာမှမဟုတ်ပေ။

ဝိညာဥ်ကျောက်တုံးကို ပြန်ရှာ၍ရသော်လည်း အသက်ပျောက်သွားပါက အားလုံး ဆုံးရှုံးသွားမည် ဖြစ်သည်။

သူက ဝိညာဥ်ကျောက်တုံးကို ထုတ်ပေးကာ ငွေချေလိုက်ပြီး "၁၅" ဟု ရေးထားသော သစ်သားပြားကို လဲလှယ်ယူကာ တည်းခိုခန်းမှ အစေခံနောက်သို့ လိုက်ပါရင်း ရှေ့ဝင်းကို ဖြတ်ကျော်ကာ နောက်ဘက်ရှိ တိတ်ဆိတ်သော ဝင်းငယ်တစ်ခုသို့ တိုက်ရိုက် ဝင်ရောက်သွားခဲ့သည်။

တံခါးပိတ်သွားသည့် အချိန်မှသာ သူသည် သက်ပြင်းတစ်ချက်ကို အသာအယာ ချနိုင်တော့သည်။

အခန်းတွင်း ပြင်ဆင်မှုများမှာ သန့်ရှင်းပြီး ရိုးရှင်းလှသည်။ သစ်သားခုတင်တစ်ခု၊ စာပွဲနိမ့်တစ်ခု ရှိပြီး ခုတင်ဘေးတွင် ဝိညာဥ်ရေတွင်းတစ်ခုကို တူးဖော်ထားရာ ရေတွင်းဝမှ ဝိညာဥ်အလင်းဖျော့ဖျော့များ ပျံ့လွင့်နေသည်။

လုလီက အနည်းငယ် ကြည့်ရှုလိုက်ရာ ဤနေရာတွင် ရိုးရှင်းသော ဝိညာဥ်ချီစုစည်းခြင်းအစီအရင် တစ်ခု ရှိနေသည်ကို တွေ့ရှိလိုက်ရသည်။

လုလီ၏ မျက်ဝန်းများ အနည်းငယ် ကျုံ့သွားပြီး ဖြည်းဖြည်းချင်း ရှေ့သို့တိုးကာ အာရုံစိုက် စစ်ဆေးကြည့်လိုက်သည်။

ဤအစီအရင်မှာ ရှုပ်ထွေးမှုမရှိဘဲ ဝိညာဥ်ချီများကို ဖြည်းဖြည်းချင်း စီးဆင်းစေသည့် အခြေအနေကိုသာ မနည်းထိန်းသိမ်းထားခြင်း ဖြစ်သည်။ အစီအရင်အမှတ်အသားများမှာ ကြမ်းတမ်းပြီး လည်ပတ်မှု နှေးကွေးလှသည့်အပြင် ဝိညာဥ်ရေတွင်းကို အခြေခံအဖြစ် အသုံးပြုထားရသည်။

ချိုးယွဲ့ပေးသော ဝိညာဥ်ချီစုစည်းခြင်းအစီအရင်နှင့် နှိုင်းယှဥ်ပါက ဖုံးကွယ်နိုင်စွမ်း သို့မဟုတ် ထိရောက်မှုအပိုင်းတွင်ဖြစ်စေ များစွာ လျော့နည်းလှသည်။

လုလီက ထပ်မံ၍ အာရုံမစိုက်တော့ဘဲ အနက်ရောင်ဝတ်စုံကို ချွတ်ကာ သိုလှောင်အိတ်ထဲမှ ဟန်ယွဲ့ဓားပျံကို ထုတ်ယူ၍ စာပွဲရှေ့တွင် တင်ထားလိုက်သည်။

ပထမဆုံးအချိန်တွင် ဓားပျံ၏ အသေးစိတ်ကို စစ်ဆေးခြင်းမပြုဘဲ တိတ်တဆိတ် တင်ပလ္လင်ခွေ ထိုင်လိုက်ပြီး ဝိညာဥ်အာရုံကို ထပ်မံ၍ အသာအယာ ဖြန့်ကြက်ကာ ထူထဲသော နံရံကို ဖြတ်ကျော်၍ တည်းခိုခန်းပြင်ပရှိ လမ်းမဆီသို့ စစ်ဆေးကြည့်လိုက်သည်။

ထိုအရှိန်အဝါအချို့မှာ ရှိနေဆဲပင်။

ယခင်ကထက် အနည်းငယ် ပိုမိုဝေးကွာသွားသော်လည်း စောင့်ကြည့်နေဆဲ ပုံစံမျိုးဖြစ်ပြီး ဖယ်ခွာသွားခြင်း မရှိသေးချေ။

လုလီ၏ ရင်ထဲတွင် လေးလံသွားသည်။

ဒီကိစ္စကတော့ အေးအေးဆေးဆေး ပြီးသွားမည့်ပုံမပေါ်ချေ။

"သူတို့ စိတ်ပျက်သွားတဲ့အထိ စောင့်ပြီးမှပဲ ထွက်ခွာဖို့ အခွင့်အရေးကို ရှာရတော့မယ်"

သူက မျက်လုံးများကို ဖြည်းဖြည်းချင်း ပိတ်လိုက်ပြီး ဟန်ယွဲ့ဓားကို ဘေးတွင် ထားကာ ၎င်းကို စတင်၍ သန့်စင်ရန်ကြိုးစားလိုက်သည်။

📝အပိုင်း - ၅၀ ဟွမ်ချွမ်သွေးကြောမွေးမြူခြင်းကျင့်စဥ်

ဘာသာပြန် - Na Gar🐉

လုလီက ဟန်ယွဲ့ဓားကို သူ၏ ဒူးပေါ်တွင် ကန့်လန့်ဖြတ် တင်ထားလိုက်ပြီး ပြတ်တောက်နေသော ဝိညာဥ်အမှတ်အသားများကို လက်ချောင်းထိပ်များဖြင့် အသာအယာ ပွတ်သပ်ကြည့်လိုက်သည်။ ဓားကိုယ်ထည်မှာ အေးစက်ပြီး လေးလံမှုကြားထဲတွင် အတိတ်က သတ်ဖြတ်ခြင်းအငွေ့အသက်တစ်ခု ထွက်ပေါ်နေသည်။

သူက ဓားကို စတင်၍ သန့်စင်ရန် ပြင်ဆင်နေစဥ်မှာပင် နားထဲ၌ ချိုးယွဲ့၏ အေးစက်သော အသံက ပဲ့တင်ထွက်ပေါ်လာခဲ့သည်။

"လုလီ... ဟန်ယွဲ့ဓားက အတိတ်တုန်းက ငါကိုယ်တိုင် သွန်းလုပ်ခဲ့တဲ့ ဓားပဲ။ ငါ ချီစုဆောင်းခြင်းအဆင့်တုန်းက ရန်သူတွေကို သတ်ဖြတ်ပြီး ရန်ကြွေးတွေကို ရှင်းလင်းပစ်ဖို့ ကူညီပေးခဲ့တယ်။ အဆင့်မြင့် ဝိညာဥ်လက်နက်တစ်ခုပဲ ဆိုပေမဲ့ သတ်ဖြတ်နိုင်စွမ်းအပိုင်းမှာတော့ အမြင့်ဆုံးအဆင့် ဝိညာဥ်လက်နက်ထက်တောင် မလျော့ဘူး။ နောက်ပိုင်း တိုက်ပွဲတစ်ခုမှာ ပျက်စီးသွားခဲ့ပေမဲ့ ငါ အဲဒါကို မစွန့်ပစ်ရက်ခဲ့ဘူး"

လုလီသည် အနည်းငယ် ကြောင်အသွားပြီး မျက်ခုံးပင့်ကာ အသံတိုးတိုးဖြင့် မေးလိုက်သည်။

"ဒီဓားကို ပြန်ပြင်ဖို့ အခွင့်အရေး ရှိသေးလား"

ချိုးယွဲ့က သက်ပြင်းတစ်ချက်ချကာ ပစ္စည်းသုံးမျိုးကို ဖြည်းဖြည်းချင်း ပြောပြလာခဲ့သည်။

“ပထမတစ်ခုက ‘မရဏရေခဲအစီအနှစ်' အေးစက်တဲ့ ချောက်နက်ထဲက နှစ်ပေါင်းထောင်ချီ မပျော်ဝင်တဲ့ ရေခဲအရည်။ ဒုတိယတစ်ခုက ‘ချီရှောက် ဝိညာဉ်ငွေ’ ဝိညာဉ်ချီကို စီးဆင်းစေပြီး အမှတ်အသားကို ပြန်လည်တည်ဆောက်နိုင်တဲ့အရာ၊ ရှာဖို့ အရမ်းခက်တယ်။ နောက်ဆုံးတစ်ခုကတော့ ‘ယင်ယန် သန့်စင်ကျောက်’ ဓားကိုယ်ထည်ကို ပြန်လည်သွန်းလုပ်နိုင်ပြီး ဝိညာဉ်ချီကို ပြန်လည်နိုးထစေနိုင်တဲ့ ကျောက်ပဲ”

သူမ၏ စကားလုံးများမှာ တည်ငြိမ်သော်လည်း လုလီကမူ သေသေချာချာ နားထောင်နေခဲ့သည်။ ဤပစ္စည်းသုံးမျိုးထဲမှ မည်သည့်အရာမဆို သာမန်စျေးကွက်တွင် ဝိညာဥ်ကျောက်တုံး သောင်းဂဏန်းကျော် ပေးမှသာ စမ်းသပ်ရှာဖွေနိုင်မည့် အရာများ ဖြစ်ကြသည်။

လုလီက မျက်နှာအမူအရာကို ထိန်းချုပ်ကာ ခဏမျှ တွေးတောပြီးနောက် နောက်ဆုံးတွင် ခေါင်းကို ဖြည်းဖြည်းချင်း ခါယမ်းလိုက်သည်။

"ပစ္စည်းက ကောင်းတယ်ဆိုပေမဲ့ အခုလက်ရှိ ငါ မဝယ်နိုင်သေးဘူး"

သူသည် ထိုပစ္စည်းသုံးမျိုးကို စိတ်ထဲတွင် သေသေချာချာ မှတ်သားထားလိုက်ပြီး အကယ်၍ နောင်အနာဂတ်တွင် ကံကောင်း၍ ကြုံတွေ့ခဲ့ပါက စမ်းသပ်ကြည့်နိုင်ရန် ဖြစ်သည်။

နားထဲ၌ ချိုးယွဲ့က ရုတ်တရက် ရယ်မောလိုက်ပြီး "လုလီ... နင်နဲ့ငါက တကယ်ကို ရေစက်ရှိတာပဲ။ ဟန်ယွဲ့ဓားက နင့်လက်ထဲကို ရောက်သွားတယ်ဆိုတော့ ငါ ချီစုဆောင်းခြင်းအဆင့်တုန်းက ရန်သူတွေကို သတ်ဖြတ်ခဲ့တဲ့ လမ်းဟောင်းအတိုင်း... နင်လည်း မဖြစ်မနေ တစ်ခေါက် လျှောက်လှမ်းရတော့မှာလား"

သူမ၏ စကားလုံးများထဲတွင် အတိတ်ကို သတိရရိပ်များ ပါဝင်နေသလို ထူးဆန်းသော ခံစားချက်အချို့လည်း ပါဝင်နေသည်။

သို့သော် လုလီ၏ မျက်ဝန်းများမှာမူ အနည်းငယ် အေးစက်သွားပြီး တည်ငြိမ်စွာ ပြန်လည်ဖြေကြားလိုက်သည်။

"ငါနဲ့မင်းက လမ်းစဥ်တူညီသူတွေ မဟုတ်ဘူး။ ငါ ဘယ်တော့မှ အပြစ်မဲ့တဲ့သူတွေကို သတ်မှာ မဟုတ်ဘူး"

ထိုစကား ထွက်လာပြီးနောက် အခန်းတွင်း၌ တိတ်ဆိတ်မှုတစ်ခု ကြီးစိုးသွားပြီး ဟန်ယွဲ့ဓားပေါ်ရှိ အက်ကြောင်းများပင်လျှင် မသိမသာ ငြိမ်သက်သွားသကဲ့သို့ ဖြစ်သွားသည်။

ချိုးယွဲ့သည် ခဏမျှ တိတ်ဆိတ်နေပြီးမှ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "အပြစ်မဲ့သူတွေကို မသတ်ဘူး ဟုတ်လား... ဟက်။ အချို့အချိန်တွေမှာတော့ အသတ်ခံရဖို့ စောင့်နေတဲ့သူက ကိုကိုယ်တိုင်ပဲ ဖြစ်သွားတတ်တယ်"

လုလီက ပြန်လည်မတုံ့ပြန်ဘဲ မျက်ဝန်းများကို တည်ငြိမ်စွာ ထားရှိကာ သူမ ကတိပေးထားသည့် အရာကို အကောင်အထည်ဖော်ရန် စောင့်ဆိုင်းနေသည့်ပုံစံမျိုး ပြုလုပ်ထားသည်။

ချိုးယွဲ့လည်း သူ၏ စိတ်ကူးကို နားလည်သဖြင့် ချက်ချင်းပင် ရယ်မောလိုက်ပြီး "နင် ငါ့ကို ကူညီပြီး ဒီဓားကို ပြန်ယူပေးခဲ့တာဆိုတော့ ငါပြောခဲ့တဲ့အတိုင်း ကံကောင်းခြင်း လက်ဆောင်တစ်ခု ပေးရမှာပေါ့"

"နင်က အခု ချီစုဆောင်းခြင်းအဆင့်(၅)ရဲ့ အထွတ်အထိပ်ကို ရောက်နေပြီဆိုတော့ 'ထိုက်ယင် ချီစုဆောင်းခြင်းကျင့်စဥ်' ရဲ့ ဒုတိယပိုင်းကို ကျင့်ကြံဖို့ အချိန်ရောက်ပြီ"

လုလီက မျက်ခုံးပင့်မိသွားသော်လည်း အလွန်အမင်း ဝမ်းသာအားရ ဖြစ်မသွားပေ။ သူသိသည်မှာ ချိုးယွဲ့၏ စိတ်ကူးကို ခန့်မှန်းရခက်ခဲပြီး တစ်ပါးသူအား အလွယ်တကူ အဖိုးတန်လက်ဆောင်များ ပေးမည့်သူ မဟုတ်ကြောင်းပင်။

ထင်သည့်အတိုင်းပင် ချိုးယွဲ့က ဖြည်းဖြည်းချင်း ဆက်ပြောလာသည်။

"ထိုက်ယင် ချီစုဆောင်းခြင်းကျင့်စဥ်ရဲ့ ဒုတိယအပိုင်းအပြင်... ငါ နင့်ကို လျှို့ဝှက်ကျင့်စဥ်တစ်ခု ထပ် သင်ကြားပေးနိုင်သေးတယ်"

ချိုးယွဲ့၏ အသံမှာ ပိုမိုအေးစက်ပြီး နက်ရှိုင်းသွားကာ မြူခိုးများကဲ့သို့ စကားလုံးအချို့ကို ဖြည်းဖြည်းချင်း ပြောထုတ်လိုက်သည်။

"ဟွမ်ချွမ်သွေးကြောမွေးမြူခြင်းကျင့်စဥ်"

လုလီ အံ့အားသင့်သွားပြီး မျက်ဝန်းများ ချက်ချင်းပင် စူးရှသွားသည်။

သူက ဤကဲ့သို့သော ကျင့်စဥ်မျိုးကို တစ်ခါမျှ မကြားဖူးချေ။ ဤနာမည်ကို ကြားရရုံနှင့်ပင် ခန္ဓာကိုယ်တစ်ခုလုံးကို တုန်လှုပ်ခြောက်ခြားစေမည့် အရှိန်အဝါတစ်ခု ပါဝင်နေသည်။

"ဒါက ဘာလျှို့ဝှက်ကျင့်စဥ်လဲ"

"နင့်ရဲ့ ကိုယ်ထဲမှာရှိတဲ့ မိစ္ဆာအရိုးနဲ့... သဘောတရားချင်း တူညီတယ်" ချိုးယွဲ့က ဖြည်းဖြည်းချင်း ပြောလိုက်ရာ သူမ၏ အသံထဲတွင် ရိုသေလေးစားရိပ်တစ်ခုပင် ပါဝင်နေသည်။

"နင်သိထားတဲ့ မိစ္ဆာအရိုးက တစ်ခြားသူရဲ့ နတ်အရိုးရဲ့အနှစ်သာရကို လုယူပြီး ကို့ကိုယ်ကိုယ် ပြန်လည်ဖြည့်တင်းပေးပြီး အရည်အချင်းကို မြှင့်

တင်ပေးနိုင်တာ။ ဒါပေမဲ့ ဒီ ဟွမ်ချွမ်သွေးကြောမွေးမြူခြင်းကျင့်စဥ်

က တစ်ခြားသူရဲ့ 'အခြေခံအုတ်မြစ်' ကို လုယူတာပဲ"

လုလီ၏ မျက်ခုံးများ ကျုံ့သွားသည်။

ချိုးယွဲ့က "လောကမှာ မိစ္ဆာကျင့်စဥ်တွေ အများကြီးရှိပြီး တစ်ခြားသူရဲ့ သွေးအသက်ကို လုယူတာ၊ ကျင့်ကြံခြင်းကို စုပ်ယူတဲ့ ကျင့်စဥ်တွေက ရေတွက်လို့မရအောင် ရှိပေမဲ့ အများစုကတော့ အကြမ်းထည်သာဖြစ်လို့ အုတ်မြစ် မခိုင်မာဘူး... အဲဒီနောက်ပိုင်းမှာ တန်ပြန်သက်ရောက်မှု့က ပိုမိုပြင်းထန်တတ်ပြီး အဆင့်ကျော်ဖြတ်ဖို့ ကြိုးစားတဲ့အခါ ကျင့်စဥ်

ဖောက်ပြန်တတ်တယ်"

သူမက စကားလမ်းကြောင်းကို ပြောင်းလဲကာ နူးညံ့စွာ ပြောလိုက်သည်။ "ဒါပေမဲ့ ဟွမ်ချွမ်သွေးကြောမွေးမြူခြင်းကျင့်စဥ်ကတော့ မတူဘူး... ဒီကျင့်စဥ်က တစ်ခြားသူရဲ့ ကျင့်ကြံခြင်းအုတ်မြစ်နဲ့ ဝိညာဥ်ချီတွေကို လုယူတာဖြစ်ပေမဲ့ ဘေးထွက်ဆိုးကျိုး လုံးဝမရှိသလောက်ပဲ၊ ကျင့်ကြံတဲ့အခါမှာ ကိုယ့်ရဲ့ သွေးကြောတွေကို ပြန်လည်မွေးမြူပေးပြီး အုတ်မြစ်ကို ခိုင်ခံ့စေတယ်။ အဆင့်ကျော်ဖြတ်ဖို့အတွက် အထူးထိရောက်မှု့ရှိတယ်"

"ဥပမာပြောရရင်နင် ချီစုဆောင်းခြင်း အထွတ်အထိပ်အဆင့်ကို ရောက်တဲ့အခါ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ သုံးဦးကို စုပ်ယူလိုက်ရုံနဲ့ အခြေခံတည်ဆောက်ခြင်းအဆင့်ကို အလွယ်တကူ တက်လှမ်းနိုင်လိမ့်မယ်"

ချိုးယွဲ့၏ စကားလုံးများမှာ တည်ငြိမ်ပြီး သာမန်အချက်အလက်တစ်ခုကို ပြောပြနေသကဲ့သို့ ရှိကာ ခဏရပ်ပြီးနောက် ထပ်မံဖြည့်စွက်လိုက်သည်။

"ဒီကျင့်စဥ်က... ရွှေအမြုတေအဆင့် အဲဒီကနေတစ်ဆင့် ယင်ယန်အဆင့်အထိတောင် ဆက်လက်အသုံးပြုလို့ ရသေးတယ်"

လုလီက မျက်မှောင်ကြုတ်လိုက်ပြီး "ဒီလောက်တောင် စွမ်းတာလား။ တကယ်လို့ ဒီလိုကျင့်စဥ်မျိုး ရှိနေရင် မင်းက ဘာလို့ ရွှေအမြုတေအဆင့် မရောက်ခင်မှာ ကျရှုံးသွားရတာလဲ"

ချိုးယွဲ့က အသာအယာ ရယ်မောလိုက်သော်လည်း ထိုအပြုံးထဲတွင် နွေးထွေးမှုးအနည်းငယ်မျှ မပါဝင်ချေ။

"ဒါက ငါ့ရဲ့ ကံကြမ္မာ ကုန်ဆုံးသွားလို့ပဲ"

သူမက ခဏရပ်ကာ ဖြည်းဖြည်းချင်း ဆက်ပြောသည်။

"နင် မှတ်မိသေးလား ငါ မိစ္ဆာခေါင်းတောင်တုန်းက မွေးမြူထားတဲ့ 'မြေဘီလူးဘုရင်' မိစ္ဆာကောင်ကြီးကို။ အဲဒါက ငါကိုယ်တိုင် မွေးမြူထားတဲ့ မိစ္ဆာကောင်ပဲ၊ အဲဒီကောင်က ရွှေအမြုတေအဆင့်ကို ကျော်ဖြတ်ဖို့က လူသားကျင့်ကြံသူတွေထက် ပိုပြီးလွယ်ကူတယ်။ သူငယ်စဥ်ကတည်းက ငါ လျှို့ဝှက်ကျင့်စဥ်နဲ့ မိစ္ဆာချီတွေကို ကျွေးမွေးပေးပြီး အခြေခံတည်ဆောက်ခြင်းအဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်အောင် မွေးမြူခဲ့တာ... ရည်ရွယ်ချက်ကတော့ သူ မိစ္ဆာအမြုတေ ဖွဲ့စည်းတဲ့နေ့မှာ အဲဒီအမြုတေကို ထုတ်ယူစားသုံးပြီး ငါ့ရဲ့ ရွှေအမြုတေအဆင့် ကျော်ဖြတ်ဖို့အတွက် အသုံးပြုမလို့ပဲ"

"အခြား ရွှေအမြုတေ နှစ်ခုကိုလည်း ငါ အစောကတည်းက ပြင်ဆင်ထားပြီးသား"

သူမ၏ အသံမှာ တည်ငြိမ်ပြီး စကားလုံးတိုင်းမှာ မပြင်းထန်သော်လည်း ရေအောက်ရှိ လှိုင်းလုံးကြီးများကဲ့သို့ လူကို တုန်လှုပ်ခြောက်ခြားစေသည်။

"နှမြောစရာကောင်းတာက..." သူမက ညည်းတွားသံသဲ့သဲ့ဖြင့် အလွန်တိုးသော အသံဖြင့် ပြောလိုက်သည်။

"သူ့ကိုသတ်ဖို့ ပြင်ဆင်ထားတဲ့ ညက ကျင့်ကြံခြင်းကို တည်ငြိမ်အောင် ပြုလုပ်နေတုန်းမှာ ထိုက်ယင်ချီစုဆောင်းခြင်းကျင့်စဥ်ရဲ့ ယင်ချီတန်ပြန်

သက်ရောက်မှုကြောင့် ဒဏ်ရာရသွားပြီး ဝိညာဥ်စွမ်းအားတွေ ကမောက်ကမ ဖြစ်သွားခဲ့တယ်"

"အဲဒီအချိန်မှာ ငါ သူ့အပေါ်ကို ချထားတဲ့ အစီအရင်တွေကလည်း လျော့ရဲသွားခဲ့တယ်"

"သူက... အစောကတည်းက သစ္စာဖောက်ဖို့ စိတ်ကူးရှိနေတာ။ ငါ စိတ်အာရုံ ရှုပ်ထွေးနေတဲ့အချိန်မှာ သူက တန်ပြန်တိုက်ခိုက်ပြီး ငါ့ရဲ့ ဝိညာဥ်ကို ပိတ်ဆို့ပြီး ဝိညာဥ်ချုပ်နှောင်တဲ့သံမှို တွေကို ရိုက်သွင်းပြီး နှစ်ပေါင်းဆယ်ချီ ကျွန်ပြုခဲ့တယ်"

"အဲဒီကတည်းက ငါက ဒီလိုအခြေအနေကို ရောက်သွားပြီး ဝိညာဥ်ခန္ဓာက အရိုးထဲမှာ ခိုလှုံရင်း အသက်ရှင်သန်နေရတာပဲ"

လုလီက ဘာမှမပြောဘဲ တိတ်ဆိတ်နေပြီး အတော်ကြာမှ အသံတိုးတိုးဖြင့် မေးလိုက်သည်။

"ဒီလိုကျင့်စဥ်မျိုးက တကယ်ပဲ ပေးဆပ်ရမယ့် တန်ဖိုး မရှိဘူးလား"

ချိုးယွဲ့က အေးစက်စွာ ရယ်မောလိုက်ပြီး "နင့်ကိုယ်ထဲမှာရှိတဲ့ မိစ္ဆာအရိုးကလည်း နင့်ကို တစ်စုံတစ်ရာ ပြဿနာဖြစ်စေ လို့လား"

လုလီ၏ မျက်ဝန်းများ လှုပ်ခတ်သွားသော်လည်း မျက်နှာအမူအရာမှာ ပိုမိုလေးနက်သွားသည်။

"ဒီလို ထူးဆန်းတဲ့ ကျင့်စဥ်မျိုးက ယွီဟွာဂိုဏ်း ကနေ ထွက်လာတာ မဟုတ်လောက်ဘူး မင်းက ဒါကို ဘယ်ကနေ ရခဲ့တာလဲ"

"ဟူး.." ချိုးယွဲ့က သက်ပြင်းချလိုက်သည်။

"ဒီကျင့်စဥ်က အဲဒီမိစ္ဆာအရိုးနဲ့ တစ်နေရာတည်းက လာတာပဲ"

" လူသားတွေ မမှတ်မိသင့်တဲ့ နေရာတစ်ခုပေါ့..."

သူမ၏ အသံမှာ ပိုမိုတိုးညှင်းသွားပြီး အဆုံးမရှိသော မြူခိုးများ ဖုံးလွှမ်းနေသကဲ့သို့ ရှိသည်။

"နင် အခုသိဖို့က စောလွန်းသေးတယ်။ ငါ နင့်ကို တစ်ခုပဲ ပြောပြမယ် ဒီကျင့်စဥ်ကို ငါတစ်ယောက်တည်းပဲ သိတယ်။ အကယ်၍ နင် သင်ချင်တယ်ဆိုရင် ငါ နင့်ကို သင်ပေးနိုင်တယ်။ အသုံးပြုမလား၊ မအသုံးပြုဘူးလားဆိုတာကတော့..."

သူမက ခဏရပ်ကာ အသံကို အနည်းငယ် ပေါ့ပါးအောင် ပြင်လိုက်

သည်။

"နင် ချီစုဆောင်းခြင်းအထွတ်အထိပ်အဆင့်ကို ရောက်မှ ပြောလည်း နောက်မကျပါသေးဘူး"

လုလီက ဟန်ယွဲ့ဓားကို စိုက်ကြည့်နေပြီး ပြန်လည်မဖြေကြားသလို ငြင်းပယ်ခြင်းလည်း မပြုခဲ့ပေ။

သို့သော် သူသိသည်မှာ ချိုးယွဲ့ပြောသော "ကံကောင်းခြင်း အခွင့်အရေး" မှာ နောက်ဆုံးတွင် အစွန်းတစ်ဖက်ကို ဖွင့်ပြလိုက်ပြီ ဖြစ်ကြောင်းပင်။

သို့သော် ၎င်းမှာ ကောင်းချီးလော၊ ကျိန်စာလောဟူသည်ကိုမူ မသိရသေးချေ။

ချက်ချင်းပင် လျှို့ဝှက်ကျင့်စဥ်ကို လွှဲပြောင်းပေးခြင်းနှင့်အတူ သူ၏ ဦးနှောက်အနက်ပိုင်းတွင် ထူးဆန်းသော မြင်ကွင်းတစ်ခု ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။

အဆုံးမရှိသော မှောင်မိုက်ခြင်းမှာ အချိန်၏ ကန့်သတ်ချက်မှတစ်ဆင့် ပျံ့နှံ့လာသကဲ့သို့ အလင်းရောင်အားလုံးကို မျိုချထားသည်။

ထိုနက်ရှိုင်းသော အမှောင်ရိပ်ထဲတွင် ပျက်စီးနေသော ကုန်းမြေကြီးတစ်ခု၏ ပုံသဏ္ဌာန်က မထင်မရှား ပေါ်ထွက်လာပြီး ကောင်းကင်နှင့်မြေကြီးမှာ အနန္တဖြစ်ကာ သင်္ချိုင်းဂူတစ်ခုကဲ့သို့ တိတ်ဆိတ်လှသည်။

ရုတ်တရက် ကြီးမားလှသော သတ္တဝါကြီးတစ်ကောင်သည် အမှောင်ထုထဲမှ ဖြည်းဖြည်းချင်း ပေါ်ထွက်လာခဲ့သည်။ ၎င်း၏ ပုံသဏ္ဌာန်ကို ခွဲခြားရန် ခက်ခဲသော်လည်း ကောင်းကင်နှင့်မြေကြီးကို ဖိနှိပ်ထားသည့် ခန္ဓာကိုယ်ထုထည်ကို တိုက်ရိုက် ခံစားနိုင်သည်။ ၎င်းသည် ကုန်းမြေကြီး၏ ဗဟိုတွင် ရပ်တည်နေပြီး ထိုကုန်းမြေကြီး၏ ပုံသဏ္ဌာန်မှာ... အံ့သြစရာကောင်းလောက်အောင်ပင် 'အနန္တကုန်းမြေကြီး' ၏ ပုံသဏ္ဌာန်နှင့် အလွန်တူညီနေသည်။

ပတ်ဝန်းကျင်တွင်မူ တောက်ပသော အလင်းရောင်ရှိသည့် လူရိပ် မြောက်မြားစွာမှာ ဥက္ကာပျံများကဲ့သို့ ကောင်းကင်ထက်မှ ကျဆင်းလာကြသည်။ ထိုသူများမှာ နတ်ဘုရားများ ဖြစ်ကြသည်။

သူတို့က အစီအရင်များဖြင့် လာရောက်ကြပြီး ဓားများကို ဝှေ့ယမ်းကာ ပညာရပ်များကို ထုတ်ဖော်ကြရာ လောကပျက်သုဥ်းခြင်း တိုက်ပွဲတစ်ခုကဲ့သို့ ရှိသည်။

သို့သော် ထိုမိစ္ဆာရိပ်ကြီးမှာမူ လက်ကို အသာအယာ မြှောက်ကာ တစ်ချက်ပြီးတစ်ချက် ရိုက်ချလိုက်ရာ နတ်ဘုရားများကို ကောင်းကင်နှင့်မြေကြီး၏ ဝိညာဥ်အလင်းများနှင့်အတူ အားလုံးကို ပါးစပ်ထဲသို့ ဆွဲသွင်းကာ မျိုချပစ်လိုက်တော့သည်။ အမှိုက်သရိုက်များကို ရှင်းလင်းပစ်နေသကဲ့သို့ပင်။

ဤမြင်ကွင်းမှာ ခဏသာ ပေါ်လာသော်လည်း လုလီ၏ ရင်ထဲတွင် လှိုင်းလုံးကြီးများကဲ့သို့ ရိုက်ခတ်သွားခဲ့သည်။

နောက်တစ်ကြိမ်တွင် ကျမ်းစာတစ်စောင်သည် အမှောင်ထုထဲတွင် ပေါ်ထွက်လာပြီး ဖြည်းဖြည်းချင်း ပွင့်လာခဲ့သည်။ ၎င်းမှာ အိုဟောင်းပြီး နားလည်ရန် ခက်ခဲကာ စစ်မှန်သော အဓိပ္ပာယ်ကို ခွဲခြားရန် မလွယ်ကူသော်လည်း ပြောမပြနိုင်သော အမှန်တရားတစ်ခု ကိန်းအောင်းနေသကဲ့သို့ ရှိသည်။

လုလီ၏ မျက်ဝန်းထဲမှ အလင်းရောင်များ ငြိမ်သက်သွားသော်လည်း နှလုံးခုန်နှုန်းမှာမူ အကြောင်းရင်းမရှိဘဲ မြန်ဆန်လာခဲ့သည်။

ထိုထူးဆန်းသော မြင်ကွင်း ပေါ်လာသည့် အချိန်တွင် သူ၏ ရင်ထဲ၌ မူလက ခိုင်ခံ့နေသော အက်ကြောင်းတစ်ခုကို ဖြတ်တောက်လိုက်သကဲ့သို့ ဖြစ်သွားသည်။

ဒါက မိစ္ဆာအရိုး၏ အနက်ပိုင်းတွင် ကျန်ရှိနေသော မှတ်ဉာဏ်လော။ သို့မဟုတ် ချိုးယွဲ့ပြောသော "ကံကောင်းခြင်း" ၏ အစိတ်အပိုင်းတစ်ခုလော။

သူက ခဏမျှ တိတ်ဆိတ်နေပြီးမှ သဘောပေါက်လိုက်သည်မှာ ဤသို့သော လွှဲပြောင်းပေးခြင်းမျိုးသည် ကောင်းချီးတစ်ခုလုံး ဖြစ်ချင်မှဖြစ်လိမ့်မည်၊ သို့မဟုတ် ချောက်နက်ထဲသို့ ဦးတည်နေသော လမ်းတစ်ခုလည်း ဖြစ်နိုင်သည်။

အမှောင်ထုနှင့် ကြီးမားသော လူရိပ်ကြီး၏ ပုံရိပ်မှာ ဦးနှောက်ထဲတွင် လှည့်ပတ်နေဆဲဖြစ်ရာ သူ့ကို စိုးရိမ်ပူပန်စေသည်။

မြင်ကွင်းမှာ စက္ကန့်အနည်းငယ်သာ ကြာမြင့်သော်လည်း အမှတ်တံဆိပ်တစ်ခုကဲ့သို့ နက်ရှိုင်းလှသည်။

လုလီသည် ထိုထိတ်လန့်မှု့ထဲမှ လုံးဝ သတိပြန်မဝင်သေးခင်မှာပင် ချိုးယွဲ့၏ အသံက အေးစက်စွာ ထွက်ပေါ်လာခဲ့သည်။

"နင် ဘာကို မြင်လိုက်ရလဲ"

လုလီသည် အနည်းငယ် တုံ့ဆိုင်းသွားပြီး မျက်မှောင်ကြုတ်လိုက်မိသည်။ "ကြီးမားတဲ့ လူတစ်ယောက်ပဲ"

"ဘယ်လိုလူမျိုးလဲ" ချိုးယွဲ့၏ အသံထဲတွင် ရှားရှားပါးပါး လေးနက်ရိပ်တစ်ခု ပါဝင်နေသည်။ ထင်ရှားသည်မှာ သူမသည် ဤမြင်ကွင်းကို တစ်ခါမျှ မမြင်ဖူးခြင်းပင်။

လုလီ၏ မျက်ဝန်းထဲမှ အလင်းရောင်များ လှုပ်ခတ်သွားပြီး ချက်ချင်း ပြန်လည်မဖြေကြားခဲ့ပေ။

သူက ရုတ်တရက် သဘောပေါက်လိုက်သည်မှာ ဤမြင်ကွင်းမှာ ချိုးယွဲ့မြင်ရသောအရာ မဟုတ်ချေ။ မိမိကိုယ်တိုင် မိစ္ဆာအရိုး၏ စစ်မှန်သော သခင်ဖြစ်သောကြောင့်သာ ဤကျင့်စဥ်နှင့် တစ်စုံတစ်ရာသော ဆက်နွယ်မှုကို ဖြစ်ပေါ်စေခဲ့ခြင်း ဖြစ်နိုင်သည်။ ဤထူးဆန်းသော ဖြစ်ရပ်မှာ... ချိုးယွဲ့ထံမှ မဟုတ်ဘဲ မိစ္ဆာအရိုးထံမှ လာခြင်းဖြစ်သည်။

အကယ်၍ အမှန်တကယ် ထိုသို့ဆိုလျှင် ချိုးယွဲ့သည် ဤနောက်ကွယ်ရှိ လျှို့ဝှက်ချက်ကို သိရှိချင်မှ သိရှိလိမ့်မည်။

ဤအချက်ကို တွေးမိသောအခါ လုလီ၏ စိတ်ထဲတွင် ဆုံးဖြတ်ချက်တစ်ခု ရှိသွားပြီဖြစ်သော်လည်း မျက်နှာတွင်မူ အမူအရာမပျက်ဘဲ တည်ငြိမ်စွာ ပြောလိုက်သည်။

"အာရုံမှားသွား တာပါ"

ချိုးယွဲ့က ခဏမျှ တိတ်ဆိတ်နေပြီး တစ်စုံတစ်ခုကို ရိပ်မိပုံရသော်လည်း ထပ်မံ၍ မမေးတော့ပေ။

လုလီကမူ ထို "ဟွမ်ချွမ်သွေးကြောမွေးမြူခြင်းကျင့်စဥ်" ကို စိတ်ထဲတွင် သေသေချာချာ မှတ်သားထားလိုက်သည်။ ဤကျင့်စဥ်တွင် "ဘေးထွက်ဆိုးကျိုး လုံးဝမရှိဘူး" ဆိုသည်ကို လုံးဝ မယုံကြည်သေးသော်လည်း ငြင်းပယ်ရန်မလိုသည်မှာ ဒါက ကံကြမ္မာကို ပြောင်းလဲပစ်နိုင်မည့် အခွင့်အရေးတစ်ခု ဖြစ်နေခြင်းပင်။

သို့သော် ယခုအချိန်မှာ ကျင့်ကြံရမည့် အချိန်မဟုတ်ချေ။

လုလီက အသက်ကို ပြင်းပြင်းရှူကာ မျက်ဝန်းများကို စာပွဲပေါ်ရှိ တိတ်ဆိတ်နေသော ဓားထံသို့ ပြန်လည် ပို့ဆောင်လိုက်သည်။

လက်ရှိ အရေးကြီးဆုံးအရာမှာ ဟန်ယွဲ့ဓားပျံကို အမြန်ဆုံး လုံးဝ သန့်စင်ရန် ဖြစ်သည်။

အဲဒီနောက်မှ တိတ်တဆိတ် မြို့ပြင်သို့ထွက်ကာ ဟွမ်ရှန်းဂိုဏ်းသို့ ပြန်ရမည်။

ဤနေရာတွင် တိုက်ခိုက်ခြင်းကို တားမြစ်ထားသော်လည်း မြို့ပြင်တွင်မူ သူ့ကို မည်သူမျှ ကာကွယ်ပေးမည် မဟုတ်ချေ။

...

ညဉ့်ဦးယံ ကုန်ဆုံးသွားခဲ့ပြီ။ လုလီက ကုတင်ရှေ့တွင် ထိုင်နေပြီး မျက်ဝန်းများမှာ ကြည်လင်ပြီး ထက်မြက်လှသည်။

ဟန်ယွဲ့ဓားပျံမှာ ဒူးပေါ်တွင် ငြိမ်သက်စွာ ရှိနေပြီး ဓားကိုယ်ထည်မှာ အနည်းငယ် အေးစက်ကာ ဓားသွားပေါ်တွင် အလင်းရောင်များ လှည့်ပတ်နေသည်။ ၎င်းမှာ လအောက်ရှိ ဆီးနှင်းများကဲ့သို့ အသံမရှိသော်လည်း လူကို အေးစက်စက် ခံစားချက် ပေးစွမ်းနိုင်သည်။

ဤညတွင် သူသည် မျက်လုံးတစ်မှိတ်မျှ မအိပ်ဘဲ ဝိညာဥ်စွမ်းအားနှင့် ဝိညာဥ်အာရုံအားလုံးကို အသုံးပြုကာ နောက်ဆုံးတွင် ဤဓားကို လုံးဝ သန့်စင်နိုင်ခဲ့ပြီ ဖြစ်သည်။

ဤဓားမှာ ပျက်စီးနေပြီး ဝိညာဥ်ချီ ကုန်ခမ်းသွားခဲ့ပြီ ဖြစ်သော်လည်း ၎င်း၏ အခြေခံမှာ ရှိနေဆဲဖြစ်ရာ သာမန်အလယ်အလတ်အဆင့် ဝိညာဥ်

လက်နက်များနှင့် နှိုင်းယှဥ်၍ မရနိုင်ချေ။ အထူးသဖြင့် မီးဒဏ် နှင့် အအေးဒဏ်ကို သဘာဝအတိုင်း ခုခံနိုင်စွမ်းရှိသော လက္ခဏာကြောင့် လုလီ၏ သတ်ဖြတ်ခြင်း နည်းလမ်းမှာ မသိမသာ တစ်ဆင့်မြင့်မားသွားခဲ့ပြီ ဖြစ်သည်။

သို့သော် ဓားကို ရရှိခဲ့သော်လည်း ဒုက္ခများမှာမူ ဝေးကွာမသွားသေးချေ။

သူက ဟန်ယွဲ့ဓားကို ဖြည်းဖြည်းချင်း သိမ်းဆည်းလိုက်ပြီး ဝိညာဥ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ရာ ထိုမထင်မရှားသော အရှိန်အဝါအချို့မှာ တည်းခိုခန်းပတ်ဝန်းကျင်တွင် လှည့်ပတ်နေဆဲဖြစ်ပြီး လုံးဝ ဖယ်ခွာသွားခြင်း မရှိသည်ကို တွေ့ရှိလိုက်ရသည်။

"တကယ့်ကို အဆုံးထိ လိုက်နေတာပဲ..." လုလီသည် မျက်မှောင်ကြုတ်လိုက်ပြီး မျက်ဝန်းထဲတွင် စိတ်ပျက်ရိပ်အချို့ ထွက်ပေါ်လာခဲ့သည်။

ထိုလူများသည် ထင်ရှားသည်မှာ သူ လေလံအောင်မြင်ပြီးနောက် ကျန်ရှိနေသော ပိုင်ဆိုင်မှုများကို စောင့်ကြည့်နေကြခြင်း ဖြစ်သည်။ ချင်းဝူစျေးမြို့တွင်း၌ တိုက်ခိုက်ခြင်းကို တားမြစ်ထားသော်လည်း သူ မြို့ပြင်သို့ ထွက်သွားသည်နှင့် ချက်ချင်း ခြုံခိုတိုက်ခိုက်ခြင်း ခံရနိုင်သည်။

သို့သော် ဤနေရာတွင် အကြာကြီး နေ၍လည်း မရချေ။

ဂိုဏ်းတွင်း ပြိုင်ပွဲအတွက် ဆယ်ရက်ကျော်သာ လိုတော့ရာ အကယ်၍ သူ အချိန်မီ မပြန်နိုင်ပါက အတွင်းစည်းသို့ တက်လှမ်းနိုင်မည့် အခွင့်အရေးကောင်းကို လက်လွှတ်ရရုံသာမက ဝိညာဥ်စပါး စိုက်ပျိုးချိန် နောက်ကျသွားမှု့ကြောင့် ဂိုဏ်း၏ အပြစ်ပေးခြင်းကို ခံရနိုင်ပြီး နောင်အနာဂတ် ကျင့်ကြံခြင်းအရင်းအမြစ် ခွဲဝေမှုအပေါ် သက်ရောက်မှု ရှိနိုင်သည်။

အကျိုးနှင့်အပြစ်ကို အကြိမ်ကြိမ် ချိန်ဆပြီးနောက် လုလီသည် ထို ထိုက်

ယွမ်အသက်ရှူနှုန်းထိန်းချုပ်ခြင်းကျင့်စဥ် ကျောက်စိမ်းပြားကို ဖြည်းဖြည်းချင်း ထုတ်ယူကာ ဝိညာဥ်အာရုံကို ထည့်သွင်း၍ သေသေချာချာ ဖတ်ရှုလေ့လာတော့သည်။

အကယ်၍ ဤကျင့်စဥ်က ဖော်ပြထားသည့်အတိုင်း အရှိန်အဝါကို လုံးဝ ဖုံးကွယ်နိုင်လျှင် ထွက်ပြေးရန်အတွက် အခွင့်အရေးကောင်းတစ်ခု ဖြစ်လာနိုင်သည်။

သူသည် ကျင့်စဥ်ထဲသို့ အာရုံစိုက်နေစဥ်ပင် ရုတ်တရက် အခန်းပြင်ပမှ တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာခဲ့ပြီးနောက် တည်းခိုခန်းအစေခံ၏ စမ်းသပ်မေးမြန်းသံ ထွက်ပေါ်လာသည်။

"ဧည့်သည်တော်... ဂုဏ်သရေရှိ လူကြီးတစ်ယောက်က တွေ့ချင်လို့ပါ"

လုလီ၏ မျက်နှာအမူအရာ ချက်ချင်း အေးစက်သွားပြီး အသံကျယ်

ကျယ်ဖြင့် ပြန်လည်ပြောလိုက်သည်။

"မတွေ့ဘူး"

တံခါးပြင်ပရှိ အစေခံမှာမူ အစောကတည်းက ခန့်မှန်းထားသည့်အတိုင်း တုံ့ဆိုင်းသော အသံဖြင့် ထပ်မံဖြည့်စွက်လိုက်သည်။

"လာတဲ့သူက... ချင်းဝူစျေးရဲ့ နတ်သမီးလျူလီ ပါ"

လုလီ၏ မျက်ခုံးများ ရုတ်တရက် ကျုံ့သွားတော့သည်။

နတ်သမီးလျူလီ ဟုတ်လား။

သူသည် ဤလူကို ကောင်းကောင်းမှတ်မိသည်၊ မနေ့ညက လေလံပွဲကို ဦးဆောင်ခဲ့သော အမျိုးသမီးဖြစ်ပြီး ချင်းဝူစျေး မြို့တော်ဝန်၏ သမီး ဖြစ်ကာ သူမ၏ နောက်ကွယ်တွင် ရွှေအမြုတေအဆင့် ကျင့်ကြံသူကြီး ရှိနေသော အစွမ်းထက်သည့် အင်အားစု ဖြစ်သည်။

သူမက ဘာလို့ လာတာလဲ။ ပျက်စီးနေတဲ့ ဓားတစ်လက်အတွက်လား။ အဲဒီလောက်အထိတော့ မဖြစ်နိုင်ချေ။

သူမ၏ အဆင့်အတန်းနှင့်ဆိုလျှင် ထိုပျက်စီးနေသော ဓားမှာ ထူးခြားသော်လည်း သူမကိုယ်တိုင် လူကိုယ်တိုင် လာရောက်ရှာဖွေရမည့် အဆင့်အထိ မရှိချေ။

လုလီ၏ ရင်ထဲတွင် လေးလံသွားသည်။

သူ ဤနေရာတွင် တည်းခိုနေခြင်းကို အကယ်၍ လျူလီက တကယ် စစ်ဆေးချင်လျှင် အားစိုက်စရာမလိုဘဲ သိရှိနိုင်သည်၊ သို့သော် သူမ ယခုအချိန်တွင် လာရောက်လည်ပတ်ခြင်းမှာ မည်သည့်ရည်ရွယ်ချက် ရှိ၍လော။

ခဏအတွင်းမှာပင် သူက လျူလီ ၏ စိတ်ကူးကို လုံးဝ ခန့်မှန်း၍ မရနိုင်ပေ။

📝အပိုင်း - ၅၁ လျူလီ

ဘာသာပြန် - Na Gar🐉

နားမလည်နိုင်လျှင်လည်း ထပ်မတွေးတော့ပေ။

ချင်းဝူစျေးတစ်ခုလုံးမှာ လျိုလီတို့မိသားစု၏ နယ်မြေဖြစ်ရာ အကယ်၍ မိမိက ရှောင်ဖယ်နေပါကလည်း သူမဘက်က တွေ့ချင်လျှင် နည်းလမ်းမျိုးစုံ ရှိနေမည်ဖြစ်သည်။

လုလီသည် အနည်းငယ် တွေးတောပြီးနောက် နောက်ဆုံးတွင် အနက်ရောင်ဝတ်စုံကို ခြုံကာ ရှေ့သို့လှမ်း၍ အခန်းတံခါးကို ဖွင့်လိုက်တော့သည်။

တံခါးအပြင်ဘက်တွင် တည်းခိုခန်းအစေခံမှာ အလိုက်သိစွာ ဘေး၌ ရပ်နေပြီး၊ သူ့နောက်တွင်မူ လှပချောမောပြီး တည်ငြိမ်သော အမူအရာရှိသည့် မိန်းမပျိုတစ်ဦး ရှိနေသည်။ သူမသည် မနေ့ညက လေလံပွဲတွင် တောက်ပလွန်းလှသော လျူလီပင် ဖြစ်သည်။ မနေ့ညက ဝတ်ဆင်ထားသည့် အဖိုးတန် အဖြူရောင်ပိုးသား ဂါဝန်အရှည်နှင့် မတူဘဲ ယနေ့တွင် သူမသည် ရိုးရှင်းသော ဝတ်စုံအရှည်ကိုသာ ဝတ်ဆင်ထားပြီး ဆံပင်တွင်လည်း ရတနာတန်ဆာဆင်မှုများ မရှိချေ။ သို့သော် သူမ၏ အမူအရာမှာမူ တည်ငြိမ်တင့်တယ်မှု့ပျက်ပြယ်မသွားပေ။

လျူလီက လှပစွာ ပြုံးလိုက်ပြီး စကားမပြောဘဲ အခန်းထဲသို့ တိုက်ရိုက် လျှောက်လှမ်းဝင်လာကာ အင်္ကျီလက်ကို အသာအယာဝှေ့ယမ်း၍ ဘေးနားရှိ ကုလားထိုင်တစ်လုံးပေါ်တွင် သဘာဝကျကျ ထိုင်လိုက်သည်။

တည်းခိုခန်းအစေခံသည် ထိုမြင်ကွင်းကို မြင်သောအခါ အမြန်ဆုတ်ခွာသွားပြီး သူတို့အတွက် အခန်းတံခါးကိုပါ အလိုက်သိစွာ ပိတ်ပေးခဲ့သည်။

တံခါးပိတ်သွားသည့်အခါ အခန်းတွင်းရှိ အငွေ့အသက်မှာ ခဏမျှ တိတ်ဆိတ်သွားခဲ့သည်။

လုလီက စကားမပြောသလို လျူလီကလည်း မပြောချေ။

သူမက သူ့ကိုသာ စိုက်ကြည့်နေပြီး ၎င်း၏အကြည့်မှာ ပေါ့ပါးလှသော်လည်း အရေပြားနှင့် အရိုးများကိုပါ ဖောက်ထွင်းမြင်နိုင်စွမ်း ရှိပုံရသည်။

"ဖြောင်း ဖြောင်း ဖြောင်း"

လျူလီသည် ရုတ်တရက် လက်ခုပ်တီးလိုက်ပြီး တိုးညှင်းစွာ ရယ်မောလိုက်သည်။

"ငါက ဟွမ်ရှန်းဂိုဏ်းရဲ့ အဲဒီ 'ကောင်းကင်နတ်အရိုး' ပိုင်ရှင် ပါရမီရှင်

ရှီဟွမ်ထင်လို့... ဒီနေ့ လာရောက်တွေ့ဆုံဖို့ ပြင်ဆင်ခဲ့တာ"

သူမက ခဏရပ်ကာ အလှမျက်ဝန်းများကို အနည်းငယ် မှေးလိုက်ပြီး "ဒါပေမဲ့ နင့်လို ကောင်လေးတစ်ယောက်ကလည်း အဆင့်မြင့်အဆင့် ပျက်စီးနေတဲ့ ဓားကို တစ်ကြိမ်တည်းနဲ့ လေလံအောင်နိုင်လိမ့်မယ်လို့ မထင်ထားဘူး... ကျင့်ကြံခြင်းအဆင့်ကလည်း ချီစုဆောင်းခြင်းအဆင့်(၅)တောင် ရောက်နေပြီဆိုတော့ တကယ့်ကို အံ့သြဖို့ကောင်းတယ်"

လုလီ၏ မျက်နှာအမူအရာ တည်ငြိမ်နေသော်လည်း ခဏမျှ တိတ်ဆိတ်သွားခဲ့သည်။ ဤအမျိုးသမီး၏ ကျင့်ကြံခြင်းအဆင့်မှာ အလွန်မြင့်မားလှပြီး အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ သူမ၏ရှေ့တွင် မိမိဘာမှ ဖုံးကွယ်ထားနိုင်မည်မဟုတ်ကြောင်း သိသဖြင့် နောက်ဆုံးတွင် အနက်ရောင်ဝတ်စုံ၏ မျက်နှာဖုံးကို ချွတ်လိုက်ပြီး ငယ်ရွယ်သော မျက်နှာကို ဖော်ပြလိုက်သည်။

သူက လျူလီကို ငြိမ်သက်စွာ စိုက်ကြည့်ရင်း ပြောလိုက်သည်။

"နတ်သမီးလျူလီကို စိတ်ပျက်စေခဲ့ပုံရတယ်"

သူ၏ အသံမှာ တည်ငြိမ်သော်လည်း အောက်ကျို့ခြင်း မရှိချေ။

"ကျွန်တော့်ရဲ့ အရည်အချင်းက သာမန်ပါပဲ။ ကံကောင်းလို့ ဝိညာဥ်ချီကိုစောစောအာရုံခံနိုင်ခဲ့ပြီး အခြားသူတွေထက် အနည်းငယ် ပိုမြန်မြန် ကျင့်ကြံနိုင်ခဲ့ရုံပါ"

လုလီက စကားပြောပြီးနောက် ခေါင်းငုံ့ရန် မလောဘဲ လျူလီကိုသာ တည်ငြိမ်စွာ စိုက်ကြည့်နေပြီး မျက်ဝန်းထဲမှ သတိထားရိပ်မှာ ပျောက်ကွယ်မသွားသေးချေ။

လျူလီက နှုတ်ခမ်းကို ဖိကာ အသာအယာ ပြုံးလိုက်ပြီး သူမကသူ၏ လှည့်စားသော စကားများကြောင့် အရူးလုပ်မခံရသည့်အပြင် စိတ်ဝင်စားမှုမှာ ပိုမိုပြင်းထန်လာခဲ့သည်။

"နင်က အသက်ငယ်ငယ်လေးနဲ့ စကားပြောတာကတော့ နှိမ့်ချတတ်ပြီး အတွေ့အကြုံရှိတဲ့လူလိုပဲ။ မဆိုးဘူး... ပျိုးထောင်လို့ရမယ့် အဖိုးတန်

လေးပဲ"

သူမက အနည်းငယ် ရပ်နားပြီး စကားလမ်းကြောင်းကို ရုတ်တရက် ပြောင်းလဲလိုက်သည်။

"ဒါပေမဲ့ နင် သိလား အပြင်ဘက်မှာ မျက်လုံးဘယ်နှစ်စုံက နင့်ကို စောင့်ကြည့်နေလဲဆိုတာကို"

လုလီ၏ ရင်ထဲတွင် လှုပ်ခတ်သွားပြီး သူမ မည်သူ့ကို ဆိုလိုသည်ကို ကောင်းကောင်း နားလည်သည်။

သူသည် အသက်ငယ်သေးပြီး အနက်ရောင်ဝတ်စုံကို ခြုံကာ ပုံသဏ္ဌာန်ကို ဖုံးကွယ်ထားသော်လည်း ခန္ဓာကိုယ်၏ ငယ်ရွယ်မှုကိုမူ ဖုံးကွယ်ရန် ခက်ခဲသည်။ အသက်ငယ်ပြီး ချမ်းသာကြွယ်ဝခြင်းမှာ အခြားသူများ၏ မျက်စိထဲတွင် ရွှေငွေတန်ဆာဆင်ထားသော ဝဖြိုးသည့် သိုးတစ်ကောင်ကဲ့သို့ ဖြစ်နေပြီး မည်သူမဆို သတ်ဖြတ်လုယူနိုင်ပေသည်။

သူ၏ မျက်နှာအမူအရာ မပြောင်းလဲဘဲ တည်ငြိမ်စွာ မေးလိုက်သည်။

"နတ်သမီးလျူက ဒီစကားနဲ့ ကျွန်တော့်ကို ဘာသတိပေးချင်တာလဲ။ ဒါမှမဟုတ်... ခင်ဗျားကော ကျွန်တော့်ကို စောင့်ကြည့်နေတာလား"

လျူလီသည် ထိုစကားကို ကြားသောအခါ ရယ်မောပြီးခေါင်းခါလိုက်သည်။

"ကောင်လေး... အထင်မလွဲပါနဲ့။ ငါတို့ ချင်းဝူစျေးက ဟွမ်ရှန်းဂိုဏ်းရဲ့ နယ်စပ်မှာ ရှိနေတာမလို့ ဒီနှစ်တွေမှာ နင်တို့ဂိုဏ်းရဲ့ ကျေးဇူးတွေ အများကြီး ရှိခဲ့ရပါတယ်။ အပြင်ပန်းမှာ ဘာမှပတ်သက်မှု မရှိသလို ဖြစ်နေပေမဲ့ တကယ်တော့ တိတ်တဆိတ် ဆက်သွယ်မှု့က အမြဲတမ်း ရင်းနှီးပါတယ်"

"ငါက ကောင်းကင်နတ်အရိုးပိုင်ရှင် ရှီဟွမ် လာတယ်အမှတ်နဲ့... ဒီစောင့်ကြည့်နေတဲ့လူတွေကို ဖယ်ရှားပေးပြီး သူ့ကို လမ်းကြုံလိုက်ပို့ရင်း မိတ်ဆွေဖွဲ့ မလို့ပဲ။ အခု နင့်လို ကောင်လေးကို တွေ့ရတော့လည်း အရှုံးမရှိပါဘူး"

သူမက မျက်ခုံးကို အသာအယာပင့်ကာ စမ်းသပ်လိုစိတ်ပါသော အပြုံးဖြင့် ပြောလိုက်သည်။

"ဘယ်လိုလဲ... အစ်မက နင့်ကို လမ်းကြုံ လိုက်ပို့ပေးရမလား"

လုလီ၏ မျက်ဝန်းများ ကျုံ့သွားပြီး စိတ်ထဲတွင် အကျိုးနှင့်အပြစ်ကို ချိန်ဆလိုက်သည်။

သူမ၏ ဤလှုပ်ရှားမှုမှာ စေတနာအစစ်အမှန်လော သို့မဟုတ် အခြားရည်ရွယ်ချက် ရှိ၍လောဟူသည်ကို သူ သေချာမသိချေ။ အနည်းငယ် တွေးတောပြီးနောက် ခေါင်းခါလိုက်သည်။

"စေတနာကို ကျေးဇူးတင်ပါတယ် ကျွန်တော်ကိုယ်တိုင် ပြန်လို့ရပါတယ်... နတ်သမီးလျူကို ဒုက္ခမပေးချင်တော့ပါဘူး"

လျူလီ၏ မျက်ဝန်းထဲတွင် အံ့အားသင့်ရိပ်တစ်ခု ဖြတ်ပြေးသွားသော်လည်း အတင်းအကျပ် မတောင်းဆိုဘဲ ပြုံးရွှင်စွာ ပြောလိုက်သည်။

"နင်က တကယ့်ကို ခေါင်းမာတာပဲ"

"ပွင့်ပွင့်လင်းလင်း ပြောရရင် ငါက နင့်ရဲ့ အလားအလာကို သဘောကျလို့မိတ်ဆွေဖွဲ့ ချင်ရုံပဲ။ နင့်ကို ပြန်ပို့ပေးတာက ငါ့အတွက်တော့ လက်ဖျစ်တစ်ချက်တီးရုံလောက်ပဲ ရှိတာပါ"

"နင် ဟန်ယွဲ့ဓားပျံကို လေလံအောင်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ဝိညာဥ်ဆန်တွေနဲ့ အစားထိုးခဲ့ရတယ်။ ငါကြည့်ရသလောက် အဲဒီဝိညာဥ်ဆန်ရဲ့ အရည်အသွေးက သာမန်ဝိညာဥ်ဆန်တွေထက် အများကြီး သာလွန်တယ်... ဒီလိုပစ္စည်းမျိုးကို သုံးပြီး ပျက်စီးနေတဲ့ ဓားနဲ့ လဲဝံ့တယ်ဆိုတော့ နင့်လက်ထဲမှာ အပိုဆန်တွေ မရှိတော့ဘူး မဟုတ်လား"

သူမက အပြုံးကို ရုတ်သိမ်းကာ တည်ငြိမ်သော အမူအရာသို့ ပြောင်းလဲလိုက်သည်။

"စိတ်ချပါ... ငါတို့ ချင်းဝူစျေးက တကယ်ပဲ ရတနာလုယူသတ်ဖြတ်ချင်

တယ်ဆိုရင် ဒီလောက်အထိ အကျယ်အကျယ်လုပ်နေပါ့မလား။ ပျက်စီးနေတဲ့ ဓားပျံတစ်စင်းက ဒီလောက် မတန်ပါဘူး"

လျူလီ၏ အသံမှာ တည်ငြိမ်သော်လည်း စကားလုံးများမှာ ပွင့်လင်းလွန်းသဖြင့် တစ်ပါးသူ ငြင်းပယ်ရန် ခက်ခဲလှသည်။ လုလီသည် အနည်းငယ် တွေးတောပြီးနောက် အကယ်၍ ထပ်မံငြင်းပယ်နေပါက ရိုးသားမှုမရှိဘဲ အလိုမရှိသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။

သူသည် အောက်ကျို့ခြင်းမရှိဘဲ လက်သီးစုပ်ကာ ဦးညွှတ်လိုက်ပြီး တည်ငြိမ်သော အသံဖြင့် ပြောလိုက်သည်။

"’လုလီ’ က နတ်သမီးလျူနဲ့ ချင်းဝူစျေးရဲ့ ကူညီမှုကို ဒီနေရာကနေ ကျေးဇူးတင်ပါတယ်။ နောင်တစ်ချိန်မှာ ကျင့်ကြံခြင်းအဆင့် တိုးတက်လာတဲ့အခါ ကျေးဇူးဆပ်ပါ့မယ်"

ဤတစ်ကြိမ်တွင် သူသည် မိမိ၏ နာမည် 'လုလီ' ကို စတင်၍ ထုတ်ဖော်ပြောကြားလိုက်ပြီး မည်သည့်အရာကိုမျှ ဖုံးကွယ်ထားခြင်း မရှိတော့ချေ။

လျူလီသည် ထိုစကားကို ကြားသောအခါ လက်ကို ဆန့်ထုတ်ကာ သူ၏ခေါင်းကို အသာအယာ ပွတ်သပ်ရင်း ရယ်မောလိုက်သည်။

"ဒါမှ ဟုတ်မှာပေါ့ ဟွမ်ရှမ်းဂိုဏ်းရဲ့ တပည့်တွေက တကယ့်ကို မဆိုးဘူး"

လုလီ၏ ခန္ဓာကိုယ် အနည်းငယ် တင်းမာသွားပြီး မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုခဏတာအတွင်း ဖြစ်ပေါ်လာသော မသက်မသာဖြစ်မှုကို သူ ချက်ချင်း ဖိနှိပ်လိုက်သော်လည်း ရှက်ကိုးရှက်ကန်း ဖြစ်နေဆဲပင်။သူသည် သာမန်အားဖြင့် အခြားသူများ မိမိ၏ ခေါင်းကို ကိုင်တွယ်ခြင်းကို မနှစ်သက်ချေ၊ အထူးသဖြင့် ဤကဲ့သို့ လွတ်လပ်လွန်းသော အမူအရာမျိုးကိုပင်။

သို့သော် လျူလီက သူ၏ တုံ့ပြန်မှုကို အာရုံမစိုက်ဘဲ အမှတ်မထင် ပြောလိုက်သည်။

"နောင်အနာဂတ်မှာ အဖိုးတန် ပစ္စည်းတွေကို လေလံတင်ဖို့ လိုအပ်ရင်လည်း ချင်းဝူစျေးကို လာပြီး ငါ့ကို ရှာလို့ရတယ်"

လုလီက ခေါင်းညိတ်လိုက်ပြီး ပြန်လည်မဖြေကြားခဲ့ပေ။

"ဒါဆို နင် ဘယ်အချိန်မှာ ထွက်ခွာဖို့ ပြင်ဆင်ထားလဲ" လျိုလီက သူ့ကို ကြည့်ကာ ပေါ့ပါးစွာ မေးလိုက်သည်။

"အခုပဲ" လုလီက ပြတ်သားစွာ ဖြေလိုက်သည်။

"ကောင်းပြီ"

လျူလီက လှည့်ထွက်ရင်း "ဒါဆို ငါ့နောက်ကို လိုက်ခဲ့"

လုလီက အနည်းငယ် တွေးတောပြီးနောက် နောက်ဆုံးတွင် နောက်ကနေ လိုက်သွားခဲ့သည်။ ဤသို့ဆိုလျှင် တည်းခိုခန်းအတွင်း၌ အသက်ရှူနှုန်းထိန်းချုပ်ခြင်းကျင့်စဥ်ကို ကျင့်ကြံရန် အချိန်ဖြုန်းနေစရာ မလိုတော့ချေ။ ဂိုဏ်းသို့ စောစောပြန်နိုင်လျှင် အတွင်းစည်းဝင်ခွင့်ပြိုင်ပွဲအတွက် ပိုမိုကောင်းမွန်စွာ ပြင်ဆင်နိုင်မည်ဖြစ်သည်။

သူတို့နှစ်ဦးသည် တစ်ဦးနောက်တစ်ဦး လိုက်ပါရင်း ချန်မင်တည်းခိုခန်းမှ ထွက်ခွာလာခဲ့သည်။ လမ်းထောင့်တွင် တိတ်တဆိတ် ပုန်းအောင်းနေသော အရှိန်အဝါအချို့မှာ ချက်ချင်းပင် လှုပ်ရှားလာကြသည်။ သို့သော် လုလီသည် လျူလီနှင့် ဘေးချင်းယှဥ်၍ လျှောက်လှမ်းလာသည်ကို မြင်လိုက်ရသောအခါ အရှိန်အဝါအများမှာ ချက်ချင်းပင် ငြိမ်သက်သွားပြီး ခြေလှမ်းများလည်း နှေးကွေးသွားခဲ့သည်။

ထိုအထဲတွင် အရှိန်အဝါတစ်ခုမှာမူ အချိန်မီ မတုံ့ပြန်နိုင်ခဲ့ပုံရသည်။

လျူလီက ခြေလှမ်းများကို ရုတ်တရက် ရပ်တန့်လိုက်ပြီး မျက်ဝန်းထဲတွင် အေးစက်သော အလင်းရောင်တစ်ခု ချက်ချင်း ထွက်ပေါ်လာခဲ့သည်။

မူလက ပြုံးရွှင်နေသော မျက်နှာမှာ ထိုခဏချင်းအတွင်းမှာပင် လူကို တုန်လှုပ်ခြောက်ခြားစေမည့် အေးစက်မှုအသွင်သို့ ပြောင်းလဲသွားသည်။

ဓားအလင်းတန်းတစ်ခုသည် ရုတ်တရက် ထွက်ပေါ်လာပြီး အလွန်ပင် ထက်မြက်လှသည်။

လမ်းကြားထောင့်ရှိ အမှောင်ရိပ်ထဲတွင် သန်မာသော အမျိုးသားတစ်ဦးသည် ဘယ်အရာဖြစ်ပျက်သွားသည်ကို ရှင်းလင်းစွာ မမြင်ရသေးခင်မှာပင် ခေါင်းပြတ်ကျသွားပြီး သွေးများမှာ မိုးရွာသကဲ့သို့ ပန်းထွက်လာခဲ့သည်။

သေခြင်းတရား၏ တိတ်ဆိတ်မှုမှာ ပျံ့နှံ့သွားပြီး လမ်းကြားတစ်ခုလုံး ချက်ချင်း ငြိမ်သက်သွားတော့သည်။

မြို့စောင့်တပ်အချို့သည် အသံမထွက်ဘဲ ပေါ်ထွက်လာပြီး မျက်နှာသေနှင့် ထိုခေါင်းမပါသော အလောင်းကို ဆွဲယူသွားကြသည်။ ဖြစ်စဥ်တစ်ခုလုံးမှာ ပြတ်သားလှရာ ၎င်းမှာ နေ့စဥ်ပြုလုပ်နေကျ သန့်ရှင်းရေးတစ်ခုကဲ့သို့ပင်။

မေးမြန်းခြင်း မရှိ၊ အံ့သြခြင်း မရှိသလို အနည်းငယ်မျှ တုံ့ဆိုင်းခြင်းလည်း မရှိချေ။

မြို့တွင်း၌ သတ်ဖြတ်ခြင်းကို တားမြစ်ထားသည် ဟုတ်လား။ သူတို့အတွက်မူ ၎င်းမှာ ဟာသတစ်ခုကဲ့သို့သာ ရှိပုံရသည်။

လုလီသည် ဘေးတွင် ရပ်နေရင်း မြေပြင်ပေါ်ရှိ သွေးကွက်များကို ကြည့်ကာ ရင်ထဲတွင် တိတ်တဆိတ် တင်းကျပ်သွားခဲ့သည်။

ဒါက ချင်းဝူစျေးပဲ။

စည်းကမ်းမရှိခြင်း မဟုတ်ဘဲ အလွန်နည်းပါးသော လူအနည်းငယ်၏ လက်ထဲတွင် ထိန်းချုပ်ထားသော အေးစက်လှသည့် စည်းကမ်းဖြစ်သည်။

ထိုလူမှာမူမျက်စိရှေ့မှ သာမန်ပုံစံရှိသော မိန်းမပျိုပင် ဖြစ်သည်။

လျူလီက ဓားကို သိမ်းဆည်းလိုက်ပြီး အမူအရာ တည်ငြိမ်စွာဖြင့် ဖြည်းဖြည်းချင်း စကားပြောလိုက်သည်။ သူမ၏ အသံမှာ မကျယ်သော်လည်း ပုန်းအောင်းနေသူတိုင်း၏ နားထဲသို့ ရှင်းလင်းစွာ ပဲ့တင်ထွက်သွားသည်။

"နင်တို့လို အနံ့ဆိုးထွက်တဲ့ ပိုးကောင်တွေကြောင့် ငါ့ရဲ့ ချင်းဝူစျေး နာမည်ပျက်ရတာ"

သူမသည် လက်ထဲမှ သွေးစွန်းနေသော အဝတ်စကို အသာအယာဝှေ့ယမ်းကာ ဓားကိုယ်ထည်ကို အေးအေးဆေးဆေး သုတ်သင်ရင်း ရာသီဥတုအကြောင်း ပြောနေသကဲ့သို့ တည်ငြိမ်စွာ ပြောလိုက်သည်။

"မြို့ပြင်ကို ရောက်ပြီးရင် ဘယ်လောက်တောင် ကျင့်ကြံသူတွေ အကြောင်းရင်းမရှိဘဲ သေဆုံးသွားရလဲ မသိဘူး။ ဒီအတိုင်းသာ ဆက်သွားရင် ဘယ်သူက ငါ့ရဲ့ ချင်းဝူစျေးကို လာပြီး အရောင်းအဝယ် လုပ်ဝံ့တော့မှာလဲ။ အဖိုးတန်ရတနာတွေ ပိုင်ဆိုင်ထားတဲ့ အဆင့်နိမ့်ကျင့်ကြံသူတွေက ဒီနေရာကို ကျားဂူလို သဘောထားကြရင် ချင်းဝူစျေးရဲ့ အခြေခံက စောစောစီးစီး နင်တို့လို ပိုးကောင်တွေကြောင့် ပျက်စီးသွားလိမ့်မယ်"

သူမသည် စကားပြောပြီးနောက် ခြေလှမ်းကို မရပ်ဘဲ ဆက်လက်လျှောက်လှမ်းသွားခဲ့သည်။

သူမ၏ အသံမှာ ယခုအချိန်တွင် ဆီးနှင်းများ ဖိနှိပ်ထားသကဲ့သို့ ရုတ်တရက် နက်ရှိုင်းသွားသည်။

"ဒီနေ့ကစပြီး မြို့အတွင်းတင် သတ်ဖြတ်တာကို တားမြစ်တာမဟုတ်ဘူး၊ မြို့ပြင် မိုင်ဆယ်အကွာအဝေးအထိလည်း အတူတူပဲ"

သူမက ခဏရပ်ကာ အသာအယာ ပြုံးလိုက်သော်လည်း ထိုအသံမှာ အရိုးထဲအထိ အေးစက်လှသည်။

"နောက်ထပ် ဘယ်သူမဆို သတ်ဖြတ်လိုစိတ် ရှိလာရင်တော့ ငါတို့ ချင်းဝူစျေးက မညှာတာဘူးလို့ မပြောနဲ့"

သူမ၏ အသံမှာ ထက်မြက်လှသော ဓားသွားတစ်ခုကဲ့သို့ လေထုကို ဖောက်ထွင်းပြီး အရပ်မျက်နှာအနှံ့ရှိ အမှောင်ရိပ်များဆီသို့ ဖြတ်သန်းသွားခဲ့သည်။

လုလီ၏ မျက်ဝန်းများ ကျုံ့သွားပြီး သူ ရှင်းလင်းစွာ ခံစားလိုက်ရသည်မှာ အမှောင်ထဲတွင် ပုန်းအောင်းနေသော အရှိန်အဝါများမှာ အမြန်ဆုတ်ခွာသွားကြခြင်း ဖြစ်သည်။

၎င်းမှာ ကြွက်က သိမ်းငှက်ကို မြင်လိုက်ရသကဲ့သို့ပင်။

သူသည် ခေါင်းကို ငုံ့ထားပြီး မျက်ဝန်းများ လေးနက်သွားသည်။

ဤမိန်းမပျိုသည် အပြင်ပန်းတွင် နူးညံ့ပြီး တောက်ပလှသော်လည်း လှုပ်ရှားလိုက်လျှင်မူ ရက်စက်ပြီး ပြတ်သားလှရာ သတ်ဖြတ်ရာတွင် မျက်တောင်တစ်ချက်မျှ မခတ်ဘဲ မျက်နှာအမူအရာကို ချက်ချင်း ပြောင်းလဲပစ်နိုင်ပေသည်။

All Chapters