အခန်း (၅၂-၅၄)
Vol. 4 Ch. 52-54
📝အပိုင်း - ၅၂ ဂိုဏ်းသို့ အပြန်
ဘာသာပြန် - Na Gar🐉
လျူလီက လုလီကို ခေါ်ဆောင်ကာ ချင်းဝူစျေးကွက်မှ ထွက်ခွာလာခဲ့သည်။ လမ်းခရီးတစ်လျှောက်တွင် မူလက မထင်မရှား ရှိနေခဲ့သော စောင့်ကြည့်နေသည့် အရှိန်အဝါများမှာ တစ်ဦးပြီးတစ်ဦး ပျောက်ကွယ်သွားကြပြီး ဝေးဝေးသို့ပင် ရှောင်ဖယ်သွားကြသည်။ မည်သူမျှ နောက်ထပ် ခြေလှမ်းတစ်လှမ်းမျှ မတိုးဝံ့ကြတော့ချေ။
သူမက မြို့တွင်း၌ ခေါင်းတစ်လုံးကို ချက်ချင်း ဖြတ်ချခဲ့ပြီး ထိုသွေးများမှာ မအေးစက်သေးသောကြောင့် ဖြစ်သည်။
လျူလီ၏ မျက်နှာအမူအရာမှာ သာမန်အတိုင်းရှိပြီး ခြေလှမ်းများမှာ တည်ငြိမ်လှရာ မိတ်ဆွေဟောင်းတစ်ဦးကို အိမ်လိုက်ပို့နေသကဲ့သို့ ရှိပြီး ဤဆယ်မိုင်အကွာအဝေးကို လိုက်ပို့ပေးရခြင်းအပေါ် တစ်စုံတစ်ရာ မသက်
မသာ ဖြစ်နေပုံမရချေ။
မြို့ပြင် ဆယ်မိုင်အကွာအဝေးသို့ ရောက်ရှိသည့်အခါတွင်မှ သူမသည် ရုတ်တရက် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ပြုံးရွှင်သော မျက်နှာဖြင့် လုလီကို တစ်ချက် လှည့်ကြည့်လိုက်သည်။
"လုလီ... နင့်ကို ဒီနေရာအထိပဲ လိုက်ပို့တော့မယ်။ အခွင့်အရေးရှိရင် နောက်တစ်ခေါက် ချင်းဝူစျေးကို လာဖို့ ဖိတ်ခေါ်ပါတယ်"
လုလီက ကိုယ်ကို အနည်းငယ် ညွတ်လိုက်ပြီး ရိုသေစွာ ပြောလိုက်သည်။ "လိုက်ပို့ပေးတဲ့အတွက် နတ်သမီးလျူရဲ့ ကို ကျေးဇူးအထူးတင်ရှိပါတယ်"
လျူလီက လက်ကို အသာအယာ ဝှေ့ယမ်းလိုက်ပြီး စကားလုံးများထဲတွင် အေးစက်မှုတစ်ခု ပါဝင်နေသည်။
"ကိစ္စမရှိပါဘူး ချင်းဝူစျေးက ဒီနှစ်တွေမှာ တိတ်ဆိတ်လွန်းနေလို့ ဒီပိုးကောင်တွေက တစ်ယောက်ပြီးတစ်ယောက် သတ္တိတွေ ပိုကောင်းလာကြတာ။ အခုလို အစွမ်းမပြရင် စျေးကွက်ရဲ့ အခြေခံပါ လှုပ်ခတ်သွားလိမ့်မယ်"
လုလီ၏ မျက်နှာအမူအရာ မသိမသာ လှုပ်ခတ်သွားပြီး စိတ်ထဲတွင် သတိထားလိုက်သော်လည်း အပြင်ပန်းတွင်မူ အမူအရာမပျက်ဘဲ ခေါင်းကိုသာ ညိတ်ပြလိုက်သည်။
"ကောင်းပြီ... နင်လည်း အဲဒီလောက်အထိ အရမ်းကြီး သတိကြီးမနေပါနဲ့" လျူလီက ရုတ်တရက် အသံတိုးတိုးဖြင့် ပြောလိုက်သည်။
"ငါသာ နင့်ကို တကယ် တစ်ခုခုလုပ်ချင်ရင် အစောကတည်းက လှုပ်ရှားခဲ့ပြီးသားပါ"
"ကျွန်တော် ပိုတွေးမိသွားတာပါ" လုလီက အသံတိုးတိုးဖြင့် ပြောလိုက်သော်လည်း သတိထားစိတ်ကိုမူ လျှော့ချခြင်း မရှိချေ။
သူသည် ထပ်မံ၍ စကားမပြောတော့ဘဲ လက်ကို ဝှေ့ယမ်းကာ ပျံသန်းရေးလှေငယ်ကို ထုတ်ယူလိုက်သည်။ ဝိညာဥ်ချီ အလင်းတန်းတစ်ခု ဖြာထွက်လာပြီးနောက် လှေငယ်သည် ကောင်းကင်ထက်သို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွားတော့သည်။
ထိုအလင်းတန်းမှာ သေးငယ်သော အလင်းစက်တစ်ခုအဖြစ် ပြောင်းလဲသွားသည့်တိုင်အောင် သူမသည် မူလနေရာတွင် ရပ်နေဆဲပင်။
လေပြေက သူမ၏ နားထင်စပ်မှ ဆံပင်များကို ဖြတ်သန်းတိုက်ခတ်သွားရာ သူမက တိုးညှိစွာ ရေရွတ်လိုက်သည်။
"ရှီဟွမ်ကိုတော့ မတွေ့လိုက်ရဘူး... ဒါပေမဲ့ ဒီကောင်လေးရဲ့ အလားအလာကလည်း မဆိုးပါဘူး"
သူမက အင်္ကျီလက်ထဲတွင် ဝှက်ထားသော သေးငယ်သည့် ပစ္စည်းတစ်ခုကို လက်ချောင်းထိပ်များဖြင့် ဖြည်းဖြည်းချင်း ပွတ်သပ်နေပြီး မျက်ဝန်းများမှာ တဖြည်းဖြည်း နက်ရှိုင်းလာခဲ့သည်။
"ဒီလူက... စိတ်ဝင်စားဖို့ ကောင်းသားပဲ"
"တကယ်လို့... သူ့ကို ငါ့ကိုယ်စား အဲဒီနေရာကို သွားခိုင်းလို့ ရနိုင်မလား..."
သူမသည် မျက်ဝန်းများကို အနည်းငယ် ကျုံ့လိုက်ပြီး တစ်စုံတစ်ရာသော ဖြစ်နိုင်ခြေကို ချိန်ဆနေသည့်ပုံစံမျိုး ရှိသည်။
လေပြေက မြက်ပင်များနှင့် သစ်ပင်များကို ဖြတ်သန်းတိုက်ခတ်သွားပြီး အင်္ကျီစများ လွင့်ပျံနေကာ အသံမှာလည်း လေနှင့်အတူ လွင့်မျောပျောက်ကွယ်သွားပြီး တောတောင်များကြားတွင် နစ်မြုပ်သွားတော့သည်။
အခြားတစ်ဖက်တွင်မူ လုလီသည် မျဉ်းဖြောင့်အတိုင်း အဝေးသို့ ပျံသန်းသွားခြင်း မရှိဘဲ တမင်တကာ ကွေ့ပတ်ပျံသန်းခဲ့ပြီး အကြိမ်အချို့ မြေပြင်သို့ ဆင်းသက်ကာ လမ်းလျှောက်ခဲ့သည်။ သူသည် မိမိ၏ အရှိန်အဝါကို ဖုံးကွယ်ရန် အသက်ရှူနှုန်းထိန်းချုပ်ခြင်းကျင့်စဥ်ကို အသုံးပြုခဲ့ပြီး အရပ်မျက်နှာများကို အကြိမ်ကြိမ် ပြောင်းလဲခဲ့ရာ အလွန်အမင်း သတိကြီးလွန်းနေခဲ့သည်။
"လူတွေက ငါနဲ့ လျူလီ ထွက်ခွာလာတဲ့ လမ်းကြောင်းအတိုင်း လိုက်မလာနိုင်အောင် မဖြစ်မနေ လုပ်ရမယ်"
သူက အသံတိုးတိုးဖြင့် ရေရွတ်ရင်း ဝိညာဥ်အာရုံကို ရံဖန်ရံခါ ဖြန့်ကြက်ကာ အမဲလိုက်သားရဲတစ်ကောင်ကဲ့သို့ သတိထားနေခဲ့သည်။
သူ့နောက်တွင် စောင့်ကြည့်နေသော အရှိန်အဝါ လုံးဝမရှိတော့ကြောင်း အသေအချာ အတည်ပြုနိုင်သည့် အချိန်မှသာ စစ်မှန်စွာ သက်ပြင်းချနိုင်တော့သည်။
ကောင်းကင်ယံမှာ ဖြည်းဖြည်းချင်း ရောင်နီသန်းလာပြီး အရှေ့ဘက် မိုးကုတ်စက်ဝိုင်းတွင် အလင်းဖျော့ဖျော့များ ပေါ်ထွက်လာခဲ့သည်။ နံနက်ခင်း၏ လေပြေက တိုက်ခတ်နေပြီး လုလီမှာမူ စကားတစ်ခွန်းမျှ မပြောဘဲ ဝတ်စုံမှာ လေထဲတွင် တဖျတ်ဖျတ် လွင့်နေကာ ပျံသန်းရေးလှေငယ်မှာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲ၍ ဂိုဏ်းသို့ ပြန်မည့်လမ်းထံသို့ အမြန်မောင်းနှင်နေခဲ့သည်။
ပြန်ရမည့်လမ်းမှာ ရှင်းလင်းနေသော်လည်း စိတ်လက်ပေါ့ပါးခြင်း မရှိချေ။
ဤချင်းဝူစျေးခရီးစဥ်မှာ ခေါင်းကို တူနှင့် ထုလိုက်သကဲ့သို့ ဖြစ်ပြီး ကျင့်ကြံခြင်းလောကအပေါ် ထားရှိသည့် သူ၏ နောက်ဆုံး သာမန်စိတ်ကူးများကိုပါ လုံးဝ ခြေမှုန်းဖျက်ဆီးပစ်လိုက်သည်။
ကျင့်ကြံခြင်းလမ်းစဥ်ဟူသည် ခြေလှမ်းတိုင်းတွင် အသက်အန္တရာယ်များ ရှိနေသည်။
အကယ်၍ မိမိတွင် လုံလောက်သော အစွမ်း သို့မဟုတ် နောက်ခံအင်အား မရှိဘဲ ဝိညာဥ်ကျောက်တုံး သောင်းဂဏန်းကျော်တန်ဖိုးရှိသော ပစ္စည်းများကို ထုတ်ပြလိုက်မည်ဆိုပါက သမုဒ္ဒရာနက်ထဲသို့ ငါးတစ်ကောင် ဝင်သွားသကဲ့သို့၊ သို့မဟုတ် ဝံပုလွေအုပ်ကြားထဲသို့ သွေးညှီနံ့ ရောက်သွားသကဲ့သို့ပင် တစ်ခြားသူ၏ လိုချင်တပ်မက်မှုကို မလွဲမသွေ ဆွဲဆောင်မိပေလိမ့်မည်။
အကယ်၍ လျူလီသာ လှုပ်ရှားခြင်းမပြုခဲ့ပါက ဤတစ်ကြိမ် သူ ချင်းဝူစျေးမှ ဘေးကင်းစွာ ထွက်ခွာနိုင်ပါ့မလားဆိုသည်မှာ ပြောရန်ခက်ခဲလှသည်။
လုလီ၏ ရင်ထဲတွင် လေးလံမှု့ကို ခံစားလိုက်ရသည်။
အတွင်းစည်းဝင်ခွင့်ပြိုင်ပွဲမှာ မျက်စိရှေ့သို့ ရောက်ရှိနေပြီဖြစ်ရာ အကယ်၍ တကယ်ပဲ ပြဿနာတစ်ခုခု ဖြစ်ပွားခဲ့ပါက နောက်ထပ် သုံးနှစ် ထပ်မံစောင့်ဆိုင်းရမည်ဖြစ်သည်။ သူသည် ဤကဲ့သို့သော အမှားမျိုးကို အဖြစ်မခံနိုင်ချေ။
ထိုလျူလီနှင့် ပတ်သက်၍မူ……
လုလီသည် ထိုမိန်းမပျို၏ မျက်နှာအမူအရာ၊ စကားပြောသံနှင့် သတ်ဖြတ်ရာတွင် ပြတ်သားလှသော လှုပ်ရှားမှုများကို ပြန်လည်တွေးတောမိရာ ရင်ထဲတွင် သတိထားစိတ်များ ပိုမိုတိုးပွားလာခဲ့သည်။ သူမ၏ ကူညီမှုက မိမိကို တကယ်ပဲ ကယ်တင်ပေးခဲ့သော်လည်း အစမှအဆုံးအထိ ထိုအပြုံးထဲတွင်မူ ခန့်မှန်းရခက်ခဲသော အဓိပ္ပာယ်တစ်ခု ပါဝင်နေစမြဲပင်။
ဒါက သန့်စင်တဲ့ စေတနာ မဟုတ်ချေ။
သူမသည် မိမိအပေါ်တွင် တစ်စုံတစ်ခုကို လိုချင်တပ်မက်နေပုံရသည်။သို့သော် ဘာကို လိုချင်သည်ကိုမူ သူ အနည်းငယ်မျှ အရိပ်အမြွက်ပင် မသိရှိရသေးချေ။
သူသည် အတော်ကြာအောင် တိတ်ဆိတ်နေပြီး ထပ်မံ၍ မတွေးတောတော့ပေ။
အဝေးရှိ တောင်တန်းများ ပေါ်ထွက်လာပြီး ဟွမ်ရှန်းဂိုဏ်း၏ ခန့်ညားထည်ဝါလှသော ဂိုဏ်းဝင်ပေါက်ကြီးမှာ မြူခိုးဖျော့ဖျော့များကြားတွင် မထင်မရှား ပေါ်ထွက်လာခဲ့သည်။
ထိုခဏတွင်မှ လုလီသည် စစ်မှန်စွာ သက်ပြင်းတစ်ချက် ချနိုင်တော့သည်။
နောက်ဆုံးတော့ အချိန်မီ ပြန်ရောက်လာခဲ့ပြီ။
ကွေ့ယွမ်ခြံဝင်း၏ တံခါးမှာ အနည်းငယ် ပိတ်ထားပြီး သစ်ရွက်ခြောက်များမှာ အသံမရှိဘဲ ကြွေကျနေသည်။
လုလီသည် ဝင်းထဲသို့ လျှောက်လှမ်းဝင်လာခဲ့ပြီး လမ်းခရီးမှ ဖုန်မှုန်များကိုပင် မသုတ်သင်ရသေးသော်လည်း ခြေလှမ်းများမှာမူ အလွန်ပေါ့ပါးလှသည်။
သူသည် ပျံသန်းရေးလှေငယ်ကို အလိုက်သင့် သိမ်းဆည်းလိုက်ပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ ပုံမှန်မဟုတ်သောအရာ မရှိကြောင်း အတည်ပြုပြီးနောက်မှ ဖြည်းဖြည်းချင်း သက်ပြင်းချလိုက်သည်။
"ဒီတစ်ခေါက်... သုံးရက်ပဲ ကြာခဲ့ပေမဲ့ ထင်ထားတာထက် ပိုပြီးတော့ ဘေးအန္တရာယ်များခဲ့တယ်"
သူသည် တံခါးကို တွန်းဖွင့်ကာ အခန်းထဲသို့ ဝင်ရောက်သွားပြီး ရေအိုးရှေ့သို့ လျှောက်လှမ်းကာ ရေကြည်ဖြင့် မျက်နှာသစ်လိုက်သည်။ အေးစက်သော ရေများက ပါးပြင်ပေါ်သို့ စီးဆင်းသွားပြီး ဝိညာဥ်အာရုံပေါ်ရှိ ပင်ပန်းနွမ်းနယ်မှုများကိုပါ အနည်းငယ် လျော့နည်းသွားစေသည်။
"လျူလီ... သူ နောက်ဆုံးမှာ ဘာကို ရည်ရွယ်တာလဲဆိုတာကို ခန့်မှန်းလို့မရသေးဘူး။ ဒါပေမဲ့ ဒီနေ့ သူမကသာ သတ်ဖြတ်လိုစိတ် အနည်းငယ် ပြသခဲ့ရင် ငါကတော့ တခြားနေရာမှာ အရိုးဆွေးသွားလောက်ပြီ"
သူသည် စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်နေပြီးနောက် ဝတ်စုံကိုပင် မလဲလှယ်သေးဘဲ စာပွဲရှေ့တွင် ထိုင်လိုက်ကာ ယခုတစ်ကြိမ် ချင်းဝူစျေးမှ ရရှိခဲ့သော ပစ္စည်းများကို တစ်ခုချင်းစီ ထုတ်ယူလိုက်သည်။
ပျက်စီးနေသော ကျောက်စိမ်းပြား နှစ်ခုနှင့် ပျက်စီးနေသော ဓားပျံတစ်စင်းတို့မှာ စာပွဲပေါ်တွင် သေသေချာချာ အစီအရင်အတိုင်း ရှိနေကြသည်။
ထို့အပြင် ဦးနှောက်ထဲတွင် ထပ်မံရရှိထားသော 'ဟွမ်ချွမ်သွေးကြောမွေးမြူခြင်းကျင့်စဥ်' နှင့် 'ထိုက်ယင် ချီစုဆောင်းခြင်းကျင့်စဥ်' ၏ ဒုတိယအပိုင်းတို့လည်း ရှိနေသေးသည်။
"ဟွမ်ချွမ်သွေးကြောမွေးမြူခြင်းကျင့်စဥ်..."
သူက တိုးညှင်းစွာ ရေရွတ်လိုက်သော်လည်း မျက်ဝန်းများမှာ အနည်းငယ် အေးစက်သွားပြီး၊ ကုန်းမြေကြီးကဲ့သို့ ကြီးမားလှသော ကောင်းကင်ဘီလူးကြီးက အဆုံးမရှိသော နတ်ဘုရားများကို တိုက်ခိုက်နေသည့် မြင်ကွင်းကို သတိရမိရာ ဤကျင့်စဥ်သည် တကယ်ပဲ ကံကောင်းခြင်း လက်ဆောင်တစ်ခု ဟုတ်မဟုတ်ဆိုသည်မှာ ပြောရန်ခက်ခဲလှသည်။
လုလီသည် မသိမသာ ခံစားမိသည်မှာ အကယ်၍ ဤကျင့်စဥ်ကို တကယ်ပဲ ကျင့်ကြံမည်ဆိုပါက ကြောက်မက်ဖွယ်ကောင်းသော ကံကြမ္မာအကျိုးဆက်တစ်ခုခုနှင့် ပတ်သက်သွားနိုင်ကြောင်းပင်။
ရေတိုအနေဖြင့် ကြည့်လျှင် ဤကျင့်စဥ်ကို အလွယ်တကူ မထိတွေ့သင့်ပေ။
"ထိုက်ယင် ချီစုဆောင်းခြင်းကျင့်စဥ် ဒုတိယအပိုင်း... ဟန်ယွဲ့ဓားပျံ..."
သူက တစ်ခုချင်းစီကို ကြည့်ရှုလိုက်ပြီး နောက်ဆုံးတွင် မျက်ဝန်းများမှာ မဟာဝိညာဥ်ကျင့်စဥ်ဟု ရေးသားထားသော ကျောက်စိမ်းပြားပေါ်တွင် ရပ်တန့်သွားခဲ့သည်။
"ဝိညာဥ်အာရုံ... ဒါကမှ အချိန်တိုအတွင်းမှာ မြှင့်တင်နိုင်မယ့် နည်းလမ်း ဖြစ်လိမ့်မယ်"
သူက ခန္ဓာကိုယ်ကို မတ်မတ်ထားပြီး သက်ပြင်းတစ်ချက်ကို အရှည်ကြီး ချလိုက်ကာ တိုးတိုးလေး ပြောလိုက်သည်။
"ဒါဆိုရင်...ဒီကနေပဲ စတာပေါ့"
စကားဆုံးသည်နှင့် သူ၏ လက်ချောင်းထိပ်နဲ့ အသာအယာ တို့ထိလိုက်ရာ ကျောက်စိမ်းပြားသည် လေထဲသို့ လွင့်မျောလာပြီး အနည်းငယ် တုန်ခါကာ လှိုင်းလုံးကြီးများကဲ့သို့ ဝိညာဥ်အလင်းတန်းများကို ဖြာထွက်စေသည်။
လုလီက မျက်လုံးများကို ဖြည်းဖြည်းချင်း ပိတ်လိုက်ပြီး ဝိညာဥ်အာရုံကို ၎င်း၏အတွင်းသို့ ထည့်သွင်းလိုက်ရာ အခန်းငယ်တစ်ခုလုံးသည် ချက်ချင်းပင် တိတ်ဆိတ်ခြင်းအသွင်သို့ ပြောင်းလဲသွားပြီး လေတိုက်သံသဲ့သဲ့နှင့် ဝင်းပြင်ပမှ သစ်ရွက်ကြွေသံများသာ ကျန်ရှိတော့သည်။
နေမွန်းတည့်ချိန်သို့ ရောက်ရှိသည့် အချိန်မှသာ လုလီသည် မျက်ဝန်းများကို ဖွင့်လိုက်တော့သည်။ ကျောက်စိမ်းပြားမှာ သူ၏ လက်ချောင်းထိပ်တွင် ပြာမှုန်များအဖြစ် ပြောင်းလဲသွားပြီး စားပွဲပေါ်တွင် အသံမရှိဘဲ လွင့်စဉ်သွားခဲ့သည်။
သူ၏ မျက်နှာအမူအရာ လှုပ်ခတ်သွားပြီး နှုတ်ခမ်းထောင့်တွင် မဖုံးကွယ်နိုင်သော ဝမ်းသာရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။
ဤကျင့်စဥ်မှာ ချိုးယွဲ့ပြောခဲ့သည့်အတိုင်း ဝိညာဥ်အာရုံကို သန့်စင်ပေးသည့် နည်းလမ်းတစ်ခု တကယ်ပဲ ဖြစ်နေသည်။
သူကအမြဲ တည်ငြိမ်နေတတ်သော်လည်း ယခုအချိန်တွင်မူ စိတ်
လှုပ်ရှားမှုကို မဖုံးကွယ်နိုင်တော့ချေ။
ဝိညာဥ်ချီကို ကျင့်ကြံခြင်းနှင့် ခန္ဓာကိုယ်ကို သန့်စင်ခြင်း ကျင့်စဥ်များမှာ သမုဒ္ဒရာကဲ့သို့ မြောက်မြားစွာ ရှိသော်လည်း 'ဝိညာဥ်အာရုံ' ကို အထူးလေ့ကျင့်ပေးသည့် နည်းလမ်းမှာမူ အလွန်ပင် ရှားပါးလှသည်။
'ဝိညာဥ်အာရုံ' လမ်းစဥ်ဟူသည် ခံစားသိရှိနိုင်စွမ်းနှင့် ထိန်းချုပ်နိုင်စွမ်းတို့နှင့် သက်ဆိုင်ပြီး ရန်သူကို တိုက်ခိုက်နှိမ်နင်းရာတွင် ပထမဆုံးသော အခွင့်အရေးကို ရရှိစေနိုင်သည်။
ရန်သူ၏ သတ်ဖြတ်လိုစိတ်ကို ကြိုတင်သိရှိနိုင်စွမ်း ရှိသလို၊ ဝိညာဥ်ရတနာ၊ ပညာရပ် နှင့် ဓားပျံများကို ထိန်းချုပ်ရာတွင်လည်း သာမန်လူများထက် များစွာ သာလွန်စေနိုင်သည်။
ဤကဲ့သို့သော ကျင့်စဥ်မျိုးမှာ လောကတွင် ကွယ်ပျောက်လုနီးပါး ဖြစ်နေပြီဖြစ်သည်။
နှမြောစရာကောင်းသည်မှာ ဤကျောက်စိမ်းပြားတွင် ပထမအဆင့် သုံးဆင့်၏ အကြောင်းအရာများကိုသာ မှတ်တမ်းတင်ထားခြင်းဖြစ်ရာ ပျက်စီးနေသော ကျင့်စဥ် ဖြစ်ကြောင်း ထင်ရှားသည်။ နောက်ဆက်တွဲ အစိတ်အပိုင်းများမှာ လောကတွင် ရှိနေသေးသလော၊ သို့မဟုတ် အချိန်ကာလနှင့်အတူ ကွယ်ပျောက်သွားခဲ့ပြီလောဟူသည်ကို မသိရချေ။
သို့သော် ပျက်စီးနေသော ကျင့်စဥ်ဖြစ်လင့်ကစား လျှို့ဝှက်ကျင့်စဥ် ဟူသော စကားလုံးနှစ်လုံးနှင့် ထိုက်တန်လှပေသည်။
ထိုစဥ်မှာပင် ချိုးယွဲ့၏ အသံက သူ၏ ဦးနှောက်ထဲတွင် ပဲ့တင်ထွက်ပေါ်လာခဲ့သည်။
"လုလီ... ဒီကျင့်စဥ်က တကယ်ပဲ ဝိညာဥ်အာရုံကို လေ့ကျင့်ပေးတဲ့ နည်းလမ်းလား"
"အင်း" လုလီက တိုးတိုးလေး ပြန်လည်ဖြေကြားလိုက်ပြီး မျက်ခုံးကြားတွင် ဝမ်းသာရိပ်များ ရှိနေဆဲပင်။
ချိုးယွဲ့က ခဏမျှ တွေးတောပြီးနောက် ပြောလိုက်သည်။
"ဒါဆိုရင် ငါ မှတ်မိတာ တကယ်မမှားဘူးပဲ... ငါ ရှေးဟောင်းကျမ်းစာတစ်ခုထဲမှာ မှတ်တမ်းတစ်ခုကို ဖတ်ဖူးတယ်၊ အဲဒီထဲမှာ 'မဟာဝိညာဥ်အရှင်သခင်' လို့ အမည်ရတဲ့ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ယောက်အကြောင်း ပါတယ်"
"ဒဏ္ဍာရီထဲမှာတော့ သူ့ရဲ့ ဝိညာဥ်အာရုံက အဆင့်တူ ကျင့်ကြံသူတွေထက် များစွာ သာလွန်တယ်... သာမန်ကျင့်ကြံသူတွေက ဓားပျံအနည်းငယ်ကို ထိန်းချုပ်ပေမဲ့ သူကတော့ တစ်ပြိုင်နက်တည်းမှာ ဓားပျံအစင်းပေါင်း ရာချီကို ထိန်းချုပ်ပြီး ရန်သူကို တိုက်ခိုက်နိုင်တယ် နတ်ဘုရားတစ်ပါး ဒါမှမဟုတ် မိစ္ဆာတစ်ကောင်လိုပဲ"
လုလီ၏ မျက်ဝန်းများ လှုပ်ခတ်သွားပြီး မျက်နှာအမူအရာမှာ တဖြည်းဖြည်း တည်ကြည်လေးနက်လာခဲ့သည်။
"ကြားရသလောက်တော့ သူက အလွန်လျှို့ဝှက်ဆန်းကြယ်လှတဲ့ အမွေအနှစ်တစ်ခုကို ချန်ထားခဲ့ဖူးတယ်၊ အဲဒီနာမည်ကတော့ 'မဟာဝိညာဥ်ကျင့်စဥ်' တဲ့"
"ဒါပေမဲ့ အဲဒီ မဟာဝိညာဥ်အရှင်သခင်က သမိုင်းလှိုင်းလုံးကြီးတွေကြားထဲမှာ ကွယ်ပျောက်သွားခဲ့တာ ကြာပြီဖြစ်လို့ ဒီကျင့်စဥ်ကိစ္စကလည်း ငြိမ်သက်သွားခဲ့ပြီး လောကမှာ အစအန ရှာမရတော့ဘူး။ လူအများစုကတော့ သူ ဘာအမွေအနှစ်မှ ချန်မထားခဲ့ဘူးလို့ ယုံကြည်ထားကြတာ"
ချိုးယွဲ့၏ အသံက ခဏရပ်သွားပြီး အေးစက်လှသော အသံထဲတွင် အတိတ်ကို သတိရရိပ်အချို့ ပါဝင်နေသည်။
"ဒါပေမဲ့ မထင်မှတ်ဘဲ ဒီလို ကွယ်ပျောက်နေတဲ့ လျှို့ဝှက်ကျင့်စဥ်ကို... နင့်လို ကောင်လေးက ကောက်ရလိမ့်မယ်လို့ မထင်ထားဘူး"
📝အပိုင်း - ၅၃ ပြိုင်ပွဲစတင်တော့မည်
ဘာသာပြန် - Na Gar🐉
"ဒါပေမဲ့ မထင်မှတ်ဘဲ ဒီလို ကွယ်ပျောက်နေတဲ့ လျှို့ဝှက်ကျင့်စဥ်ကို... နင့်လို ကောင်လေးက ကောက်ရလိမ့်မယ်လို့ မထင်ထားဘူး"
ချိုးယွဲ့၏ အသံထဲတွင် လွမ်းမောဆွေးမြည့်ရိပ်အချို့ ပါဝင်နေသည်။ ၎င်းမှာ ညည်းတွားမိခြင်းလော သို့မဟုတ် ကံကြမ္မာ၏ ကျီစယ်မှုကြောင့်လော မသိရချေ။
လုလီက စိတ်လက်ပေါ့ပါး သာယာနေမိသည်။ အကယ်၍ ချိုးယွဲ့သာ အမြင်ကျယ်ပြီး ဗဟုသုတ မကြွယ်ဝပါက မိမိအနေဖြင့် ဤ မဟာဝိညာဥ်
ကျင့်စဥ် ကျောက်စိမ်းပြားကို တကယ်ပဲ လက်လွှတ်ရတော့မည် ဖြစ်သည်။ ဝိညာဥ်အာရုံကို မြှင့်တင်ပေးနိုင်သည့် ဤကဲ့သို့သော ကျင့်စဥ်မျိုးသည် ကျင့်ကြံခြင်းလောကတွင် မည်မျှအထိ ရှားပါးတန်ဖိုးရှိကြောင်း သူကောင်းကောင်းသိသည်။ ရရှိခြင်းသည်ပင် ကံကောင်းခြင်း လက်ဆောင် ဖြစ်ပေသည်။
သူက ထပ်မံ၍ တုံ့ဆိုင်းမနေတော့ဘဲ တင်ပလ္လင်ခွေထိုင်ကာ ဝိညာဥ်ကို စိတ်ဝိညာဥ်ပင်လယ် ထဲသို့ နစ်မြုပ်စေလျက် ဤကျင့်စဥ်ကို ထပ်မံကျင့်ကြံတော့သည်။
ဤကျင့်စဥ်လမ်းစဥ်သည် ဝိညာဥ်ကိုသာ သီးသန့် သန့်စင်ရခြင်း ဖြစ်ပြီး သာမန်ကျင့်စဥ်များကဲ့သို့ ဝိညာဥ်ချီကို စုပ်ယူကာ အုတ်မြစ်ချခြင်းမျိုး မဟုတ်ဘဲ ဝိညာဥ်အာရုံ၏ ဝိညာဥ်ပင်လယ်ထဲသို့ တိုက်ရိုက်ဝင်ရောက်ရခြင်း ဖြစ်သည်။ ဝိညာဥ်ချီများကို တစ်ကြိမ်စီ လည်ပတ်စေတိုင်း ဦးနှောက်ထဲတွင် မမြင်ရသော ထက်မြက်သည့် ဓားသွားတစ်စင်းဖြင့် လှီးဖြတ်နေသကဲ့သို့ ခံစားရပြီး ဝိညာဥ်ခန္ဓာမှာ အရှင်လတ်လတ် ဆွဲဖြတ်ခံနေရသကဲ့သို့ပင်။
သာမန်ကျင့်ကြံသူများဆိုလျှင် အမွှေးတိုင်တစ်တိုင်စာ အချိန်မျှပင် ကြာအောင် မတောင့်ခံနိုင်ဘဲ စိတ်ဝိညာဥ် ပြိုလဲသွားပေလိမ့်မည်။ သို့သော် လုလီမှာမူ မျက်နှာအမူအရာမပျက်ဘဲ အံကို တင်းတင်းကြိတ်ကာ အံတုကျော်ဖြတ်ခဲ့သည်။ သူသည် နာကျင်မှုများကို အစောကတည်းက ကျင့်သားရနေခဲ့ပြီ ဖြစ်သည်။ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ သို့မဟုတ် ကံကြမ္မာ၏ နာကျင်မှုများကိုပင်။
နာကျင်ခြင်းသည် ကျင့်ကြံခြင်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။
ထိုက်ယင် ချီစုဆောင်းခြင်းကျင့်စဥ်ကိုလည်း သူ ပစ်ပယ်မထားပေ။ ယင်ချီများကို ခန္ဓာကိုယ်အတွင်း၌ သိမ်းဆည်းကာ တစ်ကိုယ်လုံးသို့ လည်ပတ်စေလျက် ဝိညာဥ်အာရုံ လေ့ကျင့်မှု့နှင့် အပြန်အလှန် ပဲ့တင်ထပ်စေသည်။
အချိန်ကာလသည် နာကျင်မှုများနှင့်အတူ ဖြည်းဖြည်းချင်း ကုန်ဆုံးသွားခဲ့သည်။
ခုနစ်ရက်တာ အချိန်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့ပြီ။
လုလီက မျက်ဝန်းများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ရာ မျက်ဝန်းထဲတွင် ထက်မြက်လှသော အလင်းရောင်တစ်ခု ငြိမ်သက်စွာ ရှိနေသည်။ ဤခုနစ်ရက်အတွင်း ဝိညာဥ်အာရုံမှာ ထူးခြားသော အဆင့်ကျော်ဖြတ်မှုမျိုး မရှိသေးသော်လည်း ပိုမိုသိပ်သည်း ခိုင်မာလာခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။
တိုက်ပွဲအတွင်း ခံစားသိရှိနိုင်စွမ်း တစ်ဆင့်ပိုမို မြင့်မားလာခြင်းသည် အသက်ရှင်သန်နိုင်ခွင့် တစ်ဆင့် ပိုမိုများပြားလာခြင်းနှင့် တူညီပေသည်။
ထို့အပြင် ထိုက်ယင်ချီစုဆောင်းခြင်းကျင့်စဥ်သည်လည်း ချီစုဆောင်းခြင်းအဆင့်(၅)၏ အတားအဆီးသို့ တိတ်တဆိတ် ရောက်ရှိနေပြီ ဖြစ်သည်။
သူက ဖြည်းဖြည်းချင်း ထရပ်ကာ ရင်ထဲမှ လေပူများကို အပြင်သို့ မှုတ်
ထုတ်လိုက်ပြီး အရှိန်အဝါကို ပြန်လည်ထိန်းချုပ်လိုက်သည်။
ယနေ့ ကျင့်စဥ်မှ ထွက်လာရခြင်းမှာ ချန်ရီိနှင့် ချိန်းဆိုထားသောနေ့သို့ ရောက်ရှိလာသောကြောင့် ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်နှင့် အံကိုက်ဖြစ်
အောင် သီးသန့်သွန်းလုပ်ထားသော ဝိညာဥ်သံချပ်အက်ျီကို သွားရောက်
ထုတ်ယူရန် လက်နက်ခန်းမသို့ သွားရမည် ဖြစ်သည်။
လုလီသည် အပြင်စည်းတပည့်များ ဝတ်ဆင်သည့် အဝါရောင် ဝတ်စုံအရှည်ကို လဲလှယ်ဝတ်ဆင်ကာ ရင်ဘတ်ကော်လံကို သေသေချာချာ ပြုပြင်ပြီးနောက် တံခါးမှ ထွက်ခွာခဲ့ပြီး ကွေ့ယွမ်တောင်ထွတ်၏ တောင်ခါးပန်း အရပ်မျက်နှာဆီသို့ တိုက်ရိုက် လျှောက်လှမ်းသွားခဲ့သည်။
လက်နက်ခန်းမမှာ ကွေ့ယွမ်တောင်၏ အရှေ့ဘက်ခြမ်းတွင် တည်ရှိပြီး လမ်းခရီးတစ်လျှောက်တွင် မီးခိုးငွေ့များ ဖုံးလွှမ်းနေကာ လေထုထဲ၌လည်း အနည်းငယ် လောင်ကျွမ်းနေသော အနံ့အသက်များ ပါရှိနေသည်။
ခန်းမရှေ့သို့ ရောက်ရှိသည့်အခါ မီးဖိုကို စောင့်ကြပ်နေသော အပြင်စည်းတပည့်အချို့ကို မေးမြန်းပြီးနောက်မှ ချန်ရီ ရှိရာနေရာကို ရှာဖွေတွေ့ရှိခဲ့သည်။
ထိုသူက မီးဖိုဘေးတွင် ထိုင်နေပြီး ခန္ဓာကိုယ်မှာ အနည်းငယ် ကိုင်းနေကာ မျက်ကွင်းများ ညိုနေပြီး ဆံပင်များမှာလည်း ဖရိုဖရဲ ဖြစ်နေရာ အချိန်အတော်ကြာအောင် အနားမယူရသေးသည့် ပုံစံမျိုး ရှိသည်။ ယခင်က သပ်ရပ်သော ပုံစံမှာ ပျောက်ကွယ်သွားခဲ့ပြီဖြစ်ပြီး ပင်ပန်းနွမ်းနယ်နေသော မျက်နှာသာ ကျန်ရှိတော့သည်။
လုလီ ရောက်ရှိလာသည်ကို မြင်သောအခါ ချန်ရီက နှုတ်ခမ်းကို အသာအယာ တွန့်ကာ ပြုံးလိုက်သော်လည်း စကားအများကြီး မပြောဘဲ သူ့နောက်ကွယ်ရှိ မီးဖိုခုံကိုသာ လက်ညှိုးထိုးပြလိုက်သည်။
မီးဖိုဘေးတွင် အစိမ်းရင့်ရောင်ရှိသည့် ဝိညာဥ်သံချပ်အက်ျီတစ်ခု ရှိနေပြီး ၎င်း၏အပေါ်တွင် ဝိညာဥ်အမှတ်အသားများမှာ မထင်မရှား ရှိနေသည်။ ဝတ်စုံမှာ ပါးလွှာပြီး ပေါ့ပါးလှသော်လည်း အလင်းရောင်များ လှည့်ပတ်နေကာ ဝိညာဥ်အာရုံဖြင့် စစ်ဆေးကြည့်ပါက သိပ်သည်းလှသော ကာကွယ်ရေးစွမ်းအားကို ခံစားနိုင်သည်။
"အဆင့်နိမ့်ဝိညာဥ်လက်နက်ပဲ... ခန္ဓာကိုယ်နဲ့ ကပ်နေရမယ့် ပစ္စည်းမလို့ ဆယ်ရက်တိတိ အချိန်ယူခဲ့ရတယ်၊ မျက်လုံးတောင် သိပ်မပိတ်ရဘူး" ချန်
ရီ၏ အသံမှာ အနည်းငယ် အက်ရှနေသည်။
"အပြင်စည်းတပည့်တွေထဲမှာ ဒီလို အကာအကွယ်ဝတ်စုံကို တစ်ယောက်တည်းနဲ့ အောင်အောင်မြင်မြင် သွန်းလုပ်နိုင်တဲ့သူက လက်ချိုးရေလို့ ရပါတယ်"
သူက ခေါင်းငုံ့ကာ အင်္ကျီလက်ဖြင့် မျက်နှာပေါ်ရှိ ပြာမှုန်များကို အမှတ်မထင် သုတ်သင်ရင်း သဘာဝကျကျ ဆက်ပြောလိုက်သည်။
"မင်းအတွက်တင် မဟုတ်ပါဘူး... ငါကိုယ်တိုင်လည်း လက်ယားနေလို့ပါ"
လုလီသည် အနည်းငယ် ကြောင်အသွားပြီးနောက် လက်ကို ဆန့်ထုတ်ကာ ထိုဝိညာဥ်သံချပ်အက်ျီကို ကောက်ယူလိုက်သည်။
လက်ထဲတွင် အေးစက်ပြီး မျက်နှာပြင်ပေါ်ရှိ လှိုင်းတွန့်များမှာ ရေလှိုင်းများကဲ့သို့ ပေါ့ပါးလှကာ ဝိညာဥ်အလင်းတန်းများမှာ အဝိုင်းလိုက် လှည့်ပတ်နေသည်။ ဒါက သာမန်ကြမ်းတမ်းစွာ သွန်းလုပ်ထားသော ဝိညာဥ်လက်နက် မဟုတ်ဘဲ သုံးကြိမ်တိတိ သန့်စင်ထားပြီး ဝိညာဥ်အမှတ်အသားများကို အပြည့်နီးပါး ထည့်သွင်းထားသည့် အဆင့်နိမ့်အဆင့်၏ အထွတ်အထိပ်အဆင့်လက်နက်တစ်ခု ဖြစ်သည်။
လုလီ၏ မျက်ဝန်းထဲတွင် ဝမ်းသာရိပ်များ ဖြတ်ပြေးသွားပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။
"စီနီယာအစ်ကို ကိုကျေးဇူးတင်ပါတယ်။ ဒီလို လက်ရာမျိုးနဲ့ဆိုရင် နောင်
တစ်ချိန်မှာ လက်နက်သွန်းလုပ်တဲ့ မဟာဆရာကြီး ဖြစ်လာမှာ အသေအချာပဲ"
သူ၏ ဤစကားမှာ မြှောက်ပင့်ခြင်း ဖြစ်သော်လည်း လိမ်လည်ပြောဆိုခြင်း မဟုတ်ပေ။
ချန်ရီက ထိုစကားကို ကြားရသဖြင့် စိတ်ထဲတွင် ကျေနပ်သွားပြီး ပင်ပန်းနွမ်းနယ်နေသော မျက်နှာမှာ ချက်ချင်းပင် သက်ဝင်လှုပ်ရှားလာကာ နှုတ်ခမ်းထောင့်မှာ နားရွက်အထိ တက်ချိတ်လုနီးပါး ဖြစ်သွားသည်။
"မင်းက... ပစ္စည်းကောင်းတော့ သိသားပဲ။ ဂိုဏ်းထဲမှာ မင်းလို ငါ့ကို နားလည်ပေးနိုင်တဲ့သူက... အများကြီး မရှိတော့ဘူး"
သူက ခဏရပ်ကာ အမှတ်မထင်ပုံစံဖြင့် ထပ်မံဖြည့်စွက်လိုက်သည်။ "ဒါပေမဲ့ ဒီသံချပ်အက်ျီက ငါ အခုလက်ရှိအချိန်အထိ အကျေနပ်ဆုံး လက်ရာတစ်ခု ဖြစ်တာတော့ အမှန်ပဲ။ အသုံးပြုထားတဲ့ ပစ္စည်းတွေက အဖိုးမတန်ပေမဲ့ ဝိညာဥ်အမှတ်အသားပေါ်မှာတော့ ငါ စိတ်ကူးတွေ အများကြီး သုံးထားတယ်... အဲ့ထဲမှာ 'ချီစုစည်းတာ'၊ 'တုန်ခါမှုလျှော့ချတာ' နဲ့ 'တိုက်ခိုက်မှုဖြန့်ကျက်တာ' ဆိုတဲ့ အသေးစားအမှတ်အသား သုံးခုကို ထည့်သွင်းထားတယ်၊ မင်းဝတ်ပြီး စမ်းသပ်ကြည့်လိုက်ပါ... ပစ္စည်းကို အလဟဿ မဖြစ်စေနဲ့"
လုလီက ခေါင်းညိတ်လိုက်ပြီး အပြင်ဝတ်စုံကို ချွတ်ကာ ထိုနေရာတွင်ပင် ဝိညာဥ်သ့ချပ်အက်ျီကို ဝတ်ဆင်လိုက်သည်။
သံချပ်အက်ျီမှာ ခန္ဓာကိုယ်နှင့် အံကိုက်ဖြစ်သွားပြီး ဝိညာဥ်အမှတ်အသားများ လှုပ်ခတ်သွားရာ အငွေ့အသက်မှာ တည်ငြိမ်မှုကြားထဲတွင် ဆွဲဆောင်မှုစွမ်းအားတစ်ခု ပါရှိနေသည်။ ၎င်းမှာ ဝိညာဥ်ချီကို ခန္ဓာကိုယ်အတွင်းသို့ သဘာဝကျကျ စီးဆင်းစေနိုင်ပုံရပြီး အထူးသဖြင့် ရင်ဘတ်နှင့် ဝမ်းဗိုက်နေရာတွင် ထူးခြားသော တုံ့ပြန်မှုကို ခံစားရရာ 'တုန်ခါမှုလျှော့ချခြင်းအစီအရင်' အစွမ်းပြနေခြင်း ဖြစ်ကြောင်း ထင်ရှားသည်။
"တကယ့်ကို ထူးခြားတယ်" လုလီက တိုးတိုးလေး ပြောလိုက်သည်။
ချန်ရီက လက်ကို ဝှေ့ယမ်းလိုက်သော်လည်း မနေနိုင်ဘဲ မေးမိသွားသည်။ "မင်းဒီဝတ်စုံကို ဝတ်ပြီး ဘာသွားလုပ်မလို့လဲ။ အတွင်းစည်းဝင်ခွင့်ပြိုင်ပွဲအတွက်လား"
"အင်း"
လုလီသည် ခေါင်းငုံ့ကာ ဝတ်စုံကြိုးကို တင်းတင်းချည်နှောင်ရင်း တည်ငြိမ်စွာ ဖြေလိုက်သည်။
"ဘယ်လိုပဲဖြစ်ဖြစ် ကြိုးစားကြည့်ရမှာပေါ့"
ချန်ရီက မျက်မှောင်ကြုတ်လိုက်ပြီး စကားပြောရန် ပြင်ဆင်လိုက်သော်လည်း ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် နောက်ဆုံးတွင် သက်ပြင်းချလိုက်တော့သည်။
"မင်းရဲ့ အဲဒီကျင့်ကြံခြင်းအဆင့်လေးနဲ့... အား။ ငါက အခု ချီစုဆောင်းခြင်းအဆင့်(၆) ရောက်နေတာတောင် ဒီပြိုင်ပွဲကို ဝင်မပြိုင်ရဲသေးဘူး"
သူက ခဏရပ်ကာ အသံကို အနည်းငယ် နှိမ့်လိုက်သည်။
"မင်းရဲ့ အဆင့်(၅)က အနိမ့်ဆုံး စံနှုန်းနဲ့ ကိုက်ညီရုံပဲ ရှိသေးတာ၊ ပြိုင်ပွဲဝင်မယ့်သူတွေထဲမှာ အဆင့်(၆)တွေအများကြီးပဲ... အဆင့်(၇)ရှိတဲ့ စီနီယာတွေတောင် တိတ်တဆိတ် ပါဝင်ကြလိမ့်မယ်"
သူက လုလီကို တစ်ချက်ကြည့်လိုက်ရာ ၎င်း၏မျက်ဝန်းထဲတွင် အထင်သေးရိပ် မရှိဘဲ သနားစိတ်သာ ရှိနေသည်။
"ငါကတော့ နောက်ထပ် သုံးနှစ်လောက် ထပ်မံ အခြေချဖို့ ဆုံးဖြတ်ထားတယ်၊ အဲဒီအချိန်ကျရင် အသက်နှစ်ဆယ် ပြည့်ပြီဖြစ်လို့ အတွင်းစည်းဝင်ခွင့်ပြိုင်ပွဲရဲ့ နောက်ဆုံးတစ်ကြိမ်ကို မီနိုင်သေးတယ်။ အဲဒီအချိန်ကျမှအတွင်းစည်းကို ဝင်ရောက်နိုင်ရင် အကောင်းဆုံးပေါ့... အကယ်၍ မဝင်ရောက်နိုင်
ရင်လည်း ငါ လက်ခံပါတယ်။လက်နက်သွန်းလုပ်ခြင်းလမ်းစဥ်ကို ပြင်းပြင်းထန်ထန် လေ့ကျင့်ရင် နောင်အနာဂတ်မှာ အဲဒီအတွင်းစည်းတပည့်တွေထက် နိမ့်ကျသွားမှာ မဟုတ်ပါဘူး"
ဤစကားမှာ သာမန်အတိုင်း ရှိသော်လည်း ၎င်း၏ အရိုးထဲ၌မူ ထူးခြားသော ခေါင်းမာမှုနှင့် သတိရှိမှုတို့ ကိန်းအောင်းနေသည်။
ချန်ရီသည် သူ့အပေါ်ကို စေတနာအစစ်အမှန် ရှိသဖြင့် ထပ်မံ၍ ဖျောင်းဖျစကားအချို့ ပြောကြားခဲ့သော်လည်း လုလီ၏ မျက်နှာအမူအရာမှာ ပြောင်းလဲခြင်းမရှိဘဲ ဆုံးဖြတ်ချက် ခိုင်မာနေသည်ကို မြင်သောအခါ ထပ်မံ၍ မပြောတော့ပေ။ သူက လုလီ၏ ရင်ဘတ်ပေါ်ရှိ ဝိညာဥ်သံချပ်အက်ျီအသစ်ကို လက်ညှိုးထိုးပြရင်း အသံကို အနည်းငယ် ပေါ့ပါးအောင် ပြုလုပ်လိုက်သည်။
"ဒီသံချပ်အက်ျီက... ပြိုင်ပွဲထဲမှာ မင်းရဲ့ အသက်ကို ကာကွယ်ပေးနိုင်ပါစေလို့ မျှော်လင့်ပါတယ်"
လုလီက ခေါင်းညိတ်လိုက်ပြီး တိတ်တဆိတ် လက်သီးစုပ်ကာ ဦးညွှတ်လိုက်ရင်း သိုလှောင်အိတ်ထဲမှ အစောကတည်းက ပြင်ဆင်ထားသော ဝိညာဥ်ဆန်အိတ်ကို ထုတ်ယူလိုက်သည်။
ပိဿာသုံးဆယ်ကို မီးခိုးရောင် အဝတ်အိတ်တစ်ခုထဲတွင် သေသေချာချာ ထည့်သွင်းထားခြင်း ဖြစ်သည်။
ချန်ရီ၏ မျက်ဝန်းများ ချက်ချင်း တောက်ပသွားပြီး အိတ်ကို လွှဲပြောင်းယူကာ အစွန်းတစ်ဖက်ကို ဖွင့်ကြည့်ပြီး ဆန်အနည်းငယ်ကို နှာခေါင်းဖြင့် အနံ့ခံကြည့်လိုက်သည်။ ထို့နောက် လက်ဖဝါးပေါ်သို့ သွန်ချကာ သေသေချာချာ စစ်ဆေးကြည့်လိုက်ရာ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားခဲ့သည်။ "ဟမ် ..ဒီတစ်ခေါက်ဆန်က မင်းလွန်ခဲ့တဲ့ နှစ်နှစ်က ငါ့ကိုပေးတဲ့ ဆန်
ထက်တောင် တစ်ဆင့် ပိုကောင်းနေသေးတယ်။ ဝိညာဥ်ချီ ပြည့်ဝပြီး စိုပြည်နေတာပဲ... မဆိုးဘူး၊ တကယ့်ကို မဆိုးဘူး"
သူ၏ မျက်နှာပေါ်ရှိ အပြုံးများမှာ ပိုမိုတောက်ပလာပြီး အိတ်ကို ပုတ်ကာ အသံတိုးတိုးဖြင့် စနောက်လိုက်သည်။
"အမှန်အတိုင်း ပြောရရင် ညီလေး... မင်းအတွင်းစည်းကို မဝင်ရောက်နိုင်မှပဲ ငါ စိတ်အေးရမှာ"
လုလီက မျက်ခုံးပင့်မိသွားသည်။
ချန်ရီက ဖြဲစပ်စပ် ရယ်မောရင်း "မင်းသာ တကယ်ပဲ အတွင်းစည်းကို ရောက်သွားရင် နောက်တစ်ခေါက် ဒီလိုဝိညာဥ်ဆန်မျိုးကို ထပ်စားရပါ့မလားဆိုတာ ငါ တကယ်မသိတော့ဘူး"
"စီနီယာအစ်ကို... ကျွန်တော်ကလည်း စမ်းသပ်ကြည့်ရုံသက်သက်ပါပဲ" လုလီ၏ အသံမှာ တည်ငြိမ်လှသည်။
"အစ်ကိုလည်း ပြောခဲ့တယ်မဟုတ်လား... ကျွန်တော်က ချီစုဆောင်းခြင်းအဆင့် (၅)ပဲ ရှိသေးတာဆိုတော့ အောင်မြင်ဖို့ အလားအလာ မများပါဘူး။ မပြောတတ်ဘူး... ဒီလှိုင်းလုံးကြီး ပြီးဆုံးသွားရင် ကျွန်တော်လည်း ဝိညာဥ်
ဆေးဥယဥ်ကို ပြန်ပြီး ရိုးရိုးသားသား လယ်ပြန်စိုက်ရမှာပါ"
ချန်ရီက ပါးစပ်အဟောင်းသား ဖြစ်သွားသော်လည်း နောက်ဆုံးတွင် ဘာမှမပြောတော့ပေ။
သူတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦး ကြည့်ကာ တိတ်တဆိတ် နှုတ်ဆက်လိုက်ကြသည်။
လက်နက်ခန်းမှ ထွက်ခွာလာခဲ့တဲ့အခါ တောင်ပြေလေက မျက်နှာဆီသို့ ဖြတ်သန်းတိုက်ခတ်လာပြီး နေရောင်ခြည်ဖျော့ဖျော့များ ကျရောက်နေသည်။
လုလီက ကျောက်လှေကားထစ်များအတိုင်း ဖြည်းဖြည်းချင်း ဆင်းလာခဲ့သည်။ သူသည် ဝေးလံလှသော ချိုင့်ဝှမ်းဝင်ပေါက်ဆီသို့ လှမ်းကြည့်လိုက်ရာ မြူများ မပြယ်သေးသော်လည်း လူသံများမှာမူ စတင်ဆူညံနေပြီ ဖြစ်သည်။
ရက်အနည်းငယ် ကြာပြီးနောက် ပြိုင်ပွဲစတင်တော့မည် ဖြစ်သည်။
အချိန် တွက်ချက်ကြည့်ရလျှင် ယနေ့သည် စာရင်းပေးသွင်းရမည့် ပထမဆုံးနေ့ ဖြစ်ရမည်။
သို့သော်…… ဤပထမဆုံးနေ့သည် အမြဲတမ်း လူအစည်ကားဆုံး ဖြစ်
တတ်ပြီး တန်းစီရုံနဲ့တင် တစ်နေ့ခွဲခန့် အချိန်ကုန်ဆုံးသွားနိုင်ကာ စာရင်းပေးသွင်းနိုင်မနိုင်ဆိုသည်မှာလည်း ပြောရန်ခက်ခဲလှသည်။ ထို့ကြောင့် လူအုပ်ကြီးကို ရှောင်ဖယ်ကာ လူနည်းပါးသည့် အချိန်မှသာ လာရောက်စာရင်းပေးသွင်းခြင်းက ပိုမိုကောင်းမွန်ပေလိမ့်မည်။
သူက အကြည့်ကို ရုတ်သိမ်းကာ လှည့်ထွက်လာခဲ့သည်။
📝အပိုင်း - ၅၄ အတွင်းစည်းဝင်ခွင့် ပြိုင်ပွဲ (၁)
ဘာသာပြန် - Na Gar🐉
နှစ်ရက်ကြာပြီးနောက် လုလီသည် စာရင်းပေးသွင်းသည့် နေရာသို့ တစ်ဦးတည်း ထွက်ခွာလာခဲ့သည်။
ယနေ့သည် တတိယမြောက်နေ့ ဖြစ်ပြီး စာရင်းပေးသွင်းခြင်းမှာ အဆုံးသတ်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။
ပထမနှစ်ရက်တွင် မိမိကိုယ်ကိုယ် ကျင့်ကြံခြင်းအဆင့် မြင့်မားသည်ဟု ယူဆထားကြသူများဖြင့် ပြည့်နှက်နေခဲ့ပြီး ယခုကဲ့သို့ တတိယမြောက်နေ့အထိ ကျန်ရှိနေသူများမှာမူ တုံ့ဆိုင်းနေကြသူများ သို့မဟုတ် "စမ်းသပ်
ကြည့်မည်" ဟူသော စိတ်ဖြင့် လာရောက်ကြသည့် အဆင့်နိမ့်တပည့်များသာ ဖြစ်ကြသည်။
ကွင်းအတွင်းရှိ လူဦးရေမှာ ပထမနှစ်ရက်ကဲ့သို့ မစည်ကားတော့သော်လည်း ဘေးမှ စောင့်ကြည့်နေသူများမှာမူ နည်းပါးခြင်းမရှိဘဲ အလွှာလိုက် အထပ်လိုက်ဖြင့် ဗဟိုစာရင်းပေးသွင်းရာစင်မြင့်ကို ပိတ်ဆို့ထားကြသည်။
စင်နောက်ကွယ်ရှိ တာဝန်ခံခုံတန်းပေါ်တွင် ရွှေရောင်စာရင်းတစ်ခုမှာ လေထုထဲ၌ လွင့်မျောနေပြီး ဝိညာဥ်စာသားများ တဖျတ်ဖျတ် တောက်ပနေသည်။ တပည့်တစ်ဦးချင်းစီက နာမည်ပေးသွင်းပြီး ကျင့်ကြံခြင်းအဆင့်ကို ပြသလိုက်တိုင်း ထိုစာရင်းပေါ်တွင် နာမည်၊ အသက်၊ နတ်အရိုး ၊ ချီစုဆောင်းခြင်းအဆင့်နှင့် စမ်းသပ်မှု့အမှတ်စဥ်တို့ ပေါ်ထွက်လာသည်။
ရွှေရောင်စာရင်းပေါ်တွင် လူလေးရာကျော် ရှိနေပြီ ဖြစ်သည်။
အရှေ့ဆုံးတန်းရှိ နာမည်များမှာ လူတိုင်း ရင်းနှီးနေကျသူများသာ ဖြစ်ကြသည်။
ရှီဟွမ် ၊ တုံရှန်း နှင့် 'လူသစ်တွေကို သန့်စင်ပစ်မယ်' ဟု ကြုံးဝါးထားသည့် ဝါရင့်တပည့် ချင်ရန် တို့ ဖြစ်ကြသည်။
ထို့အပြင် အချို့သော နာမည်များ၏ ဘေးတွင် ရတနာခန္ဓာဆိုင်ရာ မှတ်ချက်များပါ ပါရှိနေရာ ၎င်းတို့မှာ ကွေ့ယွမ်တောင်ထွတ်တွင် မကြာသေးမီနှစ်များအတွင်း တွေ့ရခဲလှသော ပါရမီရှင်များ ဖြစ်ကြောင်း ထင်ရှားသည်။
လုလီသည် အပြင်ဘက်တွင် ရပ်တန့်ကာ ခဏမျှ ငြိမ်သက်စွာ စောင့်ကြည့်နေပြီးနောက် ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းကာ တိုးညှိစွာ ပြောလိုက်သည်။
"ရှေ့က စီနီယာတို့... အနည်းငယ်လောက် လမ်းဖယ်ပေးလို့ ရမလားခင်ဗျာ"
ရှေ့မှ တပည့်များမှာ ခေါင်းငုံ့ကာ စကားပြောနေကြစဥ် ရုတ်တရက် သူတို့နောက်ကွယ်မှ နုနယ်လှသော အသံတစ်ခု ထွက်ပေါ်လာသဖြင့် ကြောင်အသွားကြပြီး လှည့်ကြည့်လိုက်ကြသည်။
အသက် ၁၄၊ ၁၅ နှစ်ဝန်းကျင်ခန့်ရှိသော လူငယ်တစ်ဦးသည် ခန္ဓာကိုယ် သွယ်လျလျဖြင့် အပြင်စည်းတပည့်များ ဝတ်ဆင်သည့် အဝါရောင် ဝတ်စုံအရှည်ကို ဝတ်ဆင်ကာ တည်ငြိမ်သော အမူအရာဖြင့် သူတို့နောက်တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။
ထိုလူသည် ပထမဦးစွာ အံ့အားသင့်သွားပြီးနောက် ချက်ချင်း ရယ်မောလိုက်တော့သည်။
"ဘယ်ကလာတဲ့ ကောင်လေးလဲ။ ဒီနေရာက အထွေထွေဆောင် မဟုတ်ဘူး၊ ပြိုင်ပွဲ စာရင်းပေးတဲ့နေရာ... လမ်းမှားလာတာ မဟုတ်ပါဘူးနော်"
ပတ်ဝန်းကျင်ရှိ တပည့်များမှာ ထိုစကားကြောင့် ဝိုင်း၍ ရယ်မောကြတော့သည်။
"ဟက်... ကောင်လေး၊ မင်းဝိညာဥ်ချီကိုအာရုံခံနိုင်ပြီလား။ စင်ပေါ်တက်ပြီး အသက်ရှင်လျက် ပစ်မှတ်အဖြစ် အလုပ်ခံရမှာ မကြောက်ဘူးလား"
ရယ်သံများ စဉ်ဆက်မပြတ် ထွက်ပေါ်နေသော်လည်း ထိုလူငယ်မှာမူ စိတ်ဆိုးခြင်းမရှိသလို အလျင်စလို ရှင်းလင်းခြင်းလည်း မပြုဘဲ ရှေ့မှ ရွှေရောင်စာရင်းကိုသာ မော့ကြည့်ကာ တည်ငြိမ်ပြီး လေးနက်သော အသံဖြင့် ထပ်မံပြောလိုက်သည်။
"ကျွန်တော် စာရင်းလာပေးတာပါ"
ဤစကားကို ကြားရသောအခါ ပတ်ဝန်းကျင်ရှိ ရယ်သံများမှာ ပိုမိုကျယ်လောင်လာခဲ့သည်။ အချို့သူများက ပေါင်ကိုပုတ်ကာ ရယ်မောကြသည်။
"ဟိုး... ဒီကောင်လေးက တံခါးဝက စာလုံးတွေကိုတော့ သိသားပဲ စာရင်းပေးတဲ့နေရာဆိုတာ သိနေတယ်"
ခန္ဓာကိုယ် ထွားကြိုင်းလှသော လူဟောင်းတပည့်တစ်ဦးက ဖြဲစပ်စပ် ရယ်မောရင်း ပြောလိုက်သည်။
"ဒါက ဒုတိယမြောက် ရှီဟွမ်အငယ်လေးများ ဖြစ်နေမလား။ မင်း သိလား... ဒီစာရင်းပေးသွင်းဖို့ အနိမ့်ဆုံး စံနှုန်းက ချီစုဆောင်းခြင်းအဆင့် (၅)ဆိုတာကို"
သူ၏ စကားဆုံးသည်နှင့် ဘေးနားရှိ လူတစ်ဦးက ချက်ချင်း ဝင်ပြောသည်။ "ကျန်းတာမော်... နင် သူ့အသက်တုန်းကဆိုရင် ဝိညာဥ်ချီအာရုံခံနိုင်ခါစပဲ ရှိသေးတာ မဟုတ်ဘူးလား"
"ဟမ်"
ကျန်းတာမော်က စိတ်မဆိုးသည့်အပြင် ရင်ဘတ်ကို မတ်ကာ လက်ထဲမှ ဂဏန်းများ ရေးထိုးထားသော သစ်သားပြားကို ထုတ်ပြလိုက်သည်။
"ငါက ဝိညာဥ်ချီကိုအာရုံခံနိုင်တာ နောက်ကျပေမဲ့ ကျင့်ကြံတာကတော့ မနှေးဘူး အခု ငါက ချီစုဆောင်းခြင်းအဆင့် (၅) ရောက်နေပြီ၊ ဒါကတော့ အမှတ် ၄၁၉... ငါ ခုနတင် စာရင်းပေးပြီးတာ"
သူက သစ်သားပြားကို ဝှေ့ယမ်းပြရင်း လုလီကို တစ်ချက်ကြည့်ကာ နှာခေါင်းရှုံ့လိုက်ပြန်သည်။
"ကောင်လေး... မင်း ချီစုဆောင်းခြင်းအဆင့် (၅) ဆိုတာ ဘာလဲဆိုတာကို ရှင်းရှင်းလင်းလင်း မသိသေးဘူး မဟုတ်လား။ စီနီယာအစ်ကိုက ရှင်းပြပေးရမလား... မင်း မသိနားမလည်နဲ့ စင်ပေါ်မှာ အသက်ပျောက်မသွားရအောင်လို့"
"မလိုပါဘူး၊ စီနီယာ"
လုလီ၏ အသံမှာ တည်ငြိမ်လှပြီး စကားလုံးများ ဆုံးသွားသည့် ခဏချင်းအတွင်းမှာပင် သူ၏ ခြေဖဝါးအောက်၌ ဝိညာဥ်ချီ အလင်းတန်းတစ်ခု လှုပ်
ခတ်သွားကာ ဒန်ထျန် အတွင်းရှိ အရှိန်အဝါများမှာ ရေတွင်းမှ ရေများကဲ့သို့ ပန်းထွက်လာခဲ့သည်။
ကြည်လင်ပြီး လေးနက်လှသော ဝိညာဥ်ချီ ဖိအားတစ်ခု ပျံ့လွင့်သွားပြီး မမြင်ရသော လှိုင်းလုံးတစ်ခုကဲ့သို့ သူ၏ ခန္ဓာကိုယ်ပတ်ဝန်းကျင်တွင် မထင်မရှားသော လှုပ်ခတ်မှုတစ်ခုကို ဖြစ်ပေါ်စေသည်။
ချီစုဆောင်းခြင်းအဆင့် (၅) အရှိန်အဝါ တည်ငြိမ်ပြီး ဝိညာဥ်ချီ ပျယ်မသွားဘဲ စုစည်းနေသည့် ပုံစံမျိုး ရှိသည်။
လူအုပ်ကြီးမှာ စက္ကန့်အနည်းငယ်မျှ ချက်ချင်း ငြိမ်သက်သွားခဲ့ပြီး အချို့သူများက တိုးတိုးလေး ပြောလိုက်ကြသည်။
"ဒါက အစစ်အမှန်လား"
"ငါ မျက်စိမမှားဘူးမလား။ သူ... သူ တကယ်ပဲ အင့်(၅)ရောက်နေတာလား"
"ပြီးတော့ အဲဒီ ဝိညာဥ်ချီ လှုပ်ခတ်မှုကို ကြည့်ဦး... ချီစုဆောင်းခြင်းအဆင့်(၅)အထွတ်အထိပ်နဲ့ မတူဘူးလား"
အသံများ တဖြည်းဖြည်း ကျယ်လောင်လာခဲ့ပြီး မူလက အကျယ်လောင်ဆုံး ရယ်မောနေခဲ့ကြသော တပည့်များမှာ ယခုအချိန်တွင် တစ်ဦးကိုတစ်ဦး ကြည့်ကာ မျက်နှာအမူအရာများ ချက်ချင်း အေးခဲသွားကြတော့သည်။
"ဒီတစ်ခေါက် လူသစ်တွေထဲမှာ ရှီဟွမ် နဲ့ တုံရှန်းကလွဲရင် ဘယ်သူက အဆင့်(၅)အထွတ်အထိပ်ကို ရောက်ဦးမှာလဲ"
"ဒီကောင်လေးက... ဘယ်သူလဲ"
ကျန်းတာမော်လည်း ကြောင်အသွားပြီး လက်ထဲမှ သစ်သားပြားမှာ အနည်းငယ် တုန်ခါသွားခဲ့သည်။ သူ၏ မျက်နှာတွင် စနောက်လိုသော အမူအရာများ မရှိတော့ဘဲ မျက်မှောင်ကြုတ်လျက် လုလီကို တစ်ချက်ကြည့်ကာ ထပ်မံ၍ အသံမထွက်ဝံ့တော့ချေ။
"စီနီယာတို့... လမ်းဖယ်ပေးပါဦး"
လုလီက ထပ်မံ၍ ပြောလိုက်ရာ ယခုတစ်ကြိမ်တွင်မူ မည်သူမျှ စနောက်ခြင်း မပြုဝံ့ကြတော့ပေ။
လူအုပ်ကြီးသည် ဘေးဘယ်ညာသို့ တိတ်တဆိတ် ဖယ်ပေးကြပြီး သူ့အတွက် လမ်းတစ်ခုကို ဖွင့်ပေးလိုက်ကြသည်။ ထိုလူငယ်သည် ဝတ်စုံစများ လွင့်ပျံနေလျက် ဘေးဘီသို့ မကြည့်ဘဲ ခြေလှမ်းကျဲကျဲဖြင့် ဝင်ရောက်သွားကာ စာရင်းပေးသွင်းရာ စင်မြင့်ရှေ့သို့ တိုက်ရိုက် လျှောက်လှမ်းသွားခဲ့သည်။
တာဝန်ခံတပည့်သည် ခေါင်းငုံ့ကာ ကျောက်စိမ်းပြားကို ဖတ်ရှုနေစဥ် ရုတ်တရက် သူ့ကို မြင်လိုက်ရသဖြင့် ကြောင်အသွားပြီး ၎င်း၏ခန္ဓာကိုယ်ကို အကြိမ်ကြိမ် စစ်ဆေးကြည့်ရှုရင်း သံသယရိပ်များ ထွက်ပေါ်လာခဲ့သည်။
ဤလူငယ်သည် ငယ်ရွယ်လွန်းလှသည်။
ပါဝင်ယှဥ်ပြိုင်မည့်သူများမှာ ရှီဟွမ် နှင့် တုံရှန်းကလွဲ၍ အများအားဖြင့် (၁၈) ၊ (၁၉) နှစ်ဝန်းကျင်တွင် ရှိကြသည်။ ဤလူငယ်သည် သူတို့နှင့် တစ်သုတ်တည်း ဝင်ရောက်လာသော လူသစ်ဖြစ်ပုံရသော်လည်း စင်ပေါ်တက်၍ တိုက်ခိုက်ရန် ပြင်ဆင်နေသည်လား။
ဤကဲ့သို့သော စမ်းသပ်ပြိုင်ပွဲမှာ ပညာရပ်များကို ယှဥ်ပြိုင်ရုံသာမကဘဲ နှစ်စဥ်တိုင်း သတ္တိရှိသော အပြင်စည်းတပည့်များ စင်ပေါ်၌ သေဆုံးရလေ့ရှိပြီး သွေးများဖြင့် လှေကားထစ်များကို စွန်းထင်းစေသည်။
"စီနီယာ... ကျွန်တော်စာရင်းလာပေးတာပါ"
လုလီ၏ အသံကြောင့် သူ၏ စိတ်အာရုံ ပြန်လည်ဝင်ရောက်လာခဲ့သည်။
တာဝန်ခံတပည့်က မျက်မှောင်ကြုတ်လိုက်ပြီး ဖျောင်းဖျစကား ပြောရန် ပြင်ဆင်လိုက်သော်လည်း ထိုလူငယ် ကမ်းပေးလာသော ကိုယ်ပိုင်
ကျောက်စိမ်းပြား ကို ကြည့်ရှုရင်း လွှဲပြောင်းယူလိုက်ကာ တိုးညှင်းစွာ
ရွတ်ဆိုလျက် ဘေးနားရှိ ရေမှန်အစီအရင် ထဲသို့ ထည့်သွင်းလိုက်သည်။
ထိုခဏတွင် ကောင်းကင်ထက်ရှိ ရွှေရောင်စာရင်းသည် အနည်းငယ် တုန်ခါသွားပြီး ရွှေရောင်စာလုံးတန်းတစ်ခု ပေါ်ထွက်လာခဲ့သည်။
(၄၃၅) ၊ လုလီ၊ အသက် (၁၃) နှစ်၊ ဝါနတ်အရိုး၊ ချီစုဆောင်းခြင်းအဆင့်(၅)။
ထိုစာလုံးတန်းမှာ ရွှေရောင်စာရင်း၏ အဆုံးသတ်တွင် ငြိမ်သက်စွာ ရှိနေသော်လည်း "အသက် (၁၃) နှစ်" နှင့် "ဝါနတ်အရိုး" ဟူသော စကားလုံးနှစ်ခုမှာ ဘေးချင်းယှဥ်၍ ပေါ်ထွက်လာခြင်းကြောင့် မီးအလင်းရောင်တစ်ခုကဲ့သို့ လူတိုင်း၏ မျက်စိထဲတွင် အလွန်ပင် စူးရှလှပေသည်။
ခဏတာ တိတ်ဆိတ်မှုတစ်ခု ကြီးစိုးသွားခဲ့သည်။
"အသက် (၁၃) နှစ် ဟုတ်လား"
"ငါ မျက်စိမမှားဘူးမလား (၁၇) မဟုတ်ဘူး၊ (၁၈)မဟုတ်ဘူး၊ အသက် (၁၃)နှစ်လား"
"ဝါနတ်အရိုး... အဆင့်(၅)... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
"ငါတို့ အသက် (၁၃) နှစ်တုန်းကဆိုရင် လူအများစုက ဝိညာဥ်ချီကိုအာရုံမခံနိုင်ကျသေးသေးဘူး..."
ဆွေးနွေးသံများ တဖြည်းဖြည်း ကျယ်လောင်လာခဲ့ပြီး ၎င်းမှာ စနောက်ခြင်း သို့မဟုတ် သရော်ခြင်း မဟုတ်တော့ဘဲ မယုံကြည်နိုင်လောက်သော ဆွေးနွေးသံများ ဖြစ်ကြကာ ထူးဆန်းသော ရှုပ်ထွေးမှုများ ပါဝင်နေသည်။
လုလီ၏ လက်ရှိရုပ်သွင်မှာ အမှန်တကယ် အသက်ထက် ပိုမိုကြီးမားပုံရပြီး (၁၄)၊ (၁၅) နှစ်ခန့် ရှိပုံရသည်။
သို့သော် လုလီ ဂိုဏ်းသို့ ဝင်ရောက်စဥ်က အသက် (၁၁) နှစ်သာ ရှိသေးပြီး ယခုအခါ (၁၃) နှစ် ဖြစ်သည်။
ကိုယ်ပိုင်ကျောက်စိမ်းပြားသည် ဂိုဏ်းဝင်စဥ်က အရိုးအသက်ကို မှတ်တမ်းတင်ထားခြင်းဖြစ်၍ လိမ်လည်၍ မရနိုင်ချေ။
ဝါနတ်အရိုး ပိုင်ရှင်သည် အသက် (၁၃) နှစ်ဖြင့် ချီစုဆောင်းခြင်းအဆင့်(၅)သို့ ရောက်ရှိနေကြောင်း အမှန်တကယ် သိရှိလိုက်ရသောအခါ အားလုံး တုန်လှုပ်ခြောက်ခြားသွားကြတော့သည်။
ကောင်းကင်နတ်အရိုးပိုင်ရှင် ရှီဟွမ်နှင့် မြေနတ်အရိုးပိုင်ရှင် တုံရှန်း တို့သည်ပင် လက်ရှိတွင် ချီစုဆောင်းခြင်းအဆင့်(၆)သို့ ရောက်ရှိနေကြပြီ ဖြစ်သော်လည်း ယခုနှစ်တွင် အသက် (၁၄) နှစ် ရှိနေပြီ ဖြစ်သည်။
အကယ်၍ လုလီသာ သူတို့နှင့် အသက်တူညီမည်ဆိုပါက ချီစုဆောင်းခြင်းအဆင့်(၆)သို့ ရောက်ရှိသွားနိုင်ခြေ ရှိသည်မဟုတ်ပါလား။
တာဝန်ခံတပည့်သည် မှတ်တမ်းတင်ပြီးနောက်တွင်လည်း မနေနိုင်ဘဲ လုလီကို ထပ်မံကြည့်ရှုလိုက်မိပြီး မျက်ခုံးကို အသာအယာ ကျုံ့လျက် သူ့ကို စိတ်ထဲတွင် သေသေချာချာ မှတ်သားထားလိုက်သည်။
"အမှတ်စဥ် (၄၃၅)"
သူက သစ်သားပြားကို လုလီထံသို့ ကမ်းပေးလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"ငါသာ မင်းနေရာမှာဆိုရင်... နောက်ထပ် သုံးနှစ်ကြာမှ လာပြီး စာရင်းပေးဖို့ စဥ်းစားမိလိမ့်မယ်"
လုလီက အနည်းငယ် ခေါင်းညိတ်ပြလိုက်ပြီး သစ်သားပြားကို လွှဲပြောင်းယူလိုက်သည်။
"သတိပေးတဲ့အတွက် စီနီယာကို ကျေးဇူးတင်ပါတယ်"
သူက စကားအများကြီး မပြောသလို ဆင်ခြေလည်း မပေးဘဲ လှည့်ထွက်သွားခဲ့သည်။
လူအုပ်ကြီးသည် သူ့အတွက် လမ်းတစ်ခုကို တိတ်တဆိတ် ဖယ်ပေးကြပြီး သူ၏ ကျောပြင်မှာ လှေကားထစ်များ၏ အဆုံးသတ်တွင် ပျောက်ကွယ်သွားသည့် အချိန်မှသာ ရုတ်တရက် အသံတိုးတိုးတစ်ခု ထွက်ပေါ်လာခဲ့သည်။
"လုလီ ခဏနေဦး ငါ ဒီနာမည်ကို ကြားဖူးသလိုပဲ"
"ဟုတ်တယ် တုံရှန်းရဲ့ အစေခံပဲ မြေနတ်အရိုး ပါရမီရှင်နဲ့အတူ ဂိုဏ်းထဲကို ဝင်လာတာ ဒါကြောင့်ကိုး"
လူအချို့မှာ ချက်ချင်းပင် သဘောပေါက်သွားကြပြီး သရော်သံများ ဆက်တိုက် ထွက်ပေါ်လာတော့သည်။
"ငါက ဘယ်ကလာတဲ့ ပါရမီရှင်လဲ အောက်မေ့တယ်၊ အမှန်တော့ ပေါင်ကြီးကို ဖက်ထားလို့ ကံကောင်းသွားတဲ့ ကောင်ပဲကိုး"
"ကြားရသလောက်တော့ သူ ဝိညာဥ်လယ်မြေမှာ ငါးကြိမ်တိတိ ပထမရခဲ့ဖူးတယ်၊ တုံရှန်းဆီကနေ အကျိုးအမြတ်တွေ အများကြီး ရခဲ့တာ ဖြစ်ရမယ်။ ဝိညာဥ်ဆေး၊ ဝိညာဥ်ဆန်၊ ကျင့်စဥ်တွေ... အဆင့်(၅)ရောက်နေတာကလည်း မထူးဆန်းပါဘူး"
"ဒါပေမဲ့ အဆင့်(၅)ပဲ ရှိသေးတာကို ပြိုင်ပွဲကို လာရဲသေးတယ် ဟုတ်လား။ ရူးသွားတာတော့ မဟုတ်ဘူးမလား"
"ဒါက သက်သက်အသေလာခံတာပဲ၊ ထားလိုက်ပါတော့... အောက်ခြေက လာတဲ့သူဆိုတော့ စောစောစီးစီး နာမည်ကြီးချင်နေတာနေမှာပေါ့"