အခန်း (၅၅-၅၇)
Vol. 4 Ch. 55-57
📝အပိုင်း - ၅၅ အတွင်းစည်းဝင်ခွင့် ပြိုင်ပွဲ(၂)
ဘာသာပြန် - Na Gar🐉
စာရင်းပေးသွင်းရာနေရာနှင့် မလှမ်းမကမ်းရှိ စင်မြင့်ထက်တွင် အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး ရပ်နေပြီး သူမ၏နောက်တွင် အဝါရောင် ဝတ်စုံဝတ် အပြင်စည်းတပည့်နှစ်ဦး လိုက်ပါလာသည်။
သူမသည် သွယ်လျသော ခန္ဓာကိုယ်၊ အေးစက်သော မျက်နှာထားရှိပြီး နှင်းကဲ့သို့ ဖြူစင်သော ဝတ်စုံအရှည်ကို ဝတ်ဆင်ထားကာ ခါးတွင် ငွေရောင်
တံဆိပ်ပြားတစ်ခု ဆွဲထားသည်။ ၎င်းအပေါ်တွင် မည်သည့်ဂိုဏ်းတံဆိပ်မျှ မပါရှိသော်လည်း မည်သူမျှ ရှေ့သို့တိုးကာ စကားတစ်ခွန်းမျှ မပြောဝံ့ကြချေ။
သူမက ကျွယ်ချင်းတောင်ထွတ်၏ အတွင်းစည်းတပည့် လင်းကျင့်ယွီ ဖြစ်သည်။
တောင်ထွတ်လေးခုမှ အတွင်းစည်းတပည့်များသည် သာမန်အချိန်တွင် အသီးသီး သီးခြားကျင့်ကြံကြသော်လည်း ပြိုင်ပွဲစတင်တော့မည်ဖြစ်သဖြင့် တောင်ထွတ်အသီးသီးမှ တပည့်များသည် တဖြည်းဖြည်း ပေါ်ထွက်လာကြပြီး တောင်ထွတ်လေးခု၏ ဗဟိုရှိ ချိုင့်ဝှမ်းကြားတွင် စုပြုံလာကြသည်။
အဝေးရှိ စာရင်းပေးသွင်းရာစင်မြင့်ထက်မှ ရုတ်တရက် လှုပ်ခတ်ဆူညံသံတစ်ခု ထွက်ပေါ်လာသဖြင့် လူတိုင်း လှည့်ကြည့်လိုက်ကြသည်။
လင်းကျင့်ယွီက မျက်တောင်မခတ်ဘဲ တိုးညှင်းစွာ မေးလိုက်
သည်။
"ဟိုဘက်မှာ ဘာလို့ ဆူညံနေတာလဲ"
အဝါရောင်ဝတ်စုံ တပည့်တစ်ဦးက ချက်ချင်း ခေါင်းညိတ်ကာ သွားရောက်စုံစမ်းရန် ထွက်ခွာသွားသည်။ ခဏအကြာတွင် ပြန်လည်ရောက်ရှိလာပြီး အသံတိုးတိုးဖြင့် တင်ပြလိုက်သည်။
"စီနီယာအစ်မကြီးကို တင်ပြပါတယ်... ကြားရသလောက်တော့ အသက် (၁၃ )နှစ်ပဲ ရှိသေးတဲ့ ကောင်လေးတစ်ယောက်က ပြိုင်ပွဲမှာ ပါဝင်ဖို့ စာရင်းလာပေးလို့ပါခင်ဗျာ"
"အသက် (၁၃) နှစ် ဟုတ်လား" အခြား အဝါရောင်ဝတ်စုံနဲ့တပည့်တစ်ဦးက မျက်မှောင်ကြုတ်လိုက်ပြီး အံ့အားသင့်သွားပုံရသည်။
သူတို့နှစ်ဦးသည် အပြင်စည်းဝတ်စုံကို ဝတ်ဆင်ထားကြသော်လည်း ကျင့်ကြံခြင်းအဆင့်မှာမူ နိမ့်ပါးခြင်းမရှိချေ။ အားနည်းဆုံးသူပင်လျှင် ချီစုဆောင်းခြင်းအဆင့် (၆)တွင် ရှိနေပြီဖြစ်ရာ ဂိုဏ်းသို့ စတင်ဝင်ရောက်ခါစ လူသစ်ကလေးများ မဟုတ်ကြတော့ပေ။
"အသက် (၁၃)နှစ်နဲ့ ချီစုဆောင်းခြင်းအဆင့်(၅)ကို ရောက်နိုင်တယ် ဟုတ်လား။ အပြင်စည်းထဲမှာ ဒီလိုလူမျိုး ရှိနေသေးတာလား။ ရှီဟွမ် ၊ တုံရှန်းတို့ အသုတ်ထဲမှာ... တတိယမြောက် ပါရမီရှင်တစ်ယောက် ရှိနေတာလား" အခြားတပည့်တစ်ဦးက အလွန်အမင်း အံ့အားသင့်နေမိသည်။
သွားရောက်စုံစမ်းခဲ့သော တပည့်၏ မျက်ဝန်းထဲတွင် စနောက်လိုသော အရိပ်ရောင်တစ်ခု ဖြတ်ပြေးသွားပြီး တမင်တကာ လျှို့ဝှက်ဆန်းကြယ်
ဟန်ဖြင့် ခေါင်းခါလိုက်သည်။
"ဘယ်သူမှ မဟုတ်ဘူး"
"ဒါဆို ဘယ်က နက်မှောင်နတ်အရိုးပိုင်ရှင်လဲ။ ထူးခြားတဲ့ ကံကောင်းခြင်းမျိုး ရထားလို့လား"
သူက ခေါင်းကို ဆက်ခါယမ်းပြီး အချိန်ဆွဲနေခဲ့ရာ ဘေးနားရှိ တပည့်နှင့် လင်းကျင့်ယွီတို့ပါ နားမလည်သော မျက်နှာအမူအရာများ ပြသလာသည့် အချိန်မှသာ အသံကို နှိမ့်၍ ရယ်မောလိုက်တော့သည်။
"ဝါနတ်အရိုး ပါ"
ထိုစကားလုံး ထွက်လာသည်နှင့်တစ်ပြိုင်နက် ဘေးမှတပည့်၏ မျက်နှာအမူအရာ မသိမသာ ပြောင်းလဲသွားသည်။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အတုကြီး ဖြစ်ရမယ်"
"မဟုတ်ဘူး" ထိုသူက အသေအချာ ပြောလိုက်သည်။
"ဒီလူက ရှီဟွမ် နဲ့ တုံရှန်းတို့နဲ့အတူ ဂိုဏ်းထဲကို ဝင်လာတာ၊ အသက်က သူတို့ထက်တောင် တစ်နှစ်ငယ်သေးတယ်။ အဲဒီတုန်းက စမ်းသပ်မှု့မှာ ဝါနတ်အရိုး လူနှစ်ရာထဲက သူတစ်ယောက်တည်းပဲ ဝိညာဥ်ချီကိုအာရုံခံနိုင်ခဲ့တာဖြစ်လို့ တော်တော်လေးတော့ ဆူညံသွားခဲ့ဖူးတယ်"
ဤစကားကို ကြားရသောအခါ လင်းကျင့်ယွီ၏ ဘေးမှတပည့်သည် တွေးတောနေမိပြီး တစ်စုံတစ်ခုကို သတိရသွားပုံရသည်။
လင်းကျင့်ယွီသည် မူလက တည်ငြိမ်သော မျက်ဝန်းများဖြင့် ရှိနေပြီး စကားအများကြီး ပြောရန် စိတ်ကူးမရှိချေ။ သို့သော် "ဝါနတ်အရိုးဖြင့် ဝိညာဥ်ချီကိုအာရုံခံနိုင်တဲ့သူ" ဟူသော စကားလုံး နားထဲသို့ ရောက်ရှိလာသည့်အခါ သူမ၏ မျက်ဝန်းထဲမှ အလင်းရောင်များ လှုပ်ခတ်သွားခဲ့သည်။
သူမသည် ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်ပြီး အသံမှာ အေးစက်နေဆဲဖြစ်သော်လည်း ခံစားရခက်ခဲသော အအေးဓာတ်တစ်ခု ပါဝင်နေသည်။
"သူ့ နာမည်ကဘာလို့ ပြောလိုက်တာလဲ"
ထိုသူက ကြောင်အသွားပြီးနောက် အလိုက်သင့် ပြန်လည်ဖြေကြားလိုက်
သည်။
"လုလီ ပါ။ စီနီယာအစ်မကြီးက ဒီလူ့နာမည်ကို ကြားဖူးလို့လားခင်ဗျာ"
စကားဆုံးသည်နှင့် အခြားတပည့်တစ်ဦး၏ မျက်နှာအမူအရာ မသိမသာ ပြောင်းလဲသွားပြီး ချက်ချင်းပင် သူ၏ အင်္ကျီလက်ကို ဆွဲကာ အသံတိုးတိုးဖြင့် တားမြစ်လိုက်သည်။
"ထပ်မပြောနဲ့တော့"
ပတ်ဝန်းကျင်ရှိ အငွေ့အသက်မှာ ခဏချင်းအတွင်း အေးခဲသွားသကဲ့သို့ ဖြစ်သွားသည်။
လင်းကျင့်ယွီသည် မျက်ဝန်းများကို နှိမ့်ချကာ တည်ငြိမ်စွာ မေးလိုက်သည်။ "သူ အခု ကျင့်ကြံခြင်းအဆင့် ဘယ်လောက်လဲ"
"ချီ... ချီစုဆောင်းခြင်းအဆင့် (၅)ပါ" ထိုတပည့်သည် ပတ်ဝန်းကျင်ရှိ အအေးဓာတ်ကို ခံစားလိုက်ရသဖြင့် အသံမှာ သိသိသာသာ တိုးသွားခဲ့သည်။
လင်းကျင့်ယွီက ထပ်မံ၍ မမေးတော့ပေ။
သူမသည် ထိုနေရာတွင် တိတ်ဆိတ်စွာ ရပ်နေပြီး အဖြူရောင်ဝတ်စုံမှာ လေထဲတွင် အနည်းငယ် လှုပ်ခတ်နေသော်လည်း အကြည့်မှာမူ အဝေးရှိ စာရင်းပေးသွင်းရာစင်မြင့် အရပ်မျက်နှာဆီသို့ လေးနက်စွာ ကျရောက်နေခဲ့ပြီ ဖြစ်သည်။
ထိုနှစ်က သူမ၏ မိသားစုက လင်းယွဲ့သည် အပြင်စည်း စမ်းသပ်မှုအတွင်း သေဆုံးခဲ့ရသည်။ ရင်းနှီးလှသော သွေးသားအရင်းအချာမဟုတ်ဘဲ သာမန်အချိန်တွင်လည်း ဆက်သွယ်မှု နည်းပါးသော်လည်း မည်သို့ပင်ဖြစ်စေ လင်းမိသားစု၏ သွေးသားတစ်ဦး ဖြစ်ပေသည်။
ဂိုဏ်းဝင်ခွင့် စမ်းသပ်မှုနေ့တွင် လင်းယွဲ့သည် ဝါနတ်အရိုးရှိသော လူငယ်တစ်ဦး၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး ထိုနေရာတွင်ပင် အသက်ပျောက်ခဲ့ရသည်။
ထိုလူငယ်၏ နာမည်မှာ လုလီ ဖြစ်သည်။
ယခုအခါ နှစ်နှစ်မျှသာ အချိန်ကြာမြင့်ခဲ့သော်လည်း ထိုလူငယ်သည် ချီစုဆောင်းခြင်းအဆင့်(၅)သို့ တက်လှမ်းနိုင်ခဲ့သည့်အပြင် ပြိုင်ပွဲ၏ ရွှေရောင်စာရင်းပေါ်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။
လင်းကျင့်ယွီသည် ခံစားချက်မဲ့လမ်းစဥ်ကို ကျင့်ကြံသူဖြစ်သဖြင့် သာမန်အချိန်တွင် အခြားသူများနှင့် အငြင်းပွားခဲလှပြီး၊ စောစောစီးစီး ကွယ်လွန်သွားခဲ့သော ဆွေမျိုးတစ်ဦးအတွက်နှင့် အပြင်စည်းတပည့်တစ်ဦးကို လိုက်လံအရေးယူရန် စိတ်ကူးမရှိချေ။သို့သော် အကယ်၍ တစ်စုံတစ်ဦးက လူကိုယ်တိုင် လာရောက်အပ်နှံမည်ဆိုပါကလည်း သူမဘက်က ငြင်းပယ်မည်မဟုတ်ချေ။
"ဖန်မင်" သူမက ရုတ်တရက် တည်ငြိမ်စွာ ခေါ်လိုက်သည်။
အဝါရောင်ဝတ်စုံနဲ့ လူငယ်တစ်ဦး ရှေ့သို့ ခြေလှမ်းတစ်လှမ်း တိုးလာပြီး လေးနက်သော အမူအရာဖြင့် ပြန်လည်ထူးလိုက်သည်။
"ကျွန်တော် ရှိပါတယ်"
"နင် အမှတ်စဥ် ဘယ်လောက်လဲ"
"အမှတ်စဥ် (၃၆၅) ပါ"
လင်းကျင့်ယွီက ခေါင်းညိတ်လိုက်ပြီး "ငါ အလှည့်ကျမဲနှိုက်တာကို စီစဥ်ပေးမယ့် တာဝန်ခံကို သိတယ်။ ပထမတစ်ကျော့မှာ လှည့်ကွက်အနည်းငယ် သုံးဖို့က မခက်ခဲဘူး"
သူမ၏ အသံမှာ ပေါ့ပါးလှပြီး လမ်းကြုံအလုပ်တစ်ခုကို ခိုင်းစေနေသကဲ့သို့ ရှိသည်။
"ငါ နင့်ကို သူနဲ့ ထိပ်တိုက်ရင်ဆိုင်ရအောင် စီစဥ်ပေးမယ်။ နင်... သွားပြီး သူ့ကို သတ်ပစ်လိုက်"
ထိုစကားလုံးများ ထွက်လာသောအခါ မြက်ပင်များကို ရှင်းလင်းရန် အမိန့်ပေးနေသကဲ့သို့ ရှိပြီး အသံထဲတွင် လှိုင်းလုံးတစ်ခုမျှ လှုပ်ခတ်ခြင်း မရှိချေ။
"ကျွန်တော်မျိုး နားလည်ပါပြီ" ဖန်မင်သည် ခေါင်းငုံ့ကာ လက်သီးစုပ်၍ အမိန့်နာခံလိုက်ပြီး အသံမှာ တည်ငြိမ်ပြီး ပြတ်သားလှသည်။
လင်းကျင့်ယွီသည် ထပ်မံ၍ စကားမပြောတော့ဘဲ ဖြည်းဖြည်းချင်း လှည့်ထွက်သွားခဲ့ရာ ဝတ်စုံစများမှာ လေထဲတွင် လွင့်ပျံနေတော့သည်။
ချီစုဆောင်းခြင်းအဆင့်(၅) နှင့် (၆)ကြားရှိ ကွာဟချက်ကို လူတိုင်း ကောင်းကောင်း သိကြသည်။
သူမကိုယ်တိုင် လှုပ်ရှားရန် မလိုအပ်သလို၊ ထပ်မံ၍ တစ်ချက်မျှ ကြည့်ရှုရန်လည်း ပျင်းရိနေခဲ့သည်။
နောက်တစ်နေ့တွင် အတွင်းစည်းဝင်ခွင့်ပြိုင်ပွဲကို တရားဝင် စတင်ကျင်းပခဲ့သည်။
ယှဥ်ပြိုင်မည့်ကွင်းကို တောင်ထွတ်လေးခု၏ ဆုံမှတ်ရှိ ကြီးမားလှသော ချိုင့်ဝှမ်းကြီးတစ်ခုအတွင်း ပြင်ဆင်ထားသည်။ ချိုင့်ဝှမ်းမှာ ကျယ်ဝန်းပြီး ပတ်ဝန်းကျင်တွင် အကာအကွယ်အစီအရင်များ ချထားကာ ဝိညာဥ်အလင်းတန်းများ ဖြာထွက်နေသည်။ ၎င်းကို လွန်ခဲ့သောရက်အနည်းငယ်ကတည်းက သန့်ရှင်းရေး ပြုလုပ်ထားခြင်းဖြစ်ပြီး ယနေ့တိုက်ပွဲအတွက် သီးသန့် ချန်လှပ်ပေးထားခြင်း ဖြစ်သည်။
သာမန်အချိန်တွင် တောင်ထွတ်လေးခုမှ တပည့်များသည် အသီးသီး သီးခြားစီ နေထိုင်ကြပြီး ဆက်သွယ်မှု နည်းပါးလှသည်။ သို့သော် ယနေ့တွင်မူ သုံးနှစ်မှတစ်ကြိမ် ကျင်းပသော ဤပြိုင်ပွဲအတွက် တပည့်ပေါင်း ထောင်ချီ၍ ချိုင့်ဝှမ်းအတွင်း စုရုံးရောက်ရှိနေကြရာ အင်အားကြီးမားလှပေသည်။
ယှဥ်ပြိုင်မည့် အပြင်စည်းတပည့်များအပြင် အတွင်းစည်းတပည့် မြောက်မြားစွာလည်း လာရောက်စောင့်ကြည့်ကြသည်။ အချို့သော အကြီးအကဲ များပင် လူကိုယ်တိုင် လာရောက်ကြပြီး အလားအလာရှိသော ပါရမီရှင်များကို တိတ်တဆိတ် ရှာဖွေနေကြသည်။
ချိုင့်ဝှမ်းအတွင်း၌ လူသံများဖြင့် စည်ကားဆူညံနေပြီး ဝိညာဥ်လက်နက်များနှင့် ဝိညာဥ်ငှက်များမှာ ကောင်းကင်ထက်တွင် ရံဖန်ရံခါ ဖြတ်သန်းပျံသန်းနေကြသည်။ တောင်ထွတ်အသီးသီးမှ တပည့်များက ကွင်းဘေးတွင် အသီးသီး နေရာယူထားကြပြီး ယှဥ်ပြိုင်လိုသော စိတ်များမှာ ထင်ရှားနေပြီ ဖြစ်သည်။
ယခုတစ်ကြိမ် ပြိုင်ပွဲ၏ ပထမတစ်ကျော့ စည်းကမ်းမှာ ရှုပ်ထွေးမှုမရှိချေ။
ပြိုင်ပွဲဝင်အားလုံးသည် စာရင်းပေးသွင်းစဥ်က ရရှိခဲ့သော အမှတ်စဥ်အတိုင်း ထိပ်တိုက်ရင်ဆိုင်ရမည် ဖြစ်သည်။ စာရင်းပေးသွင်းသူ စုစုပေါင်း လူဦးရေ ငါးရာနီးပါး ရှိပြီး ပထမဆုံး အောင်နိုင်သူ နှစ်ရာကိုသာ ဒုတိယတစ်ကျော့သို့ တက်လှမ်းခွင့် ပေးမည် ဖြစ်သည်။
ဒါက လုံးဝဥဿုံ ဖယ်ထုတ်ပစ်မည့် စစ်မြေပြင်တစ်ခု ဖြစ်သည်။ စစ်မှန်သော သတ်ဖြတ်ခြင်းမှာ ယခုအချိန်မှစ၍ တရားဝင် စတင်ပြီ ဖြစ်သည်။
ချိုင့်ဝှမ်းအတွင်း၌ စင်မြင့်ပေါင်း ဆယ်ခုကျော်ကို ပြင်ဆင်ထားပြီး ကွင်းတစ်ခုနှင့်တစ်ခုကြားကို ဝိညာဥ်အစီအရင်များဖြင့် ခွဲခြားထားကာ တိုက်ပွဲများစွာကို တစ်ပြိုင်နက်တည်း ယှဥ်ပြိုင်စေသဖြင့် ဝိညာဥ်ချီများမှာ စဉ်
ဆက်မပြတ် လှုပ်ခတ်နေသည်။
ထိုအထဲတွင် လူတိုင်း၏ အာရုံစိုက်မှုကို အခံရဆုံးအရာမှာ ရှီဟွမ် နှင့် တုံရှန်း တို့နှစ်ဦးပင် ဖြစ်သည်။
နှစ်နှစ်ဆိုသော အချိန်အတွင်း ဆုံတွေ့ခြင်းမရှိဘဲ ရှီဟွမ်၏ ခန္ဓာကိုယ်မှာ များစွာ ထွားကြိုင်းလာခဲ့ပြီး မျက်ခုံးကြားတွင် အေးစက်လှသော သတ်ဖြတ်ခြင်းအငွေ့အသက်များ ပိုမိုတိုးပွားလာခဲ့သည်။
သူသည် ကွင်းအတွင်း၌ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော တစ်ဦးတည်းသော ပြိုင်ပွဲဝင်တပည့်ဖြစ်ပြီး၊ ထိုအနက်ရောင်ဝတ်စုံမှာ နံနက်ခင်းလေပြေထဲတွင် အနည်းငယ် လှုပ်ခတ်နေကာ ၎င်းမှာ ဟွမ်ရှန်းဂိုဏ်း၏ အဓိကတပည့် များသာ ဝတ်ဆင်ခွင့်ရှိသော အမှတ်အသား ဖြစ်သည်။
အဓိကတပည့်ဟူသော နာမည်မှာ အပြင်စည်းတပည့်များအနေဖြင့် လှမ်းမျှော်ကြည့်ရန်ပင် မလွယ်ကူလှပေ။
ယခုတစ်ကြိမ် ပြိုင်ပွဲတွင် သူကိုယ်တိုင် ဝင်ရောက်ယှဥ်ပြိုင်ခဲ့သည်။
သူ၏ ပြိုင်ဘက်မှာ အသက် ၁၉ နှစ်ခန့်ရှိသည့် ချီစုဆောင်းခြင်းအဆင့် (၆) ရှိသော တပည့်ဟောင်း တစ်ဦးဖြစ်သည်။ သူ့အတွက်မူ ယခုအကြိမ်တွင် အတွင်းစည်းတပည့်အဖြစ် မတက်လှမ်းနိုင်ပါက တစ်သက်လုံး ရှေ့ဆက်ရန် မျှော်လင့်ချက် မရှိတော့ပေ။
မိမိ၏ ပြိုင်ဘက်မှာ ရှီဟွမ် ဖြစ်နေသည်ကို သိလိုက်ရချိန်တွင် သူ၏ မျက်နှာ ပျက်သွားကာ ရင်ထဲတွင် အေးစက်သွားသည်။ သို့သော် ချက်ချင်းပင် စိတ်ကို ပြန်ထိန်းကာ "သူက ကောင်းကင်အဆင့် နတ်အရိုးပိုင်ရှင် ဆိုပေမဲ့ အသက် ၁၄ နှစ်ပဲ ရှိသေးတာ... ငါ့မှာ အခွင့်အရေး ရှိနိုင်ပါသေးတယ်" ဟု တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
စင်ပေါ်သို့ တက်ရောက်သည့်အခါ သူက လက်သီးစုပ်ကာ ပြုံး၍ ပြောလိုက်သည်။
"ဂျူနီယာရှီဟွမ်... ပြစ်မှားမိပါပြီ"
စင်အောက်ရှိ လူအချို့ကမူ နှာခေါင်းရှုံ့၍ ရယ်မောလိုက်ကြသည်။
ဂျူနီယာဟု ခေါ်ဆိုနေကြသော်လည်း ရှီဟွမ်၏ အဆင့်အတန်းမှာ ဤအပြင်စည်းတပည့်များထက် ဘယ်နှစ်ဆင့်မက မြင့်မားနေသည်ကို မည်သူမဆို သိကြသည်။
ရှီဟွမ်သည် ဘေးဘီသို့ မကြည့်ဘဲ စကားတစ်ခွန်းမျှ ပြန်လည်မဖြေကြားခဲ့ပေ။
ရန်သူ၏ မျက်နှာပေါ်ရှိ အမူအရာ မသိမသာ ပြောင်းလဲသွားပြီး နောက်ဆုံးတွင် ရင်ထဲမှ ဒေါသကို မထိန်းချုပ်နိုင်တော့ဘဲ ဓားပျံ ထုတ်ဖော်လိုက်ရာ ဝိညာဥ်အလင်းတန်းများ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားပြီး ရှီဟွမ်၏ မျက်ခုံးကြားဆီသို့ တိုက်ရိုက် ဦးတည်သွားတော့သည်။
သို့သော် သူ၏ ဓားပျံမှာ ရှီဟွမ်၏ ခန္ဓာကိုယ်အနားသို့ မကပ်နိုင်သေးခင်မှာပင် ရှီဟွမ်က လှုပ်ရှားလိုက်ပြီ ဖြစ်သည်။
လှံရှည်ကြီးတစ်ခုသည် သူ၏ လက်ဖဝါးထဲတွင် ပေါ်ထွက်လာပြီး ငွေရောင်အလင်းတန်းများ ချက်ချင်း ဖြာထွက်သွားကာ လှံမှာ နဂါးတစ်
ကောင်ကဲ့သို့ လှုပ်ရှားသွားခဲ့သည်။ မည်သည့်ပညာရပ် ကိုမျှ မမြင်ရသေးခင်မှာပင် ထိုဓားပျံမှာ လေထုထဲ၌ နှစ်ပိုင်းပြတ်ကျသွားပြီး ပြင်းထန်လှသော ဝိညာဥ်အလင်းတန်းများနှင့်အတူ မြေပြင်ပေါ်သို့ ဆင်းသက်သွားတော့သည်။
ရန်သူမှာ နောက်သို့ ဆုတ်ခွာရန် အချိန်မရသေးခင်မှာပင် ရင်ဘတ်ကို လှံဖြင့် ထိုးနှက်ခြင်း ခံလိုက်ရသည်။
"ဝုန်း.."
လှံဖျားက ရင်ဘတ်ကို ဖောက်ထွင်းသွားပြီး သွေးမြူများ ပန်းထွက်လာကာ ခန္ဓာကိုယ်တစ်ခုလုံးမှာ အရှင်လတ်လတ် မြှောက်တက်သွားပြီး စင်မြင့်ဘေးရှိ ကျောက်တိုင်ကြီးပေါ်တွင် ရိုက်ခတ်သွားတော့သည်။
ရှီဟွမ်က လှံရှည်ကို အသာအယာ ဝှေ့ယမ်းကာ ထိုလူကို စင်အောက်သို့ လွှင့်ပစ်လိုက်ပြီး မျက်နှာအမူအရာမပျက်ဘဲ လှည့်ထွက်သွားခဲ့သည်။
ကွင်းတစ်ခုလုံး တိတ်ဆိတ်သွားခဲ့ပြီး ထိုပန်းထွက်လာသော သွေးများမှာ မရှိခဲ့ဖူးသကဲ့သို့ပင် လှံရိပ်များနှင့် အလင်းတန်းများသာ ဝိညာဥ်အစီအရင်အတွင်း၌ ကျန်ရှိနေတော့သည်။
📝အပိုင်း - ၅၆ အတွင်းစည်းဝင်ခွင့် ပြိုင်ပွဲ (၃)
ဘာသာပြန် - Na Gar🐉
လုလီသည် လူအုပ်ကြားထဲတွင် ရပ်နေရင်း စင်မြင့်ထက်မှ ရှီဟွမ်က လှံရှည်ကို သိမ်းဆည်းကာ စကားတစ်ခွန်းမျှ မပြောဘဲ လှည့်ထွက်သွားသည်ကို ငြိမ်သက်စွာ စိုက်ကြည့်နေခဲ့သည်။
ထိုတိုက်ပွဲက မြန်ဆန်လွန်းလှသဖြင့် သူ မည်သည့်နည်းလမ်းကို အသုံးပြုသွားသည်ကို မည်သူမျှ ရှင်းလင်းစွာ မမြင်လိုက်ရချေ။
ရန်သူ၏ ရင်ဘတ်ပေါ်ရှိ သွေးပေါက်ကြီးနှင့် အလွန်အမင်း အေးစက်လှသော သတ်ဖြတ်ခြင်းအငွေ့အသက်သာ ကျန်ရှိတော့သည်။
လုလီက မျက်မှောင်အသာအယာကြုတ်လိုက်ပြီး မျက်ဝန်းထဲတွင် တိုက်ခိုက်လိုစိတ်များ လှုပ်ခတ်သွားခဲ့သည်။ ရှီဟွမ်က တကယ့်ကို အားကောင်းလှသော ရန်သူကြီးတစ်ဦး ဖြစ်ပေသည်။
သို့သော် သူသည် ကြောက်ရွံ့ခြင်းမရှိဘဲ ထိုခဏချင်းအတွင်းမှာပင် ခန္ဓာကိုယ်ထဲ၌ အိပ်မောကျနေသော တစ်စုံတစ်ရာ နိုးထလာသည်ကို တိတ်တဆိတ် ခံစားလိုက်ရသည်။
ထိုစဥ်မှာပင် ချိုးယွဲ့၏ အသံက ဝိညာဥ်ပင်လယ်အနက်ပိုင်း၌ ပဲ့တင်
ထွက်ပေါ်လာခဲ့ပြီး သူမ၏အသံမှာ သာမန်အချိန်ထက် ပိုမိုလေးနက်
နေသည်။
"လုလီ... ဒီရှီဟွမ်က ကောင်းကင်နတ်အရိုးပိုင်ရှင်ဆိုတဲ့ အဆင့်ထက် အများကြီး ပိုပြီးတော့ နက်ရှိုင်းတယ်။အကယ်၍ တစ်ချိန်မှာ ဆုံတွေ့ခဲ့ရင် ဘယ်တော့မှ ရန်သူကို အထင်မသေးနဲ့"
လုလီက မသိမသာ ခေါင်းညိတ်ပြလိုက်သည်။
"ငါ သိပါတယ်"
သို့သော် သူ၏ ခြေလှမ်းများမှာမူ ရပ်တန့်သွားခြင်း မရှိချေ။
သူသည် စာရင်းကို တစ်ချက်ကြည့်လိုက်ပြီး လမ်းညွှန်ချက်အတိုင်း မိမိယှဥ်ပြိုင်ရမည့် စင်မြင့်ထက်ဆီသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းသွားခဲ့သည်။
အမှတ်စဥ် (၃၆၅) ဖန်မင် နှင့် အမှတ်စဥ် (၄၃၅) လုလီ။ အမှတ် (၁၁) စင်မြင့်။
ဤစင်မြင့်ပတ်ဝန်းကျင်တွင် ယခုအချိန်၌ လူများဖြင့် ပြည့်နှက်နေခဲ့ပြီ ဖြစ်သည်။
အခြားစင်မြင့်အများစု၏ တိတ်ဆိတ်မှုနှင့် မတူဘဲ ဤနေရာကို စောစောစီးစီးကတည်းက လူအုပ်ကြီးက ပိတ်ဆို့ထားကြသည်။ ဘာလို့လဲဆိုတော့ ရွှေရောင်စာရင်းပေါ်တွင် လူတိုင်း၏ အာရုံစိုက်မှုကို ခံရမည့် အချက်အလက်တစ်ခု ပေါ်ထွက်လာခဲ့သောကြောင့် ဖြစ်သည်။
အသက် (၁၃)နှစ် ၊ ဝါနတ်အရိုး ၊ ချီစုဆောင်းခြင်းအဆင့်(၅)။
ဤကဲ့သို့သော အသက်အရွယ်နှင့် ကျင့်ကြံခြင်းအဆင့် သည် ကွေ့ယွမ်
တောင်ထွတ်တွင်တင်မကဘဲ ဟွမ်ရှန်းဂိုဏ်း၏ အပြင်စည်းသမိုင်းတစ်ခုလုံးတွင်ပါ နှစ်ပေါင်းဆယ်ချီအတွင်း တွေ့ရခဲလှသောအရာ ဖြစ်သည်။
"သူလား"
"အဲဒါ လုလီလား"
"ရုပ်သွင်ကတော့ တည်ငြိမ်ပါတယ်၊ ဒါပေမဲ့ အသက် (၁၃) နှစ်ဆိုတာ... မင်းယုံလား"
"မယုံလို့ကော ဘာတတ်နိုင်မှာလဲ၊ ရန်သူက ဖန်မင်ပဲဥစ္စာ။ အဲဒါက ချီစုဆောင်းခြင်းအဆင့် ထဲမှာ တကယ့်ကို ရက်စက်တယ်လို့ နာမည်ကြီးတဲ့သူပဲ"
လူအုပ်ကြီးသည် ဆွေးနွေးနေကြပြီး အများအားဖြင့် အံ့အားသင့်နေကြသော်လည်း မည်သူမျှ လုလီဘက်က နိုင်မည်ဟု မယူဆကြချေ။
အချို့သူများက ခေါင်းခါလျက် သက်ပြင်းချကြသည်။
"ဖန်မင်နဲ့ တွေ့ရတာဆိုတော့ သုံးချက်တောင် တောင့်ခံနိုင်ပါ့မလား မသိဘူး"
"အား... အသက်ငယ်ငယ်လေးနဲ့ ဘယ်က သတ္တိတွေ ရှိနေတာလဲ မသိဘူး"
"မပြောတတ်ဘူး... စွန့်စားကြည့်ချင်တာနေမှာပေါ့၊ စင်ပေါ်မှာ သေဆုံးရရင်လည်း မျက်နှာမပျက်ပါဘူး"
လုလီသည် ထိုစကားများကို ကြားနေရသော်လည်း မျက်နှာအမူအရာ မပျက်ဘဲ ဝတ်စုံစမှာ လေထဲတွင် ငြိမ်သက်စွာ လှုပ်ခတ်နေသည်။
သူက ပတ်ဝန်းကျင်ရှိ အကြည့်များကို အာရုံမစိုက်ဘဲ ခြေလှမ်းတစ်လှမ်းချင်းစီဖြင့် စင်ပေါ်သို့ တက်ရောက်ခဲ့သည်။
ထိုခဏတွင် ဆူညံသံများ ဖြည်းဖြည်းချင်း တိတ်ဆိတ်သွားခဲ့ပြီး လူတိုင်းသည် ငယ်ရွယ်သော်လည်း တည်ငြိမ်လွန်းလှသော ထိုပုံရိပ်ထံသို့ မသိမသာ အကြည့်များ ပို့ဆောင်လိုက်ကြသည်။
ဖန်မင်သည် စင်မြင့်ဗဟိုတွင် အစောကတည်းက ရပ်နေပြီး လက်နှစ်ဖက်ကို ရင်ဘတ်တွင် ပိုက်ထားလျက် မျက်ဝန်းများမှာ ထက်မြက်လှသည်။
သူက လုလီကို စိုက်ကြည့်နေပြီး ၎င်း၏အကြည့်မှာ သတ်ဖြတ်ရာကွင်းထဲသို့ ပို့ဆောင်ခံရတော့မည့် သားရဲငယ်လေးတစ်ကောင်ကို ကြည့်နေသကဲ့သို့ပင်။တိတ်ဆိတ်ခြင်း၊ သွယ်လျခြင်းနှင့် အသက်ရှင်သန်ခွင့် မရှိခြင်း။
သူက စကားမပြောဘဲ လုလီ၏ ခန္ဓာကိုယ်ကို အပေါ်အောက် ဖြည်းဖြည်းချင်း စစ်ဆေးကြည့်ရှုနေပြီး နောင်အနာဂတ်တွင် ဖြစ်လာမည့် အလောင်းတစ်ခုကို စစ်ဆေးနေသကဲ့သို့ပင်။
သူ့ရင်ထဲတွင် ဤတိုက်ပွဲ၏ ရလဒ်မှာ အစောကတည်းက ဆုံးဖြတ်ပြီးသား ဖြစ်သည်။
လုလီသည် မဖြစ်မနေ သေဆုံးရမည်။
ဘာလို့လဲဆိုတော့ ကျွယ်ချင်းတောင်ထွတ်မှ လင်းကျင့်ယွီက သူ့ကို သေခိုင်းသောကြောင့် ဖြစ်သည်။
ကျွယ်ချင်းတောင်ထွတ်၏ လင်းကျင့်ယွီသည် အတွင်းစည်းတပည့်များကြားတွင် အဆင့်အတန်း အလွန်မြင့်မားလှပြီး၊ ဖန်မင်သည် ဤလမ်းကြောင်းကို မနည်းချိတ်ဆက်ထားရခြင်း ဖြစ်သည်။ ယခုအချိန်တွင် စင်မြင့်ထက်၌ လုလီကို "သန့်ရှင်းပြတ်သားစွာ" သတ်ဖြတ်ပစ်လိုက်ရုံဖြင့် စစ်မှန်သော ကျင့်ကြံခြင်းအရင်းအမြစ်နှင့် ကာကွယ်မှုများကို ရရှိနိုင်မည် ဖြစ်သည်။
ဒါက စမ်းသပ်မှုတစ်ခု ဖြစ်သလို သူ၏ ကံကြမ္မာ ပြောင်းလဲမည့် အခွင့်အရေးလည်း ဖြစ်ပေသည်။
လုလီလည်း သူ့ကို စိုက်ကြည့်နေသည်။
သူက စကားမပြောသော်လည်း ထိုမျက်ဝန်းများထဲမှ ပြင်းထန်လှသော သတ်ဖြတ်လိုစိတ်ကို ခံစားလိုက်ရသည်။
ထိုသတ်ဖြတ်လိုစိတ်မှာ တိုက်ပွဲကြောင့် ဖြစ်ပေါ်လာသော တိုက်ခိုက်လိုစိတ်မျိုး မဟုတ်ဘဲ၊ တိုက်ပွဲမစတင်မီကတည်းက ရလဒ်ကို သတ်မှတ်ထားပြီးသား ဖြစ်သည့် အေးစက်မှုမျိုး ဖြစ်သည်။
လုလီ၏ ရင်ထဲတွင် မသိမသာ လေးလံသွားသည်။
မိမိသည် ဤလူနှင့် မည်သည့်အချိန်တွင် ရန်ငြိုးရှိခဲ့သည်ကို မမှတ်မိသလို၊ တစ်ဖက်လူက ဘာကြောင့် မိမိအပေါ် သတ်ဖြတ်လိုစိတ် ရှိနေသည်ကိုလည်း နားမလည်ချေ။ ထိပ်တိုက်ဆုံတွေ့ရခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သော်လည်း ဤမျှ ပြင်းထန်သော သတ်ဖြတ်လိုစိတ် ရှိနေသည်။
စိတ်ထဲတွင် သံသယရှိနေသော်လည်း မျက်နှာတွင်မူ မည်သည့်လှိုင်းလုံးမျှ မရှိချေ။
"အကယ်၍ တစ်စုံတစ်ဦးက ငါ့ကို သတ်ချင်တယ်ဆိုရင်... အဲဒီလူလည်း အသတ်ခံရဖို့ ပြင်ဆင်ထားရမယ်"
သူသည် ရင်ထဲမှ လေပူများကို ဖြည်းဖြည်းချင်း မှုတ်ထုတ်လိုက်ပြီး ခြေလှမ်းကို မရွှေ့ဘဲ လက်ချောင်းထိပ်ကို အသာအယာ မြှောက်လိုက်သည်။
နောက်တစ်ခဏ၌ တိုက်ပွဲစတင်သည့် ဗုံသံမှာ ချိုင့်ဝှမ်းကြားတွင် ဝုန်းခနဲ ပဲ့တင်ထွက်ပေါ်လာခဲ့ပြီး၊ စင်မြင့်ဘေးရှိ ဝိညာဥ်အလင်းတန်းများ ချက်ချင်း မြင့်တက်လာကာ သူတို့နှစ်ဦးကို ကမ္ဘာတစ်ခုအဖြစ် ခွဲခြားပစ်လိုက်တော့သည်။
ဖန်မင်၏ ခန္ဓာကိုယ် လှုပ်ခတ်သွားပြီး လက်ထဲတွင် ဓားပျံတစ်စင်း ချက်ချင်း ပေါ်ထွက်လာခဲ့သည်။ ဓားကိုယ်ထည်မှာ သွေးကဲ့သို့ နီမြန်းနေပြီး ဝိညာဥ်အလင်းတန်းများက သတ်ဖြတ်ခြင်းအငွေ့အသက်ကို ဆောင်နေရာ ၎င်းမှာ သတ်ဖြတ်ခြင်းကို အဓိကပြုလုပ်သည့် ဝိညာဥ်လက်နက်ဖြစ်ကြောင်း ထင်ရှားသည်။
ဖန်မင်က မလှုပ်ရှားသေးသော်လည်း ဝိညာဥ်ချီများမှာမူ ပန်းထွက်လာခဲ့ပြီ ဖြစ်သည်။ လက်ထဲမှ ဓားပျံမှာ လေထုကို ဖြတ်သန်း၍ ချက်ချင်း ပြေးထွက်သွားခဲ့ပြီး ဓားအလင်းတန်းမှာ အေးစက်လှကာ လုလီ၏ မျက်ခုံးကြားဆီသို့ တိုက်ရိုက် ဦးတည်သွားတော့သည်။
ဤဓားချက်မှာ ထက်မြက်ရက်စက်လှပြီး မည်သည့်စမ်းသပ်မှုမျှမရှိဘဲ စတင်သည်နှင့် သတ်ဖြတ်ခြင်း နည်းလမ်း ဖြစ်ပေသည်။
သို့သော် လုလီကမူ ရှောင်ဖယ်ခြင်း မပြုခဲ့ချေ။
ထိုက်ယင် ချီစုဆောင်းခြင်းကျင့်စဥ် သည် ချီစုဆောင်းခြင်းအဆင့်၏ ကျင့်စဥ်ဖြစ်လင့်ကစား တိတ်တဆိတ် ကျင့်ကြံနေစဥ်အတွင်း အရိုးနှင့် အကြောများကို သန့်စင်ပေးခဲ့ပြီး ဖြစ်ရာ သူ၏ ခန္ဓာကိုယ်မှာ အစောကတည်းက သံမဏိကဲ့သို့ ခိုင်ခံ့နေခဲ့ပြီ ဖြစ်သည်။
ယခုအချိန်တွင် ထက်မြက်လှသော သတ်ဖြတ်ခြင်းနှင့် ရင်ဆိုင်ရသည့်အခါ သူသည် မည်သည့်ပညာရပ်ကိုမျှ မထုတ်ဖော်သလို၊ ဝိညာဥ်လက်နက်ကိုလည်း မထုတ်ဘဲ လက်သီးကိုသာ တင်းတင်းဆုပ်လျက် ခန္ဓာကိုယ်ကို အနည်းငယ် နှိမ့်ကာ ထိုဓားအလင်းတန်းနှင့် ထိပ်တိုက်ရင်ဆိုင်ရင်း လက်သီးတစ်ချက်ကို ပြင်းထန်စွာ ထိုးနှက်လိုက်တော့သည်။
လက်သီးဖြင့် ဓားပျံကို ထိပ်တိုက်ရင်ဆိုင်ခြင်း..
"ဖျောင်း..."
သံနှင့်ကျောက် ရိုက်ခတ်မိသံကဲ့သို့ ကျယ်လောင်စွာ ပဲ့တင်ထွက်ပေါ်လာပြီး မီးပွားအချို့ လေထုထဲ၌ ပန်းထွက်သွားကာ မျက်စိဖြင့် မြင်တွေ့နိုင်သော ဝိညာဥ်စွမ်းအား လှိုင်းလုံးများကို ဖြစ်ပေါ်စေသည်။
စင်အောက်ရှိ လူအုပ်ကြီးမှာ ချက်ချင်း ဆူညံသွားကြတော့သည်။
"သူက ဓားပျံကို လက်သီးနဲ့ ထိပ်တိုက်ရင်ဆိုင်ရဲတယ် ဟုတ်လား"
"ရူးသွားပြီလား။ ဒါက ဖန်မင်ရဲ့ သတ်ဖြတ်တဲ့လက်နက်ပဲဥစ္စာ"
လုလီက မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ပြီး ခြေလှမ်းတစ်လှမ်းမျှ နောက်မဆုတ်ဘဲ လက်သီးမျက်နှာပြင်ကို ငုံ့ကြည့်လိုက်ရာ လက်ဖမိုးပေါ်တွင် သေးငယ်သော အက်ကြောင်းတစ်ခု ဖြစ်ပေါ်နေပြီး သွေးစက်များ မထွက်လာသေးခင်မှာပင် ဝိညာဥ်ချီဖြင့် ပိတ်ဆို့လိုက်သည်။
သူ၏ မျက်နှာအမူအရာ မပြောင်းလဲသော်လည်း မျက်ဝန်းများမှာမူ မှန်တစ်ချပ်ကဲ့သို့ အေးစက်လှသည်။
ဒါက သူ ချီစုဆောင်းခြင်းအဆင့်(၆)ရှိသူနှင့် ပထမဆုံးအကြိမ် ထိပ်တိုက်ရင်ဆိုင်ခြင်း ဖြစ်သည်။
စတင်ခါစတွင် သူက အစွမ်းကုန် မထုတ်သေးဘဲ ဤအဆင့်နှစ်ခုကြားရှိ စစ်မှန်သော ကွာဟချက်ကိုသာ ခံစားကြည့်ချင်ရုံ ဖြစ်သည်။
ရလဒ်ကတော့ အံ့သြစရာမရှိချေ၊ သူ ထင်ထားတာထက် အနည်းငယ် ပိုမိုအားကောင်းသော်လည်း တောင့်ခံနိုင်စွမ်း ရှိနေဆဲပင်။
စင်ပေါ်၌ ဖန်မင်၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားပြီး မျက်ဝန်းထဲတွင် ရက်စက်ရိပ်တစ်ခု ဖြတ်ပြေးသွားသည်။
"ဟမ်.. မင်းဘယ်လို ခန္ဓာကိုယ်သန့်စင်ခြင်းကျင့်စဥ်ကို ကျင့်ကြံထားလဲတော့ မသိဘူး၊ ငါ့ရဲ့ ဓားတစ်ချက်ကို တားဆီးနိုင်ရင်ကော နောက်ထပ် ဘယ်နှစ်ချက် တားဆီးနိုင်ဦးမှာလဲ"
သူက ချီကို လည်ပတ်စေလိုက်ရာ ဓားပျံမှာ ထပ်မံ၍ လေထဲသို့ ပျံသန်းလာပြီး အသံမှာ ရုတ်တရက် စူးရှသွားခဲ့သည်။ ဓားရိပ် မြောက်မြားစွာသည် တစ်ပြိုင်နက်တည်း ထွက်ပေါ်လာခဲ့ပြီး အရှိန်အဟုန်မှာ ယခင်ထက် သုံးပုံတစ်ပုံခန့် ပိုမိုမြန်ဆန်လှကာ အရှိန်အဝါမှာလည်း ပိုမိုပြင်းထန်လာခဲ့သည်။
လုလီကမူ နောက်ဆုတ်ခြင်း မရှိသေးချေ။
သူ၏ လက်သီးနှစ်ဖက်စလုံးကို ပြင်းထန်စွာ ထိုးနှက်လိုက်ရာ လက်သီးလေပြေမှာ ထက်မြက်လှပြီး ကျောက်တုံးများကို ခြေမှုန်းနေသကဲ့သို့ပင် ဓားပျံကို ထိပ်တိုက်ရင်ဆိုင်ရင်း ခြေလှမ်းတစ်လှမ်းမျှ နောက်မဆုတ်ခဲ့ချေ။
မီးပွားများ ထပ်မံ၍ ပန်းထွက်လာခဲ့ပြီး တစ်ချက်၊ နှစ်ချက်၊ သုံးချက်…… ထိခိုက်မိတိုင်း မိုးကြိုးပစ်ချလိုက်သကဲ့သို့ ကျယ်လောင်လှသည်။
စင်မြင့်ထက်၌ ငွေရောင်လက်သီးရိပ်တစ်ခုနှင့် သွေးရောင်ဓားရိပ် သုံးခုတို့သည် ပြင်းထန်စွာ ထိပ်တိုက်ရင်ဆိုင်နေကြပြီး တစ်ဖက်က ငြိမ်သက်ကာ တစ်ဖက်က လှုပ်ရှားနေလျက် စက္ကန့်အနည်းငယ်အတွင်းမှာပင် သုံးကြိမ်တိတိ ထိပ်တိုက်ဆုံတွေ့ခဲ့ပြီး ဖြစ်သည်။
ဖန်မင်၏ မျက်နှာအမူအရာမှာ နောက်ဆုံးတွင် ပြောင်းလဲသွားတော့သည်။
ထိုကောင်လေးက တကယ်ပဲ…… တစ်ချက်မျှ နောက်မဆုတ်ချေ။
အကြိမ်ကြိမ် ထိပ်တိုက်ရင်ဆိုင်ပြီးနောက်တွင်လည်း လုလီသည် ခြေလှမ်းတစ်လှမ်းမျှ နောက်မဆုတ်သည့်အပြင် ပိုမိုတိုက်ခိုက်လေ၊ ပိုမိုတည်ငြိမ်လေဖြစ်ကာ လက်သီးစွမ်းအားမှာ တောင်ကြီးတစ်လုံးကဲ့သို့ ခိုင်ခံ့လှသည်။
ယခုအချိန်တွင် လုလီသည်လည်း ချီစုဆောင်းခြင်းအဆင့်(၆)၏ စွမ်းအားကို ကောင်းကောင်း သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။
တစ်ဖက်လူသည် ဝါရင့်အစွမ်းထက်သူဖြစ်ပြီး အရှိန်အဝါ သိပ်သည်းကာ တိုက်ခိုက်မှု ထက်မြက်လှသော်လည်း ရှီဟွမ်ကဲ့သို့သော စစ်မှန်သော ပါရမီရှင်များနှင့် နှိုင်းယှဥ်ပါက ကြီးမားလှသော ကွာဟချက် ရှိနေဆဲပင်။
စမ်းသပ်မှု့မှာ ဤနေရာတွင် ပြီးဆုံးပြီဖြစ်၍ လုလီသည် ဆက်လက်အချိန်ဖြုန်းရန် စိတ်မဝင်စားတော့ချေ။
နောက်တစ်ကြိမ် ဓားပျံ အရှိန်အဟုန်ဖြင့် ပြေးဝင်လာသည့် အချိန်တွင်
သူသည် ရုတ်တရက် လက်ကို ဆန့်ထုတ်ကာ ထိုဓားပျံ၏ ဓားကိုယ်ထည်ကို လက်ဖြင့် ဖမ်းဆုပ်လိုက်ပြီး လက်ဖဝါးအတွင်းရှိ ဝိညာဥ်စွမ်းအားများကို ပေါက်ကွဲစေလျက် တင်းတင်းကျပ်ကျပ် ထိန်းချုပ်လိုက်တော့သည်။
"မကောင်းဘူး"
ဖန်မင်၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားပြီး ဓားကို ပြန်လည်ရုပ်သိမ်းရန် ဝိညာဥ်စွမ်းအားကို အတင်းအဓမ္မ လည်ပတ်စေလိုက်သော်လည်း ရွှံ့နွံထဲသို့ ကျဆင်းသွားသကဲ့သို့ မည်သို့မျှ လှုပ်ရှား၍ မရနိုင်တော့ချေ။
ဓားပျံထံမှ စူးရှလှသော အော်ဟစ်သံများ ထွက်ပေါ်လာပြီး ဓားကိုယ်ထည်ပေါ်တွင် အက်ကြောင်းများစွာ တိတ်တဆိတ် ပေါ်ထွက်လာခဲ့သည်။
နောက်တစ်ခဏ၌ လုလီ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် လှုပ်ခတ်သွားပြီး လူရိပ်တစ်ခုကဲ့သို့ သူ၏မျက်စိရှေ့သို့ ချဉ်းကပ်လာခဲ့သည်။
"..."
ဖန်မင်သည် အော်ဟစ်ရန်ပင် အချိန်မရလိုက်ဘဲ ရင်ဘတ်ထဲတွင် အေးစက်မှုကိုသာ ခံစားလိုက်ရသည်။
သူ ခေါင်းငုံ့ကြည့်လိုက်သည့် အခါမှသာ လုလီ၏ လက်ထဲတွင် မည်သည့်
အချိန်ကတည်းက ရောက်ရှိနေမှန်းမသိသော ဓားမြှောင်တစ်လက်ရှိနေသည်ကို တွေ့ရှိလိုက်ရသည်။ ၎င်း၏ အလင်းရောင်မှာ လူကို တုန်လှုပ်စေပြီး နှလုံးသားဆီသို့ တိုက်ရိုက် ဦးတည်ထားရာ အကွာအဝေးမှာ လက်မအနည်းငယ်သာ လိုတော့သည်။
"မင်း..." ဖန်မင်၏ အသံမှာ ခြောက်သွေ့နေပြီး အနည်းငယ်မျှ မလှုပ်ရှားရဲချေ။
လုလီက သူ့ကို စိုက်ကြည့်နေပြီး ၎င်း၏အကြည့်မှာ ရေပြင်ကဲ့သို့ တည်ငြိမ်လှသည်။
"မင်း ဘာလို့ ငါ့အပေါ် သတ်ဖြတ်လိုစိတ် ရှိနေတာလဲ"
ဖန်မင်သည် အံကို တင်းတင်းကြိတ်ကာ ဘာမှမပြောဘဲ နဖူးပြင်တွင် ချွေးစေးများ စီးကျနေလျက် တစ်ကိုယ်လုံး မူလနေရာတွင် သံမှိုရိုက်ခံထားရသကဲ့သို့ ရှိသည်။
နောက်တစ်ခဏ၌ လုလီ၏ မျက်ဝန်းများ အေးစက်သွားပြီး လက်ကို မြှောက်ကာ လွှဲခုတ်လိုက်တော့သည်။
"ဖတ်.."
ဖန်မင်သည် အော်ဟစ်ညည်းတွားလိုက်ပြီး သူ၏ ဘယ်ဘက်လက်မောင်းမှာ အောက်သို့ ပြတ်ကျသွားကာ သွေးများမှာ သုံးပေခန့်အထိ ပန်းထွက်သွားခဲ့သည်။
"ပြောစမ်း"
လုလီ၏ အသံမှာ မည်သည့်လှိုင်းလုံးမျှ မရှိသော်လည်း အရေပြားကို လှီးဖြတ်နေသကဲ့သို့ အရိုးထဲအထိ အေးစက်လှသည်။
ဖန်မင်သည် နောက်ဆုံးတွင် စိတ်ဝိညာဥ် ပြိုလဲသွားပြီး တုန်တုန်ရင်ရင်ဖြင့် စကားလုံး သုံးလုံးကို ပြောထုတ်လိုက်သည်။
"စီနီယာအစ်မလင်း..."
ဤစကားလုံး ထွက်လာသောအခါ လုလီ၏ မျက်နှာအမူအရာ အနည်းငယ် လှုပ်ခတ်သွားပြီး မျက်ဝန်းထဲတွင် သဘောပေါက်ရိပ်တစ်ခု ဖြတ်ပြေးသွားသည်။
"သူမကိုး..."
စကားဆုံးသည်နှင့် ဓားမြှောင်သည် ဖန်မင်၏ ရင်ဘတ်ထဲသို့ ရုတ်တရက် ထိုးစိုက်ဝင်ရောက်သွားခဲ့သည်။ ဓားဖျားက နှလုံးသွေးကြောကို ဖြတ်တောက်လိုက်သဖြင့် အသက်ရှူသံများ ချက်ချင်း ရပ်တန့်သွားတော့သည်။
ဖန်မင်၏ မျက်ဆန်များ ကျုံ့သွားပြီး မျက်ဝန်းထဲမှ အလင်းရောင်များမှာ မြူခိုးများကဲ့သို့ ပျောက်ကွယ်သွားကာ ခန္ဓာကိုယ်မှာ ဖြည်းဖြည်းချင်း လဲပြိုသွားခဲ့သည်။
အမှတ် (၁၁) စင်မြင့်ထက်တွင် သွေးကွက်များဖြင့် စွန်းထင်နေလျက် တိတ်ဆိတ်ခြင်းတစ်ခု ကြီးစိုးသွားတော့သည်။
📝အပိုင်း - ၅၇ အတွင်းစည်းတပည့် ပြိုင်ပွဲ (၄)
ဘာသာပြန် - Na Gar🐉
လုလီသည် လက်မနှေးခဲ့ချေ။
ဤဖန်မင်မှာ နက်မှောင်နတ်အရိုး ပိုင်ရှင်ဖြစ်ရာ ခန္ဓာကိုယ်အတွင်း၌ ကိန်းအောင်းနေသော ဝိညာဥ်ချီမှာ ဝါနတ်အရိုးများထက် များစွာ သာလွန်လှသည်။
သူသည် ဘယ်ဘက်လက်ဖဝါးဖြင့် ဓားမြှောင်ကို ဆုပ်ကိုင်ထားဆဲဖြစ်ပြီး အရှိန်အဟုန်ဖြင့် တစ်ချက်လှည့်ကာ လက်ဆစ်များဖြင့် ဓားရိုးကို တင်းတင်းညှစ်လိုက်သည်။ ထို့နောက် စုပ်ယူခြင်းစွမ်းအားတစ်ခုကို တိတ်တဆိတ် ထုတ်ဖော်လိုက်ပြီး ဖန်မင်၏ နှလုံးသွေးကြောထဲသို့ ထိုးဖောက်ဝင်ရောက်စေလိုက်တော့သည်။
မိစ္ဆာအရိုး၏ စုပ်ယူခြင်းစွမ်းအားသည် အသံမရှိဘဲ တိတ်ဆိတ်လှပေသည်။
ဖန်မင်၏ နတ်အရိုးသည် မသေဆုံးမီ နောက်ဆုံးခဏ၌ မှိန်ပျပျအလင်းရောင်တစ်ခု ဖြာထွက်လာခဲ့သော်လည်း မကြာမီတွင် လေထဲမှ ဖယောင်းတိုင်မီးကဲ့သို့ အလင်းရောင်များ လုံးဝ ပျက်ပြယ်ကွယ်ပျောက်သွားခဲ့ရသည်။
လုလီက အသက်ကို ပြင်းပြင်းရှူလိုက်ရာ ခန္ဓာကိုယ်အတွင်းရှိ ဝါနတ်အရိုးပေါ်မှ ရွှေရောင်မျဥ်းကြောင်းမှာ မထင်မရှား လှုပ်ခတ်သွားပြီး ၎င်းပေါ်ရှိ အစင်းကြောင်းများမှာ ပိုမိုသိပ်သည်းလာသကဲ့သို့ ရှိသည်။
သူ ခံစားသိရှိလိုက်ရပြီ ဖြစ်သည်။
ဝါနတ်အရိုးနှင့် မတူဘဲ နက်မှောင်နတ်အရိုးမှ ရရှိသော အနှစ်သာရမှာ ပိုမိုသိပ်သည်းပြီး သန့်စင်လှရာ အနည်းငယ်မျှသာ ရရှိပေမဲ့ ယခင်က ဝါနတ်
အရိုးရှိသူကို စုပ်ယူခဲ့ရသည်ထက သာလွန်လှပေသည်။
"အလောင်းကို အစအန ချန်ထားလို့ မဖြစ်ဘူး"
လုလီ၏ မျက်ဝန်းများမှာ ရေပြင်ကဲ့သို့ တည်ငြိမ်လှပြီး လက်ကို မြှောက်ကာ ဖန်မင်၏ သိုလှောင်အိတ်ကို ဖြုတ်ယူ၍ အင်္ကျီလက်ထဲသို့ အသာအယာ ထည့်သွင်းလိုက်သည်။
ထို့နောက် လက်ဖဝါးကို မြှောက်ကာ လက်ချောင်းငါးချောင်းကို ဖြန့်ပြီး 'အလင်းမီးတောက်မန္တန်'ကို လည်ပတ်စေလိုက်သည်။
၎င်းထဲတွင် ဝိညာဥ်ကို လောင်ကျွမ်းစေသည့် မိစ္ဆာမီးတောက်အနည်းငယ်ကို ထည့်သွင်းထားပြီး အရိုးနှင့် ဝိညာဥ်ကိုပါ ခြေမှုန်းရန် ဖြစ်သည်။
မီးတောက်များ ရုတ်တရက် ထွက်ပေါ်လာပြီး လေနှင့်အတူ ချက်ချင်း ငြိမ်းသတ်သွားသော်လည်း ထိုခဏချင်းအတွင်းမှာပင် ဖန်မင်၏ အလောင်းကို ပြာအဖြစ် သန့်စင်ပစ်လိုက်တော့သည်။
ခဏအတွင်းမှာပင် အကြွင်းအကျန် တစ်စုံတစ်ရာမျှ ကျန်ရှိမနေခဲ့ချေ။
စင်အောက်တွင်မူ တိတ်ဆိတ်ခြင်းတစ်ခု ကြီးစိုးသွားခဲ့သည်။
၎င်းမှာ စင်မြင့်ထက်မှ သတ်ဖြတ်ခြင်း တိုက်ပွဲဖြစ်ပြီး သေတဲ့လူများစွာ ရှိသော်လည်း လုလီကဲ့သို့ အလောင်းပင်မချန်ဘဲ အစအနများကို စေ့စပ်သေချာစွာ ဖျက်ဆီးပစ်သူမျိုးမှာ အလွန်ပင် ရှားပါးလှပေသည်။
အရေးကြီးဆုံးအချက်မှာ...
သူသည် အသက် (၁၃) နှစ်သာ ရှိသေးခြင်းပင်။
လူတိုင်းနီးပါး ဆွံ့အသွားကြတော့သည်။ နောက်ထပ် မည်သူမျှ ရယ်မောခြင်းမပြုသလို၊ ဝေဖန်ဆွေးနွေးခြင်းလည်း မရှိကြတော့ချေ။
လုလီက စင်မြင့်ထက်မှ ဖြည်းဖြည်းချင်း ဆင်းသက်လာခဲ့သည်။ ဝတ်စုံစများမှာ လေထဲတွင် လွင့်ပျံနေပြီး သွေးစွန်းခြင်းမရှိဘဲ လူသူမရှိသော နယ်မြေတစ်ခုထဲသို့ လျှောက်လှမ်းနေသကဲ့သို့ပင်။
ရုတ်တရက်...
သူ၏ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားသည်။
အေးစက်လှသော အကြည့်တစ်စုံသည် အဝေးရှိ စင်မြင့်အထက်မှ ကျရောက်လာခဲ့ပြီး ၎င်းမှာ ဓားဖျားဖြင့် လည်ပင်းကို လှီးဖြတ်နေသကဲ့သို့ ထက်မြက်လှသည်။
သူ ဖြည်းဖြည်းချင်း မော့ကြည့်လိုက်သည်။
နှင်းကဲ့သို့ ဖြူစင်သော ဝတ်စုံ၊ အေးစက်သော မျက်နှာထားရှိပြီး ထိုသူသည် အထက်တွင် ထိုင်နေလျက် အမူအရာမပျက်သော်လည်း အကြည့်မှာမူ ဓားတစ်စင်းကဲ့သို့ စိတ်ဝိညာဥ်ကို တိုက်ရိုက် ထိုးစိုက်နေသည်။
သူမကား ကျွယ်ချင်းတောင်ထွတ်မှ လင်းကျင့်ယွီ ဖြစ်ပေသည်။
ထိုခဏတွင် အကြည့်နှစ်စုံ ထိပ်တိုက်ဆုံတွေ့သွားခဲ့သည်။
လုလီက မျက်ဝန်းများကို အနည်းငယ် ကျုံ့လိုက်ပြီး ရှောင်ဖယ်ခြင်း မပြုခဲ့ချေ။
သူက စကားမပြောသလို ပြောရန်လည်း မလိုအပ်ပေ။
လင်းကျင့်ယွီ၏ သတ်ဖြတ်လိုစိတ်ကို သူ ကောင်းကောင်း သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။
သူ အားနည်းနေသေးသည့် အချိန်တုန်းက သူမကိုယ်တိုင် လှုပ်ရှားခြင်းမပြုခဲ့ဘဲ၊ ယခုအချိန်တွင်မူ လုလီကို ထပ်မံ၍ အရေးယူရန်မှာ ထင်ထားသလောက် မလွယ်ကူတော့ချေ။
ဤတိုက်ပွဲတွင် သူသည် မိမိ၏ အစွမ်းနှင့် အလားအလာကို အထင်အရှား ပြသခဲ့ပြီး ဖြစ်သည်။
ဖန်မင်ကို သတ်ဖြတ်ခြင်းမှာ ရန်သူကို ခြေမှုန်းခြင်းဖြစ်သလို သူမအား ပြန်လည်တုံ့ပြန်လိုက်ခြင်းလည်း ဖြစ်ပေသည်။သူမကို ပြသလိုက်ခြင်းပင်။
အကယ်၍ လင်းကျင့်ယွီသာ ဉာဏ်ရှိပါက ဤနေရာတွင်ပင် ရပ်တန့်သင့်
သည်။ ရင်းနှီးခြင်းမရှိသော ဆွေမျိုးတစ်ဦးအတွက်နှင့် မိမိနှင့် ရန်ငြိုး တည်ဆောက်ရခြင်းမှာ မတန်ချေ။
အကယ်၍ သူမဘက်က လက်မလျှော့ချင်ပါကလည်း။
လုလီသည် ကြောက်ရွံ့နေမည် မဟုတ်ချေ။
သူက အကြည့်ကို ရုတ်သိမ်းကာ လှည့်ထွက်၍ လူအုပ်ကြားထဲသို့ ပျောက်ကွယ်သွားခဲ့ပြီး မျက်နှာအမူအရာမှာ သာမန်အတိုင်းပင် ရှိသည်။
လုလီက ထောင့်တစ်နေရာကို ရှာဖွေ၍ ငြိမ်သက်စွာ ထိုင်လိုက်ပြီး ဒုတိယတစ်ကျော့ တိုက်ပွဲစတင်မည့် အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။
စင်မြင့်အထက်တွင်မူ လင်းကျင့်ယွီသည် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး နှုတ်ခမ်းထောင့်ကို အနည်းငယ် မြှောက်လိုက်သော်လည်း အပြုံးရိပ် မရှိချေ။
'တန်ပြန်တိုက်ခိုက်တာကို စတင်ပြီပေါ့လေ။'
"အစ်မလင်း... ဘာလို့ မျက်နှာက ဒီလောက်အထိ ပျက်နေရတာလဲ"
ဘေးနားတွင် ရှိနေသူမှာ လမ်းစဥ်ခြောက်သွယ်တောင်ထွတ် မှ ကျောက်ချုံယွမ်ဖြစ်ပြီး ပျင်းရိသော အမူအရာ ရှိသော်လည်း စကားလုံးတိုင်းမှာ ဆူးများကဲ့သို့ ထက်မြက်လှသည်။
"ငါ ခုနတင် အဲဒီလူငယ်ကို ချီးမွမ်းနေတာ၊ အသက်ငယ်ငယ်လေးနဲ့ လှုပ်ရှားတာက တကယ့်ကို မဆိုးဘူး။ ဒီလို ခန္ဓာကိုယ် ကြံ့ခိုင်မှုမျိုးနဲ့ ငါတို့ လမ်းစဥ်ခြောက်သွယ်တောင်ထွတ်ကို လာပြီး ခန္ဓာကိုယ်သန့်စင်ခြင်းကျင့်စဥ်ကို မကျင့်ကြံရင်တော့ တကယ့်ကို နှမြောစရာပဲ"
သူက မျက်ခုံးများကို ကျုံ့လျက် အမှတ် (၁၁) စင်မြင့် အရပ်မျက်နှာဆီသို့ လှမ်းကြည့်ရင်း အံ့သြနေမိသည်။
"ငါက ထူးဆန်းနေတာ၊ ချီစုဆောင်းခြင်းအဆင့်(၅)ပဲ ရှိသေးတဲ့ ကောင်လေးတစ်ယောက်က ဘာလို့ ပထမတစ်ကျော့မှာတင် ဖန်မင်လို ဝါရင့်အစွမ်းထက်သူနဲ့ ထိပ်တိုက်တွေ့ရတာလဲလို့ အစ်မလင်းကတော့ တကယ့်ကို အစွမ်းထက်တာပဲ"
"ဒါပေမဲ့..."
သူ အဓိပ္ပာယ်ပါပါဖြင့် ခဏရပ်ကာ စကားလမ်းကြောင်းကို ပြောင်းလဲလိုက်သည်။
"ဒီနည်းလမ်းကတော့ တွက်ချက်မှု့ မှားယွင်းသွားပုံရတယ်၊ အဲဒီအစား လုလီရဲ့ နာမည်ကို လူတိုင်း မှတ်မိသွားအောင် လုပ်ပေးလိုက်သလို ဖြစ်သွားပြီ"
လင်းကျင့်ယွီ၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းရောင်တစ်ခု ထွက်ပေါ်လာပြီး လက်ချောင်းထိပ်များမှာ ဓားရိုးပေါ်သို့ အသာအယာ ကျရောက်သွားခဲ့သည်။
ကျောက်ချုံယွမ်က ကြောက်ရွံ့ခြင်းမရှိဘဲ စပ်ဖြဲဖြဲ ရယ်မောလိုက်
ပြန်သည်။
"မင်းကို ဖျောင်းဖျစကားလေး တစ်ခွန်းလောက်ပြောပါရစေ၊ နောက်ထပ် မကောင်းတဲ့ စိတ်ကူးတွေ မထားပါနဲ့တော့။ မင်းက ကျွယ်ချင်းတောင်ထွတ်ကလူ ဖြစ်ပြီး ကွေ့ယွမ်တောင်ထွတ်ကလူကို အရေးယူချင်နေတာလား။ မင်းသာ တကယ်ပဲ အောင်မြင်သွားခဲ့ရင် ဟော်ရှို့ယွမ် ကလည်း စကားပြောရလွယ်တဲ့လူ မဟုတ်ဘူး"
လင်းကျင့်ယွီ၏ မျက်ဝန်းများ ကျုံ့သွားတော့သည်။
အဝေးရှိ ကွေ့ယွမ်တောင်ထွတ် နေရာယူထားသော အထက်ခုံတန်းပေါ်တွင် ဟော်ရှို့ယွမ်သည် ဖြူဖွေးနေသော အရိုးယပ်တောင်တစ်ခုကို ကိုင်ဆောင်ထားလျက် တင့်တယ်လှပပြီး လောကနှင့် ကင်းကွာနေသကဲ့သို့ ရှိသည်။ သို့သော် သူမ သိသည်မှာ ထိုသူသည် ဤစကားများကို မလွဲမသွေ ကြားသိသွားခဲ့ပြီ ဖြစ်ကြောင်းပင်။
"မြန်မြန်ကြည့်... တုံရှန်းရဲ့ စင်မြင့်က တိုက်ပွဲစတင်တော့မယ်"
"ဟက်... သူမရဲ့ ရန်သူက ချီစုဆောင်းခြင်းအဆင့်(၆)ရှိတဲ့ တပည့်ဟောင်းပဲ၊ ကြားရသလောက်တော့ အပြင်စည်းမှာ ငါးနှစ်ကျော်ကြာ ဖြတ်သန်းခဲ့ဖူးတယ်... ဒီတစ်ခေါက်တော့ ကြည့်လို့ကောင်းပြီ"
"မြေနတ်အရိုးက ဘယ်လောက်အထိ အစွမ်းထက်လဲဆိုတာ ဒီနေ့ အဖြေပေါ်လိမ့်မယ်"
ဆူညံသံများ ဆက်တိုက် နားထဲသို့ ဝင်ရောက်လာသဖြင့် ငြိမ်သက်စွာ ထိုင်နေသော လုလီကို ကျင့်စဥ်ထဲမှ နှိုးဆွလိုက်တော့သည်။
သူသည် မျက်လုံးများကို ဖွင့်လိုက်ပြီး မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။
သူက သာမန်အားဖြင့် တိုက်ပွဲများကို စောင့်ကြည့်ရန် စိတ်ကူးမရှိချေ။ ဘာလို့လဲဆိုတော့ သာမန်အဆင့်(၆)တိုက်ပွဲများသည် သူ့အတွက် စစ်မှန်သော အဓိပ္ပာယ် မရှိသောကြောင့် ဖြစ်သည်။
သို့သော် "တုံရှန်း" ဟူသော စကားလုံးနှစ်လုံး နားထဲသို့ ရောက်ရှိလာသည့်အခါ သူ၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားခဲ့သည်။
သူက မည်သည့်ခံစားချက်ကြောင့်မျှ လှုပ်ခတ်သွားခြင်း မဟုတ်ဘဲ၊ သူ့ကို အမှန်တကယ် ထရပ်စေခဲ့သောအရာမှာ 'ဝိညာဥ်သွေးစာချုပ်'ကြောင့် ဖြစ်သည်။
သူမ သေဆုံးပါက သူလည်း မလွဲမသွေ သေဆုံးရမည် ဖြစ်သည်။
ဤကဲ့သို့သော ကံကြမ္မာချင်း ချည်နှောင်ထားမှု့မျိုးသည် အနည်းငယ်မျှသော ပေါ့ဆမှုကိုပင် ခွင့်မပြုချေ။
လုလီက အတွေးများကို သိမ်းဆည်းကာ ဖြည်းဖြည်းချင်း ထရပ်လိုက်ပြီး ထိုအဆူညံဆုံး အရပ်မျက်နှာဆီသို့ လျှောက်လှမ်းသွားခဲ့သည်။
အနားသို့ မချဉ်းကပ်ရသေးခင်မှာပင် ထိုစင်မြင့်ပတ်ဝန်းကျင်တွင် လူပင်လယ်ကြီး ဖြစ်နေပြီး တပည့်များစွာဖြင့် ပိတ်ဆို့နေသည်ကို မြင်တွေ့လိုက်ရသည်။
အချို့သူများက ကျောက်လှေကားထစ်များပေါ်တွင် ဆောင့်ကြောင့်ထိုင်နေကြပြီး၊ အချို့ကမူ သစ်ကိုင်းများနှင့် ကျောက်ဆောင်များပေါ်သို့ တိုက်ရိုက် တက်ရောက်ကာ မျက်ဝန်းများ တောက်ပလျက် စင်ပေါ်ရှိ အဖြူရောင်ဝတ်စုံနဲ့ မိန်းမပျိုထံသို့ စိုက်ကြည့်နေကြသည်။
သူမသည် လေထဲတွင် ငြိမ်သက်စွာ ရပ်နေပြီး အငွေ့အသက်မှာ အေးစက်လှကာ မျက်နှာမှာ ဆီးနှင်းကဲ့သို့အေးစက် နေသည်။ ဝတ်စုံစများ လွင့်ပျံနေစဥ်အတွင်း ဝိညာဥ်ချီများမှာ ဘေးသို့ ပျံ့လွင့်နေသည်။
မြေနတ်အရိုး၏ အစွမ်းမှာ မထုတ်ဖော်ဘဲနှင့်ပင် ထင်ရှားလှပေသည်။
"တုံရှန်းပဲ ဖြစ်ရမယ်၊ ဟက်... နှစ်နှစ်ကျော်ကြာ ဆုံတွေ့ခြင်းမရှိဘဲ အရှိန်အဝါကတော့ ပိုပြီးတော့ အေးစက်လာတာပဲ... မင်း ကြားဖူးလား။ သူမဒီနှစ်နှစ်အတွင်း ဘယ်နေရာမှ ပေါ်ထွက်မလာဘဲ အမြဲတမ်း တံခါးပိတ်ကျင့်ကြံနေခဲ့တာ၊ ဒီနေ့ကတော့ ပထမဆုံးအကြိမ် လှုပ်ရှားတာပဲ"
"သူမရဲ့ အရှိန်အဝါကို ကြည့်ဦး... ဒါက သာမန်အဆင့်(၆)မဟုတ်တော့ဘူး... ငါ သံသယရှိတာက အဆင့်(၇)ကိုတစ်ဝက်ရောက်နေပြီလားလို့ပဲ"
"တော်တော်လေး ကြောက်ဖို့ကောင်းတယ်..."
လုလီသည် လူအုပ်ကြီး၏ အပြင်ဘက်တွင် ခဏမျှ ရပ်နေပြီး အလျင်စလို အထဲသို့ မတိုးဝင်ဘဲ ပတ်ဝန်းကျင်ကို ငြိမ်သက်စွာ စစ်ဆေးကြည့်ရှုလိုက်သည်။ သူ၏အကြည့်က လူအုပ်ကြီးကို ဝေ့ကြည့်လိုက်စဥ် လူအချို့က ပြန်လည်ကြည့်ရှုကြပြီး မျက်မှောင်ကြုတ်ကာ စစ်ဆေးကြသည်။
ဒီလူငယ်က ဘာလို့ မျက်နှာစိမ်း ဖြစ်နေရတာလဲ။ အသက်က ကြည့်ရတာ (၁၃)နှစ်ဝန်းကျင်ပဲ ရှိသေးတာကို ဘာလို့ လာပြီး တိုးနေရတာလဲ။
လုလီကမူ စတင်၍ စကားပြောလိုက်ပြီ ဖြစ်သည်၊ အသံမှာ မည်သည့်လှိုင်းလုံးမျှ မရှိဘဲ တည်ငြိမ်လှသည်။
"စီနီယာတို့... လမ်းနည်းနည်းလောက် ဖယ်ပေးပါဦး"
ဤတောင်းဆိုချက်သည် ယခုကဲ့သို့ ဆူညံလှသော နေရာတွင် ထူးခြားမှုမရှိသလို လူအများ၏ အာရုံစိုက်မှုကိုလည်း မခံရချေ။
ရှေ့မှ လူအချို့သည် ခေါင်းပင်မလှည့်ဘဲ ချက်ချင်း သရော်လိုက်ကြသည်။
"ဟိုး... ဘယ်ကလာတဲ့ ကောင်လေးလဲ။ ဒီနေရာက အပြင်စည်း အထွေထွေဆောင် မဟုတ်ဘူး၊ မြန်မြန် အိမ်ပြန်ပြီး နို့သွားစို့ချေ၊ ဘာတိုက်ပွဲ လာကြည့်နေတာလဲ"
လူအချို့မှာ ချက်ချင်း ဝိုင်း၍ ရယ်မောကြတော့ပြီး စကားလုံးများထဲတွင် အထင်သေးရိပ်များကို မဖုံးကွယ်ကြချေ။
သို့သော် ရယ်သံများ မဆုံးသေးခင်မှာပင် လူတစ်ဦး၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားပြီး ထိုစကားပြောခဲ့သူ၏ အင်္ကျီလက်ကို အတင်းအဓမ္မ ဆွဲကာ အသံတိုးတိုးဖြင့် အလျင်စလို ပြောလိုက်သည်။
"မင်း ရူးသွားပြီလား။ မင်း သူ့ကို မမှတ်မိဘူးလား။ ခုနတင် အမှတ် (၁၁)စင်မြင့်မှာ လူကို မြက်ခုတ်သလို သတ်ပြီး အဲဒီနေရာမှာတင် ပြာဖြစ်အောင် ရှို့ပစ်လိုက်တဲ့သူက…… သူပဲလေ"
"ဘာလဲ ဒီ…… ကောင်လေးလား"
"ရှူး... အသံတိုးတိုးလုပ်၊ သူ လာနေပြီ ကြည့်ဦး……"
လေထုမှာ ထိုခဏချင်းအတွင်း အနည်းငယ် အေးခဲသွားသကဲ့သို့ ဖြစ်သွားသည်။
မူလက ပိတ်ဆို့နေခဲ့သော လူအုပ်ကြီးသည် မမြင်ရသော စွမ်းအားတစ်ခုခုကြောင့် ဖိနှိပ်ခံလိုက်ရသကဲ့သို့ ဖြည်းဖြည်းချင်း နောက်သို့ ဆုတ်ခွာသွားကြပြီး၊ အချို့သူများက မသိမသာ ကိုယ်ကို ဖယ်ပေးကြကာ၊ အချို့ကမူ ခေါင်းကို ဆက်တိုက် ငုံ့ထားကြပြီး မည်သူမျှ ထပ်မံ၍ တားဆီးခြင်း မပြုဝံ့ကြတော့ချေ။
လုလီက စကားအများကြီး မပြောဘဲ ခြေလှမ်းများကို အေးအေးဆေးဆေး လှမ်းလျက် တည်ငြိမ်သော အမူအရာဖြင့် လူအုပ်ကြီးကို ဖြတ်သန်းသွားခဲ့သည်။ သူသည် ဓားအိမ်ထဲမှ ထွက်မလာသေးသော ထက်မြက်သည့် ဓားတစ်စင်းကဲ့သို့ သိုးအုပ်များဖြင့် ပြည့်နှက်နေသော ချိုင့်ဝှမ်းလမ်းကြားထဲတွင် ငြိမ်သက်စွာ ဖြတ်သန်းသွားခဲ့ရာ သူသွားရာလမ်းတွင် မည်သူမျှ မတားဆီးဝံ့ကြချေ။
ဘေးမှ စောင့်ကြည့်နေသူများ၏ မျက်နှာအမူအရာမှာ အမျိုးမျိုး ရှိကြသည်။
အသက်ကြီးသူများ၏ မျက်ဝန်းထဲတွင် ထိတ်လန့်ရိပ်များ ပိုမိုတိုးပွားလာခဲ့ပြီး၊ အသက်ငယ်သူများ၏ ရင်ထဲတွင်မူ မငြိမ်မသက် ဖြစ်နေကြကာ အချို့သူများသည် ဖန်မင်ကို ဓားမြှောင်ဖြင့် ရင်ဘတ်ကို ဖောက်ထွင်း၍ ခဏချင်းအတွင်း ပြာဖြစ်အောင် ရှို့ပစ်လိုက်သည့် မြင်ကွင်းကို သတိရမိရာ တံတွေးကို မသိမသာ မျိုချလိုက်မိကြသည်။
"ဒီကောင်လေးက တကယ့်ကို ရက်စက်တာပဲ"
"သူက အဲဒီ ဝါနတ်အရိုး အသက် (၁၃) နှစ်ရှိတဲ့သူလား"
"ဒီအရွယ်ပဲ ရှိသေးတာကို ဒီလောက်အထိ ရက်စက်နေတာလဲ။ သူ နောင်တစ်ချိန် အတွင်းစည်းကို ရောက်သွားရင် ဘယ်သူက ထိန်းချုပ်နိုင်မှာလဲ"
"ရှူး... အသံတိုးတိုးလုပ်၊ သူ ကြားသွားရင် မင်း အသက်ရှင်ချင်သေးလား"
လုလီက အနားသို့ လျှောက်လှမ်းသွားသည့် အခါမှသာ စင်မြင့်ထက်ရှိ တုံရှန်းကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။ သူမသည် ထိုနေရာတွင် တိတ်ဆိတ်စွာ ရပ်နေပြီး ခန္ဓာကိုယ် ထွားကြိုင်းသော အဆင့်(၆)ကျင့်ကြံသူနှင့် ရင်ဆိုင်နေရသော်လည်း မျက်နှာမှာ အေးစက်နေပြီး အနည်းငယ်မျှ တုန်လှုပ်ခြင်း မရှိချေ။
နေရောင်အောက်တွင် မထင်မရှား ပေါ်ထွက်နေပြီး၊ ချီစုဆောင်းခြင်းအဆင့် ခြောက်ဆင့်၏ ဝိညာဥ်ချီဖိအားမှာမူ သူမ၏ ခန္ဓာကိုယ်ပတ်ဝန်းကျင်တွင် တင်းတင်းကျပ်ကျပ် ထိန်းချုပ်ခြင်း ခံထားရသည်။ ၎င်းမှာ ထိုစွမ်းအားများသည် သူမ၏အပြင်ပန်းမှ မဟုတ်ဘဲ နတ်အရိုး၏ အနက်ပိုင်းမှ ထွက်ပေါ်လာခြင်း ဖြစ်ပုံရသည်။
လုလီက လူအုပ်ကြီး၏ အစွန်းတွင် ရပ်နေပြီး ထပ်မံ၍ အနားသို့ မချဉ်းကပ်တော့ဘဲ မျက်နှာအမူအရာမပျက်ဘဲ စင်ပေါ်ရှိ တုံရှန်းကို စိုက်ကြည့်နေခဲ့သည်။ သို့သော် သူ၏ မျက်ဝန်းအနက်ပိုင်းတွင်မူ ခန့်မှန်းရခက်ခဲသော အရိပ်အမည်းတစ်ခု ပိုမိုတိုးပွားလာခဲ့သည်။
သူမ သေဆုံးပါက သူလည်း သေဆုံးရမည်။
သူမ အစွမ်းထက်လာပါက သူသည် ပိုမိုပြင်းထန်စွာ ထိန်းချုပ်ခြင်း ခံရလိမ့်မည်။
ဤကဲ့သို့သော ပတ်သက်ဆက်နွယ်မှုမျိုးသည် ကောင်းခြင်းဆိုးခြင်း၊ ရန်ငြိုးရန်ကြွေးများ မဟုတ်ဘဲ ကံကြမ္မာ၏ သံခြေကျင်းကြီးတစ်ခု ဖြစ်ပေသည်။
သူသည် စင်မြင့်ထက်ကို စိုက်ကြည့်နေရင်း သူမ၏ ပထမဆုံးသော တိုက်ခိုက်မှု့ ကျရောက်တော့မည့် အချိန်ကို စောင့်ကြည့်နေခဲ့သည်။