အပိုင်း (၁၄၈)
Vol. 003 Ch. 148
ဝမ်လင်းကတော့ လီမူဝမ်၏အတွေးများကို မသိချေ။ သူက လီမူဝမ်ကို ကြည့်ပြီး ခေါင်းညိတ် ပြလိုက်သည်။
ထိုအခါ လီမူဝမ်၏ နှလုံးသည် တဒုန်းဒုန်း ခုန်လာပြီး မျက်နှာက နီရဲလာကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။
သူက နှုတ်ခမ်းကို ကိုက်ပြီး တုန်တုန်ယင်ယင်နှင့် ပြောသည်… “ငါ… ငါ နင့်ကို ဆေးလုံးတွေ သန့်စင်ပေးပါ့မယ်… ကတိပေးပါတယ်… ငါ… ငါ သေရင်တောင်မှ ဒါကို ခွင့်မပြုနိုင်ဘူး…”
ဝမ်လင်းကို လီမူဝမ်ဆီမှ အကြည့်လွဲပြီး နဂါးဦးခေါင်းခွံကို ညွှန်ပြကာ မေးလိုက်သည်… “နဂါးဦးခေါင်းခွံက ဘာလို့ ဒီအရောင် ဖြစ်နေရတာလဲ…”
သူမက နှုတ်ခမ်းကို ကိုက်ပြီး နူးညံ့စွာ ဖြေလိုက်သည်… “နဂါးရဲ့ခန္ဓာကိုယ်က အဆိပ်တွေနဲ့ ပြည့်နေလို့… နဂါးရဲအရိုးတွေက ဒီအရောင် ဖြစ်နေတာ…”
"အဆိပ်တွေနဲ့ ပြည့်နေတာလား…” ဝမ်လင်းက အံ့ဩသွားပြီး ဦးခေါင်းခွံကို သေချာ စစ်ဆေး ကြည့်လိုက်သည်။
“နဂါးတွေက မသေခင်မှာ သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ အလွန်ပြင်းထန်တဲ့ အဆိပ်တွေနဲ့ ပြည့်နေတယ်… သူတို့သေသွားရင် အဆိပ်က သူတို့ရဲ့ခန္ဓာကိုယ်ကို ရတနာတစ်မျိုး အဖြစ် ပြောင်းလဲပေးတယ်… အဆိပ်အများဆုံး ရှိတဲ့နေရာက ရိုးတွင်းခြင်ဆီပဲ… ဒါကြောင့် အဖိုးတန်ဆုံး အစိတ်အပိုင်းကလည်း ရိုးတွင်းခြင်ဆီပဲ…”
သူ၏အမူအရာက တဖြည်းဖြည်း အေးစက်လာပြီး သူမ၏အသံကလည်း တည်ငြိမ် လာသည်။
ဝမ်လင်းက နဂါးဦးခေါင်းခွံကို စိုက်ကြည့်ပြီး ရေရွတ်လိုက်သည်… “အဆိပ်တွေနဲ့ ပြည့်နေတဲ့ ခန္ဓာကိုယ်… ဘာလို့ အသက်ရှိနေတဲ့အချိန်မှာ အဲဒီအဆိပ်က နဂါးတွေအပေါ်မှ မသက်ရောက် ရတာလဲ…”
ဝမ်လင်းကို အေးစက်စွာ ကြည့်နေသည့် လီမူဝမ်က ဝမ်လင်းက ပိုပြီး မျက်မှောင်ကြုတ် လာသည်ကို မြင်ပြီး ပြောလိုက်သည်… “အဆိပ်က နဂါးရဲ့ ခန္ဓာကိုယ် အစိတ်ပိုင်းဖြစ်တဲ့ အသွေးအသား၊ အရိုး၊ ကလီစာ ပြီးတော့ တံတွေးတွေကနေ ဖြစ်လာတာမို့… နဂါးတွေကို ပြန်ပြီး မထိခိုက်စေဘူး…”
ထိုအခိုက်တွင် ဝမ်လင်း၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာပြီး သေချာ စဉ်းစားလိုက်ပြီးနောက် ကျယ်လောင်စွာ ရယ်မောကာ နဂါး၏ ဦးခေါင်းခွံကို သိုလှောင်အိတ် အတွင်းသို့ ထည့်လိုက်၏။
“ငါ့ရဲ့ခန္ဓာကိုယ်က ယင်စွမ်းအင်တွေကို မတောင့်ခံနိုင်သေးဘူး… ဒါကြောင့် ငါ့ရဲ့ခန္ဓာကိုယ်ကို ယင်စွမ်းအင်တွေနဲ့ တစ်သားတည်း ဖြစ်အောင် လုပ်ရမယ်… ဒါမှ ယင်စွမ်းအင်တွေကို ငါ့ရဲ့ခန္ဓာကိုယ်က တောင့်ခံနိုင်မှာ…”
ထိုသို့ တွေးလိုက်ပြီးနောက် ဝမ်လင်းက လေကို ပြင်းပြင်းရှူသွင်းပြီး လီမူဝမ်ဆီသို့ လျှောက်သွားလိုက်၏။
လီမူဝမ်၏ မျက်နှာသည် ဖြူရော်လာပြီး သူမ၏ကျောသည် နံရံနှင့် ကပ်သွားကာ သူမ၏ ခန္ဓာကိုယ်ကလည်း တုန်ယင် လာသည်။ သူမ၏စိတ်ထဲတွင်လည်း ဝမ်လင်းကသာ တစ်ခုခု လုပ်လာပါက သူမကိုယ်သူမ သတ်သေ လိုက်မည်ဟု တွေးလိုက်၏။
ထိုအချိန်တွင် ဝမ်လင်းက ပြောလိုက်သည်… “ငါ အမြုတေ ဖွဲ့တည်ခြင်း အဆင့်ကိုရောက်မှ မင်းကို အိမ်ပြန်ပို့ပေးမှာ…”
ပြောပြီးသည်နှင့် သူက အခန်းထဲမှ ထွက်ကာ ဂူထဲအပြင်သို့ ထွက်သွားပြီး မြင်ကွင်းမှ ပျောက်ကွယ် သွား၏။
လီမူဝမ်သည် မှင်တက်နေပြီး သူမ၏စိတ်ထဲတွင် အတွေးများဖြင့် ယောက်ယက်ခတ် နေလေသည်။ နောက်ဆုံးတွင် နံရံကို ကျောမှီပြီး ထိုင်ချလိုက်၏။
ဝမ်လင်းသည် မြေလွတ်မြောက်ခြင်း နည်းစနစ်ဖြင့် အလောင်း တောင်ကြားသို့ အမြန်ဆုံး သွားနေသည်။ လီမူဝမ်၏ စကားမှ ရရှိသော အတွေး တစ်ချက်ကြောင့် အေးခဲအမြုတေ၃ခုကို ပေါင်းစည်း နိုင်လိမ့်မည်ဟု ယုံကြည်ချက် ရှိသွား၏။
သူ၏ရွေ့လျားနှုန်းက အလွန်မြန်နေသဖြင့် အလောင်းတောင်ကြား ဆီသို့ ၃ရက်နှင့် ရောက်လာသည်။ ထို့နောက် သူက တောင်ကြား၁မှ ၁၃အထိ လေထဲမှ ပျံသန်းသွား၏။ တောင်ကြား၁၄၏ အပြင်ဘက်တွင် ဝမ်လင်းက အသက်ကို ပြင်းပြင်းရှူပြီး အတွင်းသို့ လှမ်းဝင်လိုက်၏။
တောင်ကြား ၁၄ထဲတွင် မြေပြင်ကို မြူအလွှာတစ်ခု ဖုံးအုပ်ထား၏။ ဝမ်လင်းက ခြေတစ်လှမ်း လှမ်းတိုင်း ယင်စွမ်းအင်စီးကြောင်း အမျှင်လေးက ခြေဖဝါးမှတစ်ဆင့် ခန္ဓာကိုယ်ထဲသို့ ဝင်လာနေသည်ကို ခံစားမိ၏။ ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်ပြီး မြေလွတ်မြောက်ခြင်း နည်းစနစ်ဖြင့် မြေအောက်ထဲသို့ တိုးဝင် သွားလေသည်။
အောက်သို့ ရောက်လေ ယင်စွမ်းအင်များက ပိုမို အားကောင်းလာလေ ဖြစ်သည်။ ဝမ်လင်းက မြေအောက်သို့ မီတာ၁၀၀ခန့်အထိ တိုးဝင်လာပြီးနောက် ထိုနေရာရှိ ယင်စွမ်းအင်များက သူ၏တစ်ကိုယ်လုံးကို အေးခဲစေနိုင်လောက်သည် အထိ အားကောင်း နေခြင်းကြောင့် အောက်သို့ ဆက်မဆင်းတော့ဘဲ ရပ်တန့်လိုက်၏။ ဤနေရာသည် သူ့ခန္ဓာကိုယ်၏ ခံနိုင်ရည် အကန့်အသတ် ဖြစ်သည်။ အောက်သို့ ဆက်ဆင်းသွားလျှင်လည်း သူ၏ဝိညာဉ်တောင်မှ အေးခဲသွားနိုင်၏။
တောင်ကြား၁၄ထဲ၏ မြေအောက်ထဲတွင် လျှို့ဝှက်ချက်များ ရှိနေနိုင်သော်လည်း ဝမ်လင်းကတော့ ဂရုစိုက်မနေဘဲ ကြာပန်းသဏ္ဌာန် ထိုင်လိုက်သည်။
“အေးခဲအမြုတေ၃ခုကို မပေါင်းစည်းနိုင်သရွှေ့ ဒီတောင်ကြားထဲက မထွက်ဘူး…”
ဝမ်လင်းက သူ့နှလုံးသားထဲတွင် ရေရွတ်ပြီး မျက်လုံးကို ပိတ်လိုက်သည်။
အချိန်များက တဖြည်းဖြည်း ၃နှစ် ကုန်ဆုံးသွားသည်။
ဟိုဖန်နိုင်ငံ၏ ကပ်ဆိုးကြီးကိုလည်း ဖြေရှင်းပြီး သွား၏။ အဆင့်၄နိုင်ငံမှ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့် ၃ယောက် ရောက်လာပြီး မီးလျှံသားရဲများ အားလုံးကို ၁၉ရက်နှင့် ထိန်းချုပ်ကာ မီးလျှံသားရဲများ အားလုံးကို အလယ်အလတ် စိတ်ဝိညာဉ် သားရဲတစ်ကောင် အဖြစ် သန့်စင်ပြီး သူတို့၏နိုင်ငံကို ပြန်သွားကြ၏။
စိတ်ဝိညာဉ် သားရဲများအကြား ကွာခြားမှုသည် အလွန်ကြီးမား၏။ သားရဲများကို စိတ်ဝိညာဉ်သားရဲ၊ ပျက်စီးခြင်း သားရဲနှင့် အာကာသသားရဲဟု အမျိုးအစား ခွဲထားပြီး အမျိုးအစား တစ်ခုတွင် အဆင့်နိမ့်၊ အလယ်အလတ်နှင့် အဆင့်မြင့် ဟူ၍ အဆင့်၃ဆင့် ခွဲခြားထားသည်။
ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့မှ စုပ်ယူလိုက်သော မီးစိတ်ဝိညာဉ်သည် ပျက်စီးခြင်း သားရဲဖြစ်ရန် ခြေလှမ်းတစ်ဝက် ဝင်နေပြီ ဖြစ်သည်။ အဆင့်နှင့် ပြောရလျှင် အဆင့်မြင့် စိတ်ဝိညာဉ် သားရဲဖြစ်ပြီး အဆင့်မြင့်အဆင့် အထွတ်အထိပ်ကို ရောက်နေပြီဟု သတ်မှတ်နိုင်သည်။ သူ၏မျိုးဆက်များ အားလုံးကတော့ စိတ်ဝိညာဉ် သားရဲများ ဖြစ်ကြ၏။ မီးစိတ်ဝိညာဉ်သည် အားနည်းသည့် အခြေအနေသို့သာ ရောက်မနေခဲ့လျှင် ပုတီးစေ့၏ ဝါးမျိုခြင်းကို အလွယ်တကူ ခံရလိမ့်မည် မဟုတ်ပေ။
အဆင့်မြင့် စိတ်ဝိညာဉ် သားရဲသည် စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း နှောင်းပိုင်းအဆင့် အထွတ်အထိပ်သို့ ရောက်နေသည့် ကျင့်ကြံသူနှင့် အဆင့်တူပြီး အလယ်အလတ် စိတ်ဝိညာဉ် သားရဲသည် စဦးစိတ်ဝိညာဉ်အဆင့် နှောင်းပိုင်းအဆင့် အထွတ်အထိပ်သို့ ရောက်နေသည့် ကျင့်ကြံသူနှင့် အဆင့်တူပေသည်။
သေဆုံးသွားသော နဂါးကြီးသည် အလယ်အလတ် စိတ်ဝိညာဉ်သားရဲ ဖြစ်သည်။
မီးလျှံသားရဲများ မရှိတော့သော်လည်း မီးဒြပ်စင် စိတ်စွမ်းအင် များကြောင့် ဟိုဖန်နိုင်ငံ၌ ကျင့်ကြံရန် မဖြစ်နိုင်တော့ချေ။ ထို့ကြောင့် သူတို့က မီးဒြပ်စင် စိတ်စွမ်းအင်များ ပျောက်ကွယ် သွားမည့် အချိန်ကိုသာ စောင့်နေရတော့မည် ဖြစ်သည်။
ရွှမ်းဝူနှင့် တိုက်ပွဲကတော့ ဆက်ဖြစ်နေ၏။ သို့သော်လည်း ဆက်လက် ဖြစ်နေသည့် တိုက်ပွဲများတွင် ကျင့်ကြံသူများသည် အယောက်၁၀၀ပင် မပြည့်တော့ချေ။ ယခုအချိန်တွင် ရွှမ်းဝူနိုင်ငံ၏ ၃ပုံ၁ပုံသည် ဟိုဖန်အဖွဲ့အစည်း၏ လက်အောက်သို့ ရောက်သွားပြီး ဟိုဖန် အဖွဲ့အစည်းနေဖြင့်လည်း ရှေ့ဆက်ပြီး မကျူးကျော် နိုင်ကြတော့သဖြင့် ၃ပုံ၁ပုံဖြင့် တည်ငြိမ်နေပြီဟု ဆိုရပေမည်။
နိုင်ငံနှစ်ခု၏ တိုက်ပွဲများသည် နိုင်ငံနှစ်ခုမှ တပည့်များအတွက် တစ်ယောက်နှင့် တစ်ယောက် သတ်ဖြတ်ကြသည့် လေ့ကျင့်ရေး တိုက်ပွဲများ ဖြစ်လာသည်။ ထို့ကြောင့် တိုက်ပွဲများကြားတွင် နိုင်ငံနှစ်ခုမှ တပည့်များ အများအပြား သေဆုံး သွားကြသည်။
ဝမ်လင်းကတော့ တောင်ကြား၁၄ထဲရှိ မြေအောက် မီတာ၁၀၀တွင် ဘုန်းကြီးအို တစ်ပါးကဲ့သို့ ကျင့်ကြံလေသည်။ အချိန်တိုင်း သူ၏ ခန္ဓာကိုယ် အတွင်းသို့ ယင်စွမ်းအင်များက ဝင်နေပြီး သူ၏ အသွေးအသားများ အတွင်းသို့ စိမ့်ဝင်နေသည်။
တဖြည်းဖြည်း ယင်စွမ်းအင်များက သူ၏ကိုယ်တွင် စုလာပြီး သူ၏ အသားကလည်း အပြာရောင် ပြောင်းလာသည်။ ပထမဆုံး ၆လတွင် သူ၏နှလုံးခုန်သံက ၉ ၈၃၇ ၅၄၃ ကြမ် ခုန်ခဲ့ပြီးနောက် သူက မြေအောက်သို့ ၁၈၀မီတာအထိ ဆင်းလိုက်၏။
နောက်၆လ ကြာပြီးနောက် ယင်စွမ်းအင်များသည် သူ၏အတွင်းအင်္ဂါများ အားလုံးထိ ပျံ့နှံ့လာသည်။ သူ၏ အသွေးအသားများ ကလည်း စတင်အေးခဲလာကာ သူ၏ လက်နှင့်ခြေမျက်စိ အောက်ပိုင်းသည် ရေခဲပုံဆောင်ခဲများ ဖြစ်လာသည်။ ထို၆လ အတွင်းတွင် သူ၏နှလုံးက ၄၈၇ ၆၅၉ ကြိမ်သာ ခုန်တော့၏။ ထို့နောက် သူက မီတာ၇၃၀အနက်ထိ ဆင်းသွား လိုက်၏။
နောက်၆လ ကြာပြီးနောက်တွင် ရေခဲပုံဆောင်ခဲများက သူ၏လက်မောင်းနှင့် ခြေထောက်များထိ ဖြစ်လာသည်။ တစ်ယောက်ယောက် ကသာ သေချာကြည့်လျှင် ရေခဲအတွင်း၌ သူ၏ အရိုးများကို မြင်ရလိမ့်မည် ဖြစ်သည်။ သူ၏ခန္ဓာကိုယ် ရင်ဘတ်ပိုင်းသည်လည်း ရေများအဖြစ် စတင်ပြောင်းလဲ လာသည်။ ထို၆လအတွင်းတွင် နှလုံးခုန်သံက ၃၈၆၅ ကြိမ်သာ ခုန်တော့သည်။ ထို့နောက် သူက မီတာ၁၄၆၀အထိ ဆင်းသွားလိုက်၏။
နောက်ထပ်၆လ ကုန်သွားပြီး နောက်တွင် ဦးခေါင်းမှလွဲ၍ တစ်ကိုယ်လုံးရှိ သူ၏ အသွေးအသားများသည် ရေခဲများ ဖြစ်လာသည်။ သူ၏ နှလုံးကတောင်မှ ရပ်တန့်သွား၏။ ထို့နောက် သူ၏ခန္ဓာကိုယ်က မီတာ ၃၆၇၂ထိ ဆင်းသွား၏။
၂နှစ်ကျော် ကြာသွားပြီးနောက် သူ၏ ဦးခေါင်းသည်လည်း ရေခဲပုံဆောင်ခဲ အဖြစ် ပြောင်းသွား၏။ ထိုအခါ ဝမ်လင်း၏ ခန္ဓာကိုယ်က အသက်ရှိသည့် လက္ခဏာတစ်ခုမှ မပြတော့ချေ။ ထိုအခြေအနေသည် တစ္ဆေလောက ပျံတက်ခြင်းနည်းစနစ်မှ လိုအပ်နေသော သေဆုံးခြင်း အခြေအနေ ဖြစ်သည်။
သူ၏ခန္ဓာကိုယ်က မီတာ၇၉၇၉သို့ ရောက်သွားသည့်အခါ နက်ပြာရောင် နေရာတစ်ခု ပေါ်လာသည်။ သူ၏ ပတ်ဝန်းကျင်တွင် သားရဲအရိုးများဖြင့် ပြည့်နေ၏။ တချို့သော အခြေအနေများကြောင့် သားရဲများ၏ အသားများက ပျောက်ကွယ်သွားပြီး အရိုးပင်လယ်ကြီး တစ်ခု ချန်ထားခဲ့၏။
ထိုအရိုးများ အားလုံးသည် အပြာရောင် ရေခဲသလင်း ကျောက်များ အဖြစ်သို့ ပြောင်းလဲသွားပြီး ဖြစ်သည်။
ဝမ်လင်းသည် အရိုးပင်လယ်ထဲတွင် ထိုင်ပြီး တစ်လဖြင့် သူ၏နှလုံးကို ပြန်ခုန်အောင် လုပ်ခဲ့သည်။ ၂လကြာပြီး နောက်တွင် သူ၏နတ်ဘုရား စိတ်အာရုံကို ပြန်ရသွားပြီး သုံးလကုန်သွားသောအခါ အေးခဲအမြုတေ၃ခုကို အာရုံခံနိုင်ပြီ ဖြစ်သည်။
ထို့နောက် ဘိုးဘေးနေရာနှင့် ချီပင်လယ်မှ အေးခဲအမြုတေသည် တိုက်မိသွားပြီး ကြီးမားလှသော ယင်စွမ်းအင်များက ပွင့်ထွက်လာသည်။ သို့သော်လည်း ဝမ်လင်း၏လက်ရှိ ခန္ဓာကိုယ် အခြေအနေကြောင့် ထိုစွမ်းအင်များ၏ ရိုက်ခတ်မှု အနည်းငယ်သာ ခံစားလိုက်ရ၏။
သူက အေးခဲအမြုတေ နှစ်ခုကို အလွယ်တကူ ရောနှောပြီး တစ်ခုတည်းအဖြစ် သိပ်သည်း စေနိုင်ခဲ့သည်။
ထို့နောက် ပေါင်းစည်းထားသော အေးခဲအမြုတေကို တဖြည်းဖြည်း အောက်သို့ ချလာရာ တန်းထျန်းသို့ ရောက်လာသည်။ ယခုအခါတွင် တန်းထျန်းမှ အကာအကွယ်ကို ချိုးဖြတ်ရန် နာရီဝက်သာ ကြာလိုက်၏။
ပေါင်းစည်းထားသော အေးခဲအမြုတေသည် တန်းထျန်းရှိ အေးခဲအမြုတေနှင့် တိုက်လိုက်သည်။ ထိုအခါ ယခင်တစ်ခါထက် ၁၀ခန့် ပိုမိုအားကောင်းသော ယင်စွမ်းအင်များ ထွက်လာ၏။ ထိုယင်စွမ်းအင်များသည် အလွန်သိပ်သည်း အားကောင်း သော်လည်း ဝမ်လင်း၏ ခန္ဓာကိုယ် အတွင်း၌ အချိန် ခဏလေးအတွင်း ပျံနှံ့ကာ ပျောက်ကွယ် သွား၏။ တဖြည်းဖြည်းနှင့် အမြုတေ၂ခုသည် တစ်ခုတည်း အဖြစ်သို့ ပေါင်းစည်း သွား၏။
သို့သော်လည်း အေးခဲအမြုတေ၏ အရောင်သည် ရွှေရောင်မဟုတ်ဘဲ မီးခိုးရောင် ဖြစ်နေ၏။
တစ္ဆေလောက ပျံတက်ခြင်း နည်းစနစ်သည် ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့ကြောင့် ပြောင်းလဲမှုများ ဖြစ်သွားပြီး သူ့အား ဂျိနယ်ပယ်ကို ရရှိစေခဲ့သည်။ ထို့ကြောင့်လည်း တစ္ဆေလောက ပျံတက်ခြင်း နည်းစနစ်က ယခင်ကထက် အဆပေါင်းများစွာ ခက်ခဲ သွားရခြင်း ဖြစ်သည်။
တစ္ဆေလောက ပျံတက်ခြင်း နည်းစနစ်သည် ရှေ့ပြေးအမြုတေကို ဖွဲ့စည်းနိုင်ခြင်းကြောင့် အမြုတေဖွဲ့စည်းခြင်း အဆင့်သို့ ရောက်ရန် အမြန်ဆုံး နည်းစနစ်ဟု ဆိုနိုင်သည်။ ထို့နောက် ရှေ့ပြေး အမြုတေကို ရွှေရောင်အမြုတေ အဖြစ်သို့ ပြောင်းလဲရန် စိတ်စွမ်းအင်ကို သုံးရမည် ဖြစ်သည်။
ဝမ်လင်းသည် ယခုအချိန်တွင် သူ၏ ရည်မှန်းချက်က တစ်ဝက်အောင်မြင်ပြီဟု သတ်မှတ်နိုင်သည်။ ရွှေရောင် အမြုတေအဖြစ်သို့ ပြောင်းလဲရန်အတွက် စိတ်စွမ်းအင်ကို သုံးရန်သာ လိုအပ်တော့သည်။ သို့သော်လည်း အမြုတေဖွဲ့တည်ခြင်း အဆင့်ကို အလွယ်တကူ မရနိုင်ပေ။ ရွှေရောင် အမြုတေ အဖြစ်သို့ ပြောင်းလဲရာတွင် အရှုံးနှင့်လည်း ကြုံရနိုင်သည်။
သူက ရှုံးနိမ့်သွားလျှင် ရှေ့ပြေး အမြုတေက တစ်စစီ ကွဲထွက်သွားမည် ဖြစ်ပြီး အစကနေ နောက်တစ်ကြိမ် ပြန်စရမည် ဖြစ်သည်။
***