ဓာတ်ပြုမီးပြင်းဖို နောက်တစ်ကြိမ် ပြုလုပ်ခြင်း
Vol. 003 Ch. 149
အေးခဲအမြုတေ ၃ ခုဖြင့် ရှေ့ပြေး အမြုတေကို ဖွဲ့စည်းပြီး နောက်တစ်ဆင့်သည် ရှေ့ပြေး အမြုတေကို ခန္ဓာကိုယ်နှင့် ပေါင်းစည်းရန် ဖြစ်သည်။ ရှေ့ပြေး အမြုတေကို ခန္ဓာကိုယ်က မငြင်းပယ်လျှင် ဝမ်လင်းက ရှေးပြေး အမြုတေအား စိတ်စွမ်းအင်နှင့် နတ်ဘုရား စိတ်အာရုံကို သုံး၍ ပြုစုပျိုးထောင် ပေးရုံသာ ကျန်တော့၏။ လုံလောက်သည့် အခြေအနေ တစ်ခုသို့ ရောက်သွားလျှင် ရှေ့ပြေး အမြုတေသည် ရွှေအမြုတေ အဖြစ်သို့ ပြောင်းသွားလိမ့်မည် ဖြစ်သည်။ ထိုအခါ ဝမ်လင်းသည်လည်း အမြုတေဖွဲ့တည်ခြင်း အဆင့်သို့ ရောက်သွားပြီဟု ဆိုနိုင်ပြီ ဖြစ်သည်။
ရှေ့ပြေး အမြုတေကို စိတ်စွမ်းအင်ဖြင့် ပျိုးထောင် ပေးရာတွင် ဝေးကွာခြင်းကောင်းကင် ဆေးလုံး၏ အကူအညီကို လိုအပ်လိမ့်မည် ဖြစ်သည်။
ဝမ်လင်းက ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။ ထို့နောက် သူ၏ခေါင်းမှ အက်ကွဲရာများ စတင် ထွက်ပေါ်လာပြီး မကြာမီ သူ၏ ခန္ဓာကိုယ်မှလည်း အက်ကွဲရာများ ပေါ်လာပြီး တစ်ကိုယ်လုံး အက်ကွဲရာများဖြင့် ပြည့်သွား၏။
သူ၏ ခန္ဓာကိုယ်က အနည်းငယ် လှုပ်လိုက်သည်နှင့် အက်ကွဲရာများက ပိုပိုပြီး ကြီးမားလာသည်။ ဝမ်လင်း ဖြည်းဖြည်းချင်း မတ်တတ်ရပ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ကို လှုပ်ခါလိုက်ရာ ရေခဲ အပိုင်းအစများက ခွာကျကုန်၏။
သူ၏ ခန္ဓာကိုယ်မှ အဝတ်အစားသည်ပင် အမှုန့်များဖြစ်ပြီး ပျောက်ကွယ်သွား၏။ ထိုအခါ သူ၏ ကိုယ်ပေါ်တွင် နဂါးအရေခွံဖြင့် လုပ်ထားသည့် အတွင်းကိုယ်ကြပ် အင်္ကျီလေး တစ်ထည်သာ ကျန်ခဲ့ လေသည်။
ဝမ်လင်းသည် ထိုနေရာတွင် တိတ်ဆိတ်စွာဖြင့် မတ်တတ်ရပ်ပြီး မျက်လုံးများကို ပိတ်လိုက်၏။ အချိန်တော်တော် ကြာပြီးနောက် သူက မျက်လုံးများကို ပြန်ဖွင့်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် အပြာရောင် အလင်းတစ်ချက် လက်သွားသည်။ သူသည် တစ္ဆေလောက ပျံတက်ခြင်း နည်းစနစ်ကို အောင်မြင်သွားသော်လည်း အမြုတေဖွဲ့တည်ခြင်း အဆင့်သို့ ခြေလှမ်းတစ်ဝက်သာ ဝင်ရောက်နိုင်သေး၏။
ရှေးပြေး အမြုတေမှ အပြာရောင် မီးတောက်လေး ထွက်လာပြီး သူ၏ ခန္ဓာကိုယ် တစ်လျှောက် စီးဆင်းကာ ဝမ်လင်း၏ လက်ထဲတွင် ပေါ်လာသည်။ အပြာရောင် မီးတောက်က ဝမ်လင်း၏ လက်မှ အပေါ် ၃ လက်မ အကွာတွင် မှိန်ဖျော့ဖျော့ တောက်လောင်ရင်း တည်ရှိနေသည်။
ထိုအပြာရောင် မီးတောက်လေးသည် အပူကို မထုတ်လွှတ်ဘဲ အအေးများကို ထုတ်လွှတ်နေ၏။ ထိုမီးတောက်လေးသည် တစ္ဆေလောက ပျံတက်ခြင်း နည်းစနစ်၏ အဆီအနှစ် ဖြစ်သည့် သေဆုံးခြင်း မီးတောက်ဖြစ်သည်။
သေဆုံးခြင်း မီးတောက် ထွက်လာသည်နှင့် သေဆုံးခြင်း မီးတောက်၏ ဘေးတွင် အဖြူရောင် အငွေ့များ စတင်ထွက်လာသည်။ ထိုအခါ ဝမ်လင်းက လက်ကို ဝှေ့ယမ်းလိုက်ရာ အပြာရောင် မီးတောက်လေးက ပျောက်ကွယ်သွားပြီး အဖြူရောင် အငွေ့များသည်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွား၏။
ဝမ်လင်းက မီးတောက်၏ စွမ်းအားကို စမ်းသပ်လိုက်ပြီးနောက် အဝတ်အစား တစ်စုံကို ထုတ်ယူ ဝတ်ဆင်လိုက်သည်။ သူက အနီးအနားကို လိုက်လံ ကြည့်ရှုရာ သူ၏ မျက်လုံးများက အရိုးများပေါ်သို့ ရောက်သွားပြီး စိတ်ထဲတွင် တွေးလိုက်သည်။ ထို့နောက် သူက ကြာပန်းသဏ္ဌာန် ထိုင်လိုက်ပြီး သိုလှောင်အိတ် အတွင်းမှ နဂါး ဦးခေါင်းခွံကို ထုတ်ယူလိုက်၏။
နဂါး ဦးခေါင်းခွံကို ကြည့်ပြီး ဝမ်လင်း၏ မျက်လုံးများက တောက်ပသွား၏။ သူက နန်ဒူမြို့သို့ သွားကာ လီမူဝမ်က ဝေးကွာခြင်းကောင်းကင် ဆေးလုံးကို ပြုလုပ်ရာတွင် အောင်မြင်နှုန်း များစေရန်အတွက် ဆေးမီးဖိုတစ်ခုကို ဝယ်ရန် ဆုံးဖြတ်လိုက်သည်။ ကုန်လွန်ခဲ့သည် ၃ နှစ်အတွင်းတွင် လီမူဝမ်က မည်သည့် အန္တရာယ်မှ မကြုံရကြောင်းကို ဝိညာဉ်အဆီအနှစ် သွေးစက်မှတစ်ဆင့် သိရ၏။
သူက များပြားလှသော အေးခဲနေသည့် သားရဲအရိုးများကို ကြည့်ပြီး တုံ့ဆိုင်းနေသည်။ စစ်နတ်ဘုရား ဗိမာန်မှ သန့်စင်ခြင်း နည်းစနစ်ကို အသုံးပြုရန်အတွက် ဓာတ်ပြုမီးပြင်းဖို တစ်ခုကို လိုအပ်ပေသည်။
ပထမဆုံးအကြိမ် ကျရှုံးပြီးနောက် သူ့ထံတွင် နောက်ထပ် စိတ်ဝိညာဉ်သားရဲ ဦးခေါင်းခွံများ မရှိတော့သဖြင့် ဆက်လက် မလုပ်ဆောင်ခဲ့ရပေ။
ယခုမူ သူ့ဘေးတွင် သားရဲအရိုး ပင်လယ်ကြီး ရှိနေသဖြင့် ဓာတ်ပြုမီးပြင်းဖို ပြုလုပ်ရန် ပြင်ဆင်လိုက်သည်။ ဓာတ်ပြု မီးပြင်းဖို ပြုလုပ်ရန် မစတင်မီ ကျောက်စိမ်းပြားကို ထုတ်ယူပြီး နှစ်ကြိမ် ပြန်ဖတ်လိုက်သည်။
ဝမ်လင်းက လက်နှစ်ဖက်ကို ကပ်ပြီး ပြန်ခွာလိုက်ရာ စိတ်စွမ်းအင် ကြိုးများက နှစ်ဖက်ကို ဆက်သွယ်ထားလျက် ဖြစ်ပေါ်လာသည်။ ဝမ်လင်း၏ အမူအရာက တဖြည်းဖြည်း လေးနက်လာပြီး သူ့လက်ကို အပေါ် မြှောက်လိုက်ရာ စိတ်စွမ်းအင် ကြိုးများက အပေါ်သို့ တက်လာပြီး သူ့ရှေ့တွင် ရပ်တန့် သွား၏။
ဝမ်လင်းက ထိုကဲ့သို့ စိတ်စွမ်းအင် ကြိုးများကို ဆက်တိုက် ပြုလုပ်ပြီး စုစည်းနေရာ တဖြည်းဖြည်းနှင့် စိတ်စွမ်းအင် ကြိုးများက သိပ်သည်းသော စောင်တစ်ခုကဲ့သို့ ဖြစ်သွားလေသည်။
စိတ်စွမ်းအင် ကြိုးများကို ယက်လုပ် ပြီးသည်နှင့် ဝမ်လင်းက သက်ပြင်းချလိုက်သည်။ ယခုဆိုလျှင် ဓာတ်ပြုမီးပြင်းဖို လုပ်ရန်အတွက် ပထမအဆင့် ပြီးသွားလေပြီ။ ဦးခေါင်းခွံက စိတ်စွမ်းအင် ကြိုးများ၏ ပေါင်းစည်းမှုကို ခံနိုင်ရည်ရှိလား ဆိုသည့် အချက်သာ ကြည့်ရန် ကျန်တော့သည်။
ထို့နောက် သူက နဂါး ဦးခေါင်းခွံကို လက်ချောင်းဖြင့် ညွှန်လိုက်ပြီး စိတ်စွမ်းအင် ကြိုးများကို ဦးခေါင်းခွံနှင့် ညင်သာစွာ ထိတွေ့စေလိုက်သည်။ စိတ်စွမ်းအင် ကြိုးများက ဦးခေါင်းခွံနှင့် နှေးကွေးစွာ ပေါင်းစပ်နေပြီး ဦးခေါင်းခွံမှ ခရမ်းရောင်သည် တဖြည်းဖြည်း နည်းလာသည်။
သို့သော်လည်း အချိန်အနည်းငယ် ကြာပြီးနောက် စိတ်စွမ်းအင် ကြိုးများနှင့် ထိနေသည့် နေရာတစ်ခုမှ အက်ကွဲရာတစ်ခု ပေါ်လာပြီး ဦးခေါင်းခွံသည် အစိတ်စိတ် အမြွှာမြွှာ ကွဲကြေသွား၏။ နောက်ဆုံးတွင် လေထဲ၌ စိတ်စွမ်းအင် ကြိုးများသာ ကျန်ရစ်ခဲ့သည်။
ဝမ်လင်း၏ မျက်နှာက ရှုံ့မဲ့သွား၏။ သူက မတ်တတ်ထရပ်ပြီး စိတ်စွမ်းအင် ကြိုးများကို ဆွဲယူကာ အရိုးအလောင်း တစ်ခုဆီသို့ ခုန်ကူးသွားပြီး ထိုင်ချလိုက်သည်။ ထိုအလောင်းသည် ၅၀၀ မီတာခန့် ရှည်ပြီး မီးခိုးရောင်ဖြစ်၏။ ထိုအရိုး အလောင်း၏ ဦးခေါင်းခွံသည် နဂါး ဦးခေါင်းခွံ၏ အရွယ်အစားနှင့် တူညီသည်။
စိတ်စွမ်းအင် ကြိုးများက အရိုးအလောင်းဆီသို့ ရောက်သည်နှင့် စိတ်စွမ်းအင် ကြိုးများက အရိုး အလောင်း၏ ခန္ဓာကိုယ်ထဲသို့ ဖြတ်သွား၏။ ထိုအခါ ဝမ်လင်းက အံ့ဩသွားပြီး နောက်ထပ် စိတ်စွမ်းအင် ကြိုးများ ပြုလုပ်ကာ အရိုးထဲသို့ စီးဝင်စေသည်။
သားရဲအရိုးကြီးကို ကြည့်ပြီး ဝမ်လင်း မျက်လုံးက တဖြည်းဖြည်း တောက်ပလာသည်။ ယခု အချိန်တွင် အရိုးစု တစ်ခုလုံးသည် သူ၏ အပြာရောင် ရေခဲများနှင့် ဖုံးအုပ်နေပြီ ဖြစ်သည်။ ဝမ်လင်းက လက်လှမ်းပြီး အရိုးကို ဖျစ်ညှစ်လိုက်ရာ အက်ကွဲသော အသံများ ထွက်ပေါ်လာသော်လည်း အရိုးက မကွဲကြေ သွားပေ။
ဝမ်လင်းက အနည်းငယ် စဉ်းစားပြီး သေဆုံးခြင်း မီးတောက်ကို ထုတ်ယူလိုက်သည်။ မီးတောက်က အရိုး၏ အနားသို့ ရောက်သည်နှင့် သားရဲအရိုးမှ အဖြူရောင် အငွေ့များ ထွက်လာသည်။ မီးတောက်က ပိုနီးကပ်လာလေ အဖြူရောင် အငွေ့များက ပိုထွက်လာလေဖြစ်ပြီး အပြာရောင် ရေခဲများက အလွန် လျင်မြန်သည့်နှုန်းဖြင့် အရည်ပျော်လာသည်။ နောက်ဆုံးတွင် ရေခဲအားလုံး အရည် ပျော်သွားပြီး မီးခိုးရောင်အရိုး တစ်ခုတည်းသာ ကျန်ခဲ့၏။
ထို့နောက် ဝမ်လင်းက စိတ်စွမ်းအင် ကြိုးများကို ဖိချလိုက်သည်။ ဤအကြိမ်တွင် စိတ်စွမ်းအင် ကြိုးများသည် ဦးခေါင်းခွံပေါ်သို့ တိုက်ရိုက် ကျသွားခြင်း ဖြစ်သည်။
သို့သော်လည်း နာရီဝက်ခန့် အကြာတွင် ဦးခေါင်းခွံသည် အရောင် ၃ ကြိမ် ပြောင်းသွားပြီး အစိတ်စိတ် အမြွှာမြွှာ ကွဲကြေသွား၏။ ယခုအချိန်တွင် စိတ်စွမ်းအင် ကြိုးများသည် အလွန်နည်းနေ လေပြီ။
ဓာတ်ပြုမီးပြီးဖို လုပ်ခြင်းသည် သူထင်ထားတာထက် ပိုပြီး ခက်ခဲ နေလေသည်။ ထို့ကြောင့်လည်း ဓာတ်ပြု မီးပြင်းဖိုကို အသုံးပြုပြီး သန့်စင်ခြင်းကို ပြုလုပ်သူများက အလွန် နည်းနေခြင်း ဖြစ်ရမည်ဟု ဝမ်လင်းက တွေးလိုက်သည်။
ဓာတ်ပြုမီးပြင်းဖို ပြုလုပ်ရန်အတွက် လောလောလတ်လတ် သေထားသည့် စိတ်ဝိညာဉ် သားရဲ၏ ဦးခေါင်းခွံကသာ အကောင်းဆုံး ဖြစ်သည်။ ထို့အတူ စိတ်ဝိညာဉ်သားရဲ၏ အဆင့်ကလည်း မြင့်လေ ပိုကောင်းလေ ဖြစ်သည်။ သို့သော်လည်း လွန်ခဲ့သော အချိန်များစွာ ကတည်းက သေဆုံးထားသည့် စိတ်ဝိညာဉ်သားရဲ၏ ဦးခေါင်းခွံကို သုံးလျှင် အောင်မြင်မှု ရာခိုင်နှုန်းသည် အလွန့် အလွန်ကို နည်းပါး သွားပေလိမ့်မည်။
အကယ်၍ ပျက်စီးခြင်းသားရဲ၏ ဦးခေါင်းခွံ ဆိုလျှင်တော့ သေဆုံးထားသည်မှာ အချိန် ကြာမြင့်စွာ ရှိနေပြီ ဆိုလျှင်တောင်မှ အောင်မြင်မှုနှုန်းသည် အဆပေါင်းများစွာ မြင့်နေမည် ဖြစ်သည်။
နဂါးဦးခေါင်းခွံသည် လောလောလတ်လတ် သေဆုံးထားသော်လည်း သူက အမြုတေ ဖွဲ့တည်ခြင်း အဆင့်ကို ရောက်ရန် အရင်ကြိုးစား နေခြင်းကြောင့် အချိန်များစွာ ကြာခဲ့ရသည်။ ထို့ကြောင့် နဂါးဦးခေါင်းခွံ၏ အောင်မြင်မှုနှုန်းက ကျဆင်းသွားရခြင်း ဖြစ်သည်။
ဝမ်လင်းသည် သူ့ဘေးမှ အရိုးပင်လယ်ကြီးကို ကြည့်လိုက်သည်။ ဤနေရာတွင် စိတ်ဝိညာဉ် သားရဲအရိုးများ ဘယ်လောက်တောင် များလိုက်မလဲ ဆိုတာကို သူ မရေတွက်နိုင်ချေ။
“ဒီလောက်များတဲ့ သားရဲ အရိုးတွေနဲ့တောင်မှ ဓာတ်ပြု မီးပြင်းဖိုတစ်ခု မလုပ်ဘူးလို့ ငါ မယုံကြည်ဘူး ... “
ဝမ်လင်းက သူ၏ လက်များကို နောက်တစ်ကြိမ် အလုပ်ပေးလိုက်ပြီး စိတ်စွမ်းအင် ကြိုးများကို ယခင်ကထက် ပိုပြီး ပြုလုပ်လိုက်သည်။ ထို့နောက် ယခင်က ကျန်သည့် စိတ်စွမ်းအင် ကြိုးများနှင့် အသစ် လုပ်ထားသော ကြိုးစားများကို ပေါင်းလိုက်ပြီး နောက်ထပ်ဦးခေါင်းခွံ တစ်ခု ပေါ်သို့ တင်လိုက်သည်။
တစ်နာရီ ကြာပြီးနောက် ထိုဦးခေါင်းခွံသည် ကွဲကြေ သွားပြန်သည်။
ထိုသို့ ဆက်၍ဆက်၍ ကြိုးစားရင် ဦးခေါင်းခွံများ ဘယ်လောက်တောင် ကွဲသွားပြီလဲ ဝမ်လင်း မမှတ်မိတော့ချေ။ သို့သော်လည်း သူ မှတ်မိနေသည့် တစ်ခုသည် စိတ်စွမ်းအင် ကြိုးများ ကုန်ဆုံးလာ၍ ပြန်လည် ဖြည့်ပေးနေရသည်မှာ အကြိမ် ၁၀၀ ကျော်နေပြီ ဆိုတာကို ဖြစ်သည်။
ရုတ်တရက် ဝမ်လင်းက တစ်ခုခုကို စဉ်းစားမိပြီး စိတ်စွမ်းအင် ကြိုးများကို မရပ်မနား ပြုလုပ်လိုက်သည်။ တဖြည်းဖြည်းနှင့် စိတ်စွမ်းအင် ကြိုးများ လုပ်ရာတွင် သူ၏ လက်များက လျင်မြန် လာသကဲ့သို့ သူ၏ ခန္ဓာကိုယ်တွင်းမှ စိတ်စွမ်းအင် များကလည်း အလွန် လျင်မြန်စွာ ကုန်ဆုံးလာသဖြင့် စိတ်ဝိညာဉ် အရည်များကိုပင် ထုတ်သောက်လိုက်သည်။
အချိန်များက တဖြည်းဖြည်း ကုန်ဆုံးလာနေပြီး စိတ်စွမ်းအင် ကြိုးများ၏ ဒြပ်ထုကြီးကလည်း ကြီးမားသည်ထက် ကြီးမားလာသည်။ ယခုအချိန်တွင် စိတ်စွမ်းအင်ကြိုးများ၏ ဒြပ်ထုကြီးသည် မီတာ ၁၀၀ အကျယ်ထက်ပင် ကျယ်နေလေသည်။
ဝမ်လင်းက အလောင်းပင်လယ်၏ အကျယ်အဝန်းကို ကြည့်ပြီး တွေးလိုက်သည် … “မလုံလောက်သေးဘူး …“
ထို့နောက် ဝမ်လင်းက စိတ်ဝိညာဉ် အရည်များကို ထုတ်သောက်ပြီး စိတ်စွမ်းအင် ကြိုးများကို ပို၍ လျင်မြန်စွာ ပြုလုပ်လိုက်သည်။ နောက်ဆုံးတွင် စိတ်စွမ်းအင်ကြိုးများ၏ ဒြပ်ထုက မီတာ ၁၀၀၀ ကျော်သောအခါ ဝမ်လင်းက ရပ်တန့်လိုက်၏။
သူက နတ်ဘုရား စိတ်အာရုံဖြင့် စိတ်စွမ်းအင် ကြိုးများကို ထိန်းချုပ်ပြီး အောက်သို့ တဖြည်းဖြည်း ချလိုက်သည်။ ထို့အတူ အပြာရောင် မီးတောက်ကိုလည်း ထုတ်ဖော်လိုက်၏။
မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံကြီး ပေါ်ထွက်လာကာ အရိုးပြာ လှိုင်းလုံးကြီးက အဘက်ဘက်သို့ ပျံနှံ့သွားသည်။
ထိုအရိုးပြာ လှိုင်းလုံးထဲတွင် အဖြူရောင် အငွေ့များကလည်း ရောနှောပါနေ၏။ ထိုမြင်ကွင်းသည် အလွန်ကို ရင်သပ်ရှုမောဖွယ် ကောင်းလွန်းလှသည်။ အဖြူရောင် အငွေ့များ ပျောက်ကွယ် သွားသောအခါ ဖိချလိုက်သည့် နေရာတွင် မည်သည့် အရာမှ မကျန်ခဲ့တော့ချေ။
ဝမ်လင်းက အံကြိတ်ပြီး စိတ်ဝိညာဉ် အရည်များကို ထပ်မံ သောက်သုံးကာ နောက်ထပ် စိတ်စွမ်းအင် ကြိုးများကို ပြုလုပ်ပြီး နောက် တစ်နေရာသို့ နောက်တစ်ကြိမ် ဖိချလိုက်ပြန်သည်။
ထိုအခါ အပြာလှိုင်းလုံးကြီးက နေရာ တစ်ခုလုံးကို ပျံနှံ့သွား၏။ အဖြူရောင် အငွေ့များ ပျောက်ကွယ် သွားပြီးနောက် ဝမ်လင်း၏ အကြည့် သူဖိချလိုက်သော မီတာ ၁၀၀၀ ကျော် ဧရိယာ အတွင်းမှ သေးငယ်သော သားရဲ အရိုးအလောင်း၏ အပေါ်သို့ ရောက်သွား၏။
ဝမ်လင်း၏ မျက်နှာတွင် ပျော်ရွှင်သည့် အရိပ်အယောင်များ ပေါ်လာပြီး ထိုသားရဲအရိုး အလောင်းဆီသို့ ပျံသန်း သွားလိုက်သည်။ သူက အနီးသို့ ကပ်ပြီး ကြည့်လိုက်သော်လည်း အရိုးတွင် မည်သည့် ထူးခြားမှုကိုမှ မတွေ့ရချေ။
အရိုးသည် အဖြူရောင်ရှိပြီး သာမန်အတိုင်းပင် ဖြစ်သည်။ ဝမ်လင်းက နောက်ထပ် စိတ်စွမ်းအင် ကြိုးများကို ဖန်တီးပြီး ဦးခေါင်းခွံပေါ်သို့ ဖိချလိုက်သည်။
ဦးခေါင်းခွံ၏ အရောင်က လျင်မြန်စွာ ပြောင်းသွား၏။ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ် … ၊ ၉ ကြိမ်အထိ ပြောင်းလဲသွားပြီးနောက် ဦးခေါင်းခွံသည် ကျောရိုးမှ ပြုတ်သွားပြီး လေထဲသို့ ပျံတက် လာသည်။
စိတ်စွမ်းအင်ကြိုးများ အားလုံးသည်လည်း ဦးခေါင်းခွံနှင့် အပြည့်အဝ ပေါင်းစပ်သွား၏။ ဦးခေါင်းခွံက ပန်းကန်လုံး ပုံသဏ္ဌာန်အဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားသည်။
ဝမ်လင်းက စိတ်စွမ်းအင် လှိုင်းလေးများ ထုတ်လွှတ်နေသော ပန်းကန်လုံး ပုံသဏ္ဌာန်အရိုးကို လက်ဖြင့်ဆွဲယူပြီး စစ်ဆေး ကြည့်လိုက်သည်။
စစ်နတ်ဘုရား ဗိမာန်၏ သန့်စင်ခြင်း နည်းစနစ်သည် အလွန်ထူးဆန်း၏။ ထိုနည်းစနစ်ကို စစ်နတ်ဘုရား ဗိမာန်၏ ဘိုးဘေးတစ်ယောက်က ကောင်းကင်လမ်း ကျင့်စဉ်နှင့်အတူ တွေ့ခဲ့ခြင်း ဖြစ်သည်ဟု ကောလာဟလလည်း ရှိခဲ့သည်။
နောက်ပိုင်းတွင် မျိုးဆက်များက တဖြည်းဖြည်း တိုးတက်လာအောင် ပြုလုပ်ရင်း ယခုလက်ရှိ သန့်စင်ခြင်း နည်းစနစ် ဖြစ်လာ၏။ ဓာတ်ပြု မီးပြင်းဖိုသည် အရည်အသွေးကို ကြည့်ပြီး အဆင့် ၁၀ ဆင့် ခွဲခြားထား၏။
အဆင့် သတ်မှတ်မှုသည် အလွန်လွယ်၏။ အရောင်ပြောင်းလဲမှု အရည်အတွက်ကို ကြည့်ပြီး အဆင့် သတ်မှတ်ခြင်း ဖြစ်သည်။
“အဆင့် ၉”
ဝမ်လင်းသည် ရေရွတ်လိုက်၏။ စိတ်ဝိညာဉ် သားရဲအရိုး အပုံလိုက်ကြီး ရှိတာတောင်မှ အဆင့် ၁၀ ဓာတ်ပြု မီးပြင်းဖိုကို မလုပ်နိုင် သေးသဖြင့် ဝမ်းနည်းသလို၊ နောင်တရသလိုလို ခံစားလိုက်ရသည်။
သို့သော်လည်း အဆင့် ၉ သည် သူ့အထက်တွင် တစ်ခုပဲ ရှိတော့၏။ ဝမ်လင်းက ကျောက်စိမ်းပြားကို ထုတ်ယူပြီး စစ်ဆေး ကြည့်လိုက်ပြန်သည်။
ကျောက်စိမ်းပြားထဲတွင် စစ်နတ်ဘုရား ဗိမာန်မှ စဦး စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများ ထံတွင် အမြင့်ဆုံးက အဆင့် ၆ ဓာတ်ပြု မီးပြင်းဖိုများ ဖြစ်သည်ဟု ဖော်ပြထား၏။ ကျန်သည့် ကျင့်ကြံသူများထဲမှ အားလုံးနီးပါးတွင် အဆင့် ၃ နှင့် အောက်အဆင့် ဓာတ်ပြု မီးပြင်းဖိုများသာ ရှိကြ၏။
ဝမ်လင်းသည် သေးငယ်သော စိတ်ဝိညာဉ်သားရဲ၏ အရိုးဖြင့် အဆင့် ၉ ဓာတ်ပြု မီးပြင်းဖိုကို ပြုလုပ်နိုင်ခဲ့၏။ ထို့ကြောင့် ထိုသားရဲသည် ရှားပါးလှသော ပျက်စီးခြင်းသားရဲ ဖြစ်နိုင်ပေသည်။
ပျက်စီးခြင်း သားရဲတစ်ကောင်ကာ သေဆုံးသွားလျှင် ပျက်စီးခြင်းသားရဲ၏ အရိုးသည် စိတ်ဝိညာဉ် သားရဲ၏ အရိုးနှင့် ကွာခြားမှု မရှိပေ။ ကျွမ်းကျင်သူ တစ်ယောက် မဟုတ်ပါက ပျက်စီးခြင်း သားရဲ၏ အရိုးနှင့် စိတ်ဝိညာဉ်သားရဲ၏ အရိုးကို ရွေးချယ်ခိုင်းလျှင် မည်သည့် အရိုးက ပျက်စီးခြင်း သားရဲ၏ အရိုးမှန်း သိလိမ့်မည် မဟုတ်ပေ။
***