အခန်း ၁၁၂
Vol. 12 Ch. 112
အခန်း (၁၁၂) - ချန်ဟယ်မြို့ (၁)
ကျန်းရှောင်ဖန်း၊ ပိယောင်နှင့် ရှီထုံတို့သည် မြို့မှ ထွက်ခွာလာပြီးနောက် အရှေ့ဘက်သို့ ပျံသန်းလာခဲ့ကြပြီး ခရီးအတော်အတန် ရောက်သောအခါ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ကြသည်။
ရှီထုံက ကျန်းရှောင်ဖန်းကို မေးလိုက်သည်။
“အစ်ကိုကျန်း၊ ခင်ဗျား ဘယ်ကိုဆက်သွားဖို့ ပြင်ထားလဲ”
ကျန်းရှောင်ဖန်းက ခဏမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။
“ဖန်ရှန်းတောင်ကြားက အစ်မယန်ဟုန်ပြောပုံအရဆိုရင် ကျွန်တော့်ဆရာက အရှေ့ပင်လယ် လျူပိုတောင်ကို သွားတယ်ဆိုတော့ ကျွန်တော်လည်း ဆရာ့ကိုသွားတွေ့ရမယ်လေ။ ခင်ဗျားကရော ဘယ်လိုလုပ်မလဲ”
ရှီထုံက ခဏမျှ စဉ်းစားလိုက်ပြီး ပြောလိုက်သည်။
“ဒါဆိုရင် ကျုပ်လည်း အဲဒီကိုပဲ သွားရမှာပေါ့။ လောကကြီးအနှံ့ ခရီးသွားပြီး ကျင့်ကြံဖို့ရယ် ကောင်းမှုကုသိုလ်တွေ လုပ်ဖို့ ဆရာက ကျုပ်ကို မှာထားတယ်လေ”
“ဒီတစ်ခေါက် နတ်ဆိုးဂိုဏ်း အကြွင်းအကျန်တွေက ပြဿနာထပ်ရှာတော့မယ်ဆိုတော့ ကျုပ်လည်း သွားပြီး ကူညီသင့်တာပေါ့”
“ဟမ့်”
ရုတ်တရက် အေးစက်စက် ရယ်မောသံတစ်သံ ထွက်ပေါ်လာ၏။ ပိယောင်က နှာခေါင်းရှုံ့လိုက်ပြီး အေးစက်စက် ပြောလိုက်သည်။
“ရည်မှန်းချက်ကတော့ ကြီးလှချည်လား၊ တရားသဘောတွေကလည်း ပြည့်ဝနေတာပဲ။ ဒါပေမဲ့ အဲဒီအချိန်ကျမှ နတ်ဆိုးတွေကို မနှိမ်နင်းနိုင်ဘဲ ကိုယ်တိုင် အနှိမ်နင်းခံရတာမျိုးမဖြစ်စေနဲ့အုံး”
ရှီထုံမှာ အံ့အားသင့်သွားပြီး ဘာမှပြန်မပြောနိုင်တော့ဘဲ ကျန်းရှောင်ဖန်းဘက်သို့ လှည့်ကြည့်လိုက်၏။ ကျန်းရှောင်ဖန်းလည်း အနေရခက်သွားကာ ပိယောင်ဘက်သို့ လှည့်ကြည့်လိုက်သော်လည်း သူလည်း ဘာမှပြန်မပြောနိုင်ပေ။
ပိယောင်က အေးစက်စက် ရယ်မောလိုက်သည်။
“ရှင်တို့ ဘာကြည့်နေကြတာလဲ”
ကျန်းရှောင်ဖန်းနှင့် ရှီထုံတို့ အချင်းချင်း အကဲခတ်ကြည့်လိုက်ကြ၏။ ကျန်းရှောင်ဖန်းက အနည်းငယ် တော်သေးသည်။
သူက ပိယောင်နှင့် အတူနေခဲ့သည်မှာ အချိန်အတန်ကြာပြီဖြစ်၍ သူမ၏ စိတ်သဘောထားကို နားလည်ထားပြီးဖြစ်ရာ ပြသနာမရှိပေ။
ထို့အပြင် ပိယောင်၏ နောက်ခံကိုလည်း သိထားသောကြောင့် ထိုကိစ္စကို သိပ်ပြီးဂရုမစိုက်ပေ။
သို့သော် ရှီထုံကမူ ဖြောင့်မတ်ပွင့်လင်းသော လူတစ်ယောက် ဖြစ်လေသည်။ သူသည် ပိယောင်၏ ခနဲ့တဲ့တဲ့ စကားကို ခံလိုက်ရသော်လည်း မိန်းမလှလေးတစ်ယောက်ကို ဒေါသထွက်ရန်မှာ အနေခက်လှသောကြောင့် ရင်ထဲတွင်သာ ဒေါသကို မြိုသိပ်ထားလိုက်ရသည်။
သူ ခထွက်မလာခင်က သူ၏ဆရာသည် အမျိုးသမီးများမှာ လောကတွင် အကျိုးအကြောင်းဆီလျော်မှုမရှိဆုံးသတ္တဝါများ ဖြစ်ကြပြီး အထူးသဖြင့် လှပသော မိန်းမလှလေးများကို ဝေးဝေးရှောင်ရန် သတိပေးခဲ့ဖူးသည်။
ယနေ့ ဤအခြေအနေနှင့် ကြုံတွေ့ရသောအခါ သူ၏ဆရာသည် အမှန်တကယ်ပင် ပညာရှိကြောင်း သူသဘောပေါက်သွားလေသည်။
ကျန်းရှောင်ဖန်းသည် ရှီထုံကို တစ်ချက်ကြည့်လိုက်၏။ သူ ကြက်သေသေနေသည်ကို မြင်သောအခါ ကျန်းရှောင်ဖန်းမှာ အနည်းငယ် အားနာသွားမိသည်။
သို့သော် ထိုသူသည် စိတ်ထဲတွင် လောကရှိ အမျိုးသမီးများနှင့်ပတ်သက်၍ သူ၏ဆရာ ဆုံးမခဲ့သော ပြောင်မြောက်လှသည့် ဆုံးမစကားများအတွက် ဆရာဖြစ်သူ၏ ဉာဏ်ပညာကို လေးစားချီးကျူးနေခြင်းဖြစ်မှန်း ကျန်းရှောင်ဖန်း မည်သို့ သိနိုင်မည်နည်း။
သူကမူ ရှီထုံတစ်ယောက် ပိယောင်ကို ဒေါသထွက်နေသည်ဟုသာ ထင်မှတ်နေခဲ့သည်။
သူက လှည့်ကာ ပိယောင်ကို ကြည့်လိုက်သည်။ သူမ၏ မျက်နှာက အေးစက်နေဆဲဖြစ်သည်ကို မြင်သောအခါ သက်ပြင်းချသာလိုက်မိသည်။
“မင်းက ဘယ်ကိုသွားဖို့ စီစဉ်ထားလဲ”
ပိယောင်က သူ့ကို တစ်ချက်ကြည့်ကာ နှာခေါင်းရှုံ့လိုက်သည်။
“ရှင့်အပူ မပါပါဘူး”
ကျန်းရှောင်ဖန်းသည် သူမ၏ ပြန်လည် တုံ့ပြန်ခြင်းကို ခံလိုက်ရသောကြောင့် ဘာမှမပြောနိုင်တော့သော်လည်း သူ၏စိတ်ထဲတွင်မူ ဒေါသမထွက်ပေ။
သူ အရှေ့ပင်လယ် လျူပိုတောင်သို့ သွားမည်ဆိုသည်မှာ သူမ၏ ရန်သူဖြစ်လာတော့မည်ဟု ဆိုလိုကြောင်း သူသိထားသည်။
ထို့ကြောင့် သူမ ဒေါသထွက်နေသည်မှာ ပုံမှန်ပင်။ ရှီထုံကမူ ကျန်းရှောင်ဖန်း၏ အနောက်သို့ ရောက်လာပြီး သူ၏ မျက်လုံးများတွင် ခံစားချက်များ ပြည့်နှက်နေကာ “ခင်ဗျား ဘယ်လိုခံစားနေရလဲ ကျုပ်နားလည်ပါတယ်” ဆိုသည့် အကြည့်ဖြင့် ကျန်းရှောင်ဖန်း၏ ပခုံးကို ဖွဖွလေး ပုတ်ပေးလိုက်လေသည်။
ကျန်းရှောင်ဖန်းသည် သူ့ကို ကြည့်ကာ ပါးစပ်ဟလိုက်သော်လည်း စကားတစ်ခွန်းမှ ထွက်မလာခဲ့ပေ။
အခြေအနေမှာ အလွန်အနေရခက်လှပြီး သူ့တွင် အကြောင်းပြချက် ရှိသော်လည်း ထုတ်ပြော၍မရသောကြောင့် စိတ်ပျက်လက်ပျက် ဖြစ်နေချေတော့သည်။
နောက်ဆုံးတွင်တော့ ကျန်းရှောင်ဖန်းနှင့် ရှီထုံတို့သည် ပိယောင် ဘယ်ကိုသွားမည်ဆိုသည့် အဖြေကို သူမထံမှ မရခဲ့ကြပေ။
အမှန်တကယ်တမ်းတွင် သူတို့လည်း မမေးရဲကြပေ။ ပိယောင်က သူတို့၏ အရှေ့မှ ဦးဆောင်သွားကာ သူတို့သည်လည်း အရှေ့ဘက်သို့သာ လျှောက်လာခဲ့ကြသည်။
လမ်းခရီးတစ်လျှောက်တွင် သူမ၏ စိတ်အခြေအနေက မကောင်းသေးဘဲ သူတို့နားထဲသို့ အေးစက်စက် စကားလုံးများကိုသာ ဆက်တိုက်ပြောဆိုနေခဲ့သည်။
နောက်ပိုင်းတွင် ကျန်းရှောင်ဖန်းနှင့် ရှီထုံတို့မှာ သူမကို အနည်းငယ် ကြောက်ရွံ့လာကြ၏။
သူတို့နှစ်ယောက် စကားပြောနေကြချိန်တွင် ပိယောင်က လှည့်ကာ စိုက်ကြည့်လိုက်လျှင် သူတို့သည် ချက်ချင်းပင် အသံတိတ်သွားကြပြီး အတန်ကြာ ငြိမ်သက်သွားကြလေသည်။
သူတို့သည် ဤသို့ဖြင့် နှစ်ရက်ခန့် လမ်းလျှောက်လာခဲ့ကြသည်။ သူတို့သုံးယောက်သည် အရှေ့ဘက်သို့ လျှောက်လာရင်း ချန်ဟယ်ဟုခေါ်သော မြို့ကြီးတစ်မြို့သို့ ရောက်ရှိလာကြသည်။
သူတို့ မြို့ထဲသို့ ဝင်ရောက်လာပြီးနောက် ရှီထုံနှင့် ကျန်းရှောင်ဖန်းတို့သည် လူစုခွဲကာ မြို့သူမြို့သားများကို မေးမြန်းစုံစမ်းကြသည်။
ချန်ဟယ်မြို့သည် အရှေ့ပင်လယ်နှင့် အနီးဆုံးတွင် တည်ရှိသော မြို့တစ်မြို့ဖြစ်ကြောင်း သိရှိလိုက်ရ၏။ ဤနေရာမှနေ၍ အရှေ့ဘက်သို့ နောက်ထပ် မိုင်လေးရာခန့် ဆက်လျှောက်သွားပါက အရှေ့ပင်လယ်ကမ်းစပ်သို့ ရောက်ရှိမည်ဖြစ်သည်။
သူတို့သုံးယောက် ချန်ဟယ်မြို့ထဲသို့ လျှောက်သွားကြရာ အရှေ့ပင်လယ် ဒေသခံများ၏ ဝတ်စားဆင်ယင်မှုသည် အလယ်ပိုင်းလွင်ပြင်နှင့် သိပ်မကွာခြားလှသည်ကို တွေ့လိုက်ရသည်။
ဤနေရာသည် အရှေ့ပင်လယ်ဒေသ၏ အရေးပါသော နေရာတစ်ခုဖြစ်ပြီး ခရီးသွားကုန်သည်များစွာတို့ လာရောက် လည်ပတ်လေ့ရှိကြသည်။
သို့သော် ယခုရက်ပိုင်းအတွင်း မြို့ထဲတွင် ကျင့်ကြံသူများစွာ ရှိနေလေသည်။ လမ်းပေါ်တွင် စကားပြောနေစဉ် ဂိုဏ်းအသီးသီး၏ ဝတ်စုံများကို ဝတ်ဆင်ထားသူများစွာကို တွေ့မြင်နိုင်သည်။ သူတို့အားလုံးက လျူပိုတောင်သို့ သွားကြမည်လော။
ကျန်းရှောင်ဖန်းနှင့် ရှီထုံတို့ တိုင်ပင်ဆွေးနွေးကြပြီးနောက် အနားယူရန် တည်းခိုခန်းငယ်တစ်ခုကို ရှာဖွေသင့်ကြောင်း ဆုံးဖြတ်လိုက်ကြသည်။
မနက်ဖြန်မနက်တွင် သူတို့ လျူပိုတောင်သို့ ထွက်ခွာကြမည်ဖြစ်သည်။ သူတို့နှစ်ယောက်လုံး သဘောတူလိုက်ပြီးနောက် ပိယောင်ကို တစ်ချက် လှမ်းကြည့်လိုက်ကြသည်။
သူတို့ စကားပြောနေစဉ် အသံကို တမင်တကာ ကျယ်ကျယ်ပြောခဲ့ကြသည်။ ပိယောင်က သူတို့ဘေးတွင် ရပ်နေသဖြင့် သူတို့ပြောသမျှကို အကုန်ကြားနိုင်လိမ့်မည်ဟု သူတို့ တွေးထားခဲ့ကြ၏။
သို့သော် ပိယောင်က ဘာမှမသိသလိုပင်။ သူမသည် ခံစားချက်ကင်းမဲ့စွာ ရပ်နေပြီး လမ်းမထက်ရှိ သွားလာနေသော လူများကိုသာ ငေးကြည့်နေခဲ့သည်။
သူမက သူတို့ကို ဘာမှ ပြန်မပြောပေ။ ကျန်းရှောင်ဖန်းလည်း စိတ်ပျက်လက်ပျက်ဖြင့် သူမထံသို့ လျှောက်သွားကာ မေးလိုက်သည်။
“မိန်းကလေးပိယောင်၊ ဒါနဲ့ပတ်သက်ပြီး ဘယ်လိုထင်လဲ”
ပိယောင်မှာ တုန်လှုပ်သွားကာ အနည်းငယ် အံ့အားသင့်သွားပုံရသည်။ သူမ၏ အကြည့်က လမ်းမပေါ်မှနေ၍ ရွေ့လျားသွားလေသည်။
သူမက မျက်မှောင်ကြုတ်ကာ စဉ်းစားနေသည်ကို ကျန်းရှောင်ဖန်း သတိထားမိလိုက်သည်။
သူမက သူ့ကို တမင်တကာ လျစ်လျူရှုနေခြင်း မဟုတ်ဘဲ တစ်စုံတစ်ခုကို မြင်လိုက်ရသည့်ပုံပင်။ သူလည်း စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။
“ဘာဖြစ်လို့လဲ”
ပိယောင်၏ အကြည့်က အဝေးသို့ ပြန်လည် ရောက်ရှိသွားပြန်သည်။ ကျန်းရှောင်ဖန်းလည်း သူမ၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်သော်လည်း လှုပ်ရှားသွားလာနေသော လူများကိုသာ မြင်ရသည်။ သို့သော် ပိယောင် ဘာကို ကြည့်နေသနည်းဆိုသည်ကို သူ ရှာမတွေ့နိုင်ခဲ့ပေ။
ပိယောင်က ခဏမျှ တိတ်ဆိတ်သွားပြီးနောက် လှည့်ကာ ပြောလိုက်သည်။
“ရှင် ခုနက ဘာမေးလိုက်တာလဲ”
တည်းခိုခန်းငယ်လေးတစ်ခုတွင် တစ်ညတာ အနားယူမည့်အကြောင်း ကျန်းရှောင်ဖန်းက သေချာရှင်းပြလိုက်သည်။
ပိယောင်ထံမှ အဖြေမရသည့်အပြင် ရှီထုံကလည်း အဝေးတွင် ရပ်နေသဖြင့် ကျန်းရှောင်ဖန်းက အသံကို နှိမ့်ကာ ပြောလိုက်သည်။
“မင်း ဘာဆက်လုပ်ဖို့ စီစဉ်ထားတာလဲ။ မင်းကို ငါ့ဆရာဆီ ခေါ်သွားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးနော်”
“ချန်ဟယ်မြို့မှာ လမ်းမှန်ဂိုဏ်းကကျင့်ကြံသူတွေ အများကြီးရှိတယ်။ မင်းဘယ်သူဆိုတာ ပေါ်သွားရင် အရမ်းအန္တရာယ်များလိမ့်မယ်”
ပိယောင်က သူ့ကို ကြည့်ကာ မေးလိုက်သည်။
“ရှင်က ကျွန်မရဲ့လုံခြုံမှုအတွက် စိတ်ပူနေတာလား၊ ဒါမှမဟုတ် ရှင့်အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာမှာကို စိတ်ပူနေတာလား”
ကျန်းရှောင်ဖန်း အံ့သြသွား၏။ သူ မျက်လုံးများကို ပင့်ကာ ပိယောင်ကို ကြည့်လိုက်သောအခါ သူမ၏ တောက်ပနေသော မျက်ဝန်းများက သူ့ကို စိုက်ကြည့်နေသည်ကို မြင်လိုက်ရသဖြင့် သူ၏ နှလုံးခုန်သံများ မြန်ဆန်လာလေသည်။
ပိယောင်က ပြုံးလိုက်ပြီး ထွက်သွားလေသည်။ ရှီထုံက ရောက်လာကာ ပိယောင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ကျန်းရှောင်ဖန်းကို မေးလိုက်သည်။
“အစ်ကိုကျန်း၊ မိန်းကလေးပိယောင်က ဘာပြောလဲ”
ကျန်းရှောင်ဖန်း ပြန်မဖြေရသေးမီပင် ပိယောင်က လှည့်လာပြီး ရှားရှားပါးပါး အပြုံးတစ်ခုကို ပြသကာ ပြောလိုက်သည်။
“ရှင်တို့က တည်းခိုခန်းမှာ သွားတည်းမယ်လို့ ပြောထားတာ မဟုတ်ဘူးလား။ ဘာလို့ မသွားကြသေးတာလဲ”
ကျန်းရှောင်ဖန်းနှင့် ရှီထုံတို့ အံ့အားသင့်သွားကြပြီး အချင်းချင်း ကြည့်လိုက်ကြသည်။
ရှီထုံ၏ မျက်နှာပေါ်တွင် လေးစားအားကျသော အမူအရာပေါ်လာပြီး ကျန်းရှောင်ဖန်းကို လက်မထောင်ပြကာ ပြောလိုက်သည်။
“အစ်ကိုကျန်း၊ ခင်ဗျားက တကယ်ကို အရည်အချင်းရှိတာပဲဗျာ၊ စကားနည်းနည်းလေး ပြောလိုက်ရုံနဲ့တင် ကျုပ်တို့ရဲ့သခင်မလေးကို ဒီလောက်တောင် ပျော်သွားအောင် လုပ်နိုင်တာပဲ”
ကျန်းရှောင်ဖန်းမှာ အကြောင်းပြချက်မရှိဘဲ ရှီထုံ၏ ချီးကျူးမှုကို ခံလိုက်ရ၏။ သူ ဖြေရှင်းချက်ပေးရန် ပြင်လိုက်သော်လည်း ဘယ်ကစရမှန်းမသိဖြစ်နေသောကြောင့် ပိယောင်၏ အနောက်မှနေ၍ ရှီထုံနှင့်အတူ လိုက်သွားရုံသာ တတ်နိုင်တော့သည်။
သို့သော် သူ၏ စိတ်ထဲတွင် အတွေးတစ်ခု ဝင်လာခဲ့၏။ သူသည် ဤနတ်ဆိုးဂိုဏ်းမှ မိန်းကလေးနှင့် အလွန်အမင်း ပတ်သက်နေမိပြီလား။
ကျန်းရှောင်ဖန်းနှင့် ရှီထုံတို့၏ အကြံအစည်အရ တစ်ညတာ အနားယူရန် တည်းခိုခန်းငယ်လေးတစ်ခု ရှာရုံသာ ဖြစ်သည်။
သို့သော် လမ်းလျှောက်လာရင်းနှင့်ပင် ပိယောင်သည် ‘ဟိုင်ယွင်လုံ’ ဟုခေါ်သော စားသောက်ဆိုင်ကြီးတစ်ခုအတွင်းသို့ တိုက်ရိုက်ဝင်သွားသည်ကို မြင်လိုက်ရသည်။
ဤစားသောက်ဆိုင်ကြီးသည် သူတို့မျှော်လင့်ထားသည့် တည်းခိုခန်းထက် အနည်းဆုံးဆယ်ဆခန့် ပိုမိုကြီးမားပေသည်။
ကျန်းရှောင်ဖန်းနှင့် ရှီထုံတို့ အချင်းချင်း အကဲခတ်ကြည့်လိုက်ကြ၏။ သို့သော် ပိယောင် ဝင်သွားပြီဖြစ်သဖြင့် သူတို့လည်း နောက်မှလိုက်ဝင်ရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။
ကျန်းရှောင်ဖန်းက ရှီထုံကို တီးတိုးပြောလိုက်သည်။
“အစ်ကိုရှီ၊ ခင်ဗျားဆီမှာ ပိုက်ဆံအလုံအလောက် ပါရဲ့လား။ ကျတော့်ဆီမှာ ငွေစလေးပြားပဲ ရှိတော့တယ်...”
ထိုစဉ် ကျန်းရှောင်ဖန်း ရုတ်တရက် စကားရပ်သွားသည်။ သူ၏ လက်ကျန် ငွေစလေးပြားကို ဗေဒင်ဆရာ ကျိုးယီရှန်က လိမ်လည်ယူသွားသည်ကို သတိရလိုက်သောကြောင့်ပင်။
ရှီထုံက ကျန်းရှောင်ဖန်း၏ မျက်နှာအမူအရာကို သတိမထားမိဘဲ ခါးသီးစွာ ပြောလိုက်သည်။
“ကျုပ်က ခင်ဗျားထက် နည်းနည်းတော့ ပိုသာတယ်။ ခင်ဗျားထက် ငွေစအနည်းငယ် ပိုပါတာပဲ ရှိတာပါ”
သူက ခဏရပ်လိုက်ပြီးနောက် ဆက်ပြောလိုက်သည်။
“ဒီက အပြင်အဆင်တွေကို ကြည့်ရတာ ဒီနေရာက အနည်းဆုံး ငွေစသုံးဆယ်၊ လေးဆယ်လောက်တော့ ပေးရလိမ့်မယ်ထင်တယ်...”
ထိုစဉ် ပိယောင်သည် ပိုင်ရှင်၏ ကောင်တာရှေ့သို့ ရောက်နေပြီဖြစ်သည်။ ပိုင်ရှင်က ခေါင်းမော့လာပြီး မျက်နှာပေါ်တွင် အပြုံးများ ပြည့်နှက်နေကာ ပြောလိုက်သည်။
“သခင်မလေး၊ တည်းခိုဖို့ လိုအပ်လို့လားခင်ဗျာ”
“ဒေါင်….”
ရွှေတုံးငယ်တစ်ခုက ကောင်တာပေါ်ရှိ ပိုင်ရှင်၏ရှေ့သို့ ကျလာလေသည်။ ထိုရွှေတုံးသည် အနည်းဆုံး ငွေစတစ်ရာတန်ဖိုး ရှိလေသည်။ ပိုင်ရှင်၏ မျက်လုံးများမှာ အပြုံးများမှတစ်ဆင့် ဝိုင်းစက်သွားပြီး သူက ပြောလိုက်သည်။
“သခင်မလေး စိတ်ချလက်ချ အနားယူပါခင်ဗျာ။ ဒီဆိုင်က အတွေ့အကြုံရှိတဲ့ စားသောက်ဆိုင်ကြီးမို့လို့ သခင်မလေး ကိုယ့်အိမ်ကိုယ့်ယာလို ခံစားရစေမှာပါ။ ထွက်သွားတဲ့အခါမှာလည်း စိတ်ကျေနပ်မှု ရရှိစေရပါမယ်...”
ပိယောင်က သူ၏စကားကို ဖြတ်ပြောလိုက်သည်။
“ငါ့ကို အဆင့်မြင့်အခန်းတစ်ခန်း ပေးပါ၊ သန့်ရှင်းနေဖို့တော့ လိုမယ်နော်”
ပိုင်ရှင်က ပြုံး၍ ယဉ်ကျေးစွာ ပြောလိုက်သည်။
“ရတာပေါ့၊ ရတာပေါ့”
ပိယောင်က သူမ၏ အနောက်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ပြောလိုက်သည်။
“ပြီးတော့ ဒီနှစ်ယောက်အတွက် နောက်ထပ်အခန်းတစ်ခန်း ရှာပေးလိုက်ပါဦး”
ပိုင်ရှင်က ကျန်းရှောင်ဖန်းနှင့် ရှီထုံတို့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပိယောင်ဘက်သို့ လှည့်ကာ ပြုံးလိုက်သည်။
“ဒီနှစ်ယောက်ကရော...”
ပိယောင်က နှာခေါင်းရှုံ့လိုက်သည်။
“သူတို့အတွက် ဂိုဒေါင်တစ်ခုဆို လုံလောက်ပါပြီ”
ပိုင်ရှင်မှာ ဆွံ့အသွားလေသည်။
ကျန်းရှောင်ဖန်းနှင့် ရှီထုံတို့လည်း ဆွံ့အသွားကြ၏။
ပြီးနောက် ပိုင်ရှင်သည် အလုပ်သမားများကို ခေါ်ကာ ပိယောင်ကို မင်းသမီးတစ်ပါးကဲ့သို့ ဆက်ဆံလေတော့သည်။
ကျန်းရှောင်ဖန်းနှင့် ရှီထုံတို့အတွက်မူ ပိုင်ရှင်သည် သူတို့ကို အမှန်တကယ် ဂိုဒေါင်ထဲတွင် မထားဘဲ သာမန်အခန်းတစ်ခုတွင် နေရာချပေးခဲ့သည်။
ကျန်းရှောင်ဖန်းနှင့် ရှီထုံတို့က ထိုကိစ္စကို သိပ်ဂရုမစိုက်ကြပေ။ သူတို့သည် အလိုလိုက်ခံထားရသူများ မဟုတ်သလို ပိယောင်၏ အလိုလိုက်ခံထားရသော စိတ်နေသဘောထားကိုလည်း နားလည်ထားကြသည်။
သူတို့သုံးယောက် ထွက်သွားပြီးနောက် စားသောက်ဆိုင်မှာ ပြန်လည် တိတ်ဆိတ်သွားသည်။ လူများသည် စည်ကားသော လမ်းမပေါ်တွင် လှုပ်ရှားသွားလာနေကြလေသည်။