အခန်း ၁၁၃
Vol. 12 Ch. 113
အခန်း (၁၁၃) - ချန်ဟယ်မြို့ (၂)
ကောင်းကင်တွင် တိမ်တိုက်များ အပြောင်းအလဲ ဖြစ်ပေါ်နေသည်။ နေဝင်ဆည်းဆာ အချိန်သို့ ချဉ်းကပ်လာသောအခါ အဘိုးအိုတစ်ဦးနှင့် ကလေးမလေးတစ်ဦး ဝင်ရောက်လာကြသည်။
အဘိုးအိုသည် နတ်ဘုရားလမ်းညွှန်ဟု ရေးသားထားသော အလံတစ်ခုကို ကိုင်ဆောင်ထားကာ ကလေးမလေးကမူ သကြားလုံးတစ်လုံးကို စားနေလေသည်။
သူတို့ကား ကျိုးယီရှန်နှင့် သူ၏မြေးမလေး ရှောင်ဟွမ်တို့ပင် ဖြစ်သည်။
ကျိုးယီရှန်သည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သလို ရှောင်ဟွမ်ကလည်း ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်သည်။ ခမ်းနားထည်ဝါသော အလှဆင်ထားမှုများကို မြင်သောအခါ သူမမှာ အံ့သြမှင်သက်သွားပြီး တီးတိုးမေးလိုက်သည်။
“အဘိုး၊ လမ်းမှားလာတာလား”
ကျိုးယီရှန်၏ မျက်နှာပေါ်တွင် ဂုဏ်ယူဝင့်ကြွားမှုများ ပေါ်လာပြီး သူက ပြောလိုက်သည်။
“ဒီလောက်နှစ်တွေ အကြာကြီးမှာ အဘိုးက တကယ်ပဲ အဲဒီလောက် အသုံးမကျဘူးလို့ မြေးက ထင်နေတာလား”
ရှောင်ဟွမ်မှာ စပ်စုချင်စိတ် ဖြစ်ပေါ်လာ၏။
“ဒါဆို မဟုတ်ဘူးပေါ့”
ကျိုးယီရှန်က သူမကို စိုက်ကြည့်ကာ ပြောလိုက်သည်။
“စောင့်ကြည့်နေလိုက်”
ထို့နောက် သူ လှည့်ကြည့်လိုက်ရာ ပိုင်ရှင်မှာ ကောင်တာတွင် စာရင်းတွက်နေသည်ကို တွေ့လိုက်ရသဖြင့် ရှောင်ဟွမ်ကို ခေါ်ကာ ကောင်တာဆီသို့ အမြန်လျှောက်သွားလေသည်။
သူ့ထံသို့ လူတစ်ယောက် လျှောက်လာနေသည်ကို သတိထားမိသောအခါ ပိုင်ရှင်က ခေါင်းမော့ကာ နှုတ်ဆက်ရန် ပြင်လိုက်သော်လည်း သူမှာ အံ့အားသင့်ကာ မှင်သက်သွားရသည်။
ကျိုးယီရှန်က ပြုံးလိုက်သည်။ သူ၏ နတ်ဘုရားတစ်ပါးကဲ့သို့သော အမူအရာသည် အဆင့်မြင့် ကျင့်ကြံသူများနှင့် အလွန်ဆင်တူနေပြီး သူက ပြောလိုက်၏။
“ပိုင်ရှင်ဝမ်၊ ကျုပ်ကို မှတ်မိသေးရဲ့လား”
ပိုင်ရှင်ဝမ်မှာ အံသြတကြီးဖြင့် ကောင်တာအနောက်မှနေ၍ ပြေးထွက်လာခဲ့သည်။
သူ၏မျက်နှာတွင် လေးစားမှုများနှင့် ဝမ်းသာအံ့သြမှုများ ပြည့်နှက်နေ၏။ သူ၏ တုံ့ပြန်မှုကြောင့် ရှောင်ဟွမ်မှာ ကြက်သေသေသွားလေသည်။ သူက ပြောလိုက်သည်။
“အာ... အရှင်အင်မော်တယ်ကြီးပါလား။ ဘယ်လိုလုပ်ပြီး ဒီကို ရောက်လာတာလဲ။ အလို... ကျုပ်တို့မတွေ့ဖြစ်တာ အခုဆို နှစ်သုံးဆယ်တောင် ရှိသွားပြီပဲ။ အရှင်အင်မော်တယ်ကြီးကို အမြဲတမ်း သတိရနေခဲ့တာပါ”
ကျိုးယီရှန်က ပြုံးလိုက်ပြီး သူ၏ အဝတ်အစားပေါ်မှ ဖုန်မှုန့်များကို ဖြည်းညင်းစွာ ခါချလိုက်သည်။ ထို့နောက် အသာအယာပြုံးကာ ပြောလိုက်၏။
“ကျုပ်က သာမန်လူမှ မဟုတ်တာ။ ဒီနှစ်တွေထဲမှာ လောကအနှံ့ ခရီးထွက်ခဲ့တယ်။ နာမည်ကြီး တောင်တန်းတွေနဲ့ အံ့ဖွယ်နေရာတွေကို သွားခဲ့တယ်”
“နတ်ဆိုးတွေကို သွားရောက်တွေ့ဆုံပြီး ကောင်းကင်နဲ့ မြေကြီးရဲ့ ဝိညာဉ်ဓာတ်တွေကို စုပ်ယူနေရတာဆိုတော့ ဒီကိုလာဖို့ အချိန်ဘယ်ရပါ့မလဲ”
ရှောင်ဟွမ်တစ်ယောက် မြေပြင်ပေါ်သို့ လဲကျသွားလေတော့သည်။
သို့သော် ပိုင်ရှင်ဝမ်ကမူ ယုံမှားသံသယမရှိဘဲ ခေါင်းတညိတ်ညိတ်ဖြင့် ပြောလိုက်၏။
“ဟုတ်ပါတယ်၊ ဟုတ်ပါတယ်။ အရှင်အင်မော်တယ်ကြီးက ကျုပ်တို့လို သာမန်လူတွေနဲ့ ဘယ်တူပါ့မလဲ”
ထို့နောက် သူက ကျိုးယီရှန်နှင့် ရှောင်ဟွမ်တို့ကို သန့်ရှင်းသော စားပွဲတစ်လုံးတွင် ထိုင်စေပြီး သူ၏ အလုပ်သမားများကို အကောင်းဆုံး လက်ဖက်ရည်လာချပေးရန် အမြန်ခေါ်လိုက်လေသည်။
ကျိုးယီရှန်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး ပြောလိုက်သည်။
“ဒီက အပြင်အဆင်တွေကို ကြည့်ရတာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ မင်းရဲ့ စီးပွားရေးတွေ အတော်လေး အဆင်ပြေနေတဲ့ပုံပဲ”
ပိုင်ရှင်ဝမ်က ရိုသေလေးစားစွာ ပြောလိုက်၏။
“ဟုတ်ပါတယ်၊ အရှင်အင်မော်တယ်ကြီးရဲ့ ကောင်းချီးပေးမှုကြောင့်ပါ”
ကျိုးယီရှန်က ချောင်းဟန့်လိုက်သည်။
“ဒီတစ်ခေါက် ကျုပ် ဒီကိုလာတာက အရှေ့ပင်လယ်က ကျင့်ကြံသူ မိတ်ဆွေတစ်ယောက်ကို သွားတွေ့ဖို့ပါ။ အဲဒီနှစ်က မင်းနဲ့ကျုပ်ကြားမှာ ရေစက်ရှိခဲ့တာကို သတိရသွားလို့ လာကြည့်တာ။ ဒီညတော့ မင်းဆီမှာပဲ တည်းရလိမ့်မယ်”
ပိုင်ရှင်ဝမ်က ခေါင်းညိတ်လိုက်သည်။
“ရတာပေါ့၊ အရှင်အင်မော်တယ်ကြီး ဒီမှာလာတည်းတာ ကျုပ်အတွက် ဂုဏ်ယူစရာပါ။ ကျုပ်ရဲ့ မိသားစုကိုလည်း အရှင်အင်မော်တယ်ကြီးနဲ့ လာတွေ့ခိုင်းဖို့ စီစဉ်ထားပါသေးတယ်”
ကျိုးယီရှန်က ရယ်မောလိုက်ပြီး သူ၏ လက်ကို အင်္ကျီအတွင်းသို့ ထည့်ကာ ပြောလိုက်သည်။
“ဒါဆို တစ်ညကို ဘယ်လောက်ကျမလဲ...”
ပိုင်ရှင်ဝမ်က ချက်ချင်းပင် ခေါင်းယမ်းလိုက်သည်။
“အရှင်အင်မော်တယ်ကြီး လာဖို့ကိုတောင် ကျုပ်က မျှော်လင့်နေခဲ့တာပါ၊ အရှင်အင်မော်တယ်ကြီးဆီက ပိုက်ဆံကို ဘယ်လိုလုပ် ယူရက်ပါ့မလဲ”
ကျိုးယီရှန်၏ လက်မှာ အင်္ကျီအတွင်း၌ ရှိနေဆဲဖြစ်ပြီး သူက ခေါင်းယမ်းကာ ငြင်းဆန်လိုက်သည်။
“အလို... ပိုင်ရှင်ဝမ်၊ အဲဒီနှစ်က မင်းကို ကျုပ်လမ်းပြပေးခဲ့တယ်ဆိုတာ ကျုပ်သိပါတယ်။ ဒါပေမဲ့ မင်းက စီးပွားရေးလုပ်နေတာလေ၊ ကျုပ်က စည်းမျဉ်းကို ဖောက်ဖျက်ဖို့ဆိုတာ မကောင်းပါဘူး...”
ပိုင်ရှင်ဝမ်မှာ အနည်းငယ် စိတ်လှုပ်ရှားသွားပြီး ပြောလိုက်သည်။
“အရှင်အင်မော်တယ်ကြီး၊ ကျုပ်အတွက် လုပ်ပေးခဲ့တာတွေကို ပြန်ကြည့်ပါဦး။ အကယ်၍ အရှင်အင်မော်တယ်ကြီးကသာ ကျုပ်တို့ကို လမ်းညွှန်မှု မပေးခဲ့ဘူးဆိုရင်၊ ပြီးတော့...”
ထို့နောက် သူသည် ရုတ်တရက် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ကာ အသံကို နှိမ့်ပြီး ပြောလိုက်၏။
“အကယ်၍ အရှင်အင်မော်တယ်ကြီးကသာ အရှေ့ပင်လယ်က နဂါးဂူမှာ ငွေဝင်စေတဲ့ သစ်ပင်တစ်ပင်စိုက်ဖို့ ခွင့်မပြုခဲ့ဘူးဆိုရင် လွန်ခဲ့တဲ့ နှစ်သုံးဆယ်အတွင်း ကျုပ်က ဘယ်လိုလုပ်ပြီး ကြီးပွားချမ်းသာလာနိုင်မှာလဲ”
“အခုလို စားသောက်ဆိုင်မှာ လာတည်းတာကိုတောင် ကျုပ်က ပိုက်ဆံယူနေသေးရင် ကျုပ်တော့ မိုးကြိုးပစ်ခံရပါလိမ့်မယ်”
ကျိုးယီရှန်က ပြုံးလိုက်ပြီး သူ၏ လက်ကို အပြင်သို့ ထုတ်ကာ ပြောလိုက်သည်။
“ဒီလိုဆိုမှတော့ ကျုပ်လည်း မငြင်းတော့ပါဘူးလေ”
ပိုင်ရှင်ဝမ်က ခေါင်းညိတ်လိုက်ပြီး ခဏမျှ စကားစမြည် ပြောနေကြ၏။ အလုပ်သမားတစ်ယောက် ရောက်လာပြီး အဆင့်မြင့်အခန်း ပြင်ဆင်ပြီးစီးကြောင်း လာရောက်အကြောင်းကြားသည်။
ပိုင်ရှင်ဝမ်က မတ်တတ်ရပ်လိုက်ပြီး ကျိုးယီရှန်နှင့် ရှောင်ဟွမ်တို့ကို သူတို့၏ အခန်းသို့ ခေါ်သွားလေသည်။ အနောက်ဘက်ခန်းမရှိ အဆောက်အအုံသည် ထူးဆန်းလှသည်။
သုံးထပ်အမြင့်ရှိပြီး ဆဋ္ဌဂံပုံသဏ္ဌာန် ရှိလေသည်။ အလယ်ဗဟိုတွင် ကျောက်ပြားစိမ်းများ ခင်းထားသော ခြံဝင်းကျယ်ကြီးတစ်ခု ရှိသည်။
သို့သော် အချိန်ကာလ၏ ကြာညောင်းမှုကြောင့် ကျောက်ပြားများကြားရှိ ဟာကွက်များတွင် မြက်စိမ်းများ ပေါက်နေခဲ့သည်။
အလယ်ဗဟို အကျဆုံးနေရာတွင်မူ ငွေရောင်သစ်ကတိုးပင်တစ်ပင် အထီးကျန်စွာ ရပ်တည်နေပြီး ညှိုးနွမ်းခြောက်သွေ့နေလေသည်။
ပိုင်ရှင်ဝမ်သည် သူတို့ကို တတိယထပ်ရှိ တိတ်ဆိတ်သော အခန်းတစ်ခန်းသို့ ခေါ်ဆောင်သွား၏။ သူတို့နှင့် ခဏမျှ စကားစမြည်ပြောပြီးနောက် ကောင်တာသို့ ထွက်သွားလေသည်။
သူ ထွက်သွားချိန်တွင် ယနေ့ည အရှင်အင်မော်တယ်ကြီးကို ညစာစားပွဲတစ်ခု ဖိတ်ကြားရမည်ဟု ပြောခဲ့သေးသည်။
အရှင်အင်မော်တယ်ကြီးကမူ နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ပြီးဖြစ်၍ လောကီရေးရာများတွင် မပါဝင်တော့ကြောင်း အကြောင်းပြကာ အစွမ်းကုန် ငြင်းဆန်ခဲ့သည်မှာ သေချာပါသည်။
သို့သော် ပိုင်ရှင်ဝမ်က အလွန်ရိုးသားဖြူစင်လှသဖြင့် နောက်ဆုံးတွင်မူ အရှင်အင်မော်တယ်ကြီးသည် သူ၏မြေးမလေး ရှောင်ဟွမ်ကိုယ်စား မတတ်သာဘဲ လက်ခံလိုက်ရလေတော့သည်။
ပိုင်ရှင်ဝမ် ထွက်သွားပြီးနောက် ရှောင်ဟွမ်က တံခါးကို ပိတ်လိုက်ရာ အခန်းထဲတွင် ကျိုးယီရှန်နှင့် သူမ နှစ်ယောက်သာ ကျန်ရစ်ခဲ့၏။ ကျိုးယီရှန်က တခစ်ခစ်ရယ်မောလိုက်သည်။
“ဘယ်လိုလဲ”
ရှောင်ဟွမ်က သူ့ကို ပြန်မေးလိုက်သည်။
“အဘိုးက တကယ်ပဲ သူ့ကို ပိုက်ဆံပေးမလို့လား။ သူက တကယ်ပဲ ပိုက်ဆံတောင်းခဲ့ရင် ဘယ်လိုလုပ်မလဲ”
ကျိုးယီရှန်က ဖြောင့်မတ်မှန်ကန်သော လေသံဖြင့် ပြောလိုက်သည်။
“ပြီးတော့ရော။ ငါ ကျိုးယီရှန်က ကျင့်ကြံထားတဲ့ အင်မော်တယ်တစ်ပါးလေ။ အဲဒီလို အသုံးမကျတဲ့အရာတွေကို ငါက ဘယ်လိုလုပ်ပြီး ဂရုစိုက်နေမှာလဲ”
ရှောင်ဟွမ်က နှာခေါင်းရှုံ့လိုက်၏။
“ပေါက်ကရတွေ လာမပြောနဲ့။ သမီးက မသိဘူးလို့ ထင်နေတာလား။ အဘိုးရဲ့ အင်္ကျီထဲမှာ ပိုက်ဆံမှမရှိတာ”
ကျိုးယီရှန် အံ့အားသင့်သွားသည်။
“မြေး... ဘာပြောလိုက်တယ်”
“အဘိုးရဲ့ ပိုက်ဆံတွေကို သုံးနေရာ ခွဲထားတယ်လေ။ တစ်ခုက ခါးပတ်ထဲမှာ ဝှက်ထားတယ်၊ တစ်ခုက ဖိနပ်ထဲမှာ ဝှက်ထားတယ်၊ နောက်တစ်ခုက နတ်ဘုရားလမ်းညွှန် နဖူးစည်းထဲမှာ ဝှက်ထားတယ်။ သမီး မသိဘူးလို့ ထင်နေတာလား။ အဘိုး အင်္ကျီထဲမှာ ငွေစတစ်ပြားမှ မရှိပါဘူး”
ကျိုးယီရှန်မှာ မျက်နှာနီရဲသွားကာ ပြောလိုက်သည်။
“ကောင်စုတ်လေး၊ နင်ဒါကို ဘယ်လိုလုပ် သိတာလဲ”
ရှောင်ဟွမ်က သူ့ကို စိုက်ကြည့်ကာ မေးလိုက်၏။
“လွန်ခဲ့တဲ့ နှစ်သုံးဆယ်က သူ့ကို ဘာတွေ လိမ်ခဲ့တာလဲ”
ကျိုးယီရှန်က ဒေါသတကြီးဖြင့် ပြောလိုက်သည်။
“ပေါက်ကရတွေ၊ ငါ ဘယ်တုန်းက သူ့ကို လိမ်ခဲ့လို့လဲ”
ရှောင်ဟွမ်က နှာခေါင်းရှုံ့လိုက်သည်။
“ဒီစကားတွေကို ထပ်ပြီး မပြောနဲ့တော့။ အရှေ့ပင်လယ်က နဂါးဂူဆိုတာ သမုဒ္ဒရာရဲ့ မူလအစ၊ ဝိညာဉ်နယ်မြေတစ်ခုလေ”
“အဲဒါက သမုဒ္ဒရာရေအောက်အနက်ထဲမှာ ရှိရမှာပေါ့။ လောကီကမ္ဘာမှာ ဘယ်လိုလုပ် ရှိနိုင်မှာလဲ။ အဘိုးရဲ့ စကားတွေက ပိုင်ရှင်ဝမ်လို ရိုးသားတဲ့ လူတွေကိုပဲ လိမ်လို့ရမှာပါ”
ကျိုးယီရှန်မှာ ရှက်ရမ်းရမ်းကာ ပြုံးလိုက်သော်လည်း နောက်ပိုင်းတွင်မူ ဝမ်းနည်းသော ခံစားချက်ဖြင့် သက်ပြင်းချလိုက်လေသည်။
ရှောင်ဟွမ်က မျက်မှောင်ကြုတ်လိုက်သည်။
“ဘာဖြစ်လို့လဲ”
ကျိုးယီရှန်က ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။
“တကယ်တော့... ဒါက နင့်အဖေနဲ့ ပတ်သက်နေတာ”
ရှောင်ဟွမ် အံ့သြသွား၏။
“သမီးအဖေ။ သူက လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကတည်းက သေသွားပြီမဟုတ်ဘူးလား”
ကျိုးယီရှန်က ခေါင်းညိတ်လိုက်သည်။
“လွန်ခဲ့တဲ့ နှစ်သုံးဆယ်က နင့်အဖေ ငယ်ငယ်တုန်းက ငါနဲ့ သူနဲ့ ချန်ဟယ်မြို့ကို အတူတူ လာခဲ့ကြတယ်။ သူက အသက်ငယ်ပေမဲ့ နင့်လိုပဲ ဗေဒင်ဟောတဲ့နေရာမှာ မယုံနိုင်လောက်အောင် ပါရမီပါခဲ့တယ်”
“အဲဒီအချိန်တုန်းက ပိုင်ရှင်ဝမ်က သာမန်တည်းခိုခန်းတစ်ခုက အလုပ်သမားတစ်ယောက်ပဲ ရှိသေးတယ်။ ဒါပေမဲ့ နင့်အဖေက သူ့ရဲ့ မျက်နှာသွင်ပြင်က အတော်လေးကောင်းတယ်လို့ ပြောခဲ့တယ်”
“ကျယ်ဝန်းပြီး ပြန့်ပြူးတယ်၊ ချွန်ထက်တဲ့ အစွန်းတွေ မရှိဘူး၊ မျက်လုံးပြူးပြူးနဲ့ မျက်ခုံးမွှေးကလည်း ကွေးမနေဘူး။ အေးချမ်းပြီး ကြီးပွားချမ်းသာမယ့် ကံဇာတာပါလာတယ်ပေါ့။ အဲဒါနဲ့ ငါက...”
သူက ပြုံးလိုက်သည်။
“အဲဒါနဲ့ ငါက အချိန်တစ်ခု ရှာပြီး သူ့ကို လျှို့ဝှက်စွာ လမ်းညွှန်ပေးခဲ့တယ်။ အရှေ့ပင်လယ်က နဂါးဂူမှာ ငွေရောင်သစ်ကတိုးပင်တစ်ပင် စိုက်ပြီး ကြွယ်ဝချမ်းသာခြင်းဆိုတဲ့ စာတန်းကို ချိတ်ဆွဲထားရင် ကြီးပွားချမ်းသာလာလိမ့်မယ်လို့ ပြောလိုက်တယ်။ အဲဒါနဲ့...”
ရှောင်ဟွမ်က သူ၏စကားကို ဆက်ပြောလိုက်၏။
“အဲဒါနဲ့ သူက အဘိုးပြောတဲ့အတိုင်း လုပ်လိုက်တော့ တကယ်ပဲ ကြီးပွားချမ်းသာလာပြီး ဒီလို စားသောက်ဆိုင်ကြီးကို ဖွင့်နိုင်ခဲ့တာပေါ့။ အောင်မြင်တဲ့ စီးပွားရေးဆိုတာ အဘိုးရဲ့ လမ်းညွှန်မှုအပေါ်မှာ မူတည်နေတယ်ဆိုတဲ့ သဘောပေါ့၊ ဟုတ်လား”
ကျိုးယီရှန်က ရယ်မောလိုက်သည်။
ရှောင်ဟွမ်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။
“ဒါပေမဲ့ အဘိုး သူ့ကို ပြောခဲ့တဲ့ အရှေ့ပင်လယ်က နဂါးဂူဆိုတာ ဘယ်မှာလဲလို့ သမီး တကယ် သိချင်နေတယ်”
ကျိုးယီရှန်က မျက်ခုံးပင့်ကာ ပြုံးလိုက်သည်။
“လာ”
ထို့နောက် သူမကို ပြတင်းပေါက်ဆီသို့ ဆွဲခေါ်သွားပြီး အောက်သို့ လက်ညှိုးထိုးပြကာ ပြောလိုက်၏။
“အဲဒါပဲ”
ရှောင်ဟွမ် အံ့သြသွားသည်။ သူ လက်ညှိုးထိုးပြနေသည်မှာ သေကာနီး ငွေရောင်သစ်ကတိုးပင်ပင် ဖြစ်၏။ သူမက မေးလိုက်သည်။
“အဲဒီမှာလား။ ဘာလို့ အဲဒီသစ်ပင်က သေကာနီး ဖြစ်နေရတာလဲ”
ကျိုးယီရှန်က ပြောလိုက်သည်။
“ပေါက်ကရတွေ ပြောနေပြန်ပြီ။ နင့်ရဲ့သစ်ပင်ကို ကျောက်ပြားစိမ်းခင်းထားတဲ့ ကြမ်းပြင်ပေါ်မှာ စိုက်ထားရင် ရှင်သန်နိုင်ပါ့မလား”
ရှောင်ဟွမ် ဘာမှမပြောနိုင်တော့ချေ။
ကျိုးယီရှန်က ကောင်းကင်ကို မော့ကြည့်ကာ ပြောလိုက်သည်။
“ဒီနေ့ ကောင်းကင်က အရမ်းမှောင်နေတယ်။ ဒီည မိုးရွာလိမ့်မယ် ထင်တယ်”
ညအချိန်သည် မှောင်မိုက်လာလေပြီ။ မိုးသည် နေဝင်ဆည်းဆာ အချိန်ကတည်းက စတင်ရွာသွန်းခဲ့သော်လည်း သန်းခေါင်ယံအချိန်အထိ တိတ်မည့်အရိပ်အယောင် မပြသေးပေ။
ပိယောင်သည် တတိယထပ်ရှိ အဆင့်မြင့်အခန်းတွင် ရှိနေသည်။ ကျန်းရှောင်ဖန်းနှင့် ရှီထုံတို့မှာ အောက်ထပ်တွင် ရှိနေကြ၏။ မိုးရွာပြီးနောက် လေထုမှာ အနည်းငယ် စိုစွတ်လာလေသည်။
ကျန်းရှောင်ဖန်းသည် ဟိုဘက်ဒီဘက် လှိမ့်နေပြီး အိပ်မပျော်နိုင်ဖြစ်နေ၏။ အကြောင်းရင်းကတော့ ရှင်းနေသည်။
ရှီထုံမှာ အိပ်ပျော်နေပြီဖြစ်သော်လည်း သူ၏ ဟောက်သံကြီးမှာ သူ၏ ခန္ဓာကိုယ်နှင့် အတိအကျ လိုက်ဖက်နေလေသည်။
၎င်းသည် ကောင်းကင်ကို တုန်လှုပ်စေနိုင်ခြင်း မရှိလျှင်တောင် အနည်းဆုံးတော့ ကုတင်ကိုတော့ တုန်ခါစေနိုင်ပေသည်။
ကျန်းရှောင်ဖန်း သက်ပြင်းချလိုက်ပြီး ထိုင်ကာ အင်္ကျီကို ဝတ်လိုက်၏။ အမှောင်ထဲတွင် ခဏမျှ ထိုင်နေပြီးနောက် တံခါးကိုဖွင့်ကာ အပြင်သို့ ထွက်လာခဲ့သည်။
မှောင်မိုက်သော ညဉ့်ယံတွင် ခြံဝင်းကြီးမှာ အဆုံးအစမရှိသကဲ့သို့ ထင်ရလေသည်။
သို့သော် အမည်မသိ နေရာတစ်ခုမှ ထွက်ပေါ်လာသည့် အားနည်းသော အလင်းရောင်တစ်ခုက ခြံဝင်း၏ အနက်ရှိုင်းဆုံးနေရာရှိ ငွေရောင်သစ်ကတိုးပင်၏ ပုံသဏ္ဌာန်ကို မြင်နိုင်စေခဲ့၏။
သူက ကောင်းကင်သို့ ခေါင်းမော့ကြည့်လိုက်သည်။
အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်၏။
အေးစိမ့်စိုစွတ်သော လေအေးများက သူ၏ ရင်ဘတ်အတွင်းသို့ ဝင်ရောက်လာသည်။ သူသည် စင်္ကြံလမ်းတွင် ရပ်နေသော်လည်း အပြင်ဘက်မှ တိုက်ခတ်လာသော လေကြောင့် ပါးလွှာသော မိုးရေစက်များသည် သူ၏ မျက်နှာပေါ်သို့ ကျရောက်လာခဲ့သည်။
သူက လှည့်ကာ တံခါးကို ပိတ်လိုက်သည်။ စက်ဝိုင်းပုံစံ စင်္ကြံလမ်းအတိုင်း ဖြည်းညင်းစွာ လျှောက်သွားလိုက်သည်။
ညက မှောင်မိုက်နေပြီး လေများက တိုက်ခတ်နေကာ မိုးများလည်း ရွာသွန်းနေလေသည်။
မိုးရေစက်များသည် ကောင်းကင်မှ ကျဆင်းလာကာ ခြံဝင်းအတွင်းရှိ ကျောက်ပြားစိမ်းကြမ်းပြင်ပေါ်သို့ ကျရောက်သွားပြီး ရေမှုန်ရေမွှားများကို ဖြစ်ပေါ်စေလေသည်။
စင်္ကြံအပေါ်ရှိ ခေါင်မိုးပေါ်တွင် မိုးရေများ စုဝေးသွားကာ ပါးလွှာသော ရေတံခွန်တစ်ခုကဲ့သို့ ကျဆင်းလာ၏။ ဤနေရာတွင် လမ်းလျှောက်နေရသည်မှာ တိတ်ဆိတ်သော တောင်ပေါ်ရှိ ရေလှိုဏ်ဂူတစ်ခုအတွင်း လမ်းလျှောက်နေရသကဲ့သို့ပင်။
ဤသို့သော အချိန်မျိုးတွင် ဤလူငယ်၏ မှတ်ဉာဏ်ထဲ၌ ဤကဲ့သို့သော အမှတ်တရတစ်ခု ရှိခဲ့ဖူးသည်။
မိုးသည်းညတစ်ည.....။
အမှောင်ထုအတွင်းရှိ နေရာတစ်ခုမှ တိုးညှင်းသော သက်ပြင်းချသံတစ်ခု ပေါ်ထွက်လာလေသည်။
လေများ တိုက်ခတ်သွားပြီး လေချွန်သံများ ထွက်ပေါ်လာကာ ကောင်းကင်မှ မိုးရေများက အငြိုးကြီးစွာရွာချနေလေသည်။
ကျန်းရှောင်ဖန်း၏ အင်္ကျီကော်လာ တစ်စိတ်တစ်ပိုင်းမှာ စိုရွှဲနေသော်လည်း သူက သတိမထားမိဘဲ အရှေ့ကိုသာ စိုက်ကြည့်နေခဲ့သည်။
မိုးထဲတွင် လူတစ်ယောက်က ထီးတစ်ချောင်းကို ကိုင်ထားပြီး သစ်ပင်အောက်၌ တိတ်ဆိတ်စွာ ရပ်နေလေသည်။
ရေလိုကြည်လင် တောက်ပနေသော မျက်ဝန်းတစ်စုံက တစ်စုံတစ်ရာကို ဖမ်းဆုပ်ထားသကဲ့သို့၊ တစ်စုံတစ်ရာကို ကြားလိုက်ရသကဲ့သို့၊ တစ်စုံတစ်ရာကို ခံစားလိုက်ရသကဲ့သို့ပင်။ ထိုမိန်းကလေးက လှည့်ကြည့်လာ၏။
ကောင်းကင်က တိတ်ဆိတ်နေပြီး မိုးကလည်း ငြိမ်သက်သွားသည်။
သူနှင့် ထိုမိန်းကလေးသည် တစ်ယောက်ကိုတစ်ယောက် တိတ်ဆိတ်စွာ စိုက်ကြည့်နေကြ၏။
လေများ တိုက်ခတ်နေဆဲ၊ မိုးများက ရွာသွန်းနေဆဲပင်...