← Chapters

အခန်း ၁၁၄

Vol. 12 Ch. 114

အခန်း ၁၁၄

Vol. 12 Ch. 114

အခန်း (၁၁၄) - ပင်လယ်ပြင်သို့ ထွက်ခွာခြင်း (၁)

ညအမှောင်သည် လေပြင်းများကြားတွင် ပို၍မှောင်မိုက်လွန်းလှသည်။ ကြွေကျနေသော သစ်ရွက်များသည်လည်း လေထဲတွင် ညင်သာစွာ လွင့်မျောနေလေသည်။

အစိမ်းနုရောင် ထီးအောက်တွင် သူမ၏ဝတ်ရုံသည် လေနှင်ရာသို့ လွင့်မျောနေပြီး ဆံနွယ်အချို့က နှင်းပွင့်ကဲ့သို့ ဖြူဖွေးနေသော ပါးပြင်ပေါ်၌ ကပ်ငြိနေလေသည်။

ကျန်းရှောင်ဖန်း ထိုနေရာတွင် ရပ်နေမိ၏။ ထိုခဏ၌ သူ၏စိတ်ထဲတွင် ရှုပ်ထွေးသောအတွေးတစ်ခု ဖြတ်ပြေးသွားလေသည်။

ထူးဆန်းသော ဤညချမ်း၊ သူစိမ်းပြင်ပြင်နေရာ၌ ရင်းနှီးနေသော မိုးရေစက်များက ရွာသွန်းနေပေသည်။

သူသည် မိုးရေထဲသို့ ဖြည်းညင်းစွာ လျှောက်လှမ်းသွားလိုက်၏။

သူ၏အနောက်ဘက် အမှောင်ထုထဲတွင်မူ စူးရှသော မျက်လုံးတစ်စုံက သူ့ကို စိုက်ကြည့်နေချေသည်။

သူ အနီးသို့ ရောက်သွားချိန်တွင်မူ တစ်လောကလုံး ငြိမ်သက်သွားသကဲ့သို့ ခံစားလိုက်ရလေသည်။

သူမ၏ မျက်ဝန်းများသည် သူ၏အရှေ့တည့်တည့်၌ ရှိနေ၏။

အလွန်တရာ နူးညံ့သိမ်မွေ့လှသည်။

“မင်း ဘာလို့ မအိပ်သေးတာလဲ”

ကျန်းရှောင်ဖန်းက ဖြည်းညင်းစွာ မေးလိုက်သည်။

ပိယောင်က မဖြေပေ။ ရွှန်းလဲ့နေသော မျက်ဝန်းအစုံဖြင့် သူ့ကိုသာ စိုက်ကြည့်နေလေသည်။

မိုးရေများက သူ၏အဝတ်အစားများကို စိုရွှဲသွားစေ၏။ ဆံပင်များကြားမှ ကျဆင်းလာသော ပုံဆောင်ခဲသဖွယ် မိုးရေပေါက်လေးများသည် ဆံနွယ်များမှတဆင့် သူ၏ပါးပြင်ပေါ်သို့ လိမ့်ဆင်းသွားလေသည်။

“ရှင်ရောပဲ ဘာလို့မအိပ်သေးတာလဲ”

ကျန်းရှောင်ဖန်းက ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။

“ရှီထုံ ဟောက်တဲ့အသံက အရမ်းဆူလို့ ငါ အိပ်မရတာ”

ပိယောင်မှာ ဆွံ့အသွားပြီး ချက်ချင်းပင် တခစ်ခစ် ရယ်မောလိုက်လေသည်။ သူမ၏ မျက်ဝန်းတစ်ဝိုက်ရှိ အရည်လဲ့နေသော အလင်းရောင်များက ပို၍တောက်ပလာသယောင် ရှိပေသည်။

ကျန်းရှောင်ဖန်း၏ အမြင်တွင် သူမသည် မိုးရာသီညချမ်း၌ ပွင့်လန်းနေသော နှင်းပန်းတစ်ပွင့်နှင့် တူနေသည်။

သူမက ပြုံးလိုက်ပြီး လက်ကမ်းကာ ကျန်းရှောင်ဖန်းကို သူမအနီးသို့ ဆွဲယူလိုက်သည်။ ကျန်းရှောင်ဖန်းလည်း မတတ်သာဘဲ ရှေ့သို့ လှမ်းသွားလိုက်မိသည်။ မိုးရေထဲတွင် အစိမ်းနုရောင် ထီးလေးသည် သူ၏ခေါင်းပေါ်သို့ ရောက်ရှိလာလေသည်။

ထီးကလေးအောက်တွင်မူ သူမ၏ နူးညံ့သော အသက်ရှူသံကိုပင် ကြားနေရသည်။

ကျန်းရှောင်ဖန်း၏ ရင်ခုန်သံများက ပို၍ မြန်ဆန်လာ၏။ သူမကို မကြည့်မိစေရန် အကြည့်ကို လွှဲဖယ်လိုက်သော်လည်း သူမကိုယ်မှ သင်းပျံ့သော ရနံ့လေးက နှခေါင်းဝသို့ တိုးဝှေ့ရစ်သိုင်းနေဆဲပင်။

“မနက်ဖြန် ရှင် လျိုပိုတောင်ကို သွားမှာမလား”

ပိယောင်က တိုးတိတ်စွာ မေးလိုက်၏။

ကျန်းရှောင်ဖန်း၏ ရင်ထဲတွင် လှုပ်ရှားသွားပြီး ပြန်ဖြေလိုက်လေသည်။

“အင်း”

ထို့နောက် သူက ခေါင်းမော့ကာ သူမကို တစ်ချက် ကြည့်လိုက်၏။

“မင်းကရော”

ပိယောင်က ပြုံးလိုက်သည်။

“ကျွန်မလည်း သွားမှာပဲ”

ကျန်းရှောင်ဖန်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်လေသည်။

“ကလေးမဆန်နဲ့။ အဲဒီမှာ လမ်းမှန်ဂိုဏ်းကလူတွေ အများကြီးရှိတာ မင်းမသိဘူးလား။ ငါ့ဆရာက ဒေါသကြီးတယ်။ မင်း အဲဒီကိုသွားရင် အန္တရာယ်ရှိနိုင်တယ်”

ပိယောင်က ဘာမှမပြောဘဲ သူ့ကိုသာ တိတ်ဆိတ်စွာ စိုက်ကြည့်နေ၏။ ကျန်းရှောင်ဖန်းမှာ မသက်မသာ ခံစားရသော်လည်း အဘယ်ကြောင့်မှန်း အတိအကျ မပြောတတ်ချေ။

သို့သော် ဤကဲ့သို့ ညချမ်း၌ သူမနှင့်အတူ ရပ်နေခြင်းက မကောင်းကြောင်းကိုမူ သူ သိနေလေသည်။

“ငါ အရင် ပြန်တော့မယ်”

သူက ပြောလိုက်သည်။

ပိယောင်က ပြန်မဖြေပေ။ ထို့ကြောင့် ကျန်းရှောင်ဖန်းသည် သူမကို ထားရစ်ကာ ပြန်လှည့်လာခဲ့လေသည်။

သို့သော် သူ လမ်းတစ်ဝက်သို့ ရောက်သောအခါ သူ၏အနောက်ဘက် မိုးရေထဲမှ သူမ၏အသံက ရုတ်တရက် ထွက်ပေါ်လာလေသည်။

“ရှောင်ဖန်း....”

ကျန်းရှောင်ဖန်း အံ့အားသင့်သွားရလေသည်။ ပိယောင်က ဤမျှ ရင်းနှီးသော လေသံဖြင့် သူ့ကို ခေါ်ဖူးသည်မှာ ပထမဆုံးအကြိမ်ပင် ဖြစ်ပေသည်။

သူသည် ဖြည်းညင်းစွာ လှည့်ကြည့်လိုက်၏။ သူတို့နှစ်ဦးကြားတွင် မိုးရေများက ခြားနားထားလေသည်။ အကွာအဝေးမှာ ပိုမိုဝေးကွာသွားသကဲ့သို့ ပိယောင်၏မျက်နှာမှာလည်း ပို၍ဝေဝါးလာသည်။ သို့သော် သူမ၏အသံမှာမူ ရှင်းလင်းနေဆဲပင်။

“ တကယ်လို့ သွေးစက်ဂူထဲကနေ ကျွန်မတို့ လွတ်မလာဘဲ အတူသေရမယ်ဆိုရင် အဲဒါက မဆိုးဘူးလားလို့တွေးနေတာ”

ကျန်းရှောင်ဖန်း တုန်လှုပ်သွားပြီးနောက် အတင်းအကြပ် လုပ်ပြုံး ပြုံးလိုက်လေသည်။

“အဲဒီကိစ္စက...... အဓိပ္ပာယ်မရှိတာ နောက်မနေစမ်းပါနဲ့”

ထို့နောက် သူသည် ကမန်းကတန်း ထွက်ခွာသွားလေတော့၏။

ပိယောင်သည် သူ၏ကျောပြင်ကို ငေးကြည့်ရင်း ခေါင်းငုံ့ကာ သူမကိုယ်တိုင်သာ ကြားနိုင်သော လေသံဖြင့် ရေရွတ်လိုက်လေသည်။

“အနည်းဆုံးတော့ ကျွန်မ နောင်တရမှာ မဟုတ်ဘူးလေ”

ကျန်းရှောင်ဖန်းသည် မိုးရေကိုရှောင်ရှားရင်း စင်္ကြံလမ်းပေါ်တွင် လျှောက်လာခဲ့၏။ သူ၏ရင်ထဲတွင် သက်သာရာရသွားလေသည်။

အကြောင်းပြချက် တစ်စုံတစ်ရာကြောင့် မိစ္ဆာဂိုဏ်းမှ မိန်းကလေးပိယောင်နှင့် ရင်ဆိုင်ရချိန်တိုင်း အမြဲတစေ ရင်ထိတ်နေတတ်သည်။ သူမ၏ နောက်ခံအဆင့်အတန်းကြောင့် ဖြစ်ပေါ်လာသော ဖိအားကြောင့်လည်း ဖြစ်နိုင်ပေသည်။

သူ သက်ပြင်းချကာ နောက်သို့လှည့်ကြည့်လိုက်ရာ ထိုမိန်းကလေးသည် မိုးရေထဲတွင် ရပ်နေဆဲဖြစ်ကြောင်း တွေ့လိုက်ရ၏။ သူ ခေါင်းခါလိုက်ပြီးနောက် သူ၏အခန်းဆီသို့ ပြန်လာခဲ့လေသည်။

သူ ထွက်သွားပြီး မကြာမီပင် သူမ၏အနောက်ဘက် အမှောင်ထုမှာ ရုတ်တရက် လှုပ်ရှားသွားလေသည်။

အနက်ရောင်ဝတ်စုံနှင့် မျက်နှာဖုံးကို တပ်ဆင်ထားသော အမျိုးသမီးတစ်ဦး ထွက်ပေါ်လာပြီး သူမ၏အနားသို့ လျှောက်လာလေသည်။

ပိယောင် လှည့်ကြည့်လိုက်ပြီး ပေါ့ပါးစွာ ပြောလိုက်သည်။

“အဒေါ်ယိုကျီ”

အနက်ရောင်ဝတ် အမျိုးသမီးသည် ကျန်းရှောင်ဖန်း၏ ဦးတည်ရာဘက်သို့ ကြည့်လိုက်ပြီး ခံစားချက်ကင်းမဲ့နေသော လေသံဖြင့် ပြောလိုက်၏။

“သွားကြစို့။ လျိုပိုတောင်မှာ မင်းအဖေ မင်းကို စောင့်နေတယ်”

ပိယောင်က ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်လေသည်။

အရုဏ်တက်ချိန်တွင် အိပ်ပျော်ကာစရှိသေးသော ကျန်းရှောင်ဖန်းသည် ရှီထုံ၏ အသံကျယ်ကြီးကြောင့် နိုးလာခဲ့ရလေသည်။

“ညီအစ်ကိုကျန်း ထတော့လေ”

ကျန်းရှောင်ဖန်းသည် အလွန်ခက်ခဲစွာဖြင့် မျက်လုံးများကို ဖွင့်လိုက်ရ၏။ ရှီထုံမှာမူ တက်ကြွလန်းဆန်းနေသည်ကို မြင်လိုက်ရသဖြင့် မနေ့ညက သူ သေချာပေါက် အိပ်ရေးဝခဲ့ကြောင်း ထင်ရှားနေပေသည်။

သူက ခါးသီးစွာ ပြုံးလိုက်သော်လည်း ဘာမှမပြောပေ။ သူ အိပ်ရာမှထကာ ဝေဝါးနေသော မျက်လုံးများဖြင့် မျက်နှာသစ်ရန် ဇလုံဆီသို့ သွားလိုက်၏။ ရှီထုံက သူ၏အိပ်ရာပေါ်တွင် ထိုင်ရင်း ပြုံးကာ ပြောလေသည်။

“ညီအစ်ကိုကျန်း ခင်ဗျားက ဒီလောက်ငယ်ရွယ်ပြီး ကျင့်ကြံသူတစ်ယောက်လည်း ဖြစ်နေတာကို တစ်ညအိပ်ပြီးရင် လန်းဆန်းနေသင့်တာပေါ့”

“အခု ခင်ဗျားပုံစံကို ကြည့်ရတာ မနေ့ညက တစ်ညလုံး မအိပ်ရတဲ့ပုံစံမျိုး ဖြစ်နေတယ်”

ကျန်းရှောင်ဖန်းက စိတ်ထဲမှ ရေရွတ်လိုက်၏။

‘မင်းက ဒီလောက်အကျယ်ကြီး ဟောက်နေမှတော့ ဘယ်သူက အိပ်ပျော်မှာလဲ’

သို့သော် သူက ခါးသီးစွာ ပြုံးလိုက်ပြီး ခေါင်းသာ ညိတ်ပြလိုက်လေသည်။

သူတို့ မျက်နှာသစ်ပြီးနောက် ရှီထုံသည် ပိယောင်ကို နှိုးရန် ကျန်းရှောင်ဖန်းအား ခေါ်သွားလေသည်။ ကျန်းရှောင်ဖန်းမှာ မသွားချင်သော်လည်း ရှီထုံကို ငြင်းဆိုရန် မသင့်တော်ဟု ခံစားရ၏။

မမျှော်လင့်ဘဲ သူတို့ တံခါးကို အချိန်အတော်ကြာ ခေါက်နေသော်လည်း မည်သူကမျှ ပြန်မထူးပေ။ ဧည့်ရိပ်သာပိုင်ရှင်အား သွားရောက်မေးမြန်းရာ ပိယောင်သည် မနေ့ညကတည်းက သူတို့အတွက် တည်းခိုခများကို ရှင်းပေးပြီး ထွက်သွားပြီဖြစ်ကြောင်း သိလိုက်ရလေသည်။

ရှီထုံ အံ့အားသင့်သွားပြီး ထူးဆန်းနေသည်ဟု ခံစားလိုက်ရ၏။ ကျန်းရှောင်ဖန်းသည် ဘေးမှရပ်ကာ တွက်ဆနေလေသည်။

ဧည့်ရိပ်သာပိုင်ရှင် ပြောစကားများအရ သူမသည် သူနှင့် လမ်းခွဲပြီး မကြာမီမှာပင် ထွက်သွားခဲ့ခြင်း ဖြစ်ပေသည်။

မူလက ကျန်းရှောင်ဖန်းသည် ပိယောင်သာ သူတို့နှင့်အတူ လျိုပိုတောင်သို့ လိုက်လာခဲ့လျှင် ဘာလုပ်ရမည်ကို စဉ်းစားကာ ဒုက္ခရောက်နေခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခုကဲ့သို့ အသိမပေးဘဲ ရုတ်တရက် ထွက်သွားခြင်းကြောင့် ဇဝေဇဝါ ဖြစ်သွားလေသည်။

ရှီထုံသည် ကျန်းရှောင်ဖန်းနှင့် တိုင်ပင်ရန် ပြင်လိုက်စဉ် ဧည့်ရိပ်သာပိုင်ရှင်က ရုတ်တရက် မေးလိုက်၏။

“ခွင့်ပြုပါဦး။ လူကြီးမင်းရဲ့ နာမည်က ရှီထုံများလား”

ရှီထုံ အံ့အားသင့်သွားပြီး ဖြေလိုက်သည်။

“မှန်ပါတယ်။ ခင်ဗျား ဘယ်လိုသိတာလဲ”

ဧည့်ရိပ်သာပိုင်ရှင် ဝမ်းသာသွားပြီး ကောင်တာအောက်မှ စာတစ်စောင်ကို ထုတ်ယူကာ ပြောလိုက်လေသည်။

“ဒီမနက်က ဧည့်သည်တစ်ယောက်က ရှီထုံလို့ခေါ်တဲ့ လူငယ်တစ်ယောက်ကို ဒီစာ ပေးပေးဖို့ ကျွန်တော့်ကို အပ်သွားခဲ့တယ်။ အဲဒါ ခင်ဗျားပဲ ဖြစ်ရမယ်”

ရှီထုံ စာကို ယူလိုက်ရာ သူ၏နာမည် အမှန်တကယ် ပါရှိနေသည်ကို တွေ့လိုက်ရသဖြင့် ဖွင့်ကြည့်လိုက်၏။ ကျန်းရှောင်ဖန်းလည်း သတိပြန်ဝင်လာပြီး ရှီထုံကို ကြည့်လိုက်လေသည်။

ရှီထုံ စာကို ဖတ်နေစဉ် သူ၏မျက်မှောင်များမှာ တဖြည်းဖြည်း ကြုတ်လာပြီးနောက် အာမေဍိတ်သံဖြင့် ရေရွတ်လိုက်၏။

“ဆရာ”

ကျန်းရှောင်ဖန်း အံ့သြသွားလေသည်။

“မင်းဆရာက ဘာဖြစ်လို့လဲ”

ရှီထုံက ခေါင်းခါလိုက်၏။

“မသိဘူး။ ဒါပေမဲ့ ဒီစာကို ငါ့ဆရာက ရေးထားတာ။ အနောက်ဘက်က မြေစောင့်နတ်ကျောင်းကို အမြန်ဆုံး လာခဲ့ဖို့ ပြောထားတယ်။ ညီအစ်ကိုကျန်း၊ ကြည့်ရတာ ငါတို့ အခုလောလောဆယ် လမ်းခွဲရတော့မယ်ထင်တယ်”

ကျန်းရှောင်ဖန်းက ခေါင်းညိတ်လိုက်လေသည်။

“ကိစ္စမရှိပါဘူး။ မင်းသွားဖို့ အဆင်ပြေပါတယ်။ ငါလည်း လျိုပိုတောင်ကို မြန်မြန်သွားပြီး ငါ့ဆရာနဲ့ သွားတွေ့ရဦးမှာ”

ရှီထုံက ပြုံးလိုက်သည်။

“ငါ့ဆရာနဲ့ တွေ့ပြီး စကားပြောပြီးရင် ဆရာကလည်း လျိုပိုတောင်ကို လာမှာသေချာတယ်။ အဲဒီအခါကျရင် ငါတို့ ပြန်ဆုံကြတာပေါ့”

ကျန်းရှောင်ဖန်းသည် သူ့ကို သိကျွမ်းခဲ့သည်မှာ မကြာသေးသော်လည်း သူနှင့်ပတ်သက်၍ အလွန်ရင်းနှီးသော ခံစားချက်မျိုး ရှိနေလေသည်။ သူက ပြုံးလိုက်၏။

“ကောင်းပြီလေ”

ရှီထုံက ပြုံးလိုက်ပြီး လှည့်ထွက်သွားလေတော့သည်။

ကျန်းရှောင်ဖန်းသည် သူ့ကို တည်းခိုခန်း အပေါက်ဝအထိ လိုက်ပို့ခဲ့ပြီး လူအုပ်ကြားထဲတွင် သူ၏ခန္ဓာကိုယ်ကြီး ပျောက်ကွယ်သွားသည်အထိ ငေးကြည့်နေခဲ့သည်။

သူ ထိုနေရာတွင် ခေတ္တမျှ ငေးမောရပ်နေပြီးနောက် အရှေ့ဘက်သို့ လှည့်ကာ ဆက်လက်ထွက်ခွာလာခဲ့လေသည်။

သူတို့ ထွက်သွားပြီး အချိန်အတော်ကြာသောအခါ ဟိုင်ယွင်လော့တည်းခိုခန်း၏ ဧည့်ခန်းမဆောင်ထဲမှ ကျိုးယီရှန်နှင့် သူ၏မြေးမလေး ရှောင်ဟွမ်တို့ ဖြည်းညင်းစွာ ထွက်လာကြလေသည်။

ရှောင်ဟွမ်က တိုးတိတ်စွာ ပြောလိုက်သည်။

“တော်သေးတာပေါ့။ ရန်သူဟောင်းနဲ့ တည့်တည့်တိုးတော့မလို့။ အကုန်လုံး အဘိုးကြောင့်ပဲလေ”

“ဘယ်နေရာရောက်ရောက် ခြေတစ်လှမ်းမှားတာနဲ့ အဘိုး လိမ်ထားတဲ့လူတွေနဲ့ သွားသွားတိုးတော့တာပဲ။ ဒီလောကမှာ အနစ်နာရဆုံးလူက သမီးပဲ ဖြစ်မယ်”

ထို့နောက် သူမက ကျိုးယီရှန်ကို မျက်စောင်းထိုးကာ ပြောလိုက်လေသည်။

ကျိုးယီရှန်သည် ရှောင်ဟွမ်ကို မျက်စောင်းပြန်ထိုးလိုက်ပြီး သူမကို လျစ်လျူရှုထားလိုက်၏။

ဧည့်ရိပ်သာပိုင်ရှင်သည် ကျိုးရိရှန် ထွက်လာသည်ကို မြင်သောအခါ အနီးသို့ လာရောက်နှုတ်ဆက်ပြီး လက်ဖက်ရည်နှင့် အစားအသောက်များ တည်ခင်းကာ လှိုက်လှဲပျူငှာစွာ ဆက်ဆံလေသည်။

ကျိုးယီရှန်ကလည်း အားနာခြင်းမရှိဘဲ ရှောင်ဟွမ်နှင့်အတူ ခမ်းနားစွာ ထိုင်ချလိုက်ပြီး ဧည့်ရိပ်သာပိုင်ရှင်နှင့် စကားစမြည် ပြောဆိုလေတော့သည်။

ဧည့်ရိပ်သာပိုင်ရှင်က ပြောလိုက်၏။

“အင်မော်တယ်ကြီး၊ ခင်ဗျား သိပြီးပြီလား။ မနေ့ညက ချန်ဟယ်မြို့ရိုးအပြင်ဘက်မှာ ပြဿနာကြီးတစ်ခု ဖြစ်သွားတယ်”

ကျိုးယီရှန် အံ့သြသွားလေသည်။

“ဘာဖြစ်လို့လဲ”

“ကျွန်တော်လည်း သေချာတော့ မသိဘူး။ ကြားရသလောက်တော့ ဒီကို ရောက်နေတဲ့ လမ်းမှန်ကျင့်ကြံသူတွေနဲ့ မိစ္ဆာဂိုဏ်းသားတွေ မနေ့ညက မြို့အနောက်ဘက်မှာ ဆုံပြီး နှစ်ဖက် အပြင်းအထန် တိုက်ခိုက်ကြတယ်တဲ့”

“အနောက်ဘက်က လူတွေပြောတာတော့ တိုက်ပွဲက အရမ်းပြင်းထန်လွန်းလို့ မြို့ရိုးတောင် တုန်ခါသွားတယ်လို့ ပြောကြတယ်”

ကျိုးယီရှန်က မေးလိုက်လေသည်။

“မိစ္ဆာဂိုဏ်းနဲ့ လမ်းမှန်ဂိုဏ်းတွေ စတင်တိုက်ခိုက်နေကြပြီလား”

ဧည့်ရိပ်သာပိုင်ရှင်က ပခုံးတွန့်ကာ ပြောလိုက်၏။

“ဒီသတင်းက ဒီမနက်မှ ပြန့်လာတာဆိုတော့ အတုတော့ မဖြစ်နိုင်ဘူး”

ထို့နောက် သူက စိုးရိမ်တကြီးဖြင့် ဆက်ပြောလေသည်။

“အင်မော်တယ်ကြီး၊ လမ်းမှန်ဂိုဏ်းတွေက ကျင့်ကြံသူတွေဆိုတော့ မိစ္ဆာဂိုဏ်းသားတွေကလည်း ပုံမှန်အားဖြင့် ကျွန်တော်တို့လို သာမန်လူတွေအပေါ် ဒေါသပုံချမှာ မဟုတ်ဘူး”

“ဒါပေမဲ့ ဆရာကြီးက ကျင့်ကြံမှု နက်ရှိုင်းတော့ တစ်ယောက်ယောက်က မိစ္ဆာဂိုဏ်းကို နှိမ်နင်းဖို့ အကူအညီတောင်းလာခဲ့ရင် ဆရာကြီးလည်း ဂရုစိုက်ဖို့ လိုမယ်နော်”

“အဟွတ်....”

ရှောင်ဟွမ်က မအောင့်နိုင်တော့ဘဲ လက်ဖက်ရည်များကို အန်ထုတ်လိုက်မိလေသည်။

ကျိုးယီရှန်က ရှောင်ဟွမ်ကို စိုက်ကြည့်လိုက်၏။ ရှောင်ဟွမ်က သူမ၏ရယ်ချင်စိတ်ကို အတင်းအကြပ် အောင့်ထားလိုက်ရသည်။

ဧည့်ရိပ်သာပိုင်ရှင်ထံမှ စိုးရိမ်နေသော အကြည့်ကို မြင်သောအခါ သူမက ပုံမှန်လေသံဖြင့် ပြောနိုင်ရန် ကြိုးစားလိုက်လေသည်။

“အာ... ဦးလေးဝမ်၊ ကျွန်မ အဆင်ပြေပါတယ်။ ဒီတိုင်း ... ရေသောက်ရင်း သီးသွားလို့ပါ။ အဟွတ်....အဟွတ်... သီးသွားလို့”

အရှေ့ပင်လယ် လျိုပိုတောင်သည် ပင်လယ်ပြင်အတွင်း မိုင်ခုနစ်ထောင်ခန့် ကွာဝေးပြီး လောကကြီး၏ အရှေ့ဘက်အကျဆုံး နေရာတစ်ခု ဖြစ်ပေသည်။ ထိုမှလွန်လျှင် အဆုံးအစမဲ့သော ပင်လယ်ပြင်ကြီးသာ ရှိတော့သည်။

ဤကဲ့သို့ ဝေးလံခေါင်ဖျားသော နေရာမျိုးတွင် လူသားများ နေထိုင်ခြင်း မရှိပေ။ မမျှော်လင့်ဘဲ ကျန်းရှောင်ဖန်းနှင့် အခြားသူများ ကုန်းစွန်းတောင်သို့ ထွက်ခွာသွားပြီးနောက် ရက်အနည်းငယ်အကြာတွင် မိစ္ဆာကျင့်ကြံသူများ နေရာအနှံ့အပြား၌ ရုတ်တရက် ပေါ်ထွက်လာကြလေသည်။

ရက်အနည်းငယ်အတွင်း များစွာသောဂိုဏ်းများသည် မိစ္ဆာဂိုဏ်းတို့၏ ချေမှုန်းဖျက်ဆီးခြင်းကို ခံလိုက်ရ၏။ ဤအဖြစ်အပျက်က လောကကြီးကို ချက်ချင်းပင် တုန်လှုပ်သွားစေခဲ့သည်။

မိစ္ဆာဂိုဏ်းသည် နှစ်ရှစ်ရာအကြာတွင် ကြီးမားသော အဟုန်ဖြင့် တစ်ဖန် ပြန်လည် နိုးထလာခဲ့လေပြီ။

လမ်းမှန်ဂိုဏ်းများ အကြားတွင် ချင်းယွင်ဂိုဏ်း၊ ထျန်းယင်ကျောင်းတော်၊ ဖန်ရှန်းတောင်ကြားနှင့် အခြားဂိုဏ်းများသည် ချက်ချင်းပင် အစည်းအဝေးခေါ်ယူကာ တိုင်ပင်ဆွေးနွေးခဲ့ကြလေသည်။

ထိုအချိန်မှာပင် ဝေးလံခေါင်ဖျားသော အရှေ့ပင်လယ် လျိုပိုတောင်၌ မိစ္ဆာဂိုဏ်းသား အမြောက်အမြား စုဝေးနေကြကြောင်း သတင်းက ဖန်ရှန်းတောင်ကြားဆီသို့ ရောက်ရှိလာ၏။ သူတို့ ဘာတွေ ကြံစည်နေကြသနည်း။

ဖြောင့်မတ်မှန်ကန်မှုကိုသာ အရာအားလုံးထက် ရှေ့တန်းတင်သော လမ်းမှန်ဂိုဏ်းသားများမှာ ဒေါသထွက်သွားကြလေသည်။

မကြာမီပင် အဓိကဂိုဏ်းကြီး သုံးဂိုဏ်း၏ ဦးဆောင်မှုဖြင့် ကျင့်ကြံမှုမြင့်မားသော အကြီးအကဲများက ထူးချွန်သော တပည့်များကို ဦးဆောင်ကာ အရှေ့ပင်လယ် လျိုပိုတောင်သို့ ထွက်ခွာလာကြလေသည်။

All Chapters