အခန်း ၁၁၆
Vol. 12 Ch. 116
အခန်း (၁၁၆) - ကွဲကြေသွားသော နှလုံးသား (၁)
မိမိမျက်နှာကို ရိုက်ပုတ်လိုက်ပြီးနောက် ကျန်းရှောင်ဖန်းသည် အသက်ရှူအနည်းငယ် မမှန်ဘဲ ထိုနေရာ၌ ရပ်နေမိ၏။
အတန်ကြာမှသာ သူ၏ စိတ်ခံစားချက်များ ငြိမ်သက်သွားကာ ခေါင်းခါလျက် ခါးသက်စွာ ပြုံးလိုက်ပြီး မိမိကိုယ်ကိုယ် ပြန်ပြောလိုက်လေသည်။
“ကျန်းရှောင်ဖန်း... ကျန်းရှောင်ဖန်း... မင်းက ဘယ်အဆင့်မို့လို့လဲ။ ချင်းယွင်ဂိုဏ်းရဲ့ သာမန်တပည့်တစ်ယောက်ကများ ဘိုးဘေးတွေရဲ့ ဖြောင့်မတ်မှန်ကန်မှုကို သံသယဝင်ရဲသေးတယ်”
“ကိုယ့်အဆင့်ကိုယ် မသိတာပဲ။ ချင်းယွင်ဂိုဏ်းက ဒီလိုရပ်တည်လာခဲ့တာ နှစ်ထောင်ချီနေပြီ။ တစ်လောကလုံးကတောင် ကြည်ညိုလေးစားနေကြတာ၊ သူတို့မှန်တာပေါ့။ မင်းက ဘာကို သံသယဝင်စရာ ရှိလို့လဲ”
ထိုသို့တွေးလိုက်မိသည်နှင့် သူ၏စိတ်များ ပေါ့ပါးသွားလေသည်။ ၎င်းမှာ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်ခြင်းသာ ဖြစ်သော်လည်း အလွန်ပင် ထိရောက်မှုရှိပေသည်။ ဤမေးခွန်းကို ဆက်လက်မတွေးတောတော့ဘဲ သူသည် အေးချမ်းစွာ လှဲလျောင်းလိုက်သည်။
သူ သက်တောင့်သက်သာ မဖြစ်မီမှာပင် ရုတ်တရက် လေထုထဲမှ စူးရှသော လေချွန်သံတစ်ခု ထွက်ပေါ်လာကာ ကျွန်းပေါ်ရှိ မူလကဆိတ်ငြိမ်နေသော လှိုင်းသံနှင့် လေသံတို့ကို ဖြတ်တောက်သွားလေသည်။
ကျန်းရှောင်ဖန်းသည် ချက်ချင်းထခုန်လိုက်ပြီး ခေါင်းမော့ကြည့်လိုက်ရာ ညကောင်းကင်ယံတွင် ကြယ်တံခွန်တစ်ခုပမာ ကောင်းကင်ကို ဖြတ်သန်းသွားသော အဖြူရောင်အလင်းတန်းတစ်ခုကို မြင်လိုက်ရသည်။
ထိုအလင်းတန်းနောက်တွင် အနီ၊ အဝါနှင့် အဖြူရောင် အလင်းတန်းများစွာ ထပ်ကြပ်မကွာ လိုက်ပါလာပေသည်။
ထိုသူများမှာ ကောင်းကင်ယံ၌ တိုက်ခိုက်နေကြသော ကျင့်ကြံသူများဖြစ်ကြောင်း ကျန်းရှောင်ဖန်း ရိပ်မိလိုက်သည်။ အရှေ့မှလူမှာ ထွက်ပြေးနေခြင်းဖြစ်ပြီး နောက်မှလူများက လိုက်လံဖမ်းဆီးနေခြင်း ဖြစ်လေသည်။
ဤကဲ့သို့ ခေါင်ဖျားသော နေရာမျိုးတွင် မည်သူမျှ မရှိသင့်ပေ။ ယခု လူများ တိုက်ခိုက်နေကြပြီဆိုလျှင် ၎င်းမှာ လမ်းမှန်ဂိုဏ်းများနှင့် နတ်ဆိုးဂိုဏ်းများကြားမှ တိုက်ပွဲသာ ဖြစ်ရမည်။
ကျန်းရှောင်ဖန်းသည် အရှေ့ပင်လယ်အတွင်း၌ ရှာဖွေနေခဲ့သည်မှာ ရက်အတော်ကြာပြီ ဖြစ်၏။ သူသည် အလောတကြီးဖြစ်နေရာ ယခု တစ်ဖက်မှလူများသည် လမ်းမှန်ဂိုဏ်းများမှ ဖြစ်မည်ကို မြင်လိုက်ရသဖြင့် တုံ့ဆိုင်းမနေတော့ပေ။
သူက လက်ညှိုးထိုးလိုက်ရာ ဝိညာဉ်ဝါးမျိုတုတ်သည် လေထဲသို့ မြောက်တက်သွားပြီး ကောင်းကင်ယံသို့ ထိုးတက်သွားလေသည်။
ကျန်းရှောင်ဖန်းသည် ဝိညာဉ်ဝါးမျိုတုတ်ပေါ်သို့ စီးနင်းလိုက်ရာ ညအမှောင်ထုအောက်တွင် ကောင်းကင်ယံသို့ လျင်မြန်စွာ ပျံသန်းသွားသည်။
သို့သော် ကောင်းကင်ယံမှ လူများသည် ကျွန်းပေါ်တွင် လူရှိနေနိုင်သည်ကို သတိပြုမိပုံ မပေါ်ပေ။ ထွက်ပြေးနေသူက ချုံခိုတိုက်ခိုက်ခြင်းဟု ထင်မှတ်ပြီး လိုက်ဖမ်းနေသူများကလည်း ထောင်ချောက်ဟု ထင်မှတ်သွားကြသည်။
နှစ်ဖက်လုံး အော်ဟစ်လိုက်ကြကာ အရှေ့မှ အဖြူရောင်အလင်းတန်းသည် ပြန်လှည့်လာပြီး နောက်မှ အနီ၊ အဝါနှင့် အဖြူရောင် အလင်းတန်းများကလည်း လှည့်ကာ ကျန်းရှောင်ဖန်းထံသို့ ဝိုင်းဝန်း တိုက်ခိုက်လာကြသည်။
ကျန်းရှောင်ဖန်း အံ့အားသင့်သွားပြီး အရှေ့အနောက် ရန်သူများနှင့် ရင်ဆိုင်ရသည့် အခြေအနေသို့ ကျရောက်သွားလေသည်။
သို့သော် ထိုမှော်လက်နက်များ၏ အမြန်နှုန်းမှာ အလွန်လျင်မြန်လှရာ သူ့အတွက် ရှင်းပြနေရန် အချိန်မရှိတော့ပေ။ သူသည် မိမိကိုယ်ကိုယ် ရပ်တန့်လိုက်ပြီး ကျောက်တုံးတစ်တုံးကဲ့သို့ အောက်သို့ ပြုတ်ကျသွားအောင် ဖန်တီးလိုက်ရသည်။
ကောင်းကင်မှ လူလေးဦးမှာ ကျွမ်းကျင်ပြီး တုံ့ပြန်မှု မြန်ဆန်ကြရာ ဖြစ်ပျက်သွားသည်ကို လျင်မြန်စွာ ရိပ်မိသွားကြသည်။
သူတို့၏ မှော်လက်နက်များ ခေတ္တရပ်တန့်သွားပြီးနောက် သားကောင်ကို လွတ်မပေးလိုသော ကျောကုန်းပေါ်မှ အဆိပ်ဆူးတစ်ခုကဲ့သို့ အောက်ဘက်သို့ ထပ်ကြပ်မကွာ လိုက်ဆင်းလာကြသည်။
သို့သော် တစ်ဖက်ရန်သူကလည်း မဖိတ်ခေါ်ဘဲ ရောက်လာသူကို သတ်ဖြတ်ရန် ကြိုးစားနေသည်ကို တွေ့ရှိရသောအခါ နှစ်ဖက်လုံးက အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။
သနားစရာ ကျန်းရှောင်ဖန်းမှာသာ အထင်လွဲခံရသူ ဖြစ်သွားရှာသည်။ သူ့ကို မှော်လက်နက် လေးခုက လိုက်လံတိုက်ခိုက်နေရာ တစ်ချက်မှားယွင်းသွားသည်နှင့် သူ၏ခန္ဓာကိုယ်မှာ ဇကာပေါက် ဖြစ်သွားနိုင်သည်။
နောက်ကျောမှ လေတိုက်ခတ်သံများ ပိုမိုနီးကပ်လာသည်ကို ကြားလိုက်ရသောအခါ ကျန်းရှောင်ဖန်းသည် အံကိုတင်းတင်းကြိတ်လိုက်ပြီး လွတ်မြောက်နိုင်တော့မည် မဟုတ်ကြောင်း သိလိုက်သည်။
သူ လှည့်ပတ်ကြည့်လိုက်ရာ လျှပ်စီးများကဲ့သို့ ရောက်ရှိလာသော အလင်းတန်း လေးခုကို မြင်တွေ့လိုက်ရသဖြင့် အော်ဟစ်လိုက်လေသည်။
ဝိညာဉ်ဝါးမျိုတုတ်သည် အစိမ်းရောင်အလင်းတန်းများ တောက်ပလာပြီး ဤတိုက်ခိုက်မှုကို သူ၏ကိုယ်စား ကာကွယ်ပေးလိုက်လေသည်။
တိတ်ဆိတ်နေသော ပင်လယ်ပြင်ထက်တွင် ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာ၏။ အလင်းတန်းလေးခုလုံး အနောက်သို့ လွင့်စင်သွားကြသည်။
ကျန်းရှောင်ဖန်းနှင့် ဝိညာဉ်ဝါးမျိုတုတ်တို့မှာ ကောင်းကင်ယံမှ ရေထဲသို့ ပြင်းထန်စွာ ပြုတ်ကျသွားလေသည်။
ရေမျက်နှာပြင်ပေါ်တွင် ကြီးမားသော လှိုင်းဂယက်များ ထလာ၏။ ကောင်းကင်မှ လူလေးဦးမှာ ထွက်ပြေးသူကလည်း မပြေးတော့သလို လိုက်ဖမ်းသူများကလည်း မဖမ်းတော့ဘဲ ထိုနေရာတွင်သာ ရပ်နေကြလျက် တစ်စုံတစ်ရာ ထူးဆန်းနေသည်ဟု ခံစားနေကြရသည်။
အတန်ကြာပြီးနောက် ရေမျက်နှာပြင်ပေါ်သို့ လူတစ်ဦး ဖြည်းညင်းစွာ ပေါ်လာပြီး လက်မောင်းများနှင့် ခြေထောက်များဆန့်ကာ သတိလစ်လျက် ပေါလောပေါ်လာတော့သည်။
ကောင်းကင်မှ လူလေးဦးမှာ အောက်သို့ ဆင်းသက်လာကြပြီး တစ်ချိန်တည်းမှာပင် အချင်းချင်း သတိထားမိလိုက်ကြသည်။
သူတို့သည် ရေမျက်နှာပြင်နှင့် ပိုမိုနီးကပ်လာကြပြီး ကြယ်ရောင်အောက်တွင် ရေထဲမှလူ၏ မျက်နှာကို မြင်နိုင်ရန် ကြိုးစားကြည့်လိုက်ကြလေသည်။
“ရှောင်ဖန်း...”
နှစ်ဖက်လုံးမှ အော်ဟစ်သံများ ထွက်ပေါ်လာလေသည်။
အေးစက်နေသော ပင်လယ်ရေထဲတွင် စိမ်နေရသဖြင့် ဤခံစားချက်က ကျန်းရှောင်ဖန်းအား စွန့်ပစ်ချောက်ကမ်းပါးရှိ အဆုံးမဲ့ချောက်နက်ကြီး အောက်ပိုင်းရှိ ကရုဏာမဲ့ပင်လယ်ထဲတွင် ရှိနေဆဲဟု ထင်မှတ်သွားစေသည်။ သို့သော် ကောင်းကင်တွင် တောက်ပသော ကြယ်များ အဘယ်ကြောင့် ရှိနေရသနည်း။
သူ ခေါင်းကိုခါယမ်းလိုက်ပြီး သတိပြန်လည်လာ၏။ သူသည် ကမ်းစပ်တွင် လှဲလျောင်းနေကြောင်း တွေ့လိုက်ရသည်။ သဲသောင်ပြင် အဝေးတစ်နေရာတွင် လူလေးဦး ရပ်နေကြသည်။
တစ်ဖက်တွင် အစိမ်းရောင်ဝတ်စုံနှင့် မိန်းကလေးတစ်ဦး ရှိ၏။ အခြားတစ်ဖက်တွင် မိန်းကလေးတစ်ဦးနှင့် အမျိုးသားနှစ်ဦး ရှိပြီး သူတို့၏ ဝတ်စားဆင်ယင်မှုအရ ချင်းယွင်ဂိုဏ်းမှ ဖြစ်ကြောင်း သိနိုင်လေသည်။
ကျန်းရှောင်ဖန်းသည် ထိုမိန်းကလေးနှင့် အမျိုးသားနှစ်ဦးဆီသို့ လှမ်းကြည့်လိုက်သည်။ အမျိုးသားနှစ်ဦးမှာ ရင်းနှီးနေပြီး သူတို့မှာ စီနီယာအစ်ကိုကြီး စုန့်တာ့ရန်နှင့် တုပီးရှုတို့ ဖြစ်ကြ၏။
အနီရောင်ဝတ်စုံနှင့် မိန်းကလေးမှာလည်း အလွန်ရင်းနှီးနေလေသည်။
ချက်ချင်းပင် သူ၏သွေးများ ဆူပွက်လာကာ စိတ်ထဲတွင် အသံများ မြည်ဟည်းနေပြီး အခြားမည်သည့်အတွေးမျှ မရှိတော့ဘဲ သူမကိုသာ စိုက်ကြည့်လျက် အော်ခေါ်လိုက်လေသည်။
“စီနီယာအစ်မ”
အနီရောင်ဝတ် မိန်းကလေးသည် အသံကိုကြားသောအခါ လှည့်ကြည့်၍ ပြုံးလိုက်၏။ အထီးကျန်ဆန်သော ကျွန်းလေးနှင့် ဝမ်းနည်းဖွယ် ည၏အရောင်အသွေးတို့မှာ တောက်ပလာသကဲ့သို့ ရှိနေသည်။
“ကောင်စုတ်လေး... နင် ဒီလောက် အလွယ်တကူ သေမှာမဟုတ်ဘူးဆိုတာ ငါသိသားပဲ”
မည်သည့်စကားလုံးက ထိုသို့သော စိတ်လှုပ်ရှားမှုကို ဖော်ပြနိုင်မည်နည်း။ ကျန်းရှောင်ဖန်း၏ စိတ်ထဲတွင် စကားလုံးပေါင်း ထောင်သောင်းမက၊ အဆုံးမဲ့ အတွေးများနှင့် ခါးသီးမှုများစွာ ပြည့်နှက်နေ၏။
ခက်ခဲသောအချိန်များအတွင်း ကုန်လွန်ခဲ့သော နေ့ရက်များ၏ အတွေးများက သူ၏ဦးနှောက်ထဲသို့ ဝင်ရောက်လာလေသည်။ ချိုမြိန်စွာ ပြုံးနေသော လှပသည့်မိန်းမပျိုလေးကို မြင်လိုက်ရချိန်တွင် သူ၏နှလုံးသားမှာ နာကျင်သွားပြီး မျက်ရည်များ ကျဆင်းလာလေသည်။
‘စီနီယာအစ်မ... စီနီယာအစ်မ... စီနီယာအစ်မ’
သူ၏နှလုံးသားက မရေတွက်နိုင်အောင် အကြိမ်ကြိမ် ခေါ်ဆိုနေခဲ့မိသည်။ ယခုသူ၏ရှေ့မှောက်တွင် ရုတ်တရက် ပေါ်လာသောအခါ အခြားဘာကိုမျှ မမြင်နိုင်တော့ပေ။
သို့သော် ရုတ်တရက် ဒေါသတကြီး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာလေသည်။
“ကျန်းရှောင်ဖန်း... ကောင်စုတ်၊ ငါ့ကိုတောင် လှည့်မကြည့်ဘူးလား”
ကျန်းရှောင်ဖန်း အံ့အားသင့်သွား၏။ သူသာမက ထျန်းလင်းအာနှင့် အခြားသူများလည်း အံ့အားသင့်သွားကြသည်။ ကျန်းရှောင်ဖန်း လှည့်ကြည့်လိုက်ရာ ဤအံ့ဩမှုမှာ သာမန်မဟုတ်ချေ။
လရောင်နှင့် ကြယ်ရောင်တို့သည် ဤအထီးကျန်ကျွန်း၏ သဲသောင်ပြင်ပေါ်သို့ အေးစက်စွာ ကျရောက်နေသည်။
ရေကဲ့သို့ ကြည်လင်သော အစိမ်းရောင်ဝတ်စုံနှင့် မိန်းကလေးတစ်ဦးသည် သူမ၏မျက်နှာတွင် ဒေါသများထွက်ပေါ်နေလျက် သူမ၏ တောက်ပသော မျက်လုံးများဖြင့် ကျန်းရှောင်ဖန်းအား စိုက်ကြည့်နေ၏။ ထိုသူမှာ ပိယောင် မဟုတ်ပါလော။
သူမနှင့် ရင်ဆိုင်ရချိန်တွင် ကျန်းရှောင်ဖန်း စိုးရိမ်တကြီး ဖြစ်သွားလေသည်။ သူ၏လျှာမှာ လိပ်သွားပြီး အထစ်ထစ်အငေါ့ငေါ့ ဖြစ်သွားကာ ရေရွတ်လိုက်သည်။
“မင်း... မင်း ဘာလို့ ဒီရောက်နေတာလဲ”
ပိယောင်သည် သူ့ကို စိုက်ကြည့်နေသော်လည်း ပြန်မဖြေချေ။ သူမ၏ မျက်လုံးများက ထျန်းလင်းအာ၏ မျက်နှာကို အကဲခတ်လိုက်ရာ သူမမှာ လှပပြီး ဆွဲဆောင်မှုရှိသည်ကို မြင်လိုက်ရသဖြင့် သူမ၏နှလုံးသားထဲတွင် မီးတောက်တစ်ခု ဟုန်းခနဲ တောက်လောင်သွားလေသည်။
ထိုသန်းခေါင်ယံတွင် ပိယောင်သည် ချန်ဟယ်မြို့မှ ဟိုင်ယွင်လော့တွင် အနက်ရောင်ဝတ် အမျိုးသမီးနှင့်အတူ ထွက်ခွာသွားပြီးနောက် မြို့ပြင်တွင် သူမ၏ဖခင်နှင့် တွေ့ဆုံခဲ့သည်။
ထို့နောက် ဖခင်ဖြစ်သူနှင့်အတူ အရှေ့ပင်လယ် လျိုပိုတောင်သို့ လိုက်ပါသွားပြီး အခြားသူများနှင့် ပူးပေါင်းကာ လျိုပိုတောင်တွင် အရေးကြီးသော ကိစ္စတစ်ခုကို ပြုလုပ်ရန် ပြင်ဆင်ခဲ့ကြသည်။
လမ်းမှန်ကျင့်ကြံသူများကလည်း တစ်ချိန်တည်းမှာပင် ရောက်ရှိလာခဲ့ကြသည်။ နှစ်ဖက်စလုံးသည် ရက်အတော်ကြာ အချင်းချင်း ရင်ဆိုင်နေခဲ့ကြလေသည်။
ရက်များကို တွက်ချက်ကြည့်ပြီးနောက် ပိယောင်က ကျန်းရှောင်ဖန်း ရောက်ရှိလာသင့်ပြီဟု ခန့်မှန်းခဲ့သည်။
သွေးစက်ဂူရှိ အဆုံးမဲ့ချောက်နက်ကြီး အောက်တွင် အတူတကွ သေလုမျောပါး အတွေ့အကြုံများကို ဖြတ်သန်းခဲ့ရပြီးနောက် နောက်ပိုင်းခရီးစဉ်များတွင်လည်း အချင်းချင်း ပြန်လည်တွေ့ဆုံခဲ့ကြရာ ပိယောင်သည် ကျန်းရှောင်ဖန်းအပေါ် ထူးဆန်းသော ခံစားချက်တစ်ခု ရှိနေခဲ့လေပြီ။
ယနေ့တွင်မူ သူမ ထပ်မံ၍ သည်းမခံနိုင်တော့ဘဲ ကျန်းရှောင်ဖန်းကိုသာ ထပ်မံတွေ့မြင်လိုခဲ့၏။ ထို့ကြောင့် သူမ ခိုးထွက်လာပြီး ချင်းယွင်ဂိုဏ်းသားများ နေထိုင်ရာကို ရှာဖွေခဲ့သော်လည်း ကျန်းရှောင်ဖန်းကို မတွေ့ရဘဲ ထျန်းလင်းအာနှင့် အခြားသူများ၏ ရှာဖွေတွေ့ရှိခြင်းကို ခံလိုက်ရလေသည်။
တကယ်တမ်းတွင် ကျန်းရှောင်ဖန်းသည် လျိုပိုတောင်သို့ ရောက်ရှိနေသင့်ပြီ ဖြစ်၏။
သို့သော် ကျန်းရှောင်ဖန်း အရှေ့ပင်လယ်တွင် လမ်းပျောက်ပြီး ရက်အနည်းငယ် ကြန့်ကြာသွားမည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ချေ။ ပိယောင်ကမူ ရက်အနည်းငယ် စော၍ ရောက်ရှိနေခဲ့ခြင်း ဖြစ်လေသည်။
ယနေ့ညတွင် သူမ မျှော်လင့်ထားသည့်အတိုင်း ကျန်းရှောင်ဖန်းကို ကျွန်းပေါ်တွင် တွေ့ရှိလိုက်ရသဖြင့် ပိယောင် အလွန်ဝမ်းသာသွားပြီး သူ့ကို မတော်တဆ ထိခိုက်မိသွားသည့်အတွက် အနည်းငယ် တောင်းပန်ချင်စိတ် ဖြစ်မိလေသည်။
သို့သော် ကျန်းရှောင်ဖန်း နိုးလာသောအခါ သူမက သူ့ကို ဒဏ်ရာရမရ မစစ်ဆေးနိုင်မီမှာပင် ထိုကောင်စုတ်လေးမှာ သူ့ကိုယ်သူ ဘယ်သူမှန်းပင် မသိနိုင်လောက်အောင် သူ၏ စီနီယာအစ်မဖြစ်သူ၏ ဖမ်းစားခြင်းကို ခံနေရသည်ကို တွေ့လိုက်ရသည်။
ပိယောင်၏ ဒေါသများ ထောင်းခနဲ ထွက်လာပြီး တောင်းပန်ချင်စိတ်များ လွင့်စင်သွားကာ ထိုကောင်လေးကို ဆွဲယူ၍သာ ရိုက်နှက်ပစ်ချင်စိတ် ပေါ်လာတော့သည်။
ကျန်းရှောင်ဖန်းသည် ပိယောင်၏ ဒေါသထွက်နေသော မျက်နှာကို ကြည့်လိုက်ပြီးနောက် သူ၏ စီနီယာအစ်မဆီသို့ လှည့်ကြည့်လိုက်ရာ ထျန်းလင်းအာနှင့် စီနီယာအစ်ကို နှစ်ဦး၏ မျက်လုံးများ ပြူးကျယ်နေပြီး တွေဝေနေကြသည်ကို တွေ့လိုက်ရလေသည်။
သူသည် အလယ်တွင် ရောက်နေ၏။ သူ၏ စီနီယာအစ်ကိုနှင့် အစ်မတို့ကို ရှင်းပြလိုသော်လည်း မည်သို့ပြောရမည်ကို မသိတော့ချေ။
ပိယောင်ဘက်သို့ လှည့်ကြည့်လိုက်ရာ ထိုနတ်ဆိုးဂိုဏ်းမှ မိန်းကလေး၏ စူးရှသော မျက်လုံးများကို မြင်လိုက်ရသဖြင့် သူ၏နှလုံးသားမှာ လှုပ်ရှားသွားပြီး ရင်ဘတ်ထဲမှ တစ်စုံတစ်ရာ ထိုးတက်လာကာ သွေးတစ်လုတ် အန်ချလိုက်လေသည်။
“အာ....”
ထျန်းလင်းအာနှင့် ပိယောင်တို့ အော်ဟစ်လိုက်ကြသည်။
ကျန်းရှောင်ဖန်းမှာ ကြီးကြီးမားမား ထိခိုက်မှု မရှိခဲ့ပေ။ လူလေးဦး၏ ပေါင်းစပ်တိုက်ခိုက်မှုဖြင့် ဒဏ်ရာရခဲ့သော်လည်း မန္တန်နှင့် ဝိညာဉ်ဝါးမျိုတုတ်တို့၏ ကာကွယ်မှုဖြင့် စွမ်းအားအများစုကို တားဆီးနိုင်ခဲ့သည်။ သို့သော် စုန့်တာ့ရန်နှင့် အခြားသူများ၏ ကျင့်ကြံမှုမှာ ကျန်းရှောင်ဖန်းထက် ပိုမိုမြင့်မားကြ၏။
သူတို့က တစ်စုံတစ်ရာ ထူးဆန်းနေသည်ကို တွေ့ရှိ၍ အင်အားလျှော့ချခဲ့သော်လည်း ပြင်းထန်သော စွမ်းအားက သူ့ကို ရိုက်ခတ်မိသွားသည်။
ကံကောင်းထောက်မစွာဖြင့် အောက်ဘက်တွင် ပင်လယ်ရေပြင် ရှိနေ၍သာ တော်တော့သည်။ အကယ်၍ မာကျောသော မြေပြင်သာဖြစ်ပါက ကျန်းရှောင်ဖန်းအတွက် မတွေးဝံ့စရာပင်။
ထိုသွေးများမှာ အခဲများသာဖြစ်ပြီး ကြီးကြီးမားမား စိုးရိမ်စရာ မရှိပေ။
သို့သော် ထျန်းလင်းအာနှင့် အခြားသူများက ၎င်းကို မည်သို့သိနိုင်မည်နည်း။ သူမသည် ဤဂျူနီယာမောင်လေးနှင့် ငယ်စဉ်ကတည်းက ရင်းနှီးသော ငယ်သူငယ်ချင်းများဖြစ်ခဲ့၏။
စိုးရိမ်မှုကြောင့် သူမသည် သူ့ထံသို့ ချက်ချင်း ပြေးသွားလေသည်။ သို့သော် သူမ လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် နတ်ဆိုးဂိုဏ်းမှ မိန်းကလေးကလည်း စိုးရိမ်တကြီးဖြင့် သူ့ထံသို့ ပြေးသွားလေသည်။
ထျန်းလင်းအာသည် မိန်းကလေးတစ်ဦး ဖြစ်သောကြောင့် ဤအခြေအနေကို နားလည်ကာ ရပ်တန့်သွားသော်လည်း စုန့်တာ့ရန်နှင့် တုပိရှုတို့ကမူ နတ်ဆိုးဂိုဏ်းမှ မိစ္ဆာမသည် ဂျူနီယာညီလေး ဒဏ်ရာရနေချိန်တွင် အန္တရာယ်ပြုရန် ကြိုးစားနေသည်ဟု ထင်မှတ်သွားကြသည်။
စုန့်တာ့ရန် အော်ဟစ်လိုက်ပြီး သူ၏ဓားသည် ကြီးမားလာကာ ပိယောင်ကို တိုက်ခိုက်လိုက်လေသည်။
ပိယောင်သည် ကျန်းရှောင်ဖန်းအတွက် စိုးရိမ်နေသော်လည်း ထိုလူသန်ကြီး၏ တားဆီးခြင်းကို ခံလိုက်ရသဖြင့် ဒေါသထွက်သွားသည်။
သို့သော် ထိုဓား၏ စွမ်းအားကို အထင်သေး၍ မရပေ။ သူမ ခန္ဓာကိုယ်ကို လှည့်ပတ်လိုက်ရာ အစိမ်းရောင်ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး မျက်စိတစ်မှိတ်အတွင်း ကျားဆယ်ကောင်ဓား၏ အလင်းတန်းကို ဖြတ်ကျော်သွားလေသည်။
သူမ တစ်ကိုက်ခန့်ပင် မရောက်မီ သူမရှေ့တွင် အဖြူရောင်အလင်းတန်းများ တောက်ပလာပြီး ထူးဆန်းသော အတုံးပုံစံ မှော်လက်နက်တစ်ခုက သူမထံသို့ ပျံသန်းလာလေသည်။