အခန်း ၁၁၇
Vol. 12 Ch. 117
အခန်း (၁၁၇) - ကွဲကြေသွားသော နှလုံးသား (၂)
ပိယောင် သေချာစွာ မမြင်ရသဖြင့် အထိမခံဘဲ ခန္ဓာကိုယ်ကို ရပ်တန့်လိုက်လေသည်။
သူမ၏ ညာဘက်လက်က လေထဲတွင် ဝှေ့ယမ်းလိုက်ရာ သူမ၏ လက်ချောင်းများကြားတွင် ပန်းတစ်ပွင့် ပေါ်လာ၏။ ၎င်းမှာ သူမ၏ မှော်လက်နက် “ရှန့်ရှင်းဟွာပန်း” ပင် ဖြစ်သည်။
ရှန့်ရှင်းဟွာပန်းသည် ပိယောင်၏ လက်ချောင်းနောက်သို့ လိုက်ကာ လေထဲသို့ မြောက်တက်သွားပြီး ထိုထူးဆန်းသော အရာဝတ္ထုကို တားဆီးလိုက်သည်။
ပိယောင်သည် ထိုအရာကို ရှင်းရှင်းလင်းလင်းစွာ မြင်လိုက်ရသောအခါ သူမမှာ ရယ်ချင်စိတ်ကို ထိန်းမရတော့ပေ။
၎င်းမှာ မျက်နှာပြင် ခြောက်ခုပါသော အတုံးတစ်ခု ဖြစ်ပြီး တစ်ခုစီတွင် ဂဏန်းများအဖြစ် အစက်များ ပါရှိကာ အန်စာတုံးတစ်ခု ဖြစ်နေ၏။ ဤသို့သော မှော်လက်နက်မျိုး ရှိနိုင်လိမ့်မည်ဟု မထင်မှတ်ထားခဲ့သဖြင့် သူမမှာရည်ချင်စိတ်ကို မအောင့်နိုင်တော့ပေ။
ရှန့်ရှင်းဟွာပန်း၏ အဖြူရောင်အလင်းတန်းက တုပိရှု၏ အန်စာတုံးကို တစ်ကိုက်ခန့် နောက်ဆုတ်သွားစေသည်။ တုပိရှု၏ ကျင့်ကြံမှုမှာ ပိယောင်နှင့် နှိုင်းယှဉ်ပါက မလုံလောက်ပေ။
တုပိရှု၏ ကျင့်ကြံမှုမှာ စုန့်တာ့ရန်လောက် မကောင်းသော်လည်း သူက အများကြီး ပိုပါးနပ်လေသည်။
သူ၏ ကျင့်ကြံမှု မလုံလောက်သည်ကို မြင်သောအခါ သူမကို အနှောင့်အယှက်ပေးရန် အခြား အန်စာတုံး နှစ်တုံးကို ထပ်မံဆင့်ခေါ်လိုက်သည်။
အန်စာတုံး သုံးတုံးသည် အထက်၊ အောက်၊ ဘယ်၊ ညာ၊ စက်ဝိုင်းပုံစံ ပျံသန်းလာကြပြီး ရှန့်ရှင်းဟွာပန်း၏ နယ်မြေထဲသို့ မကျူးကျော်နိုင်သော်လည်း ပိယောင်လည်း ဖြတ်သန်းသွား၍ မရဘဲ အချိန်ခေတ္တမျှ နှောင့်နှေးသွားရသည်။ စုန့်တာ့ရန်ကလည်း အနောက်မှနေ၍ သူမဆီသို့ ပြေးဝင်လာခဲ့သည်။
ပိယောင်သည် စုန့်တာ့ရန်နှင့် တိုက်ခိုက်ဖူးရာ ထိုသူ၏ ကျင့်ကြံမှု အတော်လေး နက်ရှိုင်းကြောင်း သိထားလေသည်။
အကယ်၍ သူ့ကို တစ်ယောက်တည်း ရင်ဆိုင်ရမည်ဆိုလျှင် သူမ သူ့ကို အနိုင်ယူနိုင်မည် မဟုတ်ပေ။
ထို့ပြင် သူမရှေ့မှ ကောက်ကျစ်သောလူနှင့် ကျန်းရှောင်ဖန်း၏ စီနီယာအစ်မလင်းအာတို့ကြောင့် ယနေ့ညတွင် သူမ အသာစီးရနိုင်မည်မဟုတ်ကြောင်း သိလိုက်သည်။ သူမ ကျန်းရှောင်ဖန်းကို စိုက်ကြည့်ကာ စိတ်ထဲမှ ကျိန်ဆဲလိုက်၏။
‘ကောင်စုတ်လေး’
စုန့်တာ့ရန် သူမဆီသို့ ပြေးဝင်လာချိန်တွင် တုပိရှုနှင့် တိုက်ခိုက်နေသော မိစ္ဆာမသည် ရုတ်တရက် အနောက်သို့ ပျံသန်းသွားလေသည်။
သူမ လက်ထဲရှိ ပန်းပွင့်သည် ပန်းပွင့်ပေါင်း ထောင်ချီအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွား၏။ သူ အံ့အားသင့်သွားပြီး ကာကွယ်ရေးဘက်သို့ ချက်ချင်း အာရုံစိုက်လိုက်သည်။
သို့သော် ၎င်းမှာ ပိယောင်၏ လှည့်ကွက်သာ ဖြစ်ပြီး ပန်းပွင့်များကြားမှ ပိယောင်၏ အစိမ်းရောင်ပုံရိပ်လေးသည် ကောင်းကင်သို့ မြောက်တက်ကာ ပျံသန်းထွက်ခွာသွားလေတော့သည်။
စုန့်တာ့ရန် လိုက်ဖမ်းရန် ပြင်လိုက်ချိန်တွင် တုပိရှုနှင့် ထျန်းလင်းအာတို့က လှမ်းခေါ်လိုက်သည်။
“စီနီယာအစ်ကိုကြီး... လိုက်စရာ မလိုတော့ဘူး”
စုန့်တာ့ရန် သဘောပေါက်သွားကာ သူ၏ဓားကို ပြန်သိမ်းလိုက်ပြီး အခြားသူများနှင့်အတူ ကျန်းရှောင်ဖန်းထံသို့ ပြေးသွားကြလေသည်။
အရှေ့ပင်လယ် လျိုပိုတောင်ရှိ ကျွန်းပေါ်မှ တောင်တန်းများမှာ ခမ်းနားကြီးကျယ်ပြီး အန္တရာယ်များကာ နေရာကျယ်ဝန်းလှသည်။
အရွယ်အစားအားဖြင့် ယှဉ်ကြည့်လျှင် အရှေ့ပင်လယ်ရှိ ကျွန်းများထဲတွင် နံပါတ်တစ် ဖြစ်၏။
သို့သော် ဤနေရာမှာ အလွန်ဝေးကွာပြီး လူသားများ နေထိုင်သည့် လက္ခဏာ မရှိသောကြောင့် ကျော်ကြားမှုတွင် အရှေ့ပင်လယ်၏ အခြားသော နာမည်ကြီး တောင်နှစ်ခုဖြစ်သည့် “ဖုန်းလိုင်တောင်” နှင့် “ယမ်မကျွန်း” တို့ကို မယှဉ်နိုင်ပေ။
သို့သော် ဤတစ်ကြိမ် လျိုပိုတောင်တွင်မူ လူအစည်ကားဆုံး ဖြစ်နေလေသည်။ ရက်အတော်ကြာ နတ်ဆိုးဂိုဏ်းသားများသည် တောင်တန်းများကြားတွင် တစ်စုံတစ်ရာကို ရှာဖွေနေပုံရ၏။
တောင်တန်းများ ကျယ်ဝန်းသော်လည်း ကျင့်ကြံသူများ၏ ပျံသန်းမှု အမြန်နှုန်းမှာ အလွန်လျင်မြန်လှရာ အချင်းချင်း မကြာခဏ ဆုံတွေ့လေ့ရှိကြသည်။
နှစ်ဖက်လုံးသည် ပြင်းထန်သော အမုန်းတရားများ ရှိကြသဖြင့် ဘယ်သူဘယ်ဝါမှန်း သိလိုက်သည်နှင့် တစ်ဖက်ကို ချေမှုန်းရန် မှော်လက်နက်များကို အမြဲအသုံးပြုကြရာ ကောင်းကင်ကို တုန်လှုပ်စေသော ပေါက်ကွဲသံကြီးများကို ဖန်တီးမိလျက်သား ဖြစ်နေကြသည်။
ထို့နောက် သူတို့၏ မဟာမိတ်များ ရောက်လာကာ အကူအညီပေးကြသဖြင့် အုပ်စုဖွဲ့တိုက်ခိုက်ခြင်းအဖြစ်သို့ ပြောင်းလဲသွားလေသည်။
ရက်အတော်ကြာ နှစ်ဖက်လုံးတွင် ထိခိုက်သေဆုံးမှု များစွာရှိခဲ့သည်။ ရေတွက်၍မရနိုင်သော တောင်ငယ်များနှင့် တောင်ကုန်းများမှာ ဖျက်ဆီးခံခဲ့ရလေသည်။
ထိုညတွင် ထျန်းလင်းအာနှင့် အခြားသူများ ပြန်လည်ဆုံတွေ့ပြီးနောက် သူတို့၏ ဦးဆောင်မှုဖြင့် ကျန်းရှောင်ဖန်းသည် နောက်ဆုံးတွင် လျိုပိုတောင်သို့ ရောက်ရှိသွားကာ သူ၏ဆရာ ထျန်းပုယီနှင့် ဆရာကတော် စုရုတို့ကိုလည်း ပြန်ဆုံတွေ့ခဲ့လေသည်။
ဤတစ်ကြိမ်တွင် နတ်ဆိုးဂိုဏ်း၏ အင်အားမှာ မြန်ဆန်သောအဟုန်ဖြင့် တိုးတက်လာခဲ့၏။ ပုန်းအောင်းနေသော မိစ္ဆာအိုကြီးများ ပြန်လည်ထွက်ပေါ်လာရုံသာမက လူသစ်များစွာလည်း ပါဝင်လာကာ သူတို့၏ ကျင့်ကြံမှုများမှာလည်း မနိမ့်ကျလှပေ။
လွန်ခဲ့သောနှစ်များအတွင်း နတ်ဆိုးဂိုဏ်းမှ ဤကိစ္စကို သေချာစွာ စီစဉ်ထားခဲ့ကြောင်း ရှင်းလင်းစွာ မြင်တွေ့နိုင်လေသည်။
ရန်သူများမှာ အတော်လေး အင်အားကြီးမားလှရာ လမ်းမှန်ဂိုဏ်းများကလည်း အချိန်ဆွဲမနေခဲ့ကြပေ။
ချင်းယွင်ဂိုဏ်းချုပ်တာအိုရွှမ်သည် ထျန်းယင်ကျောင်းတော်၊ ဖန်ရှန်းတောင်ကြားတို့နှင့် ဆွေးနွေးပြီးနောက် လုံရှို့တောင်ထိပ်၊ ကျောက်ယန်တောင်ထိပ်၊ တာ့ကျူးတောင်ထိပ်နှင့် ရှောင်ကျူးတောင်ထိပ်တို့မှ တပည့်များကို စေလွှတ်ခဲ့သည်။
လုံရှို့တောင်ထိပ်မှ ချန်းစုန့်နှင့် တာ့ကျူးတောင်ထိပ်မှ ထျန်းပုယီတို့က အကြီးအကဲများစွာ၏ အကူအညီဖြင့် ချင်းယွင်ဂိုဏ်းတပည့် ဒါဇင်ပေါင်းများစွာကို ဦးဆောင်ကာ ထျန်းယင်ကျောင်းတော်၊ ဖန်ရှန်းတောင်ကြားတို့၏ အင်အားစုများနှင့် ပူးပေါင်းပြီး အခြားသော လမ်းမှန်ကျင့်ကြံသူများနှင့်အတူ လျိုပိုတောင်သို့ ရောက်ရှိလာခဲ့ကြခြင်း ဖြစ်လေသည်။
ထျန်းပုယီသည် ကျန်းရှောင်ဖန်းကို မြင်သောအခါ အစပိုင်းတွင် အံ့အားသင့်သွားပြီး ဝမ်းသာသွားသော်လည်း မသိသလို ဟန်ဆောင်နေခဲ့သည်။
သို့သော် သူ၏ဆရာကတော် စုရုကမူ ထိုကိစ္စကို သိပ်ဂရုမစိုက်ဘဲ မျက်နှာတွင် အပြုံးများပြည့်နှက်ကာ ကျန်းရှောင်ဖန်းကို သူမအနီးသို့ ဆွဲယူ၍ မေးခွန်းပေါင်းများစွာ မေးမြန်းလေတော့သည်။
ဆရာကတော်ကို မြင်လိုက်ရချိန်တွင် ကျန်းရှောင်ဖန်းသည် မျက်ရည်မကျမိအောင် မနည်းထိန်းချုပ်ထားရပြီး ဖြစ်ပျက်ခဲ့သမျှကို အကျဉ်းချုပ် ပြောပြလိုက်သည်။
သို့သော် သူသည် ပိယောင်၏ နောက်ခံကို စိုးရိမ်နေဆဲဖြစ်သဖြင့် ပိယောင်နှင့် သွေးစက်ဂူအကြောင်းကို မပြောဘဲ တောင်အတွင်းတွင် ရက်အတော်ကြာ ပိတ်မိနေပြီးနောက် ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ရန် လျှို့ဝှက်လမ်းတစ်ခုကို တွေ့ရှိခဲ့ကြောင်းသာ ပြောပြခဲ့လေသည်။
သူ သေဘေးမှ မည်သို့လွတ်မြောက်လာခဲ့ကြောင်း ဇာတ်လမ်းကို ကြားရသောအခါ အားလုံးက အံ့ဩတကြီး ရေရွတ်လိုက်ကြသည်။
တာ့ကျူးတောင်ထိပ် တပည့်များထဲတွင် စုန့်တာ့ရန်၊ ဟယ်တာ့ကျစ်၊ တုပိရှုနှင့် ထျန်းလင်းအာတို့က လျိုပိုတောင်သို့ ရောက်ရှိနေကြသည်။
သူတို့၏ အပြောအရ လင်းနို့ဂူတွင်းရှိ လူရှစ်ဦးအနက် ထျန်းယင်ကျောင်းတော်မှ ဖာရှန်းနှင့် ဖာရှန့်၊ ဖန်ရှန်းတောင်ကြားမှ လီရွှင်းနှင့် ယန်ဟုန်တို့မှာ အဆင်ပြေကြောင်း ကျန်းရှောင်ဖန်း သိလိုက်ရသည်။ ချီဟောင်နှင့် ကျန်းရှူရှူတို့လည်း အန္တရာယ်ကင်းကြလေသည်။
အန္တရာယ်အများဆုံး ဖြစ်ခဲ့ရသူမှာ ကျန်းရှောင်ဖန်းနှင့်အတူ အဆုံးမဲ့ချောက်နက်ကြီးထဲသို့ ပြုတ်ကျသွားသော လုရွှယ်ချီပင်။
သူမသည် မျက်လုံးနီမိစ္ဆာများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး တစ္ဆေဝိညာဉ်များနှင့် သစ်ပင်မိစ္ဆာတို့၏ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့ကာ ရှေးဟောင်းသားရဲ မဟူရာရေမြွေကြီးကြောင့် ဖြစ်ပေါ်လာသော လှိုင်းလုံးကြီးများ၏ တိုက်ခိုက်မှုကိုလည်း ခံခဲ့ရသည်။
သူမသည် အဆုံးမဲ့ချောက်နက်ကြီးအောက်တွင် သတိလစ်သွားခဲ့၏။ သို့သော် လေကာအကာအကွယ်၏ အကူအညီဖြင့် ချီဟောင်နှင့် အခြားသူများသည် အဆုံးမဲ့ချောက်နက်ကြီးအောက်တွင် မရေမတွက်နိုင်သော တစ္ဆေဝိညာဉ်များ၏ ဝိုင်းရံခြင်းကို ခံနေရသော လုရွှယ်ချီကို ရှာတွေ့နိုင်ခဲ့ပြီး ကယ်တင်နိုင်ခဲ့ကြသည်။
ထိုအချိန်တွင် လုရွှယ်ချီ နိုးလာပြီး ကျန်းရှောင်ဖန်းသည် အဆုံးမဲ့ချောက်နက်ကြီးအောက်တွင် အသက်ရှင်နေသေးကြောင်း သူတို့ကို ပြောပြခဲ့သည်။
သို့သော် သူတို့သည် ရက်အတော်ကြာ ရှာဖွေခဲ့သော်လည်း မည်သည့်သဲလွန်စမျှ မတွေ့ခဲ့ရချေ။ လုရွှယ်ချီ၏ ခန္ဓာကိုယ်ထဲတွင် အဆိပ်များ ရှိနေဆဲဖြစ်ပြီး ဒဏ်ရာများ မသက်သာသေးသော်လည်း ကျန်းရှောင်ဖန်းကို ရှာဖွေရန် အတင်းအကြပ် တောင်းဆိုခဲ့သည်။
ရက်အနည်းငယ် ကြာပြီးနောက် သူမ၏ ခန္ဓာကိုယ်မှာ ဆက်၍ တောင့်မခံနိုင်တော့ပေ။ အပြင်းအထန် ကန့်ကွက်နေသည့်ကြားမှပင် သူတို့က ရှာဖွေခြင်းကို လက်လျှော့ကာ လုရွှယ်ချီကို ချင်းယွင်တောင်သို့ ပြန်လည်ခေါ်ဆောင်သွားခဲ့ကြသည်။
ဤတစ်ကြိမ် ချင်းယွင်ဂိုဏ်း အရှေ့ဘက်သို့ လာရောက်ရာတွင် ကျန်းရှူရှူမှလွဲ၍ ကျန်းရှောင်ဖန်း သိကျွမ်းသူအားလုံး ရောက်လာခဲ့ကြသည်။
ထျန်းလင်းအာက တခစ်ခစ်ရယ်လျက် ပြောလိုက်သည်။
“စီနီယာအစ်မလုရွှယ်ချီသာ နင် အသက်ရှင်နေတာ သိရင် တော်တော်ဝမ်းသာသွားမှာ။ အဲဒီနေ့က အဆုံးမဲ့ချောက်နက်ကြီးအောက်မှာ နင့်ကို ရှာမတွေ့တော့ သူမ ဘယ်လောက် စိုးရိမ်ပူပန်နေလဲဆိုတာ နင် သိလား”
ကျန်းရှောင်ဖန်း အံ့အားသင့်သွားပြီး လုရွှယ်ချီ၏ မျက်နှာက သူ၏စိတ်ထဲတွင် ပေါ်လာလေသည်။
သူမက သူ့ကို အဆုံးမဲ့ချောက်နက်ကြီးအောက်တွင် အကြိမ်ပေါင်းများစွာ ကယ်တင်ရန် ကြိုးစားခဲ့သည်ကို အမှတ်ရသွားပြီး ပြောလိုက်သည်။
“စီနီယာအစ်မလုက ဂိုဏ်းတူချင်းဆိုတဲ့ ဆက်ဆံရေးကြောင့် လုပ်ပေးတာပါ။ ကျုပ်လည်း...”
ထို့နောက် သူ စကားရပ်သွားပြီး တစ်စုံတစ်ရာကို တွေးမိကာ ထျန်းလင်းအာကို မေးလိုက်လေသည်။
“စီနီယာအစ်မ... အဲဒီတုန်းက စီနီယာအစ်မမှ မရှိတာ၊ စီနီယာအစ်မလု စိုးရိမ်နေတာကို ဘယ်လိုလုပ် သိတာလဲ”
ထျန်းလင်းအာသည် လျှာထုတ်ကာ မျက်နှာပြောင်ပြီး ပြုံးလိုက်သည်။
“စီနီယာအစ်ကိုချီဟောင် ပြောပြလို့ ကြားတာလေ”
ကျန်းရှောင်ဖန်း ထိတ်လန့်သွားပြီး စီနီယာအစ်မလင်းအာ၏ လှပသောအပြုံးကို မြင်လိုက်ရသောအခါ သူမကို မြင်မြင်ချင်း စတင်လောင်ကျွမ်းခဲ့သော သူ၏ နှလုံးသားမှာ အေးစက်သွားလေသည်။
နောက်တစ်နေ့တွင် လမ်းမှန်နှင့် မိစ္ဆာတို့ကြားတွင် ပဋိပက္ခများ ထပ်မံဖြစ်ပွားလာပြန်သည်။
ပဋိပက္ခအတွင်း ထျန်းယင်ကျောင်းတော်မှ ရဟန်းများသည် သစ်ပင်များနှင့် တောရိုင်းတိရစ္ဆာန်များ ပျက်စီးသွားသည်ကို မြင်သောအခါ သက်ပြင်းချကာ ဂါတာများကို စတင် ရွတ်ဖတ်ကြလေသည်။
ရွတ်ဖတ်ပြီးနောက် “အာမိတ္တဘ” ဟု ရေရွတ်ပြီး လက်ချောင်းများကို ဝှေ့ယမ်းလိုက်ရာ မှော်လက်နက်များက ကောင်းကင်ကို တုန်လှုပ်စေသော တိုက်ခိုက်မှုတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။
နတ်ဆိုးဂိုဏ်းသားများက ထိုတိုက်ခိုက်မှုမှ ရှောင်တိမ်းသွားကြပြီးနောက် ကြီးမားသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာကာ အခြားတောင်ကုန်းငယ်တစ်ခု ပျက်စီးသွားပြီး သက်ရှိများစွာ ထပ်မံသေဆုံးသွားရပြန်ရာ သူတို့က ဂါတာကို ထပ်မံရွတ်ဖတ်ကြပြန်လေသည်။
“ထိပ်ပြောင်သူခိုး... ထိပ်ပြောင် ငတုံး... မင်းတို့ ပါးစပ်ပိတ်ပြီး လာတိုက်ရဲလား။ တစ်နေ့လုံး အဲဒီ သောက်ရူးမန္တန်တွေကို ရွတ်နေတာ၊ ကျိန်စာမိပြီး မသေရင်တောင် နားငြီးပြီး သေတော့မယ်”
“အာမိတ္တဘ... ဒကာယဲ့ကုံး၊ သင့်မှာ အပြစ်တွေ အရမ်းကြီးလေးနေပြီ။ အခု ပြန်မလှည့်ရင် အဝီစိငရဲကို ကျလိမ့်မယ်”
“ဖွတ်... ဖွတ်... ဖွတ်... ထိပ်ပြောင်သူခိုး၊ မင်းက ဘုန်းကြီး လုပ်နေသေးတယ်ပေါ့။ ငါ့ကို တိုက်ရိုက် ကျိန်ဆဲနေတာပဲ”
“……”
ကျန်းရှောင်ဖန်းသည် ဤအသံကို ရင်းနှီးနေသည်ဟု ခံစားရ၏။ သူ လှမ်းကြည့်လိုက်ရာ ထိုသူမှာ လင်းနို့ဂူတွင် တွေ့ခဲ့ရသော ထူးဆန်းသည့်ရုပ်ရည်နှင့် ခွေးရိုင်းတာအိုဆရာ ဖြစ်နေလေသည်။
ဤအခိုက်အတန့်တွင် သူသည် နတ်ဆိုးဂိုဏ်း၏ ရှေ့တန်း၌ ရပ်ကာ ထျန်းယင်ကျောင်းတော်မှ ရဟန်းတစ်ပါးအား ဒေါသတကြီး ကျိန်ဆဲနေခြင်း ဖြစ်သည်။
ခေါင်းဆောင်နျန်၊ လင်ဖုန်း၊ လျိုကာအိုနှင့် ထိုမိန်းမပျိုလေးတို့လည်း နတ်ဆိုးဂိုဏ်းသားများကြားတွင် ရပ်နေကြသည်။
သူတို့ ဤနေရာတွင် ရှိနေခြင်းကို ကျန်းရှောင်ဖန်း အံ့ဩနေစဉ် သူ၏အနောက်မှ စကားသံတစ်ခု ထွက်ပေါ်လာလေသည်။
“အာမိတ္တဘ... မင်္ဂလာပါ ဂျူနီယာညီလေးကျန်း”
ကျန်းရှောင်ဖန်း လှည့်ကြည့်လိုက်ရာ ထျန်းယင်ကျောင်းတော်မှ ဖာရှန်းနှင့် ဖာရှန့်တို့ ဖြစ်နေ၏။ လင်းနို့ဂူရှိ လူရှစ်ဦးအနက် ထျန်းယင်ကျောင်းတော်မှ ရဟန်းနှစ်ပါးမှာ သူအပေါ် အမြဲ ခင်မင်ရင်းနှီးကြသည်။
အထူးသဖြင့် ဖာရှန်းက သူ့အပေါ် ဆက်ဆံပုံမှာ တစ်မျိုးတမည်ထူးဆန်းနေလေသည်။
လုရွှယ်ချီ၏ ကန့်ကွက်မှုကြားမှ ဖာရှန်းက အဆုံးမဲ့ချောက်နက်ကြီးမှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့သော်လည်း ဖာရှန်း၏ မျက်နှာပေါ်ရှိ ဝမ်းနည်းမှုမှာ အတုအယောင် မဖြစ်နိုင်ကြောင်း ထျန်းလင်းအာထံမှ ကျန်းရှောင်ဖန်း သိခဲ့ရလေသည်။
ထိုအကြောင်းကို ကြားရသောအခါ ကျန်းရှောင်ဖန်း ကျေးဇူးတင်မိ၏။ ယခု ဖာရှန်းနှင့် ဖာရှန့်ကို မြင်လိုက်ရသောအခါ သူ ချက်ချင်းပင် အရိုအသေပေးလိုက်လေသည်။
“စီနီယာအစ်ကို နှစ်ယောက်ကို ဂါရဝပြုပါတယ်”
ဖာရှန်းက သူ့ကို သေချာစွာ ကြည့်ရှုလိုက်ပြီး သက်ပြင်းရှည်ကြီးတစ်ခု ချကာ ပြုံးလိုက်၏။
“ရှေးလူကြီးတွေက ပြောကြတယ်၊ ‘လူကောင်းတွေကို ကောင်းကင်ဘုံက ကောင်းချီးပေးလိမ့်မယ်’ တဲ့။”
“အခုတော့ ငါ ယုံသွားပြီ။ ဂျူနီယာညီလေးကျန်းက ဒီလိုဘေးအန္တရာယ်ကနေ အသက်ရှင်နိုင်တာ ဂုဏ်ပြုဖို့ ထိုက်တန်ပါတယ်။ ကံကောင်းဖို့ ဖန်လာတာပဲ”
ခန္ဓာကိုယ် ကြီးမားလှသော ဖာရှန့်သည် သူထက် အရပ်ပုသော သူ၏ စီနီယာအစ်ကို ဖာရှန်း၏ နောက်တွင် ရပ်နေကာ သူ၏ အသံဩဩဖြင့် ပြောလိုက်လေသည်။
“ဂျူနီယာညီလေးကျန်းက ကောင်းချီးရထားတာပဲ”
ကျန်းရှောင်ဖန်းက ကျေးဇူးတင်စွာဖြင့် ပြန်ပြောလိုက်သည်။
“စီနီယာအစ်ကို နှစ်ယောက်ရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်”
ဖာရှန်းက ပြုံး၍ ခေါင်းညိတ်လိုက်ပြီး တိုက်ပွဲကို ကြည့်လိုက်ရာ ခွေးရိုင်းတာအိုဆရာသည် ထျန်းယင်ကျောင်းတော်မှ ရဟန်းတစ်ပါးနှင့် တိုက်ပွဲစတင်နေပြီ ဖြစ်၏။ သူက ကျန်းရှောင်ဖန်း၏ ပခုံးကို ပုတ်ကာ ပြောလိုက်လေသည်။
“ငါတို့ အားတဲ့အချိန်ကျမှ ဆက်ပြောကြတာပေါ့”
ကျန်းရှောင်ဖန်းက အလျင်အမြန် ပြန်ဖြေလိုက်သည်။
“ဟုတ်ကဲ့ပါ”
ဖာရှန်း ခြေလှမ်း နှစ်လှမ်းမျှ လှမ်းပြီးနောက် လှည့်၍ ကျန်းရှောင်ဖန်းအား ပြုံးပြလိုက်သည်။
“ဂျူနီယာညီလေးကျန်း... မင်းတို့ဂိုဏ်းက လုရွှယ်ချီကို သွားတွေ့သင့်တယ်။ သူက မင်းအတွက် အရမ်းစိုးရိမ်နေတာ”
ထို့နောက် သူသည် လျှို့ဝှက်ဆန်းကြယ်သော အကြည့်ဖြင့် ပြုံးပြကာ ထွက်ခွာသွားလေတော့သည်။
ကျန်းရှောင်ဖန်း အံ့အားသင့်သွားပြီး ချင်းယွင်ဂိုဏ်း၏ ရှောင်ကျူးတောင်ထိပ်ဘက်သို့ လှည့်ကြည့်လိုက်၏။ ဤတစ်ကြိမ်တွင် ရှောင်ကျူးတောင်ထိပ်၏ သခင်မရွှေယွဲ့ လိုက်မလာခဲ့ပေ။
မိန်းကလေး တပည့်များသည် သူတို့၏ စီနီယာအစ်မကြီးဝမ်မင်၏ ဦးဆောင်မှုအောက်တွင် ချန်းစုန့်နှင့် ထျန်းပုယီတို့၏ အမိန့်ကို နာခံကြရသည်။ လုရွှယ်ချီလည်း သူတို့ကြားတွင် ရပ်နေလေသည်။
တစ်လကြာ မတွေ့ရသည့်အချိန်အတွင်း လုရွှယ်ချီ အနည်းငယ် ပိန်သွားပုံရပြီး ဒဏ်ရာများကြောင့်လည်း ဖြစ်နိုင်ပေသည်။
သို့သော် ထိုမိန်းမပျိုလေး၏ သဘာဝအလှနှင့် ပြိုင်ဘက်ကင်းသော လှပမှုကို ကျန်းရှောင်ဖန်း ခံစားမိနေဆဲပင်။
သူမ ပိန်သွားသည့်တိုင် ပွင့်ဖူးနေသော နှင်းပန်းပေါ်မှ အေးစက်သော ဆီးနှင်းပေါက်လေးတစ်ပေါက်ပမာ အထီးကျန်ပြီး အေးတိအေးစက်နိုင်လှကာ ကျက်သရေရှိနေဆဲ ဖြစ်လေသည်။
ရှောင်ကျူးတောင်ထိပ်မှ မိန်းကလေး တပည့်အများစုမှာ လှပကြသဖြင့် မျက်လုံးများစွာကို ဆွဲဆောင်ထားနိုင်၏။
ထျန်းယင်ကျောင်းတော်မှ ရဟန်းအိုကြီးများမှလွဲ၍ ချင်းယွင်ဂိုဏ်းနှင့် ဖန်ရှန်းတောင်ကြားမှ ယောက်ျားလေး တပည့်များသည် သူတို့ကို မကြာခဏ ခိုးကြည့်တတ်ကြပြီး လုရွှယ်ချီက အများဆုံး အကြည့်ခံရသူ ဖြစ်လေသည်။
သို့သော် ထိုအချိန်တွင် လုရွှယ်ချီသည် သူမ၏ မူလအေးစက်သော အသွင်သို့ ပြန်ရောက်နေပြီဖြစ်ကာ သူမ၏ မျက်လုံးများက ကျန်းရှောင်ဖန်းထံသို့ အကြည့်ရောက်သွားချိန်တွင် ခေတ္တရပ်တန့်သွားပြီးနောက် စိတ်ခံစားမှု ကင်းမဲ့စွာဖြင့် တစ်ဖက်သို့ လွှဲဖယ်သွားလေသည်။
ကျန်းရှောင်ဖန်း၏ နှလုံးသားထဲတွင် အနည်းငယ် စိတ်ပျက်သွားသလို ခံစားလိုက်ရသော်လည်း ထို့နောက် အနည်းငယ် ဝမ်းသာသွားပြန်သည်။
သူသည် ဤအေးစက်သော အလှမယ်လေးကို အနည်းငယ် ကြောက်ရွံ့နေခဲ့ရာ ယခု သူမက သူ့ကို လျစ်လျူရှုလိုက်သဖြင့် စိတ်ပေါ့ပါးသွားလေသည်။
အတန်ကြာပြီးနောက် သူ၏ အာရုံစိုက်မှုအားလုံးသည် ထျန်းလင်းအာ၏ တခစ်ခစ် ရယ်မောသံများဆီသို့ ရောက်ရှိသွားပြီး ထပ်မံ၍ ရှောင်ဖယ်၍မရနိုင်တော့ချေ။