အခန်း ၁၁၈
Vol. 12 Ch. 118
အခန်း (၁၁၈) - ရက်စက်ကြမ်းကြုတ်သော စွမ်းအင် (၁)
ခွေးရိုင်းတာအိုဆရာနှင့် ရင်ဆိုင်နေရသူမှာ ကျင့်ကြံမှုအဆင့်အတန်း မြင့်မားလှသော ထျန်းယင်ကျောင်းတော်မှ ဘုန်းတော်ကြီးတစ်ပါးပင်။
ရွှေရောင်တောက်ပနေသော သစ်သားငါးမှော်လက်နက်ကို အသုံးပြုကာ ခွေးရိုင်းတာအိုဆရာကို လိုက်လံတိုက်ခိုက်နေလေသည်။
ခွေးရိုင်းတာအိုဆရာမှာ အလွန်တရာ အရှက်ရနေချေပြီ။ သူ၏လက်ထဲရှိ သားရဲအစွယ်မှာလည်း ရန်သူ၏ ချိုးဖျက်ခြင်းကို ခံလိုက်ရကာ ဆက်လက်၍ တောက်ပနေခြင်း မရှိတော့ပေ။
သစ်သားငါးကို ခေါက်လိုက်သော အသံများ ထွက်ပေါ်လာပြီး ရွှေရောင်သစ်သားငါးမှာ လေထဲတွင် ကူးခတ်နေကာ ခွေးရိုင်းတာအိုဆရာနောက်သို့ လိုက်လံတိုက်ခိုက်နေလေသည်။
ခွေးရိုင်းတာအိုဆရာမှာ အသက်ရှူပြင်းပြင်းရှူကာ အရှက်တကွဲ ထွက်ပြေးနေရပုံမှာ အလွန်ပင် ရယ်စရာကောင်းလှသည်။ လမ်းမှန်ဂိုဏ်းများမှ လူများက ရယ်မောနေကြပြီး ထျန်းလင်းအာကလည်း တခစ်ခစ် ရယ်မောနေလေသည်။
ကျန်းရှောင်ဖန်းသည် သူမ၏ဘေးတွင် ရပ်ကာ သူ၏စီနီယာအစ်မဖြစ်သူကို ခိုးကြည့်လိုက်၏။ ထျန်းလင်းအာ၏ အပြုံးမှာ ပန်းရိုင်းတစ်ပွင့်ပမာ လှပနေပြီး သူမ၏ နှင်းပွင့်ကဲ့သို့ ဖြူဖွေးသော ပါးပြင်ပထက်ရှိ ပါးချိုင့်လေးများမှာ အလွန်ပင် ချစ်စရာကောင်းလှပေသည်။
သူ၏စိတ်များ ဖမ်းစားခံလိုက်ရကာ ဤအချိန်လေးကိုသာ ထာဝရဖြစ်တည်နေစေရန် ဆုတောင်းနေမိလေတော့သည်။
ရုတ်တရက် လေချွန်သံတစ်ခု ထွက်ပေါ်လာပြီး ခေါင်းဆောင်နျန်သည် လူအုပ်ထဲမှ ထွက်လာကာ ကူညီပေးသည်ကို ကျန်းရှောင်ဖန်း မြင်တွေ့လိုက်ရသည်။
သူ၏ကျင့်ကြံမှုမှာ ခွေးရိုင်းတာအိုဆရာထက် များစွာမြင့်မားပြီး နတ်ဆိုးမျက်လုံး၏ စွမ်းအားမှာလည်း မသေးလှပေ။ ထျန်းယင်ကျောင်းတော်မှ ဘုန်းတော်ကြီးသည် အပြုံးကို ရုပ်သိမ်းလိုက်ကာ သူ့အား ပေါ့ပေါ့ဆဆ ရင်မဆိုင်ဝံ့တော့ပေ။
ခေတ္တမျှ ကြည့်ရှုပြီးနောက် ကျန်းရှောင်ဖန်းသည် ထူးဆန်းသောအရာတစ်ခုကို တွေ့ရှိသွား၏။ နတ်ဆိုးဂိုဏ်းသားများအကြားတွင် ခွေးရိုင်းတာအိုဆရာ ဒုက္ခရောက်နေချိန်၌ ခေါင်းဆောင်နျန်၊ လျူကောင်းနှင့် အခြားလူအနည်းငယ်တို့သာ မျက်နှာပျက်နေကြပြီး ကျန်လူများမှာ သူ၏ကံဆိုးမှုကို ရယ်မောကာ ပွဲကြည့်နေကြလေသည်။
နောက်ပိုင်းတွင် ခွေးရိုင်းတာအိုဆရာ ဆက်လက်၍ မတောင့်ခံနိုင်တော့ချိန်၌ ခေါင်းဆောင်နျန် တစ်ယောက်တည်းသာ ကူညီပေးခဲ့ပြီး အခြားသူများမှာ စောင့်ကြည့်နေရုံသာ ဖြစ်၏။
နတ်ဆိုးဂိုဏ်းသားများကို သာမန်အသိဉာဏ်ဖြင့် နားလည်ရန် ခက်ခဲလှကြောင်းနှင့် သူတို့အချင်းချင်း ဂိုဏ်းကွဲကာ ပဋိပက္ခများ ရှိနေသလားဟု တွေးမိရင်း ကျန်းရှောင်ဖန်းမှာ နားမလည်နိုင်အောင် ဖြစ်သွားရသည်။
ကျန်းရှောင်ဖန်း၏ ခန့်မှန်းချက်မှာ အတော်လေး မှန်ကန်ပေသည်။ ခေါင်းဆောင်နျန်၊ ခွေးရိုင်းတာအိုဆရာနှင့် အခြားလူများမှာ သွေးသန့်စင်ဂိုဏ်းမှ ဖြစ်ကြသည်။
ထိုဂိုဏ်းမှာ လွန်ခဲ့သော နှစ်ပေါင်းရှစ်ရာခန့်က ဟေရှင်းအဘိုးအို၏ လက်အောက်တွင် နာမည်ကြီးကာ ထွန်းတောက်ခဲ့သည်မှာ အမှန်ပင်။
သို့သော် ယခုအခါတွင် အားနည်းနေသည်မှာ ကြာမြင့်နေပြီဖြစ်ရာ အဓိကနတ်ဆိုးဂိုဏ်းကြီးများ၏ ဖယ်ကျဉ်ခြင်းကို ခံနေရသည်။
ယခု ခွေးရိုင်းတာအိုဆရာ အရှက်ရနေသည်ကို မြင်သောအခါ များပြားလှသော နတ်ဆိုးဂိုဏ်းသားများက မကူညီကြသည့်အပြင် ရယ်စရာတစ်ခုကဲ့သို့ လှောင်ပြောင်ရယ်မောနေကြခြင်း ဖြစ်လေသည်။
ခေါင်းဆောင်နျန်သည် ဂိုဏ်း၏ခေါင်းဆောင်ဖြစ်ရာ သူ၏ကျင့်ကြံဆင့်မှာ အပေါ်ယံမြင်နေရသကဲ့သို့ မရိုးရှင်းလှပေ။ ထို့ကြောင့် ထျန်းယင်ကျောင်းတော်မှ ဘုန်းတော်ကြီး၏ တိုက်ခိုက်မှုကို လျင်မြန်စွာ တားဆီးနိုင်ခဲ့သည်။
ခွေးရိုင်းတာအိုဆရာသည် နောက်ဆုံးတွင် အနားရသွားပြီး အသက်ရှူမှန်သွားကာ ကျိန်ဆဲလိုက်သည်။
“ထိပ်ပြောင်သူခိုး.. မင်းက မင်းရဲ့ အဘိုးကို သတ်မိတော့မလို့ပဲ”
ထို့နောက် သူက လှည့်ကာ ခေါင်းဆောင်နျန်နှင့် ပေါင်း၍ နှစ်ယောက်တစ်ယောက် တိုက်ခိုက်လေတော့သည်။
ဤသည်ကို မြင်သောအခါ လမ်းမှန်ကျင့်ကြံသူများက ကျိန်ဆဲလိုက်ကြသည်။
“သောက်ရှက်မရှိတဲ့နတ်ဆိုးတွေ.. အရှက်မဲ့လိုက်တာ”
အော်ဟစ်ဆဲဆိုသံများကြားတွင် ကျန်းရှောင်ဖန်းသည် သူ၏ဘေးမှ လေတိုးသံကို ရုတ်တရက် ကြားလိုက်ရသဖြင့် အံ့သြသွား၏။ ထျန်းလင်းအာသည် သည်းမခံနိုင်တော့ဘဲ လူအုပ်ထဲမှ ထွက်လာခဲ့လေသည်။
ဖီးနစ်ကြိုး၏ အနီရောင်အလင်းတန်းများက သူမ၏ ကျော့ရှင်းသော ကိုယ်ဟန်လေးကို လွှမ်းခြုံထားပြီး လေထဲသို့ ပျံတက်သွားလေသည်။
“အရှက်မရှိတဲ့ မိစ္ဆာတွေ.. အင်အားများတာကို အသုံးချနေတာပဲ။ ဆရာတော်ဖာကျုံး.. ရှင့်ကို ကူညီဖို့ ကျွန်မ ရောက်လာပြီ”
ထျန်းလင်းအာက အော်ဟစ်လိုက်၏။
ထိုဘုန်းကြီး၏အမည်မှာ ဖာကျုံးဖြစ်ကြောင်း ကျန်းရှောင်ဖန်း ယခုမှပင် သိလိုက်ရသည်။
အမည်ကို အခြေခံ၍ ကြည့်လျှင် သူသည် ဖာရှန်းနှင့် ဖာရှန့်တို့နှင့် မျိုးဆက်တစ်ဆက်တည်း ဖြစ်ပုံရသော်လည်း သူ၏မျက်နှာမှာမူ ပို၍ အိုမင်းနေပုံပေါ်ပေသည်။
ထျန်းလင်းအာ ထွက်လာသည်ကို ဖာကျုံး မြင်သောအခါ သူက ကျေးဇူးတင်စကား ပြောလိုက်သည်။
“ဒကာမလေးကို ကျေးဇူးတင်ပါတယ်”
ဖာကျုံး၏ ညာဘက်လက်ကို ညွှန်လိုက်ရာ လေထဲရှိ ရွှေရောင်သစ်သားငါးမှာ ခေါင်းဆောင်နျန်ထံသို့ ချက်ချင်း ပြေးဝင်သွားကာ သူ့ကို ဘေးသို့ တွန်းပို့လိုက်သည်။
ထျန်းလင်းအာက ခွေးရိုင်းတာအိုဆရာကို ရင်ဆိုင်လိုက်သည်။ ဖာကျုံးသည် သူမ၏ ငယ်ရွယ်မှုကို ထောက်ထားကာ ကျင့်ကြံဆင့်အားနည်းသော ခွေးရိုင်းတာအိုဆရာကို သူမအတွက် ချန်ထားခဲ့သည်။
ထျန်းလင်းအာနှင့် ခွေးရိုင်းတာအိုဆရာတို့ တိုက်ခိုက်နေသည်ကို ကျန်းရှောင်ဖန်း မြင်သောအခါ သူမှာ စိုးရိမ်လာပြီး ထွက်ကူရန် ပြင်လိုက်သော်လည်း တစ်စုံတစ်ယောက်က သူ၏ပခုံးကို ဆွဲထားလိုက်၏။
သူလှည့်ကြည့်လိုက်ရာ သူ၏ စီနီယာအစ်ကိုကြီး စုန့်တာ့ရန် ဖြစ်နေလေသည်။ စုန့်တာ့ရန်က တည်ကြည်သော မျက်နှာထားဖြင့် တီးတိုးပြောလိုက်သည်။
“ဂျူနီယာညီလေး.. နတ်ဆိုးမိစ္ဆာတွေက အနိုင်ရဖို့အတွက် လူအင်အားကို အရှက်မရှိ အားကိုးကြပေမယ့် ငါတို့ကတော့ အဲဒီလို ဘယ်တော့မှ မလုပ်ဘူး”
ကျန်းရှောင်ဖန်း ချက်ချင်းပင် နားလည်သွားကာ ခေါင်းညိတ်ပြပြီး နောက်ဆုတ်နေလိုက်၏။ ဆရာဖြစ်သူ ထျန်းပုယီတို့ ဇနီးမောင်နှံကို လှမ်းကြည့်လိုက်ရာ သူတို့မှာ အေးဆေးတည်ငြိမ်နေကြသည်ကို တွေ့လိုက်ရသည်။
ထို့နောက်မှ ဆရာနှင့် ဆရာကတော်တို့ ရှိနေပါလျက် စီနီယာအစ်မလင်းအာကို မည်သို့ အန္တရာယ်ဖြစ်နိုင်မည်နည်းဟု သူ သတိရသွားလေသည်။ သူ စိုးရိမ်နေခြင်းမှာ အလကားပင် ဖြစ်သည်။
ကျန်းရှောင်ဖန်းမှာ မျက်နှာပူသွားပြီး ဘေးဘီသို့ အကဲခတ်ကြည့်လိုက်ရာ သူ၏မသင့်လျော်သော အပြုအမူကို မည်သူမှ သတိထားမိပုံမပေါ်ပေ။ စုန့်တာ့ရန်ကလည်း ဘာမှမဖြစ်ခဲ့သကဲ့သို့ လေထဲမှ တိုက်ပွဲကိုသာ ကြည့်နေ၏။
သူ စိတ်သက်သာရာ ရသွားလေသည်။ ထိုအချိန်တွင် သူ့အပေါ်သို့ အကြည့်တစ်ချက် ကျရောက်လာသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။
သို့သော် သူလှည့်ကြည့်လိုက်သောအခါ ရှောင်ကျူးတောင်ထိပ်မှ စီနီယာအစ်မများကိုသာ မြင်တွေ့ရပြီး လုရွှယ်ချီလည်း သူတို့အထဲတွင် ပါဝင်နေသော်လည်း သူ့ကို မည်သူကမျှ ကြည့်မနေကြပေ။
ကောင်းကင်ယံတွင် ထျန်းလင်းအာသည် ဖီးနစ်ကြိုးကို သူမအလိုရှိသလို အသုံးပြုနိုင်လေသည်။
ထောင်ပေါင်းများစွာသော အလင်းတန်းများကြားတွင် ခွေးရိုင်းတာအိုဆရာမှာ ပိတ်မိနေပြီး ပိုးကြိုးများက အရပ်မျက်နှာ အသီးသီးမှ ရစ်ပတ်ထားလေသည်။
သူ ထွက်လည်း မထွက်နိုင်သလို ဖောက်ထွက်ရန်လည်း မဖြစ်နိုင်ပေ။ အချိန်အနည်းငယ် ကြာပြီးနောက် ထိုပိုးကြိုးများက သူ့ကို ဖက်ထုပ်တစ်ထုပ်ကဲ့သို့ ထုပ်ပိုးသွားနိုင်ခြေ ရှိလေသည်။
သမီးဖြစ်သူ ဝင်ရောက်တိုက်ခိုက်နေသည်ကို မြင်သောအခါ ထျန်းပုယီ၏ မျက်နှာပေါ်တွင် ဂုဏ်ယူဝင့်ကြွားသော အမှုအရာများ ပေါ်လွင်လာ၏။ လမ်းမှန်ဂိုဏ်းမှ လူများကလည်း သူမကို ချီးကျူးနေကြသည်။
ထျန်းလင်းအာ၏ ကျော့ရှင်းလှပမှုနှင့် ခွေးရိုင်းတာအိုဆရာ၏ ခွေးကဲ့သို့ ရုပ်ဆင်းအင်္ဂါတို့ နှိုင်းယှဉ်လိုက်လျှင် မိုင်ပေါင်း သောင်းရှစ်ထောင်မျှ ကွာခြားလှပေသည်။
လမ်းမှန်ကျင့်ကြံသူများသာမက နတ်ဆိုးဂိုဏ်းသားများပင် ရယ်မောနေကြလေတော့သည်။
ခွေးရိုင်းတာအိုဆရာမှာ အရှက်ရလွန်းသဖြင့် ဒေါသထွက်လာ၏။ သူ၏ကျင့်ကြံမှုမှာ မနက်ရှိုင်းသော်လည်း သူ၏အတွေ့အကြုံများမှာ အတွေ့အကြုံမရှိသေးသော မိန်းကလေးငယ်နှင့် နှိုင်းယှဉ်၍မရအောင် ကွာခြားလှပေသည်။
သူ၏မျက်လုံးများ ကလယ်ကလယ်ဖြစ်သွားပြီး ထျန်းလင်းအာကို ကြည့်လိုက်ရာ ထိုမိန်းကလေးမှာ အတွေ့အကြုံနုနယ်သေးသူဖြစ်ကြောင်း မြင်လိုက်ရသဖြင့် ချက်ချင်းပင် အော်ဟစ်လိုက်သည်။
“ဟေ့.. ကောင်မစုတ်လေး။ မင်းက တော်တော်လေး လှပေမယ့် ဒီဘုန်းကြီးအိုကြီးနဲ့ အဲဒီလို မဖွယ်မရာ ဆက်ဆံရေးမျိုး ရှိနေလိမ့်မယ်လို့ မယုံနိုင်စရာပဲ”
လူအားလုံး တိတ်ဆိတ်သွားပြီးနောက် ခဏအကြာတွင် လမ်းမှန်ဂိုဏ်းမှ လူများက သူ့ကို စတင်ဆဲဆိုကြလေတော့သည်။ နတ်ဆိုးဂိုဏ်းသားများကမူ ရယ်မောနေကြပြီး အချို့သော ရိုင်းစိုင်းသူများက အော်ဟစ်လိုက်ကြ၏။
“ဟုတ်တယ်.. ဟုတ်တယ်။ တကယ်ကို မထင်ရဘူးကွ”
ထျန်းလင်းအာမှာ အလွန်ဒေါသထွက်ကာ စိတ်တိုသွားပြီး ဒေါသတကြီး ပြောလိုက်သည်။
“နင်.. နင် ဘာပြောလိုက်တယ်”
ခွေးရိုင်းတာအိုဆရာက သူ၏မျက်နှာပေါ်တွင် ဖြောင့်မတ်ခြင်းဟူသော စကားလုံးကို ရေးထိုးထားသကဲ့သို့ တရားမျှတမှုကို ဆောင်ကြဉ်းသူ တစ်ယောက်အသွင်ဖြင့် လက်ညှိုးထိုးကာ ပြောလိုက်၏။
“မင်းသာ ဒီဘုန်းကြီးအိုကြီးနဲ့ မကြည်နူးနေဘူးဆိုရင် သူ့ကို လာကူညီစရာ အကြောင်းမှ မရှိတာ”
ဖာကျုံးပင်လျှင် ဒေါသထွက်သွားကာ အာမိတ္တဘဟု ချက်ချင်း ရေရွတ်လိုက်လေသည်။ ထျန်းလင်းအာမှာ ဒေါသကြောင့် မျက်နှာများပင် ဖြူရော်သွားသည်။
၎င်းမှာ ခွေးရိုင်းတာအိုဆရာ၏ ရန်စသည့် အကြံအစည်မှန်း သူမ သိသော်လည်း ဆယ့်ရှစ်နှစ်အရွယ် မိန်းကလေးတစ်ဦးသာ ဖြစ်ရာ လူအုပ်ရှေ့တွင် ဤကဲ့သို့ စော်ကားခံရချိန်၌ မည်သို့ ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။
သူမ၏ မှော်လက်နက် ထိန်းချုပ်မှုတွင် ချက်ချင်းပင် ဟာကွက်တစ်ခု ပေါ်လာလေတော့သည်။
ခွေးရိုင်းတာအိုဆရာက ၎င်းကို အခွင့်အရေးတစ်ခုအဖြစ် မြင်ကာ ဖီးနစ်ကြိုး၏ ဝန်းရံမှုထဲမှ လျင်မြန်စွာ လွတ်မြောက်သွားလေသည်။
သူ ထွက်ပြေးသွားသည်နှင့် တစ်ပြိုင်နက် ဘုန်းဟူသော အသံနှင့်အတူ ကောင်းကင်အပြည့်ရှိနေသော အနီရောင်ပိုးကြိုးများ ပိတ်သွားရာ သူသာ ထိုနေရာတွင် ရှိနေသေးပါက အပိုင်းပိုင်းအစစ ကြေမွသွားနိုင်ချေရှိပေသည်။
ခွေးရိုင်းတာအိုဆရာက သူ၏ ရှည်လျားသော လျှာကြီးကို ထုတ်ကာ ပြောလိုက်၏။
“သိပ်ရက်စက်တဲ့ ကောင်မလေးပဲ”
ထျန်လင်းအာမှာ အလွန်တရာ ဒေါသထွက်နေပြီး မူလက နှင်းပွင့်ကဲ့သို့ ဖြူဖွေးနေသော အသားအရေမှာ နီရဲနေလေပြီ။ အပိုစကား မဆိုတော့ဘဲ လျှပ်စီးကဲ့သို့သော အမြန်နှုန်းဖြင့် ခွေးရိုင်းတာအိုဆရာထံသို့ ထပ်မံပြေးဝင်သွားလေတော့သည်။
အံ့သြထိတ်လန့်မှုကြောင့် ခွေးရိုင်းတာအိုဆရာမှာ ထွက်ပြေးရတော့သည်။ နတ်ဆိုးဂိုဏ်းသားများက သူ ပြန်ဆုတ်လာသည်ကို မြင်သောအခါ လှောင်ပြောင်ကြလေသည်။
ထို့နောက် ရုတ်တရက်ပင် မည်သူက စတင်လိုက်သည်မသိ၊ နတ်ဆိုးဂိုဏ်းသားများမှာ တစ်ယောက်ပြီးတစ်ယောက် ပျံသန်းထွက်ခွာသွားကြကာ သူ့ကို မည်သူကမျှ မကူညီကြပေ။
ခဏအကြာတွင် ကျန်ရစ်နေခဲ့သော နတ်ဆိုးဂိုဏ်းသားများမှာ သွေးသန့်စင်ဂိုဏ်းမှ လူများသာ ဖြစ်လေသည်။ ခေါင်းဆောင်နျန်၏ မျက်နှာမှာ မည်းမှောင်နေပြီး သူ၏ရင်ထဲတွင် ဒေါသထွက်နေသော်လည်း ဤနေရာမှာ သူနေရန် မသင့်တော်ကြောင်းကို သိထား၏။
မိစ္ဆာမျက်လုံးက အနီရောင်အလင်းတန်းများကို တစ်ဆက်တည်း ထုတ်လွှတ်ကာ ဖာကျုံးကို ကိုက်အနည်းငယ်ခန့် နောက်ဆုတ်သွားစေလိုက်သည်။
ထို့နောက် သူက အထက်သို့ ပျံတက်ကာ သူ၏လူများကိုခေါ်၍ ထွက်ပြေးသွားလေတော့သည်။
ထျန်းလင်းအာက နောက်မှ လိုက်ရန် ပြင်လိုက်သော်လည်း ဖခင်ဖြစ်သူ ထျန်းပုယီက လှမ်းတားလိုက်သည်။
“လင်းအာ.. နောက်ကို မလိုက်နဲ့တော့”
ထျန်းလင်းအာက သူမကိုယ်သူမ အတင်းရပ်တန့်လိုက်ရသည်။ သူမ၏မျက်နှာမှာ နီရဲနေဆဲဖြစ်ပြီး ထျန်းပုယီဘက်သို့ လှည့်ကာ ပြောလိုက်သည်။
“အဖေ.. အဲဒီမိစ္ဆာကောင်က အဓိပ္ပာယ်မရှိတာတွေ ပြောနေတာကို အဖေ ကြားတယ်မလား...”
ထျန်းပုယီက ပြုံးလိုက်ပြီး စုရုက ရှေ့သို့ထွက်ကာ သူမကို ဆွဲလိုက်ရင်း ပြုံးကာ ပြောလိုက်သည်။
“အဲဒီနတ်ဆိုးမိစ္ဆာတွေက ဘယ်လို မကောင်းမှုမျိုးကိုမဆို လုပ်ရဲကြတယ်လေ။ ဒါက ရိုင်းစိုင်းတဲ့ စကားသက်သက်ပဲဆိုတော့ ငါတို့ မကြားခဲ့သလိုပဲ ဟန်ဆောင်လိုက်ကြတာပေါ့”
လမ်းမှန်ဂိုဏ်းမှ လူများကလည်း သဘောတူကာ ပြောဆိုကြလေသည်။
“ဟုတ်တယ်.. ဟုတ်တယ်။”
“မိန်းကလေးထျန်း.. ဒါကို စိတ်ထဲ မထားပါနဲ့”
ထျန်းလင်းအာ အောက်သို့ ဆင်းလာခဲ့သည်။ နတ်ဆိုးမိစ္ဆာများ ထွက်သွားပြီဖြစ်ကြောင်းကို မြင်သောအခါ လမ်းမှန်ဂိုဏ်းမှ လူများကလည်း လူစုခွဲလိုက်ကြ၏။
ဤရက်ပိုင်းအတွင်း သူတို့သည် နတ်ဆိုးဂိုဏ်းများနှင့် မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိသည်။ တိုက်ခိုက်ပြီးလျှင် ထွက်ခွာသွားကြကာ မကြာခနတိုက်ခိုက်ကြလေ့ ရှိသည်။