← Chapters

အခန်း ၁၂၀

Vol. 12 Ch. 120

အခန်း ၁၂၀

Vol. 12 Ch. 120

အခန်း (၁၂၀) - ရက်စက်ကြမ်းကြုတ်သော စွမ်းအင် (၃)

သူ၏ မျက်နှာတစ်ခြမ်းမှာ ရောင်ရမ်းနေပြီး သူ၏ပါးစပ်မှ သွေးများ ကျဆင်းလာလေသည်။

မည်သို့ပင်ဖြစ်စေ သူ၏ခန္ဓာကိုယ်တွင် မည်သည့်နာကျင်မှုကိုမျှ မခံစားရဘဲ သူ၏ရင်ထဲတွင်သာ တစ်ကြိမ်မျှ မဖြစ်ပေါ်ဖူးသော အကြောက်တရားများဖြင့် သူ့ကိုယ်သူ ဟစ်အော်နေမိသည်။

“အဲဒါ ဘာလဲ.. အဲဒါ ဘာလဲ.. မင်းကိုယ်ထဲကို ဘာတွေ ဝင်ပူးသွားတာလဲ။ မင်း ရူးနေပြီလား”

သူတွေဝေစွာမော့၍ သူ၏ဂိုဏ်းမှ လူများကို ကြည့်လိုက်၏။ လူတိုင်းက သူစိမ်းများ ဖြစ်သွားသကဲ့သို့ပင်။ သူတို့အတွက်ကလည်း သူတို့၏မျက်လုံးများက သူစိမ်းတစ်ယောက်ကို ကြည့်နေသကဲ့သို့ ဖြစ်နေလေသည်။

ဒါတွေအားလုံးက တကယ်တော့ ဘာတွေလဲ။

ကျန်းရှောင်ဖန်း မနည်းကြိုးစားကာ မတ်တတ်ရပ်လိုက်သည်။ မည်သူကမျှ စကားမပြောကြပေ။

လူအားလုံးက သူ့ကို ကြည့်နေကြပြီး သူ၏မျက်နှာအမူအရာကို ကြည့်ရသည်မှာ ကြောက်ရွံ့ခြင်းထက် နားမလည်နိုင်ခြင်းတွေ ပိုများနေကာ သူကိုယ်တိုင်ပင် ဘာဖြစ်သွားမှန်း မသိလိုက်ပေ။

စုန့်တာ့ရန်က ကျန်းရှောင်ဖန်းအပေါ် အမြဲတမ်း ကာကွယ်ပေးလေ့ရှိရာ သူက ထျန်းပုယီဘက်သို့ လှည့်ကာ ပြောလိုက်သည်။

“ဆရာ.. ဂျူနီယာညီလေးရှောင်ဖန်းက.. သူ.. သူ့မှာ ရိုင်းစိုင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး။ သူက.. သူက သက်သက်ပဲ...”

“ပါးစပ်ပိတ်ထားစမ်း”

ထျန်းပုယီက အော်ဟစ်လိုက်သည်။ စုန့်တာ့ရန် ဆက်၍ မပြောနိုင်တော့ပေ။ ထျန်းပုယီမှာ ဤအချိန်တွင် ဒေါသထွက်နေသော ကောင်းကင်နတ်မင်းတစ်ပါးကဲ့သို့ ကျန်းရှောင်ဖန်းထံသို့ တစ်လှမ်းချင်း လျှောက်လာနေလေသည်။

ကျန်းရှောင်ဖန်း၏ မျက်နှာပေါ်တွင် ထိတ်လန့်မှုလက္ခဏာများ ပေါ်လာလေသည်။ မည်သို့ပင်ဆိုစေကာမူ သူသည် ငယ်စဉ်ကတည်းက ဆရာဖြစ်သူကို အကြောက်ဆုံးဖြစ်ရာ နောက်ဆက်တွဲရင်ဆိုင်ရမည်များကို တွေးပင်မတွေးရဲတော့ပေ။

ရုတ်တရက် အဖြူရောင်ပုံရိပ်တစ်ခုက ကျန်းရှောင်ဖန်း၏ ရှေ့တွင် လာရပ်လေသည်။

လူတိုင်း အံ့အားသင့်သွားကြသည်။

လင်းကျင်းယွီ၏ မျက်နှာမှာ ဖြူရော်နေပြီး မျက်မှောင်ကြုတ်ထားသော်လည်း ချင်းယွင်ဂိုဏ်းတစ်ခုလုံးတွင် နာမည်ကြီးလှသော တာ့ကျူးတောင်ထိပ် ဂိုဏ်းခေါင်းဆောင်ကို ရင်ဆိုင်ရာတွင် ငယ်စဉ်ကကဲ့သို့ပင် သူ့ထံ၌ မည်သည့်အကြောက်တရား မရှိပေ။

နှင်းပွင့်ကဲ့သို့ ဖြူဖွေးသော ဝတ်စုံဖြင့် သူသည် မြေကြီးတွင် သံမှိုစွဲထားသကဲ့သို့ ထိုနေရာတွင် ရပ်နေကာ လက်တစ်လုံးမျှပင် မလှုပ်ရှားပေ။ သူ၏ရှေ့တွင် အန္တရာယ်များ ရှိနေသော်လည်း သူ့ကို ရွေ့လျားသွားအောင် မလုပ်နိုင်ချေ။

ချလွင်....

နဂါးဟိန်းသံနှင့်အတူ ကျန့်လုံဓားကို အိမ်မှ ဆွဲထုတ်လိုက်၏။

တောက်ပသော အစိမ်းရောင်အလင်းတန်းက သူ့ကိုရော ကျန်းရှောင်ဖန်းကိုပါ လွှမ်းခြုံသွားလေသည်.. နောက်ခံသမိုင်းကြောင်း တူညီသော လူနှစ်ယောက်ပင် ဖြစ်သည်။

သူက ချီဟောင်၏ အကြည့်များကို လုံးဝလျစ်လျူရှုကာ ပြတ်သားစွာ ပြောလိုက်သည်။

“ခင်ဗျား ရှောင်ဖန်းကို ထပ်ထိမယ်ဆိုရင် ကျုပ်ကို အရင်သတ်ရလိမ့်မယ်”

ချီဟောင်က လေအေးတစ်ချက်ကို ရှူသွင်းလိုက်မိသည်။ သူက ထျန်းပုယီကို လှမ်းကြည့်လိုက်၏။

ဤအချိန်တွင် ထျန်းပုယီ၏ မျက်နှာမှာ အဆိုးရွားဆုံး အခြေအနေသို့ ရောက်နေကာ နီရဲနေလေပြီ။ သူ၏ရင်ထဲရှိ ဒေါသကို ရှင်းရှင်းလင်းလင်းပင် မြင်တွေ့နိုင်ပေသည်။

သို့သော် ချီဟောင်သည် လုံရှို့တောင်ထိပ်မှ အကြီးဆုံးတပည့်တစ်ယောက်ဖြစ်ရာ သူ ရှောင်ဖယ်နေရန် အကြောင်းမရှိပေ။

လင်းကျင်းယွီကိုလည်း ဆရာဖြစ်သူက အမြဲတမ်း မျက်နှာသာပေးထားသဖြင့် မည်သို့ပင်ဖြစ်စေ သူ လျစ်လျူရှုထားရန် နည်းလမ်းမရှိချေ။

ချီဟောင်သည် ထျန်းပုယီကို ကြည့်လိုက်ရာ သူ့ကို နှစ်သိမ့်ရန် အသုံးမဝင်ကြောင်း သိလိုက်သည်။ သူ လျင်မြန်စွာ ပြေးသွားကာ လင်းကျင်းယွီကို ဆွဲ၍ တီးတိုးပြောလိုက်သည်။

“ညီလေး.. မင်း ရူးနေလား။ ဒါက သူတို့တာ့ကျူးတောင်ထိပ်ရဲ့ အတွင်းရေးကိစ္စလေ။ မင်းက ဘာလို့ ဝင်စွက်ဖက်နေတာလဲ။ ဆရာ ဒီမှာရှိနေရင်တောင် အခြေအနေက ပိုကောင်းလာမှာ မဟုတ်ဘူး။ ငါနဲ့ မြန်မြန်ပြန်လိုက်ခဲ့စမ်းပါ”

သို့သော် ယနေ့ လင်းကျင်းယွီမှာ ယခင်ကနှင့် အလွန်ကွာခြားနေကာ နှာခေါင်းရှုံ့၍ ပြောလိုက်သည်။

“ငါ ထွက်သွားရင် ရှောင်ဖန်းက ဒီလူရဲ့ စိတ်ကူးလို့တောင် မရနိုင်တဲ့ နှိပ်စက်မှုကို ခံရတော့မှာ။ သူကလည်း ငါ့လို မိဘမဲ့တစ်ယောက်ပဲလေ။ သူ့ဘက်ကနေ ငါမရပ်တည်ပေးရင် ဒီလောကကြီးမှာ ဘယ်သူကမှ ရပ်တည်ပေးမှာ မဟုတ်ဘူး”

ထို့နောက် သူ၏မျက်လုံးများက တာ့ကျူးတောင်ထိပ်ဘက်သို့ တိုက်ရိုက် စူးစိုက်ကြည့်လိုက်သည်။

စွမ်းအားကွာခြားချက်မှာ ကြီးမားကြောင်း သူသိသော်လည်း သူ၏မျက်လုံးများကတော့ အနောက်တွင်ရှိသော ညီအစ်ကိုအတွက် သူ၏အသက်ကိုပင် စွန့်လွှတ်နိုင်ကြောင်း ဖော်ပြနေလေသည်။

ချီဟောင် ဘာမှမပြောနိုင်တော့ပေ။ ဂျူနီယာညီလေးလင်းမှာ စိတ်တိုနေသည်ကို မြင်သောအခါ သူ အလွန်စိုးရိမ်သွား၏။ ရုတ်တရက် လင်းကျင်းယွီ၏ ပခုံးပေါ်သို့ လက်တစ်ဖက် ရောက်လာလေသည်။

လင်းကျင်းယွီ အံ့အားသင့်သွားကာ လှည့်ကြည့်လိုက်သည်။ ကျန်းရှောင်ဖန်းက သူ၏အနောက်တွင် ရပ်နေပြီး မျက်နှာတစ်ခြမ်းလုံး ဖူးရောင်နေသည်။ သူ၏မျက်လုံးများတွင် မျက်ရည်များ ပြည့်နေကာ သူ၏အသံမှာ ဆို့နင့်နေလေသည်။

“ကျင်းယွီ... မင်းရဲ့ စေတနာကို ငါ နားလည်ပါတယ်။ ငါ အမှားလုပ်မိခဲ့တာဆိုတော့ ဆရာ့ကို ငါပဲ တောင်းပန်လိုက်ပါ့မယ်။ မင်း စီနီယာအစ်ကိုချီနဲ့ အရင် ပြန်သွားလိုက်ပါ”

လင်းကျင်းယွီ မျက်မှောင်ကြုတ်သွားကာ စကားပြောရန် ပြင်လိုက်စဉ် ချီဟောင်က ကမန်းကတမ်း ပြောလိုက်သည်။

“ဂျူနီယာညီလေးလင်း.. မင်း ဒီမှာ ဆက်နေရင် ဦးလေးထျန်းကို ပိုပြီး ဒေါသထွက်စေရုံပဲ ရှိမှာမလို့ ဂျူနီယာညီလေးကျန်းကို ပိုပြီး ဒုက္ခရောက်စေလိမ့်မယ်။ မြန်မြန် သွားရအောင်”

ထို့နောက် သူက လင်းကျင်းယွီကို အတင်းဆွဲခေါ်သွားလေသည်။ လင်းကျင်းယွီ ရုန်းကန်သော်လည်း ကျန်းရှောင်ဖန်း၏ မျက်လုံးထဲမှ တောင်းပန်နေသော အကြည့်ကို မြင်သောအခါ တွေဝေသွားပြီး နောက်ဆုံးတွင်တော့ ချီဟောင်၏နောက်သို့ လိုက်ပါသွားရလေတော့သည်။

သူ ထွက်သွားချိန်တွင် ခြေတစ်လှမ်းလှမ်းတိုင်း ကျန်းရှောင်ဖန်းကို နောက်ပြန်ကြည့်နေခဲ့၏။

ထျန်းပုယီ၏ အမူအရာမှာ အလွန်ဆိုးရွားနေသည်။ တာ့ကျူးတောင်ထိပ်မှ လူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ မည်သူကမျှ တစ်ခွန်းမှ မပြောရဲကြပေ။

ကျန်းရှောင်ဖန်းက သူ၏ထံသို့ တိတ်ဆိတ်စွာ လျှောက်သွားကာ ဒူးထောက်လိုက်ပြီး ခေါင်းကို မြေကြီးပေါ်တွင် အပ်ကာ မလှုပ်မယှက် နေလိုက်သည်။

ထျန်းပုယီက အေးစက်စွာ ရယ်မောလိုက်၏။

“ဟာ.. ငါက ဒီအတွက် မထိုက်တန်ပါဘူးကွာ။ ဒါ ဘယ်သူပါလိမ့်။ ဒီလောက်မြင့်မားတဲ့ ကျင့်ကြံဆင့်နဲ့ အရမ်းပြင်းထန်တဲ့ သတ်ဖြတ်လိုစိတ်တွေနဲ့လေ.. မင်းမျက်လုံးထဲမှာ ငါ့ကို ဆရာလို့ရောမြင်သေးရဲ့လား…ဟမ်”

ကျန်းရှောင်ဖန်း၏ ခန္ဓာကိုယ်မှာ တုန်ယင်သွားကာ ပြင်းထန်စွာ သုံးကြိမ်တိုင်တိုင် ဦးချလိုက်လေသည်။ သူ၏ခေါင်းမှာ မြေကြီးပေါ်တွင် ရှိနေဆဲပင်။

စုန့်တာ့ရန်နှင့် အခြားသူများမှာ ထိုဂျူနီယာညီလေးရှောင်ဖန်းကို ချစ်ခင်ကြရာ သူ၏အခြေအနေကို မြင်သောအခါ ကျန်းရှောင်ဖန်း ယခင်က မည်သို့ပုံစံပေါက်နေခဲ့သည်ကို မေ့သွားကြပြီး ထျန်းပုယီအား ဝိုင်းတောင်းပန်ကလေသည်။

“ဆရာ.. ဂျူနီယာညီလေးရှောင်ဖန်းက..”

ထျန်းပုယီက လက်ကာပြလိုက်ရာ လူတိုင်း၏ စကားများမှာ လည်ချောင်းထဲတွင် ဆို့နင့်သွားလေသည်။ ထျန်းပုယီက ကျန်းရှောင်ဖန်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဒေါသတကြီး နှာခေါင်းရှုံ့ကာ အေးစက်စွာ ပြောလိုက်သည်။

“ဒီနှစ်တွေတစ်လျှောက်လုံး သစ္စာဖောက်တစ်ယောက်ကို ငါ မွေးမြူခဲ့ရလိမ့်မယ်လို့ ထင်မထားဘူး”

ထို့နောက် သူက နောက်လှည့်မကြည့်ဘဲ လျှောက်သွားကာ ကျန်းရှောင်ဖန်းကို လျစ်လျူရှုထားလိုက်လေတော့သည်။

စုရုက သက်ပြင်းချကာ နောက်မှ လိုက်သွား၏။ လူအားလုံးလည်း မတတ်သာဘဲ နောက်မှ လိုက်သွားကြရာ ကျန်းရှောင်ဖန်းတစ်ယောက်တည်း မြေကြီးပေါ်တွင် အထီးကျန်စွာ ဒူးထောက်ကျန်ရစ်ခဲ့လေသည်။

သူ၏ခေါင်းမှာ မော့မလာသေးပေ။

ကောင်းကင်မှာ မည်းမှောင်လာပြီး လမ်းမှန်ကျင့်ကြံသူများမှာ တောင်ဘက်ရှိ လျိုပိုတောင်၏ တောင်ခါးပန်းသို့ ပြန်လာခဲ့ကြသည်။

ထိုနေရာတွင် သဘာဝလှိုဏ်ဂူ ဒါဇင်ပေါင်းများစွာရှိရာ နေထိုင်ရေးအတွက် အလွန်အဆင်ပြေလှ၏။ ထိုနေ့က တောင်ပေါ်သို့ သူတို့ ရောက်ရှိလာချိန်တွင် လမ်းမှန်ကျင့်ကြံသူများက ၎င်းကို ချက်ချင်း ရွေးချယ်ခဲ့ကြခြင်း ဖြစ်လေသည်။

ချင်းယွင်ဂိုဏ်းမှ တောင်ထိပ်လေးခုသည် ဂူလေးခုကို နေရာယူထားကြသည်။ တာ့ကျူးတောင်ထိပ်မှာ လူအနည်းဆုံးဖြစ်ရာ သူတို့သည် သစ်တောအုပ်နှင့်ကပ်လျက်ရှိသော အနောက်ဘက်အကျဆုံး ဂူတွင် နေရာယူထားကြလေသည်။

၎င်းနောက်တွင် လုံရှို့တောင်ထိပ်၊ ချောင်ယန်တောင်ထိပ်နှင့် ရှောင်ကျူးတောင်ထိပ်တို့ ရှိကြသည်။ ထို့နောက် ထျန်းယင်၊ ဖန်ရှန်းနှင့် အခြားသော လမ်းမှန်ကျင့်ကြံသူများ နေထိုင်ကြလေသည်။

ယခုတစ်ကြိမ် ကျန်းရှောင်ဖန်း ပြန်လာသောအခါ ထျန်းယင်ကျောင်းတော်မှ ဖာရှန်းနှင့် ဖာရှန့်တို့ လာရောက်တွေ့ဆုံခဲ့ကြသည်။ ချီဟောင်ကလည်း လာရောက်နှုတ်ဆက်ခဲ့လေသည်။

လုရွှယ်ချီမှာ ရှောင်ကျူးတောင်ထိပ် အဖွဲ့သားများကြားတွင် ရပ်နေပြီး လာမတွေ့ခဲ့ပေ။

သို့သော် ယခုအချိန်တွင် ၎င်းကို တွေးတောရန် သူ၏စိတ်ထဲတွင် မရှိပေ။ သူသည် လူတိုင်းနောက်မှ လိုက်ပါပြန်လာခဲ့သော်လည်း ဂူထဲသို့ မဝင်ဘဲ ဂူအပြင်ဘက်ရှိ ကျောက်တုံးပေါ်တွင်သာ ဒူးထောက်နေခဲ့သည်။

မွန်းလွဲပိုင်းမှ မှောင်သည်အထိ သူ ဒူးထောက်နေခဲ့သည်မှာ လေးနာရီကျော် ကြာမြင့်ခဲ့လေပြီ။ သို့တိုင် ထျန်းပုယီမှာ စိတ်ပျော့သွားသည့် လက္ခဏာတစ်စုံတစ်ရာ ပြသခြင်း မရှိသေးချေ။

အခြားတောင်ထိပ်များမှ ချင်းယွင်ဂိုဏ်းသားများ၊ ထျန်းယင်နှင့် ဖန်ရှန်းဂိုဏ်းသားများစွာက ၎င်းကို မြင်တွေ့ခဲ့ကြသည်။ သူတို့ စုဝေးလာကြကာ အဝေးမှနေ၍ လက်ညှိုးထိုးကြပြီး သူတို့၏ လှောင်ပြောင်သံများကိုပင် အတိုင်းသား ကြားနေရလေသည်။

ကျန်းရှောင်ဖန်းမှာ အရှက်ရနေ၏။ သို့သော် သူ မထသေးပေ။ သို့သော် အချိန်အကြာကြီး ဒူးထောက်ထားရသဖြင့် သူ၏ဒူးများမှာ နာကျင်နေချေပြီ။

ရုတ်တရက် လုံရှို့တောင်ထိပ်မှ တပည့်များ နေထိုင်ရာ အိမ်နီးချင်းဂူထဲမှ ကျယ်လောင်သော အသံများ ထွက်ပေါ်လာသည်။

ကျန်းရှောင်ဖန်း ခေါင်းမမော့သော်လည်း လင်းကျင်းယွီ၏ ဒေါသတကြီး အော်ဟစ်သံကို ကြားနေရဆဲပင်။ သူကိုယ်တိုင် ထိန်းချုပ်မထားနိုင်တော့ဘဲ အပြင်သို့ ထွက်လာရန် ပြင်နေပုံရသော်လည်း ချီဟောင်နှင့် အခြားတပည့်များက ဆွဲထားပုံရလေသည်။

အော်ဟစ်သံများ ထွက်ပေါ်လာချိန်တွင် ရုတ်တရက် အနီးအနားရှိဂူထဲမှ ပြင်းထန်ပြီးအားပါသော အသံတစ်ခု ထွက်ပေါ်လာ၏။

“ကျင်းယွီ.. ဒီကိုလာစမ်း။ မင်းနဲ့ ငါ ပြောစရာရှိတယ်”

၎င်းမှာ အရှင်ချန်းစုန့်၏ အသံဖြစ်ကြောင်း ကျန်းရှောင်ဖန်း သိလိုက်သည်။

လုံရှို့တောင်ထိပ်မှ တပည့်များ ချက်ချင်းတိတ်ဆိတ်သွားကြ၏။ မကြာမီ လင်းကျင်းယွီမှာ ဆရာဖြစ်သူ၏ အမိန့်ကို မလွန်ဆန်ရဲသဖြင့် အထဲသို့ ဝင်သွားကာ ပြန်ထွက်မလာတော့ပေ။

အမှောင်ထုထဲတွင် တိတ်ဆိတ်မှုက ပြန်လည်လွှမ်းမိုးသွားလေသည်။ ပွဲကြည့်နေသော လူအုပ်ကြီးလည်း ထွက်ခွာသွားကြလေပြီ။ ကျန်းရှောင်ဖန်း တစ်ယောက်တည်းသာ ဂူပေါက်ဝတွင် ဒူးထောက်ကာ ကျန်ရစ်ခဲ့လေတော့သည်။

ထိုအချိန်တွင် စုန့်တာ့ရန်၊ ဟယ်တာ့ကျီနှင့် ဝူတာ့ရီတို့က ထျန်းပုယီကို တောင်းပန်နေသော အသံများ တာ့ကျူးတောင်ထိပ်၏ ဂူထဲမှ ထွက်ပေါ်လာပြန်သည်။ ထျန်းပုယီက သူတို့ကို ဒေါသတကြီး ဆူပူကြိမ်းမောင်းပြီးနောက် အားလုံး ရပ်တန့်သွားကြသည်။

သို့သော် တိတ်ဆိတ်မှုမှာ တစ်ခဏမျှပင် မတည်မြဲခဲ့ဘဲ ထျန်းလင်းအာ၏ စိတ်လှုပ်ရှားနေသော အသံ ထွက်ပေါ်လာသည်။

“အဖေ.. အဖေ ဘာလုပ်နေတာလဲ။ ရှောင်ဖန်း အပြင်မှာ ဒူးထောက်နေရတာ ငါးနာရီနီးပါး ရှိနေပြီ။ သူ ဘာအမှား လုပ်ခဲ့လို့လဲ”

“သူက စီနီယာအစ်ကိုကြီးကို ထိခိုက်အောင် လုပ်ခဲ့လို့လား၊ သတ်ခဲ့လို့လား။ သူ တောင်းပန်ပြီးပြီလေ။ ဒါတောင် အဖေက သူ့ကို အထဲပေးမဝင်သေးဘူးလား...”

ဝုန်း….

ကျောက်တုံးများ လေထဲသို့ လွင့်စဉ်သွား၏။ ထျန်းပုယီ၏ ဒေါသများ မပြေနိုင်သေးဘဲ မာကျောသော ကျောက်တုံးကို ရိုက်ချလိုက်ရာ ဖုန်မှုန့်များအဖြစ် ကြေမွသွားလေသည်။

ထျန်းလင်းအာမှာ ပြောစရာ ရှိနေသေးသော်လည်း ဆရာကတော် စုရုက သူမကို တီးတိုးပြောကာ ခေါ်ထုတ်သွားလေသည်။ ထို့နောက် မည်သည့်အသံမျှ ထွက်မလာတော့ပေ။

All Chapters