← Chapters

အခန်း ၈၂၁

Vol. 55 Ch. 821

အခန်း ၈၂၁

Vol. 55 Ch. 821

အခန်း (၈၂၁) ခေတ်အဆက်ဆက် ထင်ဟပ်စေသော မဟာနတ်ဘုရားစွမ်းအင်။ အနှိုင်းမဲ့အောင်ပွဲ။ (၁)

"သူတို့ တိုက်ကြတော့မယ်။"

ထွမ်မုထောင်နှင့် ရှယန်ကျယ်တို့ နှစ်ဦးစလုံး အံ့အားသင့်သွားကြသည်။

ဝမ်ဖုဟူ မည်သူမည်ဝါဖြစ်ကြောင်း သိရှိပြီးနောက် သူတို့နှစ်ဦးစလုံးမှာ ဆုတ်ခွာရန်သာ စဉ်းစားခဲ့ကြသည်။ မဟာမီးလျှံအင်ပါယာ၏ သိုင်းဝိဇ္ဇာသူတော်စင် ကိုယ်တိုင် လာရောက်ဖြေရှင်းခြင်းကသာ အန္တရာယ်အကင်းဆုံးဖြစ်မည်ဟု သူတို့ ခံစားခဲ့ရသည်။

သို့သော် စူးချန်ခုန်းမှာမူ အလွယ်တကူ လက်လျှော့ရန် ဆန္ဒမရှိပေ။ သူသည် ဝမ်ဖုဟူကို တိုက်ရိုက် စိန်ခေါ်လိုက်ရာ ဝမ်ဖုဟူကဲ့သို့သော ခတ်ထန်သည့် စရိုက်ရှိသူမှာ ငြိမ်ခံနေမည် မဟုတ်သည်မှာ သေချာသည်။

စိန်ခေါ်သံ၏ အေးစက်သော အငွေ့အသက်များ မကုန်ဆုံးမီမှာပင် ဝမ်ဖုဟူသည် မဆိုင်းမတွဘဲ စတင်တိုက်ခိုက်ရန် ရွေးချယ်လိုက်သည်။ သူ၏ အချိန်များမှာ ကုန်ဆုံးလုနီးပါး ဖြစ်နေပြီဖြစ်ရာ ရှယန်မျိုးနွယ်၏ သိုင်းဝိဇ္ဇာသူတော်စင်ကို ရှာဖွေတိုက်ခိုက်ရန်အတွက် သူ၏ စွမ်းအင်အားလုံးကို ထိန်းသိမ်းထားရန် လိုအပ်သည်။ သို့သော် သူ၏ လမ်းကို ပိတ်ဆို့ရဲသော ဤမျိုးဆက်သစ် လူငယ်လေးကြောင့် သူ အလွန်အမင်း ဒေါသထွက်သွားရသည်။

ဟူဝေ မင်းဆက်၏ သိုင်းဝိဇ္ဇာသူတော်စင်အောက်တွင် အားအကောင်းဆုံး ပုဂ္ဂိုလ်တစ်ဦးအနေဖြင့် သူ၏ ရှေ့တွင် ရိုင်းပျစော်ကားသည်ကို သူ လုံးဝ ခွင့်မပြုနိုင်ပေ။

"ဝုန်း"

ဝမ်ဖုဟူ၏ လက်သီးချက်မှာ ရိုးရှင်းပြီး ဆွဲဆောင်မှု မရှိလှသကဲ့သို့ မည်သည့် လှိုင်းဂယက်ကိုမျှ မဖြစ်ပေါ်စေပေ။ တကယ်တော့ ၎င်း၏ စွမ်းအားအားလုံးမှာ အတွင်း၌သာ စုစည်းထားခြင်းဖြစ်ပြီး အပြင်သို့ စွမ်းအင်တစ်စက်မျှပင် ယိုစိမ့်ခြင်း မရှိပေ။ သို့မဟုတ်ပါက ဝမ်ဖုဟူ၏ ကျွမ်းကျင်မှုအဆင့်မှ ထွက်ပေါ်လာသော စွမ်းအင်အနည်းငယ်မျှပင် ခမ်းနားထည်ဝါလှသော နွေဦးမိုးရေအဆောင်ကို အပျက်အစီးများ ဖြစ်သွားစေရန် လုံလောက်ပေသည်။

"ဒုန်း"

လက်သီးချက်မှာ စူးချန်ခုန်း၏ ရင်ဘတ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားပြီး တုန်ခါမှု စွမ်းအားမှာ ပြင်းထန်လှသည်။ အပြင်အား လေ့ကျင့်မှုတွင် ကျွမ်းကျင်သော ထိပ်တန်း တိုက်ခိုက်ရေးသမားများပင်လျှင် ဤတုန်ခါမှုကြောင့် ခန္ဓာကိုယ် အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားနိုင်သည်။

"ဟင်"

သို့သော် ဝမ်ဖုဟူ၏ မျက်နှာတွင် ထိန်းချုပ်၍မရသော အံ့အားသင့်မှုများ ပေါ်ပေါက်လာသည်။ အကြောင်းမှာ စူးချန်ခုန်းသည် သူ၏ လက်သီးချက်ကို ရင်ဘတ်ဖြင့် တိုက်ရိုက် ခံယူလိုက်သော်လည်း တုန်လှုပ်ခြင်းမရှိဘဲ ခန္ဓာကိုယ်ကို အသုံးပြုကာ ထိုစုစည်းထားသော စွမ်းအားများကို စုပ်ယူပြီး ပျောက်ကွယ်သွားစေသောကြောင့် ဖြစ်သည်။

စူးချန်ခုန်း၏ ဧရာမဝေလငါးကျင့်စဉ်မှာ အဆင့် ၁၁ သို့ ရောက်ရှိထားပြီဖြစ်ရာ သူ၏ ခန္ဓာကိုယ်မှာ အလွန်တရာ ကျစ်လျစ်ခိုင်မာလှသည်။ သူ၏ ဧရာမဝေလငါး ချီစွမ်းအင်များက ခန္ဓာကိုယ် အနှံ့ရှိ ကြွက်သားနှင့် အရိုးများအထိ လွှမ်းခြုံထားလေ၏။

ခန္ဓာကိုယ်၏ ကြံ့ခိုင်မှုကို ပြောရလျှင် သူသည် သိုင်းဝိဇ္ဇာသူတော်စင် တစ်ဦးနှင့် နီးစပ်နေပြီ ဖြစ်သည်။ ငြိမ်သက်စွာ ရပ်နေလျှင်ပင် သာမန် နတ်ဘုရားစွမ်းရည်တုတစ်ခုဖြင့် သူ့ကို ဒဏ်ရာရအောင် လုပ်ရန် ခက်ခဲလှသည်။ ဝမ်ဖုဟူ၏ တိုက်ခိုက်မှုမှာလည်း အစွမ်းကုန် မဟုတ်သေးပေ။

စူးချန်ခုန်းအတွက်မူ ဤသည်မှာ ကလေးတိုက်ကွက်ကဲ့သို့သာ ဖြစ်ပြီး သူ့ကို အနည်းငယ်မျှပင် တုန်လှုပ်အောင် မလုပ်နိုင်ခဲ့ပေ။

"ဒီတိုက်ပွဲကို... အပြင်မှာပဲ ဆက်ရအောင်"

စူးချန်ခုန်းက တည်ငြိမ်စွာ ပြောလိုက်ပြီး လက်ချောင်းငါးချောင်းကို တင်းတင်းဆုပ်လိုက်သည်။ ဝမ်ဖုဟူ၏ အံ့အားသင့်နေသော မျက်လုံးများရှေ့မှာပင် သူသည် ဝမ်ဖူဟူ၏ ရင်ဘတ်ကို ရုတ်ချည်း ပြန်လည် ထိုးနှက်လိုက်သည်။

"ဒုန်း"

ပေါက်ကွဲသံနှင့်အတူ အနီးနားရှိ စားပွဲ၊ ကုလားထိုင်များမှာ လက်သီးချက်၏ လေဟုန်ကြောင့် အပိုင်းပိုင်း ပြတ်ထွက်သွားသည်။ ဝမ်ဖုဟူ ကိုယ်တိုင်မှာလည်း နောက်သို့ လွင့်ထွက်သွားပြီး နံရံကို တိုက်မိကာ ပြိုကျသွားစေခဲ့သည်။ သူသည် ဒုတိယထပ် အထူးခန်းဆောင်မှတစ်ဆင့် အဆောက်အဦး အပြင်ဘက်ရှိ နွေဦးမိုးရေကန်၏ အလယ်ဗဟိုသို့ အမြောက်ကျည်ဆန်တစ်ခုကဲ့သို့ လွင့်ထွက်သွားတော့သည်။

စွမ်းအားများကို ခုခံပြီးနောက် ဝမ်ဖုဟူ၏ သန်မာသော ခန္ဓာကိုယ်မှာ ကန်ရေပြင်အလယ်တွင် မြေပြင်ပေါ်၌ ရပ်နေသကဲ့သို့ တည်ငြိမ်စွာ ရပ်နေခဲ့သည်။ သူ၏ ခြေဖဝါးအောက်တွင် ရေလှိုင်းလေးများ ဖြာထွက်နေသည်။ ရေမျက်နှာပြင်ပေါ်တွင် ရပ်နေရင်း ဝမ်ဖုဟူ၏ မျက်လုံးများမှာ တဖြည်းဖြည်း တောက်ပလာကာ "တကယ့်ကို ရှားပါးတဲ့ သိုင်းပညာရှင်တစ်ယောက်ပဲ" ဟု ရေရွတ်လိုက်သည်။

မူလက ဝမ်ဖုဟူသည် စူးချန်ခုန်းနှင့် ကျန်နှစ်ဦးကို ဂရုမထားသဖြင့် တိုက်ခိုက်ရန် ဆန္ဒမရှိခဲ့ပေ။ သူတို့နှင့် တိုက်ခိုက်ခြင်းမှာ အချိန်ဖြုန်းခြင်းနှင့် စွမ်းအင်ကုန်ခမ်းခြင်းသာ ဖြစ်မည်ဟု သူ ထင်ခဲ့သည်။ သို့သော် စူးချန်ခုန်း၏ ပေါ့ပါးသော လှုပ်ရှားမှုကို မြင်တွေ့ရပြီးနောက် ဤဝတ်စုံနက်နှင့် လူငယ်မှာ သာမန်မဟုတ်ကြောင်း သူ သဘောပေါက်သွားခဲ့ရာ သူ၏ တိုက်ခိုက်လိုစိတ်များ ပြင်းထန်လာခဲ့သည်။

သူ ဤလောကတွင် ပြန်လည် ပေါ်ပေါက်လာရခြင်း အကြောင်းရင်းမှာ ထိုကြီးမားပြီး နက်နဲသော စွမ်းအားကြောင့်သာမက သူ၏ စွဲလမ်းမှုကြောင့်လည်း ပါဝင်သည်။ ယခင်က သိုင်းဝိဇ္ဇာသူတော်စင်နှင့် တိုက်ပွဲတွင် မကျေမနပ် ဖြစ်ကာ သေဆုံးခဲ့ရသဖြင့် ထိုမကျေနပ်မှုများ စုစည်းပြီးနောက် ဤမြေပေါ်တွင် အခြားပုံစံတစ်ခုဖြင့် ပြန်လည် ပေါ်ထွက်လာခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။ သိုင်းဝိဇ္ဇာသူတော်စင်ကို နောက်တစ်ကြိမ် ပြန်လည် စိန်ခေါ်ရန်အတွက် ဖြစ်သည်။

ယခုအခါ ဝတ်စုံနက်နှင့် လူငယ်မှာ သိုင်းဝိဇ္ဇာသူတော်စင် မဟုတ်သော်လည်း သူ့ကဲ့သို့ပင် မူလနယ်ပယ်မှ သိုင်းပညာရှင်တစ်ဦး ဖြစ်နေခြင်းက ဝမ်ဖုဟူကို ဝမ်းသာစေသည်။ မူလနယ်ပယ်အတွင်းမှာမူ သူ့ကို မည်သူမျှ မယှဉ်နိုင်ဟု သူ ယုံကြည်ထားသည်။

"အကြီးအကဲတာ့... သတိထားပါ။"

ရှယန်ကျယ်နှင့် ထွမ်မုထောင်တို့မှာ တိုက်ပွဲမှာ ရှောင်လွှဲ၍ မရနိုင်တော့ကြောင်း သိသဖြင့် စူးချန်ခုန်းကို အလျင်အမြန် သတိပေးလိုက်ကြသည်။

"အင်း"

စူးချန်ခုန်းက ခေါင်းညိတ်ပြလိုက်ပြီးနောက် သူ၏ ပုံရိပ်မှာ လျှပ်တစ်ပြက်အတွင်း ဝေးကွာသော အကွာအဝေးကို ဖြတ်ကျော်ကာ နွေဦးမိုးရေကန်၏ အလယ်ဗဟိုသို့ ပေါ့ပါးစွာ ဆင်းသက်လိုက်သည်။ သူသည် ရေမျက်နှာပြင်ပေါ်တွင် ရပ်လျက် ဝမ်ဖုဟူနှင့် မျက်နှာချင်းဆိုင်လိုက်သည်။

"ဝမ်ဖုဟူက ဟူဝေမင်းဆက်ရဲ့ သိုင်းဝိဇ္ဇာသူတော်စင်အောက်မှာ စွမ်းအားအကြီးဆုံးလူပဲ။ သိုင်းဝိဇ္ဇာသူတော်စင် ကိုယ်တိုင် တိုက်မှပဲ သူ့ကို သတ်နိုင်ခဲ့တာ။ အကြီးအကဲတာ့က သူ့ကို အနိုင်ယူနိုင်ပါ့မလား" ရှယန်ကျယ်က စိုးရိမ်တကြီး ပြောလိုက်သည်။

ထွမ်မုထောင်ကမူ ကန်ရေပြင်အလယ်ရှိ လူနှစ်ဦးကို စူးစိုက်ကြည့်နေသည်။ သူသည် စူးချန်ခုန်း၏ လုပ်ဆောင်ချက်များကို တစ်ကြိမ်ထက်မက မြင်တွေ့ခဲ့ဖူးပြီး အကြိမ်တိုင်းမှာ အံ့အားသင့်စရာချည်း ဖြစ်ခဲ့ရသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက စူးချန်ခုန်းသည် အစွမ်းထက်သော ရန်သူများကို နှိမ်နင်းပြီး နတ်ဘုရားရတနာ နဂါးအသွင်ပြောင်းတံခါးကို ရယူနိုင်ခဲ့သည်။ ယခုအခါ သူသည် ဘယ်လောက်အထိ ပိုအစွမ်းထက်လာပြီလဲ။ ယခင်မင်းဆက်၏ သိုင်းဝိဇ္ဇာသူတော်စင်အောက်တွင် အစွမ်းထက်ဆုံးသူနှင့် ရင်ဆိုင်ရလျှင်ပင် သူ ရှုံးနိမ့်မည် မဟုတ်ပေ။

"ဟင်…ကန်ထဲမှာ လူတွေ ရှိနေတာလား။"

"သိုင်းပညာရှင်တွေပဲ။"

"သူတို့ တိုက်ကြတော့မှာလား။"

ကန်လယ်တွင် စူးချန်ခုန်းနှင့် ဝမ်ဖုဟူတို့ ထိပ်တိုက်တွေ့မှုကို ကမ်းနားရှိ ဘေးလူများက သတိပြုမိသွားကြပြီး စိတ်ဝင်တစား စောင့်ကြည့်နေကြတော့သည်။

"မင်းနာမည်က တာ့ဝူဖုန်းလား။ မင်းက ငါ့ရဲ့ တိုက်ခိုက်မှုကို ခံယူဖို့ ထိုက်တန်ပါတယ်" ဝမ်ဖုဟူက စူးချန်ခုန်းကို လှမ်းကြည့်ရင်း သူ၏ တိုက်ခိုက်လိုစိတ်များ တိုးပွားလာသည်။

"ဒါဆိုရင် မင်းကော ငါ့ကို အလေးအနက်ထားပြီး တိုက်ခိုက်လာအောင် လုပ်နိုင်မလားဆိုတာ ကြည့်ရသေးတာပေါ့" စူးချန်ခုန်းက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

ရှယန်ကျယ်က သိုင်းဝိဇ္ဇာသူတော်စင်တစ်ဦး လိုအပ်သည်ဟု ဆိုသော ဝမ်ဖုဟူ၏ စွမ်းရည်များကို သူလည်း သိချင်နေမိသည်။

"မောက်မာလှချည်လား"

ဝမ်ဖုဟူ၏ မျက်နှာမှာ မှောင်ကျသွားပြီး ဘာစကားမှ ဆက်မပြောတော့ပေ။ ကျယ်ပြောလှသော နွေဦးမိုးရေကန်အတွင်း သူ လွတ်လပ်စွာ တိုက်ခိုက်နိုင်ပြီ မဟုတ်ပါလား။

"ဝုန်း"

ဝမ်ဖူဟူသည် ခြေလှမ်းတစ်ချက် နင်းလိုက်ရာ သူနင်းလိုက်သော ရေမျက်နှာပြင်မှာ ချိုင့်ဝင်သွားသည်။ သူသည် ဟိန်းဟောက်နေသော ကျားတစ်ကောင်ကဲ့သို့ ရှေ့သို့ ပြေးဝင်သွားသည်။

"နဂါးထိန်း ကျားနှိမ် လက်သီး"

ဝမ်ဖုဟူ၏ အရှိန်အဝါမှာ မရပ်မနား မြင့်တက်လာသည်။ သူ၏ ညာလက်သီးကို ဆုပ်လျက် ရုတ်ချည်း ထိုးနှက်လိုက်သည်။

"ဝုန်း"

"ဝေါင်း"

နွေဦးမိုးရေကန်၏ ကောင်းကင်ယံထက်တွင် တိမ်တိုက်များကို ခွဲထွက်သွားနိုင်သော နဂါးဟိန်းသံနှင့် တောတောင်တစ်ခုလုံးကို တုန်လှုပ်စေသော ကျားဟိန်းသံများ ပဲ့တင်ထပ်သွားသည်။ ဝမ်ဖူဟူ၏ လက်မောင်းများပေါ်တွင် နဂါးနှင့် ကျားတစ်ကောင် ပေါ်ထွက်လာပြီး နဂါးများကို ထိန်းချုပ်ကာ ကျားများကို နှိမ်နင်းနိုင်သော နတ်ဘုရား အရှိန်အဝါများဖြင့် ရစ်ပတ်နေသည်။

ဝမ်ဖုဟူသည် ဤတစ်ကြိမ်တွင် အလေးအနက်ထား တိုက်ခိုက်လိုက်ခြင်းဖြစ်ပြီး သူ၏ ပထမဆုံး တိုက်ခိုက်မှုမှာပင် ကမ္ဘာပျက်မတတ် ပြင်းထန်လှသော နတ်ဘုရားစွမ်းရည်တုအဆင့်ရှိ လက်သီးပညာရပ် ဖြစ်သည်။ နဂါးနှင့် ကျားတို့၏ အရှိန်အဝါမျှဖြင့်ပင် လူတိုင်းကို ထိတ်လန့်တုန်လှုပ်သွားစေရန် လုံလောက်လှပေသည်။

All Chapters