← Chapters

အခန်း ၈၂၄

Vol. 55 Ch. 824

အခန်း ၈၂၄

Vol. 55 Ch. 824

အခန်း (၈၂၄) ခေတ်အဆက်ဆက် ထင်ဟပ်စေသော မဟာနတ်ဘုရားစွမ်းအင်။ အနှိုင်းမဲ့အောင်ပွဲ။ (၄)

"ပုံရိပ်ယောင် ဟုတ်လား" ဤစကားကို ကြားလိုက်ရချိန်တွင် စူးချန်ခုန်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။

သူ သံသယရှိခဲ့သည့်အတိုင်းပင် ဤဝမ်ဖုဟူသည် အသက်ရှင်နေသော လူသားတစ်ဦး မဟုတ်ဘဲ ကိုယ်ပွား သို့မဟုတ် ပုံရိပ်ယောင်တစ်ခုကဲ့သို့သော အရာသာ ဖြစ်နေခဲ့သည်။

'လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင် သုံးထောင်က သေဆုံးသွားခဲ့တဲ့သူက... အခုထိ သူ့ကိုယ်သူ ပုံရိပ်ယောင်အဖြစ် ဖော်ပြနိုင်သေးတာလား။ ခွန်အားတွေ၊ စကားပြောဆိုပုံတွေနဲ့ လှုပ်ရှားမှုတွေက လူအစစ်နဲ့ မခြားနားဘူးပဲ။ ဘယ်လိုမျိုး စွမ်းအားက ဒါကို လုပ်နိုင်တာလဲ။'

ထိုသို့ သိလိုက်ရသော်လည်း စူးချန်ခုန်းမှာ ထိတ်လန့်တုန်လှုပ်နေဆဲ ဖြစ်သည်။ အကယ်၍ ၎င်းမှာ ရုပ်သေးရုပ်ကဲ့သို့သော အရာတစ်ခုသာဆိုလျှင် ပုံမှန်ဟု ဆိုနိုင်သော်လည်း ဤဝမ်ဖုဟူမှာ ဝမ်ဖုဟူအစစ်နှင့် မခြားနားဘဲ ပေါ်ထွက်လာခြင်း ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်က အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦးကို မည်သို့သော နည်းလမ်းဖြင့် ဤသို့ ပြန်လည် ပေါ်ထွက်လာစေနိုင်သနည်း။ ဤသည်ကို လုပ်ဆောင်နိုင်သူမှာ ပုံမှန်ကျိုးကြောင်းဆင်ခြင်မှုနှင့် စိတ်ကူးစိတ်သန်းများကို ကျော်လွန်သော အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသူ ဖြစ်ရပေမည်။

မည်သည့်စွမ်းအားက မိမိကိုယ်ကို ဤလောကထဲသို့ ပုံရိပ်ယောင်အဖြစ် ပေါ်ထွက်လာစေသနည်းဟူသော မေးခွန်းကိုမူ ဝမ်ဖုဟူကိုယ်တိုင်လည်း မသိပေ။

သူ့ရှေ့ရှိ ဝမ်ဖုဟူမှာ တဖြည်းဖြည်း အားနည်းလာခဲ့သည်။ သူ၏ အသံမှာ အက်ကွဲနေပြီး "ငါ့မှာ အချိန် သိပ်မကျန်တော့ဘူး... မင်းကို မေးခွန်းတစ်ခု မေးချင်တယ်။ ခုနက တိုက်ပွဲမှာ မင်းရဲ့ ခွန်အား ဘယ်လောက်အထိ ထုတ်သုံးခဲ့တာလဲ။"

ဝမ်ဖုဟူ ခံစားမိသည်မှာ စူးချန်ခုန်းသည် တိုက်ပွဲတွင် သူ၏ စွမ်းအားအားလုံးကို အသုံးမပြုခဲ့သည်မှာ သေချာသည်။ သို့သော်လည်း သူ့ကို အနိုင်ယူနိုင်ခဲ့ခြင်းကြောင့် စူးချန်ခုန်း အမှန်တကယ် မည်မျှအထိ သန်မာသနည်းဆိုသည်ကို ဝမ်ဖုဟူ ဆွံ့အစွာဖြင့် ပိုမို သိချင်နေမိသည်။

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် စူးချန်ခုန်းက ဝမ်ဖူဟူထံသို့ အသံလွှင့်ကာ ပြောလိုက်သည်။ "၁၀၊ ၂၀ ရာခိုင်နှုန်းလောက်ပါပဲ။"

စူးချန်ခုန်း လိမ်နေတာမဟုတ်ပါ။ ဝမ်ဖုဟူနှင့် တိုက်ပွဲတွင် သူ၏ စွမ်းအားအားလုံးကို မထုတ်ခဲ့သည်မှာ အမှန်ပင်။ ဧရာမ ဝေလငါး ခန္ဓာကိုယ်ကို အသက်သွင်းလိုက်ခြင်းက စူးချန်ခုန်း၏ ခန္ဓာကိုယ်ကို သိုင်းဝိဇ္ဇာသူတော်စင် အဆင့်သို့ ရောက်ရှိစေပြီး ဆန်းကြယ်လိပ် ချီစွမ်းအင်ကို ထုတ်သုံးလိုက်ပါက ၎င်းကို အဆပေါင်းများစွာ မြှင့်တင်ပေးနိုင်သည်။

၎င်းအပြင် စူးချန်ခုန်းတွင် မိစ္ဆာဧကရာဇ်၏ သားရဲနတ်ဘုရားမျိုးစေ့လည်း ရှိနေသော်လည်း သူ မသုံးခဲ့ပေ။ သူ၏ စွမ်းအား ၁၀၊ ၂၀ ရာခိုင်နှုန်းသာ သုံးခဲ့သည်ဟု ဆိုခြင်းမှာ ချဲ့ကားပြောဆိုခြင်း မဟုတ်ဘဲ ထိုထက်ပင် နည်းနေနိုင်ပါသေးသည်။

ဝမ်ဖုဟူ၏ နှုတ်ခမ်းထောင့်မှာ အနည်းငယ် တုန်ခါသွားသည်။ ၁၀၊ ၂၀ ရာခိုင်နှုန်းမျှသော ခွန်အားဖြင့်သာ သူ့ကို အနိုင်ယူခဲ့တာတဲ့လား။ ထို့သို့ဆိုလျှင် စူးချန်ခုန်း၏ စစ်မှန်သော တိုက်ခိုက်ရေးစွမ်းရည်မှာ... သိုင်းဝိဇ္ဇာသူတော်စင်တစ်ဦးနှင့် ယှဉ်နိုင်နေပြီဟု မဆိုလိုပေဘူးလား။

"မင်းက ငါ့ထက် ပိုစွမ်းအားကြီးတာပဲ။" ဝမ်ဖုဟူက သက်ပြင်းအရှည်ကြီး ချလိုက်ပြီးမှ စိတ်အေးသွားဟန်ဖြင့် လက်ခံလိုက်သည်။

မူလ ဝမ်ဖုဟူသည် အနှိုင်းမဲ့ ပါရမီရှင်တစ်ဦးဖြစ်ပြီး ဟူဝေမင်းဆက်တွင် သိုင်းဝိဇ္ဇာသူတော်စင် အောက်၌ နံပါတ်တစ် ဖြစ်ခဲ့သည်။ အကယ်၍ သူသာ တိုက်ပွဲတွင် မသေဆုံးခဲ့လျှင် သူသည်လည်း သိုင်းဝိဇ္ဇာသူတော်စင် တစ်ဦး ဖြစ်လာမည်မှာ သေချာသည်။ သို့သော် သိုင်းဝိဇ္ဇာသူတော်စင် တစ်ဦး၏ လက်ချက်ဖြင့် သေဆုံးခဲ့ရခြင်းမှာ သူ့အတွက် မကျေမနပ်ဖြစ်စရာ အချက်ပင်။ ၎င်းမှာ တရားမျှတသော တိုက်ပွဲမဟုတ်ခဲ့ဘဲ သူ့အား အချိန်ပိုပေးခဲ့မည်ဆိုပါက သူ့ကိုသတ်ခဲ့သော သိုင်းဝိဇ္ဇာသူတော်စင်ကို ရှုံးနိမ့်လိမ့်မည် မဟုတ်ဟု သူ ခံစားခဲ့ရသည်။

ဤလောကတွင် နောက်တစ်ကြိမ် ပြန်လည် ပေါ်ထွက်လာချိန်တွင်မူ ဝမ်ဖုဟူသည် အချိန်ကုန်လွန်သွားမှုကိုသာ မြည်တမ်းနိုင်တော့သည်။ တစ်ချိန်က ထွန်းကားခဲ့သော ဟူဝေမင်းဆက်မှာလည်း မင်းဆက်များ ပြောင်းလဲသွားခဲ့ပြီဖြစ်ပြီး သူ၏ မွေးရပ်မြေမှာလည်း မှတ်မိနိုင်စရာ မရှိအောင် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ သူ၏ တစ်ခုတည်းသော ဆန္ဒမှာ သိုင်းဝိဇ္ဇာသူတော်စင်ကို နောက်တစ်ကြိမ် ပြန်လည် စိန်ခေါ်ရန် ဖြစ်သည်။

သို့သော်လည်း သူသည် မူလနယ်ပယ်မှပင် ဖြစ်သော စူးချန်ခုန်း၏ လက်တွင် ရှုံးနိမ့်ခဲ့ရသည်။ ဤသည်မှာ သူ့အား နောင်တရစေသော်လည်း စွဲလမ်းမှုတော့ မရှိတော့ပေ။ မိမိထက် သန်မာသူ အမြဲရှိစမြဲဖြစ်ပြီး ကောင်းကင်ထက်၌ ကောင်းကင် ရှိနေစမြဲ မဟုတ်ပါလား။

"ထာဝရ ထွန်းကားတဲ့ အင်ပါယာဆိုတာ မရှိသလို ထာဝရ အသက်ရှင်တဲ့ သူရဲကောင်းဆိုတာလည်း မရှိပါဘူး..." ဝမ်ဖုဟူက သက်ပြင်းချလိုက်သည်။

"ဟင်"

ဝမ်ဖုဟူ၏ ခန္ဓာကိုယ်မှာ တဖြည်းဖြည်း ကြည်လင်လာပြီး လုံးဝ ပျောက်ကွယ်သွားသည်အထိ စူးချန်ခုန်း မြင်တွေ့လိုက်ရသည်။ သူသည် တစ်ခါမျှ မတည်ရှိခဲ့ဖူးသကဲ့သို့ပင်။

ဝမ်ဖုဟူ ပြောခဲ့သကဲ့သို့ပင် သူသည် အသက်ရှင်နေသော လူသားတစ်ဦး မဟုတ်ဘဲ လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင် သုံးထောင်ခန့်က ဝမ်ဖူဟူ၏ 'ပုံရိပ်ယောင်' တစ်ခုမျှသာ ဖြစ်သည်။ စူးချန်ခုန်း၏ လက်တွင် ရှုံးနိမ့်သွားပြီးနောက် သူသည် မျှော်လင့်ချက် ကုန်ဆုံးကာ ပျောက်ကွယ်ရန် ရွေးချယ်လိုက်ခြင်း ဖြစ်သည်။

ဝမ်ဖုဟူ ပျောက်ကွယ်သွားသည်နှင့် စူးချန်ခုန်းသည် ချက်ချင်း တုံ့ပြန်လိုက်ကာ ကန်ထဲသို့ ကျတော့မည့် ပစ္စည်းတစ်ခုကို ဖမ်းယူလိုက်သည်။ ၎င်းမှာ ဝမ်ဖုဟူ ပျောက်ကွယ်သွားပြီးနောက် ကျန်ရစ်ခဲ့သောအရာ ဖြစ်သည်။ ၎င်းသည် စစ်သေနာပတိ တံဆိပ်ပြားနှင့် ဆင်တူပြီး ဟူဝေဟူသော စာလုံး ထွင်းထုထားကာ ဝမ်ဖုဟူ၏ အရှိန်အဝါ အစအန အချို့ ကျန်ရှိနေသေးသည်။

စွမ်းအားတစ်ခုခုက ဤစစ်သေနာပတိ တံဆိပ်ပြားထဲတွင် ကျန်ရှိနေသော ဝမ်ဖုဟူ၏ စွဲလမ်းမှုကို အသုံးပြုကာ သူ့အား ဤလောကတွင် နောက်တစ်ကြိမ် ပေါ်လာအောင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပုံရသည်။ ဤကဲ့သို့သော စွမ်းအားမျိုးမှာ ကျိုးကြောင်းဆင်ခြင်မှုများကို ဆန့်ကျင်နေပြီဖြစ်ရာ နတ်ဘုရား စွမ်းရည်များဖြင့်ပင် မလုပ်ဆောင်နိုင်သော အရာဖြစ်သည်။

'ဒါက... မဟာနတ်ဘုရားစွမ်းအင်များလား။'

စူးချန်ခုန်း၏ စိတ်ထဲတွင် အတွေးတစ်ခု လျှပ်တစ်ပြက် ပေါ်လာသည်။

ယခင်က စူးချန်ခုန်းသည် ကျီးရွှယ်ရှောင်းထံမှ ကြားဖူးသည်မှာ သိုင်းဝိဇ္ဇာသူတော်စင်များသည်လည်း ခွန်အားချင်း မတူညီကြဘဲ ကောင်းကင်ကိုးထပ်ဟူသော အဆင့်သုံးဆင့် ဖြစ်သည့် နတ်ဘုရားမျိုးစေ့၊ နတ်ဘုရားခန္ဓာကိုယ်နှင့် မဟာနတ်ဘုရားစွမ်းအင်ဟူ၍ ခွဲခြားထားကြောင်း သိခဲ့ရသည်။ သိုင်းဝိဇ္ဇာသူတော်စင်များ၏ ထိပ်ဆုံးတွင် ရှိသူများကို ရှေးဟောင်း သူတော်စင်များဟု ခေါ်ကြသည်။

ရှေးဟောင်း သူတော်စင်များသည် နတ်ဘုရား စွမ်းရည်များကို အစွမ်းကုန် လေ့ကျင့်ထားပြီး သူတို့၏ နတ်ဘုရား ခန္ဓာကိုယ်ကိုလည်း ပြည့်စုံအောင် တည်ဆောက်ထားသောကြောင့် အလွန်အမင်း အစွမ်းထက်ကြခြင်း ဖြစ်သည်။ ထိုနှစ်ခုကို ပေါင်းစပ်လိုက်ခြင်းဖြင့် 'မဟာနတ်ဘုရားစွမ်းအင်' ကို ဖြစ်ပေါ်စေသည်။

မဟာနတ်ဘုရားစွမ်းအင်သည် နတ်ဘုရား စွမ်းရည်များထက် အဆပေါင်း ရာနှင့်ချီ၊ ထောင်နှင့်ချီ၍ သာလွန်သည်။ ကြယ်နှင့် လကို ဖမ်းယူခြင်း၊ အင်္ကျီလက်အတွင်း စကြာဝဠာကို ထည့်သွင်းခြင်း၊ လေနှင့် မိုးကို ဆင့်ခေါ်ခြင်း၊ တောင်များကို ရွှေ့ပြောင်းကာ ပင်လယ်များကို ဖို့ခြင်း... ဤသည်တို့မှာ မဟာနတ်ဘုရားစွမ်းအင်၏ နယ်ပယ်များ ဖြစ်ကြသည်။

ယခု ဝမ်ဖုဟူအပါအဝင်၊ ခွမ်ဝမ်ဖူနှင့် အခြားသော လွန်ခဲ့သော နှစ်ပေါင်း ထောင်နှင့်ချီက သေဆုံးသွားခဲ့သော်လည်း ဤလောကတွင် ပြန်လည် ပေါ်ထွက်လာကြသော အစွမ်းထက် ပုဂ္ဂိုလ်များမှာ တစ်စုံတစ်ဦး၏ မဟာနတ်ဘုရားစွမ်းအင်ကြောင့် ဖြစ်နိုင်လား။

All Chapters