← Chapters

အခန်း ၃-၄

Vol. 1 Ch. 3-4

အခန်း ၃-၄

Vol. 1 Ch. 3-4

Chapter 3+4

~

အခန်း ၃+၄ : ရမှတ်ဆိုင်

~

​" ရမှတ်ဆိုင်ကို ဖွင့်လိုက်.. "

​ယန်ကျီဝမ်က စိတ်ထဲတွင် ပြောလိုက်သည် ။ သူ မျှော်လင့်ထားသည့်အတိုင်းပင် အသံထွက်၍ ပြောရန်မလိုဘဲ စိတ်ထဲမှ ရေရွတ်လိုက်ရုံဖြင့် အဆင်ပြေပေသည် ။

​ချက်ချင်းပင် သူ၏ မျက်စိရှေ့၌ ရိုးရှင်းပြီး ပွင့်လင်းမြင်သာသော စာမျက်နှာတစ်ခု ပေါ်လာတော့သည် ။ ဝတ္ထုများစွာကို ဖတ်ဖူးသော အတွေ့အကြုံရှိသူပီပီ ဤစာမျက်နှာကို သူတစ်ဦးတည်းသာ မြင်နိုင်ပြီး ပြင်ပလူများ မမြင်နိုင်ကြောင်း ယန်ကျီဝမ် နားလည်သည် ။

​စာမျက်နှာ၏ အပေါ်ဆုံးတွင် ခလုတ်အချို့ ရှိနေပြီး တစ်ခုချင်းစီမှာ အသားငါး၊ ဟင်းသီးဟင်းရွက်၊ ကောက်ပဲသီးနှံ၊ နေ့စဉ်သုံးပစ္စည်း စသဖြင့် အမျိုးအစားအလိုက် ခွဲခြားထား၏ ။ သို့ရာတွင် အမျိုးအစား တစ်ခုချင်းစီတွင် ပစ္စည်းအများကြီး မရှိသေးဘဲ တစ်မျိုး နှစ်မျိုးခန့်သာ ရှိချေသည် ။ ဥပမာအားဖြင့် အသားငါး အမျိုးအစားတွင် ဝက်သားနှင့် ကြက်ပေါင်များသာ ရှိပြီး ကောက်ပဲသီးနှံ အမျိုးအစားတွင်တော့ ပြောင်းဖူးမှုန့်နှင့် ဂျုံမှုန့်ဖြူတို့သာ ရှိသည် ။

​ထို့အပြင် ရမှတ်များ၏ ဝယ်ယူနိုင်စွမ်းမှာ အလွန်မြင့်မားလှသည် ။ ၁ မှတ်တည်းနှင့်ပင် ဝက်သား ၁ ကတ်တီ( သုံးဆယ်သား) သို့မဟုတ် ကြက်ပေါင် ၁၀ ချောင်းနှင့် လဲလှယ်နိုင်၏ ။ အကယ်၍ ကောက်ပဲသီးနှံနှင့် လဲလှယ်မည်ဆိုလျှင် ပြောင်းဖူးမှုန့် ၁၅ ကတ်တီသို့မဟုတ် ဂျုံမှုန့်ဖြူ ၃ကတ်တီခန့် ရနိုင်ပေသည် ။ ထိုမျှလောက် ကြောက်မက်ဖွယ်ကောင်းသော ဝယ်ယူနိုင်စွမ်းရှိနေလျှင် သူ ငတ်သေတော့မည် မဟုတ်ပေ။

​ရမှတ်များကိုတော့ ငါးမျှားခြင်းဖြင့် ရရှိနိုင်သည် ။ ဤအစွမ်းထက်သည့် လက်နက်ရှိနေလျှင် ဤခေတ်ကာလတွင် သူ အောင်မြင်စွာ ရှင်သန်နိုင်မည်ဟု ယန်ကျီဝမ် ယုံကြည်ချက် ရှိသွားသည် ။ သို့သော်လည်း အချိန်စောနေသေးသဖြင့် လူမသိသူမသိ နေထိုင်ခြင်းက အကောင်းဆုံးပင် ဖြစ်၏ ။

ဤစနစ်၏ လုပ်ဆောင်ချက်များကိုလည်း အကုန် မသိရသေးသဖြင့် အချိန်ယူ လေ့လာရန် လိုအပ်ပေသည် ။ အနာဂတ်အတွက်တော့ သူ သေချာမသိသေးသော်လည်း ယခုလက်ရှိ လုပ်ဆောင်ရမည့်အရာမှာ ရိုးရှင်းလှသည် ။ ထိုသည်က ယခုအချိန်မှစ၍ အရည်အချင်းရှိသော ငါးမျှားသူတစ်ဦး ဖြစ်လာစေရန်ပင် ။

​ထို့နောက် ယန်ကျီဝမ်သည် ငါးဆက်မျှားနေလိုက်သည် ။ သူ၏ ဖခင်ဖြစ်သူ ပြန်မလာခင်မှာ ရမှတ်များများ စုထားရပေမည် ။ ၁ မောင်း ပေးထားရသဖြင့် အလကား အဖြစ်မခံနိုင်ချေ ။

​ ၁၀ မိနစ် ခန့် ကြာသောအခါ ယန်ဖူကွေ့ ပြန်ရောက်လာခဲ့သည် ။ သူက လက်နှစ်ဖက်ကို နောက်ပစ်ကာ ပြုံးပြုံးလေး လျှောက်လာပြီး မေးလိုက်၏ ။

" ဒုတိယသား.. ဘယ်လိုလဲ .. ငါးမျှားတာက မင်းထင်သလောက် မလွယ်ဘူး မလား .."

​သူ စကားပြောပြီးသည်နှင့် ပုံးထဲရှိ ငါးတစ်ဒါဇင်ကျော်ကို မြင်သွားကာ မယုံကြည်နိုင်စွာဖြင့် ပြောလိုက်သည် ။

" ဒုတိယသား.. ဒါ..ဒါတွေက.. မင်း တကယ်ပဲ ဖမ်းမိတာလား.. "

​ပုံးထဲရှိ ငါးများမှာ အကောင်သိပ်မကြီးသော်လည်း ဆယ်ကောင်ကျော်ပင် ရှိနေသည် ။ တစ်နပ်စာတော့ အေးအေးဆေးဆေး စားနိုင်ပေသည် ။

​ယန်ကျီဝမ်က...

" မဟုတ်ဘူး.. ရေထဲကနေ ဒီအတိုင်း ခပ်ယူလိုက်တာ .."

​" ရေထဲကနေ ခပ်ယူလိုက်တာ ဟုတ်လား.. "

ယန်ဖူကွေ့ ခဏတာ ကြောင်အသွားပြီးမှ ယန်ကျီဝမ်က သူ့ကို စနောက်နေခြင်းဖြစ်ကြောင်း နားလည်သွားကာ မကျေမနပ် ပြောလိုက်သည် ။

" ဒီကလေးကတော့.. မင်း အဖေကိုတောင် ပြန်နောက်နေပြီပေါ့ ..ဟမ်.. နေဦး ဒုတိယသား.. မင်း တစ်ခုခု ထူးဆန်းနေတယ် .."

​ယန်ဖူကွေ့က ယန်ကျီဝမ်ကို သေချာ စိုက်ကြည့်လိုက်သည် ။ ယန်ကျီဝမ်ကလည်း ဘာဖြစ်လို့လဲဟူသော အမူအရာဖြင့် ပြန်ကြည့်လိုက်၏ ။

ယန်ဖူကွေ့က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည် ။

" မင်း အရင်က စာအုပ်ကြီးအတိုင်း နေတဲ့သူပါ.. စကားတစ်လုံးပြောဖို့တောင် ခက်တယ် .. အခုကျတော့ စကားတွေ တယ်သွက်နေပါလား .. ငါ့ကိုတောင် ပြန်နောက်ရဲတယ်ပေါ့ .. တစ်ခုခုတော့ မဟုတ်တော့ဘူး.. တကယ်ပဲ မဟုတ်တော့ဘူး.. "

​ယန်ကျီဝမ် ဇောချွေးပြန်လာသည် ။ သားအဖဆိုသည်တော့လည်း ထူးခြားမှုကို ချက်ချင်း သတိထားမိသည်ပင် ။ သူက ရယ်ကျဲကျဲဖြင့်...

" ဟီးဟီး.. ကျွန်တော် စိတ်လျှော့လိုက်လို့ ဖြစ်မှာပါ .."

​" စိတ်လျှော့လိုက်တာ ဟုတ်လား.. "

ယန်ဖူကွေ့ ခဏကြာ စဉ်းစားပြီးမှ ခေါင်းညိတ်လိုက်သည် ။

" မင်းပြောတာလည်း ဟုတ်ပါတယ် .. ဘာပဲဖြစ်ဖြစ် မင်းက အနိမ့်အမြင့် အတက်အကျတွေကို ကြုံခဲ့ရတာကိုး.. "

​သူ ထပ်ပြီး အများကြီး မစဉ်းစားတော့ချေ ။ မည်သို့ပင်ဆိုစေကာမူ ကူးပြောင်းရောက်ရှိလာခြင်း ဆိုသည်က အလွန်ဆန်းကြယ်လွန်းလှသဖြင့် သူ မည်မျှပင် ကြိုးစားစဉ်းစားစေကာမူ ထိုသို့ဖြစ်နိုင်လိမ့်မည်ဟု ခန့်မှန်းနိုင်မည် မဟုတ် ။

​" ဩော်.. ဒါနဲ့ ဒုတိယသား.. ဒီနှစ်ရက်အတွင်းမှာ မင်း စိတ်ဓာတ်ကျနေလို့ ငါ မမေးဖြစ်သေးတာ .. မင်း ကျောင်းပြန်တက်ဖို့ စဉ်းစားထားလား ဒါမှမဟုတ်.. "

​" ကျောင်းပြန်တက်ဖို့ကတော့ မဖြစ်နိုင်တော့ပါဘူး အဖေရာ.. "

ယန်ကျီဝမ်က ခေါင်းခါလိုက်သည် ။ သူ၏ အခြေအနေကို သူ သိ​ပေသည် ။ မူရင်းပိုင်ရှင်၏ မှတ်ဉာဏ်များကို ဆက်ခံထားသော်လည်း နောက်တစ်ကြိမ် ထပ်ဖြေလျှင် အောင်မည်ဟု သူ ယုံကြည်ချက် မရှိပေ ။ ထို့အပြင် ယခု သူ၏ အစွမ်းထက်လက်နက် ရရှိထားပြီဖြစ်ရာ ကျောင်းပြန်တက်ရန်မှာ ပို၍ပင် မလိုအပ်တော့ချေ ။

​" မင်း သေချာ စဉ်းစားထားတယ်ဆိုရင်လည်း ပြီးတာပါပဲ .."

ယန်ဖူကွေ့က အများကြီး ထပ်မပြောတော့ ။ ယန်မိသားစုမှ တစ်ဦးဦး တက္ကသိုလ်ကျောင်းသား ဖြစ်လာစေရန် သူ မျှော်လင့်ခဲ့သော်လည်း ထိုအရာမှာ မလွယ်ကူကြောင်း သူ သိပေသည် ။

​စကားလမ်းကြောင်း ပြောင်းကာ ယန်ဖူကွေ့က ပြောလိုက်သည် ။

" ယန်မိသားစုရဲ့ စည်းကမ်းကို မင်း သိပါတယ် .. မင်း စာမသင်တော့ဘူးဆိုရင် ယန်မိသားစုကို ထောက်ပံ့ဖို့ ပိုက်ဆံရှာရမယ် ..တခြားဟာတွေ ထားလိုက်ဦး.. မင်းရဲ့ လစဉ် စားစရိတ်ကိုတော့ မင်းကိုယ်တိုင် ရှာရမှာပဲ.. "

​" ဟုတ်ကဲ့ပါ.. "

ယန်ကျီဝမ်က ဤအချက်ကို စိတ်မကွက်ပေ။ ယန်မိသားစုတွင် သူ အပါအဝင် လူ ၇ ဦး ရှိပေသည် ။ ယန်ဖူကွေ့ တစ်ဦးတည်းသာ အလုပ်ရှိပြီး ဤမျှကြီးမားလှသော မိသားစုကြီးကို ထောက်ပံ့နေရခြင်းမှာ အမှန်ပင် ခက်ခဲလှချေသည်။

​ကိစ္စများကို ဆွေးနွေးပြီးနောက် ယန်ဖူကွေ့က လက်ကမ်းလိုက်ပြီး ပြောလိုက်သည် ။

" ကဲ.. မင်းလည်း ဆော့လို့ ဝပြီပဲ .. ငါ့ ငါးမျှားတံ ပြန်ပေးတော့.. "

​" ဟုတ်.. "

ယန်ကျီဝမ်က ငါးမျှားတံကို ပြန်ပေးကာ ငါးပုံးကို ယူပြီး ထွက်သွားရန် ပြင်လိုက်သည် ။

​" ဟေး.. ဒုတိယသား.. မင်း ပုံးကို ယူပြီး ဘာလုပ်မလို့လဲ .."

ထိုသည်ကို မြင်သောအခါ ယန်ဖူကွေ့ ချက်ချင်းပင် မကျေမနပ် ဖြစ်သွားတော့သည် ။

'လာနောက်နေတာလား ... ပုံးထဲမှာ ငါးတွေ အများကြီး ရှိနေတာကို.. ဒီငါးတွေ ရောင်းလိုက်ရင် မောင်း နည်းနည်းတော့ ရနိုင်လောက်တယ်..'

​ယန်ကျီဝမ်က ဘာမှမသိသလို ဟန်ဆောင်ကာ...

" ဒါတွေက ကျွန်တော် ဖမ်းထားတဲ့ ငါးတွေလေ.. အဲ့တော့ ကျွန်တော်နဲ့ပဲ ဆိုင်တာပေါ့ .. ပြီးတော့. ကျွန်တော် အဖေ့ဆီက ငါးမျှားတံ ငှားတဲ့အတွက် ၁မောင်း ပေးထားတယ်လေ.. "

​" ဟေး.. တို့တွေက မိသားစုဝင်တွေပဲဟာကို.. ဘာလို့ အဲဒီလောက်အထိ အတိအကျ တွက်နေရတာလဲ.. "

ယန်ဖူကွေ့က ဖျောင်းဖျလိုက်သည် ။

​ယန်ကျီဝမ်က ရယ်လိုက်ပြီး...

" စားတာဝတ်တာနဲ့တော့ မဆင်းရဲဘူး.. မတွက်ချက်တတ်ရင်သာ ဆင်းရဲမှာလို့ အဖေကိုယ်တိုင် ကျွန်တော်တို့ကို သင်ပေးခဲ့တာ မဟုတ်ဘူးလား .."

​" ... "

ယန်ဖူကွေ့၏ မျက်နှာကြီး မည်းမှောင်သွားတော့သည် ။ ဤအသက်အရွယ် ရောက်မှ သားဖြစ်သူဆီက သင်ခန်းစာ ပြန်ပေးခံရလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ ။ သို့သော်လည်း ငါးများကို လက်မလွှတ်နိုင်သဖြင့် အလျော့ပေးကာ မေးလိုက်ရတော့သည် ။

" ပြောစမ်းပါဦး.. မင်း ဘာလိုချင်လို့လဲ ကောင်လေး .."

​ယန်ကျီဝမ်က ပုခုံးတွန့်ကာ အေးအေးဆေးဆေးပင် ပြောလိုက်သည် ။

" အများကြီး မဟုတ်ပါဘူး.. ကျွန်တော့်အတွက်လည်း ငါးမျှားတံ တစ်ချောင်း လိုချင်တယ် .."

​" အိပ်မက်တောင် မမက်နဲ့ .. ဒါက ယန်မိသားစုရဲ့ စားစရိတ်အတွက် ငါ့ရဲ့ အသက်မွေးဝမ်းကျောင်း လက်နက်ပဲ.. "

ယန်ဖူကွေ့က ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည် ။ ခဏတာ ငြိမ်သက်သွားပြီးမှ သူ အလျှော့ပေးလိုက်၏ ။

" မင်းကို ပေးဖို့ကတော့ မဖြစ်နိုင်ဘူး.. ဒါပေမဲ့ ငှားပေးလို့တော့ ရတယ်.. "

​ယန်ကျီဝမ် ခဏ စဉ်းစားပြီး ခေါင်းညိတ်လိုက်သည် ။

" အဆင်ပြေတယ်.. ဒီနေ့ နေ့လယ်ခင်း တစ်ခုလုံးအတွက်ပဲ ငှားပေး .."

​ယန်ဖူကွေ့ အံ့သြစွာဖြင့် မေးလိုက်သည်။

" မင်း တစ်နေ့လုံး ငါးမျှားဖို့ စဉ်းစားနေတာလား .. ငါကျတော့ ဘာလုပ်ရမှာလဲ.. "

​" အဖေ ပြန်ပြီး အနားယူလိုက်တော့လေ.. ဘာပဲဖြစ်ဖြစ် အဖေက ငါးရမှာမှ မဟုတ်တာ.. "

​ထိုစကားကို ကြားသောအခါ ယန်ဖူကွေ့၏ မျက်နှာကြီး ပို၍ပင် မည်းမှောင်သွားတော့သည် ။ သို့သော် ကံမကောင်းစွာဖြင့် ယန်ကျီဝမ် ပြောသည်မှာ အမှန်ပင် ဖြစ်၏ ။ သူ ငါးမျှားလာသည်မှာ ၂ နာရီ ရှိပြီ ဖြစ်သော်လည်း တစ်ကောင်မှ မရသေးချေ ။ ယန်ကျီဝမ်သည်တော့ ရောက်လာသည်မှာ နာရီဝက်ပင် မပြည့်သေးဘဲ တစ်ဒါဇင်ကျော် ရနေပြီ ဖြစ်ရာ ကွာခြားချက်မှာ သိသာလှပေသည် ။

​" အေးပါ.. အေးပါ.. ငါ အရှုံးပေးပါတယ် ..မင်း တကယ်ကို အများကြီး ပြောင်းလဲသွားတာပဲ ကောင်လေး .. အရင်ကတော့ အသံတိတ် နေတတ်ပြီး အခုကျတော့ လူကို ဒေါသထွက်အောင် လုပ်တတ်နေပြီ.. "

​ညည်းတွားပြီးနောက် ယန်ဖူကွေ့က ငါးပုံးကို ယူကာ ထွက်သွားရန် ပြင်လိုက်သည် ။ ယန်ကျီဝမ်က လှမ်းခေါ်လိုက်၏ ။

" အဖေ.. အဖေ ပုံးကို ယူသွားရင် ကျွန်တော် ငါးတွေကို ဘာနဲ့ ထည့်ရမှာလဲ .. မြက်ကြိုးနဲ့ သီပြီး ယူသွားတော့ ပုံးပြန်ပေး.."

​" မင်း တကယ်ပဲ ငါးထပ်ရမယ်လို့ သေချာနေတာလား.. "

ယန်ဖူကွေ့က အထင်သေးဟန်ဖြင့် ပြောလိုက်သော်လည်း ငါးပုံးကို ထားခဲ့ပြီး တစ်ဦးတည်း ပြန်သွားတော့သည် ။

​သူ လမ်းလျှောက်၍ ပြန်သွားခြင်းဖြစ်သည် ။ ဤအချိန်၌ သူ၏ ကိုယ်ပိုင်စက်ဘီး မရှိသေးချေ ။

ယန်ကျီဝမ်သည် စက်ဘီးဝယ်ရန်အတွက် လက်မှတ် (ကူပွန်) မလိုသေးကြောင်းကို မှတ်ဉာဏ်များအရ သိထားသည် ။ နောက်ပိုင်းတွင် ပိုက်ဆံရှိလာလျှင် စက်ဘီး အရင်ဝယ်ထားရမည်ဟု သူ တွေးလိုက်မိ၏ ။ သို့မဟုတ်လျှင် အနာဂတ်တွင် စက်ဘီးလက်မှတ် ရရန်မှာ အလွန်ခက်ခဲပေလိမ့်မည် ။

​ယန်ဖူကွေ့ ထွက်သွားပြီးနောက် ယန်ကျီဝမ်သည် ငါးမျှားခြင်းကိုသာ အာရုံစိုက်နေလိုက်သည် ။ စမ်းသပ်မှုများ ပြုလုပ်ပြီးနောက် စနစ်၏ အခြေခံ လုပ်ဆောင်ချက်များကို သူ နားလည်သွားသည် ။

​ပထမတစ်ခုမှာ ငါးမျှားခြင်း အတွေ့အကြုံ ဖြစ်ပေသည် ။ ငါးမျှားခြင်းဖြင့် အတွေ့အကြုံများ ရရှိနိုင်သည် ။ ထိုအတွေ့အကြုံများသည် သူ၏ ငါးမျှားခြင်း အဆင့်ကို တိုးတက်စေရုံသာမက ငါးမျှားခြင်းနှင့် ပတ်သက်သည့် ဗဟုသုတများကိုလည်း ပိုမိုနက်ရှိုင်းစေကာ ပို၍ ကျွမ်းကျင်လာစေသည် ။

​တစ်ချိန်တည်းမှာပင် ရမှတ်ဆိုင်ရှိ အသင့်စား အစားအစာ နေရာတွင် ရမှတ်ဖြင့် ကြက်ကင်တစ်ကောင် လဲလှယ်လိုက်သည် ။ အဖျော်ယမကာ နေရာတွင်လည်း ပျော်ရွှင်စရာ ရေ (ဆိုဒါ) တစ်ပုလင်း လဲလှယ်လိုက်၏ ။ သို့မဟုတ်လျှင် သူ အဆာလွန်၍ အိမ်သို့ စောစော ပြန်ရပေလိမ့်မည် ။

​အချိန်နှောင်းလာသည်ကို မြင်သောအခါ ယန်ကျီဝမ်သည် နောက်ဆုံးတွင် ငါးမျှားတံကို သိမ်းဆည်းကာ ငါးပုံးကို ယူ၍ အိမ်သို့ ပြန်လာခဲ့တော့သည် ။

All Chapters