အခန်း ၅-၆
Vol. 1 Ch. 5-6
Chapter 5+6
~
အခန်း ၅+၆ : ညစာ ဝေစုခွဲခြင်း...
~
နန်လော့ကူးရှန့် အမှတ် ၉၅ အိမ်ရာဝင်း..
ယန်ကျီဝမ် အိမ်ရာဝင်း အပေါက်ဝသို့ ပြန်ရောက်လာချိန်တွင် ညနေစောင်းနေလေပြီ။
လူကြီးများမှာ ညစာအတွက် အလုပ်ရှုပ်နေကြပြီး ကလေးအချို့သာ ဝင်းထဲ၌ ဆော့ကစားနေကြ၏။
ယန်ကျီဝမ် ငါးပုံး ဆွဲ၍ ဝင်လာသည်နှင့် ကလေးများ၏ အာရုံကို ဖမ်းစားလိုက်သလို ဖြစ်သွားသည်။ အသက် ၆ နှစ် ၇ နှစ်အရွယ် ကောင်လေးတစ်ယောက်နှင့် ကောင်မလေးတစ်ယောက်တို့မှာ သူ့ထံသို့ ပြေးလာကြ၏။
" ဒုတိယအစ်ကို.. "
ကလေးနှစ်ယောက်က သူ့ကို လှမ်းခေါ်လိုက်သော်လည်း မျက်လုံးများသည်တော့ ငါးပုံးထဲရှိ ငါးများဆီ၌သာ ရှိနေပေသည်။ ကလေးနှစ်ယောက်စလုံး အလွန်စိတ်လှုပ်ရှားနေပုံရသော်လည်း မမေးရဲကြချေ။
ထိုကလေးနှစ်ယောက်မှာ ယန်ကျီခွမ်းနှင့် ယန်ကျီတိတို့ ဖြစ်ကြသည်။ ဤအချိန်၌ တစ်ယောက်က ၇ နှစ်၊ နောက်တစ်ယောက်က ၆ နှစ်သာ ရှိသေး၏။
မူရင်းခန္ဓာကိုယ်ပိုင်ရှင်မှာ စကားနည်းပြီး အမြဲတမ်း မျက်နှာတည်တည်နှင့် နေတတ်သူ ဖြစ်သဖြင့် ညီငယ်၊ ညီမငယ်များမှာ သူ့ကို အနည်းငယ် ကြောက်ကြသည်။
" အင်း .."
ယန်ကျီဝမ် ခေါင်းညိတ်ပြလိုက်သော်လည်း သူ့ရှေ့ရှိ ပိန်ပိန်ပါးပါး ကလေးငယ်နှစ်ယောက်ကို ကြည့်ပြီး စိတ်မကောင်း ဖြစ်မိသွားသည်။ ယန်မိသားစုမှာ လူဦးရေ များသော်လည်း အလုပ်လုပ်နိုင်သူမှာ တစ်ဦးတည်းသာ ရှိ၏။ ဤမျှများပြားသော ကလေးများကို ကျွေးမွေးရန်မှာ တကယ်ပင် ခက်ခဲလှသည်။
အိမ်နီးနားချင်းများက ယန်ဖူကွေ့ကို ကပ်စေးနှဲ အဘယန် ဟု ခေါ်ကြသည်မှာ အကြောင်းမဲ့ မဟုတ်ချေ။ သူသည် အမြဲတမ်း သူတစ်ပါးဆီက အခွင့်အရေးယူရန် ချောင်းမြောင်းနေတတ်သလို အလွန်အမင်းလည်း ခြိုးခြံချွေတာတတ်သူ ဖြစ်၏။
အချဉ်ဖောက်ထားသော ဟင်းသီးဟင်းရွက် အခြောက်များကိုပင် တစ်ဖတ်ချင်း ရေတွက်ပြီး ခွဲတမ်းချကျွေးသည်အထိ တွက်ကပ်တတ်သူအဖြစ် နာမည်ကြီးလေသည်။
သို့ရာတွင် ဤအရာက ပုံမှန်သာ ဖြစ်သည်။ သူသာ ဤမျှအထိ မတွက်ကပ်လျှင် သူ၏ ကလေးများ ငတ်သေသွားနိုင်၏။ သို့ဖြစ်ရာ သူ့ကို နားလည်ပေး၍ ရသည် ။
သို့သော်လည်း ပြဿနာမှာ မိသားစုအတွင်း၌ပါ အလွန်အမင်း တွက်ကပ်လွန်းနေခြင်းပင် ။ အရာအားလုံးကို အတိအကျ တွက်ချက်နေသဖြင့် ကလေးများမှာလည်း သူ့ကို အတုမြင် အတတ်သင် ဖြစ်ကုန်ကြပြီး နောက်ဆုံးတွင် သူ အသက်ကြီးလာသည့်အခါ သူ့ကို ပြုစုစောင့်ရှောက်မည့်သူ မရှိတော့သည့် အခြေအနေသို့ ဆိုက်ရောက်သွား၏ ။
အမှန်တရားမှာ အရာရာတွင် အတိုင်းအတာ ရှိသင့်ပြီး မည်သည့်နေရာတွင် ရပ်ရမည်ကို သိရချေမည် ။
ယခု ယန်ကျီဝမ် ရောက်လာပြီဖြစ်ရာ ထိုသို့သော ကိစ္စများ ဖြစ်လာရန် ခွင့်မပြုတော့ချေ ။
သို့သော်လည်း ယန်မိသားစု၏ နေထိုင်မှုပုံစံကို ပြောင်းလဲရန်မှာ တစ်ညတည်းနှင့် မဖြစ်နိုင်ဘဲ အချိန်ယူ၍ လုပ်ဆောင်ရပေလိမ့်မည် ။
ယန်ကျီဝမ်သည် သူ၏ မောင်နှမများကို ကြည့်ကာ တွေးလိုက်မိသည် ။
'ဒီကလေးနှစ်ယောက်ကနေပဲ စရမယ် ...'
ကလေးများမှာ အရွယ်မရောက်သေးသဖြင့် သူတို့၏ စရိုက်များကို ပြုပြင်ရန် အချိန်ရှိသေးသည် မဟုတ်ပါလော ။
ထိုသို့ တွေးလိုက်ပြီးနောက် ယန်ကျီဝမ်က အိတ်ထဲမှ နို့သကြားလုံး နှစ်လုံးကို ထုတ်လိုက်သည် ။
" ရော့.. ဒါတွေက မင်းတို့အတွက် .. အမေ မမြင်စေနဲ့ဦး .."
ဤနို့သကြားလုံးများမှာ ရမှတ်ဆိုင်မှ လဲလှယ်ထားခြင်းဖြစ်ပြီး သူ့အိတ်ထဲတွင် အများကြီး ကျန်နေသေးသည် ။ တစ်ခုတည်းသော နောင်တရစရာမှာ ပစ္စည်းများ သိမ်းဆည်းရန် စနစ်၏ နေရာလွတ် ပါမလာခြင်းပင် ။
" ဒါ... နို့သကြားလုံးလား .."
ကလေးနှစ်ယောက်၏ မျက်လုံးများ ပြူးသွားကြသည် ။ ယန်ကျီခွမ်းက ယန်ကျီဝမ်ကို မယုံကြည်နိုင်စွာ ကြည့်ကာ မေးလိုက်၏။
" ဒုတိယအကို.. ဒါတွေ...ဒါတွေက တကယ်ပဲ သားတို့ စားဖို့ ပေးတာလား.. "
ယန်ကျီခွမ်း ဤသို့ ဖြစ်သွားသည်မှာလည်း မဆန်းပေ ။ သူ၏ ဒုတိယအကိုမှာ တစ်နှစ်ပတ်လုံး သူတို့နှင့် စကားနှစ်ခွန်းထက် ပိုမပြောတတ်ဘဲ ယခုကဲ့သို့ နို့သကြားလုံးများ ပေးနေသဖြင့် ထူးဆန်းလှသည်။ သူ လက်ဆန့်ပြီး ယူရန်ပင် မဝံ့မရဲ ဖြစ်နေရှာသည် ။
ယန်ကျီတိမှာလည်း ထို့အတူပင် ။ ယန်ကျီဝမ်၏ လက်ထဲမှ နို့သကြားလုံးကို ကြည့်ကာ သွားရည်ကျနေတော့သည် ။
ယန်ကျီဝမ်က ခေါင်းခါ၍ သူတို့၏ လက်ထဲသို့ သကြားလုံးများကို ထည့်ပေးလိုက်ပြီး...
" မြန်မြန်စားလိုက် ..အမေ မမြင်စေနဲ့ဦး .."
ပြောပြီးသည်နှင့် ယန်ကျီဝမ်က အိမ်ထဲသို့ ဝင်သွားတော့သည် ။ ဤခေတ်ကာလတွင် နို့သကြားလုံးမှာ အလွန်ရှားပါးသော ပစ္စည်းတစ်ခုပင် ။ အကယ်၍ ရန်ရွေ့ဟွား သာ သိသွားလျှင် သူမ၏ အကျင့်အတိုင်း နို့သကြားလုံးများကို သိမ်းဆည်းထားပြီး လိုအပ်သည့်အချိန် သကြားရည် ဖျော်တိုက်ရန်သာ လုပ်ပေလိမ့်မည် ။
သူတို့၏ ဒုတိယအကို ထွက်သွားသည်ကို မြင်သောအခါ ယန်ကျီတိက ယန်ကျီခွမ်းကို လှမ်းကြည့်လိုက်သည် ။
" အစ်ကိုလေး ... "
ယန်ကျီခွမ်းက လက်ထဲမှ နို့သကြားလုံးကို ကြည့်ကာ ယန်ကျီဝမ်၏ မှာကြားချက်ကို သတိရပြီး အံကြိတ်ကာ ပြောလိုက်သည် ။
" အကိုနှစ် ပြောသလိုပဲ လုပ်ရမယ် ..အကိုသုံး မြင်သွားလို့ကတော့ ငါတို့ဆီကနေ လုစားလိမ့်မယ်.. "
ပြောပြီးသည်နှင့် ယန်ကျီခွမ်းက နို့သကြားလုံးအိတ်ခွံကို ခွာကာ ပါးစပ်ထဲသို့ အငန်းမရ ထည့်လိုက်သည် ။ သကြားလုံးအခွံကိုလည်း လွှင့်မပစ်ရက်ဘဲ အိတ်ထဲတွင် ဝှက်ထားလိုက်၏ ။ သကြားလုံး စားချင်လာသည့်အခါ အခွံကို ပြန်ထုတ်ပြီး လျက်ရန်အတွက် ဖြစ်သည် ။
ထိုသည်ကို မြင်သောအခါ ယန်ကျီတိကလည်း ထိုနည်းအတိုင်းပင် လိုက်လုပ်တော့သည် ။ ပါးစပ်ထဲတွင် နို့သကြားလုံး ရောက်သွားသည့်အခါ ကလေးနှစ်ယောက်စလုံး၏ နှလုံးသားမှာ ချိုမြိန်မှုကြောင့် အရည်ပျော်သွားသလို ခံစားလိုက်ရ၏ ။ သူတို့နှစ်ယောက်စလုံး ဒုတိယအစ်ကို တစ်ခုခု ပြောင်းလဲသွားပြီဟု ခံစားမိလိုက်ကြသည် ။
ယန်ဖူကွေ့သည် အိမ်ထဲတွင် လက်ဖက်ရည် သောက်နေလေသည် ။ ယန်ကျီဝမ် ဝင်လာသည်ကို မြင်သောအခါ သူက မျှော်လင့်တကြီးဖြင့် မေးလိုက်၏ ။
" ဩော်.. ဒုတိယသား ပြန်လာပြီပဲ .. ငါး ဖမ်းမိသေးလား.. "
ပြောရင်းနှင့် လျှောက်လာပြီး ငါးပုံးထဲကို ငုံ့ကြည့်လိုက်ကာ အံ့သြသွားသည် ။
" ဟ.. မင်း တကယ်ပဲ ဒီလောက်အများကြီး ဖမ်းမိခဲ့တာလား.. "
ပုံးထဲတွင် ငါးအကောင်ရေ ၂၀ မက ရှိနေပြီး ၂ ကောင်မှာ ၁ ကတ်တီခန့်စီ ရှိနေ၏ ။ ယန်ဖူကွေ့ စိတ်ထဲမှ တွေးလိုက်သည်မှာ ဤငါးပမာဏမှာ သူ ရက်ပေါင်းများစွာ ဖမ်းမှ ရနိုင်မည့် ပမာဏပင် ဖြစ်သည် ။ စကားနည်းသော သူ၏ ဒုတိယသားတွင် ဤမျှအထိ အရည်အချင်းရှိလိမ့်မည်ဟု သူ ထင်မှတ် မထားချေ ။
" ကံကောင်းသွားလို့ပါ.. "
ယန်ကျီဝမ်က အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်ပြီး မီးဖိုချောင်ဘက်သို့ လှမ်းအော်လိုက်သည် ။
" အမေ.. ဒီညတော့ ငါးနှစ်ကောင်လောက် ချက်စားရအောင် .. ကျွန်တော်တို့ အသားမစားရတာ ကြာပြီပဲ.. "
" ချီးကိုစား... "
ရန်ရွှေဟွား စကားမပြောခင်မှာပင် ယန်ဖူကွေ့က မကျေမနပ် ဖြစ်သွားတော့သည် ။ သူက ဆုံးမစကား ပြောလိုက်၏ ။
" ဒုတိယသား.. မင်းတော့ ဘယ်လို နေထိုင်ရမယ်ဆိုတာ မသိဘူးပဲ .. ဒီငါးတွေကိုသာ သမဝါယမဆိုင်မှာ ရောင်းလိုက်ရင် အနည်းဆုံး ၁ ယွမ်လောက် ရမှာ .. အဲ့ပိုက်ဆံကို စုထားပြီး အသားဝယ်စားတာက ပိုမကောင်းဘူးလား.. "
ထိုစကားကို ကြားသောအခါ ယန်ကျီဝမ်က ပြုံးလိုက်ပြီး ...
" အသား ဟုတ်လား .. အဖေ.. ကျွန်တော် မမှားဘူးဆိုရင် ကျွန်တော်တို့ မိသားစု အသားမစားရတာ တစ်လကျော်ပြီ မလား.. "
နောက်ဆုံးအကြိမ် သူတို့ အသားစားခဲ့တုန်းက အသား ကက်တီဝက်(ဝက်သားအဆီများများ)ခန့်သာ ဝယ်ခဲ့ပြီး ဆီပြန်အောင် ကြော်ကာ ဆီအဖြစ် သိမ်းထားခဲ့ခြင်း ဖြစ်သည် ။ ထိုဆီများကိုပင် အကြိမ်ပေါင်းများစွာ ခွဲစားခဲ့ရသည် ။ ရန်ရွှေဟွား ပြောသလိုပင် ဟင်းထဲတွင် ဆီ အနည်းငယ် ထည့်လိုက်လျှင်ပင် အလွန်မွှေးကြိုင်လှသည် မဟုတ်ပါလော ။
ကတ်တီဝက်မှ ရသော ဆီကို တစ်လလုံး ခံအောင် စားခဲ့ကြခြင်း ဖြစ်သည် ။ ယန်ဖူကွေ့၏ စကားမှာ အပေါ်ယံ ဟန်ပြပြောခြင်းသာ ဖြစ်၏ ။ အကယ်၍ အခု မစားဖြစ်လျှင် မနက်ဖြန်တွင် ဤငါးများကို သေချာပေါက် ရောင်းပစ်လိမ့်မည်ဖြစ်ပြီး အရေးကြီးဆုံးမှာ ရလာသော ပိုက်ဆံကိုလည်း ပေးမည် မဟုတ်ချေ ။
အသားဝယ်စားဖို့ ဆိုသည်မှာတော့ တွေးကြည့်ရုံနှင့်ပင် သိနိုင်ပေသည် ။ ယန်မိသားစု၏ အစဉ်အလာကို ပြောင်းလဲရန်မှာ လွယ်ကူမည် မဟုတ်သဖြင့် ယန်ကျီဝမ်လည်း သူ့ကို အငြင်းမပွားချင်တော့ဘဲ ဤသို့သာ ပြောလိုက်တော့သည် ။
" အဖေ.. ကျွန်တော့်ကို ဖျောင်းဖျဖို့ မကြိုးစားနဲ့တော့ .. ဒီငါးတွေက ကျွန်တော့်ဟာတွေ ဆိုတော့ ကျွန်တော်ပဲ ဆုံးဖြတ်မယ် ..ဒီည ငါးစားကြမယ် ..ဒီငါးအသေးလေးတွေကိုတော့ အဖေ့ဆီက ငါးမျှားတံ ငှားတဲ့အတွက် ငှားခအဖြစ် ပေးမယ်.. ဒါပဲနော် .."
ပြောပြီးသည်နှင့် ယန်ကျီဝမ်က ငါးများကို ကိုင်ရန် ယူသွားတော့သည် ။
" ဒီကလေးကတော့.. အခုကျမှ စကားတွေ အရမ်းများနေပါလား.. "
ယန်ဖူကွေ့က နှုတ်ခမ်းဆူကာ အနည်းငယ် မကျေမနပ် ဖြစ်နေ၏ ။ သို့သော်လည်း ငါးတွေ အများကြီး ကျန်နေသေးသဖြင့် အကောင်သေးသော်လည်း ပိုက်ဆံအနည်းငယ် ရနိုင်သေးသလို ဒီညလည်း ငါးစားရမည် ဖြစ်သဖြင့် ဘာမှ ထပ်မပြောတော့ချေ ။
ငါးများကို ဆေးကြောပြီးနောက် ယန်ကျီဝမ်က မီးဖိုချောင်သို့ ယူလာခဲ့သည် ။ မူလက ရန်ရွေ့ဟွားမှာ ချက်မပေးချင် ။ ဒီညအတွက် စားသောက်ရန် ပြင်ဆင်ပြီးသားဖြစ်ပေသည် ။
ညစာအတွက်သည်တော့ ပုံမှန်အတိုင်းပင် ။ ပြောင်းဖူးပေါင်းနှင့် ဟင်းသီးဟင်းရွက်ခြောက်၊ နောက်ပြီး ဂေါ်ဖီထုပ် တစ်ပွဲသာ ဖြစ်၏ ။ သို့သော်လည်း ယန်ကျီဝမ်က ဇွတ်အတင်း ပြောနေသဖြင့် သူမငြင်းနိုင်တော့ပေ။ သူမ မချက်ပေးလျှင် သူကိုယ်တိုင် ချက်လိမ့်မည် ဖြစ်သည် ။ သူသာ ချက်လျှင် ဆီနှင့် ဆားများကို ဖြုန်းတီးပစ်လိမ့်မည်ကို စိုးရိမ်သဖြင့် ရန်ရွေ့ဟွားကိုယ်တိုင်သာ ချက်ပေးလိုက်ရတော့သည် ။
ငါးများကို ဆီတစ်စက်မျှ မပါဘဲ ရေများများဖြင့် ပြုတ်လိုက်ခြင်း ဖြစ်၏ ။ ယန်ကျီဝမ်မှာ ဆွံ့အ နေချေသည်။
ညစာ စားချိန်....
ယန်ကျီချန်း (အကြီးဆုံးသား) လည်း အပြင်မှ အလုပ် လုပ်ပြီး ပြန်ရောက်လာသည် ။ သူ အိမ်ထဲသို့ ဝင်လာသည်နှင့် စားပွဲပေါ်ရှိ ငါးစွပ်ပြုတ်ကို မြင်ကာ ချက်ချင်းပင် အံ့သြတကြီး အော်လိုက်၏ ။
" ဟာ.. ဒီနေ့ နေ အနောက်ဘက်က ထွက်လာတာလား ..ကျွန်တော်တို့တောင် ငါးစွပ်ပြုတ် သောက်ရတယ်ပေါ့.. "
ပြောရင်းနှင့် အာသာငန်းငန်း ဝင်ထိုင်လိုက်သည် ။
ယန်ကျီဖန့် (တတိယ) လည်း အပြင်မှ ပြန်ရောက်လာသည် ။ သူက အသက် ၁၄ နှစ်ရှိပြီဖြစ်ပြီး အလယ်တန်း ကျောင်းသား ဖြစ်၏ ။
မိသားစုဝင်အားလုံး စားပွဲတွင် ဝိုင်းထိုင်ကာ ငါးစွပ်ပြုတ်ကို မျှော်လင့်တကြီး စိုက်ကြည့်နေကြသော်လည်း မည်သူမျှ လက်ဖျားနှင့် မတို့ရဲကြချေ ။ ဤအရာမှာ ယန်မိသားစု၏ စည်းကမ်း ဖြစ်၏ ။ အိမ်ထောင်ဦးစီးဖြစ်သူ ယန်ဖူကွေ့က ဝေစုခွဲပေးသည်ကို စောင့်ရမည် ဖြစ်သည် ။
ယန်ဖူကွေ့၏ စကားအရဆိုလျှင် ဤအရာမှာ တရားမျှတမှုအတွက်ပင် ။ အလုပ်လုပ်သူက ပိုစားရမည် ။
ယန်ဖူကွေ့သည် ညစာ ဝေစု စခွဲတော့သည် ။ ယန်ကျီဖန့်၊ ယန်ကျီခွမ်းနှင့် ယန်ကျီတိတို့မှာ ငယ်သေးပြီး အလုပ်မလုပ်နိုင်သေးသဖြင့် ပြောင်းဖူးပေါင်း တစ်လုံးစီသာ ရကြသည် ။
ယန်ကျီချန်းနှင့် ယန်ဖူကွေ့ ဇနီးမောင်နှံတို့မှာမူ နှစ်လုံးစီ ရကြ၏ ။ ဟင်းသီးဟင်းရွက်ခြောက် အနည်းငယ်နှင့် ဂေါ်ဖီထုပ်တို့ကို တစ်ယောက်ချင်းစီအတွက် ခွဲဝေပေးလိုက်သည်။
ယန်ကျီဝမ်က အစားအသောက်များကို အသေအချာ ဝေစုခွဲနေသော သူ၏ အဖေဖြစ်သူကို ကြည့်ပြီး တစ်မျိုးကြီး ခံစားလိုက်ရသည် ။ ဇာတ်လမ်းထဲမှအတိုင်း ချဥ်ဖက်များကိုပင် တစ်ဖတ်ချင်း ရေတွက်ပြီး ခွဲတမ်းချသည်မှာ တကယ်ပင် ဖြစ်နေလေတော့သည် ။