အခန်း ၇-၈
Vol. 1 Ch. 7-8
Chapter 7+8
~
အခန်း 7+8 : ဒုတိယသားက ပြောင်းလဲသွားတာလား..
~
ယန်ကျီဝမ်အတွက်မူ ပုံမှန်အတိုင်းပင် ပြောင်းဖူးပေါင်း နှစ်လုံး ရရှိခဲ့သည် ။ အရင်ကတည်းက သတ်မှတ်ထားသော စည်းကမ်းဖြစ်ပြီး မိခင်ဖြစ်သူ ရန်ရွေ့ဟွား၏ အဆိုအရ ဒုတိယသားမှာ နောင်တစ်ချိန်တွင် တက္ကသိုလ်ကျောင်းသား ဖြစ်လာမည့်သူဖြစ်ရာ စာဖတ်ခြင်းက ဦးနှောက်ကို အလွန်သုံးရသဖြင့် ပိုစားသင့်သည်ဟု သတ်မှတ်ထား၏ ။
သို့ရာတွင် ယခု ယန်ကျီဝမ်သည် စာမေးပွဲ ကျရှုံးသွားပြီဖြစ်ရာ ယန်ကျီဖန့် (တတိယ) မှာ ချက်ချင်းပင် မကျေမနပ် ဖြစ်သွားတော့သည် ။
သူက တိုးတိုးလေး ညည်းတွားလိုက်၏ ။
" အဖေ.. ဒါက မတရားဘူး .. ဒုတိယအစ်ကိုက ကျောင်းမတက်တော့ဘူးပဲကို.. ဘာလို့ ပြောင်းဖူးပေါင်း နှစ်လုံး ရနေသေးတာလဲ .."
" မင်းက ကန့်ကွက်ချင်လို့လား .."
ယန်ကျီဖန့်သည် ယန်ကျီဝမ်ကို မကြောက်ချေ ။ ယန်ဖူကွေ့၏ မေးခွန်းကို ကြားသောအခါ သူ တွေဝေမနေဘဲ ခေါင်းညိတ်ပြလိုက်၏ ။ ယခု အားလုံး အတူတူပင်ဖြစ်ရာ ဒုတိယအစ်ကိုက အလုပ်မလုပ်သေးဘဲ သူ့ထက် တစ်လုံးပိုစားနေခြင်းကို သူ လက်ခံနိုင်မည် မဟုတ်ပေ ။
" ကောင်းပြီလေ.. တို့ယန်မိသားစုက အမြဲတမ်း တရားမျှတမှုကို တန်ဖိုးထားတာပဲ.. "
ယန်ဖူကွေ့က ခေါင်းကို ဖြည်းဖြည်းချင်း ညိတ်လိုက်ပြီး စားပွဲပေါ်ရှိ ငါးများကို ညွှန်ပြကာ ပြောလိုက်သည် ။
" စားပွဲပေါ်က ဒီငါးတွေကို မင်းရဲ့ ဒုတိယအစ်ကို ဖမ်းလာတာ .. အရင်ကတော့ မိသားစုအားလုံး ခွဲစားဖို့ သူ ရည်ရွယ်ထားတာပေါ့ .. ဒါပေမဲ့ မင်းက မတရားဘူးလို့ ထင်နေမှတော့ ဒီငါးဝေစုကို မင်းရဲ့ ဒုတိယအစ်ကိုပဲ စိတ်ကြိုက် ခွဲပါစေတော့ .. ဘာပဲဖြစ်ဖြစ် သူ ဖမ်းလာတာကိုး .."
" အဖေ.. သားက... "
" ဆုံးဖြတ်ပြီးပြီ.. "
ငါးများကို ယန်ကျီဝမ် ဖမ်းလာခြင်းဖြစ်ပြီး သူကိုယ်တိုင် ဝေစုခွဲမည်ဟု ကြားလိုက်ရသည့်အခါ ယန်ကျီဖန့်မှာ နောင်တရသွားတော့သည် ။ သူ ပြောလိုက်သည့် စကားများကြောင့် ယန်ကျီဝမ် စိတ်ဆိုးနေလောက်ပြီ ဖြစ်ရာ သူ့အတွက် ငါးရနိုင်ဦးမည်ဟု မထင် ။ သူ စကားပြန်ပြင်ရန် ကြိုးစားသော်လည်း ယန်ဖူကွေ့က အခွင့်အရေး မပေးတော့ချေ ။
ယန်ဖူကွေ့က ယန်ကျီဝမ်ကို အချက်ပြကာ ပြောလိုက်သည် ။
"ကဲ ဒုတိယသား.. မင်းပဲ ခွဲလိုက်တော့.. "
ယန်ကျီဝမ်က ခေါင်းအသာညိတ်လိုက်၏ ။ အားလုံး၏ စိုက်ကြည့်နေမှုအောက်တွင် သူ ပြောလိုက်သည် ။
" ဒီမှာ ငါးနှစ်ကောင် ရှိတယ် .. အဖေက ယန်မိသားစုကို ထောက်ပံ့ဖို့ ပိုက်ဆံရှာရတာ မလွယ်သလို အမေကလည်း မိသားစုကို စီမံခန့်ခွဲရတာ အရမ်းပင်ပန်းတယ် .. အဲဒါကြောင့် သူတို့နှစ်ယောက်က တစ်ကောင် ရသင့်တယ် ..ကျန်တဲ့ တစ်ကောင်ကတော့... "
ယန်ကျီဝမ်သည် သူ၏ တူဖြင့် ငါးအသားနှစ်ဖတ်ကို ယူကာ ယန်ကျီခွမ်းနှင့် ယန်ကျီတိတို့၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည် ။
" ကျေးဇူးတင်ပါတယ် ဒုတိယအစ်ကို.. "
ယန်ကျီခွမ်းနှင့် ယန်ကျီတိတို့မှာ အံ့အားသင့်သွားပြီး အလွန်ပျော်ရွှင်သွားကြသည် ။ ဒုတိယအစ်ကိုက ယနေ့ သူတို့ကို နို့သကြားလုံး ပေးရုံတင်မကဘဲ ငါးပါ ကျွေးလိမ့်မည်ဟု သူတို့ထင်မထားကြပေ။
ကျန်နေသော ငါးခေါင်းနှင့် ငါးအမြီးကို ကြည့်ပြီး ယန်ကျီချန်း (သားကြီး) က မကျေမနပ် ပြောလိုက်သည် ။
" အရိုးတွေပဲ ကျန်တော့တာကို ငါတို့က ဘာစားရမှာလဲ.. "
ယန်ကျီဝမ်၏ မျက်နှာက အေးစက်သွားသည် ။ ယန်ကျီချန်း၏ စကားကို နားထောင်ရသည်မှာ ယန်ကျီဝမ်က သူ့ကို အကြွေးတင်နေသယောင်ယောင်ပင် ။ ယန်ကျီဝမ်သည် ယန်မိသားစု၏ တွက်ကပ်တတ်သော စရိုက်ကို အနည်းငယ် လျှော့တွက်မိသွားခဲ့သည် ။ မူလက အကိုနှင့် တတိယညီကိုလည်း အနည်းငယ် ပေးရန် ရည်ရွယ်ထားသော်လည်း ယခုတော့ မပေးသည်က ပိုကောင်းမည်ဟု သူ မှတ်ယူလိုက်သည် ။ သူတို့၏ စရိုက်များမှာ ရင့်ကျက်နေပြီဖြစ်ရာ ပြုပြင်ရန် မဖြစ်နိုင်တော့သလို သူကိုယ်တိုင်လည်း အပင်ပန်းမခံချင်ပေ ။
ထို့ကြောင့် ယန်ကျီဝမ်သည် ကျန်နေသော ငါးများကို သူ၏ ပန်းကန်ထဲသို့ ထည့်လိုက်ပြီး ပြောင်းဖူးပေါင်းကို ငါးနှင့်အတူ စားလိုက်တော့သည် ။
ယန်ကျီဖန့်သည်တော့ အလွန် နောင်တရနေလေပြီ ။
' ငါ အာမချောင်ခဲ့မိရင် ကောင်းသား ..အခုတော့ ငါး မရတဲ့အပြင် ငါးစွပ်ပြုတ်တောင် မသောက်ရတော့ဘူး..ဖွတ်မရ ဓားမ ဆုံးပြီ.. "
သို့သော်လည်း သူ ဘာမှ မပြောရဲတော့ပေ ။
ယန်ကျီချန်းက ထိုမျှနှင့် ကျေနပ်မည့်သူ မဟုတ်ချေ ။ သူက တူကို စားပွဲပေါ် ဆောင့်ချလိုက်ပြီး မကျေမနပ် ပြောလိုက်သည် ။
" ဒုတိယကောင်.. မင်း ဒါ ဘာသဘောလဲ.. "
" စားချင်ရင် ကိုယ်တိုင် သွားမျှား .."
ယန်ကျီဝမ်က သူ့ကို ဂရုမစိုက်ဘဲ စွပ်ပြုတ်ကိုသာ ဆက်သောက်နေလိုက်သည် ။
" မင်း..မင်း. ငါ... "
ယန်ကျီချန်း၏ မျက်နှာမှာ ဒေါသကြောင့် နီရဲသွားပြီး ယန်ကျီဝမ်ကို စိုက်ကြည့်နေသည် ။ ယန်ကျီဝမ်ကလည်း သူ့ကို မကြောက်ဘဲ အေးစက်စွာ ပြန်ကြည့်လိုက်၏ ။
ခဏတာ အခြေအနေ တင်းမာသွားပြီးနောက်...
ယန်ကျီချန်းက နှာမှုတ်လိုက်ကာ ပြောင်းဖူးပေါင်းကို ယူပြီး သူ၏ အခန်းထဲသို့ ပြန်သွားတော့သည် ။
ညဘက်...
ဇနီးမောင်နှံနှစ်ဦး အိပ်ရာထဲတွင် လှဲနေကြသည် ။
ရန်ရွေ့ဟွားမှာ အိပ်မပျော်နိုင်ဘဲ ဟိုဘက်ဒီဘက် လှည့်ရင်း အောင့်မထားနိုင်တော့ပေ ။
" အဘိုးကြီးယန်.. ဒုတိယသားက တစ်ခုခု ပြောင်းလဲသွားတယ်လို့ ရှင် မထင်ဘူးလား .."
" ဘာတွေ ပြောင်းလဲမှာလဲ ..မင်း အပိုတွေ တွေးနေပြန်ပြီ.."
ယန်ဖူကွေ့က ဂရုမစိုက်ဘဲ ပြန်ပြောလိုက်သည် ။ ခဏနားပြီးမှ သူက ဆက်ပြော၏ ။
" သူ အနိမ့်အမြင့်တွေ ကြုံခဲ့ရတော့ တစ်ခုခုကို နားလည်သွားလို့ ဖြစ်မှာပေါ့ .."
" အဲဒါကို ပြောတာ မဟုတ်ဘူး .."
ရန်ရွေ့ဟွားက...
" ဒီည သူ ကျုပ်တို့ကို ငါးဝေပေးတာကတော့ သိတတ်လို့ လို့ထားလိုက်ပါဦး .. ဒါပေမဲ့ သူက ယန်ကျီခွမ်းနဲ့ ယန်ကျီတိကိုတောင် ဂရုစိုက်ပေးနေတယ် .. အရင်က သူ ဘယ်တုန်းကမှ ဒါမျိုး မလုပ်ဖူးဘူး .."
လင်မယားနှစ်ဦးမှာ ယန်ကျီဝမ်အပေါ် အမြဲတမ်း ကောင်းမွန်ခဲ့သဖြင့် သူက သူတို့အပေါ် သိတတ်သည်မှာ မဆန်းသော်လည်း ညီငယ်၊ ညီမငယ်များအပေါ် ထားရှိသော သဘောထားမှာတော့ သူမကို တကယ်ပင် အံ့သြသွားစေသည် ။ ထို့ပြင် သားကြီးနှင့် သားတတိယအပေါ် ထားရှိသော သဘောထားမှာလည်း တစ်မျိုး ဖြစ်နေပြန်သည် ။
" ကဲပါ.. သူ ဘယ်လောက်ပဲ ပြောင်းပြောင်း ငါတို့သားပဲ မဟုတ်လား .. အိပ်တော့.. မနက်ဖြန် အလုပ်လုပ်ရဦးမယ်.. "
ယန်ဖူကွေ့က ပြန်ပြောပြီးနောက် တိတ်ဆိတ်သွားတော့သည် ။ ထိုခေတ်ကာလတွင် ဖျော်ဖြေစရာ များများစားစား မရှိသဖြင့် လူအများစုမှာ ည ၈ နာရီ ၉ နာရီဆိုလျှင် အိပ်ပျော်နေကြပြီ ဖြစ်၏ ။
ရန်ရွေ့ဟွားလည်း သူမ ခင်ပွန်း ပြောသည်မှာ မှန်သည်ဟု ထင်လိုက်သည် ။ မည်သို့ပင် ပြောင်းလဲပါစေ သူမ၏ သားပင် မဟုတ်ပါလော ။ ထို့ကြောင့် သူမလည်း အများကြီး မစဉ်းစားတော့ဘဲ အိပ်ပျော်သွားတော့သည် ။
ယန်ကျီဝမ်သည်တော့ အိပ်ရန် အစီအစဉ် မရှိသေးချေ ။ အခြားအကြောင်းကြောင့် မဟုတ်ဘဲ ဗိုက်ဆာနေသောကြောင့်ပင် ။ ဒီည သူ စားခဲ့ရသည်မှာ ပြောင်းဖူးပေါင်း နှစ်လုံးနှင့် အရသာမရှိသော ငါးစွပ်ပြုတ် တစ်ပန်းကန်သာ ဖြစ်ရာ ဗိုက်ဝနေလျှင်သာ အံ့ဩစရာ ဖြစ်လိမ့်မည် ။
သူ မတတ်နိုင်တော့ဘဲ ရမှတ်ဆိုင်မှ ၁ မှတ်ကို အသုံးပြုကာ ကြက်ကင်တစ်ကောင်နှင့် ဆိုဒါအချိုရည် တစ်ပုလင်း လဲလှယ်ပြီး စားသောက်နေလိုက်သည် ။ တစ်ဦးတည်း ခိုးစားချင်၍ မဟုတ်ဘဲ ဤခေတ်ကာလတွင် ပစ္စည်းများ၏ ရင်းမြစ်မှာ အလွန်ရှုပ်ထွေးလှသောကြောင့် ဖြစ်၏ ။ ထို့ကြောင့် လူမသိသူမသိ နေခြင်းကသာ အကောင်းဆုံးပင် ။
သူ ကြက်ပေါင်တစ်ချောင်း စားနေတုန်းမှာပင် တံခါးအပြင်ဘက်မှ လှုပ်ရှားမှု အနည်းငယ်ကို ကြားလိုက်ရသည် ။
" အစ်ကိုနှစ်.. အိပ်ပြီလား .."
ယန်ကျီတိ၏ အသံလေး တံခါးအပြင်ဘက်မှ ထွက်ပေါ်လာသည် ။ ယန်ကျီဝမ် တံခါးဖွင့်ကြည့်လိုက်သည့်အခါ အငယ် နှစ်ယောက်ကို တွေ့လိုက်ရ၏ ။ သူတို့မှာ အနံ့ရသွားပုံရပြီး နှာခေါင်းကို တရှုံ့ရှုံ့ လုပ်နေကြသည် ။
ယန်ကျီဝမ်က တိုးတိုးလေး မေးလိုက်သည် ။
" ဗိုက်ဆာလို့လား.. "
ကလေးနှစ်ယောက်မှာ ခေါင်းငုံ့သွားကြသည် ။ သူတို့မှာ ကြီးထွားလာမည့် အရွယ်များဖြစ်ရာ ပြောင်းဖူးပေါင်း တစ်လုံးတည်းနှင့် မည်သို့ ဗိုက်ဝပါမည်နည်း ။
" အင်း... "
ယန်ကျီဝမ် သက်ပြင်းချလိုက်ပြီး ...
" ဝင်ခဲ့ကြ ..တိုးတိုးနေနော် .."
တံခါးပိတ်ပြီးနောက်...
ယန်ကျီဝမ်က ကြက်ကင်ကို ယူကာ အသားနှစ်ဖတ်ကို ဖဲ့ပြီး ကလေးနှစ်ယောက်ကို ပေးလိုက်သည် ။ ထို့နောက် သတိပေးလိုက်၏ ။
" စား ..ဗိုက်ဝရင် ပြန်သွားအိပ်တော့ ..ဒါပေမဲ့ မှတ်ထား.. အဖေနဲ့ အမေကို လုံးဝ မပြောရဘူး .. အစ်ကိုကြီးနဲ့ အစ်ကိုတတိယကိုလည်း သိအောင် မလုပ်နဲ့ .. မဟုတ်ရင် နောက်တစ်ခါ မရတော့ဘူးနော်.. ကြားလား.. "
" ဟုတ်ကဲ့.. ဟုတ်ကဲ့.."
ကလေးနှစ်ယောက်မှာ ခေါင်းကို အမြန်ညိတ်လိုက်ပြီး ကြက်သားများကို ယူစားကြတော့သည် ။ သူတို့နှစ်ယောက် ခဏချင်းပင် ကုန်အောင် စားလိုက်ကြပြီး ထပ်စားချင်နေသေးပုံရသည် ။
ယန်ကျီဝမ်က လက်ယမ်းပြလိုက်ပြီး...
" ပြန်သွားအိပ်တော့ .. မှတ်ထားနော်.. ဘယ်သူ့ကိုမှ မပြောနဲ့ .. ဒါမှ နောက်လည်း စားရမှာ .."
" ဟုတ်ကဲ့ ..သားတို့ ဘယ်သူ့ကိုမှ မပြောဘူးနော်.."
ကလေးနှစ်ယောက်က တဖွဖွ ကတိပေးလိုက်ကြသည် ။
ကလေးနှစ်ယောက်ကို ပြန်လွှတ်ပြီးနောက် ယန်ကျီဝမ်သည် အမှိုက်များကို ရှင်းလင်းလိုက်၏ ။ ရမှတ်ဆိုင်တွင် အမှိုက်များကို ပြန်လည်သိမ်းဆည်းပေးသည့်လုပ်ဆောင်ချက် ပါဝင်သဖြင့် အလုပ်ရှုပ်သက်သာစေသည် ။
အားလုံး ပြီးစီးသွားသည့်အခါ ယန်ကျီဝမ် အိပ်ရာဝင်လိုက်သည် ။ မနက်ဖြန်တွင်လည်း ငါးဆက်မျှားရဦးမည် မဟုတ်ပေလော ။ ယနေ့ တစ်ရက်တည်းမှာတင် ရမှတ် ၃၀ ကျော်နှင့် ငါးမျှားခြင်း အတွေ့အကြုံများ ရရှိခဲ့သည် ။
မနက်ဖြန်တွင် အဆင့်တက်နိုင်မလားဆိုသည်ကို သူ သိချင်နေသည် ။ အဆင့်တက်သွားလျှင် အခြားဆုလာဘ်များ ရဦးမလားဆိုသည်ကို သူ စိတ်လှုပ်ရှားနေမိ၏ ။
မျှော်လင့်ချက်များဖြင့် ယန်ကျီဝမ် တစ်ချိုးတည်း အိပ်ပျော်သွားတော့သည် ။
နောက်တစ်နေ့ မနက်....
ယန်ကျီဝမ် မျက်လုံးဖွင့်လိုက်သည်နှင့် သူ့ကို စိုက်ကြည့်နေသော ကလေးနှစ်ယောက်ကို တွေ့လိုက်ရသည် ။ သူ နိုးလာသည်ကို မြင်သောအခါ ယန်ကျီခွမ်းက ချက်ချင်း ပြောလိုက်၏ ။
" အစ်ကိုနှစ် နိုးလာပြီ ..အမေက အစ်ကို့အတွက် စားစရာ သိမ်းထားပေးတယ် ..သား သွားယူပေးမယ်.. "
ပြောပြီးသည်နှင့် သူ အမြန်ပြေးထွက်သွားသည် ။
" အစ်ကိုနှစ်.. သမီး.. သမီးက... "
ယန်ကျီတီမှာလည်း တစ်ခုခု ကူညီပေးချင်သော်လည်း ဘာလုပ်ပေးရမှန်း မသိသဖြင့် မျက်နှာလေး နီရဲနေရှာသည် ။
ယန်ကျီဝမ်က ပြုံးလိုက်ပြီး သူမ၏ ခေါင်းကို ပွတ်ပေးလိုက်ကာ...
" ယန်ကျီတိ.. အစ်ကို့ကို လာနှိုးပေးတာ ကျေးဇူးပါပဲ.. "
ထိုအခါမှ ကောင်မလေးမှာ ပြုံးနိုင်တော့ပြီး ပျော်ရွှင်စွာဖြင့်...
" ဒုတိယအစ်ကို့ကို နေ့တိုင်း လာနှိုးပေးမယ်နော်.. "
'အဲဒီလောက်အထိတော့ မလိုပါဘူးကွာ...'
ယန်ကျီဝမ် စိတ်ထဲမှ တွေးလိုက်မိသော်လည်း အပြင်ထုတ် မပြောလိုက်ချေ ။
မကြာခင်မှာပင် ယန်ကျီခွမ်းက မနက်စာ ကို ယူလာပေးသည် ။ ယနေ့ မနက်စာသည်တော့ ပြောင်းဖူးမှုန့် ဆန်ပြုတ် ဖြစ်ပြီး အရည်က အလွန်ကျဲလှ၏ ။ ယန်ကျီဝမ် တစ်ချက်ကြည့်လိုက်ပြီး စားချင်စိတ် မရှိသဖြင့်...
" အစ်ကို ဗိုက်မဆာသေးဘူး .. မင်းတို့နှစ်ယောက်ပဲ ခွဲစားလိုက်ကြ... "
သူတို့ ပြန်ပြောသည်ကို မစောင့်တော့ဘဲ သူ ထလိုက်ပြီး မျက်နှာသစ်လိုက်သည် ။ အားလုံးပြီးစီးသွားသည့်အခါ သူ့ အဖေဖြစ်သူ၏ ငါးမျှားကိရိယာများကို ယူကာ အပြင်သို့ ငါးမျှားထွက်ရန် ပြင်လိုက်တော့သည် ။
ကလေးနှစ်ယောက်မှာလည်း သူ့နောက်ကနေ တကောက်ကောက် လိုက်လာကြ၏ ။ သူ မတတ်နိုင်တော့ဘဲ နောက်ဆုံးတွင် နို့သကြားလုံး နှစ်လုံးကို ထုတ်ပေးလိုက်မှသာ ထိုအမြီးလေးနှစ်ခုကို ဖြတ်နိုင်ခဲ့တော့သည် ။