← Chapters

အခန်း ၉-၁၀

Vol. 1 Ch. 9-10

အခန်း ၉-၁၀

Vol. 1 Ch. 9-10

Chapter 9+10

~

အခန်း ၉+၁၀ : ငါးစာမချဘဲ ငါးမျှားလျှင် ငါးများများ ရနိုင်မည်မဟုတ်...

~

​ဟောက်ဟိုင်ကန်...

​ယနေ့မှာ တနင်္လာနေ့ ဖြစ်သဖြင့် ငါးမျှားဝါသနာရှင် အများစုမှာ အလုပ်သွားကြပြီဖြစ်ရာ အဘိုးကြီး အနည်းငယ်သာ ကျန်ရစ်တော့သည်။

​ဤနေရာသို့ ငါးမျှားလာသူများမှာ အနားယူထားသူများ သို့မဟုတ် အလုပ်လက်မဲ့ အဘိုးအိုများအပြင် ယန်ဖူကွေ့ကဲ့သို့ပင် ဖမ်းမိသောငါးကို ပြန်ရောင်းပြီး မိသားစုကို ထောက်ပံ့ချင်သူများသာ ဖြစ်ကြ၏။

​သို့သော် ငါးမျှားခြင်းမှာ ကံ ၈၀ ရာခိုင်နှုန်းနှင့် ကျွမ်းကျင်မှု ၂၀ ရာခိုင်နှုန်းပေါ်တွင်သာ မူတည်နေသည်။ ယန်ကျီဝမ်သည် သူ၏ ငါးမျှားကျွမ်းကျင်မှုမှာ အပျော်တမ်းအဆင့်သာ ရှိသေးကြောင်း ဝန်ခံပေသည်။

​ပတ်ဝန်းကျင်ကို အကဲခတ်ပြီးနောက် ယန်ကျီဝမ်သည် ငါးခိုနိုင်မည့် နေရာကောင်းတစ်ခုကို ရှာဖွေကာ ငါးမျှားရန် ပြင်ဆင်လိုက်သည်။ သူယူလာသော ထိုင်ခုံပုလေးကို ချကာ ထိုင်လိုက်ပြီး အိတ်တစ်အိတ်ကို ထုတ်လိုက်၏။

​အိတ်ထဲတွင်တော့ သူအပြင်မထွက်ခင်က ရမှတ်ဆိုင်မှ လဲလှယ်ထားသော ပြောင်းဖူးမှုန့်အချို့ ရှိနေသည်။ အိမ်မှ ယူလာသော ပြောင်းဖူးစေ့အချို့လည်း ပါပေသည်။

​ဆိုရိုးစကားအတိုင်းပင် ငါးမျှားသည့်အခါ ငါးအုံ မလုပ်လျှင် ငါးများများရရန် မလွယ်ကူချေ။ ငါးများများရချင်လျှင်တော့ အနည်းငယ် ရင်းနှီးမြှုပ်နှံရပေမည်။

​ထို့ကြောင့် ယန်ကျီဝမ်သည် ပြောင်းဖူးမှုန့်ကို ရေနှင့်ရောကာ အလုံးကြီးတစ်လုံးဖြစ်အောင် နယ်လိုက်ပြီးနောက် အလုံးလေးများစွာ ပြန်ခွဲကာ ရေထဲသို့ ပစ်ထည့်လိုက်သည်။

​"ဗွမ်း.."

​" ဟေး.. ကောင်လေး.. ဘာလုပ်နေတာလဲ .. ငါးတွေ အကုန်လန့်ကုန်တော့မှာပဲ.. "

မလှမ်းမကမ်းရှိ အဘိုးကြီးတစ်ယောက်က ထိုသည်ကို မြင်သောအခါ မကျေမနပ်ဖြင့် လှမ်းအော်သည်။

​" ငါးအုံ လုပ်နေတာပါ .. "

ယန်ကျီဝမ်က ခပ်အေးအေးပင် ပြန်ဖြေလိုက်ပြီး နောက်ထပ် အလုံးအချို့ကို ဆက်ပစ်ထည့်လိုက်၏။ အဘိုးကြီးမှာ ဒေါသထွက်သွားပြီး ထလာရန်ပြင်လိုက်သော်လည်း ယန်ကျီဝမ်က ပစ်ပြီးသွားပြီဖြစ်ရာ ဆက်ပြီး နှောင့်ယှက်မည့်ပုံ မပေါ်သဖြင့် ဘာမှ ထပ်မပြောတော့ချေ။

​ယန်ကျီဝမ်က ငါးမျှားချိတ်တွင် ပြောင်းဖူးစေ့များကို တပ်ကာ ငါးစတင် မျှားတော့သည်။

​ကြိုးစားမှုသည် အမြဲတမ်း အရာထင်တတ်ပေသည်။ မိနစ်အနည်းငယ်အတွင်းမှာပင် ငါးမျှားတံမှ ဖော့တုံးလေး လှုပ်ရှားလာ၏။ ဖော့တုံးလေး ရေထဲနှစ်ဝင်သွားသည့်အခါ ယန်ကျီဝမ်က လှမ်းဆွဲလိုက်ရာ လက်ထဲတွင် တုံ့ခနဲ လေးလံသွားသည်ကို ခံစားလိုက်ရသည်။

​ပထမဆုံး မိသောငါးမှာ မသေးလှသဖြင့် သူ ဝမ်းသာသွားမိ၏။ သူသည် အတွေ့အကြုံမရှိသူ မဟုတ်တော့သဖြင့် ချက်ချင်း ဆွဲမတင်ဘဲ ငါးကို အားကုန်အောင် အချိန်ဆွဲ ကစားလိုက်သည်။ မိနစ်အနည်းငယ် ကြာသောအခါ ငါးက ရေပေါ်သို့ ပေါ်လာ၏။ ထိုသည်က ၂ ကတ်တီခန့်ရှိသော ငါးကြင်းတစ်ကောင်ပင်။

​ငါးကို ကုန်းပေါ်သို့ တင်ပြီးနောက် ယန်ကျီဝမ်က ရေခပ်ကာ ငါးကို ပုံးထဲသို့ ထည့်လိုက်၏။ တစ်ချိန်တည်းမှာပင် သူသည် ရမှတ်အချို့နှင့် ငါးမျှားခြင်း အတွေ့အကြုံများကိုလည်း ရရှိလိုက်သည်။

​ယန်ကျီဝမ်သည် အရှိန်မပြတ်စေဘဲ ငါးမျှားကြိုးကို ထပ်ပစ်လိုက်ပြန်သည်။ နာရီဝက်အတွင်းမှာပင် ငါးအတော်များများ မိလာပြီး အသေးဆုံးအကောင်ပင်လျှင် ၁ ကတ်တီနီးပါး ရှိပေသည်။

​အနားရှိ အဘိုးကြီးဝမ်မှာ ထိုသည်ကို မြင်သောအခါ စိတ်ထဲတွင် မမျှတသလို ခံစားလိုက်ရသည်။

' အားလုံး ငါးမျှားနေကြတာချင်း အတူတူ မင်းကျတော့ တောက်လျှောက် မိနေပြီး ငါ့ကျတော့ တစ်ချက်တောင် မလှုပ်ပါလား..'

​သူ ငါးဆက်မမျှားချင်တော့ဘဲ ယန်ကျီဝမ်ဆီသို့ လျှောက်လာခဲ့သည်။ သူက အရှက်မရှိစွာ ပြောလိုက်၏။

" ကလေး.. အဘိုးတို့ နေရာချင်း လဲကြမလား.. "

​ယန်ကျီဝမ်က အထင်သေးသော အကြည့်ဖြင့် မော့ကြည့်လိုက်သည်။ အဘိုးကြီး၏ အရှက်မရှိမှုမှာ သူ၏ အသက်အရွယ်ကြီးသလောက် ထူထဲလှသည်ဟု ပြောနေသယောင်ပင်။ ထိုကဲ့သို့ စကားမျိုးကို မည်သို့ ပြောရဲပါသနည်း။

​အဘိုးကြီးဝမ်သည် ယန်ကျီဝမ်၏ အဓိပ္ပာယ်ကို ကောင်းကောင်း နားလည်သွားသဖြင့် မျက်နှာကြီး နီရဲသွားကာ ရေရွတ်လိုက်၏။

" မလဲချင်လည်း မလဲနဲ့လေ .. ဘာလို့ ဒီလူငယ်ရဲဘော်က မျက်နှာကြီး ဒီလောက် ပုပ်သိုးနေရတာလဲ.. "

​ယန်ကျီဝမ်က နှာခေါင်းရှုံ့ကာ..

" အဘိုး ပြောချင်တာက ကျွန်တော်က ငါးအုံဖြစ်အောင် ပင်ပင်ပန်းပန်း လုပ်ထားရတယ်.. အဘိုးကျတော့ စကားတစ်ခွန်းတည်းနဲ့ နေရာလဲချင်တယ်ပေါ့ .. မသိတဲ့သူဆိုရင် ဟောက်ဟိုင်ကန်က အဖိုးအိမ်လို့ ထင်နေဦးမယ်.. "

​" မလဲချင်လည်း မလဲနဲ့ပေါ့ .. ဘာလို့ ဒီလောက်အထိ စိတ်တိုနေရတာလဲ .. ငါက ဒီတိုင်း မေးကြည့်တာပါ .."

အဘိုးကြီးဝမ်မှာလည်း သူ လွန်သွားမှန်း သိသဖြင့် ရယ်ကျဲကျဲဖြင့် ပြောလိုက်၏။

" ဒါဆိုရင် ငါးအုံလုပ်ဖို့ ဘာသုံးလဲဆိုတာ ပြောပြလို့ ရမလား .. ဩော်.. မပြောချင်လည်း ရပါတယ်.. ငါက ဒီတိုင်း မေးကြည့်တာ.. "

​ယန်ကျီဝမ် ထပ်ပြီး အငြင်းပွားမည်ကို သူ ကြောက်နေပုံရသည်။ ယန်ကျီဝမ်က အေးစက်စွာပင်...

" မပြောပြနိုင်စရာ မရှိပါဘူး ..ကျွန်တော် ခုနက ပြောင်းဖူးမှုန့်တွေ ပစ်ထည့်လိုက်တာ အဘိုး မမြင်လိုက်ဘူးလား.. "

​'ငါက မင်း နှောင့်ယှက်နေတယ်လို့ ထင်နေတာကိုး..'

အဘိုးကြီးဝမ်က စိတ်ထဲမှ ရေရွတ်လိုက်သော်လည်း အပြင်ထုတ်မပြောရဲချေ။ သူ မျက်မှောင်ကြုတ်ကာ ...

" ငါးအုံလုပ်ဖို့ စားစရာကို သုံးတယ် ဟုတ်လား .. အဲဒါက အရမ်း ဖြုန်းတီးရာ ကျမနေဘူးလား.. "

​ဤခေတ်ကာလ၌ လူတွေမှာ ဗိုက်ဝအောင်ပင် မနည်းစားနေရချိန်တွင် ငါးမျှားဖို့အတွက် ကောက်ပဲသီးနှံကို သုံးနေသည်မှာ မသင့်တော်ဟု သူ ထင်နေခြင်း ဖြစ်သည်။

​" ဖြုန်းတီးတာ ဟုတ်လား.. "

ယန်ကျီဝမ်က ပြုံးလိုက်ပြီး...

" ဆိုရိုးစကားအတိုင်းပေါ့.. ငါးအုံမလုပ်ရင် ငါးများများမရဘူး .. အဘိုးပုံစံကြည့်ရတာ ဒါ ပထမဆုံးအကြိမ် ငါးမျှားတာလည်း မဟုတ်ဘူးပဲ .. အဘိုးရဲ့ ငါးမိနှုန်းက ဘယ်လိုလဲ.. "

​အဘိုးကြီးဝမ်က ခေါင်းခါလိုက်သည်။ ငါးမိနှုန်းရယ်လို့ မရှိချေ။ ကံပေါ်သာ မူတည်ပေသည်။ ကံကောင်းရင် တစ်ကောင်၊ နှစ်ကောင် မိတတ်သော်လည်း ကံမကောင်းလျှင်တော့ အချိန်ဖြုန်းရုံသက်သက်သာ ဖြစ်၏။

​စကားပြောနေစဉ်မှာပင် ယန်ကျီဝမ် နောက်ထပ် ငါးတစ်ကောင် မိသွားပြန်ရာ အဘိုးကြီးဝမ်မှာ အလွန်ပင် မနာလို ဖြစ်သွားတော့သည်။ သူ ဝန်ခံလိုက်ရသည်မှာ သူ စိတ်လှုပ်ရှားနေမိခြင်းပင်။ အကယ်၍ ငါးအုံလုပ်ခြင်းက တကယ်ပဲ ငါးမိစေမည်ဆိုလျှင် ထိုငါးကို သမဝါယမဆိုင်တွင် ရောင်းပြီး ပိုက်ဆံရလာမှ ကောက်ပဲသီးနှံ ပြန်ဝယ်လျှင်လည်း အတူတူပင် မဟုတ်ပါလော။

​သူက အတည်ပြုလိုက်သည်။

" မင်း သေချာလား.. ငါးအုံလုပ်ရင် ငါးသေချာပေါက် မိမယ်ဆိုတာ.. "

​ယန်ကျီဝမ်က အဘိုးကြီးကို ငတုံးတစ်ယောက်ကို ကြည့်သလို ကြည့်လိုက်၏။

အဘိုးကြီးဝမ် အလွန်ရှက်သွားသည်။ သူ၏ မေးခွန်းမှာ အနည်းငယ် လွန်သွားမှန်း သူ နားလည်လိုက်လေသည်။ ငါးတွေက သူပိုင်သည် မဟုတ်၍ မည်သို့ သေချာပေါက် မိမည်ဟု အာမခံနိုင်မည်နည်း။

​ယန်ကျီဝမ်လည်း သူ့ကို စကားဆက်မပြောချင်တော့ဘဲ ငါးမျှားခြင်းကိုသာ အာရုံစိုက်နေလိုက်သည်။

​မျက်စိတစ်မှိတ်အတွင်းမှာပင် နေ့ခင်းအချိန်သို့ ရောက်လာခဲ့သည်။

​[ ဒင်..ငါးမျှားခြင်း အောင်မြင်သည် .. ရမှတ် ၁ မှတ် ရရှိသည် ။]

[ ဒင် .. ငါးမျှားခြင်း အောင်မြင်သည်.. ငါးမျှားခြင်း အတွေ့အကြုံ ၁ မှတ် ရရှိသည် ။ ]

[ ဒင်.. ငါးမျှားခြင်း အဆင့် တိုးတက်သွားသည် .. အထူးဆုလာဘ် - ငါးစာပြုလုပ်နည်း ၁ မျိုး ၊ သယ်ဆောင်ရလွယ်သော နေရာလွတ် ၁ ခု ။ ]

​ကောင်းကင်ယံကို ကြည့်ရသလောက် နေ့လယ် ၂ နာရီ သို့မဟုတ် ၃ နာရီ ဝန်းကျင်တွင် ယန်ကျီဝမ်၏ ငါးမျှားခြင်း အတွေ့အကြုံမှာ ၁၀၀ ပြည့်သွားခဲ့ပြီ ဖြစ်၏။ သူ ထင်ထားသည့်အတိုင်း အဆင့်တက်သည့်အခါ ဆုလာဘ်များ ရရှိပေသည်။

​ဤတစ်ကြိမ်တွင် ဆုလာဘ်မှာ ငါးစာဖော်နည်း ဖြစ်သော်လည်း ယန်ကျီဝမ် အနှစ်သက်ဆုံးမှာတော့ သယ်ဆောင်ရလွယ်သော နေရာလွတ်ပင် ဖြစ်သည်။ သူ စိတ်ထဲမှ လက်ခံလိုက်ပြီးနောက် စမ်းသပ်ကြည့်လိုက်၏။

​စမ်းသပ်မှုများအရ ဤနေရာလွတ်မှာ ၁၀ ကုဗမီတာခန့် ကျယ်ဝန်းပြီး သက်မဲ့ပစ္စည်းများကိုသာ သိမ်းဆည်းနိုင်သည်။ သူ ငါးကို ထည့်လိုက်သည့်အခါ ချက်ချင်းပင် သေသွားတော့သည်။ သို့သော်လည်း သူ ကျေနပ်မိသည်။ ဤနေရာလွတ် ရှိနေလျှင် အနာဂတ်တွင် အရာအားလုံးက ပို၍ အဆင်ပြေလာမည် မဟုတ်ပါလော။

​တစ်ချိန်တည်းမှာပင် မနက်မှ ယခုအချိန်အထိ သူသည် ရမှတ်ပေါင်းများစွာ စုဆောင်းမိသွားခဲ့ပြီ ဖြစ်၏။ သူ အချိန်ကို ကြည့်လိုက်ရာ ပြန်ရမည့်အချိန် ရောက်လုနီးပါး ဖြစ်နေချေပြီ။ နောက်ပိုင်းတွင် ငါးများကို သမဝါယမဆိုင်သို့ သွားရောင်းရဦးမည်ဖြစ်ပြီး ထိုမှတစ်ဆင့် ငါးမျှားတံများ ရနိုင်မည့် ဆိုင်သို့ ဝင်ကြည့်ရဦးမည် ဖြစ်သည်။ ငါးမျှားဝါသနာရှင်တစ်ဦးအနေဖြင့် ကိုယ်ပိုင်ငါးမျှားတံ မရှိလျှင် နေရထိုင်ရ အဆင်မပြေပေ။

​သူ ထလိုက်ပြီး ပစ္စည်းများကို စသိမ်းတော့သည်။ အနားရှိ အဘိုးကြီးဝမ်က မြင်သောအခါ အမြန်မေးလိုက်၏။

" ယန်လေး.. မင်း ငါးမျှားတာ ပြီးပြီလား .."

​အစောပိုင်းက စကားစမြည် ပြောရင်းနှင့် သူတို့နှစ်ဦး နာမည်ချင်း သိထားကြခြင်း ဖြစ်သည်။ အဘိုးကြီးဝမ်၏ မျိုးရိုးအမည်မှာ ဝမ် ဖြစ်သဖြင့် ယန်ကျီဝမ်က သူ့ကို အဘိုးကြီးဝမ်ဟုသာ ခေါ်လိုက်၏။ သူတို့ စကားပြောသည့် အခါတိုင်းတွင်လည်း အဘိုးကြီးဝမ်ကသာ အမြဲတမ်း စကားလာစခြင်း ဖြစ်သည်။

​ယန်ကျီဝမ်သည် သူ ဘာကို ဆိုလိုမှန်း သိသဖြင့် မျက်လုံးတစ်ချက် ဝေ့လိုက်ကာ ပြောလိုက်သည်။

" အဘိုး ယူချင်ရင် ယူလိုက်တော့လေ.. "

ငါးမျှားသည့် နေရာကို ဆိုလိုခြင်း ဖြစ်သည်။

​" ဟေး.. အေးအေး.. ငါ အခုပဲ လာပြီ.. "

အဘိုးကြီးဝမ်မှာ အားနာမနေတော့ဘဲ သူ၏ ပစ္စည်းများနှင့်အတူ အမြန်ပြေးလာတော့သည်။

​" ကျွန်တော် သွားပြီ .."

ယန်ကျီဝမ်က လက်ယမ်းပြလိုက်ပြီး ငါးပုံးကို ဆွဲကာ ထွက်လာခဲ့သည်။

​နာရီဝက်ခန့် ကြာသောအခါ...

ယန်ကျီဝမ်သည် သမဝါယမဆိုင်သို့ ရောက်လာပြီး ဝန်ထမ်းတစ်ဦးကို မေးလိုက်၏။

" ရဲဘော်.. ဒီမှာ ငါးတွေ ဝယ်လားဗျ .."

​" ဝယ်ပါတယ်.. "

ဝန်ထမ်းမှာ အမျိုးသားတစ်ဦးဖြစ်ပြီး ယန်ကျီဝမ်ထက် အနည်းငယ် ကြီးပုံရသည်။ သူက ပြန်ဖြေရင်း ယန်ကျီဝမ်၏ ငါးပုံးကို ကြည့်ကာ ...

" ငါးအသေးလေးတွေတော့ မလိုဘူးနော် .. ဒါတွေက မင်းကိုယ်တိုင် ဖမ်းလာတာလား .."

​" ဟောက်ဟိုင်ကန်မှာ ဖမ်းလာတာပါ.. "

ယန်ကျီဝမ်က ငါးများကို ကမ်းပေးလိုက်ပြီး ...

" အသေးလေးတွေကိုတော့ အိမ်ယူသွားပြီး ချက်စားမလို့ပါ ..အကောင်ကြီးတွေကိုပဲ ချိန်ပေးပါ .."

​" ကောင်းပြီ.. "

ထိုလူက အချိန်မဖြုန်းတော့ဘဲ အထဲဝင်ကာ ချိန်ခွင် ယူလာပြီး ယန်ကျီဝမ်၏ ရှေ့မှာပင် ငါးများကို ချိန်လိုက်သည်။ ထို့နောက် ပြောလိုက်၏။

" စုစုပေါင်း ၂၃ ကတ်တီ ၄ လျံရှိတယ် .. ၂၄ ကတ်တီလို့ပဲ တွက်လိုက်မယ် .. ငါးတစ်ကတ်တီကို ၂ မောင်း ဆိုတော့ စုစုပေါင်း ၄ ယွမ်နဲ့ ၇ မောင်း ရမယ် ..အဆင်ပြေလား .."

​ယန်ကျီဝမ် ခေါင်းညိတ်လိုက်သည်။ ထိုလူက ငါးများကို အထဲသို့ ယူသွားပြီး ခဏအကြာတွင် စာရွက်တစ်ရွက်နှင့် ပိုက်ဆံများကို ယူလာပေးကာ..

" ရေကြည့်လိုက်ဦး .. ဒီကနေ ထွက်သွားရင်တော့ ငါ တာဝန်မယူတော့ဘူးနော်.. "

​ထိုစာရွက်မှာ ပစ္စည်းဝယ်ယူကြောင်း အထောက်အထား လက်မှတ် ဖြစ်၏။ ၎င်းမရှိလျှင် သူ့ကို ခိုးရောင်းသူ (မှောင်ခိုသမား) ဟု သတ်မှတ်ခံရနိုင်ပေသည်။ သမဝါယမဆိုင်တွင် ရောင်းရခြင်းမှာ စျေးနည်းသော်လည်း ပို၍ ဘေးကင်းသည်။ သို့မဟုတ်လျှင် အိမ်ရာဝင်းထဲရှိ သားရဲများက ယန်ကျီဝမ် ငါးရောင်းပြီး ပိုက်ဆံအများကြီး ရနေသည်ကို သိသွားလျှင် သေချာပေါက် ပြဿနာရှာကြပေလိမ့်မည်။

​ယန်ကျီဝမ်က ပိုက်ဆံ ရေတွက်လိုက်ပြီးနောက် ခေါင်းညိတ်ပြကာ...

" ပိုက်ဆံ မှန်ပါတယ်.. ကျေးဇူးတင်ပါတယ် ရဲဘော်.. "

​" ရပါတယ် .. ငါ့မျိုးရိုးက ဟောက် ပါ .. နောက်ပိုင်း ငါးရောင်းချင်ရင် ငါ့ဆီကို လာခဲ့ပေါ့.. "

​" ဟုတ်ကဲ့ပါ.. အစ်ကိုဟောက်.. သွားလိုက်ပါဦးမယ်ဗျ.. "

All Chapters