အခန်း ၉-၁၀
Vol. 1 Ch. 9-10
Chapter 9+10
~
အခန်း ၉+၁၀ : ငါးစာမချဘဲ ငါးမျှားလျှင် ငါးများများ ရနိုင်မည်မဟုတ်...
~
ဟောက်ဟိုင်ကန်...
ယနေ့မှာ တနင်္လာနေ့ ဖြစ်သဖြင့် ငါးမျှားဝါသနာရှင် အများစုမှာ အလုပ်သွားကြပြီဖြစ်ရာ အဘိုးကြီး အနည်းငယ်သာ ကျန်ရစ်တော့သည်။
ဤနေရာသို့ ငါးမျှားလာသူများမှာ အနားယူထားသူများ သို့မဟုတ် အလုပ်လက်မဲ့ အဘိုးအိုများအပြင် ယန်ဖူကွေ့ကဲ့သို့ပင် ဖမ်းမိသောငါးကို ပြန်ရောင်းပြီး မိသားစုကို ထောက်ပံ့ချင်သူများသာ ဖြစ်ကြ၏။
သို့သော် ငါးမျှားခြင်းမှာ ကံ ၈၀ ရာခိုင်နှုန်းနှင့် ကျွမ်းကျင်မှု ၂၀ ရာခိုင်နှုန်းပေါ်တွင်သာ မူတည်နေသည်။ ယန်ကျီဝမ်သည် သူ၏ ငါးမျှားကျွမ်းကျင်မှုမှာ အပျော်တမ်းအဆင့်သာ ရှိသေးကြောင်း ဝန်ခံပေသည်။
ပတ်ဝန်းကျင်ကို အကဲခတ်ပြီးနောက် ယန်ကျီဝမ်သည် ငါးခိုနိုင်မည့် နေရာကောင်းတစ်ခုကို ရှာဖွေကာ ငါးမျှားရန် ပြင်ဆင်လိုက်သည်။ သူယူလာသော ထိုင်ခုံပုလေးကို ချကာ ထိုင်လိုက်ပြီး အိတ်တစ်အိတ်ကို ထုတ်လိုက်၏။
အိတ်ထဲတွင်တော့ သူအပြင်မထွက်ခင်က ရမှတ်ဆိုင်မှ လဲလှယ်ထားသော ပြောင်းဖူးမှုန့်အချို့ ရှိနေသည်။ အိမ်မှ ယူလာသော ပြောင်းဖူးစေ့အချို့လည်း ပါပေသည်။
ဆိုရိုးစကားအတိုင်းပင် ငါးမျှားသည့်အခါ ငါးအုံ မလုပ်လျှင် ငါးများများရရန် မလွယ်ကူချေ။ ငါးများများရချင်လျှင်တော့ အနည်းငယ် ရင်းနှီးမြှုပ်နှံရပေမည်။
ထို့ကြောင့် ယန်ကျီဝမ်သည် ပြောင်းဖူးမှုန့်ကို ရေနှင့်ရောကာ အလုံးကြီးတစ်လုံးဖြစ်အောင် နယ်လိုက်ပြီးနောက် အလုံးလေးများစွာ ပြန်ခွဲကာ ရေထဲသို့ ပစ်ထည့်လိုက်သည်။
"ဗွမ်း.."
" ဟေး.. ကောင်လေး.. ဘာလုပ်နေတာလဲ .. ငါးတွေ အကုန်လန့်ကုန်တော့မှာပဲ.. "
မလှမ်းမကမ်းရှိ အဘိုးကြီးတစ်ယောက်က ထိုသည်ကို မြင်သောအခါ မကျေမနပ်ဖြင့် လှမ်းအော်သည်။
" ငါးအုံ လုပ်နေတာပါ .. "
ယန်ကျီဝမ်က ခပ်အေးအေးပင် ပြန်ဖြေလိုက်ပြီး နောက်ထပ် အလုံးအချို့ကို ဆက်ပစ်ထည့်လိုက်၏။ အဘိုးကြီးမှာ ဒေါသထွက်သွားပြီး ထလာရန်ပြင်လိုက်သော်လည်း ယန်ကျီဝမ်က ပစ်ပြီးသွားပြီဖြစ်ရာ ဆက်ပြီး နှောင့်ယှက်မည့်ပုံ မပေါ်သဖြင့် ဘာမှ ထပ်မပြောတော့ချေ။
ယန်ကျီဝမ်က ငါးမျှားချိတ်တွင် ပြောင်းဖူးစေ့များကို တပ်ကာ ငါးစတင် မျှားတော့သည်။
ကြိုးစားမှုသည် အမြဲတမ်း အရာထင်တတ်ပေသည်။ မိနစ်အနည်းငယ်အတွင်းမှာပင် ငါးမျှားတံမှ ဖော့တုံးလေး လှုပ်ရှားလာ၏။ ဖော့တုံးလေး ရေထဲနှစ်ဝင်သွားသည့်အခါ ယန်ကျီဝမ်က လှမ်းဆွဲလိုက်ရာ လက်ထဲတွင် တုံ့ခနဲ လေးလံသွားသည်ကို ခံစားလိုက်ရသည်။
ပထမဆုံး မိသောငါးမှာ မသေးလှသဖြင့် သူ ဝမ်းသာသွားမိ၏။ သူသည် အတွေ့အကြုံမရှိသူ မဟုတ်တော့သဖြင့် ချက်ချင်း ဆွဲမတင်ဘဲ ငါးကို အားကုန်အောင် အချိန်ဆွဲ ကစားလိုက်သည်။ မိနစ်အနည်းငယ် ကြာသောအခါ ငါးက ရေပေါ်သို့ ပေါ်လာ၏။ ထိုသည်က ၂ ကတ်တီခန့်ရှိသော ငါးကြင်းတစ်ကောင်ပင်။
ငါးကို ကုန်းပေါ်သို့ တင်ပြီးနောက် ယန်ကျီဝမ်က ရေခပ်ကာ ငါးကို ပုံးထဲသို့ ထည့်လိုက်၏။ တစ်ချိန်တည်းမှာပင် သူသည် ရမှတ်အချို့နှင့် ငါးမျှားခြင်း အတွေ့အကြုံများကိုလည်း ရရှိလိုက်သည်။
ယန်ကျီဝမ်သည် အရှိန်မပြတ်စေဘဲ ငါးမျှားကြိုးကို ထပ်ပစ်လိုက်ပြန်သည်။ နာရီဝက်အတွင်းမှာပင် ငါးအတော်များများ မိလာပြီး အသေးဆုံးအကောင်ပင်လျှင် ၁ ကတ်တီနီးပါး ရှိပေသည်။
အနားရှိ အဘိုးကြီးဝမ်မှာ ထိုသည်ကို မြင်သောအခါ စိတ်ထဲတွင် မမျှတသလို ခံစားလိုက်ရသည်။
' အားလုံး ငါးမျှားနေကြတာချင်း အတူတူ မင်းကျတော့ တောက်လျှောက် မိနေပြီး ငါ့ကျတော့ တစ်ချက်တောင် မလှုပ်ပါလား..'
သူ ငါးဆက်မမျှားချင်တော့ဘဲ ယန်ကျီဝမ်ဆီသို့ လျှောက်လာခဲ့သည်။ သူက အရှက်မရှိစွာ ပြောလိုက်၏။
" ကလေး.. အဘိုးတို့ နေရာချင်း လဲကြမလား.. "
ယန်ကျီဝမ်က အထင်သေးသော အကြည့်ဖြင့် မော့ကြည့်လိုက်သည်။ အဘိုးကြီး၏ အရှက်မရှိမှုမှာ သူ၏ အသက်အရွယ်ကြီးသလောက် ထူထဲလှသည်ဟု ပြောနေသယောင်ပင်။ ထိုကဲ့သို့ စကားမျိုးကို မည်သို့ ပြောရဲပါသနည်း။
အဘိုးကြီးဝမ်သည် ယန်ကျီဝမ်၏ အဓိပ္ပာယ်ကို ကောင်းကောင်း နားလည်သွားသဖြင့် မျက်နှာကြီး နီရဲသွားကာ ရေရွတ်လိုက်၏။
" မလဲချင်လည်း မလဲနဲ့လေ .. ဘာလို့ ဒီလူငယ်ရဲဘော်က မျက်နှာကြီး ဒီလောက် ပုပ်သိုးနေရတာလဲ.. "
ယန်ကျီဝမ်က နှာခေါင်းရှုံ့ကာ..
" အဘိုး ပြောချင်တာက ကျွန်တော်က ငါးအုံဖြစ်အောင် ပင်ပင်ပန်းပန်း လုပ်ထားရတယ်.. အဘိုးကျတော့ စကားတစ်ခွန်းတည်းနဲ့ နေရာလဲချင်တယ်ပေါ့ .. မသိတဲ့သူဆိုရင် ဟောက်ဟိုင်ကန်က အဖိုးအိမ်လို့ ထင်နေဦးမယ်.. "
" မလဲချင်လည်း မလဲနဲ့ပေါ့ .. ဘာလို့ ဒီလောက်အထိ စိတ်တိုနေရတာလဲ .. ငါက ဒီတိုင်း မေးကြည့်တာပါ .."
အဘိုးကြီးဝမ်မှာလည်း သူ လွန်သွားမှန်း သိသဖြင့် ရယ်ကျဲကျဲဖြင့် ပြောလိုက်၏။
" ဒါဆိုရင် ငါးအုံလုပ်ဖို့ ဘာသုံးလဲဆိုတာ ပြောပြလို့ ရမလား .. ဩော်.. မပြောချင်လည်း ရပါတယ်.. ငါက ဒီတိုင်း မေးကြည့်တာ.. "
ယန်ကျီဝမ် ထပ်ပြီး အငြင်းပွားမည်ကို သူ ကြောက်နေပုံရသည်။ ယန်ကျီဝမ်က အေးစက်စွာပင်...
" မပြောပြနိုင်စရာ မရှိပါဘူး ..ကျွန်တော် ခုနက ပြောင်းဖူးမှုန့်တွေ ပစ်ထည့်လိုက်တာ အဘိုး မမြင်လိုက်ဘူးလား.. "
'ငါက မင်း နှောင့်ယှက်နေတယ်လို့ ထင်နေတာကိုး..'
အဘိုးကြီးဝမ်က စိတ်ထဲမှ ရေရွတ်လိုက်သော်လည်း အပြင်ထုတ်မပြောရဲချေ။ သူ မျက်မှောင်ကြုတ်ကာ ...
" ငါးအုံလုပ်ဖို့ စားစရာကို သုံးတယ် ဟုတ်လား .. အဲဒါက အရမ်း ဖြုန်းတီးရာ ကျမနေဘူးလား.. "
ဤခေတ်ကာလ၌ လူတွေမှာ ဗိုက်ဝအောင်ပင် မနည်းစားနေရချိန်တွင် ငါးမျှားဖို့အတွက် ကောက်ပဲသီးနှံကို သုံးနေသည်မှာ မသင့်တော်ဟု သူ ထင်နေခြင်း ဖြစ်သည်။
" ဖြုန်းတီးတာ ဟုတ်လား.. "
ယန်ကျီဝမ်က ပြုံးလိုက်ပြီး...
" ဆိုရိုးစကားအတိုင်းပေါ့.. ငါးအုံမလုပ်ရင် ငါးများများမရဘူး .. အဘိုးပုံစံကြည့်ရတာ ဒါ ပထမဆုံးအကြိမ် ငါးမျှားတာလည်း မဟုတ်ဘူးပဲ .. အဘိုးရဲ့ ငါးမိနှုန်းက ဘယ်လိုလဲ.. "
အဘိုးကြီးဝမ်က ခေါင်းခါလိုက်သည်။ ငါးမိနှုန်းရယ်လို့ မရှိချေ။ ကံပေါ်သာ မူတည်ပေသည်။ ကံကောင်းရင် တစ်ကောင်၊ နှစ်ကောင် မိတတ်သော်လည်း ကံမကောင်းလျှင်တော့ အချိန်ဖြုန်းရုံသက်သက်သာ ဖြစ်၏။
စကားပြောနေစဉ်မှာပင် ယန်ကျီဝမ် နောက်ထပ် ငါးတစ်ကောင် မိသွားပြန်ရာ အဘိုးကြီးဝမ်မှာ အလွန်ပင် မနာလို ဖြစ်သွားတော့သည်။ သူ ဝန်ခံလိုက်ရသည်မှာ သူ စိတ်လှုပ်ရှားနေမိခြင်းပင်။ အကယ်၍ ငါးအုံလုပ်ခြင်းက တကယ်ပဲ ငါးမိစေမည်ဆိုလျှင် ထိုငါးကို သမဝါယမဆိုင်တွင် ရောင်းပြီး ပိုက်ဆံရလာမှ ကောက်ပဲသီးနှံ ပြန်ဝယ်လျှင်လည်း အတူတူပင် မဟုတ်ပါလော။
သူက အတည်ပြုလိုက်သည်။
" မင်း သေချာလား.. ငါးအုံလုပ်ရင် ငါးသေချာပေါက် မိမယ်ဆိုတာ.. "
ယန်ကျီဝမ်က အဘိုးကြီးကို ငတုံးတစ်ယောက်ကို ကြည့်သလို ကြည့်လိုက်၏။
အဘိုးကြီးဝမ် အလွန်ရှက်သွားသည်။ သူ၏ မေးခွန်းမှာ အနည်းငယ် လွန်သွားမှန်း သူ နားလည်လိုက်လေသည်။ ငါးတွေက သူပိုင်သည် မဟုတ်၍ မည်သို့ သေချာပေါက် မိမည်ဟု အာမခံနိုင်မည်နည်း။
ယန်ကျီဝမ်လည်း သူ့ကို စကားဆက်မပြောချင်တော့ဘဲ ငါးမျှားခြင်းကိုသာ အာရုံစိုက်နေလိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် နေ့ခင်းအချိန်သို့ ရောက်လာခဲ့သည်။
[ ဒင်..ငါးမျှားခြင်း အောင်မြင်သည် .. ရမှတ် ၁ မှတ် ရရှိသည် ။]
[ ဒင် .. ငါးမျှားခြင်း အောင်မြင်သည်.. ငါးမျှားခြင်း အတွေ့အကြုံ ၁ မှတ် ရရှိသည် ။ ]
[ ဒင်.. ငါးမျှားခြင်း အဆင့် တိုးတက်သွားသည် .. အထူးဆုလာဘ် - ငါးစာပြုလုပ်နည်း ၁ မျိုး ၊ သယ်ဆောင်ရလွယ်သော နေရာလွတ် ၁ ခု ။ ]
ကောင်းကင်ယံကို ကြည့်ရသလောက် နေ့လယ် ၂ နာရီ သို့မဟုတ် ၃ နာရီ ဝန်းကျင်တွင် ယန်ကျီဝမ်၏ ငါးမျှားခြင်း အတွေ့အကြုံမှာ ၁၀၀ ပြည့်သွားခဲ့ပြီ ဖြစ်၏။ သူ ထင်ထားသည့်အတိုင်း အဆင့်တက်သည့်အခါ ဆုလာဘ်များ ရရှိပေသည်။
ဤတစ်ကြိမ်တွင် ဆုလာဘ်မှာ ငါးစာဖော်နည်း ဖြစ်သော်လည်း ယန်ကျီဝမ် အနှစ်သက်ဆုံးမှာတော့ သယ်ဆောင်ရလွယ်သော နေရာလွတ်ပင် ဖြစ်သည်။ သူ စိတ်ထဲမှ လက်ခံလိုက်ပြီးနောက် စမ်းသပ်ကြည့်လိုက်၏။
စမ်းသပ်မှုများအရ ဤနေရာလွတ်မှာ ၁၀ ကုဗမီတာခန့် ကျယ်ဝန်းပြီး သက်မဲ့ပစ္စည်းများကိုသာ သိမ်းဆည်းနိုင်သည်။ သူ ငါးကို ထည့်လိုက်သည့်အခါ ချက်ချင်းပင် သေသွားတော့သည်။ သို့သော်လည်း သူ ကျေနပ်မိသည်။ ဤနေရာလွတ် ရှိနေလျှင် အနာဂတ်တွင် အရာအားလုံးက ပို၍ အဆင်ပြေလာမည် မဟုတ်ပါလော။
တစ်ချိန်တည်းမှာပင် မနက်မှ ယခုအချိန်အထိ သူသည် ရမှတ်ပေါင်းများစွာ စုဆောင်းမိသွားခဲ့ပြီ ဖြစ်၏။ သူ အချိန်ကို ကြည့်လိုက်ရာ ပြန်ရမည့်အချိန် ရောက်လုနီးပါး ဖြစ်နေချေပြီ။ နောက်ပိုင်းတွင် ငါးများကို သမဝါယမဆိုင်သို့ သွားရောင်းရဦးမည်ဖြစ်ပြီး ထိုမှတစ်ဆင့် ငါးမျှားတံများ ရနိုင်မည့် ဆိုင်သို့ ဝင်ကြည့်ရဦးမည် ဖြစ်သည်။ ငါးမျှားဝါသနာရှင်တစ်ဦးအနေဖြင့် ကိုယ်ပိုင်ငါးမျှားတံ မရှိလျှင် နေရထိုင်ရ အဆင်မပြေပေ။
သူ ထလိုက်ပြီး ပစ္စည်းများကို စသိမ်းတော့သည်။ အနားရှိ အဘိုးကြီးဝမ်က မြင်သောအခါ အမြန်မေးလိုက်၏။
" ယန်လေး.. မင်း ငါးမျှားတာ ပြီးပြီလား .."
အစောပိုင်းက စကားစမြည် ပြောရင်းနှင့် သူတို့နှစ်ဦး နာမည်ချင်း သိထားကြခြင်း ဖြစ်သည်။ အဘိုးကြီးဝမ်၏ မျိုးရိုးအမည်မှာ ဝမ် ဖြစ်သဖြင့် ယန်ကျီဝမ်က သူ့ကို အဘိုးကြီးဝမ်ဟုသာ ခေါ်လိုက်၏။ သူတို့ စကားပြောသည့် အခါတိုင်းတွင်လည်း အဘိုးကြီးဝမ်ကသာ အမြဲတမ်း စကားလာစခြင်း ဖြစ်သည်။
ယန်ကျီဝမ်သည် သူ ဘာကို ဆိုလိုမှန်း သိသဖြင့် မျက်လုံးတစ်ချက် ဝေ့လိုက်ကာ ပြောလိုက်သည်။
" အဘိုး ယူချင်ရင် ယူလိုက်တော့လေ.. "
ငါးမျှားသည့် နေရာကို ဆိုလိုခြင်း ဖြစ်သည်။
" ဟေး.. အေးအေး.. ငါ အခုပဲ လာပြီ.. "
အဘိုးကြီးဝမ်မှာ အားနာမနေတော့ဘဲ သူ၏ ပစ္စည်းများနှင့်အတူ အမြန်ပြေးလာတော့သည်။
" ကျွန်တော် သွားပြီ .."
ယန်ကျီဝမ်က လက်ယမ်းပြလိုက်ပြီး ငါးပုံးကို ဆွဲကာ ထွက်လာခဲ့သည်။
နာရီဝက်ခန့် ကြာသောအခါ...
ယန်ကျီဝမ်သည် သမဝါယမဆိုင်သို့ ရောက်လာပြီး ဝန်ထမ်းတစ်ဦးကို မေးလိုက်၏။
" ရဲဘော်.. ဒီမှာ ငါးတွေ ဝယ်လားဗျ .."
" ဝယ်ပါတယ်.. "
ဝန်ထမ်းမှာ အမျိုးသားတစ်ဦးဖြစ်ပြီး ယန်ကျီဝမ်ထက် အနည်းငယ် ကြီးပုံရသည်။ သူက ပြန်ဖြေရင်း ယန်ကျီဝမ်၏ ငါးပုံးကို ကြည့်ကာ ...
" ငါးအသေးလေးတွေတော့ မလိုဘူးနော် .. ဒါတွေက မင်းကိုယ်တိုင် ဖမ်းလာတာလား .."
" ဟောက်ဟိုင်ကန်မှာ ဖမ်းလာတာပါ.. "
ယန်ကျီဝမ်က ငါးများကို ကမ်းပေးလိုက်ပြီး ...
" အသေးလေးတွေကိုတော့ အိမ်ယူသွားပြီး ချက်စားမလို့ပါ ..အကောင်ကြီးတွေကိုပဲ ချိန်ပေးပါ .."
" ကောင်းပြီ.. "
ထိုလူက အချိန်မဖြုန်းတော့ဘဲ အထဲဝင်ကာ ချိန်ခွင် ယူလာပြီး ယန်ကျီဝမ်၏ ရှေ့မှာပင် ငါးများကို ချိန်လိုက်သည်။ ထို့နောက် ပြောလိုက်၏။
" စုစုပေါင်း ၂၃ ကတ်တီ ၄ လျံရှိတယ် .. ၂၄ ကတ်တီလို့ပဲ တွက်လိုက်မယ် .. ငါးတစ်ကတ်တီကို ၂ မောင်း ဆိုတော့ စုစုပေါင်း ၄ ယွမ်နဲ့ ၇ မောင်း ရမယ် ..အဆင်ပြေလား .."
ယန်ကျီဝမ် ခေါင်းညိတ်လိုက်သည်။ ထိုလူက ငါးများကို အထဲသို့ ယူသွားပြီး ခဏအကြာတွင် စာရွက်တစ်ရွက်နှင့် ပိုက်ဆံများကို ယူလာပေးကာ..
" ရေကြည့်လိုက်ဦး .. ဒီကနေ ထွက်သွားရင်တော့ ငါ တာဝန်မယူတော့ဘူးနော်.. "
ထိုစာရွက်မှာ ပစ္စည်းဝယ်ယူကြောင်း အထောက်အထား လက်မှတ် ဖြစ်၏။ ၎င်းမရှိလျှင် သူ့ကို ခိုးရောင်းသူ (မှောင်ခိုသမား) ဟု သတ်မှတ်ခံရနိုင်ပေသည်။ သမဝါယမဆိုင်တွင် ရောင်းရခြင်းမှာ စျေးနည်းသော်လည်း ပို၍ ဘေးကင်းသည်။ သို့မဟုတ်လျှင် အိမ်ရာဝင်းထဲရှိ သားရဲများက ယန်ကျီဝမ် ငါးရောင်းပြီး ပိုက်ဆံအများကြီး ရနေသည်ကို သိသွားလျှင် သေချာပေါက် ပြဿနာရှာကြပေလိမ့်မည်။
ယန်ကျီဝမ်က ပိုက်ဆံ ရေတွက်လိုက်ပြီးနောက် ခေါင်းညိတ်ပြကာ...
" ပိုက်ဆံ မှန်ပါတယ်.. ကျေးဇူးတင်ပါတယ် ရဲဘော်.. "
" ရပါတယ် .. ငါ့မျိုးရိုးက ဟောက် ပါ .. နောက်ပိုင်း ငါးရောင်းချင်ရင် ငါ့ဆီကို လာခဲ့ပေါ့.. "
" ဟုတ်ကဲ့ပါ.. အစ်ကိုဟောက်.. သွားလိုက်ပါဦးမယ်ဗျ.. "