အခန်း ၁၁-၁၂
Vol. 2 Ch. 11-12
Chapter 11+12
~
အခန်း ၁၁+၁၂ : အသား တစ်ကတ်တီ
~
ယန်ကျီဝမ် သည် ယုံကြည်မှုဆိုင်(အဟောင်းဆိုင် သဘောမျိုး အစိုးရက ဖွင့်ထားတာ..) သို့ သွားရောက်ကာ သေချာစွာ ကြည့်ရှု စစ်ဆေးပြီးနောက် နှစ်ယွမ်ဟူသော ငွေအမြောက်အမြားကို ပေးချေ၍ ကြံ့ခိုင်သော ငါးမျှားတံတစ်ချောင်းကို ဝယ်ယူခဲ့သည် ။ ငါးမျှားကြိုး၊ ငါးမျှားချိတ်နှင့် ဖော့များကိုမူ သီးသန့်စီ ဝယ်ယူခဲ့ရခြင်း ဖြစ်ချေသည် ။
ခြံဝင်းအိမ်သို့ ပြန်ရောက်သည့်အချိန်တွင် ညနေ လေးနာရီ သို့မဟုတ် ငါးနာရီခန့် ရှိနေလေပြီ ။
ယန်ကျီဝမ် အနည်းငယ် စိတ်ပျက်နေလေ၏ ။ လက်ပတ်နာရီ တစ်လုံး မရှိသဖြင့် အချိန်ကိုပင် သေချာမသိရသည်မှာ အဆင်မပြေလှချေ ။
" အစ်ကိုနှစ် ပြန်လာပြီ... "
ခြံဝန်းအိမ် အဝင်ဝသို့ ရောက်သည်နှင့် ခြံတံခါးဝတွင် ကျောက်ခဲလေးများဖြင့် ကစားနေသော ကလေးနှစ်ယောက်ကို တွေ့လိုက်ရသည် ။ သူတို့က ယန်ဝမ်ကျီကို မြင်သည်နှင့် လက်ထဲရှိ ကျောက်ခဲများကို ပစ်ချကာ သူ့ထံသို့ အပြေးကလေး ရောက်လာကြ၏ ။
" ဒုတိယအစ်ကို..သား ပစ္စည်းတွေ ဝိုင်းသယ်ပေးမယ်လေ... "
ယန်ကျီခွမ်းက ပြောရင်းနှင့် ယန်ဝမ်ကျီ၏ လက်ထဲမှ ရေပုံးကို ဝိုင်းသယ်ပေးသလို ယန်ကျီတိကလည်း အရှုံးမပေးဘဲ ငါးမျှားတံကို ဝိုင်းကူသယ်ပေးရန် လုနေကြပြန်သည် ။ ကလေးများဆိုသည်မှာ ဤသို့ပင် ဖြစ်ပေသည် ။ မိမိက သူတို့အပေါ် ကောင်းမွန်လျှင် သူတို့ကလည်း မိမိအပေါ် ပြန်လည်ကောင်းမွန်ကြသည် မဟုတ်ပါလော ။
ထို့အပြင် နောက်ထပ် အကြောင်းပြချက်တစ်ခုလည်း ရှိသေး၏ ။ ထိုသည်ကား ဒုတိယအစ်ကိုကို ကူညီလျှင် နို့သကြားလုံးလေးများ ရတတ်သည်ကို ဤကလေးနှစ်ယောက် ကောင်းစွာ သိရှိနေခြင်းပင် ဖြစ်သည် ။ ကလေးများ၏ စိတ်သည် တကယ့်ကို ရိုးရှင်းလွန်းလှပေသည် ။
ပစ္စည်းများကို သူတို့လက်ထဲ ထည့်ပေးလိုက်ရင်း ယန်ကျီဝမ်သည် အသက် သုံးလေးနှစ်အရွယ် ကောင်လေးတစ်ယောက်ကိုလည်း တွေ့လိုက်ရ၏ ။ ထိုကောင်လေးမှာ ဝဝကစ်ကစ် နှင့် အရပ်မှာလည်း ခြောက်နှစ်အရွယ် ယန်ကျီတိ ကိုပင် မီခံနီး ဖြစ်နေသည် ။ ယန်ကျီဝမ်က သူ၏ မှတ်ဉာဏ်များကို ပြန်လည်ရှာဖွေကြည့်လိုက်ရာ အနည်းငယ် အံ့အားသင့်သွားသည် ။
ဤကလေးကား နောင်တစ်ချိန်တွင် နာမည်ကျော် သူခိုးသူတော်စင် ဖြစ်လာမည့် ပန့်ကန့် ပင် ။ ဤကောင်လေးသည် ကျားမိသားစု၏ သုံးဆက်မြောက် တစ်ဦးတည်းသော သားရတနာ ဖြစ်ပေသည် ။ ကျားကျန်းရှီက သူ့ကို အလွန်အမင်း အလိုလိုက်ထားသဖြင့် ကျားမိသားစု၏ ကောင်းသောအရာ ဟူသမျှသည် ပန့်ကန့်၏ ဗိုက်ထဲသို့သာ ရောက်ကုန်တော့သည် ။
ဤကဲ့သို့သော ခေတ်ကာလတွင် ကလေးတစ်ယောက်ကို ဤမျှ ဝဝဖြိုးဖြိုး ဖြစ်အောင် ကျွေးမွေးထားနိုင်သည်မှာ ဤခြံဝန်းအိမ်ထဲ၌သာမက ပတ်ဝန်းကျင် တစ်ဝိုက်တွင်ပါ ပထမဆုံး ဖြစ်ပေလိမ့်မည် ။ ဤလောကထဲသို့ ရောက်ရှိလာသည်မှာ နှစ်ရက်ရှိပြီဖြစ်သော ယန်ကျီဝမ်အတွက် အိမ်ရာဝင်းအတွင်းရှိ သားရဲများကို ပထမဆုံးအကြိမ် မြင်တွေ့လိုက်ရခြင်းပင် ဖြစ်ချေသည် ။
ယန်ကျီဝမ်က ခေါင်းကို အနည်းငယ် ခါလိုက်ပြီး ခြံဝင်းထဲသို့ ဝင်လာလိုက်ရာ ပန်းပင်များကို ရေလောင်းနေသော သူ၏ အဖေ ယန်ဖူကွေ့ကို ချက်ချင်း မြင်လိုက်ရ၏ ။
ယန်ဖူကွေ့က ခါးကို ဆန့်လိုက်ပြီး မေးလိုက်သည် ။
" ဒုတိယသား.. ဒီနေ့လည်း ငါးသွားမျှားတာလား .. ဘယ်နှစ်ကောင် ရခဲ့လဲ .. "
ထို့နောက် ယန်ကျီဝမ် သယ်ဆောင်လာသော အိတ်ကို မြင်သွားပြီး သူ၏ အကျင့်ဟောင်းက ပြန်လည်ပေါ်လာပြန်သည် ။ သူ ရှေ့သို့ တိုးလာပြီး လက်ကို ဆန့်ထုတ်ကာ ပြောလိုက်သည် ။
" ဒီတစ်ခါ ဘာတွေ ပါလာတာလဲ .. "
" အငယ်ကောင်က ရေပုံးကို အထဲ သယ်သွားပြီ လေ.. ပုံးထဲမှာ ငါးလေး နည်းနည်းပါးပါး ပါပဲ .. "
ယန်ကျီဝမ်က ယန်ဖူကွေ့၏လက်ကို ဖယ်လိုက်ပြီး ခပ်ပြုံးပြုံးဖြင့် ပြောလိုက်သည် ။
" ဒီအိတ်ထဲကတော့ ဘာမှ မဟုတ်ပါဘူး .. ကျွန်တော် ငါး ရောင်းပြီး အသား တစ်ကတ်တီ ဝယ်လာတာ .. "
ဤအသားကိုမူ သူ ပြန်လာသည့်လမ်းတွင် စနစ်၏ အမှတ်အရောင်းဆိုင်မှ လဲလှယ်လာခဲ့ခြင်း ဖြစ်သည် ။ နေ့စဉ် ပြောင်းဖူးပေါင်းနှင့် အချဉ်ဖတ်များသာ စားနေရသည်ကို သူ မခံစားနိုင်တော့ချေ ။ ညဘက်တွင် သူတစ်ယောက်တည်း ခိုးစား၍ ရသော်လည်း ကလေးနှစ်ယောက်အတွက် အာဟာရ ဖြည့်တင်းပေးရန် လိုအပ်လေသည်။
" ဘာ .. မင်း အသားဝယ်လာတယ် ဟုတ်လား .. "
ယန်ဖူကွေ့ လန့်သွားပြီး တစ်စုံတစ်ယောက် ကြားသွားမည် စိုးသဖြင့် သူ၏ ပါးစပ်ကို အမြန်ပိတ်လိုက်၏ ။ ထို့နောက် ရှေ့သို့ တိုးလာပြီး အိတ်ကို ဖွင့်ကြည့်လိုက်ရာ အိတ်ထဲတွင် အသားတစ်တုံး ရှိနေသည်ကို အမှန်တကယ်ပင် မြင်လိုက်ရချေသည် ။ ယန်ဖူကွေ့က နှမြောနေသော မျက်နှာဖြင့် ...
" မင်းကတော့ကွာ.. ပိုက်ဆံကို ဘယ်လို စီမံရမလဲဆိုတာ တကယ် မသိဘူး .. ပိုက်ဆံလေး နည်းနည်းရတာနဲ့ အကုန်သုံးပစ်တာပဲ .. အသားဝယ်တာက ထားပါဦး ..မင်းရွေးလာတဲ့ အသားကလည်း အဆီက မပါသလောက်ပဲ .. တကယ့်ကို အရှုံးကြီး ရှုံးသွားပြီ .. "
ညည်းညူပြီးနောက် သူက ထပ်မံမေးလိုက်ပြန်၏ ။
" ဒုတိယသား.. ငါးတွေကို ဘယ်လောက်နဲ့ ရောင်းခဲ့ရလဲ .. "
" ပိုက်ဆံ အကုန် ကုန်သွားပြီ .. "
ယန်ကျီဝမ်က ပခုံးတွန့်ပြလိုက်ပြီး ပြောလိုက်သည် ။
" အသား တစ်ကတ်တီနဲ့ ငါးမျှားတံ တစ်ချောင်း ဝယ်လိုက်တာ အကုန် ကုန်သွားတာပဲ .. "
" ဟမ်.. မင်းလို ဖြုန်းတီးတဲ့ကောင်မျိုး ဘယ်မှာ ရှိဦးမလဲ .. "
ယန်ဖူကွေ့က ဆူပူလိုက်သည် ။
" ငါးမျှားတံ လိုချင်ရင် ငါ့ဟာ သုံးပါလား .. ငါလည်း နေ့တိုင်း သုံးနေတာ မဟုတ်ဘူး .. သုံးပြီးရင် ငှားခ ပေးဖို့ပဲ လိုတာလေ .. "
ထိုသည်ကို ကြားလိုက်ရလျှင် ယန်ကျီဝမ် မျက်နှာ ပျက်သွား၏ ။ ဤအဖိုးကြီးမှာ သူ၏ အကျင့်အတိုင်းပင်။ သုံးခွန်း ပြောလိုက်လျှင် တွက်ချက်ခြင်းက တစ်ခွန်း ပါနေတတ်သည် ။ မိမိ၏ မိသားစုဝင် အချင်းချင်းကိုပင် မချန်ချေ ။ ယန်ကျီဝမ်က လက်ယမ်းပြလိုက်ပြီး ပြောလိုက်သည် ။
" ရပါတယ် ကျေးဇူးပဲ .. အဖေရဲ့ ငါးမျှားတံက အရမ်း တန်ဖိုးကြီးလွန်းလို့ သား မသုံးရဲဘူး .. သားဟာ သားသုံးတာကပဲ ပိုကောင်းတယ် .. "
" နှမြောစရာကြီးကွာ .. "
ယန်ဖူကွေ့က နှမြောသလို အသံမျိုးဖြင့် ပြောပြီးမှ လက်ကို ဆန့်ထုတ်လိုက်ပြန်၏ ။
" ဒါပေမဲ့ ဒီနေ့အတွက် ငှားခကတော့ လျော့ပေးလို့ မရဘူးနော် .. "
" ငါးလေးတွေ အများကြီး ပါလာတယ်လေ.. အဲ့ဒါတွေ အကုန် အဖေ ယူလိုက်တော့ .. သား အထဲ ဝင်တော့မယ် .. "
ယန်ကျီဝမ်က ထိုစကားကို ပြောပြီး အခန်းထဲသို့ ဝင်သွားတော့သည် ။
' နှမြောစရာကြီး .. နောက်ဆိုရင် ဒီကလေးက ငါ့ငါးမျှားတံကို သုံးတော့မှာ မဟုတ်ဘူး .. ဒါဆို ငါ ငှားခ မရတော့ဘူး.. '
' ဒါပေမဲ့ ဒီကလေး တော်တော်ကို ပြောင်းလဲသွားပါလား.. ဒီညတော့ အသားစားရတော့မယ်..ဆိုးတော့ မဆိုးပါဘူး.. နည်းနည်းတော့ ဖြုန်းတီးရာ ကျနေပင်မယ့်လည်းပေါ့.. '
ယန်ဖူကွေ့က ခေါင်းခါပြီး ခဏတာ ညည်းညူနေပြီးမှ ပန်းပင်ရေလောင်းသော သူ၏ လုပ်ငန်းကြီးကို ဆက်လက်လုပ်ကိုင်လိုက်တော့သည် ။
" အမေ.. ထမင်း အဆင်သင့် ဖြစ်ပြီလား .. "
ယန်ကျီဝမ်က မီးဖိုချောင်ထဲသို့ ဝင်သွားရင်း လှမ်းမေးလိုက်၏ ။
" ပြောင်းဖူးပေါင်းက အခုမှ ပေါင်းတုန်းရှိသေးတယ် ..ခဏလောက်တော့ စောင့်ရဦးမယ် .. "
ရန်ရွေ့ဟွားက ခပ်အေးအေးပင် ပြန်လည်ဖြေလိုက်သည် ။ ထို့နောက် သူမ လှည့်ကြည့်လိုက်ရာ ယန်ကျီဝမ်က အိတ်ထဲမှ အသားတစ်တုံး ထုတ်နေသည်ကို မြင်သွားပြီး ချက်ချင်း အော်လိုက်တော့၏ ။
" သား.. ဒီအသားတွေ ဘယ်က ရလာတာလဲ .. "
" ဝယ်လာတာပေါ့ အမေရ.. "
" အသားဝယ်ဖို့ လက်မှတ်ကရော ဘယ်က ရတာလဲ .. "
" ငါးသွားမျှားရင်းနဲ့ အဘိုးကြီး တစ်ယောက်နဲ့ လဲခဲ့တာပါ .. "
" နေဦး .. "
ယန်ကျီဝမ် အသားကို လှီးတော့မည်ကို မြင်လျှင် ရန်ရွေ့ဟွားက အမြန် တားလိုက်သည် ။
" ဟဲ့.. နင် ဘာလုပ်မလို့လဲ .. ဒီအသားတွေ အကုန် စားမလို့လား .. "
" မစားလို့ ဘာလုပ်ရမှာလဲ .. "
ယန်ကျီဝမ်က ပြန်လည်မေးခွန်းထုတ်လိုက်၏ ။
" ဖြုန်းတီးလိုက်တာ .. "
ရန်ရွေ့ဟွားက နှမြောနေသော မျက်နှာအမူအရာဖြင့် ပြောလိုက်သည် ။
" ဘယ်လို မိသားစုမျိုးက နင့်လိုမျိုး ဖြုန်းတီးနိုင်မှာလဲ .. နည်းနည်းလောက်ပဲ လှီးပြီး မြည်းကြည့်ရင် တော်ပြီပေါ့ .. ငါ့ကို ပေး ..ငါပဲ စီစဥ်လိုက်မယ် .. "
ယန်ကျီဝမ်က ရှောင်တိမ်းလိုက်ပြီး ခေါင်းခါပြလိုက်၏ ။
" အမေ.. အဲ့ဒါကို စိတ်မပူပါနဲ့ .. သားတို့ မိသားစုက တရားမျှတမှုကို အလေးထားတာ မလား .. ဒီအသားက သား ရှာလာတာ ဖြစ်တဲ့အတွက် သား ကြိုက်သလို လုပ်ပိုင်ခွင့် ရှိတယ် .. အမေ ဝင်ပြောစရာ မလိုဘူး .. "
" မင်း ကြိုက်သလိုသာ ဖြုန်းတော့ .. "
ရန်ရွေ့ဟွားသည် ဤစကားကို ကြားလျှင် စိတ်တိုသွားသော်လည်း ဘာမှ မတတ်နိုင်ပေ ။ သူမ မမြင်ချင်တော့ဟုသော ပုံစံမျိုးဖြင့် မီးဖိုချောင်ထဲမှ ထွက်သွားတော့သည် ။ ယန်ကျီဝမ်ကမူ ဂရုမစိုက်ဘဲ ပြုံးပြုံးလေးနှင့် အသားကို လှီးနေ၏ ။
လှီးဖြတ်ပြီးသည်နှင့် အဆီပါသော အသားများကို အရင်ဆုံး အိုးထဲသို့ထည့်ပြီး ဆီသတ်လိုက်ရာ မွှေးကြိုင်လှသော ရနံ့က ချက်ချင်း ထွက်ပေါ်လာချေသည် ။ ကလေးနှစ်ယောက်မှာ အသားနံ့ကို ရရှိသည်နှင့် အပြင်မှနေ၍ ခေါင်းလေးများ ပြူထွက်လာကြသည် ။
" အစ်ကိုနှစ်.. ဘာတွေ ချက်နေတာလဲ .. အရမ်း မွှေးတာပဲ .. "
သူတို့က ခြေဖျားလေးများ ထောက်၍ အိုးထဲသို့ ချောင်းကြည့်ကြ၏ ။ ထို့နောက် အော်ဟစ်လိုက်ကြသည် ။
" ဝါး.. အသားတွေပါလား .. "
ယန်ကျီတိက မျှော်လင့်ချက်အပြည့်ဖြင့် ယန်ကျီဝမ်ကို ကြည့်လိုက်၏ ။
" အစ်ကိုနှစ်.. ဒီည သမီးတို့ အသားစားရမှာလား .. "
ပြောရင်းနှင့် သူမသည် တံတွေးများကိုပင် မျိုချနေမိချေသည် ။ ယန်ကျီဝမ်က ခေါင်းငြိမ့်ပြလိုက်၏ ။ သူ့စိတ်ထဲတွင် တစ်မျိုးကြီး ခံစားလိုက်ရသည် ။
" ဟေး.. ပျော်စရာကြီး .. ဒီည သမီးတို့ အသားစားရမယ် .. "
ယန်ကျီတိက ပျော်ရွှင်လွန်းသဖြင့် ခုန်ပေါက်နေတော့သည် ။
" မင်းတို့ နှစ်ယောက် အပြင်ကို အရင် ထွက်နေကြဦး .. မကြာခင် စားရတော့မှာပါ .. "
ကလေးနှစ်ယောက်မှာ မထွက်ခွာချင်သော်လည်း စကားကိုမူ နားထောင်ကြပေသည် ။ သူတို့နှစ်ယောက် အိမ်ရှေ့တံခါးဝနားတွင် ထိုင်စောင့်နေကြ၏ ။
တစ်ချိန်တည်းမှာပင် အဝင်ဝရှိ ယန်ဖူကွေ့လည်း အသားနံ့ကို ရလိုက်၏ ။ သူ မျက်မှောင်ကြုတ်ပြီး သက်ပြင်းချလိုက်လေသည် ။
"ဟူးး.. "
'ဒီ ဒုတိယသားကတော့ ငါ့ကို တကယ် ဒုက္ခပေးတာပဲ .. ပြဿနာတော့ တက်တော့မယ် .. '
ထင်သည့်အတိုင်းပင် ။ သူ့အတွေး မဆုံးသေးမီ အလယ်ခြံဘက်မှ ကျိန်ဆဲသံကြီး ထွက်ပေါ်လာတော့သည် ။
" ဘယ်က သောက်ချီးစားက နှစ်သစ်ကူးလည်း မဟုတ် .. ပွဲလမ်းလည်း မဟုတ်ဘဲ အသားစားနေတာလဲ .. ဒီအဘွားကြီးကို မနာလိုစိတ်နဲ့ သေအောင် သတ်နေတာလား .. "