← Chapters

အခန်း ၁၃-၁၄

Vol. 2 Ch. 13-14

အခန်း ၁၃-၁၄

Vol. 2 Ch. 13-14

Chapter 13+14

~

အခန်း ၁၃+၁၄ : ကျားမိသားစု၏ ပြဇာတ်

~

​" ကျုပ်တို့အားလုံးက ခြံဝန်းတစ်ခုတည်းမှာ နေကြတဲ့ အိမ်နီးနားချင်းတွေပါတော့်..ဒါကို အသားစားတဲ့အခါကျတော့ ကျုပ်လို အိုကြီးအိုမ မုဆိုးမနဲ့ မိဘမဲ့ကလေးတွေကို နည်းနည်းပါးပါးလေးတောင် ဝေမျှဖို့ စိတ်မကူးကြဘူး..ထွီ.. နင်တို့ရဲ့ အသိတရားတွေကို ခွေးစားပစ်လိုက်ပြီလား..ဟမ်..နင်တို့တစ်သက် ထမင်းစားရင် ဟင်း လေးပန်းကန်တောင် မပြည့်ဘဲ သေချင်းဆိုးနဲ့ သေကြပါစေ ..ထွီ..သောက်သူတောင်းစားတွေ .. "

​ကျားမိသားစုအိမ်၏ တံခါးဝတွင် ကျားကျန်းရှီသည် အရှေ့ခြံဘက်သို့ မျက်နှာမူကာ တံတွေးများ တပြစ်ပြစ် ထွေးရင်း ကျိန်ဆဲနေချေသည် ။ ဘေးပတ်ဝန်းကျင်ရှိ အိမ်နီးနားချင်းများမှာမူ ကျားကျန်းရှီ၏ ပစ်မှတ်ဖြစ်လာမည်ကို စိုးရိမ်သဖြင့် တံခါးများ အမြန်ပိတ်ကာ ပုန်းနေကြလေ၏ ။

​ကျားကျန်းရှီ၏ ဆဲဆိုသံများမှာ နားမခံသာအောင် ဆိုးရွားလှသဖြင့် နောက်ဆုံးတွင်မူ သူမ၏သားဖြစ်သူ ကျားဒုံရွှီပင်လျှင် ဆက်၍ မခံစားနိုင်တော့ပေ ။ သူက စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်၏ ။

​" အမေ.. ဟွိုင်ရုက ညစာချက်ပြီးပြီပဲ..အထဲဝင်ပြီး ထမင်းစားရအောင်ပါ .. "

​ကျားဒုံရွှီသည် ယခုနှစ်တွင် အသက် ၂၅ နှစ်သာ ရှိသေးရာ ထိုကဲ့သို့သော ဆဲသံများကို ကြားရသောအခါ မျက်နှာတစ်ခုလုံး နီရဲလာပြီး အလွန်ပင် ရှက်နေချေသည် ။

​ထူးဆန်းသည်မှာ ကျားမိသားစုတွင် မိသားစုကို လုပ်ကျွေးနေသော တစ်ဦးတည်းသော လုပ်သားဖြစ်သည့် ကျားဒုံရွှီသည် ခန္ဓာကိုယ်အပိန်လှီဆုံးနှင့် အားအနည်းဆုံး ဖြစ်နေခြင်းပင်။ သူသည် အရပ်ရှည်ရှည်နှင့် ပိန်ပိန်ပါးပါး ဖြစ်ပြီး ရုပ်ရည်မှာမူ ကြည့်ကောင်းသည့်အထဲ ပါပေသည် ။

​ကျားကျန်းရှီနှင့် ပန့်ကန့်တို့ကို ထည့်မတွက်လျှင်ပင် အသက် တစ်နှစ် အရွယ်သာ ရှိသေးသော ရှောင်ဒန်နှင့် ချင်ဟွိုင်ရုတို့၏ ခန္ဓာကိုယ်ကပင် သူ၏ခန္ဓာကိုယ်ထက် ပို၍ အသားအရေ စိုပြေနေသည် ။

​ဤသည်ကား အခြားကြောင့်မဟုတ်ဘဲ အိမ်ရှိ စားစရာ မှန်သမျှကို ကျားကျန်းရှီနှင့် ပန့်ကန့်တို့ကိုသာ အဓိက ကျွေးမွေးထားသောကြောင့် ဖြစ်ပေသည် ။

​ကျားဒုံရွှီသည် သားသမီးဝတ္တရား ကျေပြွန်သူဖြစ်ပြီး ခေတ်သစ်စကားဖြင့် ပြောရလျှင် မားမားဘွိုင်းပင် ဖြစ်ချေသည် ။ မိခင်ဖြစ်သူ ပြောသမျှကို များသောအားဖြင့် ငြင်းဆန်လေ့မရှိဘဲ လိုက်နာတတ်သည် ။

​အိမ်ရှိ စားစရာများကို အရင်ဆုံး ကျားကျန်းရှီ ဗိုက်ဝအောင် ကျွေးရပြီး ထို့နောက်တွင် ပန့်ကန့်ကို ကျွေးမွေးရကာ နောက်ဆုံးမှသာ သူ စားရခြင်း ဖြစ်သည် ။

​သို့သော်လည်း များသောအားဖြင့် ကျားကျန်းရှီနှင့် ပန့်ကန့်တို့ စားသောက်ပြီးချိန်တွင် စားပွဲပေါ်၌ စားစရာ များများစားစား ကျန်ရစ်လေ့မရှိချေ ။

​သူသည် ဇနီးဖြစ်သူကို သနားသဖြင့် စားစရာများကို ခွဲဝေပေးလေ့ရှိသောကြောင့် သူကိုယ်တိုင်ကမူ မကြာခဏဆိုသလို ဗိုက်မပြည့်ဘဲ နေခဲ့ရသည်က များပေသည် ။

​ထို့အပြင် စက်ရုံတွင်းရှိ ဖစ်တာသမားအလုပ်မှာ ကာယခွန်အား စိုက်ထုတ်ရသော အလုပ်ဖြစ်သဖြင့် မူရင်းဇာတ်လမ်းထဲတွင် ကျားဒုံရွှီ ကြုံတွေ့ခဲ့ရသော မတော်တဆမှုမှာ တိုက်ဆိုင်မှုတစ်ခုကြောင့် မဟုတ်ဘဲ ရေရှည် အာဟာရချို့တဲ့မှုကြောင့်သာ ဖြစ်သည် ။

​သို့သော်လည်း မည်သို့ပင်ဆိုစေကာမူ ကျားဒုံရွှီ၏ နာမည်မှာ ဤခြံဝန်းအတွင်း၌ အနည်းငယ် ကောင်းမွန်သေးသည်ဟု ဆိုရပေမည် ။

​ထိုသို့မဟုတ်လျှင်မူ ယီကျုံးဟိုင်သည် သူ၏အိုဇာတာအတွက် သူ့ကို ရွေးချယ်ထားမည်မဟုတ်။ သူသည် ကျားဒုံရွှီ၏ မိဘအပေါ် သိတတ်သော စရိုက်ကို သဘောကျသောကြောင့်သာ ဖြစ်ပေသည် ။

​သားဖြစ်သူ၏ စကားကို ကြားသောအခါ ကျားကျန်းရှီက အလျှော့မပေးဘဲ အော်ဟစ်လိုက်ပြန်သည် ။

​" ဘာလဲ .. သူတို့က ချက်စားရဲပြီး ဒီအဘွားကြီး ပြောတာကိုတော့ မခံနိုင်ဘူးလား .. တစ်ယောက်တည်း ခိုးစားတဲ့ကောင်တွေက အသိတရား မရှိတဲ့ကောင်တွေပဲ .. ဟင်း .. "

​" အမေရယ်.. ကျေးဇူးပြုပြီး ဆဲတာကို ရပ်ပါတော့.. အမေ ဒီလိုတွေ ဆက်လုပ်နေရင် သား နောက်ဆို လူတွေရှေ့ ဘယ်လိုမျက်နှာပြရတော့မှာလဲ .. "

​ကျားဒုံရွှီ တစ်ယောက် အလွန်ပင် စိတ်ပင်ပန်းလှလေပြီ ။ လူတွေ အသားစားနိုင်ခြင်းမှာ မိမိတို့၏ အရည်အချင်းကြောင့်သာ ဖြစ်ရာ ဤအရာက အသိတရား ရှိခြင်း၊ မရှိခြင်းနှင့် မည်သို့ သက်ဆိုင်ပါသနည်း ။

​ထို့အပြင် ဤကဲ့သို့သော ခေတ်ကာလတွင် မိသားစုတိုင်းအတွက် အသားစားနိုင်ရန်မှာ အလွန်ခက်ခဲလှပြီး ရှားပါးလှရာ သူတို့က မည်သည့်အတွက်ကြောင့် မိမိတို့ကို အလကား ဝေမျှပေးလိုပါမည်နည်း ။

​" ဒုံရွှီ.. နင် ငါ့ကို ပြန်ပြောနေတာလား .. "

​ကျားကျန်းရှီသည် အစပိုင်းတွင် လန့်သွားသော်လည်း ထို့နောက်တွင်မူ အသံပြဲကြီးဖြင့် ငိုကြွေးလေတော့သည် ။

​" အို.. အဘိုးကြီးကျားရေ .. မြန်မြန် ထလာပြီး ကြည့်စမ်းပါဦးတော်.. ရှင် သေသွားပြီးတဲ့နောက်မှာ ကျုပ်က ဒီသားကို ခက်ခက်ခဲခဲ ကျွေးမွေး စောင့်ရှောက်ခဲ့ရတာပါ..ဒါပေမဲ့ ခုတော့ ကြည့်စမ်းပါဦးတော့ .. သူက ကျုပ်ကို အရှက်ခွဲတယ်ဆိုပြီး မုန်းတီးနေပြီ ..အပြစ်တင်နေပြီ.. အို.. အဘိုးကြီးကျားရေ .. ကျုပ်တော့ ဆက်ပြီး အသက်မရှင်ချင်တော့ပါဘူး .. "

​မိခင်ကြီး၏ ပြဇာတ်က ပြန်လည်စတင်လာသည်ကို မြင်သောအခါ ကျားဒုံရွှီလည်း ခေါင်းကိုက်သွားပြန်သည် ။ သူ အမြန်ပင် ချော့မော့လိုက်ရ၏ ။

​" အမေ.. သားက အဲ့ဒီလို ဆိုလိုတာ မဟုတ်ပါဘူး .. သားပြောတာက သားတို့က သားတို့ ဘဝကိုပဲ အေးအေးဆေးဆေး ဖြတ်သန်းရအောင်လို့ပါ..ပြီးတော့ သားက အမေ့ကို အငတ်မထားခဲ့ပါဘူးနော် .. "

​ ကျားဒုံရွှီက စကားပြောရင်း ချင်ဟွိုင်ရုကို မျက်ရိပ်ပြလိုက်သည် ။

​ချင်ဟွိုင်ရုသည် လက်ထပ်ပြီးသည်မှာ နှစ်အနည်းငယ်သာ ရှိသေးရာ ကျေးလက်တောရွာမှ မိန်းကလေးများနှင့်မတူဘဲ အသားအရေ ဖြူစင်ဝင်းပပြီး ရုပ်ရည်နှင့် ခန္ဓာကိုယ် အချိုးအစားမှာလည်း အလွန်ပင် ကောင်းမွန်လှသဖြင့် ခြံဝန်းအတွင်းရှိ လူပျိုများ၏ ထူးဆန်းသော အကြည့်များကို မကြာခဏ ဆွဲဆောင်လေ့ရှိသည် ။

​သို့သော်လည်း အမှန်စင်စစ်တွင်မူ သူမသည် နေ့စဉ်နှင့်အမျှ ပင်ပန်းကြီးစွာ အလုပ်လုပ်ကိုင်ရရှာသည် ။ ကျားမိသားစုတွင် သူမနှင့် ကျားဒုံရွှီတို့သည် နွားနှင့် မြင်းကဲ့သို့ ရုန်းကန်နေရခြင်း ဖြစ်သည် ။

​ကျားဒုံရွှီက မိသားစုအတွက် ပိုက်ဆံရှာပေးရပြီး သူမကမူ အိမ်တွင်းမှုကိစ္စ အဝဝကို တာဝန်ယူရသည်။ ရှောင်ဒန်ကို မွေးဖွားပြီးချိန်တွင်ပင် မီးတွင်းထဲ၌ တစ်လပင် မပြည့်သေးဘဲ အလုပ်များကို ချက်ချင်း ပြန်လည်လုပ်ကိုင်ခဲ့ရရှာသည် ။

​မျက်ရိပ်တစ်ခု မြင်လိုက်ရုံဖြင့် ချင်ဟွိုင်ရုက ကျားဒုံရွှီ၏ ဆိုလိုရင်းကို နားလည်သွားပြီး ပြောလိုက်လေသည် ။

​" အမေ.. ပန့်ကန့်က အမေနဲ့အတူ ညစာစားဖို့ စောင့်နေတယ်လေ .. "

​ကျားဒုံရွှီမှလွဲလျှင် ကျားကျန်းရှီ အလေးထားဆုံးသော လူမှာ သူမ၏ အကြီးဆုံး မြေးဦးရတနာပင် ဖြစ်ချေသည် ။

​မျှော်လင့်ထားသည့်အတိုင်းပင် မြေးဦးရတနာနှင့် ပတ်သက်သည်ကို ကြားလိုက်ရသည်နှင့် သူမသည် ချက်ချင်းပင် ငိုကြွေးခြင်းကို ရပ်တန့်လိုက်ပြီး ကြင်နာစွာ ပြောလိုက်တော့သည် ။

​" အို.. ငါ့မြေးလေးကတော့ အငတ်မခံနိုင်ပါဘူး .. အဖွား အခုလာပြီနော် .. "

​" ဟူး.. "

​ကျားကျန်းရှီ ငြိမ်သက်သွားသည်ကို မြင်မှသာ ကျားဒုံရွှီလည်း သက်ပြင်းချနိုင်တော့သည် ။

​သူ ထမင်းစားရန် ထိုင်မည်အပြုတွင် ပန့်ကန့်က အော်ဟစ်ငိုယိုကာ ပြောလာပြန်သည် ။

​" အဖွား.. သား အသားစားချင်တယ်..ဝါးးး.. သား အသားစားချင်တယ်...သား အသားနံ့တွေ ရနေတယ်..ဝါးး .. "

​ချင်ဟွာရူက အမြန်ပင် ချော့မော့လိုက်၏ ။

​" ပန့်ကန့်လေး.. လိမ္မာတယ်နော် .. သားအဖေ လစာရတဲ့အခါကျရင် အမေတို့ သားအတွက် အသားဝယ်ကျွေးပါ့မယ် .. "

​" မဟုတ်ဘူး.. သား အခုပဲ စားချင်တာ .. ယန်ကျီဝမ် အသားတွေ သယ်ပြီး ပြန်လာတာကို သား တွေ့လိုက်တယ်..အဖေတို့ သွား တောင်းပေးကြပါ .. "

​ပန့်ကန့်က မြေပြင်ပေါ်တွင် လူးလှိမ့်ကာ ငိုယိုအော်ဟစ်နေတော့သည် ။

​ပန့်ကန့်အတွက်မူ သူ မျက်စိကျမိသည့်အရာ မှန်သမျှသည် သူ၏မိသားစုပိုင် ပစ္စည်းများဖြစ်ပြီး သူက သွားရောက်ယူငင်နိုင်သည်ဟု ထင်မှတ်နေခြင်း ဖြစ်ပေသည် ။

​ဤသည်ကား ကျားကျန်းရှီ၏ လက်တွေ့သင်ကြားပြသပေးမှုများကြောင့်ပင် ။

​ကျားဒုံရွှီသည်လည်း အမေဖြစ်နေသဖြင့် ဘာမျှ ပြန်မပြောရဲချေ ။

​ချင်ဟွိုင်ရုအတွက်မူ ပို၍ပင် ပြောစရာမရှိတော့။သူမသည် ကျားမိသားစုတွင် မည်သည့် ဆုံးဖြတ်ချက်မှ ချပိုင်ခွင့် မရှိပေ ။

​" ယန်ကျီဝမ် ဟုတ်လား .. သူက အလုပ်တောင် မရှိတာ..အသားဝယ်ဖို့ ပိုက်ဆံ ဘယ်ကရမှာလဲ .. သူ ခိုးလာတာများလား .. "

​ကျားကျန်းရှီက သံသယစိတ်ဖြင့် ပြောလိုက်သည် ။

​" အမေ.. အဲ့ဒီလို လျှောက်မပြောပါနဲ့ .. ယန်ကျီဝမ်က ရိုးရိုးသားသား အေးအေးဆေးဆေးနေတာလေ..သူ့ စရိုက်နဲ့ဆိုရင် ဒီလိုမျိုး လုံးဝ လုပ်မှာမဟုတ်ဘူး .. တတိယအဒေါ်သာ ကြားသွားရင် ပြဿနာ အကြီးအကျယ် တက်လိမ့်မယ် .. "

​ကျားဒုံရွှီက အမြန်ပင် တားမြစ်လိုက်ရ၏ ။

​ကျားကျန်းရှီက နှာခေါင်းရှုံ့ကာ ပြောလိုက်သည် ။

​" ဟမ့်.. ငါ သူ့ကို ကြောက်ရမှာလား .. သူ သတ္တိရှိရင် ငါ့ဆီ လာခဲ့စမ်းပါ .. "

​ပြောပြီးနောက် သူမက ချင်ဟွိုင်ရုကိုပါ လှည့်၍ မာန်လေတော့သည် ။

​" နင်.. ငါ့မြေးလေး ငိုနေတာကို မမြင်ဘူးလား .. နင် ဘယ်လို အမေမျိုးလဲ .. မြန်မြန် ယန်မိသားစုဆီ သွားပြီး အသားနည်းနည်းလောက် သွားတောင်းစမ်း .. "

​ချင်ဟွာရူက စိတ်ညိုးနွမ်းစွာဖြင့် ...

​" အမေရယ်.. တခြားအိမ်ဆိုရင်တော့ ထားပါဦး..တတိယဦးလေးတို့အိမ်ကိုတော့ သွားမတောင်းတာ ပိုကောင်းလိမ့်မယ် ထင်တယ် .. "

​ယန်မိသားစု၏ ကပ်စေးနှဲတတ်သော စရိုက်နှင့်ဆိုလျှင် သွားတောင်းခြင်းမှာ အကျိုးရှိမည်မထင်။ မည်သူမျှ ယန်မိသားစုထံမှ အပ်တိုတစ်ချောင်းကိုပင် လကား မရဖူးချေ ။

​ကျားကျန်းရှီသည် မကျေမနပ်ဖြစ်ကာ နှုတ်ခမ်းကို စူလိုက်သော်လည်း ချင်ဟွိုင်ရု ပြောသည်မှာ မှန်ကန်ကြောင်း သူမ သိပေသည် ။

​ယန်မိသားစု၏ ကပ်စေးနှဲမှုမှာ ဤခြံဝန်းအတွင်း၌ အလွန်ပင် ကျော်ကြားလှသည် ။

​ယန်မိသားစုထံသို့ အသားသွားတောင်းခြင်းက သူတို့၏ အသက်ကို တောင်းခံသည်နှင့် အလားသဏ္ဌာန် တူချေသည် ။

​"ဒုန်း .."

​ကျားဒုံရွှီက စားပွဲကို ရိုက်လိုက်ပြီး ပန့်ကန့်ကို အော်ဟစ်လိုက်သည် ။

​" တော်စမ်း .. စားချင်ရင် စား.. မစားချင်ရင် အပြင်သွားဆော့ .. မင်း နောက်တစ်ခါ ထပ်ပြီး ဂဂျီဂဂျောင်လုပ်နေရင် ငါ မင်းကို ရိုက်ပစ်မယ် .. "

​ပန့်ကန့်သည် သူ၏အဖေ ဖြစ်သူ ကျားဒုံရွှီကိုမူ အနည်းငယ် ကြောက်ရွံ့တတ်သဖြင့် ဤသည်ကို မြင်သောအခါ ဆက်၍ မအော်ရဲတော့ဘဲ ဝမ်းနည်းပက်လက်ဖြင့် နှုတ်ခမ်းလေးကိုသာ စူထားတော့သည် ။

​ကျားဒုံရွှီက စိတ်မကောင်းဖြစ်သွားပြီး ချင်ဟွိုင်ရုဘက်သို့ လှည့်၍ ပြောလိုက်သည် ။

​" ဟွိုင်ရု.. မနက်ဖြန်ကျရင် အသား နှစ်လျန် လောက် သွားဝယ်ပြီး ကလေး အာသာပြေအောင် ချက်ကျွေးလိုက်ပါ .. "

​ချင်ဟွိုင်ရူက အခက်တွေ့ဟန်ဖြင့် ...

​" ဒါပေမဲ့ ဒုံရွှီရယ်.. ဒီလအတွက် စားစရာပိုက်ဆံက သိပ်မကျန်တော့ဘူးလေ .. "

​" ရပါတယ်.. လကုန်ဖို့ကလည်း ရက်နည်းနည်းပဲ လိုတော့တာပဲ မလား .. "

​ကျားဒုံရွှီက အတင်းအကြပ် ကြိုးစား ပြုံးလိုက်ရင်း ပြောလိုက်သည် ။

​" ငါတို့ လူကြီးတွေ နည်းနည်း လျှော့စားလိုက်ရင် အဆင်ပြေပါတယ်..ကလေးကိုတော့ အငတ်မထားနိုင်ဘူး .. "

​" ရှင့် သဘောပါပဲလေ.. "

​မိသားစုဝင်များအားလုံးသည် တိတ်ဆိတ်စွာဖြင့် ညစာစားလိုက်ကြတော့သည် ။

​ကျားဒုံရွှီ၏ စိတ်ထဲတွင်မူ အတွေးများက မပြတ်သေးပေ။

'တကယ်လို့ လကုန်ခါနီး အဆင်မပြေဖြစ်လာရင် ဆရာ့ဆီကနေ ပိုက်ဆံ နည်းနည်းတော့ သွားချေးရမယ်.. '

​မိမိကိုယ်တိုင် နည်းနည်း လျှော့စားရသည်မှာ ပြဿနာမဟုတ်သော်လည်း မိသားစုဝင်များကိုမူ အငတ်မထားနိုင်ပေ ။

​...

​အခြားတစ်ဖက်တွင်မူ ...

​ပထမအဒေါ်သည် အနောက်ခြံဘက်မှ အိမ်သို့ မျက်နှာ မသာမရာနှင့် ပြန်ရောက်လာသည်။

​သူမသည် အနောက်ခြံရှိ နားမကြားသော အဘွားအိုထံသို့ ထမင်းသွားပို့ရာ အဆင်မပြေခဲ့ချေ။

​ထမင်းစားနေသော ယီကျုံးဟိုင်က ခေါင်းမော့ကြည့်လိုက်ရာ ဇနီးဖြစ်သူ၏ လက်ထဲတွင် နားမကြားသော အဘွားအိုအတွက် ပို့ဆောင်ပေးသည့် ထမင်းပန်းကန် ပြန်ပါလာသည်ကို မြင်သဖြင့် ဇဝေဇဝါဖြင့် မေးလိုက်၏ ။

​" အဘွားကြီးက ထမင်းမစားဘူးလား .. "

​ပထမအဒေါ်က ပန်းကန်ကို စားပွဲပေါ်သို့ တင်လိုက်ပြီး စိတ်ပျက်စွာဖြင့် ပြောလိုက်သည် ။

​" သူ အသားနံ့ရလို့ အသားစားချင်နေတာတဲ့လေ..ဒီပြောင်းဖူးပေါင်းအကြမ်းကို မြိုချရတာ အဆင်မပြေဘူးလို့ ပြောနေတယ် .. "

​ဤသည်ကား ဂျီကျလွန်းခြင်းသာ ဖြစ်ပေသည် ။ အကယ်၍ မြိုမချနိုင်ဘူးဆိုလျှင် ထိုသည်မှာ ဗိုက်မဆာသေး၍သာ ဖြစ်သည်။တကယ့်ကို ငတ်မွတ်နေလျှင်မူ သစ်ခေါက်ကိုပင် မြိုချနိုင်ကြသည် မဟုတ်ပါလော။

​ပြောရလျှင်မူ ဤသည်ကား ယီကျုံးဟိုင်က အလိုလိုက်ထားသောကြောင့် ဖြစ်သော်လည်း သူမက ထုတ်မပြောရဲချေ ။

​လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက သူမသည် ယီကျုံးဟိုင်အတွက် သားသမီးတစ်ဦးတစ်ယောက်မှ မွေးမပေးနိုင်ခဲ့သဖြင့် စိတ်ထဲတွင် အမြဲတစေ အားနာစိတ် ဖြစ်ပေါ်နေခဲ့သည် ။

​ယီကျုံးဟိုင်က ချက်ချင်းပင် နားလည်သွားပြီး ပြောလိုက်လေသည် ။

​" ဪ.. ဒါကြောင့်ကိုး..ငါလည်း စောစောက အသားနံ့ ရလိုက်တယ် .. ဒီနေ့ ခြံဝန်းထဲက တစ်ယောက်ယောက် အသားချက်စားနေတာ ဖြစ်ရမယ် .. မင်း သွားပြီး နည်းနည်းလောက် သွားတောင်းကြည့်ပါလား.. နားမကြားတဲ့ အဘွားက စားချင်တယ်လို့ ပြောရင် သူတို့ ပေးလောက်မှာပါ .. "

All Chapters