← Chapters

အခန်း ၁၅-၁၆

Vol. 2 Ch. 15-16

အခန်း ၁၅-၁၆

Vol. 2 Ch. 15-16

Chapter 15+16

~

အခန်း ၁၅+၁၆ : နမူနာ အဖြစ်မခံနိုင်ခြင်း

~

​ဤခြံဝန်းအတွင်းရှိ ဦးလေးများ၏ တာဝန်သည် ရပ်ကွက်ရုံးမှ ရန်သူ့သူလျှိုများ ခိုးဝင်အခြေချခြင်းကို ကာကွယ်ရန် သတ်မှတ်ပေးထားခြင်း ဖြစ်ပြီး ယခုအခါတွင်မူ အိမ်နီးနားချင်းများအကြား ဖြစ်ပွားသော ပြဿနာများကို ညှိနှိုင်းဖြေရှင်းပေးရန်သာ တာဝန် ရှိပေသည် ။ ရှင်းရှင်းလင်းလင်း ပြောရလျှင်မူ ကိစ္စအသေးအမွှားလေးများကို ညှိနှိုင်းဖြေရှင်းပေးရန် သီးသန့်တာဝန်ပေးထားခြင်းမျှသာ ဖြစ်၏။

​သို့သော်လည်း ပထမဦးလေး ဖြစ်သူ ယီကျုံးဟိုင်မှာမူ သားသမီး မျိုးဆက်မရှိသဖြင့် မိမိကိုယ်မိမိ အိုမင်းမစွမ်းဖြစ်ချိန်တွင် အားကိုးရာမဲ့မည့် ဆိုးရွားသော အခြေအနေကို စိုးရိမ်ကာ စိတ်ကူးအကြံအစည် အသစ်များ စတင်ပေါ်ပေါက်လာခဲ့သည် ။

​နောင်တစ်ချိန် မိမိအိုမင်းလာသောအခါ လုပ်ကျွေးပြုစုမည့်သူ ရှိစေရန်အတွက် သူသည် ဤခြံဝန်းအတွင်း၌ အမြဲတစေ လူကောင်းတစ်ယောက်ကဲ့သို့ ဟန်ဆောင်နေထိုင်လေ့ ရှိသည် ။

​သူသည် နားမကြားသော အဘွားအိုကို ပြုစုစောင့်ရှောက်မည့် တာဝန်ကိုလည်း မိမိသဘောဆန္ဒအလျောက် ရယူထားသည့်အပြင် သူကိုယ်တိုင်ကလည်း ဟုန်ရှင်းသံမဏိစက်ရုံတွင် အဆင့် ၇ ရှိသော ဖစ်တာ(fitter)သမားတစ်ဦး ဖြစ်သဖြင့် ဤခြံဝန်းအတွင်း၌ အရှိန်အဝါ ကြီးမားလှသည် ။

​သူ ဤသို့ ပြုလုပ်ရခြင်း၏ အဓိက အကြောင်းအရင်းမှာ ခြံဝန်းအတွင်းရှိ လူငယ်လူရွယ်များ၏ စိတ်ထဲတွင် လူကြီးသူမကို ရိုသေလေးစားရမည်ဆိုသည့် စံနမူနာတစ်ခုကို သွတ်သွင်းပေးလိုသောကြောင့်ပင် ။

​သို့ဆိုလျှင် လူကြီးသူမကို ရိုသေလေးစားခြင်းဆိုသည်မှာ အဘယ်သို့နည်း ။

​ထိုသည်ကား သူ၏ စိတ်ကူးအကြံအစည်အတိုင်း ဖြစ်ရမည်သာ ဖြစ်ချေသည် ။

​ထို့ကြောင့် နေ့စဉ်ဘဝတွင် ယီကျုံးဟိုင်သည် ခြံဝန်းအတွင်းရှိ ကိစ္စရပ်များကို ခြံဝန်းအတွင်း၌သာ ဖြေရှင်းရမည်ဟု အမြဲတစေ လှုံ့ဆော်လေ့ရှိပြီး ထိုအကြောင်းကြောင့်ပင် ဤခြံဝန်းတစ်ခုလုံးသည် သူ၏ ပိုင်နက်နယ်မြေကဲ့သို့ ဖြစ်လာခဲ့သည် ။

​ သူသည် ဤခြံဝန်းကို အချိန်အတော်ကြာအောင် စနစ်တကျ ကြိုးစားစီမံခဲ့သဖြင့် အကျိုးရလဒ်များလည်း ထင်ထင်ရှားရှား ရှိနေခဲ့လေပြီ ။

​ပုံမှန်အတိုင်းဆိုလျှင် ခြံဝန်းအတွင်းရှိ တစ်စုံတစ်ယောက်က ကောင်းသည့် စားစရာများ ချက်ပြုတ်ပါက နားမကြားသော အဘွားအိုထံသို့ မိမိသဘောဆန္ဒအလျောက် အနည်းငယ် လာရောက်ဝေမျှရမည် ။

​အဘယ်ကြောင့်ဆိုသော် ထိုသို့ လာရောက်ဝေမျှခြင်း မရှိပါက သူကိုယ်တိုင် ထိုအိမ်တံခါးဝအထိ လာရောက်ကာ ဆုံးမသြဝါဒ ပေးတတ်သောကြောင့်ပင် ။

​ယခင်ကလည်း ဤသို့ပင် ဖြစ်ခဲ့ဖူးရာ အစပိုင်းတွင် မဝေမျှလိုသော သူများသည်ပင် သူ၏ အမျိုးမျိုးသော သွန်သင်ဆုံးမမှုများနှင့် စံနမူနာပြ သက်သေများကို နားထောင်ပြီးနောက် အိမ်နီးနားချင်းများနှင့် စည်းလုံးညီညွတ်စွာ နေထိုင်တတ်သော ရဲဘော်ကောင်းများ ဖြစ်လာကြရသည် ။

​" အဲ့အသားက ယန်မိသားစုချက်နေတာ .. "

​ပထမအဒေါ်က ခပ်အေးအေးပင် ပြန်လည်ဖြေကြားလိုက်သည် ။

​" ယန်မိသားစု ဟုတ်လား .. "

​ယီကျုံးဟိုင်သည် အစပိုင်းတွင် သိပ်ပြီး သတိမထားမိသော်လည်း ထို့နောက်တွင်မူ မှင်သက်သွားကာ မယုံကြည်နိုင်သော လေသံမျိုးဖြင့် ပြောလိုက်သည် ။

​" အဘိုးကြီးယန်တို့ အိမ်ကလား .. "

​ဤသည်ကား အံ့ဩစရာ မရှိပေ။ဤခြံဝန်းအတွင်း၌ ပြည့်စုံလုံလောက်သော မိသားစုဟူ၍ အနည်းငယ်မျှသာ ရှိပေသည် ။

​နောက်ခြံရှိ လျိုဟိုင်ကျုံး၏ မိသားစု၊ သူ၏ မိသားစုနှင့် အရူးကျူး၏ မိသားစုတို့သာ ဖြစ်ပြီး အရူးကျူးမှာ စားဖိုမှူးတစ်ဦး ဖြစ်သဖြင့် အသားစားရန် ခက်ခဲလှသည် မဟုတ်ချေ ။

​ဤမျှသာ ရှိသည် ။

​သို့သော် ယန်မိသားစုမှာမူ အသားစားရန် မဖြစ်နိုင်ဆုံး အိမ်စာရင်းတွင် ပါဝင်သည် ။

​ယန်မိသားစုတွင် လူဦးရေ အလွန်များပြားလှပြီး ယန်ဖူကွေ့ တစ်ဦးတည်းသာ အလုပ်လုပ်ကိုင်ကာ လခရခြင်း ဖြစ်သဖြင့် တစ်လလျှင် ရရှိသော လစာလေးဖြင့် မိသားစုအုပ်စုကြီးကို မသေအောင် ကျွေးမွေးရန်ပင် ခက်ခဲလှရာ သူတို့က မည်ကဲ့သို့ ဤမျှ ဖြုန်းတီးနိုင်ပါမည်နည်း ။

​ပထမအဒေါ်က ခေါင်းငြိမ့်ပြကာ ပြောလိုက်သည် ။

​" ယန်ကျီဝမ် သယ်လာတာလို့ ကြားတယ် .. "

​အမှန်စင်စစ်တွင်မူ သူမသည် ပြန်လာသည့်လမ်းတွင် ကျားမိသားစု ဆူပူသောင်းကျန်းနေသည်ကို အမှတ်မထင် ကြားသိခဲ့ရခြင်း ဖြစ်ပေသည် ။

​" သူ လား .. "

​ယီကျုံးဟိုင်သည် မျက်မှောင်ကြုတ်လိုက်ပြီး အတွေးနက်သွား၏။

​အတန်ကြာပြီးနောက်တွင်မူ ယီကျုံးဟိုင်သည် အပြင်သို့ ထွက်ခွာသွားတော့သည် ။

​မည်သို့ပင်ဖြစ်စေ နားမကြားသော အဘွားအို၏ ကိစ္စကိုသူ သေချာပေါက် စီမံရမည် ဖြစ်ပေသည်။ မည်သည့် ချွင်းချက်မျှ ရှိ၍မရ ။သို့မဟုတ်လျှင်မူ ခြံဝန်းအတွင်းရှိ အခြားသူများကလည်း ဤသို့ လိုက်လံလုပ်ဆောင်လာကြပါက သူသည် ဤခြံဝန်းကို မည်ကဲ့သို့ ဆက်လက်စီမံခန့်ခွဲနိုင်တော့ပါမည်နည်း ။

​...

​ယန်မိသားစုအိမ် ...

​ထိုအချိန်တွင် ယန်မိသားစုဝင်များအားလုံးသည် ထမင်းစားပွဲတွင် ဝိုင်းဖွဲ့ထိုင်နေကြပြီး လူတိုင်း၏ မျက်လုံးများမှာ စားပွဲပေါ်ရှိ ဝက်သနီချက်ကိုသာ စိုက်ကြည့်နေကြသည် ။

​ယန်ကျီဝမ်သည် ယနေ့ညတွင် ဟင်းနှစ်ပွဲ ချက်ပြုတ်ထားရာ အသားတစ်ကတ်တီလုံးကို အသုံးပြုထားသည့်အပြင် ဝက်သားဖြင့် မုန်ညင်းထုပ်ကိုပါ ကြော်ထားသဖြင့် ရနံ့မှာ အလွန်ပင် မွှေးကြိုင်လှချေသည် ။

​မည်သူမှ စကားမပြောကြဘဲ အခြားသူများ တံတွေးမျိုချသံကိုသာ အတိုင်းသား ကြားနေရတော့သည် ။

​အတန်ကြာပြီးနောက် ...

​ရန်ရွေ့ဟွားက နှမြောနေသော မျက်နှာဖြင့် ပြောလိုက်သည် ။

​" အမလေး.. ဟင်းတစ်ပွဲတည်းကို ဒီလောက် ဆီအများကြီး သုံးထားတာ.. ဒါ ငါ တစ်လလုံး ချက်စားလို့ရတဲ့ ဆီပမာဏပဲ .. "

​ယန်ဖူကွေ့က နှမြောမိသော်လည်း ပြောလိုက်သည် ။

​" ဒီအသားကို ဒုတိယသားက ရှာလာတာ ဖြစ်တဲ့အတွက် သူ ဘယ်လို စီမံချင်လဲဆိုတာ သူနဲ့ပဲ ဆိုင်တယ် .. ငါတို့ မိသားစုက အမြဲတမ်း မျှတမှုကို အလေးထားတာ မဟုတ်လား .. "

​" အဖေကလည်း.. မဟုတ်က ဟုတ်ကတွေ လျှောက်ပြောမနေပါနဲ့..မြန်မြန် ပန်းကန်တွေထဲ ဟင်းခတ်ပေးပါတော့ .. "

​ယန်ကျီဖန့်က စိတ်မရှည်စွာဖြင့် အတင်းတိုက်တွန်းလိုက်ပြီးနောက် ယန်ကျီဝမ်ကို ဖားသည့်အနေဖြင့် ပြောလိုက်၏ ။

​" ဟီးဟီး.. အစ်ကိုနှစ်..ကျွန်တော့်ကို အသား နှစ်တုံး.. မဟုတ်ဘူး.. တစ်တုံးလောက် ဖြစ်ဖြစ် ပေးပါနော် .. "

​သူ၏ ပုံစံမှာ အလွန်ပင် နှိမ့်ချလွန်းလှသည် ။

​ယခုတစ်ကြိမ်တွင်မူ သူ အာမချောင်ရဲတော့ချေ။ သို့မဟုတ်လျှင် မနေ့ညကကဲ့သို့ ဟင်းရည်ပင် သောက်ရမည်မဟုတ်သည်ကို သူ ကောင်းစွာ သိရှိနေသောကြောင့်ပင် ။

​ယန်ဖူကွေ့က ယန်ကျီဝမ်ကို ကြည့်ကာ ပြောလိုက်သည် ။

​" ဒုတိယသား.. ဒီနေ့လည်း မင်းပဲ ခွဲလိုက် .. "

​" အဖေ.. ကျုပ် သဘောမတူဘူး .. "

​ယန်ကျီချန်းက ချက်ချင်းပင် ကန့်ကွက်လိုက်တော့သည် ။ အကယ်၍ ယန်ကျီဝမ်သာ ခွဲဝေပေးမည်ဆိုပါက မနေ့ညကကဲ့သို့ ဖြစ်လိမ့်မည်မှာ သေချာလှပြီး သူ ဝေစု ရရှိလျှင်ပင် သိပ်များမည်မဟုတ်ပေ ။

​" အဖေက အိမ်ထောင်ဦးစီးပဲ..အဖေကိုယ်တိုင်ပဲ ခွဲပေးသင့်တယ် .. "

​" ဪ .. "

​ယန်ဖူကွေ့သည် သားကြီး၏ အကြံအစည်ကို ကောင်းစွာ ခန့်မှန်းမိသဖြင့် ပြုံး၍ မေးလိုက်သည် ။

​" ဒါဆိုရင် သားကြီး.. မင်းရဲ့ သဘောအရဆိုရင် ဘယ်လို ခွဲရမလဲ .. "

​ယန်ကျီချန်းက အမှန်တရားတစ်ခုကဲ့သို့ ပြောလိုက်လေသည် ။

​" ပုံမှန်အတိုင်းဆိုရင် အလုပ် ပိုလုပ်တဲ့သူက ပိုစားရမှာပေါ့ ..အဖေနဲ့ အမေက ဒီမိသားစုအတွက် ပင်ပင်ပန်းပန်း လုပ်ကိုင်ပေးနေတာ ဖြစ်တဲ့အတွက် အများဆုံး ရသင့်တယ် .. ကျန်တဲ့ အထဲကနေ ကျုပ်က တဝက်စားမယ်..ပြီးတော့ ဒုတိယသားနဲ့ အလုပ်မလုပ်တဲ့သူတွေက တဝက်စားရမယ် .. "

​သူသည် အလုပ်မလုပ်တဲ့သူတွေဆိုသည့် စကားလုံးကို အထူးပင် လေးနက်အောင် ပြောဆိုလိုက်ခြင်း ဖြစ်ပေသည် ။

​သူ၏ ဆိုလိုရင်းမှာ အလုပ်လုပ်သောသူက ပိုစားရပြီး အလုပ်မလုပ်သောသူက လျှော့စားရမည်ဟူ၍ ဖြစ်ချေသည် ။

​" အင်း.. ဒါကလည်း အဓိပ္ပာယ် ရှိတာပဲ .. "

​ယန်ဖူကွေ့က ခေါင်းကို အနည်းငယ် ငြိမ့်လိုက်သည် ။ ယန်ကျီချန်း ဝမ်းသာသွားမည်အပြုတွင် ယန်ဖူကွေ့၏ လေသံက ပြောင်းလဲသွားကာ ပြောလိုက်၏ ။

​" ဒါပေမဲ့ ဒါက ဒီအသားကို ငါ ဒါမှမဟုတ် မင်းက ဝယ်လာတာဆိုတဲ့ ပေါ်မှာပဲ မူတည်ရမယ် .. အခုတော့ ဒီအသားကို ဒုတိယသားက ယူလာတာဖြစ်ပြီး ငါတို့ မိသားစုက တရားမျှတမှုကို အလေးထားတာဖြစ်လို့ ငါလည်း ဒုတိယသားအတွက် ဆုံးဖြတ်ချက် မချပေးနိုင်ဘူး .. "

​" ...... "

ယန်ကျီချန်း တစ်ယောက် ဆွံ့အသွားချေသည် ။ သူ၏ စိတ်ထဲတွင်မူ...

' ဒီအသားကို ငါတစ်ယောက်ထဲ ပိုင်မှတော့ ဘာလို့ အိမ်ကို ​ယူလာမှာလဲ..ငါတစ်ယောက်ထဲပဲ အကုန်စားမှာပေါ့..'

​တစ်ချိန်လုံး စကားမပြောဘဲ နေခဲ့သော ယန်ကျီဝမ်သည် စိတ်ထဲတွင် ခေါင်းကို ခါယမ်းလိုက်မိပြီး အလွန်ပင် စိတ်ပျက်သွားသည် ။

​ဤသည်က စားစရာလေး တစ်ခုမျှသာ ဖြစ်၏။

​အဘယ်ကြောင့် ဤမျှအထိ စကားပလ္လင် ခံနေကြပါသနည်း ။

​အမှန်စင်စစ်တွင်မူ မည်သူမျှ ဘာမှ မပြောဆိုကြပါက သူသည် မိသားစုဝင်အားလုံးကို အတူတကွ စားသောက်ရန် အစီအစဉ်ရှိပြီး ဖြစ်သော်လည်း ယခုအခါတွင်မူ ယန်ကျီချန်းက ထပ်မံ၍ ပြဿနာရှာလာပြန်သည် ။ ဤသည်ကား မိမိကိုယ်မိမိ ဒုက္ခရှာခြင်းမျှသာ ဖြစ်ချေသည် ။

​ထို့ကြောင့် ယန်ကျီဝမ်က သူ၏ ဆန္ဒအတိုင်းသာ လိုက်လျောပေးလိုက်တော့သည် ။

​သူသည် မိဘနှစ်ပါးအတွက် ဟင်းတဝက်ကို ခွဲဝေပေးလိုက်ပြီးနောက် ကလေးအငယ်နှစ်ယောက်အတွက် ကျန်သည့်အထဲမှ တဝက် ခွဲပေးကာ ယန်ကျီဖန်ကိုမူ အသားနှစ်တုံး ပေးလိုက်ပြီး ကျန်ရှိသော အသားများကို သူ့ရှေ့သို့ ဆွဲယူလိုက်တော့သည် ။

​ထို့နောက်တွင်မူ ကလေးအငယ်နှစ်ယောက်ကို လှည့်၍ ပြောလိုက်၏ ။

​" စားကြတော့ .. "

​" ကျေးဇူးတင်ပါတယ် ဒုတိယအစ်ကို .. "

​ကလေးအငယ်နှစ်ယောက်သည် ကျေးဇူးတင်စကား ပြောဆိုပြီးနောက် အစ်ကိုကြီးနှင့် အစ်ကိုသုံးတို့က လုယူသွားမည်ကို စိုးရိမ်သဖြင့် ပါးစပ်ထဲရှိ အသားများကို မြန်မြန်ဆန်ဆန်ပင် ဝါးကြတော့သည် ။

​"ဒုန်း ..."

​ယန်ကျီချန်းက သူ၏ ထမင်းစားတူများကို စားပွဲပေါ်သို့ ရိုက်ချလိုက်ပြီး မျက်နှာတစ်ခုလုံး နီရဲကာ အော်ဟစ်လိုက်တော့သည် ။

​" ယန်ကျီဝမ်... မင်း အထိုးခံချင်နေတာလား .. "

​ဤမြင်ကွင်းကြောင့် ကလေးအငယ်နှစ်ယောက်မှာ ထိတ်လန့်တုန်လှုပ်သွားကြပြီး ပါးစပ်ထဲရှိ အသားများကိုပင် ဆက်၍ မဝါးရဲကြတော့ပေ ။

​ယန်ကျီဖန့်မှာမူ ပြဿနာအတွင်းသို့ ပါဝင်ပတ်သက်မည်ကို စိုးရိမ်သဖြင့် သူ၏ ထမင်းပန်းကန်ကို ကိုင်ဆောင်ကာ ဘေးဘက်သို့ အမြန်ပင် ပြေးထွက်သွားတော့သည် ။

ယခင်က ယန်ကျီဝမ်ဆိုလျှင်မူ ထိတ်လန့်သွားမည်ဖြစ်ပြီး ယန်ကျီချန်းကလည်း ယခင်က ဤသို့ အကြိမ်ကြိမ် ပြုလုပ်ခဲ့ဖူးပေသည် ။

​သို့သော်လည်း ယခုအချိန်ရှိ ယန်ကျီဝမ်ကား ယခင်က ယန်ကျီဝမ် မဟုတ်တော့သည့်အပြင် သူသည် ခွန်အားဆေးလုံးကိုလည်း သုံးထားပြီး ဖြစ်သည် ။

​သူ၏ ခွန်အားနှင့် ခန္ဓာကိုယ် ကြံ့ခိုင်မှုမှာ အလွန်ပင် တိုးတက်လာခဲ့ပြီး ဆေးလုံး၏ အာနိသင်က ရှိနေသေးပုံရကာ သူ၏ ခန္ဓာကိုယ် တည်ဆောက်ပုံမှာ မနေ့ကထက်ပင် ပို၍ သန်မာလာခဲ့သည် ။

​ယန်ကျီဝမ်သည် သူ၏ ထမင်းစားတူများကို အသာချထားလိုက်ပြီးနောက် ဖြည်းဖြည်းချင်း ထရပ်လိုက်ကာ ယန်ကျီချန်း၏ ဘေးမှ ဖြတ်လျှောက်သွားစဉ် အေးစက်စွာ ပြောလိုက်၏ ။

​" အပြင်ထွက်ခဲ့ .. "

​ပြောပြီးသည်နှင့် သူ အပြင်သို့ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားတော့သည် ။

​ယန်ကျီချန်း တွေဝေသွားလေသည်။ စောစောက ယန်ကျီဝမ်၏ အကြည့်များကြောင့် သူ၏ စိတ်ထဲတွင် ကြောက်ရွံ့သွားသော်လည်း အပြင်သို့ ထွက်မသွားပါက သူ့အား လူကြောက်ဟု အခြားသူများက ထင်မြင်ကြမည် ကို မလိုလားပေ။

​" ဟေး.. မင်းတို့အားလုံးက မိသားစုဝင်တွေပဲ..ရန်မဖြစ်ကြနဲ့ .. "

​သားနှစ်ယောက်လုံး ရန်ဖြစ်တော့မည်ကို မြင်သောအခါ ယန်ဖူကွေ့က အခြေအနေကို ထိန်းသိမ်းရန် အမြန် ဝင်ရောက်တားမြစ်လိုက်သည် ။

​ဒုတိယသား၏ အပြောင်းအလဲမှာ အလွန်ပင် ကြီးမားလှပြီး စောစောက သူ၏ မျက်နှာအမူအရာမှာ သားကြီးကို သေချာပေါက် ရိုက်နှက်တော့မည့် ပုံစံမျိုး ဖြစ်ပေသည် ။

​သို့သော် သူသည် ဤခြံဝန်းအတွင်းရှိ တတိယဦးလေး ဖြစ်သဖြင့် သားအချင်းချင်း ရန်ဖြစ်သည့် သတင်းသာ အပြင်သို့ ပျံ့နှံ့သွားပါက သူ၏ သိက္ခာကို ထိခိုက်နိုင်သဖြင့် သေချာပေါက် တားမြစ်ရမည် ။

​ယန်ကျီချန်းက ယန်ဖူကွေ့ စကားပြောသည်ကို ကြားလိုက်မှသာ စိတ်ထဲတွင် သက်ပြင်းချနိုင်တော့သည် ။

​" ဟင်း .. ကျုပ်ကတော့ ဒေါသထွက်လွန်းလို့ ဗိုက်ဝသွားပြီ..ဆက်စားဖို့ စိတ်မပါတော့ဘူး .. "

​ထိုစကားကို ပြောပြီးနောက် ယန်ကျီချန်းသည် သူ၏ အခန်းထဲသို့ ပြန်လည်ဝင်ရောက်သွားတော့သည် ။

​အကယ်၍ သူ ထွက်သွားသည့်အချိန်တွင် ပြောင်းဖူးပေါင်းကိုပါ တစ်ပါတည်း ယူဆောင်မသွားခဲ့ပါက သူ၏ စကားမှာ ပို၍ ယုံကြည်နိုင်စရာ ကောင်းပေလိမ့်မည် ။

​အပြင်ဘက်ရှိ ယန်ကျီဝမ်သည်လည်း အတွင်းမှ လှုပ်ရှားမှုများကို ကြားလိုက်ရပြီး ယန်ကျီချန်း ထွက်ပြေးသွားသည်ကို မြင်မှသာ အခန်းထဲသို့ ပြန်လည်ဝင်ရောက်ကာ ညစာ ဆက်စားလိုက်တော့သည် ။

All Chapters