← Chapters

အခန်း ၁၇-၁၈

Vol. 2 Ch. 17-18

အခန်း ၁၇-၁၈

Vol. 2 Ch. 17-18

Chapter 17+18

~

အခန်း ၁၇+၁၈ : ပိုက်ဆံ ပိုပေးရမယ်

~

​ယန်ကျီဝမ် အပြင်မှ ပြန်လည်ဝင်ရောက်ကာ နေရာတွင် ထိုင်လိုက်ပြီးနောက် ယန်ဖူကွေ့က ပြောလိုက်သည် ။

​" ကြောင်ပြီး ရပ်မနေကြနဲ့..ထမင်းစားကြစို့ .. "

​သူ၏ စိတ်ထဲတွင်လည်း အနည်းငယ် စိတ်ပျက်နေချေသည် ။ ယခင်ကဆိုလျှင် သူကိုယ်တိုင် စားစရာများကို ခွဲဝေပေးလေ့ရှိပြီး မိသားစုဝင်များအားလုံး ပျော်ရွှင်ချမ်းမြေ့စွာ စားသောက်နိုင်ကြသည် ။

​သို့သော်လည်း လွန်ခဲ့သော နှစ်ရက်ခန့်မှစ၍ ထမင်းစားချိန်တိုင်းတွင် ပြဿနာ တစ်ခုမဟုတ်တစ်ခု အမြဲတစေ ပေါ်ပေါက်နေခဲ့၏ ။

​ဤသည်ကား အခြားကြောင့်မဟုတ်ဘဲ သူ၏ ဒုတိယသားကြောင့်သာ ဖြစ်ချေသည် ။

​ယန်ဖူကွေ့အနေဖြင့် လွန်ခဲ့သော နှစ်ရက်အတွင်း သူ၏ ဒုတိယသားတွင် ဖြစ်ပေါ်လာသော အပြောင်းအလဲများမှာ အလွန်ပင် ကြီးမားလှသည်ကို ဝန်ခံရမည် ။

​အသိသာဆုံးက သူသည် ယခင်ကကဲ့သို့ တည်ငြိမ်အေးဆေးသော စရိုက်ကို လုံးဝ ပြောင်းလဲပစ်ခဲ့ပြီး မိမိက စကားတစ်ခွန်း ပြောလိုက်လျှင် သူက ပြန်လည်ပြောဆိုရန် စကားဆယ်ခွန်းခန့် အဆင်သင့် ရှိနေတတ်ခြင်းပင် ။

​ထို့အပြင် ဤကောင်လေးသည် တက်လူတစ်ယောက်ကဲ့သို့ ဖြစ်လာခဲ့ချေသည် ။

​ပထမဆုံးအနေဖြင့် မနေ့က ငါးအမြောက်အမြား ဖမ်းဆီးရမိခဲ့ပြီး ယနေ့တွင်မူ အသားများကိုပင် ယူဆောင်လာနိုင်ခဲ့သည် ။

​သူ့စိတ်ထဲတွင် အနည်းငယ် သံသယဝင်မိသည်မှာ ဟောက်ဟိုင်ရှိ ငါးများမှာ အမှန်တကယ်ပင် ဤမျှအထိ ဖမ်းဆီးရ လွယ်ကူလှသလော ။

​သို့ဆိုလျှင် မိမိကိုယ်တိုင် ယခင်က ငါးမျှားသည့်အခါတိုင်းတွင် လက်ဗလာဖြင့် ပြန်ခဲ့ရသည်မှာ မည်သို့ကြောင့်နည်း ။

​သို့သော်ငြား ထိုသို့မဟုတ်လျှင်လည်း သူ၏ ဒုတိယသားသည် ဤအသားများကို မည်သည့်နေရာမှ ရရှိလာပါမည်နည်း ။

​သူ့တွင် အလုပ်မရှိ၊။ ပိုက်ဆံလည်းမရှိပေ ။

​ခိုးယူလာခြင်းလော ။

​ဤသည်ကား လုံးဝ မဖြစ်နိုင်ချေ၊။ သူသည် ထိုအချက်ကို ရဲရဲကြီး အာမခံရဲပေသည် ။ သူ၏ သားသမီးကို မယုံကြည်လျှင်ပင် သူ၏ သွန်သင်ဆုံးမမှု အရည်အချင်းကို သူ ယုံကြည်သည် ။

​ကျောင်းဆရာတစ်ဦးအနေဖြင့် သူသည် သူခိုးတစ်ယောက်ဖြစ်အောင် လုံးဝ ပျိုးထောင်မိမည်မဟုတ်ချေ ။

​သူ စဥ်းစား၍မရပါက ဆက်၍ စဥ်းစားမနေတော့ပေ ။ အနည်းဆုံးတော့ သူ၏ ဒုတိယသားသည် အမှန်တကယ်ပင် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်စွမ်း ရှိလာခဲ့လျှင် ထိုသည်ကား သူ့အတွက် ကောင်းမွန်သောအချက်ပင် ဖြစ်ချေသည် ။

​ယန်ဖူကွေ့သည် သူ၏ စိတ်ထဲတွင် တွေးနေမိ၏ ။

​သူ၏ ဒုတိယသားသည် လွန်ခဲ့သော နှစ်ရက်အတွင်း ပြုမူပုံများအရ အလွန်ပင် မိဘအပေါ် သိတတ်တတ်ပြီး ကောင်းသော စားစရာများကို မိဘများအတွက် အမြဲ ဦးစားပေးတတ်သည် ။

​ယန်ကျီဝမ်သည် အမှန်တကယ်ပင် သူကိုယ်တိုင် ဂရုတစိုက် ပျိုးထောင်ခဲ့ရသော သားသမီးကောင်းတစ်ဦး ဖြစ်ချေသည် ။

​သို့သော်လည်း ယခုအခါတွင် သူ၏ ဒုတိယသားသည် ပညာဆက်လက်မသင်ကြားတော့ဘဲ ပိုက်ဆံရှာနိုင်ပြီဖြစ်ရာ အိမ်ရှိ စားစရိတ်နှင့် နေထိုင်စရိတ်များကိုမူ သေချာပေါက် ကင်းလွတ်ခွင့်ပေး၍ မရနိုင်တော့ ။

​သားသမီးများ အရွယ်ရောက်လာသည့်အခါ မိသားစု၏ ဝန်ထုပ်ဝန်ပိုးကို ဝိုင်းဝန်းကူညီ ထမ်းရွက်ပေးရန်မှာ မရှိမဖြစ် လိုအပ်သောအရာပင် ဖြစ်သည် ။

​မည်သို့ပင်ဆိုစေကာမူ သူတစ်ဦးတည်း ပင်ပန်းကြီးစွာ အလုပ်လုပ်ကိုင်၍ ဤမျှအထိ ကြီးမားလှသော မိသားစုကြီးကို လုပ်ကျွေးစောင့်ရှောက်ရသည်မှာ မလွယ်ကူပေ။

​" အဘိုးကြီးယန်.. အိမ်မှာ ရှိလား .. ကျုပ် ခင်ဗျားကို ပြောစရာ ရှိလို့..ခဏလောက် ထွက်ခဲ့ပါဦး .. "

​ယန်ဖူကွေ့သည် ဒုတိယသား၏ မိဘအပေါ် သိတတ်မှု ကို စတင်ခံစား စားသောက်မည်အပြုတွင် တံခါးဝဆီမှ ယီကျုံးဟိုင်၏ အသံကြီး ထွက်ပေါ်လာတော့သည် ။

​' ဟူး ..'

​ယန်ဖူကွေ့သည် သူ၏ ထမင်းစားတူများကို ချထားလိုက်ပြီးနောက် ထရပ်ကာ အပြင်သို့ ထွက်လာသည် ။

​'ငါ့အတွက် ထမင်းကောင်းကောင်းတစ်နပ် စားရတာ ဘာလို့ ဒီလောက် ခက်နေရတာလဲ..'

​" အဘိုးကြီးယီ. ဘာကိစ္စရှိလို့လဲ .. ကျုပ်တို့ ထမင်းစားနေကြတာဗျ .. "

​ယန်ဖူကွေ့၏ လေသံမှာ အနည်းငယ် မာနေပြီး သူ၏ စိတ်အခြေအနေ မကောင်းမွန်ကြောင်းကို ပြသနေပေသည် ။

​ဤသည်ကား သဘာဝကျလှသည် ။ ပုံမှန်အတိုင်းဆိုလျှင် ထမင်းစားချိန်၌ အခြားသူများ၏ အိမ်သို့ သွားရောက်လည်ပတ်ခြင်း သည်က ရိုင်းပျသောအပြုအမူ ဖြစ်၏ ။

​ယခုအချိန်သည် ငတ်မွတ်ခေါင်းပါးသော နှစ်ကာလများ မဟုတ်သေးသော်လည်း မိသားစုအများစုတွင် စားနပ်ရိက္ခာ ပိုလျှံခြင်းမရှိကြချေ ။

​အကယ်၍ သင်သည် အခြားသူများ၏ အိမ်သို့ ထမင်းစားချိန်တွင် သွားရောက်လည်ပတ်ပါက အိမ်ရှင်များက သင့်ကို အိမ်ထဲသို့ ဖိတ်ခေါ်ရမည်လော သို့မဟုတ် မောင်းထုတ်ရမည်လော ။

​မောင်းထုတ်လိုက်ပါက ရိုင်းပျရာရောက်ပြီး အိမ်ထဲသို့ ဖိတ်ခေါ်ပြန်လျှင်လည်း အပိုစားစရာရိက္ခာ မရှိကြချေ ။

​ထို့ကြောင့် များသောအားဖြင့် လူများသည် အခြားသူများ၏ အိမ်သို့ ထမင်းစားချိန်တွင် သွားရောက်လည်ပတ်လေ့ မရှိကြ။

​ယန်ကျီဝမ်ကလည်း တံခါးဝဘက်သို့ ခေါင်းမော့ကြည့်လိုက်သည် ။

​ သက်လတ်ပိုင်း အရွယ်၊ ကတုံးဆံပင်ကေ၊ မျက်ခုံးမွှေး ထူထူနှင့် မျက်လုံးကြီးကြီးများရှိကာ အလွန်ပင် ဖြောင့်မတ်မှန်ကန်ပုံရသော လူလတ်ပိုင်း အမျိုးသားတစ်ဦးကို သူ တွေ့လိုက်ရ၏။ ဤသူကား ခြံဝန်းအတွင်းရှိ ပထမဦးလေး ဖြစ်သူ ယီကျုံးဟိုင်ပင် ဖြစ်ချေသည် ။

​သူ၏ ယခင်ဘဝတွင်မူ နီတီဇင်များစွာက ယီကျုံးဟိုင်ကို ကိုယ်ကျင့်တရား နတ်ဘုရားဟု နာမည်ပြောင်ဖြင့် ခေါ်ဝေါ်လေ့ရှိကြပြီး အခြားသူများကို အနိုင်ကျင့်ရန် ကိုယ်ကျင့်တရားသုံးတတ်သော နေရာတွင် အထူးကျွမ်းကျင်သူ ဖြစ်သည် ။

​ယန်ကျီဝမ်အနေဖြင့် ဤလောကသို့ ကူးပြောင်းလာပြီးနောက် ယီကျုံးဟိုင်ကို ပထမဆုံးအကြိမ် မြင်တွေ့လိုက်ရခြင်းပင်။

​ဖြောင့်မတ်မှန်ကန်သော မျက်နှာအမူအရာရှိပြီး သံမဏိစက်ရုံတွင် အဆင့် ၇ ရှိသော ဖစ်တာသမားတစ်ဦး ဖြစ်သော်လည်း ဤကဲ့သို့သော ရုပ်ရည်သွင်ပြင်၏ နောက်ကွယ်တွင် သူ၏ စိတ်ကူးအကြံအစည်များမှာ ဤမျှအထိ ရှုပ်ထွေးလှလိမ့်မည်ဟု မည်သူက ထင်မိပါမည်နည်း ။

​သို့သော်လည်း သူ့တွင်လည်း ခံရခက်သော ဒုက္ခတစ်ခု ရှိနေပြန်သည်။ ထိုသည်ကား သားသမီး မျိုးဆက်မရှိခြင်းပင် ။

​စဉ်းစားကြည့်လျှင် သူသည် သံမဏိစက်ရုံတွင် ဂုဏ်သရေရှိ ကျွမ်းကျင်လုပ်သား အဆင့် ၇ ဖစ်တာသမားတစ်ဦးဖြစ်ပြီး ဤခေတ်ကာလတွင် တစ်လလျှင် လစာငွေ ယွမ် ၁၀၀ နီးပါး ရရှိသဖြင့် ပိုက်ဆံများကို သုံး၍ပင် မကုန်နိုင်ဟု ဆိုရပေမည် ။

​သို့သော် ဤခေတ်ကာလတွင် သားသမီး မျိုးဆက်မရှိခြင်းမှာ မြုံခြင်းကို ဆိုလိုပြီး အခြားသူများ၏ အထင်သေးခြင်းကို ခံရသည့်အပြင် သေဆုံးသွားသည့်အခါ၌ပင် သူ့အတွက် နာရေးကိစ္စများကို လုပ်ဆောင်ပေးမည့်သူ မရှိ ။

​ထို့ကြောင့် သူအိုမင်းလာသောအခါ ပြုစုစောင့်ရှောက်မည့်သူ ရှိစေရန်မှာ သူ၏ အကြီးမားဆုံးသော သောက ဖြစ်လာခဲ့ပြီး သူ၏ စိတ်ကူးစိတ်သန်း အားလုံးမှာ ဤအရာပေါ်၌သာ စုစည်းနေတော့သည် ။

​ကျားဒုံရွှီကား သူ၏ အိုဇာတာအတွက် သတ်မှတ်ထားသော ပြုစုစောင့်ရှောက်မည့်သူ ဖြစ်သည် ။ ဤခေတ်ကာလတွင် တပည့်တစ်ဦးဟူသည်မှာ သားတစ်ဝက်ကဲ့သို့ ဖြစ်သဖြင့် ကျားဒုံရွှီတွင် သူ့ကို လုပ်ကျွေးပြုစုရန် တာဝန် ဝတ္တရား ရှိပေသည် ။

​သို့ရာတွင် စိတ်မကောင်းစရာမှာ ယီကျုံးဟိုင်သည် အလွန်ပင် အတွက်အချက် နက်နဲသော လူတစ်ဦး ဖြစ်နေချင်းပင် ။

​သူသည် ကျားဒုံရွှီက ကတိကဝတ်ကို ဖောက်ဖျက်မည်ကို စိုးရိမ်သဖြင့် သူ၏ ဦးလေးအရှိန်အဝါကို အသုံးပြုကာ ခြံဝန်းအတွင်းရှိ လူငယ်လူရွယ်များအတွက် လူကြီးသူမကို ရိုသေလေးစားရမည်ဆိုသည့် စံနမူနာကို ပြသနေခဲ့၏ ။

​သို့သော် အမှန်စင်စစ်တွင်မူ ထိုအရာအားလုံးမှာ ကျားဒုံရွှီ မြင်တွေ့စေရန်အတွက်သာ ဖြစ်သည် ။

​ထို့ကြောင့် သူသည် ယန်ဖူကွေ့မှာ ကပ်စေးနဲပြီး ကိုင်တွယ်ရခက်ခဲသော လူတစ်ဦးဖြစ်ကြောင်း သိသော်လည်း ယန်ဖူကွေ့ထံသို့ ကိုယ်တိုင်လာရောက်ကာ အကြောင်းပြချက်ပေးရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ ။

​မည်သို့ပင်ဆိုစေကာမူ ဤကဲ့သို့သော ကိစ္စရပ်မျိုးကို လုံးဝ စံနမူနာ အဖြစ်မခံနိုင်ချေ ။ အကယ်၍ နောင်တစ်ချိန်တွင် အားလုံးက ယန်မိသားစု၏ လုပ်ရပ်အတိုင်း လိုက်လံလုပ်ဆောင်လာကြပါက သူသည် ဤခြံဝန်းအတွင်း၌ လူကြီးသူမကို ရိုသေလေးစားရမည် ဆိုသည့် ရိုးရာဓလေ့ကို မည်ကဲ့သို့ ဆက်လက်တည်ဆောက်နိုင်ပါတော့မည်နည်း ။

​" ကျုပ် စကားနည်းနည်းလောက် ပြောပြီးရင် ပြန်မှာပါ .. "

​ယီကျုံးဟိုင်က အရင်ဆုံး အခန်းတွင်းသို့ လှည့်ပတ်ကြည့်ရှုလိုက်ပြီးနောက် မေးလိုက်သည် ။

​" အဘိုးကြီးယန်.. ခင်ဗျားတို့မိသားစု ဒီနေ့ည အသားချက်စားတာလား .. "

​ထိုသည်ကို ကြားလိုက်ရသောအခါ ယန်ဖူကွေ့ စိတ်ထဲတွင် တွေးလိုက်မိ၏ ။

'မင်းက သိသိကြီးနဲ့ လာမေးနေတာ မလား..'

​သူသည် ယီကျုံးဟိုင်၏ အပြုအမူများကို မြင်တွေ့ခဲ့ရသဖြင့် ဤသည်ကား မလိုအပ်သောအရာဖြစ်ကြောင်း သေချာပေါက် သိရှိနေသည် ။

​သို့သော်လည်း သူ ပြောလိုက်၏ ။

​" ဟုတ်ပါတယ်.. ကျုပ်ရဲ့ ဒုတိယသားက ကံကောင်းလို့ ဟောက်ဟိုင်ကန်မှာ ငါးအများကြီး ဖမ်းမိခဲ့ပြီး အတူတူ ငါးမျှားတဲ့ ရဲဘော်တစ်ယောက်နဲ့ အသားလက်မှတ်လဲလှယ်တာလေ ..ကျုပ်တို့ မိသားစု အသားမစားရတာ ကြာပြီဆိုတော့ သူက ကျုပ်တို့ မိဘတွေကို ကောင်းကောင်း စားစေချင်လို့တဲ့ .. "

​ယီကျုံးဟိုင်သည် ဤသည်ကို ကြားလိုက်ရသောအခါ ခဏတာ မှင်သက်သွားပြီးနောက် သူ၏ ဆိုလိုရင်းကို ချက်ချင်းပင် နားလည်သွားတော့သည် ။

​ဤမြေခွေးအိုကြီးသည် သူ၏ မိသားစုရှိ အသားများ ရရှိရာအရင်းအမြစ်ကို ရှင်းပြနေခြင်းပင် ။

' ငါ့ကိုများ ကလေးတစ်ယောက်ကို တိုင်ကြားမယ်လို့ ထင်နေတာလားဟ..ငါအဲ့လောက်အထိ အရေမထူပါဘူး.. '

​

​သို့သော်လည်း ယန်ကျီဝမ်က မိဘအပေါ် သိတတ်သည်ဟု ပြောသည်ကို ကြားရသောအခါ ယီကျုံးဟိုင်၏ စိတ်ထဲတွင် အလွန်ပင် ခံရခက်သွားသည် ။

​ သူ့တွင် သားသမီး မျိုးဆက်မရှိ ။ ကျားဒုံရွှီသည်လည်း သိတက်သောအားဖြင့် ပစ္စည်းအချို့ ဝယ်ယူပေးခဲ့ဖူးသော်လည်း ထိုသည်ကား လွန်ခဲ့သော နှစ်ပေါင်းများစွာက ဖြစ်ခဲ့ဖူးကြောင်း သူ ဝေဝေဝါးဝါးသာ မှတ်မိနေသည် ။

​သူ မှတ်မိသလောက်ဆိုလျှင် ကျားဒုံရွှီသည် သူ့ကို အရက်တစ်ပုလင်း ဝယ်ပေးခဲ့ဖူးရာ ထိုအချိန်တွင် သူ အလွန်ပင် ပျော်ရွှင်သွားခဲ့သဖြင့် ကျားဒုံရွှီကို ဂျုံမှုန့်ဖြူ နှစ်ကတ်တီသာမက ငွေနှစ်ယွမ်ကိုပါ ပြန်လည်ပေးအပ်ခဲ့ဖူးသည် ။

​ကျားဒုံရွှီသည် သူ့ကို လုပ်ကျွေးပြုစုခြင်း မရှိသည်မှာ အချိန်အတော်ကြာလေပြီ ။

သို့သော် သူ နားလည်ပေးနိုင်သည်။ ကျားမိသားစုတွင် အလုပ်လုပ်ကိုင်သူ တစ်ဦးတည်းသာရှိပြီး မိသားစုကြီးတစ်ခုလုံးကို ထောက်ပံ့နေရသဖြင့် သူတို့၏ ကိုယ်ပိုင်ဘဝကို ကောင်းမွန်အောင် ဖြတ်သန်းနိုင်ရန်ပင် အလွန်ခက်ခဲလှသည် မဟုတ်ပါလော ။

​သို့သော်လည်း နားလည်ပေးနိုင်စေကာမူ စိတ်ထဲတွင်တော့ မနာလို ဝန်တိုစိတ် ဖြစ်ပေါ်နေမိဆဲပင် ။

​" အင်း.. ကျုပ် ယန်ကျီဝမ်ကို ငယ်ငယ်ကတည်းက သိခဲ့တာ.. သူက မိဘအပေါ် သိတတ်တဲ့ ကလေးတစ်ယောက်ပါ.. တကယ်ကို ကောင်းတယ် .. "

​ယီကျုံးဟိုင်က အပေါ်ယံ ချီးကျူးစကား ပြောလိုက်ပြီးနောက် ထပ်ပြောလိုက်သည် ။

​" အဘိုးကြီးယန်.. အမှန်အတိုင်း ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ကျုပ် ဒီကိုလာတာ ဒီအသားကိစ္စအတွက်ပါပဲ .. နားမကြားတဲ့ အဘွားကြီး အသားမစားရတာ ကြာပြီဖြစ်တဲ့အပြင် စောစောက ခင်ဗျားတို့အိမ်က ဟင်းနံ့ကို ရပြီးတော့ အသားစားချင်တယ်ဆိုပြီး ဂျီကျနေလို့ဗျာ .. ခင်ဗျားလည်း သိတဲ့အတိုင်း လူတွေ အသက်ကြီးလာရင် ကလေးတွေလိုပဲ ဖြစ်သွားတတ်ကြတာ မဟုတ်လား .. "

​" ဒါပေမဲ့ ဒီလိုအချိန်မျိုးမှာ ကျုပ် အသားကို ဘယ်မှာ သွားရှာရပါ့မလဲ .. ဒါကြောင့် ခင်ဗျားဆီကနေ အသားနည်းနည်းလောက် ခွဲပေးနိုင်မလားလို့ လာမေးတာပါ .. အခြေအနေကတော့ ဒါပါပဲ..အဘိုးကြီးယန်.. ခင်ဗျား ဘယ်လိုထင်လဲ .. "

​သူ စကားပြောပြီးသောအခါ ယီကျုံးဟိုင်၏ မျက်နှာ အနည်းငယ် နီရဲသွား၏ ။ ထမင်းစားချိန်တွင် အခြားသူများထံ လာရောက်ကာ အသားတောင်းခြင်းမှာ သူ၏ သိက္ခာကို ထိခိုက်စေသည်ဟု ခံစားရသောကြောင့်ပင် ။

​သို့သော်လည်း သူ သေချာပေါက် လာရမည် ဖြစ်သည် ။

​အကယ်၍ အခြားသူသာဆိုလျှင်မူ နားမကြားသော အဘွားအိုအတွက်ဟု ပြောလိုက်ရုံဖြင့် မပေးဘဲ မနေရဲကြချေ ။

​သို့သော် ဤခြံဝန်းအတွင်း၌ ယန်ဖူကွေ့သည် သူ၏ စိတ်ကူးအကြံအစည်များကို ကောင်းစွာ အကဲခတ်မိသော လူနည်းစုထဲမှ တစ်ဦးဖြစ်သဖြင့် သူသည် အလွန်အကျွံ မတောင်းဆိုရဲချေ ။

​ထို့အပြင် ယန်ဖူကွေ့ကို ကိုင်တွယ်ရသည်မှာ လွယ်ကူလှပြီး အကျိုးအမြတ် အနည်းငယ် ပေးလိုက်ရုံဖြင့် အတူ ပူးပေါင်းဆောင်ရွက်လိုစိတ် ရှိပေသည် ။

​သူသည် နောင်တစ်ချိန်တွင်လည်း ယန်ဖူကွေ့ကို လိုအပ်ဦးမည်ဖြစ်ရာ စိတ်ဆိုးအောင် လုပ်ရန်မသင့်လျော်ချေ ။

​ယန်ဖူကွေ့သည်လည်း ယီကျုံးဟိုင်၏ အကြံအစည်ကို အစကတည်းက ကောင်းစွာ ခန့်မှန်းမိသဖြင့် စိတ်ထဲတွင် အထင်သေးသွားသည် ။

​'အသားစားချင်တယ်ဆိုပြီး ဂျီကျနေတယ် ဟုတ်လား ..'

​'ဘယ်လို မိသားစုမျိုးလဲ ..မင်းကိုယ်မင်း ပန့်ကန့်လို့ ထင်နေတာလား ..'

​'ငါ့ရဲ့ ဒုတိယသားက ပထမဆုံးအကြိမ် မိဘကို လုပ်ကျွေးတာကို မင်းက လာပြီး အသားတောင်းနေတယ် ဟုတ်လား ..မင်း အိပ်မက်မက်နေတာ ဖြစ်ရမယ် ..'

​'ဒါပေမဲ့... မင်း ငွေအပိုပေးရင်တော့ တစ်မျိုးပေါ့ ..'

​ယန်ဖူကွေ့က အခက်တွေ့နေသော အမူအရာဖြင့်...

​" အဘိုးကြီးယီ.. ပုံမှန်အတိုင်းဆိုရင်တော့ နားမကြားတဲ့ အဘွားက ဒီခြံဝန်းရဲ့ အကြီးအကဲဖြစ်ပြီး သူ့ကို လုပ်ကျွေးပြုစုရတာ ပြဿနာမရှိပါဘူး.. ဒါပေမဲ့ ခင်ဗျားလာတာ အရမ်းနောက်ကျသွားပြီဗျာ..အသားတွေကို အကုန် စားပစ်လိုက်ကြပြီ .. "

​ယီကျုံးဟိုင်က အခန်းတွင်းသို့ လှည့်ကြည့်လိုက်သည် ။သူ၏ ဆိုလိုရင်းမှာ ထင်ရှားလှပေသည် ။

​ယန်ဖူကွေ့က မျက်နှာမပျက်ဘဲ ပြောလိုက်၏ ။

​" ဒါက ကျုပ်ရဲ့ ဒုတိယသားက ကျုပ်ကို လုပ်ကျွေးတာဖြစ်ပြီး ..ဒါက သူ့ရဲ့ မိဘအပေါ် သိတတ်မှု ဖြစ်တဲ့အတွက် ကျုပ်အနေနဲ့ ကလေးရဲ့ စိတ်ကို အားမငယ်စေချင်ဘူး .. "

​ယီကျုံးဟိုင်က ပြုံးလိုက်ပြီး သူ၏ လက်ကို ဆန့်ထုတ်ကာ ပြောလိုက်သည် ။

​" ကျုပ် ၅ မောင်း ပေးမယ် .. "

​ယန်ဖူကွေ့က တုံ့ဆိုင်းစွာဖြင့် ပြော၏ ။

​" ဒါက ပိုက်ဆံကိစ္စ မဟုတ်ပါဘူးဗျာ..အဓိကက ကလေးရဲ့ မိဘအပေါ် သိတတ်တဲ့ စိတ်က တန်ဖိုးဖြတ်လို့မရဘူး လေ .. "

​" ၁ ယွမ် .. "

​" ဟီးဟီး.. ကျုပ် အခုပဲ အသား သွားယူပေးပါ့မယ် .. "

​ယန်ဖူကွေ့သည် ယီကျုံးဟိုင်က သူ၏ ကမ်းလှမ်းချက်ကို ဖောက်ဖျက်မည် စိုးရိမ်သကဲ့သို့ အခန်းထဲသို့ အမြန်ပင် ဝင်ရောက်ကာ အသားများကို ယူဆောင်လာခဲ့သည် ။ သူက ဟင်းပန်းကန်ကို ယီကျုံးဟိုင်၏ လက်ထဲသို့ ထိုး ထည့်ပေးလိုက်ရင်း ပြောလိုက်၏ ။

​" အဘိုးကြီးယီ.. ခင်ဗျားလည်း ကျုပ်အကြောင်း သိပါတယ်..အမှန်တော့ ပိုက်ဆံက အရေးမကြီးပါဘူး .. ကျုပ်က လူကြီးသူမကို ရိုသေလေးစားတာက ကောင်းမွန်တဲ့ ကိုယ်ကျင့်တရားတစ်ခုလို့ ထင်လို့ပါ .. ကောင်းတဲ့စားစရာရှိရင် နားမကြားတဲ့ အဘွားအိုကို ကျွေးရတာက သဘာဝကျပါတယ် .. ပူနေတုန်းလေး အဘွားကြီးဆီကို မြန်မြန် သွားပေးလိုက်ပါအုံး .."

​" ကျုပ် သွားတော့မယ်.. ပိုက်ဆံကိုတော့ နောက်မှ ပေးမယ် .. "

​ယီကျုံးဟိုင်က စိတ်ထဲတွင် မျက်လုံးကို လှန်လိုက်ပြီး ထွက်ခွာသွားတော့သည် ။ ထိုစကားများကို အရူးတစ်ယောက်သာ ယုံပေလိမ့်မည် ။

All Chapters