အခန်း ၂၁-၂၂
Vol. 3 Ch. 21-22
Chapter 21+22
~
အခန်း ၂၁+၂၂ : စနစ်က ပေးတဲ့ ပစ္စည်းတွေက ကွာလတီအကောင်းဆုံးပဲ...
~
နောက်တစ်နေ့တွင်...
ယန်ကျီဝမ်သည် အိမ်ထဲ၌ တစ်နာရီနီးပါးခန့် မွှေနှောက်ရှာဖွေပြီးနောက် နောက်ဆုံးတွင် ငါးစာပြုလုပ်နည်းအတွက် လိုအပ်သော ပစ္စည်းများကို အတော်အသင့် စုံလင်အောင် စုဆောင်းနိုင်ခဲ့သည်။
ပြီးပြည့်စုံသည့်အဆင့်ထိ မရောက်သေးသော်လည်း ပြောင်းဖူးမှုန့်သက်သက် ကြဲသည်ထက်စာလျှင် များစွာပိုကောင်းပေ၏။
ထို့နောက် သူနှင့်အတူ ငါးမျှားလိုက်ချင်ကြသည့် အမြီးတိုလေးနှစ်ခုကို နို့သကြားလုံး နှစ်လုံးပေးကာ ဖျောင်းဖျပြီးမှသာ ငါးမျှားတံနှင့် ရေပုံးကို ထမ်း၍ ဟောက်ဟိုင်ဘက်သို့ လျှောက်လာခဲ့သည်။
မိနစ်လေးဆယ်နီးပါးခန့် ခြေကျင်လျှောက်ပြီးနောက် နောက်ဆုံးတွင် ဟောက်ဟိုင်ကန်သို့ ရောက်ရှိလာခဲ့သည်။
သူသာ ခွန်အားဆေးလုံးကို သောက်မထားပါက ဤမျှသော ခရီးကို လျှောက်နိုင်မည်မဟုတ်ချေ ။
ထို့အပြင် ဤကဲ့သို့ နေ့တိုင်း အသွားအပြန် လျှောက်နေရမည်ဆိုပါက မော၍မသေလျှင်ပင် စိတ်ပျက်၍ ရူးသွားနိုင်သည်။
ထို့ကြောင့် ယန်ကျီဝမ်က စက်ဘီးတစ်စီး လိုချင်နေမိ၏။
သို့သော် ငွေတစ်စက သူရဲကောင်းတစ်ယောက်ကို ဒူးထောက်စေနိုင်သည် ဆိုသော ဆိုရိုးစကားအတိုင်းပင် သူ၏အိတ်ကပ်ထဲတွင် ငါးမျှားတံဝယ်ပြီးနောက် ဗလာသာ ကျန်ရစ်တော့သည်။ ကြားသိရသလောက်ဆိုလျှင် စက်ဘီးတစ်စီးသည် အနည်းဆုံး ၁၅၀ ယွမ်အထက်တွင် ရှိသဖြင့် စက်ဘီးဝယ်နိုင်ရန်အတွက် အတော်ကြာအောင် ပိုက်ဆံစုရဦးပေမည်။
မှန်ပေသည်။သူ့တွင် အခြားနည်းလမ်းတစ်ခုလည်း ရှိသေး၏။
ထိုသည်က ခိုဈေး(မှောင်ခိုစျေး)သို့ သွားရန်ပင်။ ယခုအခါ သူ့တွင် စနစ်မှရသော အမှတ်တစ်ရာနီးပါး ရှိနေသေးသဖြင့် စနစ်အရောင်းဆိုင်ထဲမှ ပစ္စည်းများကို လဲလှယ်ကာ မှောင်ခိုဈေးတွင် သွားရောက်ရောင်းချပါက ငွေရှာရန်မှာ ဘာမျှမခက်ခဲသော်လည်း အန္တရာယ်တော့ ရှိနိုင်သည်။
သို့သော်လည်း သူ အကြောင်းရင်းမရှိဘဲ ရုတ်တရက် စက်ဘီးဝယ်နိုင်လောက်အောင် ငွေကြေးချမ်းသာသွားပါက အိမ်ရှိ မိဘများကိုပင် ရှင်းပြရန် လွယ်ကူမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူ့တွင် အလုပ်အကိုင်မရှိသောကြောင့် ဖြစ်သည်။
ထို့အပြင် ဝင်းထဲရှိ သားရဲများကိုလည်း သတိထားရဦးမည်ဖြစ်ရာ သူတို့က မနာလိုဝန်တိုဖြစ်ပြီး အမည်မဖော်ဘဲ တိုင်ကြားစာ ပို့လိမ့်မည်မဟုတ်ဟု ဘယ်သူမှမပြောနိုင်ပေ။
ယန်ကျီဝမ်သည် ပြဿနာတက်ရမည်ကို ကြောက်တတ်သူဖြစ်သဖြင့် ဤအကြံကို ယာယီအားဖြင့် ဘေးဖယ်ထားလိုက်သည်။
ငါးမျှားပြီး ပိုက်ဆံအလုံအလောက် စုမိမှသာ ဝယ်ယူခြင်းက ပိုကောင်းပေလိမ့်မည်။အဘယ်ကြောင့်ဆိုသော် ငါးရောင်းရငွေများသည် အထောက်အထား ခိုင်လုံစွာ ရှိနေသဖြင့် တိုင်ကြားခံရမည်ကို စိုးရိမ်စရာမလိုသောကြောင့် ဖြစ်သည်။
ထို့ကြောင့် ရှေ့လျှောက် အတော်ကြာအောင်တော့ ခြေကျင်သာ ဆက်လျှောက်ရဦးမည်။
ယန်ကျီဝင်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ မနေ့ကအတိုင်းပင် ယနေ့လည်း လူသိပ်မရှိချေ။
သို့သော် သူ မနေ့က ငါးမျှားသော နေရာလေးကိုမူ လူတစ်ယောက်က ဦးထားသည်။၊ ထိုသူက တခြားသူမဟုတ်။ မနေ့ကမှ စတင်သိကျွမ်းခဲ့သည့် အဘိုးကြီးဝမ်ပင်။
ဤအဘိုးကြီးက အသက်ကြီးသော်လည်း လူကြီးလူကောင်းမဆန်ဘဲ သူမျက်စိကျထားသည့် နေရာကို ဦးအောင် လာလုထားလေသည်။
ယန်ကျီဝမ်သည် သူ၏ငါးမျှားပစ္စည်းများကို သယ်ဆောင်ကာ ထိုနေရာသို့ လျှောက်သွားပြီး တစ်ဖက်လူ၏ ပုံးထဲသို့ ငုံ့ကြည့်ရင်း ပြောလိုက်သည်။
" အဘိုးကြီးဝမ် .. ဒီနေ့ ကံကောင်းနေပါလား.."
အဘိုးကြီးဝမ်သည် ရေပြင်ကို အာရုံစိုက်၍ ကြည့်နေစဉ် ယန်ကျီဝမ်၏ ရုတ်တရက် အော်သံကြောင့် လန့်ဖျပ်သွားပြီး မကျေမနပ်ဖြင့် ..
"အကောင်ပေါက်လေး ..လာရင်လည်း လာပေါ့..ငါ့လို အဘိုးကြီးကို ဘာလို့ လန့်အောင်လုပ်ရတာလဲ..လန့်ပြီး တစ်ခုခုဖြစ်သွားရင် မင်း လျော်နိုင်လို့လား.."
"ဟမ့် ..အဘိုးကလည်း သတ္တိနည်းလိုက်တာ.."
ယန်ကျီဝမ်က နှာခေါင်းရှုံ့ပြီး ရွှတ်နောက်နောက်ဖြင့် ဆက်ပြောသည်။
"ကျွန်တော် အဘိုးကို ဘာမှမပြောရသေးဘူးနော်.. ကျွန်တော် မလာသေးခင် ကျွန်တော့်ရဲ့ ရတနာနေရာကို ဦးထားတယ်.."
"ဟေး အကောင်ပေါက်လေး ..လူကို စွပ်စွပ်စွဲစွဲနဲ့ ..ဒီဟောက်ဟိုင်က မင်းပိုင်တာမှ မဟုတ်တာ..အရင်လာတဲ့သူက အရင်ရမှာပေါ့.. ဒါ မင်းပြောခဲ့တဲ့ စကား ပဲလေ.."
ယန်ကျီဝမ်က နှုတ်ခမ်းကို မဲ့လိုက်မိသည်။ ဤအဘိုးကြီးက အတုယူသည်မှာ မြန်လွန်းလှ၏။
ထို့နောက် သူ မနေ့က အဘိုးကြီးဝမ် ထိုင်ခဲ့သည့် နေရာတွင် နေရာယူလိုက်ပြီး အိတ်ထဲမှ အထူးစပ်ထားသော ငါးစာများကို ယူကာ လုံးပြီး ရေထဲသို့ ကြဲချ၍ ငါးစာကျွေးကာ မြှူလိုက်သည်။
အဘိုးကြီးဝမ်က မကျေမနပ်ဖြင့် အော်တော့သည်။
"ကောင်စုတ်လေး..မင်းကြောင့် ငါ့ဘက်က ငါးတွေ လန့်ပြေးကုန်တော့မယ်.. ငါက ဒီနေ့ ပိုက်ဆံအများကြီး အကုန်ခံပြီး ငါးစာကျွေးထားရတာကွ.."
ယန်ကျီဝမ် သဘောပေါက်သွားသည်။
'ဒါကြောင့်မို့လို့ ဒီအဘိုးကြီး ဒီနေ့ ငါးတစ်ကောင်မှ မရဘဲ လက်ဗလာနဲ့ ပြန်ရမယ့်ဘေးက လွတ်နေတာကိုး..'
ယန်ကျီဝမ်က အထင်သေးဟန်ဖြင့်...
"ပြောင်းဖူးမှုန့် နည်းနည်းပါးပါးကိုများ အကုန်အကျများတယ်လေး ဘာလေးနဲ့.. ငါးမရရင်တော့ တက်သွားနိုင်တယ် .."
"ကောင်စုတ်လေး.. မင်း ပြောတော့ လွယ်တာပေါ့ကွ.. ငါက ငါ့အဘွားကြီးကို ကတိပေးပြီးထွက်လာတာ..အလေးချိန်တူတဲ့ ငါး ပြန်သယ်မသွားနိုင်ရင် ဒီည ထမင်းငတ်မှာဟ..မင်း ငါ့ကို လာလာမဖျက်ဆီးနဲ့..."
အဘိုးကြီးဝမ်က ညည်းညူလိုက်သည်။
ယန်ကျီဝမ်က ရယ်လိုက်ပြီး...
"ဟားဟား..ကျွန်တော် ပြောသားပဲ ... အဘိုးကလည်း မစွမ်းပါဘူး.. မိန်းမ နိုင်တာကို ခံနေရတယ်ဆိုတော့ ကြောက်တတ်တဲ့ မယကတစ်ယောက်ပဲ .."
"ကောင်စုတ်လေး..မင်း ဘာသိလို့လဲ..."
အဘိုးကြီးဝမ်က ဒေါသတကြီးဖြင့် ပြန်အော်သည်။
" အဲဒါကို ချစ်တာလို့ ခေါ်တယ်ကွ ချစ်တာ.. ကြောက်တာ မဟုတ်ဘူး..တော်ပါပြီ..ငါ မင်းလို ကလေးစုတ်နဲ့ ဒါတွေ လျှောက်ပြောနေလို့ ဘာလုပ်မှာလဲ..ဘာပဲဖြစ်ဖြစ် မင်း နားလည်မှာ မဟုတ်ဘူး.."
"အဘိုးကြီး.. ဘယ်သူ့ကို အထင်သေးနေတာလဲ..ကျွန်တော် ဒီနှစ် ဆယ့်ရှစ်နှစ် ပြည့်ပြီ..ရွာတွေမှာဆိုရင် အဖေတောင် ဖြစ်နေပြီ.."
ယန်ကျီဝမ်က ပြန်လည်ချေပနေသော်လည်း လက်လှုပ်ရှားမှုက ရပ်မနေပေ။ ငါးစာများ အတော်အသင့် ကြဲပြီးသွားသည်နှင့် ငါးမျှားတံကို စတင်ချလိုက်တော့သည်။
ငါးမျှားခြင်းသည် စိတ်ရှည်မှုကို စမ်းသပ်သည့် အလုပ်တစ်ခုဖြစ်သည့်အတွက် ငါးဟတ်မိမည့်အချိန်ကို စောင့်ဆိုင်းနေစဉ်အတွင်း အဘိုးကြီးဝမ်နှင့် စကားနိုင်လု ငြင်းခုံနေရခြင်းကလည်း အချိန်ဖြုန်းရန် ကောင်းမွန်သော နည်းလမ်းတစ်ခုပင် ဖြစ်ပေတော့သည်။
"မင်းပြောတာက တောမှာလေ..ဒီနေရာက ပေကျင်းကွ.."
အဘိုးကြီးဝမ်က စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။
"ဒါနဲ့ ယန်လေး..မင်းအသက်အရွယ်ကို ကြည့်ရတာ ကျောင်းတက်နေရမယ့် အရွယ်မလား..ဘယ်လိုဖြစ်လို့ နေ့တိုင်း ငါးလာမျှားဖို့ အချိန်ရှိနေရတာလဲ.."
သူ ဤကဲ့သို့ မေးမြန်းသည်မှာ အံ့သြစရာ မဟုတ်ပေ။အဘယ်ကြောင့်ဆိုသော် အကယ်၍ ယန်ကျီဝမ်တွင် အလုပ်အကိုင် ရှိနေပါက နေ့တိုင်း ဤသို့ ငါးလာမျှားနိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်။
တစ်ဖက်တွင်လည်း ထိုကလေးက လူပေလူတေတစ်ယောက်နှင့်လည်း မတူချေ။
ယန်ကျီဝမ်က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။
"ကျွန်တော် စာမေးပွဲ ကျသွားလို့ပါ.."
အဘိုးကြီးဝမ်က ဆက်မေးသည်။
"နောက်တစ်နှစ်လောက် ထပ်ပြီး စာမကြိုးစားတော့ဘူးလား.. အောင်သွားမှာပေါ့.."
စာမေးပွဲကျခြင်းနှင့် ယန်ကျီဝမ်၏ အသက်အရွယ်ကို ပေါင်းစပ်ကြည့်ပြီး အဘိုးကြီးဝမ်သည် သူပြောနေသည်မှာ ကောလိပ်ဝင်ခွင့်စာမေးပွဲကို ဆိုလိုခြင်းဖြစ်ကြောင်း သိလိုက်သည်။
သို့သော် စာမေးပွဲကျခြင်းမှာ ဆန်းပြားသော အရာမဟုတ်ပေ။ နှစ်စဉ်နှစ်တိုင်း လူအများအပြား ကျရှုံးနေကြ၏။
အချို့ဆိုလျှင် နှစ်ပေါင်းများစွာ ထပ်ခါတလဲလဲ ပြန်လည်ဖြေဆိုကြသော်လည်း အောင်မြင်မှု မရရှိကြသေးပေ။
"ကျွန်တော့်မိသားစုက ဆင်းရဲလို့ပါ.."
ယန်ကျီဝမ်က ဘာမှမဖြစ်သကဲ့သို့ ပခုံးတွန့်ပြလိုက်သည်။
သူ၏ အရည်အချင်းအဆင့်အတန်းနှင့်ဆိုလျှင် မူလခန္ဓာကိုယ်ပိုင်ရှင်ကိုပင် မမှီနိုင်ရာ ဤပွဲထဲသို့ ဝင်ရောက်ဆင်နွှဲမည် မဟုတ်ပေ။ ထိုသို့လုပ်ခြင်းက အချိန်ဖြုန်းခြင်းသက်သက်သာ ဖြစ်ပေလိမ့်မည်။
ထို့အပြင် သူက လိမ်ညာပြောဆိုနေခြင်းလည်း မဟုတ်။ သူ၏ မိသားစုမှာ အမှန်တကယ်ပင် ဆင်းရဲလှသည်။
ယန်ဖူကွေ့ တစ်ဦးတည်းဖြင့် မိသားစုအုပ်စုကြီးကို လုပ်ကျွေးနေရခြင်းဖြစ်ရာ သူတို့မှာ ထမင်းတစ်နပ်စီတွင် ဗိုက်ပြည့်အောင်ပင် မစားနိုင်ကြသဖြင့် ဆင်းရဲနေသည်မှာ အမှန်ပင်။
"တတ်နိုင်ရင်တော့ စာပိုသင်ထားတာက ပိုကောင်းတာပေါ့.."
အဘိုးကြီးဝမ်က အတင်းအကျပ် မမေးတော့ပေ။ ဘာပဲဖြစ်ဖြစ် မိသားစုတိုင်းတွင် ကိုယ်စီအခက်အခဲများ ရှိကြသည်မဟုတ်ပါလော။ သူ တခြားအကြောင်းကို မေးလိုက်သည်။
"ဒါဆို မင်းက စာလည်းမသင်တော့ဘူးဆိုတော့ အလုပ်တစ်ခုခု ဘာလို့ ရှာမလုပ်တာလဲ.."
ယန်ကျီဝမ်က သူ့ကို ဆွံ့အစွာကြည့်ပြီးမှ ပြောလိုက်သည်။
"အလုပ်ဆိုတာက အဘိုး ရှာချင်တိုင်း ချက်ချင်း အလွယ်တကူ ရနိုင်တယ်လို့ ထင်နေတာလား.."
အဘိုးကြီးဝမ် ခဏတာ ဆွံ့အသွားပြီးနောက် ရှက်ရယ် ရယ်လိုက်သည်။ သူ စကားလွန်သွားမိမှန်း သိလိုက်၏။
ယခုခေတ်တွင် အလုပ်အကိုင် နေရာလွတ်များမှာ တစ်နေရာလျှင် လူတစ်ယောက်နှုန်းဖြင့်သာ ရှိပြီး အလုပ်နေရာ ချထားပေးမည့်အလှည့်ကို စောင့်ဆိုင်းနေရသူများစွာ ရှိနေသည်။ လွယ်ကူစွာဖြင့် မည်သို့ ရှာဖွေတွေ့ရှိနိုင်ပါမည်နည်း။
အဘိုးကြီးဝမ် စကားမပြောတော့သည်ကို မြင်သောအခါ ယန်ကျီဝမ်က ပြန်မေးလိုက်သည်။
"အဘိုးကျတော့ကော..ဘယ်လိုဖြစ်လို့ နေ့တိုင်း ဒီမှာ ငါးလာမျှားဖို့ အချိန်တွေ ရှိနေတာလဲ.."
"အငြိမ်းစားယူထားလို့.."
အဘိုးကြီးဝမ်က ထိုအကြောင်းအရာကို ဆက်လက်မပြောချင်တော့သည့်ဟန်ဖြင့် စကားတစ်ခွန်းတည်းသာ တိုတိုတုတ်တုတ် ပြန်ဖြေလိုက်သည်။
ယန်ကျီဝမ်ကလည်း ထပ်မံ မေးမြန်းရန် ရည်ရွယ်ချက် မရှိပေ။
ကွက်တိပင် ထိုအချိန်၌ ဖော့လေး လှုပ်ရှားသွားသဖြင့် ယန်ကျီဝမ်၏ အာရုံစိုက်မှုက ပြောင်းလဲသွားတော့သည်။
ရေထဲသို့ နစ်ဝင်သွားသည့်အခါ သူက ရုတ်တရက် ဆွဲတင်လိုက်သည်။
ငါးမျှားတံမှ ခံစားလိုက်ရသည့် အလေးချိန်ကြောင့် ယန်ကျီဝမ်က ကျေနပ်အားရစွာဖြင့် ပြောလိုက်သည်။
"ဟဟ..တော်တော်ကြီးတဲ့ တစ်ကောင် ဖြစ်ပုံရတယ်..ဒီငါးစာလုပ်ဖို့ ပိုက်ဆံအများကြီး အကုန်ခံခဲ့ရတာ အလကား မဖြစ်ဘူးပဲ.."
စနစ်မှ ပေးထားသော ငါးစာပြုလုပ်နည်းမှာ အမှန်တကယ်ပင် စွမ်းဆောင်ရည် မြင့်မားလှပေသည်။ သူ ချက်ချင်းပင် ငါးကြီးတစ်ကောင်ကို ဖမ်းမိခဲ့လေပြီ ။ မျှော်လင့်ထားသည့်အတိုင်း စနစ်မှ ပေးအပ်သော ပစ္စည်းဖြစ်သဖြင့် အရည်အသွေးအာမခံချက် အပြည့်ရှိသည်။
အဘိုးကြီးဝမ်က အနည်းငယ် မနာလိုဖြစ်ကာ နှုတ်ခမ်းကို မဲ့လိုက်သည်။
'ဒီကောင်လေးက ငါ့ကို လှောင်နေပြန်ပြီ...'
သူ့အမြင်တွင်တော့ ပိုက်ဆံအများကြီး အကုန်ခံရတယ်ဆိုတာ ပြောင်းဖူးမှုန့်လေး နည်းနည်းပါးပါးသာ မဟုတ်ပါလော။
ဤငါးမှာ ရုန်းကန်အား အလွန်သန်လှသဖြင့် ယန်ကျီဝမ်သည် ကုန်းပေါ်သို့ ဆွဲတင်နိုင်ရန် မိနစ်နှစ်ဆယ်ခန့် အချိန်ယူခဲ့ရသည်။
ဤသည်က မြက်ငါးကြင်းတစ်ကောင် ဖြစ်ပြီး ယန်ကျီဝမ်က ငါးကို လက်ဖြင့် အလေးချိန် တွက်ဆကြည့်ပြီးနောက် အဘိုးကြီးဝမ်ကို မျက်စိတစ်ဖက် မှိတ်ပြရင်း ပြောလိုက်သည်။
"ဒါက အနည်းဆုံး ၁၀ကျင်း အထက်မှာ ရှိရမယ်..ဘယ်လိုလဲ အဘိုးအားကျသွားပြီ မလား.."
"ဟမ့်.."
အဘိုးကြီးဝမ်က အထင်သေးသည့်ဟန်ဖြင့် နှာခေါင်းရှုံ့လိုက်သော်လည်း လက်တွေ့တွင်မူ သူ၏ စိတ်ထဲ၌ အလွန်ပင် မနာလိုဖြစ်နေသည်။
သူ တွေးလိုက်မိသည်မှာ...
' ငါဘာလို့ ဒီကောင်လေးလိုမျိုး ကံကောင်းခြင်းတွေ မရှိရတာလဲ..'
'ဒီကောင်လေးက ရောက်လာတာ မကြာသေးဘဲ ဒီလောက်ကြီးတဲ့ ငါးကို ဖမ်းမိသွားပြီ..ငါကတော့ ဒီနေရာမှာ ရှိနေတာ တစ်နာရီကျော်နေပြီ ..'
'စိတ်ပျက်စရာ ကောင်းလိုက်တာ..'
အဓိကအချက်မှာ ထိုကောင်လေး၏ ဘဝင်ခိုက်နေသော မျက်နှာပေးကို မြင်နေရသည်က ထရိုက်ပစ်ချင်စိတ်ပင် ပေါက်လာသည် ။