← Chapters

အခန်း ၂၃-၂၄

Vol. 3 Ch. 23-24

အခန်း ၂၃-၂၄

Vol. 3 Ch. 23-24

Chapter 23+24

~

အခန်း ၂၃+၂၄ : ငါတော့ ဒီကောင်လေး အရူးလုပ်တာ ခံလိုက်ရပြီ..

~

​မွန်းတည့်ချိန် ..

ယန်ကျီဝမ်သည် ငါးမျှားကြိုးကို သိမ်းကာ အိမ်သို့ပြန်ရန် ပြင်ဆင်နေလေ၏။

​သူ၏ ရေပုံးထဲတွင် ငါးများ အပြည့်ဖြစ်နေပြီး ဤသည်က ငါးအသေးများကို ပြန်လွှတ်ကာ အကောင်ကြီးများကိုသာ ထည့်ထားခြင်းဖြစ်သည် ။ သို့မဟုတ်လျှင် ရေပုံးတစ်ပုံးဖြင့် ဆန့်မည်မဟုတ်ပေ။

​ယန်ကျီဝမ်က စိတ်ထဲတွင် စနစ်ကို လက်မထောင်၍ ချီးကျူးလိုက်မိသည်။

​စနစ်က ဆုလာဘ်အဖြစ် ပေးထားသော ငါးစာပြုလုပ်နည်းမှာ အမှန်တကယ်ပင် အစွမ်းထက်လှ၏။ သူတစ်နေ့ကုန် ငါးမျှားရန် ပြင်ဆင်လာခဲ့သော်လည်း တစ်မနက်ခင်းအတွင်းမှာပင် ရေပုံးအပြည့် ဖမ်းမိလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။

​ထိုငါးများကို သူ၏ စနစ်နေရာလွတ်ထဲသို့ ထည့်ထား၍ ရသော်လည်း ဘေးနားတွင် အဘိုးကြီးဝမ် ရှိနေသဖြင့် ထိုသို့လုပ်ရန် မလွယ်ကူချေ။

​တစ်ဖက်တွင်မူ တစ်မနက်ခင်းလုံး ယန်ကျီဝမ် ငါးမျှားတံ ကိုင်ထားသည်ကို စောင့်ကြည့်နေခဲ့သော အဘိုးကြီးဝမ်သည် အာရုံကြောများပင် ထုံထိုင်းနေရုံမက သူ့ကိုယ်သူပင် သံသယဝင်ရမည့် အခြေအနေသို့ ရောက်ရှိနေလေပြီ ။

​ယန်ကျီဝမ် ပစ္စည်းများ သိမ်းဆည်းနေသည်ကို မြင်ရသည့် အခါမှသာ သူသတိပြန်ဝင်လာပြီး မေးလိုက်၏။

​"ယန်လေး..ပြန်တော့မလို့လား.."

​ယန်ကျီဝမ်က ပခုံးတွန့်ပြလိုက်ပြီး...

​"ပြန်ရတော့မှာပေါ့ ..အခြားနည်းလမ်းမရှိတော့ဘူးလေ..ပုံး မဆန့်တော့ဘူး."

​အဘိုးကြီးဝမ်... "..."

​ အသလွတ် အကြွားခံလိုက်ရသဖြင့် အဘိုးကြီးဝမ် ကျွဲမြီးတိုသွား၏ ။

​သို့သော်လည်း ထွက်ခွာသွားခြင်းက ကောင်းမွန်သောအရာ ဖြစ်သဖြင့် အဘိုးကြီးဝမ်သည် သူ၏ ပစ္စည်းများကို ​အမြန်သိမ်းကာ ယန်ကျီဝမ်၏ နေရာဟောင်းသို့ အမြန်ရွှေ့ပြောင်းလိုက်တော့သည်။

​နှံပြည်စုတ်အသိုက်ကို ခိုက လာလုသည့်နှယ် အခွင့်ကောင်းယူရန် ပြင်ဆင်နေသည့်ဟန် တူပေသည်။

​ယန်ကျီဝမ်က တဟားဟား ရယ်လိုက်ပြီး ပြောလိုက်သည်။

​"အဘိုးလည်း ဟိုဘက်မှာ ငါးအုံတစ်ခု ပြင်ထားတာပဲ မလား..အဲဒီနေရာကို မလိုချင်တော့ဘူးလား..."

​အဘိုးကြီးဝမ်က ...

​"ငါးကြီးတွေအကုန်လုံးက မင်းရှိတဲ့ဘက်ကိုပဲ ရောက်ကုန်တာ နေမှာ..ငါ ဒီနေရာမှာ ကံစမ်းကြည့်ရုံသက်သက်ပဲ.."

​ယန်ကျီဝမ်က ပြုံးရုံသာ ပြုံးလိုက်ပြီး တစ်ဖက်လူ၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်မနေတော့ပေ။

​"ကောင်းပါပြီဗျာ..အဘိုး ကံကောင်းပါစေလို့ ဆုတောင်းပေးပါတယ်.. ဒီည အိမ်ပြန်တဲ့အခါ စားစရာ ညစာ ရှိပါစေ.."

​"ဟမ့်..ကောင်စုတ်လေး.. ငါ့အတွက် ပူမနေနဲ့.."

​အဘိုးကြီးဝမ်၏ မျက်နှာက မည်းမှောင်သွားသည်။ ယန်ကျီဝမ် ပြောလိုက်သည်က သူ့အနာကို ဆားနှင့်လာပက်လိုက်သည့် နှယ်ပင် ။

ကံနည်းနည်းလေး ကောင်းရုံဖြင့် အဘိုးကြီးတစ်ယောက်အား ဤမျှလောက်အထိ လှောင်ပြောင်ရန် လိုအပ်ပါ၏လော။

​"ကဲပါ.. အဘိုးပဲ ဆက်ကြိုးစားလိုက်ပါဦး.. ကျွန်တော် အရင်ပြန်ပြီ.."

​ယန်ကျီဝမ်က ဂရုမစိုက်တော့ဘဲ ရေပုံးကို သယ်ဆောင်ကာ ပြန်ရန် ပြင်လိုက်သည်။

​"ဟေ့ ကောင်လေး..ခဏနေဦး.."

​ယန်ကျီဝင်က လှည့်ကြည့်လိုက်ရာ အဘိုးကြီးဝမ်၏ မျက်နှာက အနည်းငယ် နီနေပြီး မေးလိုက်သည်။

​"မင်း စောစောက သုံးခဲ့တဲ့ ငါးစာက တကယ်ပဲ လျှို့ဝှက်နည်းတစ်ခုလား.."

​"ကျွန်တော် အဘိုးကို ပြောပြီးသားပဲကို.."

​ယန်ကျီဝင် အနည်းငယ် စိတ်ပျက်သွား၏။ ယခုကဲ့သို့ ခေတ်ကာလမျိုးတွင် အမှန်တရားကို ပြောလျှင်ပင် မည်သူမျှ မယုံကြည်ကြတော့ပေ။

​အဘိုးကြီးဝမ်က တွန့်ဆုတ် တွန့်ဆုတ်ဖြင့် ပြောသည်။

​"မင်းဆီမှာ နည်းနည်းပါးပါး ကျန်သေးတယ် မလား..ငါ့ကို နည်းနည်းလောက် ပေးပါလား.."

​"အဲဒါတော့ မရဘူး.."

​ယန်ကျီဝင်က ခေါင်းခါပြလိုက်သည်။

​"ဒါက လျှို့ဝှက်နည်းလေ..အဘိုး နားလည်ရဲ့လား.. ကျွန်တော်က နောင်ခါကျရင် ဒီလျှို့ဝှက်နည်းကို အားကိုးပြီး ငါးမျှားစားပြီး အသက်မွေးရမှာ.."

​"ကပ်စေးနှဲလေး.."

​အဘိုးကြီးဝမ်က မကျေမနပ်ဖြင့် ပြောသည်။

​"ကောင်စုတ်လေး နည်းနည်းလောက်တော့ ရည်မှန်းချက် ကြီးကြီးထားပါဟ..အတည်တကျ အလုပ်ကောင်းကောင်းတစ်ခုခု ရှာမလုပ်နိုင်ဘူးလား.."

​"ဟမ့်.."

​ယန်ကျီဝမ်က နှာခေါင်းရှုံ့လိုက်ပြီး...

​"ပထမဆုံးအချက်က အလုပ်ဆိုတာ ရှာရလွယ်တာ မဟုတ်ဘူး..နောက်ပြီး အလုပ်တစ်ခု ရှာတွေ့ခဲ့ရင်တောင် ကျွန်တော်က ငါးမျှားတာထက် ပိုပြီး ပိုက်ဆံရမယ်လို့ အဘိုး ထင်နေလို့လား.."

​သူ တစ်မနက်ခင်းအတွင်း ဖမ်းမိသော ငါးအလေးချိန်မှာ အကြမ်းဖျင်း ၃၀ သို့မဟုတ် ၄၀ ကျင်း( ကတ်တီကို ကျင်းနဲ့ပဲ ရေးတော့မယ်ဗျ..)ခန့် ရှိနေပြီး အကယ်၍ ရေပုံးထဲတွင် နေရာပိုဆံ့ပါက ဤထက်မက ပို၍ ရနိုင်သေးသည်။

​တစ်ကျင်းလျှင် နှစ်မော့ နှုန်းဖြင့် တွက်ချက်ပါက ကျင်းလေးဆယ်အတွက် ရှစ်ယွမ် ရရှိမည် ဖြစ်သည်။

​တစ်လစာအဖြစ် ပြောင်းလဲတွက်ချက်ပါက ၂၀၀ ယွမ်အထက်တွင် ရှိနေမည် ဖြစ်သည်။

​မည်သည့် အလုပ်အကိုင်ကများ တစ်လလျှင် ဤမျှလောက်အထိ ငွေရှာပေးနိုင်ပါမည်နည်း။

​ခြံဝင်းအတွင်း လစာအများဆုံးရသည့် ယီကျုံးဟိုင်ပင်လျှင် ယွမ် ၁၀၀ ခန့်သာဖြစ်သည်။

​အရေးကြီးဆုံး အချက်မှာ လွတ်လပ်မှုပင် ။ သူ နားချင်သည့် အချိန်တွင် နားနိုင်သည် ။ သူ လုပ်ချင်ရာ လုပ်နိုင်သည် ။

​မိသားစုကို ရှာဖွေကျွေးရန်အတွက် ငါးမျှားရခြင်းက ပင်ပန်းလှသော်လည်း စနစ်ရှိနေသရွေ့ မဖြစ်နိုင်သောအရာဟူ၍ ဘာမျှမရှိချေ။

​အဘိုးကြီးဝမ်က ပြန်လည်ခြေပသည်။

​"ဒါဆို မင်း နေ့တိုင်း ဒီလောက်အထိ ငါးတွေ အများကြီး ဖမ်းမိနိုင်မယ်လို့ အာမခံနိုင်လို့လား.. ဆောင်းတွင်းရောက်ရင် မင်းဘာဆက်လုပ်မှာလဲ..."

​"ဆောင်းတွင်းရောက်ရင် ငါးမျှားလို့ မရဘူးလို့ ဘယ်သူက ပြောတုန်း..အဘိုး ဆောင်းတွင်းမှာ ရေခဲခွဲပြီး ငါးမျှားတဲ့အကြောင်းကို မကြားဖူးဘူးလား.."

​အဘိုးကြီးဝမ် ပြန်လည်ချေပရန် စကားလုံး မရှိတော့ပေ။ သူ အမှန်တကယ်ပင် ထိုအကြောင်းကို ကြားဖူးလေသည်။

​တစ်ဖက်လူ ဘာပြောရမှန်းမသိ ဖြစ်သွားသည်ကို မြင်သောအခါ ယန်ကျီဝမ်က ပြုံး၍ ပြောလိုက်သည်။

​"အဘိုးမှာ အခြားပြောစရာ ရှိသေးလား.. မရှိရင်တော့ ကျွန်တော် ပြန်တော့မယ်.."

​"ရှိသေးတယ်.."

​အဘိုးကြီးဝမ်က ထိုစကားကို ကြားသောအခါ ဆက်ပြောလိုက်သည်။

​"မင်း ငါ့ကို ငါးစာမပေးချင်ရင်လည်း နေပါတော့.. မင်းရဲ့ ငါးတွေထဲက နှစ်ကောင်လောက် ငါ့ကို ပေး..ငါ ပစ္စည်းတစ်ခုခုနဲ့ ပြန်လဲပေးမယ်.."

" ဟားဟားဟား..."

​ယန်ကျီဝမ်က ရယ်လိုက်ပြီး...

​"သြော်.. ဒါဆို အဘိုးက ဒီည စားစရာ မရှိမှာကို စိုးရိမ်ပြီး ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေတာပေါ့လေ.."

​အဘိုးကြီးဝမ်က မျက်နှာက လငပုပ်ဖမ်းသွားသည်။

​"မဆိုင်တာတွ လျှောက်ပြောမနေနဲ့ ကောင်စုတ်လေး..လဲမလား မလဲဘူးလား မြန်မြန်ပြော.."

​"လဲတာပေါ့.. ဘာလို့ မလဲရမှာလဲ.. ဒါပေမဲ့ အဘိုး ဘာနဲ့ လဲချင်တာလဲဆိုတာကိုတော့ ကျွန်တော် အရင်ကြည့်ရမယ်.."

​အဘိုးကြီးဝမ်က စကား ရှည်ရှည်ဝေးဝေး မပြောတော့ဘဲ အိတ်ကပ်ထဲမှ ငွေကြေးနှင့် ကူပွန်အချို့ကို ထုတ်ယူကာ ယန်ကျီဝမ်အား ပြသရင်း ပြောလိုက်သည်။

​"ငွေနဲ့ လဲတာကိုတော့ ထားလိုက်ပါ.. အဲဒါက မှောင်ခိုမှု ဖြစ်သွားလိမ့်မယ်..ငါ မင်းကို ကူပွန်တွေနဲ့ပဲ လဲပေးမယ်.. မင်းဘာသာမင်း ကြည့်ပြီး ရွေးလိုက်တော့.. မင်းကြိုက်တာကို ယူလိုက်.."

​"ဝါး မိုက်တယ်..အစုံပဲဟ.."

​ယန်ကျီဝင်က သေချာကြည့်ပြီးနောက် အသားကူပွန်၊ အထည်ကူပွန်နှင့် ကောက်ပဲသီးနှံကူပွန်အချို့ကို ရွေးချယ်ကာ လက်ကို ပြန်ရုပ်သိမ်းလိုက်သည်။

​အသားကူပွန်ကိုမူ အရန်အဖြစ် သိမ်းဆည်းထားချေမည် ။ ထိုအခါမှသာ အသားစားရန်အတွက် ဆင်ခြေ ဆင်လက် ဆင်နားရွက် အထောက်အထား ရှိမည် ဖြစ်သည်။

​အထည်ကူပွန်မှာမူ သူကိုယ်တိုင်အတွက် အဝတ်အစားအသစ်တစ်စုံ ပြုလုပ်ရန် လိုအပ်သောကြောင့်ပင်။

​"ဒါဆို လောက်ပြီလား.."

​အဘိုးကြီးဝမ်က မေးသည်။

​ယန်ကျီဝမ်က ...

​"ကျွန်တော် စီးကရက်ကူပွန် နည်းနည်းလောက် လိုချင်သေးတယ်.. ဒါပေမဲ့ အဘိုးဆီမှာ မရှိဘူးပဲ.."

​" ဆေးလိပ်သောက်တတ်လို့လား ကောင်လေး.."

​အဘိုးကြီးဝမ်က ဆက်ပြောသည်။

​"ခုခေတ်မှာ စီးကရက်အများစုက ကူပွန်မလိုဘူးလေ.. ဒါပေမဲ့ ဖြစ်နိုင်ရင် ဆေးလိပ်မသောက်တာ အကောင်းဆုံးပဲ.. အဲဒါက မင်းရဲ့ ကျန်းမာရေးအတွက် မကောင်းဘူးကွ.."

​ယန်ကျီဝင်က ထိုစကားကို နားမဝင်ပေ။

​သူ၏ ယခင်ဘဝတွင် ဆယ်စုနှစ်တစ်ခုမက ဆေးလိပ်သောက်ခဲ့ရာ မည်ကဲ့သို့ ချက်ချင်း လက်ငင်း ဖြတ်နိုင်ပါမည်နည်း။

​သို့သော်လည်း စီးကရက်ဝယ်ရန် ကူပွန်မလိုဟု ကြားသိရခြင်းက သတင်းကောင်းတစ်ပုဒ်ပင်။

​ငါးမျှားဝါသနာရှင်တစ်ယောက်အနေဖြင့် ဆေးလိပ်မသောက်ဘဲ မနေနိုင်ချေ။ဆေးလိပ်လေး ခဲရင်း ငါးမျှားရသည်က အရသာရှိလှ၏ ။

​၅ကျင်းခန့်ရှိမည့် ငါးနှစ်ကောင်ကို အဘိုးကြီးဝမ်၏ ရေပုံးထဲသို့ ပြောင်းထည့်ပေးပြီးနောက် ယန်ကျီဝမ်က လက်ဝှေ့ယမ်းပြလိုက်ပြီး...

​"ကျွန်တော် သွားတော့မယ်..မနက်ဖြန်ကျရင် အလုပ်လုပ်ဖို့ ပြန်လာဦးမယ်.."

​ထိုသို့ပြောပြီးနောက် ယန်ကျီဝမ် ထွက်ခွာသွားတော့သည်။

​အဘိုးကြီးဝမ်သည် ထိုစကားကို ကြားရသောအခါ နှုတ်ခမ်းများ တဆက်ဆက်တုန်ရီသွားသည်။

​' သောက်ခွေး ..ဒီကလေးက ငါးမျှားတာကို အလုပ်အဖြစ်တောင် သတ်မှတ်လိုက်ပြီလား ..'

​သို့သော်လည်း တစ်ဖက်က ပြန်တွေးကြည့်လျှင် ထိုကလေး၏ လျှို့ဝှက်ငါးစာက အမှန်တကယ်ပင် အစွမ်းထက်နေပါက သာမန်အလုပ်တစ်ခုထက် များစွာပို၍ ပိုက်ဆံရမည်မှာ အမှန်ပင်။

​သို့သော်လည်း အဘိုးကြီးဝမ်က အလေးအနက် မထားဘဲ ယန်ကျီဝမ်က ကြွားဝါနေခြင်းသက်သက်သာ ဖြစ်မည်ဟု မှတ်ယူလိုက်သည်။ ဤမျှလောက်အထိ အစွမ်းထက်သော အရာမျိုး မည်သို့ ရှိနိုင်ပါမည်နည်း။

​ဤသည်က ခဏတာ ကံကောင်းသွားခြင်းသက်သက်သာ ဖြစ်ပေလိမ့်မည်။

​သို့သော်လည်း တစ်ဖက်တွင်မူ သူ၏ ကံတရားကို စဥ်းစားရင် စိတ်ညစ်သွားလေသည် ။

​ထိုသို့တွေးတောရင်း အဘိုးကြီးဝမ်သည် ယန်ကျီဝမ်၏ နေရာဟောင်းတွင် ဆောင့်ကြောင့်ထိုင်ကာ ငါးမျှားခြင်းကို စတင်လိုက်တော့သည်။

​အကယ်၍ သူ ဘာမျှမဖမ်းမိခဲ့လျှင်ပင် ကိစ္စမရှိချေ။ ကြိုတင်ပြင်ဆင်မှုအဖြစ် အရန်အစီအစဉ်တစ်ခု ပြုလုပ်ထားပြီးဖြစ်သဖြင့် ယနေ့ညစာအတွက် စိတ်ပူစရာ မလိုတော့ပေ။

​ထို့အပြင် အိမ်ရှိ အဘွားကြီးအား သူကိုယ်တိုင် ငါးကြီးတစ်ကောင် ဖမ်းမိခဲ့သည်ဟုပင် ကြွားနိုင်သေးသည်။

​အမှန်တရား နှင့်ပက်သက်လျှင်တော့...

​အဲဒါက အရေးကြီးလို့လား...

​...

​ထောက်ပံ့ရေးနှင့် အရောင်းသမဝါယမဆိုင်ရှိ အစ်ကိုဟောက်ထံသို့ ငါးများကို ရောင်းချပြီးနောက် ယန်ကျီဝမ်က သူ၏ ငါးမျှားပစ္စည်းများကို သယ်ဆောင်ကာ ဝင်းထဲသို့ ပြန်လာခဲ့သည်။ သူ ပြန်လာသည့်အခါ သူ၏ လက်ထဲတွင် အိတ်အပိုတစ်အိတ် ပါလာခဲ့၏။

အိတ် အတွင်း၌ စနစ်အမှတ်အရောင်းဆိုင်မှ လဲလှယ်လာခဲ့သော ပြောင်းဖူးမှုန့် ဆယ်ကျင်းခန့် ပါရှိသည်။

​အသားနှင့် ပတ်သက်၍မူ ၊ ယခုကဲ့သို့ ခေတ်ကာလမျိုးတွင် မည်သည့်မိသားစုက နေ့တိုင်း အသားစားနိုင်ပါမည်နည်း။ အာရုံစိုက်ခြင်း ခံရနိုင်သဖြင့် အဆင့်အတန်းကို လျှော့ချကာ လူမသိသူမသိ နေထိုင်ခြင်းက ပိုကောင်းလေသည်။

​ထို့အပြင် သူ၏ ရေပုံးထဲတွင် ၂ကျင်းခန့်ရှိမည့် ငါးတစ်ကောင် ကျန်ရှိနေသေးသဖြင့် ထိုကပင် လုံလောက်ပေပြီ ။

​ဝင်းထဲသို့ ပြန်ရောက်သောအခါ ကလေးငယ်နှစ်ယောက်ကို မတွေ့ရ။ ဘယ်နေရာသို့ သွားဆော့နေကြသည်ကို သူ မသိချေ။

​ဤကလေးနှစ်ယောက်မှာ ကျောင်းမတက်ရသေးပေ။ယခုကဲ့သို့ ခေတ်ကာလမျိုးတွင် ကလေးငယ်များသည် ခုနစ်နှစ် ရှစ်နှစ်အရွယ်မှ ကျောင်းစတက် ကြရ၏။

​ ကျောင်းတက်ရခြင်းက နောက်ထပ် ကုန်ကျစရိတ်တစ်ခု တိုးလာခြင်းဖြစ်ရာ ထောက်ပံ့နိုင်ရန် မလွယ်ကူပေ။

​ထို့အပြင် နောက်နှစ်သည် ငတ်မွတ်ခေါင်းပါးမှု ဘေးဒုက္ခစတင်မည့်နှစ် ဖြစ်သဖြင့် ကျောင်းထားရန် ပို၍ပင် ခက်ခဲလာပေမည်။

​သနားစရာကောင်းသော စတုတ္ထမြောက်နှင့် ပဉ္စမမြောက်ကလေးငယ်များမှာ နောက်ပိုင်းတွင်မှ ပန့်ကန့်နှင့်အတူ ကျောင်းတက်ကြချေမည်။

​သို့သော်လည်း ထိုသည်က အရေးမကြီးချေ။ သူက ထိုကလေးငယ်နှစ်ဦး၏ အပြုအမူ စွမ်းဆောင်ရည်ကို အရင်ဆုံး စောင့်ကြည့်ရဦးမည် ဖြစ်သည်။ အကယ်၍ သူတို့၏ စွမ်းဆောင်ရည်က သူ့ကို ကျေနပ်မှု ပေးနိုင်ပါက သူ၏ အိတ်ကပ်ထဲမှ ပိုက်ဆံစိုက်ထုတ်၍ ကျောင်းထားပေးရန် လုံးဝ ဝန်လေးနေမည် မဟုတ်ပေ။

​မည်သို့ပင် ဆိုစေကာမူ သူ၏ မနက်ခင်းဝင်ငွေသည် ရှစ်ယွမ်ထက်မက ရှာဖွေနိုင်ခဲ့သည် မဟုတ်ပါလော။

​တစ်လတာ ကာလပတ်လုံးအတွင်း သူက သုံးရက်ငါးမျှားပြီး နှစ်ရက်နားမည်ဆိုလျှင်ပင် ၁၀၀ယွမ်အထက်တွင် ရှိနေမည်ဖြစ်ရာ ကျောင်းလခအနည်းငယ်မှာ ဘာမျှမဟုတ်ချေ။

​သူသည် စနစ်က ဆုလာဘ်အဖြစ် ပေးထားသော ငါးစာပြုလုပ်နည်းကို ယုံကြည်ချက် အပြည့်အဝ ရှိသည်။

​ချိုမြိန်မှုကို မြည်းစမ်းပြီးနောက် ယန်ကျီဝမ်သည် နောက်ပိုင်းတွင် သူ၏ အဆင့် ပိုမြင့်လာသည့်အခါ စနစ်က သူ့အား မည်ကဲ့သို့သော ကောင်းမွန်သောအရာများကို ဆုလာဘ်အဖြစ် ထပ်မံပေးအပ်ဦးမည်နည်းဆိုသည်ကို ပို၍ပင် မျှော်လင့်တကြီး စောင့်စားနေမိပေတော့သည်။

All Chapters