အခန်း ၂၅-၂၆
Vol. 3 Ch. 25-26
Chapter 25+26
~
အခန်း ၂၅+၂၆ : ယန်မိသားစုက ငပျင်းတွေကို မထောက်ပံ့ဘူး..
~
ဝင်းထဲသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် အမိုးအောက်တွင် စုဝေးကာ အတင်းတုတ်နေကြသည့် အဒေါ်ကြီးအချို့ကို တွေ့လိုက်ရပြီး ထိုအထဲတွင် ယန်ကျီဝမ်၏ မိခင်ဖြစ်သူလည်း ပါဝင်နေသည်။
"ဒုတိယသား.. ဘာလို့ ဒီအချိန်ကြီး ပြန်လာရတာလဲ.. အိမ်မှာ သားအတွက် နေ့လည်စာ ချက်မထားဘူးနော်.."
ယန်ကျီဝမ် ဝင်လာသည်ကို မြင်သောအခါ ရန်ရွေ့ဟွားက အရင်ဆုံး လှမ်းပြောလိုက်ပြီးနောက် သူ့ထံသို့ ခပ်သုတ်သုတ် ပြေးလာသည်။
အခြားအကြောင်းကြောင့်မဟုတ်ဘဲ ယန်ကျီဝမ်၏ လက်ထဲတွင် ပစ္စည်းအပြည့်ပါသော အိတ်တစ်အိတ် ပါလာခြင်းကြောင့်ပင်။ ဝင်းထဲရှိ အခြားအဘွားကြီးများ အချောင်နှိုက်သွားမည်ကို သူမ ခွင့်မပြုနိုင်ပေ။
ဝင်းတစ်ခုလုံးတွင် ယန်မိသားစုကသာ အခြားသူများအပေါ် အမြတ်ထုတ်လေ့ရှိပြီး အခြားမည်သူမျှ သူတို့မိသားစုအပေါ် အချောင်လာနှိုက်၍ မရချေ။
"ကျွန်တော် စားလာပြီးပြီ.."
ယန်ကျီဝမ်က တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။ မွန်းတည့်ချိန် က သူသည် သန့်စင်ခန်းသွားသည့် အခွင့်အရေးကို အသုံးချကာ လမ်းတွင် ချုံတိုး၍ ကြက်ကင်တစ်ကောင်ကို ခိုးစားခဲ့သဖြင့် ယခုအချိန်အထိ ဗိုက်မဆာသေးချေ။
သူ အခြားတစ်ခုခုကို ထပ်စားချင်သော်လည်း ယခုလောလောဆယ်တွင် စနစ်အမှတ်အရောင်းဆိုင်အတွင်း၌ ရွေးချယ်စရာ ပစ္စည်းအမျိုးအစား သိပ်မများသေးဘဲ ချက်ပြုတ်ပြီးသား အစားအစာ နှစ်မျိုး သုံးမျိုးခန့်သာ ရှိသည်။
သို့သော်လည်း သတင်းကောင်းတစ်ခုမှာ သူ၏ ငါးမျှားအဆင့် မြင့်မားလာသည်နှင့်အမျှ စနစ်အမှတ်အရောင်းဆိုင်အတွင်းရှိ ပစ္စည်းများမှာလည်း တိုးပွားလာပြီး ကဏ္ဍတစ်ခုစီတွင် နှစ်မျိုး သို့မဟုတ် သုံးမျိုးခန့် ပိုမိုများပြားလာခဲ့သည်။
အကယ်၍ နောင်တွင် သူ၏ အဆင့်က ဆက်လက်မြင့်မားလာပါက ရွေးချယ်စရာ အမျိုးအစားများမှာလည်း ပိုမိုစုံလင်လာပေမည်။
အခြေအနေကို ကြည့်ရသရွေ့ ဤသည်က နောင်တချိန်တွင် ကုန်တိုက်ကြီးတစ်ခုကဲ့သို့ ဖြစ်လာနိုင်သော်လည်း စနစ်အမှတ်အရောင်းဆိုင်အတွင်းရှိ တစ်ခုတည်းသော ငွေကြေးမှာ အမှတ်များသာ ဖြစ်သည်။
ပစ္စည်းများ ဝယ်ယူရန်အတွက် သူ့တွင် အမှတ်များ ရှိနေရန် လိုအပ်ပေဦးမည်။
သို့သော် ဤသည်က အရေးမကြီးပေ။ ငါးမျှားရုံမျှဖြင့် အမှတ်များကို ရရှိနိုင်သဖြင့် ရှာဖွေရန် မခက်ခဲလှချေ။
ယန်ကျီဝမ် စကားများများ မပြောရသေးခင်မှာပင် ရန်ရွေ့ဟွားက သူ၏ လက်ထဲမှ အိတ်ကို ဆွဲယူကာ အိမ်ထဲသို့ အရင်ဆုံး ဝင်ရောက်သွားတော့သည်။
"ပထမအဒေါ်..ဒုတိယအဒေါ်.. အဒေါ်ကျန်း.."
ယန်ကျီဝမ်သည် အမေဖြစ်သူ၏ ရည်ရွယ်ချက်ကို နားလည်လိုက်သဖြင့် ခေါင်းခါလိုက်ပြီး အဒေါ်ကြီးများကို နှုတ်ဆက်ကာ အိမ်ထဲသို့ လိုက်ဝင်သွားသည်။
"ယန်ကျီဝမ်က တကယ့်ကို ယဉ်ကျေးတဲ့ ကလေးလေးပဲ..နှမြောစရာ ကောင်းလိုက်တာ.. ငါတို့ ဝင်းထဲကနေ ကောလိပ်ကျောင်းသားတစ်ယောက် ထွက်လာတော့မယ်လို့ ထင်ထားခဲ့တာ..သူ စာမေးပွဲ မအောင်ခဲ့ဘူး.."
"ကောလိပ်ဝင်ခွင့် ရဖို့ဆိုတာ မလွယ်ဘူးတော်ရေ..ဒီပတ်ဝန်းကျင်က လမ်းကြားတွေထဲမှာ ဘယ်သူမှ ကောလိပ်ဝင်ခွင့် မရကြသေးဘူး.."
"ယန်ကျီဝမ်ကို ကြည့်ရတာ ကျောင်းပြန်တက်ဖို့ ရည်ရွယ်ချက် မရှိတဲ့ပုံပဲ. နှမြောစရာကောင်းလိုက်တာ.."
"နှမြောစရာ ကောင်းတာတော့ အမှန်ပဲ.. ဒါပေမဲ့ တိယဦးလေးရဲ့ မိသားစုကလည်း မလွယ်ကူဘူးလေ.. ယန်ကျီဝမ်က ကျောင်းမတက်တော့ဘဲ မိသားစုရဲ့ ဝန်ထုပ်ဝန်ပိုးကို ကူထမ်းပေးနိုင်တာကလည်း ကောင်းတာပါပဲ.."
"ဒါကော ဘယ်လောက်လွယ်လို့လဲ..ခုခေတ်မှာ အလုပ်ရှာရတာ အရမ်းခက်တာ.."
"အဲလိုလည်း မဟုတ်နိုင်ပါဘူး.. ဘာပဲဖြစ်ဖြစ် ယန်ကျီဝင်က အထက်တန်းအောင်ထားတဲ့သူပဲဥစ္စာ.."
"အဲဒါက ဘာဖြစ်လို့လဲ..လမ်းမပေါ်မှာ အထက်တန်းအောင်ထားတဲ့သူတွေ အများကြီးရှိတယ်လို့ ကျုပ်ကြားမိတယ်.. ဘာဖြစ်လို့ သူ့အလှည့် ရောက်ရမှာလဲ.."
ယန်ကျီဝမ် ထွက်ခွာသွားသည်နှင့် တစ်ပြိုင်နက် အဒေါ်ကြီးများက စတင်၍ အတင်းတုတ်ကြတော့သည်။သို့သော် အများစုမှာ ယန်ကျီဝမ်အတွက် စိတ်မကောင်း ဖြစ်နေကြ၏။
သူ စာသင်ကြားနေစဉ် အချိန်အတွင်း ယန်ကျီဝမ်သည် ဝင်းတစ်ခုလုံးတွင် အမှတ်အကောင်းဆုံး ရရှိသူဖြစ်ရာ လူတိုင်းနီးပါးက ကောလိပ်ဝင်ခွင့် ရရှိလိမ့်မည်ဟု ထင်မှတ်ထားခဲ့ကြသည်။
မမျှော်လင့်ဘဲ နောက်ဆုံးတွင် သူ ကျရှုံးသွားခဲ့၏။
မူလခန္ဓာကိုယ်ပိုင်ရှင်သည် အလွန်ပင် စိတ်ဓာတ်ကျကာ သူ့ကိုယ်သူ အခန်းထဲ၌ တစ်လကျော်ကြာ ပိတ်လှောင်ထားခဲ့သည်မှာ အံ့သြစရာ မဟုတ်ပေ။ အခြားမည်သူမဆို ဤလက်တွေ့ဘဝကို လက်ခံရန် အလွန်ခက်ခဲပေလိမ့်မည် ။
ယန်မိသားစုအိမ်...
ရန်ရွေ့ဟွားက အိတ်ကို ဖွင့်ကြည့်လိုက်ပြီး အံ့သြတုန်လှုပ်စွာဖြင့် အော်လိုက်သည်။
"ဒုတိယသား.. ဒီပြောင်းဖူးမှုန့်တွေကို မင်း ဘယ်ကနေ ရလာတာလဲ..."
"ကျွန်တော် ဝယ်လာတာလေ.."
"ဒါဆို ကောက်ပဲသီးနှံကူပွန်နဲ့ ပိုက်ဆံတွေကိုကော မင်း ဘယ်က ရလာတာလဲ.."
"ငါးရောင်းလို့ရတဲ့ ပိုက်ဆံတွေပါ..ကူပွန်တွေကိုတော့ အတူတူ ငါးမျှားတဲ့ အဘိုးကြီးဆီကနေ လဲလာခဲ့တာ.."
ယန်ကျီဝမ်က ဆက်ပြောလိုက်သည်။
"အမေ..ဒီနေ့ညကျရင် ပြောင်းဖူးပေါင်း နည်းနည်း ပိုလုပ်ပေးပါ..စတုတ္ထနဲ့ ပဉ္စမ ကလေးက ကြီးထွားနေတဲ့ အရွယ်တွေလေ..တစ်နပ်ကို ပြောင်းဖူးပေါင်းတစ်လုံးတည်းနဲ့ဆိုရင် သူတို့ ဗိုက်မပြည့်နိုင်ဘူး.. ရှေ့လျှောက်ကျရင် တစ်နပ်ကို သုံးလုံးစီ ပေးလိုက်ပါ.."
"သုံးလုံး ဟုတ်လား..သူတို့ အဲ့လောက်အထိ အများကြီး ဘယ်လိုလုပ် စားနိုင်မှာလဲ..သူတို့ဗိုက်လေးတွေက သေးသေးလေးတွေကို.."
ရန်ရွေ့ဟွားက နှမြောဟန်ဖြင့် ပြောသည်။
"ပြီးတော့ ဒီလိုမျိုး စားမယ်ဆိုရင် တစ်လကို ရိက္ခာ ဘယ်လောက်တောင် ကုန်လိုက်မလဲ.."
ယန်ကျီဝမ်က လက်ကို ဝှေ့ယမ်းပြလိုက်ပြီး...
"အမေ..အဲဒါအတွက် စိုးရိမ်မနေနဲ့..ကျွန်တော် ပြောတာကိုပဲ နားထောင်ပါ.. ရိက္ခာကိစ္စကို ကျွန်တော် တာဝန်ယူတယ်.."
"ကောင်းပါပြီ..ကောင်းပါပြီ.. မင်းက အခု စွမ်းဆောင်နိုင်သူ ဖြစ်နေပြီဆိုတော့ ငါ မင်းနဲ့မငြင်းတော့ပါဘူး.."
သူ၏ ပြတ်သားသော အမူအရာကို မြင်သောအခါ ရန်ရွေ့ဟွားက အလျှော့ပေးလိုက်ရတော့သည်။
"ဒါပေမဲ့ တစ်နပ်ကို နှစ်လုံးဆိုရင် လုံလောက်ပါပြီ..သူတို့ဗိုက်လေးတွေက သေးသေးလေးတွေကို..သုံးလုံးအထိ မစားနိုင်ဘူး.."
"ဟုတ်ကဲ့..ရပါတယ်.."
ယန်ကျီဝမ်ကလည်း ထိုသို့ပင် တွေးမိသဖြင့် ခဏတာ စဉ်းစားပြီးနောက် သဘောတူလိုက်သည်။
ထို့နောက် သူက ထပ်လောင်းပြောလိုက်သည်။
"ဒါနဲ့ အမေ.. ကျွန်တော် ငါးတစ်ကောင် သယ်လာတယ်နော်.. ဒီနေ့ညကျရင် ကျွန်တော်ကိုယ်တိုင် ချက်မှာမို့.. အမေ လုံးဝ မထိနဲ့.."
ရန်ရွေ့ဟွားက မျက်စောင်းထိုး လိုက်ပြီး..
"မင်းက ဘာချက်မှာလဲ..ဆီနဲ့ ဆားက ပိုက်ဆံမကုန်ဘူးလား.. မင်း ရှေ့လျှောက် ငါ့ရဲ့ မီးဖိုချောင်ကို လာပြီး မရှုပ်တာက ပိုကောင်းလိမ့်မယ်.."
"အဲဒါကို စိုးရိမ်မနေပါနဲ့.. ဒါတွေကို ကျွန်တော့်ဘာသာ ကျွန်တော် အဆင်ပြေအောင် လုပ်ပါ့မယ်..အမေကတော့ အရသာရှိရှိ စားဖို့သာ ပြင်ထားလိုက်.."
ယန်ကျီဝမ်သည် ယနေ့ညတွင် ချက်ပြုတ်ရန် ခိုင်မာစွာ ဆုံးဖြတ်ထားသည်။
မိခင်ဖြစ်သူ ချက်ပြုတ်သော ဟင်းလျာများမှာ ဆီမပါဝင်ခြင်းက တစ်ကြောင်း၊ ဆားပင်လျှင် သူမက ထည့်လေ့မရှိချေ။
သူ၏ ဝမ်းဗိုက်ထဲတွင် ဆီနှင့် ဆား မရှိဘဲ နေရမည်ဆိုပါက ညသန်းခေါင်အချိန်တွင် အစားအစာ ခိုးစားရန်အတွက် သူ ထနေရ ပေဦးမည်။
ယခုလောလောဆယ်တွင် သူ အခြားအရာများကို ဘာမျှမတတ်နိုင်သေးသော်လည်း စားသောက်မှုပုံစံကိုမူ အရင်ဆုံး ပြုပြင်ပြောင်းလဲရမည် ဖြစ်သည်။
အစားအစာများမှာ အလွန်အမင်း ကောင်းမွန်နေရန် မလိုအပ်သော်လည်း ဆီနှင့် ဆားမှာမူ မရှိမဖြစ် လိုအပ်သည်။ မဟုတ်ပါလျှင် အာဟာရဓာတ်က မည်သည့်နေရာမှ ရရှိနိုင်ပါမည်နည်း။
အသားနှင့် ပတ်သက်၍မူ တစ်ခါတစ်ရံမှသာ ဝက်သားကို ချက်ပြုတ်စားသောက်မည် ဖြစ်သော်လည်း ငါးကိုမူ မကြာခဏ စားနိုင်သည်။
ငါးမျှားဝါသနာရှင်တစ်ယောက်အနေဖြင့် သူ၏ စားသောက်မှုတွင် ငါးပြတ်လပ်သွားမည် မဟုတ်သည်မှာ သေချာလှပေသည်။
"ငါက နင့်ရဲ့ အမေလေ..နင့်ကို မစီမံရဘူးလား.."
ရန်ရွေ့ဟွားက မျက်စောင်းထိုးလိုက်ပြီ လက်ကို ဆန့်ထုတ်ကာ ပြောလိုက်သည်။
"ဒါကို ပေးစမ်း.."
"ဘာကိုလဲ.."
ယန်ကျီဝမ် ဇဝေဇဝါ ဖြစ်သွားသည်။
"ငါးရောင်းလို့ရတဲ့ ပိုက်ဆံလေ.."
ရန်ရွေ့ဟွားက ဖြစ်သင့်ဖြစ်ထိုက်သည့်ဟန်ဖြင့် ပြောသည်။
"အမေ့ကို ပေးထား..နောင်ခါကျရင် မင်း မိန်းမယူဖို့အတွက် အမေ သိမ်းပေးထားမယ်.."
ယန်ကျီဝမ်၏ နှုတ်ခမ်းများ တွန့်ကွေးသွားပြီး ဆွံ့အစွာ ပြောလိုက်မိသည်။
"ကျွန်တော် ပြောပါအုံးမယ်..ကျွန်တော်က ဒီနှစ်မှ အသက် ဆယ့်ရှစ်နှစ်ပဲ ရှိသေးတာလေ..မိန်းမယူဖို့အတွက် နောက်ထပ် နှစ်နှစ်လောက် လိုသေးတယ်.."
ကျေးလက်ဒေသတွင်မူ မည်သည့် သတ်မှတ်ချက်မျှ မရှိသဖြင့် အသက် ဆယ့်ခြောက်နှစ် သို့မဟုတ် ဆယ့်ခုနစ်နှစ်အရွယ်တွင် အိမ်ထောင်ပြုကြသူများစွာ ရှိနေသည်။
တစ်ခါတစ်ရံတွင် ပြောင်းဖူးမှုန့် ကျင်းအနည်းငယ်မျှဖြင့်ပင် ဇနီးတစ်ဦး ရရှိရန် လဲလှယ်နိုင်ကြသေးသည်။
သို့သော် မြို့ပြတွင်မူ ထိုသို့လုပ်ဆောင်ရန် ခွင့်မပြုချေ။တင်းကျပ်စွာ အမိန့်ထုတ်ထားသည်။
အမျိုးသားများ အသက် နှစ်ဆယ်နှင့် အမျိုးသမီးများ အသက် တစ်ဆယ့်ရှစ်နှစ် ပြည့်မှသာ အိမ်ထောင်ရေးလက်မှတ် ရရှိနိုင်မည် ဖြစ်သည်။
အိမ်ထောင်ရေးလက်မှတ်မရှိဘဲ အတူတကွလျှင် တရားမဝင် ဆက်ဆံရေးအဖြစ် သတ်မှတ်ပြီး ဖမ်းဆီးခြင်း ခံရမည်ပင်။
ရန်ရွေ့ဟွားက နှာခေါင်းရှုံ့လိုက်ပြီး...
"ဆယ့်ရှစ်နှစ် ဖြစ်တာက ဘာဖြစ်လဲ..မင်းမှာ နောက်ထပ် နှစ်နှစ် ရှိသေးတာပဲ..ပြီးတော့ မင်းမှာ အတည်တကျ အလုပ်အကိုင်လည်း မရှိဘူး..မင်းကိုယ်တိုင် ပိုက်ဆံ ဘယ်လောက် စုနိုင်မှာမလို့လဲ.."
"ဘာပဲဖြစ်ဖြစ်..မိန်းမယူဖို့ ကိစ္စကို ကျွန်တော့်ဘာသာ ကျွန်တော် စီမံပါ့မယ်..အမေ စိုးရိမ် မနေနဲ့.."
ယန်ကျီဝမ်က စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။
မည်သို့ပင်ဆိုစေကာမူ သူ့အမေအား ပိုက်ဆံပေးရန် မဖြစ်နိုင်ပေ။ ယန်မိစုသားဝင်တစ်ဦးအနေဖြင့် သူ၏ မိခင်က မည်ကဲ့သို့သော လူစားမျိုးဖြစ်သည်ကို သူ အသိဆုံးသာဖြစ်၏။
အကယ်၍ ပိုက်ဆံများ သူမ၏ လက်ထဲသို့ ရောက်ရှိသွားပါက ပြန်လည်ရရှိရန်အတွက် အိမ်မက်ပင် မမက်လေနှင့်တော့။
ယခုအခါ သူ့တွင် စက်ဘီးဝယ်ရန် ပိုက်ဆံစုဆောင်းခြင်း သို့မဟုတ် အခြားအရာများကဲ့သို့ ပိုက်ဆံအသုံးပြုရမည့် နေရာများစွာ ရှိနေသေးသည်။
"ကျွန်တော် ပင်ပန်းလို့ ခဏလောက် အိပ်လိုက်ဦးမယ်.."
မိခင်ဖြစ်သူက ဆက်လက်၍ ပွစိပွစိ ပြောဆိုနေမည်ကို စိုးရိမ်သဖြင့် ယန်ကျီဝမ်က စကားတစ်ခွန်း ချန်ထားခဲ့ကာ သူ၏ အခန်းထဲသို့ အမြန်ဝင်ပြီး တံခါးပိတ်လိုက်တော့သည်။
"ဒီကောင်စုတ်လေး.."
ပိုက်ဆံ မရသဖြင့် ရန်ရွေ့ဟွား၏ မျက်နှာက အနည်းငယ် မည်းမှောင်သွားသည်။
သူမ တွေးလိုက်မိသည်။
' ဒီနေ့ည အဘိုးကြီးယန် ပြန်လာမှ ဒုတိယသားရဲ့ စားသောက်စရိတ်ကို တိုင်ပင်ရမယ်.. '
ယန်မိသားစုက ငပျင်းများကို ကျွေးမွေးထားမည် မဟုတ်ချေ။
' ဒုတိယသားက ကျောင်းမတက်တော့ဘူးဆိုတော့ သားအကြီးလိုပဲ စားသောက်စရိတ်ကို ပေးရမယ်..အို မဟုတ်သေးပါဘူး.. နေထိုင်ခရော ကျန်သေးတယ်..'
...
ယန်ကျီဝမ် ပြန်နိုးလာသည့် အချိန်တွင် ညနေစောင်းသို့ ရောက်ရှိနေလေပြီ ။
ရန်ရွေ့ဟွားက ညစာ ပြင်ဆင်နေ၏။
ယန်ကျီဝမ် မီးဖိုချောင်သို့ သွားသည့်အခါ ရန်ရွေ့ဟွားက ပြောင်းဖူးပေါင်းများကို ပေါင်းထားပြီး ဖြစ်သည်။
သူ ဖွင့်ကြည့်လိုက်ပြီး ကျေနပ်အားရစွာဖြင့် ခေါင်းငြိမ့်လိုက်မိသည်။
မိခင်ဖြစ်သူက သူ၏ စကားကို နားထောင်ပြီး ယနေ့ညအတွက် အနည်းငယ် ပိုမိုပြုလုပ်ထားပေးသည်။
ရန်ရွေ့ဟွားက ယန်ကျီဝမ် ဝင်လာသည်ကို မြင်သောအခါ ဘာမှမပြောဘဲ မျက်စောင်းတစ်ချက်သာ ထိုးလိုက်ပြီး မီးဖိုချောင်ထဲမှ ထွက်သွားသည်။
ယန်ကျီဝမ်က ဂရုမစိုက်တော့ဘဲ ငါး၏ ကလီစာများကို သန့်ရှင်းရေးလုပ်ကာ ချက်ပြုတ်ရန် ပြင်ဆင်တော့သည်။
သူ ယနေ့ညတွင် ငါးစွပ်ပြုတ်တစ်ခွက် ပြုလုပ်ရန် စီစဉ်ထားသည်။
သူ၏ အမေဖြစ်သူကဲ့သို့ ရိုးရိုးရှင်းရှင်း ငါးပြုတ်ရုံမျှ မဟုတ်ဘဲ ခေတ်သစ်ကာလတွင် အသုံးပြုသည့် နည်းလမ်းကို အသုံးပြုမည် ဖြစ်သည်။
ဟင်းခတ်အမွှေးအကြိုင်များနှင့် ပတ်သက်၍မူ မလုံလောက်သော်လည်း ကံကောင်းထောက်မစွာဖြင့် စနစ်အမှတ်အရောင်းဆိုင်အတွင်း၌ အချို့ရှိနေသဖြင့် အဆင်ပြေအောင် ဖန်တီး၍ ရနိုင်ပေသည်။
သူသည် ပရော်ဖက်ရှင်နယ် စားဖိုမှူးတစ်ဦး မဟုတ်သော်လည်း သူ၏ ယခင်ဘဝတွင် ချက်ပြုတ်ခြင်းကို များစွာ လုပ်ဆောင်ခဲ့ဖူး၏။
ဤသည်က ရိုးရိုးရှင်းရှင်း ငါးပြုတ်ခြင်းထက်စာလျှင် ပိုမို အရသာရှိနေမည်မှာ သေချာလှသည်။
ကောင်းမွန်သော အစားအစာကို စားနိုင်ရန်အတွက် ယန်ကျီဝမ်သည် အမှန်တကယ်ပင် စိတ်နှစ်မြှုပ်၍ အားထုတ်နေပေတော့သည်။