← Chapters

အခန်း ၂၇-၂၈

Vol. 3 Ch. 27-28

အခန်း ၂၇-၂၈

Vol. 3 Ch. 27-28

Chapter 27+28

~

အခန်း ၂၇+၂၈ : ငါးအစပ် စွပ်ပြုတ်

~

​ယန်မိသားစုအိမ်...

​ရန်ရွေ့ဟွားသည် အိမ်ရှေ့ဝင်ပေါက်တွင် ဂဏာမငြိမ် ထိုင်နေပြီး မီးဖိုချောင်ထဲသို့ မကြာခဏ လှမ်းကြည့်ကာ မျက်နှာတစ်ခုလုံးတွင် နှမြောဟန်က အတိုင်းသားပေါ်လွင်နေသည်။

​မီးဖိုချောင်ထဲမှ လွင့်ပျံလာသော မွှေးရနံ့များက ဆီနံ့သက်သက်သာ မည်သို့ ဖြစ်နိုင်ပါမည်နည်း။ ထိုသည်က ပိုက်ဆံအခိုးအငွေ့ များသာ ဖြစ်သည်။

​အချိန်ကိုက်ပင်။

ထိုအချိန်၌ ယန်ဖူကွေ့သည် အလုပ်မှ ပြန်လာပြီး အိမ်ရှေ့တွင် ထိုင်နေသော ရန်ရွေ့ဟွားကို မြင်တွေ့ရသဖြင့် အံ့သြသွားပြီး မေးလိုက်သည်။

​"မိန်းမ.. ဒီအချိန်ကြီးအထိ ထမင်းမချက်သေးဘဲ ဒီမှာ ဘာထိုင်လုပ်နေတာလဲ.."

​"ဟမ်... နေဦး..ဒါ ဝက်ဆီနံ့ပဲ..ဘယ်သူ အထဲမှာ ချက်နေတာလဲ.."

​​ဤခေတ်ကာလတွင် ဝက်ဆီမှာ ရှားပါးလှသော ပစ္စည်း ဖြစ်၍ ယန်ဖူကွေ့က ထိုအနံ့ကို ချက်ချင်းပင် မှတ်မိလိုက်သည်။

​"အဘိုးကြီးယန်.. နောက်ဆုံးတော့ ရှင် ပြန်လာပြီ.. မြန်မြန်သွားပြီး ကျွန်မတို့ ဒုတိယသားကို ပြောပါဦး.. ကျွန်မ သူ့ကို မနိုင်တော့ဘူး.."

​ရန်ရွေ့ဟွားက ခင်ပွန်းဖြစ်သူ ပြန်လာသည်ကို မြင်လျှင် သူမအောင့်ထားရသည်များကို ချက်ချင်းပင် သွန်ချလိုက်တော့သည်။

​သူမ မနေ့ညက ကြော်ထားသည့် ဆီအနည်းငယ်ကို နှစ်သစ်ကူးအချိန်အထိ သိမ်းဆည်းထားရန် မူလက ရည်ရွယ်ထားခဲ့သော်လည်း မျှော်လင့်မထားဘဲ ဒုတိယသား မီးဖိုချောင်ထဲသို့ ဝင်သွားသည်နှင့် တစ်ပြိုင်နက် ဆီ အကုန်လုံး ဖြုန်းတီးပစ်လိုက်၏။ဤသည်က သူမ၏ နှလုံးသားကို အလွန်ပင် နာကျင်စေခဲ့သည်။

​"ဟမ်..."

​ယန်ဖူကွေ့က အံ့သြတုန်လှုပ်စွာဖြင့် ...

​"ငါတို့ ဒုတိယသားက ဟင်းချက်နေတာလား.. ဒီကောင်လေးက ဘယ်တုန်းက ဟင်းချက်တတ်သွားတာလဲ..ငါ ဘာလို့မသိရတာလဲ..ဒါနဲ့ နေဦး.. အနံ့က တော်တော်လေး မွှေးတာပဲ..ဒီနေ့ညတော့ ငါတို့ ဟင်းကောင်းကောင်း စားရတော့မယ် ထင်တယ်.."

​ထိုသို့ပြောပြီးနောက် ယန်ဖူကွေ့က ပြုံးပင် ပြုံးလိုက်သေးသည်။

​ယန်ကျီဝမ်၏ မူလခန္ဓာကိုယ်ပိုင်ရှင်မှာ ဤအသက်အရွယ်ရောက်သည့်အထိ တစ်ခါမှ ဟင်းမချက်ဖူးပေ။

​သူက ပြောင်းဖူးမှုန့်​များကို ပေါင်းရုံသာ လုပ်တက်သော်လည်း ရန်ရွေ့ဟွားက လုပ်ခွင့်မပြုခဲ့ချေ။

​"ရှင်က ရယ်နိုင်သေးတယ်ပေါ့.."

​ရန်ရွေ့ဟွားက မကျေမနပ်ဖြင့် ပြောသည်။

​"ကျွန်မတို့ ဒုတိယသားရဲ့ ဟင်းချက်တဲ့ နည်းလမ်းနဲ့ဆိုရင် ဒီအိမ်မှာ ရှိတဲ့ ဆီနဲ့ ဆားက ဘယ်လောက်တောင် ရှိလို့ သူ့ရဲ့ ဖြုန်းတီးမှုကို ခံနိုင်မှာလဲ..ငါးတစ်ကောင် ချက်တာကို ဆီတွေ အများကြီး သုံးရုံတင်မကဘူး.. ပဲငံပြာရည်တွေကိုလည်း အများကြီး လောင်းထည့်လိုက်သေးတယ်.. အိုတော်... ပြောလေလေ ရင်ထဲက ပိုပြီး နာကျင်လေလေပဲ.."

​သူမ မီးဖိုချောင်ထဲတွင် ရှိမနေသော်လည်း သူမ၏ မျက်လုံးများကမူ ထိုနေရာသို့ အမြဲတစေ စိုက်ကြည့်နေခဲ့၏။ ဒုတိယသားက ဟင်းခတ်အမွှေးအကြိုင်များကို တစ်ခါသုံးလျှင် လက်တစ်ဆုပ်စာခန့် အများကြီး ယူနေသည်ကို မြင်ရသည့် အကြိမ်တိုင်းတွင် သူမ၏ ရင်ထဲ၌ အလွန်နာကျင်ရသည်။

​သူမသည် ခင်ပွန်းဖြစ်သူ ပြန်လာသည့်အခါ ဒုတိယသားကို သွားရောက်ပြောဆိုခိုင်းရန် မူလက တွေးထားခဲ့သော်လည်း သူက ယခုအချိန်အထိ နောက်ပြောင်ရန် စိတ်ကူးရှိနေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။

​"အင်း..."

​ယန်ဖူကွေ့က ခဏတာ စဥ်းစားပြီးနောက် မေးလိုက်သည်။

​"ငါတို့ ဒုတိယသားက ဘာပြောလဲ.."

​ဤသို့မေးလိုက်ခြင်းမှာ မနေ့ညက ယန်ကျီဝမ်၏ ကောင်းမွန်သော စွမ်းဆောင်ရည်ကြောင့် ဖြစ်သည်။ မဟုတ်ပါက ယန်ဖူကွေ့သည် အထဲသို့ ဝင်ရောက်ကာ ဆုံးမသြဝါဒ ပေးပြီးဖြစ်ပေလိမ့်မည်။

​ရန်ရွေ့ဟွားက ဒေါသတကြီးဖြင့် ...

​"သူက အခြားဘာပြောဦးမှာလဲ..နောက်ခါကျရင် မိသားစုမှာ ဘာပဲလိုလို သူ့ဘာသာသူ နည်းလမ်းရှာပါ့မယ်တဲ့.. သူက နေ့ခင်းတုန်းကတောင် ပြောင်းဖူးမှုန့် ဆယ်ကျင်း သယ်လာသေးတယ်..ပြီးတော့ စတုတ္ထနဲ့ ပဉ္စမကလေး ဗိုက်ပြည့်အောင် စားနိုင်ဖို့အတွက် တစ်နပ်ကို ပြောင်းဖူးပေါင်းတစ်ခုစီ ပိုပြီး လုပ်ပေးပါတဲ့.."

​ယန်ဖူကွေ့က ခေါင်းညိမ့်လိုက်သည်။

​"ကောင်းပြီ..ငါ နားလည်ပြီ.."

​"...."

​ရန်ရွေ့ဟွားက ဇဝေဇဝါဖြစ်သွားသောအမူအရာဖြင့် သူ့ကို ကြည့်လိုက်မိသည်။

' ဒါပဲလား.. ဒီလောက်ပဲလား..'

​သူမက အံ့သြတုန်လှုပ်စွာဖြင့် ထပ်မံအတည်ပြုလိုက်သည်။

​"အဘိုးကြီးယန်..ရှင့်မှာ အခြားပြောစရာ မရှိတော့ဘူးလား.."

​"ဘာပြောရမှာလဲ.."

​ယန်ဖူကွေ့က နားမလည်ဟန်ဖြင့် မေးသည်။

​"ငါတို့ ဒုတိယသားက သူ့ဘာသာသူ နည်းလမ်းရှာမယ်လို့ ပြောထားတာပဲ မဟုတ်လား.."

​"သူပြောတာကို ရှင်က ယုံနေတာလား.."

​ရန်ရွေ့ဟွားက မကျေမနပ် ညည်းညူသည်။

​"သူ့မှာ အလုပ်တောင် မရှိတာ..အဲ့ဒါတွေကို သူ ဘယ်ကနေ ရမှာလဲ.. ငါးမျှားတာ သက်သက်နဲ့တင် ရမှာမလို့လား..."

"ဟားဟားဟား...."

​ယန်ဖူကွေ့က တဟားဟား ရယ်မောလိုက်ပြီး...

​"ငါတို့ ဒုတိယသားက တကယ်ပဲ အမြော်အမြင်ရှိပါတယ်.. ငါ သူ့အပေါ် မျှော်လင့်ချက် အများကြီး ထားထားတယ်..ဒါနဲ့ မိန်းမ ဒီနေ့ ဒုတိယသား ငါးမျှားလို့ ပိုက်ဆံ ဘယ်လောက် ရခဲ့လဲ.."

​"ကျွန်မ ဘယ်လိုလုပ် သိမှာလဲ.."

​ထိုအကြောင်းကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ရန်ရွေ့ဟွား၏ မျက်နှာက မဲမှောင်သွားသည်။

​"ဒီအကြောင်းကို ပြောရင်ပဲ ကျွန်မ ဒေါသထွက်တယ်..နေ့ခင်းတုန်းက သူ့ဆီကနေ ပိုက်ဆံတောင်းတာကို သူ ကျွန်မကို တစ်ပြားမှ မပေးဘူး.."

​"အင်း... ကြည့်ရတာ ငါတို့ ဒုတိယသားက ဒီနေ့ ငါးတွေ အများကြီး ဖမ်းမိခဲ့ပုံပဲ.."

​ယန်ဖူကွေ့က ဇနီးဖြစ်သူ၏ မကျေမနပ်ဖြစ်မှုကို ဂရုမစိုက်ဘဲ ခေါင်းညိမ့်လိုက်သည်။

ပြောင်းဖူးမှုန့် ၁၀ကျင်းကို ဝယ်ယူနိုင်ခဲ့ရုံတင်မက ယခုကဲ့သို့ ပြတ်သားသော စကားမျိုးကိုပါ ပြောဆိုရဲသဖြင့် ဒုတိယသား ငါးရောင်းရသော ပိုက်ဆံက နည်းမည်မထင်ရ။

​ထိုကောင်လေးက ငါးကို မည်ကဲ့သို့ ဖမ်းယူသည်ကိုလည်း သူ စိတ်ဝင်စားလာမိသည်။

​မဖြစ်ချေ။ ပိတ်ရက်ရောက်သည့်အခါ သူလည်း ဒတိယသားနှင့်အတူလိုက်ရန် ဆုံးဖြတ်လိုက်တော့သည် ။

​ လူတစ်ယောက် ပိုလာခြင်းက ပိုက်ဆံပိုမို ရရှိနိုင်သည် မဟုတ်ပါလော။

​ယန်ဖူကွေ့ စိတ်ပိုင်းဖြတ်လိုက်တော့သည်။

​ဇနီးဖြစ်သူ ပေါက်ကွဲလုနီးပါး ဖြစ်နေသည်ကို မြင်သောအခါ ယန်ဖူကွေ့က ပြုံး၍ နှစ်သိမ့်လိုက်သည်။

​"ကဲပါ.. ငါတို့ ဒုတိယသားက ငါးမျှားလို့ ပိုက်ဆံအများကြီး ရှာနိုင်ခဲ့တာ နေမှာပေါ့.. မဟုတ်ရင် သူ ဒီလိုမျိုး ပြတ်ပြတ်သားသား ပြောရဲမှာ မဟုတ်ဘူး.."

​"ပြီး​တေ့ ဒုတိယသားက ဒီလိုမျိုး တာဝန်ယူလာတာက မိသားစုအတွက်လည်း ကောင်းတဲ့အရာပဲဥစ္စာ.. ဒီနှစ်ရက်အတွင်းမှာတင် မိသားစုရဲ့ စားသောက်မှုပုံစံက သိသိသာသာ တိုးတက်လာပြီး ငါတို့လည်း ကောင်းချီးတွေကို ခံစားနေရတာပဲ မလား.."

​"ကျွန်မကတော့ အဲ့ကလေး ပိုက်ဆံတွေ စည်းကမ်းမဲ့ သုံးပစ်မှာကိုပဲ စိုးရိမ်တာ.."

​ရန်ရွေ့ဟွားက မကျေမနပ် ညည်းညူလိုက်ပြီးနောက် အဓိက အကြောင်းအရာကို သတိရသွားသဖြင့် တိုးတိုးကပ်၍ ပြောလိုက်သည်။

​"အဘိုးကြီးယန်..ကြည့်ဦး..အခု ဒုတိယသားက ပိုက်ဆံရှာနိုင်ပြီဆိုတော့ သူရဲ့ စားသောက်စရိတ် ဝေစုကိစ္စ စကားပြောသင့်တယ် မလား.."

​"အင်း... အဲဒါက အရေးကြီးတယ်.."

​ယန်ဖူကွေ့ ခေါင်းညိတ်လိုက်ပြီး ခဏစဥ်းစားကာ ပြောလိုက်သည်။

​"ဒါဆိုရင် ဒီနေ့ည ထမင်းစားပြီးတဲ့အခါ ဒုတိယသားရဲ့ ကိစ္စကို ဆွေးနွေးဖို့အတွက် မိသားစုအစည်းအဝေးတစ်ခု လုပ်ကြတာပေါ့.."

​ထိုအခါမှသာ ရန်ရွေ့ဟွားအနေဖြင့် လက်လျှော့လိုက်တော့သည်။

​ထိုအချိန်တွင် ယန်ကျီဝမ်သည် ဟင်းအိုးကို စားပွဲပေါ်သို့ သယ်ဆောင်လာခဲ့ပြီး တံခါးဝရှိ မိဘနှစ်ပါးအား လှမ်းအော်ပြောလိုက်သည်။

​"အဖေ.. အမေ..ထမင်းစားလို့ ရပါပြီ.."

​"အေးအေးသား လာပြီ.."

​ယန်ဖူကွေ့က ပြန်ထူးကာ အိမ်ထဲသို့ ဝင်သွားသည်။

​"စတုတ္ထ.. ပဉ္စမ..အိမ်ပြန်လာပြီး ထမင်းစားကြတော့.."

​ရန်ရွေ့ဟွားကလည်း ဝင်းထဲသို့ လှမ်းအော်လိုက်ပြီးနောက် အိမ်ထဲသို့ ဝင်သွားသည်။

​မကြာမီပင် အငယ်ဆုံးလေးနှစ်ယောက် ပြန်ရောက်လာကြပြီး ယန်ကျီဖန့်နှင့် ယန်ကျီချန်းတို့ပင်လျှင် အချိန်ကို ကွက်တိတွက်ချက်ထားသည့်နှယ် ပြန်လည်ရောက်ရှိလာကြသည်။

​လူတိုင်း ထမင်းစားပွဲတွင် ထိုင်လိုက်ကြပြီးနောက် သူတို့၏ အကြည့်များက ထမင်းစားပွဲအလယ်ရှိ ဟင်းအိုးကြီးထံသို့ ကျရောက်သွားတော့သည်။

​ထိုဟင်းအိုးကြီးမှာ နီရဲတောက်ပြောင်နေပြီး အနံ့မှာလည်း အလွန်ပင် ဆွဲဆောင်မှု ရှိလှသည်။

​ယန်ဖူကွေ့က အံ့သြတုန်လှုပ်စွာဖြင့် မေးလိုက်၏။

​"ဒုတိယသား.. ဒါ ဘာဟင်းလဲ.. မင်း ငရုတ်သီးတွေ အများကြီး ထည့်ထားတာပဲ.."

​"ဒါကို ငရုတ်သီးငါးစွပ်ပြုတ်(စီချွမ်ဟင်းလျာ) လို့ ခေါ်ပါတယ်.. သူ့ရဲ့ ပုံပန်းသဏ္ဍာန်က နီရဲနေပေမဲ့ အရမ်း မစပ်ဘူး.. အဖေမြည်းကြည့်ပါဦး.."

​ယန်ကျီဝမ်က ပြောရင်း ယန်ဖူကွေ့အတွက် ငါးအသားလွှာတစ်ဖတ်ကို ညှပ်ပေးလိုက်သည်။

​ငါးအသားလွှာများမှာ အတော် ပါးလွှာသည်။ သူ၏ ဓားကျွမ်းကျင်မှုမှာ သာမန်မျှသာ ဖြစ်သော်လည်း သူ အစွမ်းကုန် ကြိုးစားထား၏ ။ အရသာ အလွန်ကောင်းမွန်လှသည်ကို သူကိုယ်တိုင် မြည်းစမ်းကြည့်ပြီး ဖြစ်သည်။

​ယန်ဖူကွေ့က တစ်ကိုက် ကိုက်ကြည့်လိုက်ရာ သူ၏ မျက်လုံးများ ချက်ချင်းပင် တောက်ပသွားတော့သည်။

​"အင်း... ကောင်းတာပဲ..အရသာ ရှိလိုက်တာ.. ဒုတိယသား မင်းမှာ ဒီလိုမျိုး အရည်အချင်း ရှိလိမ့်မယ်လို့ အဖေ ထင်မထားခဲ့ဘူး.. ဒါကို စောစောကတည်းက သိရင် မင်းကို ဟင်းချက်သင်ဖို့ စောစော လွှတ်လိုက်ပါတယ်.."

​ယန်ကျီဝမ်သည် ထိုစကားကြောင့် နှုတ်ခမ်းများ တုန်ရီသွား၏။

​"ဒီအဘိုးကြီး ပေါက်တက်ကရ လျှောက်ပြောနေပြန်ပြီ...'

​အကယ်၍ သူ၏ မူလခန္ဓာကိုယ်ပိုင်ရှင်က ဆန္ဒရှိခဲ့လျှင်ပင် ယန်ဖူကွေ့တွင် ထိုသို့သော အဆက်အသွယ် မရှိပေ။ ထို့အပြင် ပညာသင်ခ လက်ဆောင်များကိုလည်း ပေးချင်မည်မဟုတ် ။ တစ်ခုတည်းသော ဖြစ်နိုင်သည်က ဟယ်တာချင်း ကိုသာ အားကိုးရန်ဖြစ်သည် ။

​သို့သော် ဟယ်တာချင်း၏ ဟင်းလျာမှာ တန်မိသားစုဟင်းလျာ ဖြစ်ပြီး ထိုအရာကို သင်ယူရန်မှာ မလွယ်ကူရုံမက အသုံးလည်း သိပ်မဝင်လှချေ။

​တန်မိသားစုဟင်းလျာ၏ ဟင်းခတ်ပစ္စည်းများမှာ အကုန်လုံးနီးပါး ဈေးကြီးလှသဖြင့် ယခုကဲ့သို့ ခေတ်ကာလမျိုးတွင် တန်ဟင်းလျာကို သင်ယူရခြင်းမှာ အခြားဟင်းလျာများထက် များစွာ ပိုမိုခက်ခဲသည်။

​နောက်ဆုံးတွင် ငတုံးကျူး ပင်လျှင် စီချွမ်ဟင်းလျာကို အများဆုံး အသုံးပြုခဲ့ရသည်။

​" အမေလည်း မြည်းစမ်းပါဦး.."

​ယန်ကျီဝမ်က ရန်ရွေ့ဟွားအတွက် နောက်ထပ်တစ်ဖတ်ကို ညှပ်ပေးလိုက်ပြီးနောက် သူ၏ စတုတ္ထနှင့် ပဉ္စမမြောက် ညီငယ်လေးနှစ်ယောက်က သူ့ကို မျှော်လင့်တကြီး ကြည့်နေသည်ကို တွေ့လိုက်ရသည်။

​ယန်ကျီဝမ်က ပြုံး၍ ကလေးနှစ်ယောက်အတွက် အရိုးနည်းသော အသားတချို့ကို ညှပ်ပေးလိုက်ရင်း သတိပေးလိုက်သည်။

​"ဖြည်းဖြည်းစားကြနော်.. အရိုးစူးမှာ သတိထား.."

​"ကျေးဇူးတင်ပါတယ် အကိုနှစ်.."

​သူ၏ အငယ်လေးနှစ်ယောက်က ကျေးဇူးတင်စကား ပြောဆိုပြီးနောက် အစားအစာထဲသို့ ခေါင်းစိုက်ကာ အားရပါးရ စားကြလေတော့သည်။

​"အစ်ကိုနှစ် ..ကျွန်တော်..."

​ယန်ကျီဖန့်က ယန်ကျီဝမ်ကို ကြည့်ရင်း စကားပြောရန် တွန့်ဆုတ်နေသည်။

​ယန်ကျီဝမ်၏ ခွင့်ပြုချက်မရှိဘဲ သူ လက်မလှုပ်ရဲချေ။

​သူသည် မူလက ဖခင်ဖြစ်သူ ညစာ ခွဲဝေပေးမည့်အချိန်ကို စောင့်ဆိုင်းရန် ရည်ရွယ်ထားခဲ့သော်လည်း ညစာကို ယန်ကျီဝမ်ကိုယ်တိုင် ချက်ပြုတ်လိမ့်မည်ဟု မျှော်လင့်မထားခဲ့။

​လွန်ခဲ့သည့် နှစ်ရက်တာ အခြေအနေအရ ဆိုလျှင် ညစာ ခွဲဝေပေးမည့်သူမှာ သူ၏ အကိုနှစ်သာ ဧကန်မုချ ဖြစ်ပေလိမ့်မည်။

​ယန်ကျီဝမ်က တည်ငြိမ်စွာပင် ပြောလိုက်သည်။

​"စားချင်ရင် မင်းဘာသာမင်း ယူစားလေ..ဘာလဲ.. ငါက မင်းအတွက် ခပ်ပေးရဦးမှာလား.."

​"မဟုတ်ပါဘူး..မလိုပါဘူး..ရ..ရပါတယ်.ကျွန်တော့်ဘာသာ ကျွန်တော် ယူစားပါ့မယ်.."

​ယန်ကျီဖန့်၏ မျက်လုံးများ တောက်ပသွားပြီး အလွန်စိတ်အားထက်သန်စွာဖြင့် သူ၏ တူကို ကိုင်မြှောက်ကာ စတင်စားသောက်တော့သည်။

​ယန်ကျီချန်းမှာမူ မျက်နှာပျက်လျက် နေရာတွင်သာ ထိုင်နေသည်။

​အထူးသဖြင့် ယန်ကျီဝမ်က သူ့ကို လုံးဝ အသိအမှတ်မပြုဘဲ ထားရှိသည်ကို မြင်ရသောအခါ သူ တောင်းဆိုရန် သိက္ခာကျသည်ဟု ခံစားရသော်လည်း အမှန်တကယ်ပင် စားချင်နေမိသည်။

​ယန်ကျီဝမ်ကလည်း သူ့ကို ဂရုစိုက်ရန် ရည်ရွယ်ချက် လုံးဝမရှိ။ သူ၏ အစားအစာကိုသာ အေးအေးလူလူ စားနေသည်။

​ငါးအောက်ခြေတွင် ယန်ကျီဝမ်သည် မုန်လာထုပ်အချို့ကိုလည်း ထည့်သွင်းပြင်ဆင်ထားသည်။ အခြားသော ဟင်းသီးဟင်းရွက်များ မရှိသဖြင့် မုန်လာထုပ်ကို အစားထိုး အသုံးပြုထားခြင်း ဖြစ်သည်။

​ထိုသည်ကို မြင်ရသောအခါ ယန်ကျီချန်း၏ မျက်နှာက ပို၍ပင် မည်းမှောင်သွားတော့သည်။

​သူသည် သူ၏ ဒေါသကို ဖြေဖျောက်သည့်နှယ် ​ပြောင်းဖူးပေါင်းကိုသာ အားရပါးရ ကိုက်ဝါးနေရုံမှတစ်ပါး အခြားမတတ်နိုင်တော့ချေ။

All Chapters