အခန်း ၂၇-၂၈
Vol. 3 Ch. 27-28
Chapter 27+28
~
အခန်း ၂၇+၂၈ : ငါးအစပ် စွပ်ပြုတ်
~
ယန်မိသားစုအိမ်...
ရန်ရွေ့ဟွားသည် အိမ်ရှေ့ဝင်ပေါက်တွင် ဂဏာမငြိမ် ထိုင်နေပြီး မီးဖိုချောင်ထဲသို့ မကြာခဏ လှမ်းကြည့်ကာ မျက်နှာတစ်ခုလုံးတွင် နှမြောဟန်က အတိုင်းသားပေါ်လွင်နေသည်။
မီးဖိုချောင်ထဲမှ လွင့်ပျံလာသော မွှေးရနံ့များက ဆီနံ့သက်သက်သာ မည်သို့ ဖြစ်နိုင်ပါမည်နည်း။ ထိုသည်က ပိုက်ဆံအခိုးအငွေ့ များသာ ဖြစ်သည်။
အချိန်ကိုက်ပင်။
ထိုအချိန်၌ ယန်ဖူကွေ့သည် အလုပ်မှ ပြန်လာပြီး အိမ်ရှေ့တွင် ထိုင်နေသော ရန်ရွေ့ဟွားကို မြင်တွေ့ရသဖြင့် အံ့သြသွားပြီး မေးလိုက်သည်။
"မိန်းမ.. ဒီအချိန်ကြီးအထိ ထမင်းမချက်သေးဘဲ ဒီမှာ ဘာထိုင်လုပ်နေတာလဲ.."
"ဟမ်... နေဦး..ဒါ ဝက်ဆီနံ့ပဲ..ဘယ်သူ အထဲမှာ ချက်နေတာလဲ.."
ဤခေတ်ကာလတွင် ဝက်ဆီမှာ ရှားပါးလှသော ပစ္စည်း ဖြစ်၍ ယန်ဖူကွေ့က ထိုအနံ့ကို ချက်ချင်းပင် မှတ်မိလိုက်သည်။
"အဘိုးကြီးယန်.. နောက်ဆုံးတော့ ရှင် ပြန်လာပြီ.. မြန်မြန်သွားပြီး ကျွန်မတို့ ဒုတိယသားကို ပြောပါဦး.. ကျွန်မ သူ့ကို မနိုင်တော့ဘူး.."
ရန်ရွေ့ဟွားက ခင်ပွန်းဖြစ်သူ ပြန်လာသည်ကို မြင်လျှင် သူမအောင့်ထားရသည်များကို ချက်ချင်းပင် သွန်ချလိုက်တော့သည်။
သူမ မနေ့ညက ကြော်ထားသည့် ဆီအနည်းငယ်ကို နှစ်သစ်ကူးအချိန်အထိ သိမ်းဆည်းထားရန် မူလက ရည်ရွယ်ထားခဲ့သော်လည်း မျှော်လင့်မထားဘဲ ဒုတိယသား မီးဖိုချောင်ထဲသို့ ဝင်သွားသည်နှင့် တစ်ပြိုင်နက် ဆီ အကုန်လုံး ဖြုန်းတီးပစ်လိုက်၏။ဤသည်က သူမ၏ နှလုံးသားကို အလွန်ပင် နာကျင်စေခဲ့သည်။
"ဟမ်..."
ယန်ဖူကွေ့က အံ့သြတုန်လှုပ်စွာဖြင့် ...
"ငါတို့ ဒုတိယသားက ဟင်းချက်နေတာလား.. ဒီကောင်လေးက ဘယ်တုန်းက ဟင်းချက်တတ်သွားတာလဲ..ငါ ဘာလို့မသိရတာလဲ..ဒါနဲ့ နေဦး.. အနံ့က တော်တော်လေး မွှေးတာပဲ..ဒီနေ့ညတော့ ငါတို့ ဟင်းကောင်းကောင်း စားရတော့မယ် ထင်တယ်.."
ထိုသို့ပြောပြီးနောက် ယန်ဖူကွေ့က ပြုံးပင် ပြုံးလိုက်သေးသည်။
ယန်ကျီဝမ်၏ မူလခန္ဓာကိုယ်ပိုင်ရှင်မှာ ဤအသက်အရွယ်ရောက်သည့်အထိ တစ်ခါမှ ဟင်းမချက်ဖူးပေ။
သူက ပြောင်းဖူးမှုန့်များကို ပေါင်းရုံသာ လုပ်တက်သော်လည်း ရန်ရွေ့ဟွားက လုပ်ခွင့်မပြုခဲ့ချေ။
"ရှင်က ရယ်နိုင်သေးတယ်ပေါ့.."
ရန်ရွေ့ဟွားက မကျေမနပ်ဖြင့် ပြောသည်။
"ကျွန်မတို့ ဒုတိယသားရဲ့ ဟင်းချက်တဲ့ နည်းလမ်းနဲ့ဆိုရင် ဒီအိမ်မှာ ရှိတဲ့ ဆီနဲ့ ဆားက ဘယ်လောက်တောင် ရှိလို့ သူ့ရဲ့ ဖြုန်းတီးမှုကို ခံနိုင်မှာလဲ..ငါးတစ်ကောင် ချက်တာကို ဆီတွေ အများကြီး သုံးရုံတင်မကဘူး.. ပဲငံပြာရည်တွေကိုလည်း အများကြီး လောင်းထည့်လိုက်သေးတယ်.. အိုတော်... ပြောလေလေ ရင်ထဲက ပိုပြီး နာကျင်လေလေပဲ.."
သူမ မီးဖိုချောင်ထဲတွင် ရှိမနေသော်လည်း သူမ၏ မျက်လုံးများကမူ ထိုနေရာသို့ အမြဲတစေ စိုက်ကြည့်နေခဲ့၏။ ဒုတိယသားက ဟင်းခတ်အမွှေးအကြိုင်များကို တစ်ခါသုံးလျှင် လက်တစ်ဆုပ်စာခန့် အများကြီး ယူနေသည်ကို မြင်ရသည့် အကြိမ်တိုင်းတွင် သူမ၏ ရင်ထဲ၌ အလွန်နာကျင်ရသည်။
သူမသည် ခင်ပွန်းဖြစ်သူ ပြန်လာသည့်အခါ ဒုတိယသားကို သွားရောက်ပြောဆိုခိုင်းရန် မူလက တွေးထားခဲ့သော်လည်း သူက ယခုအချိန်အထိ နောက်ပြောင်ရန် စိတ်ကူးရှိနေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။
"အင်း..."
ယန်ဖူကွေ့က ခဏတာ စဥ်းစားပြီးနောက် မေးလိုက်သည်။
"ငါတို့ ဒုတိယသားက ဘာပြောလဲ.."
ဤသို့မေးလိုက်ခြင်းမှာ မနေ့ညက ယန်ကျီဝမ်၏ ကောင်းမွန်သော စွမ်းဆောင်ရည်ကြောင့် ဖြစ်သည်။ မဟုတ်ပါက ယန်ဖူကွေ့သည် အထဲသို့ ဝင်ရောက်ကာ ဆုံးမသြဝါဒ ပေးပြီးဖြစ်ပေလိမ့်မည်။
ရန်ရွေ့ဟွားက ဒေါသတကြီးဖြင့် ...
"သူက အခြားဘာပြောဦးမှာလဲ..နောက်ခါကျရင် မိသားစုမှာ ဘာပဲလိုလို သူ့ဘာသာသူ နည်းလမ်းရှာပါ့မယ်တဲ့.. သူက နေ့ခင်းတုန်းကတောင် ပြောင်းဖူးမှုန့် ဆယ်ကျင်း သယ်လာသေးတယ်..ပြီးတော့ စတုတ္ထနဲ့ ပဉ္စမကလေး ဗိုက်ပြည့်အောင် စားနိုင်ဖို့အတွက် တစ်နပ်ကို ပြောင်းဖူးပေါင်းတစ်ခုစီ ပိုပြီး လုပ်ပေးပါတဲ့.."
ယန်ဖူကွေ့က ခေါင်းညိမ့်လိုက်သည်။
"ကောင်းပြီ..ငါ နားလည်ပြီ.."
"...."
ရန်ရွေ့ဟွားက ဇဝေဇဝါဖြစ်သွားသောအမူအရာဖြင့် သူ့ကို ကြည့်လိုက်မိသည်။
' ဒါပဲလား.. ဒီလောက်ပဲလား..'
သူမက အံ့သြတုန်လှုပ်စွာဖြင့် ထပ်မံအတည်ပြုလိုက်သည်။
"အဘိုးကြီးယန်..ရှင့်မှာ အခြားပြောစရာ မရှိတော့ဘူးလား.."
"ဘာပြောရမှာလဲ.."
ယန်ဖူကွေ့က နားမလည်ဟန်ဖြင့် မေးသည်။
"ငါတို့ ဒုတိယသားက သူ့ဘာသာသူ နည်းလမ်းရှာမယ်လို့ ပြောထားတာပဲ မဟုတ်လား.."
"သူပြောတာကို ရှင်က ယုံနေတာလား.."
ရန်ရွေ့ဟွားက မကျေမနပ် ညည်းညူသည်။
"သူ့မှာ အလုပ်တောင် မရှိတာ..အဲ့ဒါတွေကို သူ ဘယ်ကနေ ရမှာလဲ.. ငါးမျှားတာ သက်သက်နဲ့တင် ရမှာမလို့လား..."
"ဟားဟားဟား...."
ယန်ဖူကွေ့က တဟားဟား ရယ်မောလိုက်ပြီး...
"ငါတို့ ဒုတိယသားက တကယ်ပဲ အမြော်အမြင်ရှိပါတယ်.. ငါ သူ့အပေါ် မျှော်လင့်ချက် အများကြီး ထားထားတယ်..ဒါနဲ့ မိန်းမ ဒီနေ့ ဒုတိယသား ငါးမျှားလို့ ပိုက်ဆံ ဘယ်လောက် ရခဲ့လဲ.."
"ကျွန်မ ဘယ်လိုလုပ် သိမှာလဲ.."
ထိုအကြောင်းကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ရန်ရွေ့ဟွား၏ မျက်နှာက မဲမှောင်သွားသည်။
"ဒီအကြောင်းကို ပြောရင်ပဲ ကျွန်မ ဒေါသထွက်တယ်..နေ့ခင်းတုန်းက သူ့ဆီကနေ ပိုက်ဆံတောင်းတာကို သူ ကျွန်မကို တစ်ပြားမှ မပေးဘူး.."
"အင်း... ကြည့်ရတာ ငါတို့ ဒုတိယသားက ဒီနေ့ ငါးတွေ အများကြီး ဖမ်းမိခဲ့ပုံပဲ.."
ယန်ဖူကွေ့က ဇနီးဖြစ်သူ၏ မကျေမနပ်ဖြစ်မှုကို ဂရုမစိုက်ဘဲ ခေါင်းညိမ့်လိုက်သည်။
ပြောင်းဖူးမှုန့် ၁၀ကျင်းကို ဝယ်ယူနိုင်ခဲ့ရုံတင်မက ယခုကဲ့သို့ ပြတ်သားသော စကားမျိုးကိုပါ ပြောဆိုရဲသဖြင့် ဒုတိယသား ငါးရောင်းရသော ပိုက်ဆံက နည်းမည်မထင်ရ။
ထိုကောင်လေးက ငါးကို မည်ကဲ့သို့ ဖမ်းယူသည်ကိုလည်း သူ စိတ်ဝင်စားလာမိသည်။
မဖြစ်ချေ။ ပိတ်ရက်ရောက်သည့်အခါ သူလည်း ဒတိယသားနှင့်အတူလိုက်ရန် ဆုံးဖြတ်လိုက်တော့သည် ။
လူတစ်ယောက် ပိုလာခြင်းက ပိုက်ဆံပိုမို ရရှိနိုင်သည် မဟုတ်ပါလော။
ယန်ဖူကွေ့ စိတ်ပိုင်းဖြတ်လိုက်တော့သည်။
ဇနီးဖြစ်သူ ပေါက်ကွဲလုနီးပါး ဖြစ်နေသည်ကို မြင်သောအခါ ယန်ဖူကွေ့က ပြုံး၍ နှစ်သိမ့်လိုက်သည်။
"ကဲပါ.. ငါတို့ ဒုတိယသားက ငါးမျှားလို့ ပိုက်ဆံအများကြီး ရှာနိုင်ခဲ့တာ နေမှာပေါ့.. မဟုတ်ရင် သူ ဒီလိုမျိုး ပြတ်ပြတ်သားသား ပြောရဲမှာ မဟုတ်ဘူး.."
"ပြီးတေ့ ဒုတိယသားက ဒီလိုမျိုး တာဝန်ယူလာတာက မိသားစုအတွက်လည်း ကောင်းတဲ့အရာပဲဥစ္စာ.. ဒီနှစ်ရက်အတွင်းမှာတင် မိသားစုရဲ့ စားသောက်မှုပုံစံက သိသိသာသာ တိုးတက်လာပြီး ငါတို့လည်း ကောင်းချီးတွေကို ခံစားနေရတာပဲ မလား.."
"ကျွန်မကတော့ အဲ့ကလေး ပိုက်ဆံတွေ စည်းကမ်းမဲ့ သုံးပစ်မှာကိုပဲ စိုးရိမ်တာ.."
ရန်ရွေ့ဟွားက မကျေမနပ် ညည်းညူလိုက်ပြီးနောက် အဓိက အကြောင်းအရာကို သတိရသွားသဖြင့် တိုးတိုးကပ်၍ ပြောလိုက်သည်။
"အဘိုးကြီးယန်..ကြည့်ဦး..အခု ဒုတိယသားက ပိုက်ဆံရှာနိုင်ပြီဆိုတော့ သူရဲ့ စားသောက်စရိတ် ဝေစုကိစ္စ စကားပြောသင့်တယ် မလား.."
"အင်း... အဲဒါက အရေးကြီးတယ်.."
ယန်ဖူကွေ့ ခေါင်းညိတ်လိုက်ပြီး ခဏစဥ်းစားကာ ပြောလိုက်သည်။
"ဒါဆိုရင် ဒီနေ့ည ထမင်းစားပြီးတဲ့အခါ ဒုတိယသားရဲ့ ကိစ္စကို ဆွေးနွေးဖို့အတွက် မိသားစုအစည်းအဝေးတစ်ခု လုပ်ကြတာပေါ့.."
ထိုအခါမှသာ ရန်ရွေ့ဟွားအနေဖြင့် လက်လျှော့လိုက်တော့သည်။
ထိုအချိန်တွင် ယန်ကျီဝမ်သည် ဟင်းအိုးကို စားပွဲပေါ်သို့ သယ်ဆောင်လာခဲ့ပြီး တံခါးဝရှိ မိဘနှစ်ပါးအား လှမ်းအော်ပြောလိုက်သည်။
"အဖေ.. အမေ..ထမင်းစားလို့ ရပါပြီ.."
"အေးအေးသား လာပြီ.."
ယန်ဖူကွေ့က ပြန်ထူးကာ အိမ်ထဲသို့ ဝင်သွားသည်။
"စတုတ္ထ.. ပဉ္စမ..အိမ်ပြန်လာပြီး ထမင်းစားကြတော့.."
ရန်ရွေ့ဟွားကလည်း ဝင်းထဲသို့ လှမ်းအော်လိုက်ပြီးနောက် အိမ်ထဲသို့ ဝင်သွားသည်။
မကြာမီပင် အငယ်ဆုံးလေးနှစ်ယောက် ပြန်ရောက်လာကြပြီး ယန်ကျီဖန့်နှင့် ယန်ကျီချန်းတို့ပင်လျှင် အချိန်ကို ကွက်တိတွက်ချက်ထားသည့်နှယ် ပြန်လည်ရောက်ရှိလာကြသည်။
လူတိုင်း ထမင်းစားပွဲတွင် ထိုင်လိုက်ကြပြီးနောက် သူတို့၏ အကြည့်များက ထမင်းစားပွဲအလယ်ရှိ ဟင်းအိုးကြီးထံသို့ ကျရောက်သွားတော့သည်။
ထိုဟင်းအိုးကြီးမှာ နီရဲတောက်ပြောင်နေပြီး အနံ့မှာလည်း အလွန်ပင် ဆွဲဆောင်မှု ရှိလှသည်။
ယန်ဖူကွေ့က အံ့သြတုန်လှုပ်စွာဖြင့် မေးလိုက်၏။
"ဒုတိယသား.. ဒါ ဘာဟင်းလဲ.. မင်း ငရုတ်သီးတွေ အများကြီး ထည့်ထားတာပဲ.."
"ဒါကို ငရုတ်သီးငါးစွပ်ပြုတ်(စီချွမ်ဟင်းလျာ) လို့ ခေါ်ပါတယ်.. သူ့ရဲ့ ပုံပန်းသဏ္ဍာန်က နီရဲနေပေမဲ့ အရမ်း မစပ်ဘူး.. အဖေမြည်းကြည့်ပါဦး.."
ယန်ကျီဝမ်က ပြောရင်း ယန်ဖူကွေ့အတွက် ငါးအသားလွှာတစ်ဖတ်ကို ညှပ်ပေးလိုက်သည်။
ငါးအသားလွှာများမှာ အတော် ပါးလွှာသည်။ သူ၏ ဓားကျွမ်းကျင်မှုမှာ သာမန်မျှသာ ဖြစ်သော်လည်း သူ အစွမ်းကုန် ကြိုးစားထား၏ ။ အရသာ အလွန်ကောင်းမွန်လှသည်ကို သူကိုယ်တိုင် မြည်းစမ်းကြည့်ပြီး ဖြစ်သည်။
ယန်ဖူကွေ့က တစ်ကိုက် ကိုက်ကြည့်လိုက်ရာ သူ၏ မျက်လုံးများ ချက်ချင်းပင် တောက်ပသွားတော့သည်။
"အင်း... ကောင်းတာပဲ..အရသာ ရှိလိုက်တာ.. ဒုတိယသား မင်းမှာ ဒီလိုမျိုး အရည်အချင်း ရှိလိမ့်မယ်လို့ အဖေ ထင်မထားခဲ့ဘူး.. ဒါကို စောစောကတည်းက သိရင် မင်းကို ဟင်းချက်သင်ဖို့ စောစော လွှတ်လိုက်ပါတယ်.."
ယန်ကျီဝမ်သည် ထိုစကားကြောင့် နှုတ်ခမ်းများ တုန်ရီသွား၏။
"ဒီအဘိုးကြီး ပေါက်တက်ကရ လျှောက်ပြောနေပြန်ပြီ...'
အကယ်၍ သူ၏ မူလခန္ဓာကိုယ်ပိုင်ရှင်က ဆန္ဒရှိခဲ့လျှင်ပင် ယန်ဖူကွေ့တွင် ထိုသို့သော အဆက်အသွယ် မရှိပေ။ ထို့အပြင် ပညာသင်ခ လက်ဆောင်များကိုလည်း ပေးချင်မည်မဟုတ် ။ တစ်ခုတည်းသော ဖြစ်နိုင်သည်က ဟယ်တာချင်း ကိုသာ အားကိုးရန်ဖြစ်သည် ။
သို့သော် ဟယ်တာချင်း၏ ဟင်းလျာမှာ တန်မိသားစုဟင်းလျာ ဖြစ်ပြီး ထိုအရာကို သင်ယူရန်မှာ မလွယ်ကူရုံမက အသုံးလည်း သိပ်မဝင်လှချေ။
တန်မိသားစုဟင်းလျာ၏ ဟင်းခတ်ပစ္စည်းများမှာ အကုန်လုံးနီးပါး ဈေးကြီးလှသဖြင့် ယခုကဲ့သို့ ခေတ်ကာလမျိုးတွင် တန်ဟင်းလျာကို သင်ယူရခြင်းမှာ အခြားဟင်းလျာများထက် များစွာ ပိုမိုခက်ခဲသည်။
နောက်ဆုံးတွင် ငတုံးကျူး ပင်လျှင် စီချွမ်ဟင်းလျာကို အများဆုံး အသုံးပြုခဲ့ရသည်။
" အမေလည်း မြည်းစမ်းပါဦး.."
ယန်ကျီဝမ်က ရန်ရွေ့ဟွားအတွက် နောက်ထပ်တစ်ဖတ်ကို ညှပ်ပေးလိုက်ပြီးနောက် သူ၏ စတုတ္ထနှင့် ပဉ္စမမြောက် ညီငယ်လေးနှစ်ယောက်က သူ့ကို မျှော်လင့်တကြီး ကြည့်နေသည်ကို တွေ့လိုက်ရသည်။
ယန်ကျီဝမ်က ပြုံး၍ ကလေးနှစ်ယောက်အတွက် အရိုးနည်းသော အသားတချို့ကို ညှပ်ပေးလိုက်ရင်း သတိပေးလိုက်သည်။
"ဖြည်းဖြည်းစားကြနော်.. အရိုးစူးမှာ သတိထား.."
"ကျေးဇူးတင်ပါတယ် အကိုနှစ်.."
သူ၏ အငယ်လေးနှစ်ယောက်က ကျေးဇူးတင်စကား ပြောဆိုပြီးနောက် အစားအစာထဲသို့ ခေါင်းစိုက်ကာ အားရပါးရ စားကြလေတော့သည်။
"အစ်ကိုနှစ် ..ကျွန်တော်..."
ယန်ကျီဖန့်က ယန်ကျီဝမ်ကို ကြည့်ရင်း စကားပြောရန် တွန့်ဆုတ်နေသည်။
ယန်ကျီဝမ်၏ ခွင့်ပြုချက်မရှိဘဲ သူ လက်မလှုပ်ရဲချေ။
သူသည် မူလက ဖခင်ဖြစ်သူ ညစာ ခွဲဝေပေးမည့်အချိန်ကို စောင့်ဆိုင်းရန် ရည်ရွယ်ထားခဲ့သော်လည်း ညစာကို ယန်ကျီဝမ်ကိုယ်တိုင် ချက်ပြုတ်လိမ့်မည်ဟု မျှော်လင့်မထားခဲ့။
လွန်ခဲ့သည့် နှစ်ရက်တာ အခြေအနေအရ ဆိုလျှင် ညစာ ခွဲဝေပေးမည့်သူမှာ သူ၏ အကိုနှစ်သာ ဧကန်မုချ ဖြစ်ပေလိမ့်မည်။
ယန်ကျီဝမ်က တည်ငြိမ်စွာပင် ပြောလိုက်သည်။
"စားချင်ရင် မင်းဘာသာမင်း ယူစားလေ..ဘာလဲ.. ငါက မင်းအတွက် ခပ်ပေးရဦးမှာလား.."
"မဟုတ်ပါဘူး..မလိုပါဘူး..ရ..ရပါတယ်.ကျွန်တော့်ဘာသာ ကျွန်တော် ယူစားပါ့မယ်.."
ယန်ကျီဖန့်၏ မျက်လုံးများ တောက်ပသွားပြီး အလွန်စိတ်အားထက်သန်စွာဖြင့် သူ၏ တူကို ကိုင်မြှောက်ကာ စတင်စားသောက်တော့သည်။
ယန်ကျီချန်းမှာမူ မျက်နှာပျက်လျက် နေရာတွင်သာ ထိုင်နေသည်။
အထူးသဖြင့် ယန်ကျီဝမ်က သူ့ကို လုံးဝ အသိအမှတ်မပြုဘဲ ထားရှိသည်ကို မြင်ရသောအခါ သူ တောင်းဆိုရန် သိက္ခာကျသည်ဟု ခံစားရသော်လည်း အမှန်တကယ်ပင် စားချင်နေမိသည်။
ယန်ကျီဝမ်ကလည်း သူ့ကို ဂရုစိုက်ရန် ရည်ရွယ်ချက် လုံးဝမရှိ။ သူ၏ အစားအစာကိုသာ အေးအေးလူလူ စားနေသည်။
ငါးအောက်ခြေတွင် ယန်ကျီဝမ်သည် မုန်လာထုပ်အချို့ကိုလည်း ထည့်သွင်းပြင်ဆင်ထားသည်။ အခြားသော ဟင်းသီးဟင်းရွက်များ မရှိသဖြင့် မုန်လာထုပ်ကို အစားထိုး အသုံးပြုထားခြင်း ဖြစ်သည်။
ထိုသည်ကို မြင်ရသောအခါ ယန်ကျီချန်း၏ မျက်နှာက ပို၍ပင် မည်းမှောင်သွားတော့သည်။
သူသည် သူ၏ ဒေါသကို ဖြေဖျောက်သည့်နှယ် ပြောင်းဖူးပေါင်းကိုသာ အားရပါးရ ကိုက်ဝါးနေရုံမှတစ်ပါး အခြားမတတ်နိုင်တော့ချေ။