အခန်း ၃၁-၃၂
Vol. 4 Ch. 31-32
Chapter 31+32
~
အခန်း ၃၁+၃၂ : ကြောက်လန့်သွားခြင်း...
~
" ဒါက.. "
ယန်ဖူကွေ့ ဘာပြန်ပြောရမည်ကို ချက်ချင်း မသိတော့ဘဲ ဆွံ့အသွားလေသည် ။
ထိုသည်ကို မြင်သောအခါ ရန်ရွေ့ဟွားက မကျေမနပ်ဖြင့် ဆူပူလိုက်သည် ။
" ဒုတိယသား.. မင်းအဖေကို ဘယ်လိုတွေ ပြောနေတာလဲ.. မင်းတို့ကို ကျွေးဖို့ ပိုက်ဆံရှာရတာ လွယ်တယ်များ မှတ်နေလား.. "
" သူသာ သေချာ မတွက်ချက်ရင် မင်းတို့တွေ အစောကြီးကတည်းက ငတ်သေနေလောက်ပြီ.. ဒီလောက်တောင် ကြီးလာပါ့မလား.. "
ယန်ကျီဝမ်က နှစ်သိမ့်လိုက်သည် ။
" အမေ.. စိတ်မတိုပါနဲ့ဦး.. ကျွန်တော် တခြား သဘောနဲ့ ပြောတာ မဟုတ်ပါဘူး.. မိသားစုတစ်စုဆိုတာ အရာအားလုံးကို အတိအကျကြီး တွက်ချက်နေဖို့ မလိုဘူးလို့ ပြောချင်ရုံပါ.. "
" ကိုယ့်အိမ်မှာ ကိုယ်နေတာတောင် ပိုက်ဆံပေးရတယ် ဆိုတာကလေ.. သိတဲ့သူတွေက မိသားစုလို့ ပြောကြပေမဲ့ မသိတဲ့သူတွေက အိမ်ငှားတွေလို့ ထင်ကုန်ကြမှာ.. "
ယန်ကျီဝမ်သည် ထိုနောက်ဆုံးစကားကို ယန်ဖူကွေ့အား ကြည့်ပြီး ပြောလိုက်ခြင်း ဖြစ်သည် ။
ယန်ဖူကွေ့၏ မျက်နှာအမူအရာမှာ အဆက်မပြတ် ပြောင်းလဲသွားတော့သည် ။
ယန်ကျီဝမ်၏ စကားများက နားဝင်ဆိုးသော်လည်း မှန်ကန်သော စကား ဆိုသည်မှာ အမြဲတမ်း နားထောင်ရ ခက်ခဲသည် ။
သူ စကားမပြောသည်ကို မြင်လိုက်ရသဖြင့် ယန်ကျီဝမ်က မီးလောင်ရာ လေပင့်လိုက်၏ ။
" အဖေ.. ခြံဝင်းထဲက လူတွေ အဖေ့အကြောင်း ဘာပြောနေကြလဲဆိုတာ အဖေ သိရဲ့လား.. "
ယန်ဖူကွေ့ နောက်ဆုံးတွင် တုံ့ပြန်လာသည် ။
" သူတို့က ဘာပြောကြလို့လဲ.. "
ယန်ကျီဝမ်က ပြုံးလိုက်ပြီး...
" သူတို့ပြောကြတာက တတိယဦးလေးရဲ့ မိသားစုမှာ ကလေးတွေ အများကြီး ရှိပေမဲ့ အိမ်မှာ စားတာ အိပ်တာကအစ ပိုက်ဆံပေးရတယ်တဲ့.. မေတ္တာဆိုတာ လုံးဝ မရှိဘူးတဲ့.. "
" သူတို့ကလေးတွေက ဒီလို ပတ်ဝန်းကျင်မှာ အကြာကြီး ကြီးပြင်းလာရတော့ ကျိန်းသေပေါက် အတုခိုးကြတော့မှာပဲတဲ့.. အသက်ကြီးလာရင် ပြုစုစောင့်ရှောက်မယ့်သူ မရှိဘဲ နေလိမ့်မယ်.. ဒါမှမဟုတ် ပိုက်ဆံပေးမှပဲ ပြုစုကြလိမ့်မယ်တဲ့.. "
" မင်း ဘယ်လို ပြောရဲတယ်.. "
ရန်ရွေ့ဟွားက ဒေါသထွက်ကာ အော်ဟစ်လိုက်သည် ။
" မင်းအဖေနဲ့ ငါက မင်းတို့ကို ငယ်ငယ်လေးကတည်းက ဒီအရွယ်ရောက်လာတဲ့အထိ ပင်ပင်ပန်းပန်း ကျွေးမွေးပြုစုလာခဲ့ရတာ.. မင်းတို့က ငါတို့ အသက်ကြီးလာရင် ပြန်မလုပ်ကျွေးဖို့တောင် စဉ်းစားထားကြတာလား.. မင်းတို့က ကျေးဇူးကန်းတဲ့ ကောင်တွေလား.. "
ယန်ကျီဝမ်က နှစ်သိမ့်လိုက်သည် ။
" အမေ.. အဲ့လောက်လည်း ဒေါသမထွက်ပါနဲ့.. ခြံဝင်းထဲက အိမ်နီးချင်းတွေ ပြောတာကို ကျွန်တော် ပြန်ပြောပြရုံပါ.. "
ယန်ဖူကွေ့က ရန်ရွေ့ဟွားအား ကြည့်လိုက်ပြီး...
" မိန်းမ.. ဒုတိယသား ပြောတာ တကယ်ပဲလား.. "
ရန်ရွေ့ဟွား ပါးစပ်ဟလိုက်သော်လည်း အသံမထွက်နိုင်တော့။
သူမသည် ခြံဝင်းထဲတွင် အမြဲလိုလို ရှိနေတတ်ပြီး အတင်းအဖျင်း စကားများ နားထောင်ရသည်ကို အနှစ်သက်ဆုံး ဖြစ်သည် ။ ယန်ကျီဝမ် ပြောခဲ့သမျှကို သူမ ကြားဖူးထားခဲ့သည်မှာ များလှလေပြီ ။
သို့သော် သူမ ထိုအကြောင်းကို သိပ်ပြီး အလေးအနက် မတွေးခဲ့ဘဲ ထိုသူများက အလကား သက်သက် အဓိပ္ပါယ်မရှိ ပြောဆိုနေကြသည်ဟုသာ ထင်မြင်ခဲ့သည် ။
မည်သို့ပင်ဆိုစေ သူမနှင့် သူမ၏ ခင်ပွန်းဖြစ်သူသည် ဤမိသားစုအတွက် ကလေးများကို ပြုစုပျိုးထောင်ရန် နှစ်ပေါင်းများစွာ ကြိုးစားပမ်းစား အလုပ်လုပ်ခဲ့ကြသည် ။ အကယ်၍ သူတို့၏ သားသမီးများက အသက်ကြီးလာချိန်တွင် ပြန်လည် မပြုစု မစောင့်ရှောက်ကြလျှင် ကျေးဇူးကန်းသော ကောင်များ ဖြစ်မသွားပေဘူးလား ။
အကယ်၍ ဤကိစ္စသာ အပြင်သို့ ပေါက်ကြားသွားပါက လူအများက သူတို့ကို လက်ညိုးဝိုင်းထိုးကြမည် မဟုတ်ပေလော ။
သူ၏ ဇနီးဖြစ်သူ၏ အမူအရာကို ကြည့်ရသည်မှာ ဤကိစ္စက အမှန်တကယ် ဖြစ်ဟန်တူနေသည် ။
ဤအချိန်တွင် ယန်ဖူကွေ့၏ စိတ်အခြေအနေမှာ အနည်းငယ် ရှုပ်ထွေးသွားတော့သည် ။
သူ၏ မိသားစုတွင် ကျွေးမွေးရမည့် လူအရေအတွက်မှာ များပြားလှသည် ။ သေချာ ဂရုတစိုက် မတွက်ချက်ဘဲ မည်သို့ ရပ်တည်နိုင်မည်နည်း ။
သို့သော် နှစ်ပေါင်းများစွာ တွက်ကပ်လာခဲ့မှုက အကျင့်တစ်ခုလို ဖြစ်သွားခဲ့ပြီး နောက်ဆုံးတွင် သူ၏ သားသမီးများနှင့်ပင် တွက်ကပ်ကာ အရာအားလုံးကို အတိအကျ တွက်ချက်လာခဲ့မိသည် ။
အကယ်၍ ဤအတိုင်းသာ ဆက်သွားနေမည်ဆိုပါက ဒုတိယသား ကြားခဲ့ရသလိုပင် အသက်ကြီးလာသည့်အခါ သူ့ကို ပြုစုစောင့်ရှောက်မည့်သူ ရှိတော့လျှင်မူ...
အကယ်၍ သူ ဖျားနာပြီး တစ်စုံတစ်ယောက်၏ ပြုစုမှုကို လိုအပ်လာသည့်အခါ သူ၏ သားသမီးများကလည်း သူ့ကို အတုခိုးပြီး ပိုက်ဆံ ပြန်တောင်းကြမည်လော ။
ထိုအရာကို တွေးမိသည်နှင့် တစ်ပြိုင်နက် ယန်ဖူကွေ့၏ မျက်နှာမှာ ဖြူလျော့သွားတော့သည် ။ ထိုမြင်ကွင်းကို တွေးကြည့်ရုံမျှဖြင့်ပင် ကြောက်မက်ဖွယ် ကောင်းလှသည် ။
ထို့အပြင် ပြောနေစရာပင် မလိုဘဲ ဤသို့ ဖြစ်လာနိုင်ခြေမှာ အလွန် မြင့်မားနေပေ၏ ။
ဥပမာအားဖြင့် သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေး ကိစ္စရပ်ပင် ဖြစ်သည် ။
သားအကြီးဆုံးကို အားကိုးရမည်လား ။
ထိုကောင်က သိပ်ပြီး ယုံကြည်အားထားစရာ မကောင်းပေ ။ သူသည် လွန်ခဲ့သော နှစ်အနည်းငယ်က အလယ်တန်းကျောင်းမှ ဘွဲ့ရခဲ့သော်လည်း သင့်လျော်သော အလုပ်တစ်ခုကို မရှာဖွေနိုင်ခဲ့ချေ ။
သူသည် ဖခင်ဖြစ်သူ၏ တွက်ကပ်တတ်သော အကျင့်ကိုလည်း အမွေရထားခဲ့ပြီး အသေးအဖွဲ ကိစ္စရပ်များကိုပင် ပြတ်ပြတ်သားသား တွက်ချက်တတ်သည် ။
ယနေ့ညက ဖြစ်ရပ်လိုမျိုးပင်။ သားအကြီးကသာ ပြဿနာ စတင် ဖန်တီးခဲ့ခြင်း ဖြစ်သည် ။
တတိယသားလား ။
ဉာဏ်မကောင်းသည့်အပြင် ပျင်းရိလှသည် ။ သူသည်လည်း အနာဂတ်တွင် သားအကြီးနှင့် အလားတူပင် ဖြစ်လာပေလိမ့်မည် ။
စတုတ္ထနှင့် ပဉ္စမတို့မှာမူ ငယ်ရွယ်သေးသဖြင့် မည်သို့ ဖြစ်လာမည်ကို မသိနိုင်သေးချေ ။
သို့သော်လည်း ဒုတိယသား ပြောခဲ့သလို မိဘများဆိုသည်မှာ ကလေးများအတွက် စံပြပုဂ္ဂိုလ်များ ဖြစ်သည်ဆိုပါက၊ ဤပတ်ဝန်းကျင်တွင် ကြီးပြင်းလာရသော စတုတ္ထနှင့် ပဉ္စမတို့သည်လည်း တွက်ကပ်သည်ကို နှစ်သက်လာကြမည်မှာ ဧကန်ပင် ။
ယခုတော့ ဒုတိယသား တစ်ယောက်တည်းသာ ကျန်ရှိတော့သည် ။
ဒုတိယသားသည် ငယ်စဉ်ကတည်းက စာဂျပိုး တစ်ယောက်ဖြစ်ခဲ့ပြီး ကြိုးစားပမ်းစား စာလေ့လာရန်သာ သိခဲ့သည် ။
သို့သော်လည်း မကြာသေးမီက တော်တော်လေး ပြောင်းလဲသွားခဲ့၏ ။ သူ၏ စရိုက်လက္ခဏာ ကြီးမားစွာ ပြောင်းလဲသွားရုံသာမက သူ၏ အပြောအဆိုမှာလည်း အလွန် ထက်မြက်လာပြီး သွက်လက်စွာ စကားပြောဆိုနိုင်လာသည် ။
သို့ရာတွင် သူ့ကို နှစ်သိမ့်မှု ပေးနိုင်သည်မှာ ဒုတိယသားသည် မိဘကျေးဇူးကို သိတတ်ပြီး မိမိ၏ ညီငယ်ညီမငယ်များကို မည်သို့ စောင့်ရှောက်ရမည်ကို နားလည်ထားခြင်းပင ။
သူသည် ရက်ရောစွာ ပြုမူတတ်ပြီး တွက်ကပ်တတ်သော အကျင့်စရိုက်ကို သဘောမကျချေ ။
အကယ်၍ သူတို့ အသက်ကြီးလာချိန်တွင် ပြုစုစောင့်ရှောက်ရန် လူတစ်ယောက်ကို ရွေးချယ်ရမည်ဆိုပါက သူသည် ဒုတိယသားအပေါ်တွင်သာ ပို၍ အကောင်းမြင်မိသည် ။
သို့သော်လည်း သူသည် ယခုလောလောဆယ်တွင် ငယ်ရွယ်သေးသဖြင့် အလောတကြီး လုပ်ရန် မလိုသေးပေ ။ သူ ဆက်လက် အကဲခတ်ရပေဦးမည် ။
ယခု အဓိက လုပ်ဆောင်ရမည့် တာဝန်မှာ လက်ရှိ ပြဿနာကို အရင်ဆုံး ဖြေရှင်းရန် ဖြစ်သည် ။
ဒုတိယသားအား နေထိုင်ခစရိတ် အကြောင်းကို ယခုလောလောဆယ် ထပ်မပြောတာ ပိုကောင်းမည်ဟု သူ တွေးလိုက်သည် ။
သူကိုယ်တိုင်လည်း ကြောက်လန့်သွားခဲ့ပြီ ဖြစ်သည် ။
ယခင်က ယန်ဖူကွေ့သည် အမြဲတမ်း သူ့ကိုယ်သူ တွက်ကပ်ရာ၌ အတော်ဆုံးဟု ခံစားခဲ့ရပြီး ထိုအတွက်ပင် ဂုဏ်ယူနေခဲ့သည် ။ ယခု ယန်ကျီဝမ်က ဤမျှ လေးနက်စွာ ပြောဆိုလာသည်ကို ကြားရသောအခါ သူ အနည်းငယ် ကြောက်လန့်သွားလေသည် ။
သို့သော်လည်း သူ့အတွက် လုံးဝ မတွက်ကပ်ဘဲ နေရန်မှာမူ မဖြစ်နိုင်ပေ ။
အလွန်ဆုံး ရှိလျှင် ဒုတိယသား၏ စကားကို နားထောင်ပြီး သူ၏ မိသားစုဝင်များနှင့် မတွက်ကပ်ဘဲ နေလိုက်မည် ဖြစ်သည် ။
သို့ရာတွင် စားသောက်စရိတ်ကိုမူ ကျိန်းသေပေါက် တောင်းဆိုရမည် ဖြစ်သည် ။ ကလေးများ ကြီးပြင်းလာသောအခါ မိဘများ၏ ဝန်ထုပ်ဝန်ပိုး အချို့ကို မျှဝေထမ်းဆောင်ပေးရန်မှာ မှန်ကန်သော အရာပင် ။
ယန်ဖူကွေ့သည် သူသေချာစဥ်းစားပြီးသောအခါ လက်ခါပြလိုက်ပြီး ...
" ကောင်းပြီ.. ဒုတိယသား စကားကိုပဲ နားထောင်လိုက်ကြတာပေါ့.. နေထိုင်ခစရိတ် ထပ်ပေးစရာ မလိုတော့ဘူး.. "
ဒုတိယသား ပြောခဲ့သလိုပင် ကိုယ်ပိုင်အိမ်တွင် နေထိုင်ပြီး ပိုက်ဆံပေးရသေးသည်မှာ အမှန်တကယ်ပင် လူ့သဘာဝ ခံစားချက် ကင်းမဲ့လွန်းလှသည် ။
အမှန်တကယ်တော့ ယန်ကျီချန်းကလည်း ထိုအကြောင်းကို ယခင်က ပြောဆိုကာ ကန့်ကွက်ခဲ့ဖူးသည် ။
သို့သော် ယန်ဖူကွေ့က အလေးအနက် မထားခဲ့ချေ ။
သို့သော်လည်း ယခုအခါတွင်မူ သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေး ကိစ္စနှင့် ပတ်သက်လာပြီ ဖြစ်ရာ ယန်ဖူကွေ့ အနေဖြင့် အလေးအနက် မထားဘဲ မနေနိုင်တော့ချေ ။
ယန်ကျီဝမ်သည်လည်း စိတ်သက်သာရာရသွားပြီး သက်ပြင်းတစ်ချက် ချလိုက်သည် ။
အတော်လေး ကြိုးစားအားထုတ်ပြီးနောက် အဆုံးတွင်တော့ ဤဈေးပေါသော ဖခင်အား သူ ဖျောင်းဖျနိုင်ခဲ့ချေပြီ ။
အကယ်၍ ယန်ဖူကွေ့သာ အတင်းအကျပ် တောင်းဆိုမည် ဆိုပါကလည်း ယန်ကျီဝမ် အနေဖြင့် မပေးနိုင်သည်တော့ မဟုတ်ပေ ။
သို့သော် သူ ယခင်က တွေးထားခဲ့သလိုပင် ယန်ဖူကွေ့သာ ဤအတိုင်း ဆက်လုပ်ရန် အတင်းအကျပ် တောင်းဆိုနေပါက သူ နောင်တွင် စကားအများကြီး ပြောနေတော့မည် မဟုတ်ဘဲ သင့်တော်သည့် အချိန်၌ အပြင်သို့ ပြောင်းရွှေ့နေပြီး ဤမိသားစုမှ ထွက်ခွာသွားမည်ဖြစ်သည် ။
" ဘာလို့လဲ.. "
ထိုအချိန်တွင် ယန်ကျီချန်းက ထပ်မံ၍ ခုန်ထွက်လာပြန်သည် ။
သူက နှာမှုတ်လိုက်ပြီး...
" ဟွမ့်..ဘာလို့ ဒုတိယကောင် ပြောတာက အတည်ဖြစ်သွားရတာလဲ.. ဒါဆို ဒီနှစ်တွေထဲမှာ ကျွန်တော် ပေးခဲ့ရတာတွေက အလကား ဖြစ်သွားတာပေါ့.. "
ယန်ဖူကွေ့က မကျေမနပ်ဖြင့် ပြောလိုက်သည် ။
" ဒုတိယသားက အရင်တုန်းက ကျောင်းတက်နေတုန်းပဲလေ.. အတူတူပဲ ဖြစ်ပါ့မလား.. "
'မင်းက ဒုတိယသားထက် အသက် နှစ်နှစ် ပိုကြီးပြီး သူ့ထက် ထမင်း နှစ်နှစ် ပိုစားခဲ့တယ်ဆိုတာကိုတောင် ထည့်မပြောရသေးဘူး ..'
" ကျွန်တော် ဂရုမစိုက်ဘူး.. ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ မိသားစုက တရားမျှတမှုကို တန်ဖိုးထားတယ်ဆို.. အဲ့ဒါ ဖေဖေ အမြဲ ပြောနေကျ စကားပဲလေ.. "
ယန်ကျီချန်းက လူဆိုးတစ်ယောက်လို ပြုမူလာတော့သည် ။
ယန်ဖူကွေ့သည်လည်း စကားမပြောနိုင်တော့ဘဲ ပြဿနာကို ယန်ကျီဝမ်ထံသို့သာ ပြန်လည် ပစ်ချလိုက်ရသည် ။
" ဒုတိယသား.. မင်း ဘယ်လို ထင်လဲ.. "
' ငါကတော့ ရပ်ပြီး ကြည့်နေရုံပဲ.. '
ယန်ကျီဝမ်၏ မျက်နှာတွင် အမည်းရောင် မျဉ်းကြောင်းများ အပြည့်ဖြစ်နေပြီး တွေးလိုက်သည် ။
' ငါက ယွမ်ဖန်း မှ မဟုတ်တာ.. ငါ့ကိုချည်းပဲ အမြဲ မေးမနေနဲ့လေ .. '
ယန်ကျီဝမ်က ခပ်ပေါ့ပေါ့ပင် ပြောလိုက်သည် ။
" ဒါဆိုလည်း အကြီးကောင်ရဲ့ ပိုက်ဆံ ပြန်ပေးလိုက်ပေါ့.. "
" ဒါတော့ မဖြစ်ဘူး.. "
ယန်ဖူကွေ့က စဉ်းစားမနေဘဲ ငြင်းလိုက်သည် ။
လာနောက်နေသည်လော။ သူက တွက်ကပ်လွန်းသည့် ယန်အဘိုးကြီး ဖြစ်သည် ။ သူ၏ လက်ထဲသို့ ရောက်လာပြီးသော ပိုက်ဆံက ပြန်ထွက်ရမည်ဆိုလျှင် ရာဇဝင် ရိုင်းချေမည် ။
" အဖေ.. ကျွန်တော့်မှာ အကြံတစ်ခု ရှိတယ်.. "
ယန်ကျီချန်းက ရုတ်တရက် စကားပြောလာသည် ။
" ပြောကြည့်လေ.. "
ယန်ကျီချန်းက...
" အဖေ.. ကျွန်တော့်ဆီမှာ နည်းလမ်း နှစ်ခု ရှိတယ်.. တစ်ခုက စားသောက်စရိတ် လျှော့ပေးဖို့ပဲ.. ဘာပဲဖြစ်ဖြစ် ဒုတိယသားနဲ့ ကျွန်တော်က အတည်တကျ အလုပ်အကိုင်မှ မရှိကြသေးတာ.. တစ်လကို ငါးယွမ်ဆိုတာက နည်းနည်း များနေတယ်.. "
ယန်ဖူကွေ့က မည်သို့မျှ တုံ့ပြန်ခြင်း မရှိဘဲ မင်သေသေဖြင့်...
" ဆက်ပြော.. "
" ဒုတိယတစ်ခုကတော့ ကျွန်တော် အိမ်ခွဲနေမယ်.. အခုကစပြီး ကျွန်တော့်ဘာသာ ကျွန်တော် စားမယ်.. ငတ်သေရင်တောင်မှ ကျွန်တော့်ကိစ္စပဲ.. "
" ပေါက်ကရတွေ.. "
ရန်ရွေ့ဟွားက ယန်ကျီချန်းကို လက်ညိုးထိုးကာ ကျယ်လောင်စွာ အော်လိုက်သည် ။
" မင်းအဖေနဲ့ ငါတောင် မသေသေးဘူး.. မင်းက အိမ်ခွဲဖို့ စဉ်းစားနေပြီလား.. အိပ်မက်တောင် မမက်နဲ့.. "
ယန်ကျီချန်းက စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည် ။
" ကျွန်တော်က အိမ်ခွဲမယ်လို့ မပြောပါဘူး.. အိမ်က အရမ်း ကျပ်နေလို့ အပြင်ထွက်နေချင်ရုံပါ.. "
" ဒီအကြောင်း ဆက်ပြောစရာ မလိုတော့ဘူး.. ငါ သဘောမတူဘူး.. "
ယန်ဖူကွေ့က လက်ကို မြှောက်ကာ အောက်သို့ ဖိချလိုက်ပြီး ယန်ကျီချန်း၏ အကြံပြုချက်ကို တိုက်ရိုက် ငြင်းပယ်လိုက်သည် ။
ဤသားအကြီးက ပါးနပ်လှသည် ။ သူက ထိုသို့လုပ်ခြင်းဖြင့် စားသောက်စရိတ် ပေးစရာ မလိုတော့ဘူးဟု ယုံကြည်ကာ အပြင်သို့ ပြောင်းရွှေ့ရန် အမှန်တကယ် စဉ်းစားနေခဲ့သည် ။ သူ တကယ့်ကို အိပ်မက်မက်နေခြင်းပင် ။
အကယ်၍ တစ်လလျှင် ငါးယွမ်စီ လျှော့ချခံရမည် ဆိုပါက ဖိအားများက သူ့အပေါ်သို့ ပြန်လည် ကျရောက်လာမည် မဟုတ်ပေလော ။
သူ ဤကိစ္စကို လုံးဝ သဘောမတူနိုင် ။