← Chapters

အခန်း ၃၃-၃၄

Vol. 4 Ch. 33-34

အခန်း ၃၃-၃၄

Vol. 4 Ch. 33-34

Chapter 33+34

~

အခန်း ၃၃+၃၄ : ယန်ဖူကွေ့ ...ဒုတိယသား.. မင်း တကယ်ပြောနေတာလား...

~

​" ဒါဆိုရင်လည်း ယန်ကျီဝမ်က ယန်ကျီဖန့်နဲ့ အတူတူ တွဲနေလိုက်ပေါ့.. "

ယန်ကျီချန်းသည် တစ်ကြိမ် ရှုံးနိမ့်သွားပြီးနောက် နောက်ထပ် အစီအစဉ်တစ်ခုကို ချက်ချင်း ထုတ်ဖော်လိုက်ပြန်သည် ။ သူက နှာမှုတ်ကာ ပြောလိုက်၏ ။

" ယန်ကျီဝမ်နဲ့ ကျွန်တော်က ပိုက်ဆံအတူတူ ပေးရတာပဲကို.. သူကျတော့ ဘာလို့ အခန်းတစ်ခန်း သီးသန့်ရပြီး ကျွန်တော်ကျတော့ ယန်ကျီဖန့်နဲ့ ဆက်တိုးနေရမှာလဲ.. ပြီးတော့ အခု ကျွန်တော့်အသက်က နှစ်ဆယ် ရှိနေပြီ.. နောက်ကျရင် ရည်းစားဘာညာ ရလာတဲ့အခါကျရင်လည်း ယန်ကျီဖန့်နဲ့ နေလို့ မဖြစ်ဘူးလေ.. "

​ထိုစကားကို ကြားလိုက်ရသောအခါ ယန်ကျီဖန့်၏ မျက်လုံးများက ရုတ်တရက် ပြူးကျယ်သွားတော့သည် ။

' အကိုနှစ်ယောက်ရဲ့ ပြဿနာက ငါ့ဆီကို ဘာလို့ မြားဦးလှည့်လာတာလဲ..'

သူက ကျောင်းတက်နေဆဲ ဖြစ်ပြီး စကားပြောပိုင်ခွင့် မရှိသည့်အပြင် ဝင်ပြောရန်လည်း မရဲသဖြင့် ဘာမှမသိသော လူတစ်ယောက်လိုသာ ငြိမ်သက်စွာ ထိုင်နေခဲ့သည် ။

​သို့သော်လည်း အစ်ကိုနှစ်နှင့် အတူတူ နေရမည်ဆိုပါက မဆိုးလှချေ ။ အစ်ကိုနှစ်နှင့် ဆက်ဆံရေး ကောင်းမွန်အောင် တည်ဆောက်ထားနိုင်လျှင် အစ်ကိုနှစ်က ကောင်းမွန်သော ပစ္စည်းများ ယူဆောင်လာသည့်အခါ သူလည်း ဝေစု ရနိုင်ပေလိမ့်မည် ။

သူက ယန်ကျီဝမ်အား မျှော်လင့်ချက် ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ကြည့်လိုက်မိသည် ။

​ယန်ဖူကွေ့က ယန်ကျီဝမ်အား ကြည့်လိုက်သော်လည်း သူ စကားမပြောရသေးခင်မှာပင် ယန်ကျီဝမ်က ငြင်းလိုက်သည်ကို မြင်လိုက်ရ၏ ။

" မဖြစ်ဘူး.. ကျွန်တော့်အခန်းက အတော်လေး ကျဉ်းနေပြီသား.. လူနှစ်ယောက် ဆံ့မှာ မဟုတ်ဘူး.. "

၎င်းက အမှန်တရားပင် ဖြစ်သည် ။

​သူတို့၏ အခန်းနှစ်ခန်းမှာ မူလက အခန်းတစ်ခန်းတည်းကိုသာ အလယ်ကနေ ကာရံထားခြင်း ဖြစ်ပြီး အစ်ကိုကြီးက ယန်ကျီဖန့်နှင့် အတူနေလိုသဖြင့် သူတို့ဘက်ကို နေရာ ပို၍ ပေးထားသည် ။

​ယန်ဖူကွေ့က စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည် ။

" ဒါလည်း မဖြစ်ဘူး.. ဟိုဟာလည်း မရဘူး.. ဒီမိသားစု အစည်းအဝေးက ဘယ်တော့မှ ပြီးမှာလဲ.. "

သူတို့ ထမင်းစားလို့ ပြီးသွားခဲ့ပြီ ဖြစ်ရာ ခဏကြာလျှင် အစာခြေရမည့် အချိန် ရောက်တော့မည် ဖြစ်သည် ။ သူ စောစောစီးစီး အိပ်ရာထဲ ဝင်လှဲချင်နေသည် ။

​ထိုခေတ်အခါက ဤသို့ပင် ဖြစ်သည် ။ ဖျော်ဖြေရေး အစီအစဉ်များ မရှိသည့်အပြင် ရိက္ခာ ရှားပါးမှုကြောင့် လူများသည် စွမ်းအင် ကုန်ဆုံးမှုကို ရှောင်ရှားရန် အိပ်ရာထဲသို့ စောစောစီးစီး ဝင်လေ့ရှိကြသည် ။

အစာကြေစေရန် လမ်းလျှောက်ထွက်ခြင်း ဆိုသည်က လုံးဝ မရှိသလောက်ပင် ။

​ယန်ကျီဝမ်က ခဏ စဉ်းစားပြီးနောက် ပြောလိုက်သည် ။

" ဖေဖေ.. အစ်ကိုကြီးကိုပဲ အပြင်ထွက်ခိုင်းလိုက်တာ ပိုကောင်းမယ် ထင်တယ်. သူပြောတာလည်း အကြောင်းပြချက် ရှိပါတယ်.. သူ အဖော်ရှာရမယ့် အရွယ် ရောက်နေပြီဆိုတော့ အိမ်မှာနေဖို့ မလွယ်တော့ဘူး.. "

​အကယ်၍ သူ မှတ်မိမမှားဘူးဆိုလျှင် ယန်ကျီချန်း အိမ်ထောင်ကျသည့်အခါ ယန်ဖူကွေ့က သူ့အတွက် ဘေးက ပြောင်းပြန်လှည့် အိမ်ခန်းကို စီစဉ်ပေးခဲ့ပြီး ယန်မိသားစုနှင့် မိန်းမဝင်ပေါက်ကြီး တစ်ခုသာ ခြားသည် ။

​ယန်ကျီချန်းက ထိုစကားကို ကြားလိုက်ရသောအခါ မျက်လုံးများ ချက်ချင်း တောက်ပသွားတော့သည် ။

သူ စိတ်ထဲတွင် တွေးလိုက်မိ၏ ။

' ဒုတိယကောင်က တော်တော်လေး အမြင်ရှိလိမ့်မယ်လို့ ငါ မထင်ထားမိဘူး.. '

​ထို့ကြောင့် သူ အလျင်အမြန်ပင် သဘောတူလိုက်သည် ။

" ဟုတ်တယ် .. ဘာပဲဖြစ်ဖြစ် ကျွန်တော်က အနှေးနဲ့အမြန် အပြင်ထွက်နေရမှာပဲလေ.. စောစောထွက်ထွက် နောက်ကျမှထွက်ထွက် အတူတူပါပဲ.. "

​ယန်ဖူကွေ့က မျက်မှောင်ကြုတ်ထားပြီး ဘာမှမပြောသော်လည်း သူ၏ အမူအရာကို ကြည့်ရုံဖြင့် ယခုကိစ္စကို သိပ်ပြီး သဘောမကျကြောင်း သိသာလှသည် ။

သားကြီးသာ အပြင်သို့ ပြောင်းရွှေ့သွားပါက စားသောက်စရိတ် တစ်စု လျော့နည်းသွားမည် ဖြစ်သည် ။

သို့သော် ဒုတိယသား ပြောခဲ့သလိုပင် သားအကြီးဆုံသည် အိမ်ထောင်ပြုရမည့် အရွယ်သို့ ရောက်ရှိနေပြီ ဖြစ်ရာ အပြင်သို့ ပြောင်းရွှေ့ရန်မှာ အချိန်တစ်ခုသာ လိုတော့သည် ။

အကယ်၍ သားကြီး အိမ်ထောင်ကျသွားပြီး ယန်ကျီဖန့်က ဒုတိယသားနှင့် အတူတူ တွဲနေမည်ဆိုလျှင်တော့ သူတို့ ဆက်၍ နေနိုင်ကြသေးသည် ။

သို့သော် ဒုတိယသား၏ အမူအရာကို ကြည့်ရသည်မှာ သဘောတူရန် လုံးဝ မဖြစ်နိုင်ချေ ။

​ယန်ဖူကွေ့ အလွန် စိတ်ရှုပ်သွားသည် ။ သူမည်သို့ ဆုံးဖြတ်ရမည်ကို မသိတော့ပေ။

​ထိုမြင်ကွင်းကို မြင်သောအခါ ယန်ကျီဝမ်က ယန်ဖူကွေ့၏ စိုးရိမ်ပူပန်မှုများကို ချက်ချင်း နားလည်သွားသည် ။

ယန်ကျီဝမ်က...

" အဖေ.. အစ်ကိုကြီး အပြင်ထွက်သွားရင်တောင်မှ သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေး ပိုက်ဆံကိုတော့ အဖေ့ကို ပေးရဦးမှာပဲ.. ဘာပဲဖြစ်ဖြစ် သူက အဖေ့သား ဖြစ်တဲ့အတွက် အဖေ့ကို အသက်ကြီးလာတဲ့အခါ လုပ်ကျွေးပြုစုဖို့ တာဝန် ရှိပါတယ်.. "

​ယန်ဖူကွေ့သည် ထိုစကားကို ကြားသောအခါ မျက်လုံးများ ချက်ချင်း တောက်ပသွားသည် ။

မှန်ပေသည် ။

သားအကြီးက အပြင်သို့ ပြောင်းရွှေ့သွားပြီး စားသောက်စရိတ် ဆက်ပေးစရာ မလိုတော့သော်လည်း သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေး ပိုက်ဆံကိုတော့ ပေရမည်ဖြစ်သည်။

သားတစ်ယောက်အနေဖြင့် ဖခင်ဖြစ်သူကို လုပ်ကျွေးရန်မှာ လုပ်သင့်လုပ်ထိုက်သော အရာပင် ။ ပိုက်ဆံကတော့ ပေးရဦးမည် ဖြစ်ပြီး ပုံစံ ပြောင်းသွားရုံသာ ဖြစ်သည် ။

​သူက ဤနည်းလမ်းကို ဖြစ်နိုင်ချေ ရှိသည်ဟု တွေးလိုက်မိသည် ။

သူက ယန်ကျီချန်းအား ကြည့်လိုက်သည် ။

" သားကြီး.. မင်း ဘာပြောချင်လဲ.. "

​" ကျွန်တော် သဘောမတူဘူး.. "

ယန်ကျီချန်းက မျက်စိပျက်မျက်နှာပျက်ဖြင့် ပြောလိုက်သည် ။

" ဒါက အပြင်မထွက်တာနဲ့ ဘာကွာလို့လဲ.. "

​သူ အိမ်သို့ ပိုက်ဆံ ပေးရမည် ဖြစ်ပြီး အပြင်ထွက်လျှင်လည်း အိမ်ငှားခ ပေးရဦးမည် ဖြစ်သည် ။ ထို့အပြင် မိမိဘာသာ စားသောက်ရန်အတွက်လည်း ပိုက်ဆံ လိုအပ်ဦးမည် ဖြစ်ရာ သူ၏ ကုန်ကျစရိတ်များက ပို၍ပင် များပြားလာပေလိမ့်မည် ။

သူက တစ်လလျှင် ကြုံရာကျပန်း အလုပ်များမှ ပိုက်ဆံ အနည်းငယ်သာ ရှာဖွေနိုင်ပြီး မရှိမဖြစ် ကုန်ကျစရိတ်များ နှုတ်ပြီးပါက ဘာမှ ကျန်တော့မည် မဟုတ်သည့်အပြင် ပိုက်ဆံ ပို၍ပင် စိုက်ထုတ်ရနိုင်ခြေ ရှိသည် ။

ထိုသို့ဆိုလျှင် အပြင်မပြောင်းသည်ကမှ ပိုကောင်းပေဦးမည် ။

​ယန်ဖူကွေ့က မကျေမနပ်ဖြင့် ပြောလိုက်သည် ။

" မင်းက သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေး ပိုက်ဆံကိုတောင် မပေးချင်ဘူးလို့ ပြောချင်တာလား.. "

​" ကျွန်တော် အဲ့လို မပြောပါဘူး.. "

ယန်ကျီချန်းက အလျင်အမြန် ငြင်းဆန်လိုက်သည် ။

သူက အမှန်တကယ် မပေးချင်သော်လည်း ပွင့်ပွင့်လင်းလင်း မပြောရဲချေ ။ သို့မဟုတ်ပါက အခြားသူများ၏ ဝေဖန်ခြင်းကို ခံရပေလိမ့်မည် ။

ထို့အပြင် ယန်ဖူကွေ့သည် အသက် လေးဆယ်ကျော်မျှသာ ရှိသေးပြီး နောက်ထပ် ဆယ်နှစ်ကျော်အထိ အလုပ်လုပ်နိုင်သေးသည် ။ ဤမျှ စောစောစီးစီး သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေး ပိုက်ဆံ ပေးရန် လိုအပ်နေပြီလော။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် သူက ပိုက်ဆံ ပိုပြီး မသုံးချင်ရုံသာ ဖြစ်သည် ။

​ထိုသည်ကို ယန်ဖူကွေ့ မြင်နိုင်ရုံသာမက ယန်ကျီဝမ်လည်း မြင်နိုင်သည် ။

ယန်ကျီဝမ်က...

" အစ်ကိုကြီး.. ကျွန်တော် ပြောချင်တာက တကယ်လို့ အစ်ကိုကြီးက အပြင်ပြောင်းဖို့ သဘောတူရင် စားသောက်စရိတ် ငါးယွမ် ပေးစရာ မလိုတော့ဘူး.. အဖေ့ကို တစ်လကို နှစ်ယွမ်ပဲ ပေးဖို့ လိုတော့တယ်လို့ ပြောတာ.. "

​'နှစ်ယွမ် ဟုတ်လား ..'

ယန်ကျီချန်းက ဆွံ့အသွားပြီးနောက် သူ၏ ဖခင်ဖြစ်သူကို ကြည့်လိုက်မိသည် ။

'အဖေ သဘောတူပါ့မလား ..'

နှစ်ယွမ်ဆိုလျှင်တော့ လက်ခံနိုင်စရာ ရှိသေးသည် ။ ကျန်ရှိသော သုံးယွမ်နှင့် အနည်းငယ် ထပ်ပေါင်းလိုက်လျှင် စားသောက်စရိတ်နှင့် အိမ်ငှားခအတွက် လုံလောက်ပေလိမ့်မည် ။

အဓိက အချက်မှာ အပြင်သို့ ပြောင်းရွှေ့နေထိုင်ခြင်းက လွတ်လပ်မှုကို ရရှိစေပြီး ယန်ကျီဖန့်နှင့် ဆက်ပြီး တိုးဝှေ့နေစရာ မလိုတော့ခြင်းပင် ။

အကယ်၍ သူ အနာဂတ်တွင် သင့်လျော်သော အလုပ်တစ်ခု ရှာဖွေနိုင်ခဲ့လျှင် အိမ်ခန်းတစ်ခန်း တောင်းဆိုနိုင်ပြီး ဇနီးတစ်ယောက် ယူလိုက်မည်ဆိုပါက ပြီးပြည့်စုံသွားလိမ့်မည် ။

​ယန်ကျီချန်းက တော်တော်လေး အဝေးကြီးအထိ စိတ်ကူးယဥ်နေချေသည် ။

သို့သော် သူသည် သင့်လျော်သော အလုပ်တစ်ခု ရှာဖွေရန် မည်မျှ ခက်ခဲသည်ကိုမူ ထည့်သွင်း မစဉ်းစားခဲ့ချေ ။

ဥပမာအားဖြင့် မူရင်းဇာတ်လမ်းထဲတွင် သူသည် နောက်ပိုင်းအထိပင် သင့်လျော်သောအလုပ် မရရှိခဲ့ပေ ။

သို့သော်လည်း နောက်ပိုင်းတွင် သူ၏ ဇနီးဖြစ်သူ ယူလီက တော်တော်လေး သတ္တိရှိပြီး ပိုက်ဆံချေးကာ စားသောက်ဆိုင်တစ်ဆိုင် ဖွင့်လှစ်ခဲ့သည် ။

သို့သော် ယခုအချိန်တွင်မူ ယူလီက ဘယ်နေရာမှာ ရှိနေမှန်းပင် မသိရသေးချေ ။

ယန်ကျီဝမ် ရောက်ရှိလာမှုကြောင့် ယူလီက သူနှင့် အိမ်ထောင်ပြုချင်မှ ပြုတော့မည်။

ဒါတွေအားလုံးက နောက်ပိုင်းမှ ဖြစ်လာမည့် ကိစ္စရပ်များသာ ဖြစ်သည် ။

​ယန်ဖူကွေ့က အနည်းငယ် တွေဝေစွာဖြင့် ပြောလိုက်သည် ။

" ဒုတိယသား.. နှစ်ယွမ်ဆိုတာက နည်းနည်း နည်းမနေဘူးလား.. "

​ယန်ကျီဝမ်က ပြုံးလိုက်ပြီး...

" အဖေ.. နှစ်ယွမ်ဆိုတာက အစ်ကိုကြီးက သားတစ်ယောက်အနေနဲ့ ဖေဖေ့အပေါ် ထားတဲ့ သားသမီးဝတ္တရားလို့ သတ်မှတ်လို့ရပါတယ်.. စိတ်မပူပါနဲ့.. နောင်ကျရင် ဖေဖေတို့ အသက်ကြီးလာတဲ့အခါ ကျွန်တော်ပဲ တာဝန်ယူပြီး ပြုစုစောင့်ရှောက်ပေးပါ့မယ်.. အဖေ ဘယ်လို ထင်လဲ.. "

​'ဒုတိယသားက သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေးကို တာဝန်ယူမယ်တဲ့လား ..'

ယန်ဖူကွေ့က မှင်သက်သွားပြီး သူ၏ ဇနီးဖြစ်သူကို မသိစိတ်အရ လှမ်းကြည့်လိုက်မိသည် ။

သူသည် သူ၏ ဇနီးဖြစ်သူ၏ မျက်ဝန်းထဲက သဘောတူညီမှုကိုလည်း မြင်တွေ့လိုက်ရ၏ ။

သူကိုယ်တိုင်လည်း သူ၏ သားသမီးများထဲတွင် စတုတ္ထနှင့် ပဉ္စမတို့မှာ ငယ်ရွယ်သေးသဖြင့် ခန့်မှန်းရ ခက်ခဲသော်လည်း ပထမ သုံးယောက်ထဲတွင် ဒုတိယသားက အားအကိုးရဆုံး ဖြစ်သည်ကို သိထားသည် ။

သားကြီး၏ အသေးအဖွဲ ကိစ္စရပ်များကိုပင် တွက်ကပ်တတ်သော အကျင့်နှင့်ဆိုလျှင် နောင်တွင် ကျိန်းသေပေါက် ပြဿနာ တက်ပေလိမ့်မည် ။

​ယန်ကျီချန်းကလည်း ယန်ကျီဝမ်အား အံ့အားသင့်စွာ ကြည့်လိုက်မိပြီး ယန်ကျီဝမ်က ထိုသို့ ရုတ်တရက် ပြောလာလိမ့်မည်ဟု ထင်မထားမိ ။

သို့သော် ဤသည်က ကောင်းမွန်သော အရာတစ်ခုလည်း ဖြစ်သည် ။ အကယ်၍ ယန်ဖူကွေ့သာ သဘောတူပါက သူသည် တစ်လလျှင် နှစ်ယွမ်သာ ပေးရန် လိုအပ်တော့မည် ဖြစ်ပြီး အခြားအရာများကို စိတ်ပူနေစရာ လိုတော့မည် မဟုတ်ချေ ။

ယခုတော့ သူတို့ ဖခင်ဖြစ်သူက သဘောတူမတူ အပေါ်တွင်သာ မူတည်တော့သည် ။

​ယန်ဖူကွေ့က အလေးအနက် မေးမြန်းလိုက်သည် ။

" ဒုတိယသား.. မင်း တကယ်ပြောနေတာလား.. "

​ယန်ကျီဝမ်က တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်သည် ။

မိဘများကို အသက်ကြီးလာချိန်တွင် လုပ်ကျွေးပြုစုရန်မှာ မှန်ကန်သော အရာပင် ဖြစ်သည် ။

သူက ဤခန္ဓာကိုယ်ကို အပိုင်ရထားခဲ့သဖြင့် ဤခန္ဓာကိုယ်၏ မိဘများကို လုပ်ကျွေးပြုစုရန် တာဝန် ရှိပေသည်။ဤသည်က အကြောင်းပြချက် တစ်ခု ဖြစ်သည် ။

ဒုတိယအချက်မှာ အဘိုးအို ဇနီးမောင်နှံကို ပြုစုစောင့်ရှောက်ရန် သူက အစပြု၍ ကမ်းလှမ်းခြင်းဖြင့် နောင်တွင် ဤမိသားစု၌ သူ စကားပြောပိုင်ခွင့် အပြည့်အဝ ရှိလာပေလိမ့်မည် ။

၎င်းက အလွန် အရေးကြီးလှသည် ။

သို့မဟုတ်ပါက သူသည် ဖြစ်ပေါ်လာသမျှ အသေးအဖွဲ ကိစ္စရပ်တိုင်းကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရပေလိမ့်မည်။

​" ကောင်းပြီ.. ဒုတိယသား.. မင်းက တကယ့်ကို မိဘရိုသေတတ်တဲ့ ကောင်လေးပဲ.. "

ယန်ဖူကွေ့က ကျေနပ် အားရစွာဖြင့် ခေါင်းညိတ်လိုက်သည် ။ သူက ဒုတိယသားကို အမြဲတမ်း အထင်ကြီး လေးစားခဲ့သည် ။

ယခု ဒုတိယသားကိုယ်တိုင်က သူတို့ကို အသက်ကြီးလာချိန်တွင် လုပ်ကျွေးပြုစုပါ့မည်ဟု ပြောဆိုလာသောအခါ သူ ပို၍ပင် စိတ်အေးသွားတော့သည် ။

​သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်မည့်သူကို ဆုံးဖြတ်ပြီးသွားသည့်နောက် ယန်ဖူကွေ့၏ စိတ်အခြေအနေမှာ အလွန် ကောင်းမွန်သွား၏ ။

သူက ပြုံး၍ ယန်ကျီချန်းအား ပြောလိုက်သည် ။

" ဒုတိယသားက အဲ့လို ပြောပြီဆိုမှတော့.. အကြီးကောင်.. မင်း အပြင်ထွက်နေချင်ရင်လည်း နေလိုက်တော့.. စားသောက်စရိတ် ပေးစရာ မလိုတော့ဘူး.. ငါနဲ့ မင်းအမေအတွက် သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေး ပိုက်ဆံ တစ်လကို နှစ်ယွမ်ပဲ ပေးရင် ရပြီ.. "

​" ဟုတ်ကဲ့.. ကျွန်တော် ဒီရက်ပိုင်းအတွင်း အိမ်လိုက်ရှာလိုက်ပါ့မယ်.. "

ယန်ကျီချန်းက ယန်ဖူကွေ့ စကားပြန်ပြင်သွားမည်ကို စိုးရိမ်သဖြင့် ချက်ချင်း သဘောတူလိုက်သည် ။

​ယန်ဖူကွေ့က သတိပေးလိုက်၏။

" မင်း အပြင်ပြောင်းတော့မယ် ဆိုပေမဲ့ ဒီလအတွက် စားသောက်စရိတ်ကိုတော့ ပေးရဦးမှာပဲ.. ဒါကို ဆွေးနွေးနေစရာ မလိုဘူး.. "

​" သိပါပြီ.. "

ယန်ကျီချန်း အနည်းငယ် ဆွံ့အသွားသည် ။ တွက်ကပ်လွန်းတဲ့ ယန်အဘိုးကြီးပီပီ အပြင်ပြောင်းတော့မည့် အချိန်တွင်ပင် အကျိုးအမြတ် အနည်းငယ်ကို တွက်ချက်ရန် မမေ့သေးချေ ။

​မိသားစု အစည်းအဝေးမှာ ဤနေရာတွင်ပင် ပြီးဆုံးသွားခဲ့သည် ။

All Chapters