← Chapters

အခန်း ၃၇-၃၈

Vol. 4 Ch. 37-38

အခန်း ၃၇-၃၈

Vol. 4 Ch. 37-38

Chapter 37+38

~

အခန်း ၃၇+၃၈ : နို့သကြားလုံး အခွံကြောင့် ဖြစ်သော ပြဿနာ...

~

​လေပြေလေညှင်းလေး တိုက်ခတ်နေသော စက်တင်ဘာလ၏ ရွှေရောင်ဆောင်းဦးရာသီသည် အိပ်စက်ခြင်းအတွက် အကောင်းဆုံး ကာလတစ်ခုပင်။

​ယန်ကျီဝမ်သည် မနေ့ညက သန်းခေါင်ယံအချိန်အထိ အလုပ်ရှုပ်နေခဲ့ပြီးနောက် မိုင်ပေါင်းများစွာ လမ်းလျှောက်ခဲ့ရသဖြင့် ယနေ့တွင် ငါးဖမ်းမထွက်ဖြစ်ခဲ့ချေ ။ မွန်းလွဲပိုင်း နှစ်နာရီ၊ သုံးနာရီခန့် ရှိနေပြီဖြစ်သော်လည်း သူ အိပ်ရာမှ နိုးမလာသေးပေ ။

ရန်ရွေ့ဟွားကလည်း ယန်ကျီဝမ် မနေ့ညက ပင်ပန်းသွားခဲ့သည်ဟု တွေးမိသဖြင့် မနှိုးဘဲ နေလိုက်၏ ။

​ရှေ့ခြံဝင်းထဲတွင် ကလေး နှစ်ယောက်၊ သုံးယောက်ခန့် ဝိုင်းဖွဲ့၍ ဆော့ကစားနေကြသည်။

ကလေးများ စကားပြောအကြောင်းအရာ ပြောင်းလဲသည့် အရှိန်အဟုန်မှာ မိန်းမပျိုလေးများ မျက်နှာအမူအရာ ပြောင်းလဲသည့်အတိုင်းပင် ချက်ချင်းလက်ငင်း ပြောင်းလဲသွားတတ်ပေသည် ။

​ပန့်ကန့်က လက်နှစ်ဖက်ကို ခါးထောက်ကာ ရင်ဘတ်ကိုကော့ပြီး ကြွားလိုက်၏ ။

" ယန်ကျီခွမ်း.. ယန်ကျီတိ.. မနေ့ညက ငါတို့အိမ်မှာ ဝက်သား စားတယ်.. နင်တို့အိမ်ကော စားရလား.. "

​ပန့်ကန့်သည် ယန်ကျီတိထက် တစ်နှစ်သာ ငယ်သည် ။ အလယ်ခြံဝင်းထဲရှိ ကလေးများအားလုံးသည် သူ၏ အဖွားဖြစ်သူ ကျားကျန်းရှီကို ကြောက်ရွံ့ကြသဖြင့် သူ့အရွယ် ကလေးအများစုမှာ သူနှင့် အတူမကစားချင်ကြ။ ထို့ကြောင့် သူ ရှေ့ခြံဝင်းသို့ လာရောက်ကာ ယန်ကျီခွမ်း၊ ယန်ကျီတိတို့နှင့် အတူတူ ကစားလေ့ရှိသည် ။

​ကလေးမလေးသည် မနေ့ညက ဆေးထိုးထားခဲ့ပြီး တစ်ညလုံး ကောင်းမွန်စွာ အိပ်ပျော်ခဲ့သဖြင့် သူမ၏ ဖျားနာမှုမှာ သက်သာသွားခဲ့ပြီ ဖြစ်သည် ။

ပန့်ကန့်၏ ကြွားဝါသံကို ကြားရသောအခါ သူမက မကျေမနပ်ဖြင့် ပြန်လည် တုံ့ပြန်လိုက်၏ ။

" ငါတို့အိမ်ကလည်း တနေ့က စားတယ်ဟ.. ငါ့အစ်ကိုနှစ်က ငါတို့ကို အတုံးကြီးကြီးတွေ များကြီးတောင် ပေးသေးတယ်.. ပြီးတော့ မနေ့ညကလည်း ငါတို့ ငါးဟင်း စားရတယ်.. "

​" ဟုတ်တယ်.. ဟုတ်တယ်.. "

ယန်ကျီခွမ်းကလည်း ဘေးမှ ထောက်ခံလိုက်သည် ။

​ပန့်ကန့်က နှုတ်ခမ်းကို စူလိုက်ပြီး ပြောလိုက်၏ ။

" အဘိုးကြီးယန်ရဲ့ ဒုတိယသားက ဘာကောင်မို့လို့လဲ.. သူ့မှာ အလုပ်လည်း မရှိဘူး.. ငါ့အဖေကျတော့ အလုပ်ရှိတယ်.. ပြီးတော့ ငါ့ကို ခဏခဏ အသားဝယ်ကျွေးတယ်.. ငါ့အဖွားပြောတာတော့ ငါ့အဖေက လူငယ်တွေထဲမှာ အတော်ဆုံးပဲတဲ့.. "

​" မဟုတ်ပါဘူး.. ငါ့အကိုနှစ်က အတော်ဆုံးပဲ.. "

ကလေးမလေး စိတ်တိုလာပြီး ပြန်လည် ငြင်းခုံလိုက်သည် ။

" ငါ့အစ်ကိုနှစ်က ငါ့ကို နို့သကြားလုံးတွေ ခဏခဏ ပေးစားတယ်.. နင် နို့သကြားလုံး စားဖူးလို့လား.. "

​ယန်ကျီခွမ်း ထိုသည်ကို ကြားသောအခါ အလျင်အမြန်ပင် သတိပေးလိုက်၏ ။

" ယန်ကျီတိ.. အစ်ကိုနှစ်က သူများတွေကို လျှောက်မပြောနဲ့လို့ ပြောထားတာ မေ့သွားပြီလား.. မဟုတ်ရင် နောက်ကျရင် သကြားလုံး မစားရတော့ဘဲ နေလိမ့်မယ်.. "

​ကလေးမလေးက အလျင်အမြန်ပင် သူမ၏ ပါးစပ်ကို လက်ဖြင့် အုပ်လိုက်ပြီး သူမ၏ မျက်နှာလေးမှာ စိုးရိမ်ပူပန်မှုကြောင့် နီရဲသွားသည် ။

အကယ်၍ အစ်ကိုနှစ်သာ သိသွားပါက နောက်ပိုင်းတွင် သကြားလုံး စားရတော့မည် မဟုတ်ချေ ။

' . ဒါတွေအားလုံး ပန့်ကန််ကြောင့်ပဲ.. သူသာ စိတ်တိုအောင် လာမလုပ်ရင် ငါ ထုတ်ပြောမိမှာ မဟုတ်ဘူး.. '

​" နင်ပြောရုံနဲ့ ယုံရမှာလား.. နို့သကြားလုံးက အရမ်းစျေးကြီးတယ်လို့ ငါ့အဖွား ပြောတာ ကြားဖူးတယ်.. ဒုတိယသားမှာ အလုပ်မရှိတာကို နို့သကြားလုံး ဝယ်နိုင်ပါ့မလား.. "

ပန့်ကန့်က လုံးဝ မယုံကြည်ဘဲ သက်သေပြရန် အတင်းအကျပ် တောင်းဆိုတော့သည် ။

​ကလေးမလေးသည် ထိုကဲ့သို့ ရန်စမှုကို သည်းမခံနိုင်ပေ။ အထူးသဖြင့် ပန့်ကန့်က သူမ၏ အစ်ကိုနှစ်အပေါ် ဆိုးဆိုးရွားရွား ပြောဆိုနေခြင်း ဖြစ်ရာ သူမ မည်သို့ သည်းခံနိုင်ပါမည်နည်း ။

" ငါ့အစ်ကိုနှစ်က တကယ်တော်တာ.. သူ နို့သကြားလုံး ဝယ်နိုင်တယ်.. ဟောဒါ ကြည့်လိုက်.. ဒါ ငါတို့ စားထားတဲ့ နို့သကြားလုံးခွံပဲ.. "

​ကလေးမလေးသည် သူမ၏ အိတ်ကပ်ထဲမှ သကြားလုံးခွံတစ်ခုကို ထုတ်ယူကာ လျှာဖြင့် လျက်ပြီး ဂုဏ်ယူစွာ ပြောလိုက်၏ ။

" အခုထိ ချိုနေတုန်းပဲ.. နင် စားဖူးလား.. "

​" ငါ့ကို ပေးမြည်းကြည့်စမ်း.. "

ပန့်ကန့်သည် ယဉ်ကျေးမှု ဆိုသည်ကို လုံးဝ မသိသော ကလေးဆိုးတစ်ယောက်သာ ဖြစ်သည် ။ ယန်ကျီတိက သကြားလုံးခွံ ထုတ်လာသည်ကို မြင်သောအခါ သူ ချက်ချင်းပင် လုယူလိုက်တော့သည် ။

သို့သော် ကလေးမလေးက ပေးမည့်အစား ရုန်းကန်သဖြင့် သူတို့နှစ်ဦး ရန်ပွဲ စတင်ကြတော့သည် ။

​သို့သော် ပန့်ကန့်ဟူသည်က အစားအစာ ဘယ်သောအခါမှ မပြတ်လတ်ခဲ့ဘဲ ထွားထွားကြိုင်းကြိုင်း ဖြစ်၏ ။ သေးသွယ်ပိန်လှီသော ယန်ကျီတိက ပန့်ကန့်ကို မည်သို့ ယှဉ်ပြိုင်နိုင်ပါမည်နည်း ။

သူမသည် ပန့်ကန့်၏ တွန်းထုတ်ခြင်းကို ခံလိုက်ရပြီး မြေပြင်ပေါ်သို့ လဲကျသွားကာ သကြားလုံးခွံလည်း လုယူခြင်း ခံလိုက်ရတော့သည် ။

​" ပန့်ကန့်.. မင်း ယန်ကျီတိကို အနိုင်ကျင့်ရဲတယ်ပေါ့.. ငါ မင်းကို သတ်မယ်.. "

ယန်ကျီခွမ်းသည် သူ၏ ညီမငယ်လေး အနိုင်ကျင့်ခံရသည်ကို မြင်သောအခါ ချက်ချင်းပင် ဒေါသတကြီး ရှေ့သို့ တိုးသွားပြီး ပန့်ကန့်ကို တွန်းပစ်လိုက်သည် ။

ပန့်ကန့် ကြိုတင်ပြင်ဆင်ထားခြင်း မရှိသဖြင့် မြေပြင်ပေါ်သို့ လဲကျသွား၏ ။

​ထို့နောက်တွင်မူ ပန့်ကန့်သည် သူ၏ အဆုံးစွန်သော တိုက်ကွက်ကို ထုတ်ဖော်လိုက်တော့သည် ။

သူက ပါးစပ်ကို ဖြဲကာ အော်ဟစ်ငိုယိုလိုက်၏ ။

" ဝါးးးး.. ဘွားဘွား.. ယန်ကျီခွမ်းက သားကို အနိုင်ကျင့်နေတယ်.. မြန်မြန် လာပါဦး..ဝါးးးးးး. "

​"ဟို.. ဟို.."

ဤအော်ဟစ်သံက သေးငယ်သော ကိစ္စရပ်တော့ မဟုတ်ချေ ။

ကျားကျန်းရှီသည် ခြံဝင်းထဲတွင် ကလေးငိုသံကိုပင် တိတ်သွားစေနိုင်လောက်အောင် ရက်စက်ကြမ်းကြုတ်လှသည်ဟု ကျော်ကြားသူ ဖြစ်သည် ။

ယန်ကျီခွမ်းသည် ပန့်ကန့်က ကျားကျန်းရှီကို အော်ခေါ်နေသည်ကို မြင်သောအခါ မျက်နှာ အမူအရာ ချက်ချင်း ပြောင်းလဲသွားသည် ။

သူ၏ ညီမငယ်ကို ဆွဲထူကာ ထွက်ပြေးရန် ပြင်လိုက်၏ ။

သို့ရာတွင် သူတို့၏ အရှိန်က နှေးကွေးလွန်းလှသည် ။

​လေပြေတစ်ချက် တိုက်ခတ်သွားသည့်အလားပင် ဆူဖြိုးသောအသွင်ရှိသည့် ကျားကျန်းရှီသည် အလယ်ခြံဝင်းမှ ရှေ့ခြံဝင်းဆီသို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကိုယ်ဖော့ပညာကို လေ့ကျင့်ထားသည့် အလားပင်။

ထိုအရှိန်အဟုန်ကို ဖျတ်လတ်သော လူဝကြီးဟု ဖော်ပြ၍ မရနိုင်တော့ဘဲ ခြေထောက်အောက်တွင် လေပွေလှိုင်းများ ပါရှိနေသည့်အလားပင် ထင်ရပေသည် ။

သူမ ပေါ်လာသည်နှင့်တစ်ပြိုင်နက် ယန်ကျီခွမ်းနှင့် အခြားသူများမှာ လှုပ်ရှားရန်ပင် မရဲတော့ချေ ။

​ကျားကျန်းရှီသည် သူမ၏ အဖိုးတန် မြေးလေး ငိုနေသည်ကို မြင်သောအခါ အလျင်အမြန်ပင် မေးလိုက်၏ ။

" မြေးလေး.. ပြောစမ်းပါဦး.. ဘယ်သူက မြေးကို အနိုင်ကျင့်တာလဲ.. အဖွားက သူ့ကို ဆုံးမပေးမယ်.. "

​ပန့်ကန့်က ယန်ကျီခွမ်းအား လက်ညှိုးထိုးပြလိုက်သည် ။

" သူပဲ.. သူက သားကို တွန်းပစ်တာ.. "

​ယန်ကျီခွမ်း ထိတ်လန့်သွားပြီး အမြန်ပင် ခုခံပြောဆိုလိုက်၏ ။

" မဟုတ်ပါဘူး.. ပန့်ကန့်က ယန်ကျီတိကို အရင်တွန်းတာ.. ပြီးတော့ ယန်ကျီတိရဲ့ သကြားလုံးခွံကိုလည်း လုသွားသေးတယ်.. "

​"ဖြန်း.. "

​ကျားကျန်းရှီက တုံ့ဆိုင်းခြင်းမရှိဘဲ ရှေ့သို့ တိုးကာ ယန်ကျီခွမ်း၏ ပါးကို ရိုက်ပစ်လိုက်ပြီး ဆဲရေးတိုင်းထွာလိုက်၏ ။

" ရိုက်တော့ ဘာဖြစ်လဲ..အဲ့ဟာမက အဖိုးမတန်တဲ့ သူပဲ .. ငါ့ရဲ့ အဖိုးတန်မြေးလေးနဲ့ ဘယ်လိုလုပ် ယှဉ်လို့ရမှာလဲ.. "

​" ဝါး.. "

ယန်ကျီခွမ်းသည်လည်း ကလေးတစ်ဦးသာ ဖြစ်သေးရာ ပါးရိုက်ခံရသော နာကျင်မှုကြောင့် ကျယ်လောင်စွာ ငိုယိုတော့သည် ။

​" ပြီးတော့ နင်လည်း အတူတူပဲ..ဆန်ကုန်မြေလေးမ.. အလကား ငွေကုန်တယ့်ဟာမ..."

( တရုတ်မှာက အဲ့ခေတ်က သမီးမိန်းကလေးဆိုရင် သွန်ပစ်လိုက်တဲ့ ရေနဲ့ အတူတူပဲလို့ သတ်မှတ်ကြတယ်ဗျ...တစ်ချိန်ကြ လက်ထပ်ပြီး အိမ်က ထွက်သွားမှာဆိုတော့ သမီးကို တန်ဖိုးမရှိဘူးလို့ သတ်မှတ်ကြတာ... )

ကျားကျန်းရှီက လက်ပြန်ဖြင့် ယန်ကျီတိ၏ ပါးကို နောက်ထပ် တစ်ချက် ထပ် ရိုက်လိုက်သည် ။

​သူမ၏ အမြင်တွင် ယန်ကျီတိသည် အဖိုးမတန်သော အရာသာ ဖြစ်သည် ။ သူမ၏ အဖိုးတန် မြေးလေးနှင့် မည်သို့ နှိုင်းယှဉ်နိုင်ပါမည်နည်း ။

သူမ၏ မြေးလေး လိုချင်သောအရာမှန်သမျှ ရရှိရမည် ဖြစ်ပြီး အနိုင်ကျင့်ခံရခြင်းမှာ ယန်ကျီတိ၏ အပြစ်သာ ဖြစ်သည် ။

ကျားကျန်းရှီသည် ထိုမျှလောက်အထိ အကျိုးအကြောင်းမရှိ မိုက်မဲသူ ဖြစ်သည် ။

​" အီး. ဟီး..ဟီး.. "

ယန်ကျီတိသည် နာကျင်မှုကြောင့် မျက်နှာကို လက်ဖြင့်အုပ်ကာ ငိုယိုနေသည် ။

​" နင်က ငိုရဲသေးတယ်ပေါ့.. နင့်ကို ငါ ရိုက်သတ်မှာ.. ဒီအဖက်မတင်တဲ့ ဟာမလေး. "

ယန်ကျီတိ ငိုနေသည်ကို မြင်သောအခါ ကျားကျန်းရှီသည် ထပ် ရိုက်ရန် ပြင်လိုက်သော်လည်း အိမ်ထဲမှ ချက်ချင်း ထွက်လာသော ရန်ရွေ့ဟွားက မြင်တွေ့သွားခဲ့သည် ။ ရန်ရွေ့ဟွားသည် ကျားကျန်းရှီကို ချက်ချင်းပင် ဒေါသတကြီး အော်ဟစ်လိုက်၏ ။

" ကျားကျန်းရှီ.. နင် ဘာလုပ်ရဲလဲ ကြည့်ရအောင်.. "

​သူမသည် မူလက အိမ်နီးနားချင်းများနှင့် စကားစမြည်ပြောရန် ထွက်လာခြင်း ဖြစ်သော်လည်း ထွက်လာသည်နှင့်တစ်ပြိုင်နက် ကျားကျန်းရှီက သူမ၏ သမီးငယ်လေးကို ရိုက်နှက်ရန် ပြင်နေသည်ကို မြင်တွေ့လိုက်ရ၏။

ထို့ကြောင့် သူမ ဒေါသတကြီး အော်ဟစ်ရင်း ထိုနေရာသို့ အပြေးအလွှား ရောက်ရှိလာခဲ့သည် ။

​သူမ ရောက်ရှိသွားသောအခါ သူမ၏ ကလေးနှစ်ဦးမှာ မျက်နှာကို လက်ဖြင့် အုပ်ထားကြသည်ကို မြင်လိုက်ရသည် ။

သူတို့ လက်ကို ဖယ်လိုက်သောအခါ မျက်နှာလေးများမှာ နီရဲယောင်ကိုင်းနေလေပြီ ။ လူကြီးတစ်ယောက်က ရိုက်နှက်ထားခြင်း ဖြစ်သည်မှာ ထင်ရှားလှသည် ။

​သူမ မေးမြန်းခြင်း မပြုရသေးခင်မှာပင် ကျားကျန်းရှီက အရင်ဦးအောင် တိုင်လိုက်၏ ။

" ရန်ရွေ့ဟွား.. နင် ရောက်လာတာ အချိန်ကိုက်ပဲ.. နင့်ရဲ့ ကလေးတွေကို သေချာ ဆုံးမဦး.. သူတို့က ငါ့ရဲ့ ပန့်ကန့်ကို တောင် တွန်းရဲကြတယ်.. ငါ သူတို့ကို ရိုက်သတ်မှာ.. "

​" မဟုတ်ပါဘူး.. ပန့်ကန့်က သမီးရဲ့ သကြားလုံးခွံကို လုပြီး သမီးကို တွန်းပစ်တာ.. အစ်ကိုလေးက သူ့ကို ပြန်တွန်းရုံတင်ပါ.. "

ယန်ကျီတိသည် မိခင်ဖြစ်သူ ရောက်ရှိလာသည်ကို မြင်သောအခါ စတင်၍ တိုင်တန်းတော့သည် ။

​ရန်ရွေ့ဟွားက သမီးဖြစ်သူ ပြောသည်ကို ကြားရသောအခါ တည်ငြိမ်သော လေသံဖြင့် မေးလိုက်၏ ။

" ကျားကျန်းရှီ.. ဒါနဲ့ပတ်သက်ပြီး နင် ဘာပြောချင်လဲ.. "

​" ဘာပြောရမှာလဲ.. အလကား အာပေါက်တာပဲ.. "

ကျားကျန်းရှီက နှုတ်ခမ်းကို ထော်ကာ ပြောလိုက်သည် ။

" သူက အဖိုးမတန်တဲ့ မိန်းကလေးပဲဟာကို.. ငါ့ရဲ့ ပန့်ကန့်က ရိုက်တော့ ဘာဖြစ်လဲ.. "

​" ကောင်းပြီလေ.. ကျားကျန်းရှီ.. နင်က ငါ ရန်ရွေ့ဟွားကို အနိုင်ကျင့်ရလွယ်တယ်လို့ ထင်နေတာလား.. "

​" ဟမ့်.. နင်ကကော ငါ့ကို အနိုင်ကျင့်ရလွယ်တယ်လို့ ထင်နေတာလား.. "

​အမျိုးသမီး နှစ်ဦးစလုံးသည် အလျှော့ပေးရန် အလိုမရှိကြသဖြင့် ချက်ချင်းပင် လုံးထွေးသတ်ပုတ်ကြတော့သည် ။

တစ်ခါတရံ ဆံပင်ကို ဆွဲကြပြီး တစ်ခါတရံ မျက်နှာကို ကုတ်ခြစ်ကြသည် ။ ဤကဲ့သို့ ဖျော်ဖြေရေး ရှားပါးသော ခေတ်ကာတွင် ဤသို့သော မြင်ကွင်းက တကယ့်ကို အံ့မခန်း ဖြစ်ရပ်တစ်ခုပင် ။

​လူကြီးများ ရန်ဖြစ်ကြသည်ကို ကြည့်ရင်း ကလေးများမှာ ထိတ်လန့်တုန်လှုပ်နေကြသည် ။

ကံကောင်းထောက်မစွာဖြင့် ယန်ကျီခွမ်းသည် တော်တော်လေး အမြင်ရှိပေသည် ။ သူ၏ အစ်ကိုနှစ်က အိမ်တွင် အိပ်ပျော်နေဆဲ ဖြစ်သည်ကို သတိရမိသဖြင့် သူတို့အိမ်ဘက်သို့ တိတ်တဆိတ် ပြေးလာခဲ့သည် ။

​...

​" အစ်ကိုနှစ်.. အစ်ကိုနှစ်.. ပြဿနာအကြီးကြီးတက်နေပြီ.. "

ယန်ကျီဝမ်သည် အိပ်ပျော်နေဆဲ ဖြစ်သော်လည်း ကလေးငယ်၏ အော်ဟစ်သံကြောင့် နိုးလာခဲ့သည် ။

​သူ မျက်လုံးဖွင့်လိုက်သောအခါ ယန်ကျီခွမ်းသည် တံခါးကို တွန်းဖွင့်ကာ ပြေးဝင်လာခဲ့ပြီ ဖြစ်သည် ။ ယန်ကျီဝမ်က လန့်နိုးလာရသဖြင့် သူ၏ ဒေါသကို ထုတ်ဖော်မပြရသေးခင်မှာပင် ယန်ကျီခွမ်းက အမြန် ပြောလိုက်၏ ။

" အစ်ကို... အမေနဲ့ ကျားကျန်းရှီတို့ ချနေကြပြီ.. "

​ယန်ကျီဝမ်၏ မျက်နှာ အမူအရာ ချက်ချင်း ပြောင်းလဲသွား၏ ။ သူက အဝတ်အစားများ ဝတ်ဆင်ရင်း မေးလိုက်သည် ။

" သူတို့ ဘယ်လိုဖြစ်ပြီး ရန်ဖြစ်ကြတာလဲ.. "

​ယန်ကျီခွမ်းလည်း တိုင်တန်းပြောဆိုတော့သည် ။

ကလေးက သေချာရေရေရာရာ ရှင်းမပြနိုင်သော်လည်း ယန်ကျီဝမ်ကတော့ နားလည်သွားသည် ။

အတိုချုပ်ပြောရလျှင် ပန့်ကန့်က ယန်ကျီတိ၏ သကြားလုံးခွံကို လုယူပြီး ယန်ကျီတိကို တွန်းပစ်ခဲ့သည် ၊ ထို့နောက် ယန်ကျီခွမ်းက ပန့်ကန့်ကို ပြန်တွန်းခဲ့ပြီး ထိုအကျိုးဆက်ကြောင့် ကျားကျန်းရှီက သူတို့ကို ရိုက်နှက်ခဲ့ခြင်း ဖြစ်သည် ။

​ယန်ကျီဝမ်သည် အဝတ်အစားများ ဝတ်ဆင်ပြီးနောက် အပြင်သို့ အလျင်အမြန် ပြေးထွက်လာခဲ့သည် ။

၎င်းက မူလက ကလေးများကြားက သာမန်ရန်ပွဲတစ်ခုမျှသာ ဖြစ်ပြီး ကြီးမားသော ကိစ္စရပ် မဟုတ်ချေ ။

မည်သူက မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ကြီးမားသော ပြဿနာ မရှိသရွေ့ အားလုံးက ခြံဝင်းတစ်ခုတည်းက အိမ်နီးနားချင်းများ ဖြစ်ကြသဖြင့် မှားယွင်းသော ဘက်က သွားရောက်ကာ တောင်းပန်လိုက်လျှင် ရပေသည် ။

​သို့သော် ဆိုးဝါးသောအချက်မှာ လူကြီးဖြစ်သူ ကျားကျန်းရှီက ဝင်ရောက်ပတ်သက်ခဲ့ခြင်း ဖြစ်ရာ ၎င်းက အခြေအနေ၏ သဘာဝကို ပြောင်းလဲပစ်လိုက်ခြင်းပင် ဖြစ်သည် ။

All Chapters