← Chapters

အခန်း ၃၉-၄၀

Vol. 4 Ch. 39-40

အခန်း ၃၉-၄၀

Vol. 4 Ch. 39-40

Chapter 39+40

~

အခန်း ၃၉+၄၀ : မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး...

~

​ယန်ကျီဝမ် ရောက်ရှိလာသောအခါ သူ့ရှေ့မှ မြင်ကွင်းကို မြင်လိုက်ရသည် ။

​ ရန်ရွေ့ဟွားက လူဝကြီးတစ်ယောက်နှင့် လုံးထွေးသတ်ပုတ်နေသည်ကို မြင်တွေ့လိုက်ရပြီး ထိုလူဝကြီးမှာ အခြားသူမဟုတ် ကျားကျန်းရှီပင် ဖြစ်ချေသည် ။

ခန္ဓာကိုယ် ထွားကျိုင်းမှု အချိုးအစား ကွာခြားချက်ကြောင့် ပေလားမသိ ရန်ရွေ့ဟွားသည် အခြေအနေမလှဘဲ ကျားကျန်းရှီ၏ ဖိနှိပ်ထားခြင်းကို ခံနေရ၏ ။

​ဘေးပတ်ဝန်းကျင်မှ အမျိုးသမီးကြီး အချို့က ရန်ပွဲကို ရပ်တန့်ရန် အော်ဟစ်နေကြသော်လည်း ရှေ့သို့ တိုး၍ ဝင်မဆွဲရဲကြချေ ။

သေချာ ကြည့်လိုက်သောအခါ အမျိုးသမီးကြီးတစ်ဦး၏ မျက်နှာပေါ်တွင် ကုတ်ခြစ်ရာ ရှိနေသည်ကို တွေ့ရသည် ။

သူတို့ကို ဝင်ဆွဲရန် ကြိုးပမ်းစဉ်က ရရှိသွားခဲ့ခြင်း ဖြစ်ပေလိမ့်မည် ။

​ယန်ကျီဝမ် အလျင်အမြန်ပင် ရှေ့သို့ တိုးဝင်သွားခဲ့သည် ။

သူ ပြေးဝင်သွားစဉ်မှာပင် လမ်းကြား၏ ဘေးတစ်ဖက်၌ ရှိနေသော လူရိပ်တစ်ခုကိုလည်း သတိပြုမိလိုက်သည် ။

ထိုသူက ချင်ဟွိုင်ရူပင် ဖြစ်သည် ။

သူမသည် ယန်ကျီဝမ်က သူမကို မြင်သွားမည်ကို စိုးရိမ်နေသည့်အလား ရှိသည် ။ ယန်ကျီဝမ်က ထိုဘက်သို့ လှမ်းကြည့်လိုက်သည်ကို မြင်သောအခါ သူမက အလျင်အမြန်ပင် နောက်သို့ ဆုတ်ကာ ပုန်းကွယ်လိုက်၏ ။

​ယန်ကျီဝမ် စိတ်ထဲကနေ နှာခေါင်းရှုံ့ကာ အေးစက်စွာ ရယ်မောလိုက်မိသည် ။

ထို့နောက် သူ ရှေ့သို့ လှမ်းတက်လိုက်ပြီး ကျားကျန်းရှီ၏ ကော်လံစကို ဆွဲကိုင်လိုက်သည် ။ သူ၏ လက်ရှိ ခွန်အားဖြင့် ကျားကျန်းရှီကို ဘေးသို့ လွှဲပစ်လိုက်တော့သည် ။

​" ဘယ်ကောင်လဲ.. ဘယ်ခွေးတိရစ္ဆာန်က ငါ့ကို နောက်ကနေ အလစ်ဝင် ရိုက်တာလဲ.. "

ကျားကျန်းရှီက မြေပြင်မှ ထရပ်ပြီးနောက် ကျယ်လောင်စွာ ဆဲရေးတိုင်းထွာတော့သည် ။

​ယန်ကျီဝမ်က သူမကို ဂရုမစိုက်ဘဲ သူ၏ မိခင်ဖြစ်သူကို အရင်ဦးစွာ တွဲထူလိုက်၏ ။

" အမေ.. အဆင်ပြေရဲ့လား.. "

သို့သော် ဤမေးခွန်းက မလိုအပ်သော အရာပင်။

ရန်ရွေ့ဟွား၏ ဆံပင်များက ဖရိုဖရဲ ဖြစ်နေပြီး သူမ၏ မျက်နှာပေါ်တွင်လည်း သွေးထွက်နေသော ကုတ်ခြစ်ရာ အများအပြား ရှိနေခဲ့ပြီ ဖြစ်သည် ။

​ရန်ရွေ့ဟွားက တံတွေးတစ်ချက် ထွေးထုတ်လိုက်ပြီး ခေါင်းမာစွာဖြင့် ပြောလိုက်၏ ။

" သူလည်း ငါ့ထက် သိပ်မသာပါဘူး.. "

ယန်ကျီဝမ်၏ ကူညီတွဲထူမှုကြောင့် ရန်ရွေ့ဟွား မတ်တတ် ထရပ်နိုင်ခဲ့သည် ။

​ယန်ကျီဝမ်က ကျားကျန်းရှီအား ကြည့်လိုက်သည် ။

ရန်ရွေ့ဟွာ ပြောခဲ့သည့်အတိုင်းပင် ကျားကျန်းရှီ၏ မျက်နှာပေါ်တွင်လည်း ကုတ်ခြစ်ရာများ ရှိနေသည် ။

သို့သော် ခြုံငုံကြည့်ရလျှင်တော့ ရန်ရွေ့ဟွားက ဒဏ်ရာ ပို၍ များပြားပေသည် ။

​ကျားကျန်းရှီသည် ရောက်လာသူက မည်သူဖြစ်သည်ကို မြင်သောအခါ တံတွေးများ တဗျစ်ဗျစ် ထွေးရင်း အော်ဟစ်ဆဲဆိုတော့သည် ။

" ယန်အဘိုးကြီးရဲ့ ဒုတိယသား.. မင်းကိုး.. မင်းလို တိရစ္ဆာန်ပေါက်စက အချိန်ကိုက် ရောက်လာတာပဲ.. ဒီနေ့ မင်းတို့ ယန်မိသားစုက ငါ့ကို သေချာ ရှင်းပြချက် မပေးရင် ဒီကိစ္စက လုံးဝ ပြီးမှာ မဟုတ်ဘူး.. "

​ရန်ရွေ့ဟွားကလည်း မခံပေ။

" ကျားကျန်းရှီ.. နင်လို အရှက်မရှိတဲ့ အဘွားကြီး.. ဒီကိစ္စက နင်က အရင်စတာလေ.. "

ရန်ရွေ့ဟွားက ထိုနေရာသို့ ရောက်ရှိနေသော အမျိုးသမီးကြီး အချို့ကို ပြောပြလိုက်သည် ။

" ဒါ အစက ပန့်ကန့်က ကျွန်မရဲ့ ယန်ကျီတိ ပစ္စည်းကို လုပြီး ယန်ကျီတိကို တွန်းပစ်တာလေ.. ကျွန်မရဲ့ ယန်ကျီခွမ်းက မခံမရပ်နိုင်ဖြစ်လို့ ပန့်ကန့်ကို ပြန်တွန်းရုံပဲ.. "

" ဒါပေမဲ့ ကျားကျန်းရှီဆိုတဲ့ အရှက်မရှိတဲ့ လူကြီးက ကလေးကို ရိုက်တယ်လေ.. သူက ကလေးတစ်ယောက်အပေါ် လက်ပါရဲတာ တကယ့်ကို အရှက်မရှိတဲ့ အဘွားကြီး. "

​" ဪ.. ဒါက ဒီလို ဖြစ်ပျက်ခဲ့တာကိုး.. ဒါဆိုရင်တော့ သေချာပေါက် ကျားကျန်းရှီရဲ့ အမှားပဲ ဖြစ်ရမယ်.. ကလေးတွေ အချင်းချင်း ကစားကြတာကို လူကြီးက ဘာလို့ ဝင်ရိုက်ရတာလဲ.. "

" တိုးတိုးလုပ်ပါ.. ဘာမှ ထပ်မပြောနဲ့တော့.. ပြဿနာ မတက်အောင် သတိထားဦး.. အဲ့ဒီ ကျားကျန်းရှီက ရန်စရလွယ်တဲ့ လူစားမျိုး မဟုတ်ဘူး.. "

အမျိုးသမီးကြီး အချို့က တိုးတိုးလေး ဝေဖန်ပြောဆိုနေကြသည် ။

သို့သော် ယခုကိစ္စက ကျားကျန်းရှီနှင့် ပတ်သက်နေသဖြင့် သူတို့က အများကြီး မပြောရဲကြချေ ။

​ကျားကျန်းရှီသည် ခြံဝင်းထဲတွင် ရန်ပွဲရှာတတ်သော မိန်းမကြမ်းကြီးအဖြစ် ကျင့်သားရနေခဲ့ပြီး အဓိက အချက်မှာ သူမ၏ နောက်ကွယ်တွင်ကျောထောက်နောက်ခံပေးမည့်သူ ရှိနေခြင်းကြောင့် ဖြစ်သည် ။ အချိန်ကြာလာသည်နှင့်အမျှ သူမသည် ဤခြံဝင်းထဲက လူမိုက်ကြီး ဖြစ်သည်ဟု ဆိုပါကလည်း ပုံကြီးချဲ့ရာ ကျမည်မထင် ။

နောက်ခြံဝင်းထဲက နားမကြားသော အဘွားအို တစ်ယောက်သာလျှင် သူမကို ထိန်းချုပ်နိုင်စွမ်း ရှိသည် ။

သူမ၏ ကျောထောက်နောက်ခံက မည်သူဖြစ်သည်ကိုမူ သိသူများက သိကြပေလိမ့်မည် ။

​"ဟင်း ..."

အမျိုးသမီးကြီးများက ဒေါသထွက်နေကြသော်လည်း ဘာမှ မပြောရဲကြသည်ကို မြင်သောအခါ ကျားကျန်းရှီက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ခေါင်းကို မော့လိုက်သည် ။

သို့သော် ရန်ရွေ့ဟွားက သူမအကြောင်းကို ထိုသို့ ပြောဆိုနေသည်ကို ကြားရသဖြင့် သူမက သဘာဝကျကျပင် ပြန်လည် ချေပရပေမည် ။

" အဲ့တော့ ဘာဖြစ်လဲ.. အဲ့ဟာမလေးက အဖိုးမတန်တဲ့ မိန်းကလေးပဲဟာကို.. ငါ ရိုက်တော့ ဘာဖြစ်လဲ.. ငါ့ရဲ့ ပန့်ကန့်နဲ့ ယှဉ်လို့ရမှာမို့လို့လား.. "

​ကျားကျန်းရှီက မထီမဲ့မြင် ပြုမူကာ ယန်ကျီဝမ်အား ကြည့်လိုက်သည် ။

" ယန်အဘိုးကြီးရဲ့ ဒုတိယသား. ငါ မင်းကို ပြောလိုက်မယ်.. မင်းအမေက ငါ့ကို ဒီလိုဖြစ်အောင် ရိုက်ထားတာ.. မင်းတို့က ငါ့ကို လျော်ကြေး ငါးယွမ်.. မဟုတ်ဘူး.. ဆယ်ယွမ် မပေးရင် ဒီကိစ္စက ပြီးမှာ မဟုတ်ဘူး.. "

​" ထွီ.. ငါတို့အိမ်က လျော်ကြေးပေးရမယ် ဟုတ်လား.. နင် အိပ်မက်မက်နေလိုက်.. "

ရန်ရွေ့ဟွားကလည်း အရှုံးမပေးဘဲ ကျားကျန်းရှီရှိရာဘက်သို့ တံတွေးဖြင့် ထွေးပစ်လိုက်သည် ။

​ယန်ကျီဝမ်က စိတ်ထဲတွင် အေးစက်စွာ ရယ်မောလိုက်မိသည် ။

သူမက သူ့ကို အလိုရှိတိုင်း ညှစ်ပစ်နိုင်သော ပျော့ပျောင်းသည့် မက်မွန်သီးတစ်လုံးဟု အမှန်တကယ် ထင်မှတ်နေခြင်းလော ။

သူ၏ မောင်နှမငယ်များကို အနိုင်ကျင့်ပြီး မိခင်ဖြစ်သူကို ရိုက်နှက်ခဲ့ရုံသာမက သူ့မိသားစုထံမှ လျော်ကြေးပါ တောင်းဆိုနေသေးသည်။

'ကျားကျန်းရှီက သူ့မျက်နှာသူ အထင်ကြီးလွန်းလိုက်တာ..'

'အင်း.. သေချာကြည့်လိုက်ရင်လည်း သူ့ မျက်နှာက တကယ် ကြီးနေတာပဲ..'

​ယန်ကျီဝမ်ကို ပို၍ ဒေါသထွက်စေသော အချက်မှာ ချင်ဟွိုင်ရူသည် စောစောစီးစီးကတည်းက ရောက်ရှိနေခဲ့သည်မှာ ထင်ရှားလှသော်လည်း ထွက်လာ၍ တားဆီးခြင်း မပြုခဲ့ပေ ။

သူမက ကျားမိသားစုတွင် စကားပြောပိုင်ခွင့် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ၎င်းက အရေးမကြီးပေ ။

သို့သော် ပန့်ကန့်က သူမ၏ သား ဖြစ်ပေသည်။

အကယ်၍ သူမက သူတို့ကို ဖျောင်းဖျ၍ မရနိုင်ခဲ့ရင်တောင်မှ အပြင်သို့ ထွက်လာသင့်သည် ။

သို့သော် သူမက ပုန်းကွယ်နေပြီး ထွက်မလာခဲ့ခြင်းမှာ တကယ့်ကို လွန်လွန်းလှ၏ ။

​ယန်ကျီဝမ်သည် ရန်ပွဲရှာတတ်သော မိန်းမကြမ်းကြီးနှင့် စကားအများကြီး ပြောမနေချင်တော့ချေ ။

သူက အေးစက်သော မျက်နှာထားဖြင့် ကျားကျန်းရှီရှိရာဆီသို့ လျှောက်သွားသည် ။

​ထိုသည်ကို မြင်သောအခါ ကျားကျန်းရှီသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် နောက်သို့ ချက်ချင်း ခြေတစ်လှမ်း ဆုတ်လိုက်ပြီး သတိပေးလိုက်၏ ။

" ယန်အဘိုးကြီးရဲ့ ဒုတိယသား.. မင်း ဘာလုပ်ချင်တာလဲ.. မင်းက ငါ့ကို ရိုက်ချင်လို့လား.. "

" မင်း ငါ့ကို ရိုက်ရဲရင် ရိုက်ကြည့်စမ်း.. "

​"ဖြန်း.. "

​ယန်ကျီဝမ်က ခြေလှမ်းအနည်းငယ်ဖြင့် ကျားကျန်းရှီ၏ ရှေ့သို့ ရောက်ရှိသွားပြီး သူမ၏ ပါးကို ဖြတ်ရိုက်လိုက်သည် ။

ကျားကျန်းရှီ မှင်သက်သွားလေတော့သည် ။

​သူမသည် ယန်အဘိုးကြီး၏ ဒုတိယသားက သူမကို တကယ်တမ်း ရိုက်ရဲလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ချေ ။

ယခင်က ယန်အဘိုးကြီး၏ ဒုတိယသား ဆိုသည်မှာ စာအုပ်ကြီးအတိုင်း နေထိုင်တတ်ပြီး စကားကိုပင် ကျယ်ကျယ် မပြောရဲသော သူ ဖြစ်သည် မဟုတ်ပါလော ။ ယခုအခါတွင်မူ သူက လူတစ်ယောက်ကို ရိုက်နှက်ရဲနေလေပြီ။

​ကျားကျန်းရှီသာမကဘဲ ဘေးကနေ ကြည့်ရှုနေကြသော အမျိုးသမီးကြီးများပါ မှင်သက်သွားကြသည် ။

ရန်ရွေ့ဟွားပင်လျှင် သူမ၏ ဒုတိယသားကို မျက်လုံး ပြူး မျက်ဆန်ပြူးဖြင်် စိုက်ကြည့်နေမိသည် ။

သူမသည်လည်း သူမ၏ ဒုတိယသားက ကျားကျန်းရှီကို ရိုက်နှက်လိမ့်မည်ဟု ထင်မထားခဲ့ချေ ။

ထို့နောက် သူမက တစ်စုံတစ်ခုကို တွေးမိသွားပြီး မျက်နှာ အမူအရာ ပြောင်းလဲသွားခဲ့သည် ။

​ဤကိစ္စမှာ မူလက သူမနှင့် ကျားကျန်းရှီတို့ ရန်ဖြစ်ကြသည့် အမျိုးသမီးများကြားက ရန်ပွဲမျှသာ ဖြစ်သည် ။

သို့သော် သူမ၏ ဒုတိယသားက ဝင်ရောက်ပတ်သက်လာခဲ့လျှင်တော့ အခြေအနေက ကွာခြားသွားပေလိမ့်မည် ။

ကျားကျန်းရှီကို ကျောထောက်နောက်ခံပေးထားသော သူ ပြန်ရောက်လာသည့်အခါ ကျားကျန်းရှီ၏ စရိုက်နှင့်ဆိုလျှင် သူမတို့ မိသားစုက ပိုက်ဆံအများကြီး လျော်ကြေးပေးရမည် မဟုတ်ပါလော ။

သို့သော် ယခုအချိန်တွင် ထိုအရာများကို တွေးတောနေရမည့် အချိန် မဟုတ်တော့ပေ ။

မည်သို့ပင် ဆိုစေကာမူ သူမ၏ ဒုတိယသားက ကျားကျန်းရှီကို ရိုက်နှက်ခဲ့ခြင်းမှာ သူမအတွက်သာ ဖြစ်သည် ။

ဒုတိယသားက မိဘအပေါ် ရိုသေတတ်သူ ဖြစ်ပြီး ဤကိစ္စကလည်း မူလကတည်းက ကျားကျန်းရှီ၏ အမှားသာ ဖြစ်သည် ။

​ယန်ကျီဝမ်က တည်ငြိမ်စွာဖြင့် ပြောလိုက်၏ ။

" ကျုပ် ခင်ဗျားကို ရိုက်ပြီးသွားပြီလေ.. အဲ့တော့ ဘာဖြစ်လဲ.. "

​ကျားကျန်းရှီသည် သူမ၏ ပါးကို အုပ်ကိုင်ကာ စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး ယန်ကျီဝမ်အား လက်ညှိုးထိုးကာ ပြောလိုက်၏ ။

" ယန်အဘိုးကြီးရဲ့ ဒုတိယသား.. နင်က ငါ့ကို တကယ် ရိုက်ရဲတယ်ပေါ့.. ငါ နင့်ကို သေအောင်သတ်မယ်.. "

ထိုသို့ ပြောပြီးနောက် သူမက ခန္ဓာကိုယ်ကို ကိုင်းညွှတ်ကာ ခေါင်းဖြင့် ယန်ကျီဝမ်ရှိရာဘက်သို့ တိုးဝင်တိုက်ခိုက်တော့သည် ။

​ယန်ကျီဝမ်က ဘေးဘက်သို့ ရှောင်တိမ်းလိုက်ပြီး သူ၏ ခြေထောက်ဖြင့် သူမကို ခြေထိုးခံလိုက်သည် ။

" အား.. "

ကျားကျန်းရှီက အော်ဟစ်လိုက်ပြီး မြေပြင်ပေါ်သို့ မှောက်လျက် လဲကျသွားတော့သည် ။

​" အမေ.. "

ချင်ဟွိုင်ရူ ဆက်၍ ကြည့်မနေရဲတော့ဘဲ အလျင်အမြန် ထွက်လာကာ ကျားကျန်းရှီကို တွဲထူလိုက်သည် ။

​ကျားကျန်းရှီကတော့ ကျေးဇူးတင်ခြင်း မရှိ။ သူမ၏ ပါးစပ်ထဲမှ သဲအချို့ကို ထွေးထုတ်လိုက်ပြီး ဆဲရေးတိုင်းထွာလိုက်၏ ။

" ချင်ဟွိုင်ရူ.. နင်လို လာဘ်တိတ်တဲ့ဟာမ.. ဘယ်နေရာမှာ သွားသေနေတာလဲ.. ငါ့လို အဘွားအိုကြီး အနိုင်ကျင့်ခံနေရတာကို နင်မမြင်ဘူးလား.. သွား.. ဒုံရွှီကို အမြန် သွားခေါ်ချေ.. "

​" ကျွန်မ အခုပဲ သွားပါ့မယ်.. "

ချင်ဟွိုင်ရူ ငြင်းဆန်ရန် မရဲဘဲ ယန်ကျီဝမ်အား ချက်ချင်းပင် အပြစ်တင်စကား ဆိုတော့သည် ။

" ယန်ကျီဝမ်.. ဘာပဲဖြစ်ဖြစ် နင်က လူငယ် ယောက်ျားကြီး တစ်ယောက်ပဲဟာကို.. လူကြီးတစ်ယောက်အပေါ် ဘယ်လိုဖြစ်ပြီး လက်ပါရတာလဲ.. "

​" ဘာလဲ..ဟမ့်.. နင် နောက်ဆုံးတော့ ထွက်လာဖို့ ဆုံးဖြတ်လိုက်ပြီပေါ့.. ဇာတ်လမ်း ဆက်မကြည့်တော့ဘူးလား.. "

ယန်ကျီဝမ်က လှောင်ပြောင်ရယ်မောလိုက်ပြီးနောက် နှာမှုတ်ကာ ပြောလိုက်၏ ။

" အဖိုးမတန်တဲ့ အဘွားကြီးကြီးပဲဟာကို.. ငါ ရိုက်တော့ ဘာဖြစ်လဲ.. နင် ဘာလုပ်ချင်လဲ.. "

​ကျားကျန်းရှီ၏ မျက်နှာ အမူအရာ ပြောင်းလဲသွားသည် ။

သူမ ဤစကားလုံးများနှင့် အလွန် ရင်းနှီးလှသည် ။ ထိုစကားများက သူမ ပုံမှန် ပြောဆိုလေ့ရှိသော စကားများ ဖြစ်ကြသည် မဟုတ်လော ။

​အမျိုးသမီးများအား လက်မပါရ ပေဘူးလော။

ယန်ကျီဝမ်အတွက်တော့ ထိုကဲ့သို့သော စည်းကမ်းမျိုး မရှိချေ ။

ထို့အပြင် ဤကိစ္စက မူလကတည်းက ကျားကျန်းရှီဟူသော အဘွားကြီးက သူ၏ မောင်နှမငယ်များအပေါ် အရင်ဦးစွာ လက်ပါခဲ့ခြင်း ဖြစ်သည် ။

'နင်က ကလေးငယ်တွေကို မချစ်တတ်ဘဲနဲ့ ငါ့ဆီကနေ လူကြီးကို ရိုသေခြင်း ဆိုတဲ့ အရာကို မျှော်လင့်နေတာလား .. အိပ်မက်မက်နေလိုက်ဦး ..'

​" အား.. ငါ့လို အဘွားအိုကြီးတော့ နာလွန်းလို့ သေတော့မှာပဲ.. ချင်ဟွိုင်ရူ.. နင်က ဘာလို့ ရပ်ကြည့်နေသေးတာလဲ.. အမြန်သွားပြီး ဒုံရွှီကို ပြန်ခေါ်ခဲ့စမ်း.. "

ကျားကျန်းရှီက ချင်ဟွိုင်ရူ၏ လက်မောင်းကို လိမ်ဆွဲလိုက်သည် ။

​ချင်ဟွိုင်ရူက နာကျင်မှုကြောင့် အော်ဟစ်လိုက်ပြီး အခြားအရာများကို ပြောဆိုမနေတော့ဘဲ အပြင်ဘက်သို့ အလျင်အမြန် ပြေးထွက်သွားတော့သည် ။

ထို့အပြင် ယန်ကျီဝမ်က သူမ စောစောစီးစီး ရောက်ရှိနေခဲ့သည်ကို ထောက်ပြခဲ့သဖြင့် သူမ ယနေ့ညတွင် ကျားကျန်းရှီဟူသော အဘွားကြီး၏ ဆူပူကြိမ်းမောင်းခြင်းကို သေချာပေါက် ခံရပေဦးမည် ။

​ချင်ဟွိုင်ရူက လူသွားခေါ်ရန် ထွက်ခွာသွားသည်ကို ကြည့်ရင်း ကျားကျန်းရှီက ယန်ကျီဝမ်အား ဒေါသတကြီး စိုက်ကြည့်လိုက်၏ ။

" ယန်အဘိုးကြီးရဲ့ ဒုတိယသား.. နင် သေဖို့သာ ပြင်ထားလိုက်တော့.. "

​ရန်ရွေ့ဟွားကလည်း စိုးရိမ်တကြီးဖြင့်....

" ဒုတိယသား.. အမေတို့ ဘာဆက်လုပ်ကြမလဲ.. "

​ယန်ကျီဝမ်က သူမကို နှစ်သိမ့်ပေးလိုက်၏ ။

" အမေ.. စိတ်မပူပါနဲ့.. အဆင်ပြေပါတယ်.. ဒါအစကတည်းက သားတို့အမှား မဟုတ်ဘူး.. ပြည်သူ့လုံခြုံရေးဗျူရိုက လူတွေ ရောက်လာရင်တောင်မှ သားတို့ဘက်က တရားပါတယ်.. "

" ပြီးတော့ ဒီခြံဝင်းကြီးက တစ်စုံတစ်ယောက်တည်းရဲ့ စိတ်ကြိုက် ကပြဖျော်ဖြေရမယ့် နေရာမျိုး မဟုတ်ပါဘူး.. "

ယန်ကျီဝမ်၏ စကားလုံးများက တစ်စုံတစ်ခုကို ရည်ညွှန်းနေခဲ့သည် ။

​ရန်ရွေ့ဟွားက သူ၏ ဆိုလိုရင်းကို နားမလည်ဘဲ စိုးရိမ်နေဆဲပင် ။

" မင်း ကျောင်းကို သွားပြီး မင်းအဖေကို အမြန် သွားခေါ်လိုက်တာ ပိုကောင်းမယ်.. "

သူမက ကျားကျန်းရှီအား လှမ်းကြည့်ရင်း တိုးတိုးလေးပြောလိုက်၏ ။

" ကျားကျန်းရှီက ကိစ္စတွေကို အကြီးအကျယ် ဖြစ်အောင် လုပ်လိမ့်မယ်လို့ ငါ စိုးရိမ်လို့ပါ.. "

​ယန်ကျီဝမ်က ခဏစဉ်းစားပြီးနောက် သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်သည် ။

သူကိုယ်တိုင် ဖြေရှင်းနိုင်စွမ်း ရှိသော်လည်း အချို့သော အရာများကို ယန်ဖူကွေ့ကိုယ်တိုင် ဖြေရှင်းခြင်းက ပို၍ သင့်လျော်ပေသည် ။

ထို့ကြောင့် သူသည်လည်း အပြင်သို့ ထွက်ခွာခဲ့တော့သည် ။

​ကျားကျန်းရှီကတော့ စောင့်သာကြည့်နေပြီး ယန်ကျီဝမ် ထွက်ပြေးသွားမည်ကို စိုးရိမ်ခြင်း မရှိချေ ။

ဘုန်းကြီးပြေးသော်လည်း ကျောင်းကျန်ရစ်သည် မဟုတ်ပါလော။ ထို့ကြောင့် သူမ ဂရုမစိုက် ။

သူမသည် စိတ်ထဲကနေ ယန်ကျီဝမ်ဟူသော တိရစ္ဆာန်ပေါက်စက သူမအပေါ် လက်ပါရဲသည်ကို ကျိန်းသေပေါက် ကလဲ့စားချေမည်ဟု ကြိမ်းဝါးနေလေသည် ။

အကယ်၍ ယန်မိသားစုက ဤအကြိမ်တွင် ကြီးမားသော ဆုံးရှုံးမှုကို မခံစားရဘူးဆိုလျှင် ဤကိစ္စက ဘယ်တော့မှ ပြီးဆုံးသွားမည် မဟုတ်ချေ ။

All Chapters