← Chapters

အခန်း (၈၀၇-၈၀၈)

Vol. 76 Ch. 807-808

အခန်း (၈၀၇-၈၀၈)

Vol. 76 Ch. 807-808

အခန်း (၈၀၇) - လေဟာနယ်သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းခြင်း၊ သတ္တမအဆင့် ‘ချစ်ခြင်းမေတ္တာကူ’၊ နတ်ဘုရားစွမ်းရည် - ဖူးစာကြိုး(၂)။

တစ်ချိန်တည်းမှာပင်။

ကျိုးစွေ့ မိုးကြိုးကပ်ဘေးကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သည့် သတင်းသည် လေဆင်နှာမောင်းတစ်ခုအလား ဖုန်းရှီးမြို့တော်တစ်ခုလုံးသို့ လျင်မြန်စွာ ပြန့်နှံ့သွားခဲ့လေသည်။ လေဟာနယ်သန့်စင်ခြင်းအဆင့် ဘိုးဘေးများစွာနှင့် ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူများသည် ဤသတင်းကို ချက်ချင်းပင် သိရှိသွားကြသည်။

ဤကျင့်ကြံသူအားလုံးသည် အလွန်ရှုပ်ထွေးသော အမူအရာများ ဖြစ်ပေါ်နေကြပြီး ခံစားချက်မျိုးစုံ ရောပြွမ်းနေကာ မည်သို့ပြောရမည်ကိုပင် မသိတော့ချေ။

"တာအိုရောင်းရင်းကျိုးက တကယ်ကို အထက်ဘုံတက်လှမ်းသူပီသတာပဲ...”

"သူက အသက် ခုနစ်ရာကျော်ပဲ ရှိသေးတယ်လို့ ကြားတယ်။ ဒါပေမဲ့ လေဟာနယ်သန့်စင်ခြင်း မိုးကြိုးကပ်ဘေးကို အောင်မြင်စွာ ကျော်ဖြတ်ပြီး လေဟာနယ်သန့်စင်ခြင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီ...”

"သူက တကယ်ကို ကောင်းကင်ဘုံက မျက်နှာသာပေးထားတဲ့ ပါရမီရှင်ပဲ...”

တစ်စုံတစ်ယောက်က သက်ပြင်းချရင်း ပြောလိုက်လေသည်။

ယခင်က သူသည် ဤတာအိုရောင်းရင်းကျိုးအပေါ် အနည်းနှင့်အများဆိုသလို မကျေမနပ်ဖြစ်ခဲ့မိပြီး ကျေးလက်မှလာသော တောသားတစ်ယောက်သာဖြစ်ကာ ဝိညာဉ်ကမ္ဘာတွင် မွေးဖွားကြီးပြင်းလာသော လူသားကျင့်ကြံသူများကို ယှဉ်နိုင်မည်မဟုတ်ဟု ထင်မြင်ခဲ့မိသည်။ သို့သော်လည်း ယခုအခါ မကျေနပ်လျှင်လည်း ကျေနပ်ရတော့မည် ဖြစ်၏။

သူကိုယ်တိုင်ပင် နတ်ဘုရားအသွင်ပြောင်း နှောင်းပိုင်းအဆင့်တွင် ပိတ်မိနေသည်မှာ နှစ်ပေါင်း နှစ်ထောင်၊ သုံးထောင်ခန့် ရှိနေပြီဖြစ်သော်လည်း လေဟာနယ်သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းနိုင်ခြင်း မရှိသေးပေ။ လေဟာနယ်သန့်စင်ခြင်း မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်နိုင်မည်လား ဆိုသည်ကိုပင် သူ မသေချာချေ။

သို့သော် ယခုအခါ တစ်ဖက်လူမှာ မိုးကြိုးကပ်ဘေးကို လွယ်လွယ်ကူကူပင် ကျော်ဖြတ်သွားပြီး လေဟာနယ်သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းသွားခဲ့ပြီ ဖြစ်သည်။ ဤသည်မှာ တစ်လှမ်းတည်းဖြင့် ကောင်းကင်သို့ တက်လှမ်းသွားခြင်းဖြစ်ပြီး မရေမတွက်နိုင်သော ကျင့်ကြံသူများကို ကျော်တက်သွားခြင်းပင် ဖြစ်‌သည်။

မည်သို့ပင်ဆိုစေကာမူ ဖုန်းရှီးမြို့တော်တွင် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူများစွာ ရှိသော်လည်း လေဟာနယ်သန့်စင်ခြင်းအဆင့် ဘိုးဘေးများမှာမူ သုံးရာကျော်သာ ရှိလေသည်။

ယခုတစ်ကြိမ် တက်လှမ်းမှုဖြင့် ဖုန်းရှီးမြို့တော်တွင် လွှမ်းမူမှုကြီးမားသော အရေးပါသည့် ပုဂ္ဂိုလ်တစ်ဦး ချက်ချင်းဖြစ်လာခဲ့သည်ဟု ဆိုနိုင်ပေသည်။

နတ်ဘုရားအသွင်ပြောင်းအဆင့်နှင့် လေဟာနယ်သန့်စင်ခြင်းအဆင့်တို့မှာ တစ်ဆင့်သာ ကွာခြားသည်ဟု မယူဆသင့်ပေ။ အမှန်တကယ်တွင် ကောင်းကင်နှင့်မြေကြီးကဲ့သို့ ကွာခြားပေသည်။

လေဟာနယ်သန့်စင်ခြင်းအဆင့် ဘိုးဘေးတစ်ပါးသည် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူ ထောင်သောင်းချီနှင့် ညီမျှလေသည်။ ကျင့်ကြံမှု၊ တိုက်ခိုက်ရေးစွမ်းအားမှစ၍ သက်တမ်းအထိ မည်သည့်အရာကမျှ သာမန် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူများ ယှဉ်နိုင်မည် မဟုတ်ချေ။

သူတို့နှစ်ဦး၏ အဆင့်အတန်းမှာလည်း အလွန်အမင်း ကွာခြားလှသည်။ တစ်ဦးက သာမန်ပြည်သူဖြစ်ပြီး အခြားတစ်ဦးက အရာရှိတစ်ဦးဖြစ်ကာ မရေမတွက်နိုင်သော သာမန်ပြည်သူများ၏ အသက်ကို သတ်ဖြတ်ပိုင်ခွင့်ရှိသူပင် ဖြစ်လေသည်။

"လေဟာနယ်သန့်စင်ခြင်း မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်နိုင်ရုံလောက်လေးတင် မဟုတ်ဘူး...”

"ဒါက ကျောက်စိမ်းမဏ္ဍိုင်မိုးကြိုးကပ်ဘေးဆိုတာကို မင်းတို့ သိထားဖို့လိုတယ်...”

"ဒီလိုကပ်ဘေးမျိုးကို ကျော်ဖြတ်နိုင်တဲ့သူတိုင်းဟာ အနာဂတ်မှာ မဟာယာနအဆင့်ကို မရောက်နိုင်ရင်တောင် ခန္ဓာပေါင်းစည်းခြင်းအဆင့်ကို ရောက်ဖို့ မျှော်လင့်ချက် ကြီးကြီးမားမား ရှိတယ်...”

"တာအိုရောင်းရင်းကျိုးက ငါတို့ ဖုန်းရှီးမြို့တော်ရဲ့ ဒုတိယမြောက် ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူ ဖြစ်လာနိုင်တယ်...”

လေဟာနယ်သန့်စင်ခြင်းအဆင့် ဘိုးဘေးတစ်ပါးက လေးနက်သောအသံဖြင့် ပြောလိုက်လေသည်။

ကျောက်စိမ်းမဏ္ဍိုင်မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ခြင်းက မည်သည့်အဓိပ္ပာယ်ကို ဆောင်သည်ကို သူ သိရှိထားသည်။ သာမန် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူများသည် လေဟာနယ်သန့်စင်ခြင်း မိုးကြိုးကပ်ဘေးကို လက်မတင်ရုံသာ ကျော်ဖြတ်နိုင်ကြပြီး သေလမ်းကိုးသွယ်၊ ရှင်လမ်းတစ်သွယ် အခြေအနေနှင့် ရင်ဆိုင်ရလေ့ရှိသည်။

ထို့အပြင် ထိုသို့သောသူများသည် သူတို့၏ အလားအလာများ ကုန်ဆုံးသွားပြီဟု ဆိုနိုင်ပေသည်။ အများစုမှာ တစ်သက်တာလုံး လေဟာနယ်သန့်စင်ခြင်း အစောပိုင်းအဆင့်တွင်သာ ရပ်တန့်နေရလိမ့်မည် ဖြစ်၏။

အကယ်၍ ကံကောင်းပြီး အခွင့်အရေးအချို့ ရရှိပါက လေဟာနယ်သန့်စင်ခြင်း အလယ်အလတ်အဆင့် သို့မဟုတ် နှောင်းပိုင်းအဆင့်သို့ တက်လှမ်းနိုင်ကောင်း တက်လှမ်းနိုင်မည် ဖြစ်သည်။ သို့သော်ငြား ထိုသည်ကပင် ဤကျင့်ကြံသူများ၏ အမြင့်ဆုံး အတိုင်းအတာ ဖြစ်ပေသည်။

အမှန်တကယ် ကံကြမ္မာကောင်းများ ရှိပြီး ပါရမီထူးချွန်သူများသာလျှင် ခန္ဓာပေါင်းစည်းခြင်းအဆင့်နှင့် မဟာယာနအဆင့်သို့ တက်လှမ်းနိုင်မည် ဖြစ်သည်။

ကျိုးစွေ့သည် နာမည်ကြီးလှသော ကျောက်စိမ်းမဏ္ဍိုင်မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်နိုင်ခဲ့ခြင်းက သူသည် မဟာယာနအဆင့်သို့ ရောက်ရှိနိုင်သည့် အလားအလာကို ဖော်ပြနေသည်မှာ ထင်ရှားပေသည်။

အကယ်၍ ဖုန်းရှီးမြို့တော်သည် လူသားမျိုးနွယ် ဧကရာဇ်မြို့တော်နှင့် ဆက်သွယ်မှု ရှိနေသေးပါက ဤကျိုးစွေ့သည် လူသားမျိုးနွယ်၏ အဓိက လေ့ကျင့်ပျိုးထောင်ပေးမည့်သူ ဖြစ်လာမည်မှာ သေချာပြီး၊ သူအား ခန္ဓာပေါင်းစည်းခြင်းအဆင့်သို့ လျင်မြန်စွာ တက်လှမ်းနိုင်ရန်အတွက် အရင်းအမြစ်များစွာ ထောက်ပံ့ပေးပေလိမ့်မည်။

"သူ့ရဲ့ အလားအလာကတော့ ပြောနေစရာကို မလိုဘူး။ အထက်ဘုံတက်လှမ်းသူဆိုတဲ့ စကားသုံးခွန်းတည်းနဲ့တင် ဒီအချက်ကို သက်သေပြဖို့ လုံလောက်နေပြီ...”

"ကြောက်စရာအကောင်းဆုံးက သူဟာ လေဟာနယ်သန့်စင်ခြင်းအဆင့် ကန္တာရသားရဲတွေကို ယဉ်ပါးအောင် လုပ်နိုင်တဲ့ လျှို့ဝှက်ပညာရပ်တစ်ခုကို ပိုင်ဆိုင်ထားတာပဲ...”

"အကယ်လို့ သူ့ရဲ့ကိုယ်ပိုင် တိုက်ခိုက်ရေးစွမ်းအားကိုပါ ပေါင်းထည့်လိုက်မယ်ဆိုရင် သူက မြို့စားမင်းအောက်မှာ နံပါတ်တစ် ဖြစ်သွားနိုင်တယ်...”

အခြား လေဟာနယ်သန့်စင်ခြင်းအဆင့် ဘိုးဘေးတစ်ပါးကလည်း ချီးကျူးစကား ပြောကြားလိုက်လေသည်။

အခြားအရာများကို ဘေးဖယ်ထားလိုက်လျှင်ပင် ယခုအချိန်၌ သူသည် လေဟာနယ်သန့်စင်ခြင်းအဆင့် ကန္တာရသားရဲ အကောင်သုံးဆယ်နှင့် သွေးပဋိညာဉ်ချုပ်ဆိုထားသည်ကြောင်း သိရသည်။

ထို လေဟာနယ်သန့်စင်ခြင်းအဆင့် ကန္တာရသားရဲ အကောင်သုံးဆယ် ပူးပေါင်းလိုက်ရုံဖြင့် လေဟာနယ်သန့်စင်ခြင်းအဆင့် ဘိုးဘေးများစွာကို သုတ်သင်ရှင်းလင်းပစ်နိုင်ပေလိမ့်မည်။

သူသည် လေဟာနယ်သန့်စင်ခြင်းအဆင့်သို့ ယခုမှသာ ဝင်ရောက်လာသူဖြစ်သော်လည်း တိုက်ခိုက်ရေးစွမ်းအားကို ယှဉ်ကြည့်မည်ဆိုပါက လေဟာနယ်သန့်စင်ခြင်းအဆင့်တွင် ပြိုင်ဘက်ကင်းသည်ဟု မပြောရဲသော်လည်း သူ့အား ယှဉ်နိုင်မည့်သူမှာ လက်ချိုးရေတွက်၍ ရလောက်အောင်ပင် နည်းပါးလှသည်။

အကယ်၍ ဤလူ၏ အလားအလာကိုပါ ထည့်သွင်းစဉ်းစားမည်ဆိုပါက သူ့အား ဖုန်းရှီးမြို့တော်၏ လေဟာနယ်သန့်စင်ခြင်းအဆင့် နံပါတ်တစ်ဟု ခေါ်ဆိုလျှင်ပင် ပြဿနာရှိမည် မဟုတ်ချေ။

"ရိုးရိုးသားသားပြောရရင် ဒါက ငါတို့အတွက်လည်း အင်မတန် ကောင်းမွန်တဲ့ ကိစ္စရပ်တစ်ခုပဲ...”

"ဘာကြောင့်လဲဆိုတော့ အခု ငါတို့က ကြယ်ကွဲပင်လယ်ထဲမှာ ရောက်နေတာလေ။ အကြီးမားဆုံးရန်သူက ကိုယ့်လူအချင်းချင်း မဟုတ်ဘူး… မျိုးနွယ်ခြားတွေပဲ...”

"ကြယ်ကွဲပင်လယ်မှာ မရေမတွက်နိုင်တဲ့ စွမ်းအားကြီး မျိုးနွယ်ခြားတွေ၊ စွမ်းအားကြီး ကန္တာရသားရဲတွေ ရှင်သန်နေထိုင်ကြတယ်...”

"အခု တာအိုရောင်းရင်းကျိုးက ပိုပြီး စွမ်းအားကြီးလာလေ၊ ငါတို့အတွက် အကျိုးကျေးဇူး ပိုများလေပဲ...”

"ဒီလိုဆိုရင် မျိုးနွယ်ခြားတွေရဲ့ ခြိမ်းခြောက်မှုကို ရင်ဆိုင်ရရင်တောင်မှ အလွယ်တကူ ဖြေရှင်းနိုင်မှာပဲ...”

နောက်ထပ်သော လေဟာနယ်သန့်စင်ခြင်းအဆင့် ဘိုးဘေးတစ်ပါးကလည်း ပြောလိုက်ပြန်သည်။

သူ့အနေဖြင့် ဤသည်မှာ ဆိုးရွားသောကိစ္စမဟုတ်ဘဲ အလွန်ကောင်းမွန်သော ကိစ္စတစ်ခုဟု ယူဆထား၏။ အဘယ်ကြောင့်ဆိုသော် ယခုအခါ ဖုန်းရှီးမြို့တော်၏ အခြေအနေမှာ ကွာခြားသွားပြီ ဖြစ်သောကြောင့်ပင်။

အကယ်၍ မိုးကြိုးတောင်တန်းတွင်သာ ရှိနေသေးပါက လေဟာနယ်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦး ထပ်တိုးလာခြင်းက သူတို့ လေဟာနယ်သန့်စင်ခြင်းအဆင့် ဘိုးဘေးများ၏ ဝေစုကို လုယူသွားနိုင်ပြီး သူတို့၏ အကျိုးအမြတ်များကို သိမ်းပိုက်သွားနိုင်သည်။

ကိတ်မုန့်တစ်ခုက ဤမျှသာရှိရာ လူတစ်ဦး ပိုများလာပါက အခြားသူများအတွက် တစ်ပုံလျော့သွားမည်သာ မဟုတ်ပါလော။

သို့သော်လည်း ယခုအခါတွင် ကွာခြားသွားပြီ ဖြစ်သည်။ အကယ်၍ စွမ်းအားမလုံလောက်ပါက ကိတ်မုန့်ကို မည်မျှခွဲဝေရမည်ကို အသာထား၊ လက်ရှိကိတ်မုန့်ကို ကာကွယ်နိုင်မည်လား ဆိုသည်ကပင် သီးခြားကိစ္စတစ်ခု ဖြစ်သွားပေပြီ။

အကယ်၍ ကျိုးစွေ့က လုံးဝ ကြီးထွားလာပြီး ဖုန်းရှီးမြို့တော်၏ ထောက်တိုင်ကြီး ဖြစ်လာပါက ကြယ်ကွဲပင်လယ်တွင် ရှင်သန်နိုင်ရန် အခွင့်အရေး ရရှိမည်ဖြစ်ပြီး သူတို့ကိုယ်တိုင်ပင် ဤတာအိုရောင်းရင်းကျိုးကို မှီခိုရပေလိမ့်မည်။

ထို့ကြောင့် သူတို့သည် တစ်ဖက်လူကို ပစ်မှတ်ထားရန် မဖြစ်နိုင်ရုံသာမက ကြီးမားစွာ ထောက်ပံ့ပေးရမည်သာ ဖြစ်လေသည်။

အကယ်၍ ဤကဲ့သို့သော ပြိုင်ဘက်ကင်း ပါရမီရှင်သည် ဖုန်းရှီးမြို့တော်၏ ဒုတိယမြောက် ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူ ဖြစ်လာပါက သူတို့အတွက် အကျိုးကျေးဇူးသာရှိပြီး ဆိုးကျိုးရှိမည် မဟုတ်ချေ။ အနာဂတ်တွင် သူတို့သည် အဆုံးမရှိသော အကျိုးကျေးဇူးများကိုပင် ရရှိနိုင်ပေလိမ့်မည်။

"ဒါဆိုရင် ဒီတစ်ကြိမ် တာအိုရောင်းရင်းကျိုး လေဟာနယ်သန့်စင်ခြင်းအဆင့်ကို တက်လှမ်းတာကို ဂုဏ်ပြုတဲ့အနေနဲ့ လက်ဆောင်ကို နည်းနည်းပိုပြီး များများပေးမှ ဖြစ်မယ်...”

လေဟာနယ်သန့်စင်ခြင်းအဆင့် ဘိုးဘေးတစ်ပါးက မေးစေ့ကို ပွတ်သပ်ရင်း အဆိုပြုလိုက်သည်။

မူလက သူသည် အနည်းငယ်မျှသာ ပေးရန် စဉ်းစားထားသော်လည်း ကျိုးစွေ့၏ အလားအလာက သူ၏အကြံအစည်ကို လုံးဝ ပြောင်းလဲသွားစေခဲ့၏။

အနာဂတ်တွင် ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူ၊ ထို့ထက်ပို၍ မဟာယာနအဆင့်၊ အင်မော်တယ်ပင် ဖြစ်လာနိုင်သူတစ်ဦးဖြစ်ရာ သူ့အနေဖြင့် အရင်းအနှီးအများအပြား ထုတ်ရန် လုံလောက်သည်။

ယခုကဲ့သို့ တစ်ဖက်လူ၏ ကျင့်ကြံမှု နိမ့်ကျနေချိန်တွင် မပေါင်းသင်းထားပါက တစ်ဖက်လူ တကယ်တမ်း စွမ်းအားရှင်ကြီး ဖြစ်လာချိန်တွင် ပေါင်းသင်းရန် လမ်းကြောင်းပင် ရှိတော့မည် မဟုတ်ချေ။

"လက်ဆောင်ပေးတာထက် တာအိုရောင်းရင်းကျိုးနဲ့ ဆွေမျိုးစပ်တာက ပိုကောင်းမယ်လို့ ငါထင်တယ်...”

"အကယ်လို့ မျိုးနွယ်ထဲက သမီးတွေကို တာအိုရောင်းရင်းကျိုးနဲ့ ပေးစားနိုင်မယ်ဆိုရင် ကိုယ်လုပ်တော်အဖြစ်ပဲ ဖြစ်ရင်တောင်၊ ဒါက မဆိုးတဲ့ ရွေးချယ်မှုတစ်ခုပဲ...”

အခြား လေဟာနယ်သန့်စင်ခြင်းအဆင့် ဘိုးဘေးတစ်ပါးကမူ ကျိုးစွေ့နှင့် ရွှေလမ်းငွေလမ်းဖောက်၍ ဆွေမျိုးစပ်ရန် ဉာဏ်ကောင်းသော အကြံအစည်တစ်ခုကို စဉ်းစားလိုက်လေသည်။

အမှန်တကယ်တွင် ဖုန်းရှီးမြို့တော်ရှိ လေဟာနယ်သန့်စင်ခြင်းအဆင့် မိသားစုများစွာသည် ဤကဲ့သို့ပင် အချင်းချင်း ရွှေလမ်းငွေလမ်းဖောက်ကာ ဆွေမျိုးစပ်ထားကြပြီး မိသားစုဝင်များသဖွယ် ဖြစ်နေကြသည်။

ထိုသို့ဆိုလျှင် လူတိုင်း၏ အကျိုးစီးပွားမှာ အတူတကွ တည်ရှိနေပြီး ကြိုးတစ်ချောင်းတည်းတွင် သီထားသော ပုလဲများကဲ့သို့ ဖြစ်သွားမည် ဖြစ်လေသည်။

"အိပ်မက်မက်မနေနဲ့...”

"အကယ်လို့ တကယ်ပဲ အဲဒီလိုလုပ်ရဲရင် တာအိုရောင်းရင်းပိုင်က မင်းခေါင်းကို ရိုက်ခွဲပစ်လိမ့်မယ်...”

"တာအိုရောင်းရင်းပိုင်က ရွှေမွေးကျောက်စိမ်းမျက်နှာ မြေခွေးသွေးမျိုးဆက်ရှိတာနော်။ သဝန်တိုလာရင် တော်တော် ကြောက်စရာကောင်းတာ။ သေချာစဉ်းစားဖို့ လိုလိမ့်မယ်...”

ဘေးနားရှိ လူတစ်ဦးက ပြောလိုက်လေသည်။

"ငါက တာအိုရောင်းရင်းပိုင်နဲ့ တာအိုရောင်းရင်းကျိုးကို ခွဲထုတ်ချင်လို့ မဟုတ်ပါဘူး...”

"တာအိုရောင်းရင်းကျိုးကို ပြုစုစောင့်ရှောက်ဖို့ မိန်းမနည်းနည်းလောက် ပိုများစေချင်ရုံပါ။ တာအိုရောင်းရင်းပိုင်လည်း နားလည်ပေးမယ်လို့ ယုံကြည်တယ်...”

"ဘာပဲဖြစ်ဖြစ် လေဟာနယ်သန့်စင်ခြင်းအဆင့် ယောက်ျားကျင့်ကြံသူတစ်ယောက်က ဇနီးတစ်ယောက်တည်း ရှိတယ်ဆိုတာ ဘယ်လိုလုပ် သင့်တော်မှာလဲ...”

"ဇနီးသုံးယောက်၊ ကိုယ်လုပ်တော်လေးယောက် ဆိုတာက သာမန်ပဲလေ။ အနည်းဆုံးတော့ တစ်ရာ၊ နှစ်ရာလောက် ယူရမှာပေါ့...”

"ဒါမှမဟုတ်ရင် ငါတို့ လူသားမျိုးနွယ်ရဲ့ လူဦးရေက ဘယ်လိုလုပ် တိုးလာမှာလဲ...”

နောက်ထပ် လေဟာနယ်သန့်စင်ခြင်းအဆင့် ဘိုးဘေးတစ်ပါးက အာဘောင်အာရင်းသန်စွာဖြင့် ပြောလိုက်ပြန်သည်။

ဝိညာဉ်ကမ္ဘာ လူသားမျိုးနွယ်အတွက် လူဦးရေအများအပြား တိုးပွားလာစေရန်မှာ အလွန်အရေးကြီးသော မူဝါဒတစ်ခု ဖြစ်ပြီး အထက်အရာရှိများက သာမန်ပြည်သူများကို ကလေးများများမွေးရန် အားပေးအားမြှောက် ပြုလုပ်ကြကာ ကလေးများများမွေးလေ ဆုကြေးငွေများများရလေ ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ဝိညာဉ်ကမ္ဘာ လူသားမျိုးနွယ်၌ အစားအစာပြဿနာ လုံးဝမရှိချေ။ မန္တန်အချို့ကို အသုံးပြုလိုက်ရုံဖြင့် အစားအစာ အမြောက်အများကို အလွယ်တကူ စိုက်ပျိုးနိုင်သည်။

သို့သော်ငြား နှစ်ပေါင်း သန်းနှင့်ချီ၍ ဖွံ့ဖြိုးတိုးတက်လာခဲ့သော်လည်း ဝိညာဉ်ကမ္ဘာ လူသားမျိုးနွယ်၏ လူဦးရေမှာ သောင်းဂဏန်း ဘီလီယံမျှသာ ရှိလေသည်။ ဤသည်မှာ အလွန် ပုံမှန်မဟုတ်သော ကိစ္စတစ်ခုပင် ဖြစ်ပေသည်။

ဤသို့ဖြစ်ရခြင်းမှာ လူသားများသည် မကြာခဏဆိုသလို အမြောက်အမြား သေဆုံးလေ့ရှိသောကြောင့်ပင်။

ဥပမာအားဖြင့် ကန္တာရသားရဲများ၏ တိုက်ခိုက်မှုခံရခြင်း၊ မျိုးနွယ်ခြားများ၏ တိုက်ခိုက်မှုခံရခြင်း စသည်တို့ ဖြစ်လေသည်။ တိုက်ခိုက်မှုခံရတိုင်း မရေမတွက်နိုင်သော လူသားများ သေဆုံးလေ့ရှိကြသည်။

အချိန်ကြာလာသည်နှင့်အမျှ ဤအရာက လူသားမျိုးနွယ် အရေအတွက် တိုးပွားလာမှုကို အလွန် နှေးကွေးစေခဲ့ချေသည်။

ထို့ကြောင့် လူသားမျိုးနွယ် အထက်အရာရှိများက ကလေးမွေးဖွားရန် အားပေးအားမြှောက် ပြုလုပ်ရခြင်း ဖြစ်လေသည်။ အကယ်၍သာ ကလေးမွေးဖွားရန် အားပေးအားမြှောက် မပြုလုပ်ပါက လူသားမျိုးနွယ်သည် ဝိညာဉ်ကမ္ဘာတွင် စောစီးစွာ မျိုးသုဉ်းပျောက်ကွယ်သွားမည်ဖြစ်ပြီး ယနေ့အချိန်ထိ ရှင်သန်နိုင်မည် မဟုတ်ချေ။

ထို့အပြင် အဆင့်မြင့် ကျင့်ကြံသူများအတွက်မူ သူတို့အနေဖြင့် ပို၍ပင် ကလေးမွေးဖွားစေချင်ကြသည်။

မည်သို့ပင်ဆိုစေကာမူ ဤအဆင့်မြင့် ကျင့်ကြံသူများသည် အံ့မခန်း ပါရမီရှင်များဖြစ်ကြရာ သူတို့မွေးဖွားလာသော ကလေးများ၏ ပါရမီများမှာလည်း အလွန် မြင့်မားပေလိမ့်မည် မဟုတ်ပါလော။ လူသားမျိုးနွယ်အတွက်မူ ၎င်းသည် ပါရမီရှင် အမြောက်အမြားကို တိုးပွားလာစေခြင်းနှင့် တူညီလေသည်။

"မှန်တယ်… မှန်တယ်၊ ပြောတာ ယုတ္တိရှိတယ်...”

"ငါတို့ စမ်းသပ်ကြည့်ကြတာပေါ့။ အကယ်လို့ တာအိုရောင်းရင်းကျိုးက သဘောတူတယ်ဆိုရင် ငါတို့ပေးလို့ နောက်မကျသေးပါဘူး...”

"အကယ်၍ သဘောမတူဘူးဆိုရင်လည်း အတင်းအကျပ် မလုပ်ပါဘူး...”

"ဘာပဲဖြစ်ဖြစ် ငါတို့ဘက်က ဘာမှ ဆုံးရှုံးသွားမှာမှ မဟုတ်တာ...”

လေဟာနယ်သန့်စင်ခြင်းအဆင့် ဘိုးဘေးများစွာက တစ်ယောက်တစ်ပေါက် ပြောဆိုဆွေးနွေးနေကြလေသည်။ စကားအနည်းငယ် ပြောဆိုပြီးနောက် ဤကိစ္စကို ချက်ချင်းပင် အတည်ပြုလိုက်ကြတော့သည်။

…

အခန်း (၈၀၈) - လေဟာနယ်သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းခြင်း၊ သတ္တမအဆင့် ‘ချစ်ခြင်းမေတ္တာကူ’၊ နတ်ဘုရားစွမ်းရည် - ဖူးစာကြိုး(၃)။

ဤအချိန်တွင် မြို့စားမင်းစံအိမ်၌။

"တကယ်ကြီး မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ပြီး လေဟာနယ်သန့်စင်ခြင်းအဆင့်ကို တက်လှမ်းသွားတာပဲ...”

"အထက်ဘုံတက်လှမ်းသူဆိုပေမဲ့လည်း ဒီလောက် မြန်မြန်ဆန်ဆန် ကျင့်ကြံနိုင်တာက တော်တော်လေး မြန်လွန်းတယ်...”

"ဒါပေမဲ့ ဒီယောကျ်ားအတွက်တော့ ဒါက သိပ်ကို ပုံမှန်ဖြစ်နေတာမျိုး ဖြစ်နိုင်တယ်...”

ထောင်ချီလီသည်လည်း ဤကိစ္စကို သဘာဝကျကျပင် သိရှိသွားပြီး သူမ၏ ဖီးနစ်မျက်လုံးများတွင် ညို့ငင်နိုင်စွမ်းများ ပေါ်လွင်နေကာ အလွန်ဆွဲဆောင်မှုရှိနေသည်။

သူမသည် ဤယောကျ်ားအား မေ့ပျောက်ပစ်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း အကြိမ်တိုင်းတွင် ထိုယောကျ်ား၏ နာမည်က နားထဲသို့ ရောက်ရှိလာပြီး မည်သို့မျှ လွတ်မြောက်နိုင်ခြင်း မရှိခဲ့ချေ။

'ဒါဆိုရင်လည်း လွတ်မြောက်အောင် မကြိုးစားတော့ဘူး...’

'ပြီးတော့ တစ်ကိုယ်တည်း နေလာတာလည်း ကြာပြီဆိုတော့ အဖော်ရှာချင်တာ သဘာဝကျတာပဲလေ။ ကောင်းကင်ဘုံက ငါ့ယောကျ်ားလည်း နားလည်ပေးမှာပါ...’

ထောင်ချီလီတစ်ယောက် စိတ်ထဲတွင် တွေးလိုက်မိတော့သည်။

တစ်လအကြာ…။

အမှတ် (၈၈) တာအိုကျောင်းတော်ရှိ လှိုဏ်ဂူအတွင်း၌။

ဝုန်း... ဝုန်း... ဝုန်း…။

ကျိုးစွေ့သည် မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်၍ ကူနတ်ဘုရားကျင့်စဉ်ကို လည်ပတ်လိုက်ရာ အရပ်လေးမျက်နှာရှိ သဘာဝချီစွမ်းအင်များက အရှိန်အဟုန်ဖြင့် စုရုံးလာပြီး၊ ဤနေရာကို ချီစွမ်းအင်လေဝဲကြီးတစ်ခုအဖြစ် ပြောင်းလဲသွားစေကာ သူ့ကိုယ်တွင်းသို့ ရူးသွပ်စွာ ဝင်ရောက်သွားလေ၏။

လေဟာနယ်သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းပြီးနောက် သူ၏ဝိညာဉ်စွမ်းအင် လိုအပ်ချက်မှာ ပိုမိုကြီးမားလာခဲ့သည်။ ကျင့်စဉ်ကို အနည်းငယ်လည်ပတ်လိုက်ရုံဖြင့် မရေမတွက်နိုင်သော ဝိညာဉ်စွမ်းအင်များကို ဝါးမျိုပစ်နိုင်ပြီး မိုင်တစ်ရာပတ်လည်ရှိ နေရာတစ်ခုလုံးကို လေဟာနယ်အဖြစ်သို့ပင် ပြောင်းလဲသွားစေနိုင်သည်။

ဤသည်ကပင် ယခင် ကျင့်ကြံခြင်းလောကတွင် လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူများ မပေါ်ထွက်နိုင်ရသည့် အကြောင်းရင်းပင်။ ရေတိမ်တွင် အစစ်အမှန်နဂါးကို မွေးမြူ၍ ရနိုင်ပါမည်လော။

မည်သို့ပင်ဆိုစေကာမူ လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူများအတွက် သဘာဝချီစွမ်းအင်လိုအပ်ချက်မှာ အလွန်များပြားလွန်းလှရာ ယခင် ကျင့်ကြံခြင်းလောကက ဖြည့်ဆည်းပေးနိုင်မည် မဟုတ်ချေ။ အနည်းငယ် လည်ပတ်လိုက်ရုံဖြင့် အဆုံးမရှိသော သဘာဝချီစွမ်းအင်များကို ဝါးမျိုပစ်နိုင်သည်။

ထို့ကြောင့် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများမှာ မည်သည့် ဝိညာဉ်စွမ်းအင်ကိုမျှ အသုံးပြုနိုင်တော့မည် မဟုတ်ချေ။

ဖုန်းရှီးမြို့တော်တွင် သတ္တမအဆင့် ဝိညာဉ်သွေးကြောတစ်ခု ရှိနေ၍သာ တော်သေးသည်ဟု ဆိုရမည်ဖြစ်ပြီး လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူများစွာ၏ ကျင့်ကြံခြင်း လိုအပ်ချက်များကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်ပေသည်။

ထို့ကြောင့် သူနေထိုင်ရာ နေရာတွင် ဝိညာဉ်စွမ်းအင် ပြတ်လပ်သွားပြီး သူ၏ကျင့်ကြံခြင်း တိုးတက်မှုအား နှောင့်နှေးစေမည်ကို စိုးရိမ်ရန် မလိုတော့ချေ။

"ဒါက ကူတစ်သောင်း ဓမ္မသဏ္ဌာန်ပဲ...”

ကျိုးစွေ့က အတွေးတစ်ချက်ဖြင့် အမိန့်ပေးလိုက်ရာ ပတ်ဝန်းကျင်ရှိ သဘာဝချီစွမ်းအင်များ စုစည်းသွားပြီး ဧရာမ ဓမ္မသဏ္ဌာန်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားလေ၏။ ဤသည်မှာ ကြီးမြတ်သော တိုင်းပြည်မြေပုံတစ်ခုပင် ဖြစ်ပေသည်။

‘စာအုပ်ကူ’မှာ တောင်တန်းကြီးများအဖြစ် ပြောင်းလဲသွားပြီး၊ ‘အရက်ကူ’မှာ မြစ်ချောင်းများ၊ ‘ရွှေစားကူ’မှာ သတ္တုတွင်းများ၊ ‘ဆေးဝါးကူ’မှာ မြက်ပင်များနှင့် သစ်ပင်ကြီးများ၊ သစ်တောအုပ်ကြီးများအဖြစ် ပြောင်းလဲသွား၏။

‘ရွှေအလင်းအဆိပ်တစ်ထောင်ကူ’မှာ အဆိပ်မြွေများနှင့် အဆိပ်ကောင်များအဖြစ် ပြောင်းလဲသွားကာ တောအုပ်အတွင်း သွားလာနေပြီး သက်ရှိစွမ်းအင်များကို ပြည့်ဝနေစေသည်။

‘ချစ်ခြင်းမေတ္တာကူ’မှာမူ လူသား ယောက်ျား၊ မိန်းမများအဖြစ် ပြောင်းလဲသွားကာ မျိုးနွယ်စုများ ဖွဲ့စည်းပြီး တောအုပ်အတွင်း နေထိုင်ကြလေသည်။ မြေပြင်ပေါ်တွင် နတ်ဘုရားဆင်ကြီးများ လျှောက်လှမ်းနေ၏။ ကောင်းကင်ထက်တွင် အစစ်အမှန်နဂါးများ ပျံသန်းနေပြီး မိုးကြိုးတိမ်တိုက်များက ခြံရံထားပေသည်။

အနည်းငယ်လှုပ်ရှားလိုက်ရုံဖြင့် ဤကူတစ်သောင်း ဓမ္မသဏ္ဌာန်သည် ကျဆင်းလာမည်ဖြစ်ပြီး အရာအားလုံးကို ဖိနှိပ်ထားနိုင်ကာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ပါဝင်နေချေသည်။

ဤသည်ကား သူ လေဟာနယ်သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းပြီးနောက် မွေးဖွားလာသော ကောင်းကင်မြေကြီး ဓမ္မသဏ္ဌာန်ပင်။

၎င်းသည် သူ၏ခန္ဓာကိုယ်ပေါ်ရှိ ကူပိုးကောင် ဆယ်ကောင်ကျော်၏ ကောင်းကင်မြေကြီး ဓမ္မသဏ္ဌာန်များကို ပေါင်းစပ်ထားခြင်းဖြစ်ပြီး နောက်ဆုံးတွင် ဤကူတစ်သောင်း ဓမ္မသဏ္ဌာန်အဖြစ် ဖွဲ့စည်းကာ အရာအားလုံးကို လွှမ်းခြုံထားနိုင်သော ကြီးမြတ်သော တိုင်းပြည်မြေပုံဖြစ်လာခြင်း ဖြစ်ပေသည်။

အကယ်၍ အခြားကူပိုးကောင်များစွာကို ထပ်မံမွေးမြူနိုင်ပါက ထိုကူပိုးကောင်များ၏ စွမ်းအားများကိုပါ ဤနေရာတွင် ပေါင်းစပ်ထည့်သွင်းနိုင်မည် ဖြစ်သည်။

တစ်လကြာကျင့်ကြံပြီးနောက် သူသည် လေဟာနယ်သန့်စင်ခြင်းအဆင့်၏ စွမ်းအားများကို အကြမ်းဖျင်း သိရှိနားလည်လာပြီမှာ ထင်ရှားသည်။ ယခင်ကနှင့် နှိုင်းယှဉ်ပါက အနည်းဆုံး တစ်ဆခန့် ပိုမိုစွမ်းအားကြီးမားလာခဲ့လေသည်။

ဝှမ်…။

ထိုသို့တွေးလိုက်ပြီး ကျိုးစွေ့သည် အတွေးတစ်ချက်ဖြင့် ခန္ဓာကိုယ်ပေါ်ရှိ အချက်အလက်ပြမျက်နှာပြင်ကို ချက်ချင်း ဖွင့်လိုက်လေ၏။ ချက်ချင်းပင် အချက်အလက်များစွာ ပေါ်လာတော့သည်။

[ ပိုင်ရှင် - ကျိုးစွေ့၊ ကျင့်ကြံမှု - လေဟာနယ်သန့်စင်ခြင်းအဆင့် အစောပိုင်း (တိုးတက်မှုနှုန်း ၂%)၊ သက်တမ်း - ၇၀၇ (၃၀၀,၀၀၀) နှစ် ]

[ ပင်ကိုပါရမီ - ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ် (၃၀%) ]

[ ဓားတာအိုပညာရပ် - ပဉ္စမအဆင့် အထွတ်အထိပ် (၈၀%) ]

[ မန္တန်အဆောင်ပညာရပ် - ပဉ္စမအဆင့် အထွတ်အထိပ် (၄၀%) ]

[ အစီအရင်ပညာရပ် - ဆဋ္ဌမအဆင့် အထွတ်အထိပ် (၈၀%) ]

[ ဆေးဖော်စပ်ပညာရပ် - ဆဋ္ဌမအဆင့် အောက်ခြေအဆင့် (၃၀%) ]

[ လက်နက်သန့်စင်ခြင်း - ပဉ္စမအဆင့် အထွတ်အထိပ် (၄၅%) ]

[ နတ်ဆိုးအသွင်ပြောင်းပညာရပ် - မဟာဆရာသခင်အဆင့် ]

[ ကောင်းကင်မြေကြီး ဆေးပေါင်းဖိုပညာရပ် - ကျွမ်းကျင်အဆင့် ]

[ မိစ္ဆာနှလုံးသားဆင့်ခေါ်ခြင်းပညာရပ် - မိစ္ဆာမျိုးစေ့၊ မိစ္ဆာဆင့်ခေါ်ခြင်း၊ မိစ္ဆာဝါးမျိုခြင်း ]

[ အလင်းမျက်လုံးခုနစ်လုံးလျှို့ဝှက်ကျမ်း - နှလုံးသားမျက်လုံး အသိအမှတ်ပြုခြင်း၊ နှလုံးသားမျက်လုံး ထိုးထွင်းသိမြင်ခြင်း၊ နှလုံးသားမျက်လုံး ဘာသာစကားနားလည်ခြင်း၊ နှလုံးသားမျက်လုံး စိတ်အာရုံဖတ်ခြင်း၊ နှလုံးသားမျက်လုံး သေကွင်းသေကွက်သိမြင်ခြင်း (၇၀%) ]

[ ကျူးရှန်းဓားသိုင်း - ပထမပုံစံ သဏ္ဌာန်မဲ့ဓားအလင်း၊ ဒုတိယပုံစံ သတ်ဖြတ်ခြင်းဓားအလင်း၊ တတိယပုံစံ ကျော့ကွင်းဓားအလင်း ]

[ ဓာတ်ငါးပါးမိုးကြိုးမန္တန် - ကျွမ်းကျင်အဆင့်၊ ကုယုံဆန်းကြယ်အလင်း - မဟာဆရာသခင်အဆင့်၊ ရှေးဟောင်းလိပ်နက်ပညာရပ် - တတိယအလွှာ၊ ဝိညာဉ်ဖြန့်ကျက်အဆိပ်ဆူး - မဟာဆရာသခင်အဆင့် ]

[ ‘ချစ်ခြင်းမေတ္တာကူ’ - သတ္တမအဆင့် အောက်ခြေအဆင့်၊ ‘ကိုယ်ပွားကူ’ - ဆဋ္ဌမအဆင့် အောက်ခြေအဆင့်၊ ‘အရက်ကူ’ - ဆဋ္ဌမအဆင့် အောက်ခြေအဆင့်၊ ‘ရွှေစားကူ’ - ဆဋ္ဌမအဆင့် အောက်ခြေအဆင့်၊ ‘စာအုပ်ကူ’ - သတ္တမအဆင့် အထွတ်အထိပ်၊ ‘အိပ်မက်ဝိညာဉ်ကူ’ - ဆဋ္ဌမအဆင့် အထွတ်အထိပ်၊ ‘နဂါးဆင်ကူ’ - ဆဋ္ဌမအဆင့် အလယ်အလတ်၊ ‘ရွှေအလင်းအဆိပ်တစ်ထောင်ကူ’ - ဆဋ္ဌမအဆင့် အောက်ခြေအဆင့်၊ ‘တည်နေရာရွှေ့ပြောင်းကူ’ - ဆဋ္ဌမအဆင့် အောက်ခြေအဆင့်၊ ‘အစီအရင်နှလုံးသားကူ’ - ဆဋ္ဌမအဆင့် အထွတ်အထိပ်၊ ‘ပစ္စည်းရှာဖွေကူ’ - ဆဋ္ဌမအဆင့် အောက်ခြေအဆင့်၊ ‘မိုးကြိုးကပ်ဘေးကူ’ - ဆဋ္ဌမအဆင့် အလယ်အလတ်၊ ‘ဆေးဝါးကူ’ - ဆဋ္ဌမအဆင့် အောက်ခြေအဆင့်၊ ‘ကံကြမ္မာကူ’ - ဆဋ္ဌမအဆင့် အောက်ခြေအဆင့် ]

"သက်တမ်းက နှစ်သုံးသိန်းအထိတောင် တိုးလာတာလား...”

"လေဟာနယ်သန့်စင်ခြင်းအဆင့် ဆိုတဲ့အတိုင်းပဲ၊ တိုးလာတဲ့ သက်တမ်းက တကယ်ကို များပြားလွန်းတယ်...”

အထက်ပါ အချက်အလက်များကို ကြည့်ရှုရင်း ကျိုးစွေ့မှာ အလွန်အမင်း ဝမ်းသာပျော်ရွှင်သွားခဲ့လေသည်။ သူ ကြိုးစားပမ်းစား ကျင့်ကြံပြီး အဆင့်တက်လှမ်းရခြင်းမှာ သက်တမ်းတိုးစေရန်နှင့် ထာဝရအသက်ရှင်သန်မှုကို ရရှိရန်အတွက် မဟုတ်ပါလော။

သူ၏ကျင့်ကြံမှု အဆက်မပြတ် မြင့်တက်လာသည်နှင့်အမျှ သက်တမ်းမှာလည်း ပိုမိုများပြားလာသည်မှာ ထင်ရှားပေသည်။ ရိုးရိုးသားသားပြောရလျှင် ယခုအချိန်တွင် သူသည် မည်သို့မျှပင် မခံစားရတော့ချေ။

မည်သို့ပင်ဆိုစေကာမူ သူသည် ယခုအချိန်တွင် အတော်လေး ငယ်ရွယ်နေသေးပြီး အသက်ခုနစ်ရာ ဝန်းကျင်ခန့်သာ ရှိသေးရာ နှစ်တစ်သောင်းပင် မပြည့်သေးပေ။ နှစ်သုံးသိန်းဆိုသော အချိန်မှာ ကမ္ဘာကြီးတစ်ခုလုံး ပျက်သုဉ်းသွားမည့် အချိန်နှင့်ပင် တူညီနေသည်။

သို့သော်လည်း သက်တမ်းတိုးလာခြင်းအပြင် သူ၏ခန္ဓာကိုယ်ပေါ်ရှိ ကူပိုးကောင် ဆယ်ကောင်ကျော်မှာလည်း ကြီးမားစွာ တိုးတက်လာခဲ့၏။ အားလုံးနီးပါး ဆဋ္ဌမအဆင့်သို့ ရောက်ရှိသွားကြပြီ ဖြစ်သည်။

ကူပိုးကောင်တစ်ကောင်စီ၏ စွမ်းအားများမှာ ကောင်းကင်နှင့်မြေကြီး ပြောင်းပြန်လှန်သွားသကဲ့သို့ တိုးတက်လာခဲ့ပြီး ယခင်ကနှင့် လုံးဝ နှိုင်းယှဉ်၍မရနိုင်တော့ချေ။

အများဆုံး တိုးတက်လာသည်မှာ ‘ချစ်ခြင်းမေတ္တာကူ’ပင် ဖြစ်ပြီး သတ္တမအဆင့် အောက်ခြေအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။ တစ်နည်းအားဖြင့်ဆိုရလျှင် ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူနှင့်ပင် ညီမျှနေပြီ ဖြစ်လေသည်။ သို့သော်ငြား ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူကဲ့သို့သော တိုက်ခိုက်ရေးစွမ်းအားမျိုး မရှိခြင်းသာ ဖြစ်ပေသည်။

"သတ္တမအဆင့် ‘ချစ်ခြင်းမေတ္တာကူ’ကလည်း နတ်ဘုရားစွမ်းရည်တစ်ခုကို မွေးဖွားပေးခဲ့တယ်...”

"ဒီနတ်ဘုရားစွမ်းရည်ရဲ့ နာမည်က ဖူးစာကြိုးလို့ ခေါ်တယ်...”

ကျိုးစွေ့၏ မျက်လုံးများတွင် တောက်ပသော အလင်းရောင်များ ပေါ်ထွက်လာလေသည်။ ‘ချစ်ခြင်းမေတ္တာကူ’၏ ဤနတ်ဘုရားစွမ်းရည် မည်မျှစွမ်းအားကြီးမားကြောင်း သူ ချက်ချင်းပင် သိမြင်လိုက်ရ၏။

ဖူးစာကြိုးကို အသုံးပြုလိုက်သည်နှင့်တစ်ပြိုင်နက် ဤပုံရိပ်ယောင်ကြိုးကို အခြားသက်ရှိများအပေါ်တွင် ချည်နှောင်ထားနိုင်သည်။

ထိုသို့ဆိုလျှင် နှစ်ဖက်စလုံးသည် မဖြစ်မနေ တာအိုလက်တွဲဖော်များ ဖြစ်လာကြမည် ဖြစ်သည်။ ကံကြမ္မာမျိုးစုံကြောင့် ထိုလူနှစ်ဦး၏ သံယောဇဉ်များမှာ တိုးပွားလာပြီး ရင်ချင်းအပ်စုံတွဲတစ်တွဲ ဖြစ်လာရပေမည်။ နောက်ဆုံးတွင် အချစ်ချောက်နက်ထဲသို့ ကျဆင်းသွားကြမည် ဖြစ်၏။

တစ်နည်းအားဖြင့်ဆိုရလျှင် ဤသည်မှာ ကံကမ္မ ဆက်စပ်နေသော နတ်ဘုရားစွမ်းရည် အမျိုးအစားပင်။

သတ်ဖြတ်နိုင်စွမ်း များစွာမရှိသော်လည်း သက်ရှိများစွာ၏ တစ်သက်တာလုံးကို လွှမ်းမူနိုင်စွမ်း ရှိလေသည်။

ပို၍ ကြောက်မက်ဖွယ်ကောင်းသည်မှာ ဤဖူးစာကြိုးသည် မိမိကိုယ်ပေါ်တွင်သာ အသုံးပြုနိုင်သည်မဟုတ်ဘဲ အခြားသူများအပေါ်တွင်လည်း အသုံးပြုနိုင်ကာ အခြားသူများ၏ အချစ်ရေးကိုပါ ကူညီပေးနိုင်ခြင်းပင် ဖြစ်သည်။

ယောကျ်ားအချင်းချင်း၊ မိန်းမအချင်းချင်းပင် အတူတကွ နေထိုင်စေနိုင်သည်။

ဤစွမ်းအားသည် လိင်ခွဲခြားမူပင် မရှိတော့ချေ။ အကယ်၍ အမြင်မကြည်သော ရန်သူတစ်ဦးနှင့် ကြုံတွေ့ပါက ဤဖူးစာကြိုးကို အသုံးပြု၍ ထိုရန်သူကို ယောကျ်ားတစ်ယောက်အား ချစ်မိသွားစေရန် ပြုလုပ်နိုင်သည်။

'အရမ်းကို ရူးသွပ်ဖို့ ကောင်းလွန်းတယ်...’

'ဒါက သေချာပေါက် ကံကမ္မဆက်စပ်နေတဲ့ နတ်ဘုရားစွမ်းရည် အမျိုးအစားပဲ...’

'ငါသာ ဆန္ဒရှိမယ်ဆိုရင် မရေမတွက်နိုင်တဲ့ လူတွေရဲ့ အိမ်ထောင်ရေးကို ဖျက်ဆီးပစ်လို့ ရတယ်...’

'ဖူးစာတွေကို ရမ်းသန်းပြီး ရေးပေးလို့ရတဲ့ သဘောမျိုးပဲ...’

ကျိုးစွေ့မှာ အံ့ဩမဆုံး ဖြစ်နေလေသည်။ ‘ချစ်ခြင်းမေတ္တာကူ’၏ စွမ်းအားမှာ မိန်းကလေးများကို မြှူဆွယ်ရန်၊ ကိုယ်လုပ်တော်ယူရန်၊ ဇနီးမယားယူရန်သက်သက်သာ မဟုတ်ကြောင်း သူ ပို၍ပို၍ ခံစားလာရသည်။

အမှန်တကယ်တွင် ‘ချစ်ခြင်းမေတ္တာကူ’သည် ဖူးစာရေးနတ်မင်းကဲ့သို့သော စွမ်းအားမျိုး ပိုင်ဆိုင်ထားပြီး မရေမတွက်နိုင်သော လူများကို အတူတကွ ပေါင်းစပ်ပေးကာ လင်မယားဖြစ်လာစေရန် ကူညီပေးနိုင်သည်။

သတ္တမအဆင့်သို့ ရောက်ရှိသွားသော ‘ချစ်ခြင်းမေတ္တာကူ’သည် အမှန်တကယ်ပင် ပို၍ပို၍ ကြောက်မက်ဖွယ်ကောင်းလာခဲ့ပြီ ဖြစ်သည်။ ဤကံကမ္မ ဆက်စပ်နေသော နတ်ဘုရားစွမ်းရည်သည် ထူးခြားပြောင်မြောက်သော စွမ်းအားများကို စတင်ပြသလာပြီ ဖြစ်လေသည်။

'ဒီလို နတ်ဘုရားစွမ်းရည်မျိုးကို လွယ်လွယ်နဲ့ အသုံးချလို့ မဖြစ်ဘူး...’

'ဒါမှမဟုတ်ရင် ဝမ်းနည်းဖွယ် အချစ်ဇာတ်လမ်းတွေ ဘယ်လောက်တောင် ပေါ်လာမလဲ၊ အဖြစ်ဆိုးတွေ ဘယ်လောက်တောင် ပေါ်လာမလဲဆိုတာ မသိနိုင်ဘူး...’

'ကိုယ့်ကိုယ်ကိုယ်ပဲ အသုံးပြုပြီး ဇနီးမယား၊ ကိုယ်လုပ်တော်ယူတာပဲ ပိုကောင်းပါတယ်လေ...’

ကျိုးစွေ့က မေးစေ့ကို ပွတ်သပ်ရင်း တွေးလိုက်မိ၏။

All Chapters