← Chapters

အခန်း (၇၃၉-၇၄၀)

Vol. 54 Ch. 739-740

အခန်း (၇၃၉-၇၄၀)

Vol. 54 Ch. 739-740

အပိုင်း (၇၃၉) အစီအရင်ကို ဖျက်ဆီးခြင်း တိုက်ပွဲ (၁)

အစိမ်းရောင်ဝတ်ရုံဝတ်အမျိုးသမီးက ဂရုမစိုက်ဟန်ဖြင့် ပြုံးလိုက်ပြီး ပြော၏။

"ဒီလိုမျိုး ရမ်းသန်းခန့်မှန်းနေတာက အဓိပ္ပာယ်မရှိဘူး။ ရန်သူတွေရဲ့ ကျင့်ကြံမှုကို ကြည့်ရင် ငါတို့ အနိုင်ရဖို့က သေချာသလောက် ရှိပါတယ်။ ဒါပေမဲ့ ငါတို့ ပေါ့ဆလို့တော့ မဖြစ်ဘူး။ အမှားတစ်ခုက သေတာ ဒါမှမဟုတ် အဖမ်းခံရတာမျိုးအထိ ဖြစ်သွားနိုင်တယ်"

ကုယောင်က တွေဝေစွာ မေး၏။

"ဒါဆိုရင် ပညာရှိလဲ့ ဆိုလိုတာက"

အမျိုးသမီးက တည်ငြိမ်စွာ ပြန်လည်ဖြေကြား၏။

"ဒါက ကျော့ကွင်း ဖြစ်ဖြစ်၊ မဖြစ်ဖြစ် ငါတို့က အစီအရင်ကို ဖျက်ဆီးဖို့ လာတာပဲ။ ငါတို့ မူလ အစီအစဉ်အတိုင်းပဲ ဆက်သွားကြမယ်။ အခြေအနေမှန်ကို သိဖို့အတွက် လူအနည်းငယ်ကို စတေးရတာက ထိုက်တန်ပါတယ်။ ဘာလို့လဲဆိုတော့ ငါတို့အတွက် အရေးကြီးဆုံး အရင်းအမြစ်က အချိန်ပဲလေ။ ကောင်းကင်တောင်ပိုင်းက တခြား အင်အားစုတွေဟာ ပူးပေါင်းပြီး စစ်ကူတွေ လွှတ်နေတယ်လို့ ငါတို့ သတင်းရထားတယ်။ အဲဒီစစ်ကူတွေ ရောက်လာဖို့ နှစ်လကနေ သုံးလလောက် ကြာလိမ့်မယ်။ အဲဒီမတိုင်ခင်မှာ ငါတို့ ပင်မစစ်တပ်က မိုးမျှော်ကောင်းကင်မြို့တော်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ဖို့အတွက် အကောင်းဆုံးအခွင့်အရေးပဲ။ တကယ်လို့ ငါတို့က ကိုးပြည်ထောင်စုနဲ့ တခြား အင်အားစုတွေ ပူးပေါင်းသွားတဲ့အထိ စောင့်နေမယ်ဆိုရင် ငါတို့ အဲဒီတိုက်ပွဲမှာ နိုင်ခဲ့ရင်တောင်မှ အင်အားတွေ အများကြီး ဆုံးရှုံးသွားလိမ့်မယ်"

ပိန်ရှည်သောမန္တာန်စစ်သည်မှာ ခဏမျှ တွန့်ဆုတ်နေပြီးမှ သဘောတူလိုက်တော့ပြီး ဆို၏။ "ဒါဆိုရင်တော့ ပညာရှိလဲ့ အဆိုပြုတဲ့အတိုင်း လုပ်ကြတာပေါ့"

ကုယောင်ကမူ အဆင့်နိမ့်မန္တာန်စစ်သည်တွေ၏ အသက်ကို အထူးတလည် ဂရုမစိုက်သဖြင့် မည်သည့် ကန့်ကွက်မှုမျှ မပြုခဲ့ချေ။ အမျိုးသမီးက ခေါင်းညိတ်လိုက်ပြီး သူမ၏ နှုတ်ခမ်းများ လှုပ်ရှားလျက် တစ်စုံတစ်ဦးထံသို့ အသံလွှင့်စကား ပို့လိုက်သည်။ ထို့နောက် ပုံစံတူဝတ်ဆင်ထားသော မန္တာန်စစ်သည် တစ်ရာခန့်သည် အမြုတေဖွဲ့စည်းခြင်းအဆင့်မန္တာန်စစ်သည် တစ်ဦး၏ ဦးဆောင်မှုဖြင့် နဂါးဝါတောင်ထိပ်ဆီသို့ ဖြည်းညင်းစွာ ချဉ်းကပ်သွားကြတော့သည်။

ထိုမန္တာန်စစ်သည် တစ်ရာခန့်မှာ မူလက မြူပင်လယ်ရှိခဲ့သော နေရာကို ဖြတ်ကျော်ပြီး တောင်တန်းဆီသို့ ဦးတည်သွားကြရာ တဖြည်းဖြည်းနှင့် အနက်ရောင် အစက်အပြောက်လေးများအဖြစ် ပြောင်းလဲသွားကြသည်။ သူတို့၏ ခရီးစဉ်မှာ မည်သည့်အနှောင့်အယှက်မျှ မရှိဘဲ တောင်ထိပ်သို့ ဘေးကင်းစွာ ရောက်ရှိသွားကြသဖြင့် ပိန်ရှည်သောမန္တာန်စစ်သည်မှာ စိတ်အေးသွားရပြီး အမျိုးသမီးကို ပြုံးလျက် ဆို၏။

"ဒီနေရာကို တကယ်ပဲ စွန့်ခွာသွားကြပုံရတယ်၊ ကျန်တဲ့သူတွေကို ရှာဖွေခိုင်းလိုက်ရအောင်။ သူတို့ ဒီလောက်အထိ အလောတကြီး ထွက်သွားကြမှတော့ ပစ္စည်းတွေ အများကြီး ကျန်ခဲ့မှာ သေချာတယ်"

အမျိုးသမီးက အေးတိအေးစက်ဖြင့် တားမြစ်၏။

"အလောတကြီး မလုပ်ပါနဲ့။ ဆက်ပြီး ရှာဖွေခိုင်းလိုက်ဦး"

ပိန်ရှည်သောမန္တာန်စစ်သည်မှာ ဤစကားကြောင့် မှင်တက်သွားရပြီး ဘာမှ ထပ်မဆိုတော့ချေ။ ထိုအခိုက်အတန့်တွင် မန္တာန်စစ်သည် တစ်ရာခန့်မှာ ကျောက်စိမ်းစင်မြင့်များနှင့် တစ်ဝက်တစ်ပျက် လောင်ကျွမ်းနေသော အဆောက်အအုံများကို ရှာဖွေနေကြရာ ရံဖန်ရံခါတွင် ဝိညာဉ်ကျောက်တုံးများနှင့် အခြား ပစ္စည်းအချို့ကို ရှာတွေ့နေကြသည်။ ထိုမန္တာန်စစ်သည်များမှာ ပြုံးပျော်လျက် ထိုပစ္စည်းများကို သူတို့ကိုယ်ပိုင်အဖြစ် သိမ်းဆည်းပြီး ၎င်းတို့၏ သိုလှောင်အိတ်များထဲသို့ ထည့်နေကြတော့သည်။

မောက်လန်စစ်တပ်ကြီးမှာ မူလကတည်းက အရွယ်အစားမျိုးစုံရှိသော မောက်လန်မျိုးနွယ်စုများစွာဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ဝိညာဉ်ကျောက်တုံးတွင်းများမှ ရရှိသော အရင်းအမြစ်များမှလွဲ၍ ကျန်ရှိသော စစ်ပွဲအတွင်း ရရှိသည့် ပစ္စည်းများကိုမူ ၎င်းတို့ကိုယ်တိုင် ပိုင်ဆိုင်ခွင့် ရှိကြသည်။ အပြင်ဘက်ရှိ ပင်မစစ်တပ်ကြီးက ဤသည်ကို မြင်သောအခါ စတင်၍ မတည်မငြိမ် ဖြစ်လာကြသည်။ သူတို့သည် အသက်အန္တရာယ် မရှိဘဲ ပစ္စည်းများ ရယူနိုင်သည့် အခွင့်အရေးအပေါ် အင်မတန် မနာလို ဖြစ်နေကြသည်။ သည်အဆောက်အအုံတွေထဲမှာ ဘယ်လောက်တောင် ကောင်းတဲ့ ပစ္စည်းတွေ ရှိနေမလဲဆိုတာ ဘယ်သူ သိပါ့မည်နည်း။

မကြာမီမှာပင် ပိန်ရှည်သော အမျိုးသားနှင့် ကုယောင်တို့မှာ ဆက်လက်၍ ငြိမ်မနေနိုင်ကြတော့ချေ။ ကုယောင်က မရေမရာလေသံဖြင့် ပြောလာသည်။

"ပညာရှိလဲ့… ကြည့်ပါဦး"

စစ်တပ်အတွင်းရှိ မန္တာန်စစ်သည် အများစုမှာ မောက်လန်မျိုးနွယ်စု၏ မျိုးနွယ်အသီးသီးမှ လာကြသူများ ဖြစ်သဖြင့် ကျင့်ကြံခြင်း ပစ္စည်းများ အမြဲ လိုအပ်နေသော သူတို့အဖို့ ဤအခွင့်အရေးမျိုးကို လက်မလွှတ်ချင်ကြပေ။ ရှာဖွေနေသော မန္တာန်စစ်သည် တစ်ရာမှာမူ အင်အား သိပ်မရှိသော မျိုးနွယ်စုငယ်လေးမှ ဖြစ်သဖြင့် သူတို့ ရရှိထားသော ပမာဏမှာ သူတို့အတွက် လုံလောက်နေပြီ ဖြစ်သည်။ အစိမ်းရောင်ဝတ်ရုံဝတ်အမျိုးသမီးမှာမူ သူတို့စကားကို မကြားသည့်အလား ဂရုမစိုက်ဘဲ ရှိနေခဲ့သည်။ ထိုအစား သူမသည် တစ်စုံတစ်ခုကို ဇဝေဇဝါ ဖြစ်နေသည့်အလား မျက်လုံးများကို အလိုအလျောက် မှေးကြည့်နေခဲ့သည်။ ကုယောင်နှင့် ပိန်ရှည်သောမန္တာန်စစ်သည်တို့သည် ဤသည်ကို မြင်သောအခါ တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြပြီး စကားစဖြတ်လိုက်ကြတော့သည်။

ရေနွေးအိုးတစ်ကျက်စာခန့် အချိန်ကြာပြီးနောက် မန္တာန်စစ်သည် တစ်ရာခန့်မှာ တောင်ထိပ်၏ သုံးပုံတစ်ပုံခန့်ကို ရှာဖွေပြီးသွားကြပြီ ဖြစ်သည်။ ထိုအခိုက်အတန့်တွင် ပညာရှိလဲ့ ဆိုသူ အမျိုးသမီးက စကားဆိုလာခဲ့လေပြီ။

"ရှင်တို့ နှစ်ယောက်စလုံးက လူတစ်ရာစီကို အဲဒီထဲ ထပ်လွှတ်လိုက်ကြ၊ ပြီးတော့ ကျန်နေတဲ့ အတားအဆီးတွေကိုပါ တစ်ခါတည်း ဖျက်ဆီးခိုင်းလိုက်။ တောင်တစ်ခုလုံးကို ရှင်တို့ စိတ်ဝိညာဉ်အာရုံနဲ့ လိုက်စစ်နေစရာ မလိုဘူး။ တခြား ဘယ်သူ့ကိုမှ တောင်ထဲ ဝင်ခွင့် မပြုတော့ဘူး"

"ဟုတ်ကဲ့ပါ… ပညာရှိလဲ့ အမိန့်အတိုင်း လုပ်ပါ့မယ်"

ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြသော ထိုနှစ်ဦးမှာ ၎င်းတို့၏ မျိုးနွယ်စုရှိ ကိုယ်ပိုင်တပည့်များထံသို့ သတင်းပို့လိုက်ကြတော့သည်။ ရလဒ်အနေဖြင့် နောက်ထပ် မန္တာန်စစ်သည် နှစ်ရာခန့်မှာ တောင်ထိပ်သို့ ဝင်ရောက်သွားကြပြီး ဆာလောင်မွတ်သိပ်နေသော ဝံပုလွေများအလား အဆောက်အအုံများကို စတင် မွှေနှောက် ရှာဖွေကြတော့သည်။

နဂါးဝါတောင်၏ တစ်နေရာမှနေ၍ အဘိုးအိုမာ၏စကားသံမှာ တိတ်ဆိတ်မှုကို ဖြိုခွဲ၍ ရုတ်တရက် ထွက်ပေါ်လာသည်။

"ဒီလောက် လူများနေရင်တော့ ငါ့ မန္တာန်စွမ်းအားက တောင့်ခံနိုင်မှာ မဟုတ်ဘူး"

ထိပ်ပြောင်သောအမျိုးသားကြီးက နောင်တရဟန်ဖြင့် ပြောလာသည်။

"မောက်လန် နတ်ဘုရားပညာရှိတွေထဲက တစ်ယောက်မှ ဒီကျော့ကွင်းထဲကို မဝင်လာတာ တကယ်ကို နှမြောစရာပဲ"

ထိုသို့ ပြောပြီးသည်နှင့် မကြာမီမှာပင် တောင်ထိပ်တစ်ခုလုံးမှာ ငလျင်လှုပ်သည့်အလား တုန်ခါလာတော့သည်။ အတွင်း၌ ရှိနေသော မန္တာန်စစ်သည် သုံးရာခန့်မှာ အကြီးအကျယ် ထိတ်လန့်သွားကြရသည်။ မည်သည့် အမိန့်ကိုမျှ မစောင့်တော့ဘဲ သူတို့သည် အရပ်မျက်နှာ အသီးသီးသို့ ပြန့်ကျဲ ထွက်ပြေးကြတော့သည်။ အဖွဲ့တစ်ခုချင်းစီကို ဦးဆောင်နေသော အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူသုံးဦးမှာမူ အမြန်ဆုံး၊အသွက်ဆုံး ဖြစ်တာ ပြောနေရန် မလိုပေ။ သူတို့က မျက်စိတစ်မှိတ်အတွင်းမှာပင် ပေ ၃၀၀ ခန့် ရောက်ရှိသွားကြသည်။ သို့သော်လည်း သူတို့သည် မည်မျှပင် အမြန်နှုန်း မြှင့်နိုင်ပါစေ၊ ဤကျယ်ပြန့်လှသော အစီအရင်၏ နယ်နိမိတ်အတွင်းမှ လွတ်မြောက်နိုင်ကြလိမ့်မည် မဟုတ်ချေ။

တောင်ထိပ်မှနေ၍ အရောင်စုံ အလင်းတန်းများ ရုတ်တရက် တောက်ပလာပြီး အစိမ်းရောင် မြူခိုးများ ပြန်လည် ထွက်ပေါ်လာကာ လေထုအတွင်း၌ လှိုင်းထန်သွားတော့သည်။ နဂါးဝါတောင်ကို ဗဟိုပြု၍ ကျယ်ပြန့်လှသော ပတ်ဝန်းကျင် ဧရိယာ တစ်ခုလုံးမှာ နောက်တစ်ကြိမ် အစိမ်းရောင် မြူပင်လယ်အတွင်းသို့ နစ်မြုပ်သွားတော့သည်။ ပိန်ရှည်သောမန္တာန်စစ်သည်နှင့် ကုယောင်တို့သည် ဤသည်ကို မြင်ရသည့်အခါ ၎င်းတို့၏ မျက်နှာမှာ ကြည့်မကောင်းအောင် ဖြစ်သွားပြီး ဖြူဖျော့သွားကြတော့သည်။ သားရဲကြီးပေါ်မှ အစိမ်းရောင်ဝတ်ရုံဝတ်အမျိုးသမီးမှာမူ သူမ၏ အကြည့်နှင့် အမူအရာမှာ ယခင်အတိုင်း အေးစက်နေသည်သာ။

"နှမြောစရာပဲ" သူမက အမူအရာကင်းမဲ့စွာ ဆို၏။

"ထင်ထားတဲ့အတိုင်း ဒါက ကျော့ကွင်း ဖြစ်နေတာပဲ။ တကယ်လို့ ငါတို့သာ ကုရွှမ်းဖူကို အသုံးမချခဲ့ဘူးဆိုရင် သူက ဆက်ပြီး ပုန်းအောင်းနေနိုင်မှာဖြစ်သလို ပိုပြီး ကြီးမားတဲ့ အကျိုးသက်ရောက်မှုကိုလည်း ပေးနိုင်မှာပဲ"

ကုယောင်သည် သူ၏ လက်နှစ်ဖက်ကို ဆုပ်လိုက်ပြီး မြူခိုးများအတွင်းသို့ စိုက်ကြည့်နေခဲ့ပြီး ဆို၏။ "ပညာရှိလဲ့… အထဲက လူတွေက"

အထဲကို လွှတ်လိုက်သော အမြုတေဖွဲ့စည်းခြင်းအဆင့်မန္တာန်စစ်သည်မှာ သူ အထူးတလည် မျက်နှာသာပေးထားသော သူ၏ တိုက်ရိုက်အနွယ်ဝင် တစ်ဦး ဖြစ်သည်။ ထိုသူ ကျော့ကွင်းထဲ မိသွားလိမ့်မည်ဟု မထင်ထားခဲ့သဖြင့် သူသည် သူ့ကို ကယ်ဆယ်ရန် အသည်းအသန် ဖြစ်နေခဲ့သည်။ အစိမ်းရောင်ဝတ်ရုံဝတ်အမျိုးသမီးက ကုယောင်ကို တစ်ချက်ကြည့်လိုက်ပြီး ဂရုမစိုက်ဟန်ဖြင့် ဆို၏။ "စကားအပိုတွေ မပြောနဲ့တော့။ အဲဒီ စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူတွေ စွမ်းရည်နဲ့ဆိုရင် အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူတွေကို ကိုင်တွယ်ဖို့က အင်မတန် လွယ်ကူတယ်။ သူတို့ အခုလောက်ဆို သေနေလောက်ပါပြီ"

သူ၏အမူအရာမှာ ခေတ္တမျှ တုန်လှုပ်သွားပြီးနောက် သူက ရက်စက်သော အမူအရာဖြင့် ဆို၏။ "ဒါဆိုရင်တော့ ပညာရှိလဲ့… ကျွန်တော့်ကို အစီအရင်ကို ဖျက်ဆီးဖို့ ဦးဆောင် တိုက်ခိုက်ခွင့် ပေးပါ။ ကျွန်တော့် မီးဝိညာဉ်အနှစ်သာရကို ထုတ်လွှတ်ပြီး အစီအရင်ကို တစ်ခဏအတွင်းမှာတင် ဖျက်ဆီးပစ်နိုင်ပါတယ်။ အဲဒီနောက်မှာ အထဲက ကျင့်ကြံသူတွေ အလောင်းတွေကိုပါ အကုန်လုံး မီးရှို့ပစ်ကြတာပေါ့"

အမျိုးသမီးက မျက်ခုံးပင့်၍ ပြောလိုက်၏။

"နင့် မီးဝိညာဉ်အနှစ်သာရ ဟုတ်လား… ကောင်းပြီ။ နင် ဆုံးဖြတ်ပြီးပြီဆိုရင်တော့ ငါက ဧရာမကြံ့ကြီးကို နင်နဲ့အတူ လိုက်ပါစေပါ့မယ်။ ဒါပေမဲ့ နင့် မီးဝိညာဉ်အနှစ်သာရကို ချွေတာသုံးပြီး အရေးကြီးတဲ့ အချိန်ကျမှ အံဝင်ခွင်ကျသုံးတာက အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ ပြီးတော့ ကောင်းကင်မျက်ရည်ကို သတ်လိုက်တဲ့ လူငယ်လေးကိုလည်း အထူး သတိထားရမယ်။ သူက ကောင်းကင်လေမျိုးနွယ်စုက ပညာရှိမူရဲ့ ရုပ်ခန္ဓာကို ဖျက်ဆီးခဲ့တဲ့ ကျင့်ကြံသူလည်း ဖြစ်နိုင်တယ်လို့ ငါ သံသယ ရှိမိတယ်။ အဲဒါသာ အမှန်ဆိုရင် သူ့စွမ်းရည်က ကြီးမားနေပြီ။ ပြီးတော့ သူ့ရဲ့ထူးဆန်းတဲ့ အပြာရောင် မီးတောက်တွေကိုလည်း ထည့်တွက်ရမယ်။ နင်သာ သတိမထားရင် နင်ပါ သေသွားနိုင်တယ်"

ပိန်ရှည်သောကျင့်ကြံသူ၏ မျက်နှာမှာ လှုပ်ခတ်သွားပြီး ထိတ်လန့်ရိပ်အချို့ ပေါ်လာတော့သည်။

"သူက ပညာရှိမူရဲ့ ရုပ်ခန္ဓာကို သတ်ခဲ့တဲ့ ကျင့်ကြံသူလား… သူက ဒဏ္ဍာရီလာ လျှပ်စီးရွှေ့လျားခြင်း အတတ်ကို သုံးနိုင်တယ်လို့ ကြားဖူးတယ်… အဲဒါ တကယ်ပဲလား"

"ပညာရှိဝမ်… ခင်ဗျား နည်းစနစ်တွေက တိုက်ပွဲမှာ အနီးကပ် ချဉ်းကပ်နိုင်တဲ့ ကျင့်ကြံသူတွေနဲ့ တွေ့ရင် အားအနည်းဆုံးပဲ။ အဲဒီကျင့်ကြံသူနဲ့ ဘယ်တော့မှ ထိပ်တိုက် မတိုက်မိအောင် အထူး သတိထားပါ။ သူ့ကို ငါနဲ့ပဲ လွှဲပေးလိုက်တာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်"

သူမ၏ မျက်ဝန်းများအတွင်း၌ အေးစက်သော အလင်းတန်းများ လက်သွားပြီး ဂုဏ်ယူစွာ ဆိုလာ၏။

"ငါက ညင်သာလေပြင်းအတတ်ကို ကျင့်ကြံထားတာ။ ဒါရဲ့ အရှိန်က သူ့ရဲ့ လျှပ်စီးရွှေ့လျားခြင်းထက် မနိမ့်ပါဘူး။ သူ့ရဲ့ မိစ္ဆာမီးတောက်တွေနဲ့ ရွှေရောင်လျှပ်စီးတွေက ဘယ်လောက်ပဲ သေစေနိုင်ပါစေ၊ ငါ့ကိုယ်ပေါ်ကို မကျရောက်သရွေ့တော့ ငါ့ကို ဘာမှ မလုပ်နိုင်ပါဘူး။ သူ့ရဲ့ အခြားစွမ်းရည်တွေနဲ့ ပတ်သက်လို့ကတော့… သူက အခုထိ စဦးစိတ်ဝိညာဉ်အစောပိုင်းအဆင့်ကျင့်ကြံသူ တစ်ဦးပဲ ရှိသေးတာလေ။ ငါ့ကို ဘယ်လိုများ ယှဉ်နိုင်မှာလဲ"

"ဒါဆိုရင်တော့ ကောင်းတာပေါ့။ ပညာရှိလဲ့ တစ်ယောက်ပဲ သူ့ကို ကိုင်တွယ်နိုင်မှာပါ။ ပျံသန်းခြင်းမျိုးနွယ်စုက သူတော်စင်မထျန်းလန်နဲ့ ယှဉ်နိုင်ခဲ့တဲ့ ပညာရှိလဲ့လို လူမျိုးနဲ့ တွေ့ရင်တော့ သူက သေချာပေါက် ရှုံးနိမ့်သွားမှာပါ"

အစိမ်းရောင်ဝတ်ရုံဝတ်အမျိုးသမီး ပြသခဲ့သော ယုံကြည်မှုကြောင့် ပိန်ရှည်သောကျင့်ကြံသူမှာ စိတ်အေးသွားပြီး သက်ပြင်းချလိုက်တော့သည်။ သူမကမူ ဤစကားကို ကြားရသည့်အခါ မျက်နှာမှာ ချက်ချင်း သုန်မှုန်သွားပြီး အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

"သူတော်စင်မထျန်းလန်"

ပိန်ရှည်သောကျင့်ကြံသူမှာ ဤသည်ကို မြင်သောအခါ ထိတ်လန့်သွားရသည်။ ပညာရှိလဲ့သည် ထိုတိုက်ပွဲကို သူမ၏ ရှုံးနိမ့်မှုအဖြစ် သတ်မှတ်ထားပြီး အခြားသူများက ထိုကိစ္စအကြောင်း ပြောဆိုခြင်းအပေါ် အင်မတန် မုန်းတီးတတ်မှန်း သူ ရုတ်တရက် သတိရသွားမိခြင်းကြောင့်ပင်။

"ဒါက… တကယ်ကို"

ပိန်ရှည်သောကျင့်ကြံသူသည် စကားလမ်းကြောင်း လွှဲရန် ကြိုးစားရင်း တစ်ကိုယ်တည်း ရေရွတ်လိုက်သော်လည်း အမျိုးသမီးက သူမ၏ လက်မောင်းကို ဝှေ့ယမ်းလိုက်ပြီး သူမ၏ တည်ငြိမ်မှုကို ပြန်လည် ထိန်းသိမ်းလိုက်သည်။

"တော်တော့။ ငါတို့ အစီအရင်ကို ဖျက်ဆီးရမယ်။ တခြား စကားတွေကို ရပ်လိုက်ကြ၊ တိုက်ခိုက်မှုကို စတင်ဖို့ အမိန့်ပေးလိုက်တော့"

"ဟုတ်ကဲ့ပါ"

ပိန်ရှည်သောကျင့်ကြံသူမှာ စိတ်အေးသွားရပြီး ကုယောင်နှင့်အတူ ချက်ချင်း အမိန့်ပေးလိုက်တော့သည်။

...

မှောင်မည်းနေသော မြူခိုးများအတွင်း၌ ခေါင်းမပါသော အမြုတေဖွဲ့စည်းခြင်းအဆင့်မန္တာန်စစ်သည် တစ်ဦး၏ အလောင်းမှာ လဲလျောင်းနေခဲ့သည်။ မလှမ်းမကမ်းတွင် ပုံရိပ်တစ်ခုမှာ အပြာရောင်အလင်းတန်းများဖြင့် လက်နေသည်။ ဟန်လိသည် ခေါင်းမပါသော အလောင်းကို တစ်ချက်ကြည့်လိုက်ပြီး သူ၏ လက်ကို မြှောက်ကာ အလောင်းထံမှ အပြာရောင် အလင်းတန်းကို ပြန်လည် သိမ်းဆည်းလိုက်ပြီးနောက် ပျံထွက်ခဲ့တော့သည်။

ဟန်လိသည် တည်ငြိမ်စွာ ပျံသန်းနေစဉ်မှာပင် မန္တာန်စစ်သည်၏ သိုလှောင်အိတ်ကို စစ်ဆေးကြည့်လိုက်ရာ စိတ်ပျက်စရာများကိုသာ တွေ့ရှိလိုက်ရသည်။ သိုလှောင်အိတ်အတွင်း၌ အသုံးမဝင်သော ပစ္စည်းများသာ ရှိနေပြီး စိတ်ဝိညာဉ် ပညာရပ်များနှင့် ပတ်သက်သော သို့မဟုတ် အခြား တန်ဖိုးရှိသော ပစ္စည်း တစ်ခုမျှ မပါဝင်ချေ။ ဟန်လိသည် မျက်မှောင်ကြုတ်လိုက်ပြီး သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်မိသည်။

ထိုအခိုက်အတန့်တွင် အစိမ်းရောင် မြူပင်လယ်ကြီး၏ အပြင်ဘက်၌ ကျယ်လောင်လှသော စစ်ဗုံတီးသံများ ထွက်ပေါ်နေခဲ့သည်။ ဗုံတီးသံများ ထွက်ပေါ်လာရာ ဦးတည်ရာမှနေ၍ အံ့မခန်းလှသော ဝိညာဉ်ချီ လှိုင်းလုံးများစွာ လှုပ်ခတ်လာခဲ့သည်။ ၎င်းနောက် မိုးခြိမ်းသံကဲ့သို့ ဟိန်းဟောက်သံတစ်ခုသည် လေထုနှင့် မြေပြင်ကို တုန်ခါသွားစေရာ မြူခိုးများပင်လျှင် မသိမသာ လှိုင်းထန်သွား၏။

ဟန်လိ၏မျက်နှာကမူ တည်ငြိမ်နေဆဲပင်။ သူက အေးတိအေးစက်ဖြင့် အထက်သို့ ဝေ့ခတ်ကြည်ရှုလိုက်သည်။ ခဏ စဉ်းစားပြီးနောက် သူသည် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး သူ၏ လက်ထဲမှ နီရဲသော မီးလုံးတစ်ခုကို ထုတ်လွှတ်ကာ အနီးနားရှိ အလောင်းကို ပြာအဖြစ် ပြောင်းလဲပစ်လိုက်သည်။ ထို့နောက် သူသည် လှည့်ပြန်လိုက်ပြီး မြူခိုးများ၏ အလယ်ဗဟိုသို့ ပျံသန်းသွားကာ အစအနမကျန် ပျောက်ကွယ်သွားတော့သည်။

မြူခိုးများ၏ အလယ်ဗဟိုတွင်မူ ထူးဆန်းသော ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်နေခဲ့သည်။ စောစောက ပျက်စီးနေသော အဆောက်အအုံများ အားလုံးမှာ လုံးဝ မပျက်စီးသေးသည့် မူလပုံစံအတိုင်း ပြန်လည် ရောက်ရှိနေသည်။ ကျင့်ကြံသူများမှာလည်း မြူခိုးများ၏ နေရာအသီးသီးသို့ ရံဖန်ရံခါ လှည့်လည်သွားလာနေကြ၏။ အဘိုးအိုမာနှင့် ထိပ်ပြောင်သောအမျိုးသားကြီးတို့မှာ အဆောက်အအုံများ၏အထက် ပေ ၃၀၀ ခန့် အကွာတွင် ဝဲပျံနေကြသည်။ သူတို့သည် ဘေးချင်းယှဉ် ရပ်နေကြပြီး မန္တာန်စစ်သည် စစ်တပ်ရှိရာ ဦးတည်ရာသို့ လေးနက်သော မျက်နှာထားများဖြင့် စိုက်ကြည့်လို့နေ၏။

အပိုင်း (၇၄၀) အစီအရင်ကို ဖျက်ဆီးခြင်း တိုက်ပွဲ (၂)

ထိပ်ပြောင်သောအမျိုးသားကြီးက သက်ပြင်းချကာ ပြောလိုက်၏။

"မောက်လန်တွေ ဒီလောက်အထိ သတိကြီးလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ သူတို့ရဲ့ မန္တာန်စစ်သည် အချို့ကို ငါတို့ သတ်နိုင်ခဲ့ပေမဲ့ သူတို့ရဲ့ အင်အားကိုတော့ အများကြီး မထိခိုက်နိုင်သေးဘူး။ အခုတော့ အင်အားချင်း ထိပ်တိုက်ရင်ဆိုင်ရတော့မယ်။ အစ်ကိုမာ… ခင်ဗျားရဲ့ မန္တာန်စွမ်းအားက ဘယ်လိုလဲ။ တောင်ထိပ်ရဲ့ တစ်ဝက်လောက်ကို ဖုံးအုပ်ဖို့ ကောင်းကင်ဖုံးအုပ်အလံတွေကို သုံးခဲ့ရတာဆိုတော့"

အဘိုးအိုမာက သူ၏မုတ်ဆိတ်ကို ပွတ်သပ်ရင်း အေးအေးလူလူ ဆို၏။

"ကျန်နေတဲ့ မန္တာန်စွမ်းအားနဲ့ဆိုရင် ရန်သူကို အနိုင်မတိုက်နိုင်ပေမဲ့ မောက်လန် ပညာရှိတစ်ယောက်ကို အာရုံလွှဲထားဖို့ကတော့ ဘာပြဿနာမှ မရှိပါဘူး"

ထိပ်ပြောင်သောအမျိုးသားကြီးက လေးနက်စွာ ပြောလိုက်၏။

"ဒါဆိုရင်တော့ အဆင်ပြေတာပေါ့။ ကျန်တဲ့ ရန်သူတွေကိုတော့ ကျွန်တော်နဲ့ တာအိုမိတ်ဆွေဟန်တို့ ကိုင်တွယ်လိုက်ပါ့မယ်။ တာအိုမိတ်ဆွေပုကလည်း သူ့ရဲ့ စွမ်းအားအချို့ကို ပြန်လည် ဖြည့်တင်းပြီးပါပြီ။ အခြေအနေ တကယ် ဆိုးရွားလာရင် သူ့ကို လာခေါ်ဖို့ သူ့တပည့်တွေကို မှာထားပြီးသားပါ"

အဘိုးအိုမာသည် သူ၏ စိတ်ဝိညာဉ်အာရုံကို သုံး၍ အစီအရင် အပြင်ဘက်ရှိ ကြီးမားလှသော သတ္တဝါကြီးကို ကြည့်လိုက်ပြီး စိုးရိမ်သော မျက်နှာထားဖြင့် ဆို၏။

"ဒါလည်း ကောင်းတာပါပဲ။ ဒါပေမဲ့ အဲဒီသားရဲကြီးက ကိုင်တွယ်ရ ခက်လိမ့်မယ်လို့ ငါ စိုးရိမ်မိတယ်။ ငါတို့က တစ်ဖက်က အဆင့်မြင့်တဲ့သူတွေနဲ့ တိုက်ခိုက်နေရင် အာရုံလွှဲလို့ မရဘူးလေ၊ ပြီးတော့ ငါတို့ရဲ့ အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတွေက အဲဒါကို ကိုင်တွယ်နိုင်မှာ မဟုတ်ဘူးလို့ ငါ သံသယ ရှိမိတယ်"

ထိပ်ပြောင်သောအမျိုးသားကြီးက သက်ပြင်းချလျက် ပြော၏။

"အဲဒီကိစ္စအတွက်တော့ ငါတို့ ဘာမှ မတတ်နိုင်ဘူး။ ငါတို့မှာ လူအင်အား တကယ် နည်းနေတာ။ ဒါပေမဲ့ မူရုံညီအစ်ကိုတွေက အစီအရင်ကို စောင့်ကြည့်နေတာဆိုတော့ သူတို့ အကူအညီ ပေးနိုင်ပါလိမ့်မယ်။ လျှပ်စီးအတတ်ကို ကျင့်ကြံထားတဲ့ အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတွေဆိုတော့ သူတို့ကို သတ်ဖို့ ခက်ခဲသလို အဲဒီသားရဲရဲ့ ထူထဲတဲ့ အရေခွံကိုတောင် တစ်ခုခုတော့ လုပ်နိုင်မှာပါ"

ထိုသို့ပြောလိုက်သော်ငြား သူ၏ လေသံတွင် ယုံကြည်မှု ကင်းမဲ့လို့နေသည်။ ရှုံးနိမ့်လာသော ကျင့်ကြံသူများထံမှ ထိုသားရဲ၏ ကြောက်မက်ဖွယ်ကောင်းပုံကို သူ ကြားသိထားသောကြောင့်ပင်။

အဘိုးအိုမာက စိုးရိမ်သော အမူအရာဖြင့် ခေါင်းညိတ်ပြ၏။

"ဒါက ငါတို့ တတ်နိုင်တာ အကုန်ပဲလေ…"

ထိုအခိုက်အတန့်တွင် အစိမ်းရောင် မြူခိုးများအတွင်းမှ အပြာရောင် အလင်းတန်းတစ်ခု လက်သွားပြီး ၎င်းတို့ နှစ်ဦး၏ အနားတွင် ဝဲပျံလာတော့သည်။ အလင်းတန်းများ ပျောက်ကွယ်သွားသည့်အခါ ဟန်လိ ပေါ်လာတော့သည်။ သူက ထိုနှစ်ဦးကို ပြုံးပြလိုက်ပြီး မေး၏။ "တာအိုမိတ်ဆွေတို့… မောက်လန်တွေ တိုက်ခိုက်တော့မယ့်ပုံပဲ။ သူတို့ကို ခုခံဖို့ အစီအစဉ်ကောင်း တစ်ခုခု ရှိလား"

ထိပ်ပြောင်သောအမျိုးသားကြီးက ပြုံးလျက် ဆို၏။

"အစ်ကိုဟန် ရောက်လာတာ ကောင်းတာပေါ့။ ငါတို့ အခုပဲ အဲဒါကို ဆွေးနွေးနေကြတာ။ ပြင်ဆင်စရာတွေကတော့..."

သူသည် သူ၏ မူလအစီအစဉ်ကို ဟန်လိအား ထပ်မံ ပြောပြလိုက်သည်။

ဟန်လိသည် မျက်မှောင်ကြုတ်သွားသေးသည်။ ပြီးမှ သူက ပြောလိုက်သည်။

"အဲဒီ ဧရာမ သားရဲကြီးကတော့ အလုပ်ရှုပ်စရာပဲ။ ဒီလို ထူးဆန်းတဲ့ မျိုးစိတ်က ရှေးဟောင်းခေတ်တုန်းကပဲ ရှိသင့်တာ။ မောက်လန်တွေ ဘယ်လိုများ ရခဲ့တာလဲ။ ဘာပဲဖြစ်ဖြစ် တာအိုမိတ်ဆွေလူ ပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့"

ထိပ်ပြောင်သောအမျိုးသားကြီးက ရယ်ကာမောကာဖြင့် တလေးတစား ပြောလိုက်သည်။

"လာမယ့် တိုက်ပွဲအတွက်တော့ ကျွန်တော်တို့က အစ်ကိုဟန်ရဲ့ စွမ်းရည်တွေကို အများကြီး အားကိုးရမှာပါ"

ဟန်လိသည် သူ၏ နှာခေါင်းကို ပွတ်သပ်ရင်း တည်ငြိမ်စွာ ဆို၏။

"ဒီကိစ္စက ကောင်းကင်တောင်ပိုင်း တစ်ခုလုံးရဲ့ ဘေးကင်းရေးနဲ့ ပတ်သက်နေတာဆိုတော့ ကျွန်တော်လည်း အစွမ်းကုန် ကြိုးစားရမှာပေါ့။ ဒါပေမဲ့ ရန်သူ့တပ်တွေက တကယ်ကို အင်အားကြီးတယ်။ ဒါကြောင့် စိတ်သွားတိုင်းကိုယ်မပါနိုင်မှာပဲ ကျွန်တော် စိုးရိမ်တာ"

အဘိုးအိုမာက ပြုံးလျက် တလေးတစား ဝင်ပြော၏။

"တကယ်လို့ အစ်ကိုဟန်တောင်မှ သူတို့ကို မယှဉ်နိုင်ဘူးဆိုရင် ငါတို့ကို ထားလိုက်ပါဦး၊ မဟာမိတ်အဖွဲ့ထဲက တခြားသူတွေအတွက်လည်း အတူတူပဲ ဖြစ်မှာပါ"

ဟန်လိသည် အဘိုးအိုမာကို တစ်ချက်ကြည့်လိုက်ပြီး ထူးဆန်းစွာ ပြုံးလျက် ဆို၏။

"အစ်ကိုမာ က ကျွန်တော့်ကို တကယ်ပဲ အထင်ကြီးလွန်းနေပြီ။ ကျွန်တော့်ရဲ့ စွမ်းရည်တွေက စီနီယာတို့ ထင်သလောက် မကြီးမားပါဘူး။ ကျွန်တော့်အပေါ် မျှော်လင့်ချက်တွေ အများကြီး မထားပါနဲ့"

ခင်မင်မှုကို ပိုမို ခိုင်မြဲစေလိုသဖြင့် ထိပ်ပြောင်သောအမျိုးသားကြီးက ရယ်ကာမောကာဖြင့် ပြောလာသည်။

"ဘယ်လိုပဲဖြစ်ဖြစ် အစ်ကိုဟန်က သာမန်စဦးစိတ်ဝိညာဉ်အစောပိုင်းအဆင့် ကျင့်ကြံသူ မဟုတ်တာတော့ သေချာပါတယ်။ ခင်ဗျားရဲ့ စွမ်းရည်တွေက ငါတို့ထက် အများကြီး သာလွန်တယ်။ လာမယ့် တိုက်ပွဲအတွက်… ဟမ်… မောက်လန်တွေ တိုက်ခိုက်မှု စတင်နေပြီ။"

သူသည် ချက်ချင်းပင် အကြည့် လွှဲလိုက်တော့သည်။

ဟန်လိနှင့် အဘိုးအိုမာတို့လည်း ထိတ်လန့်တကြားဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ကြသည်။ မန္တာန်စစ်သည် စစ်တပ်ရှိနေသောဘက်ခြမ်းမှ အနီရောင် အလင်းတန်းများ ရုတ်တရက် တောက်ပလာတော့သည်။ အနီရောင် မီးတိမ်တိုက်ကြီး တစ်ခု ကောင်းကင်ယံတွင် ပြည့်နှက်သွားပြီး အတွင်း၌ ပူပြင်းလှသော နေမင်းငယ်ဆယ်လုံးခန့် စုဝေးလျက် ရှိသည်။

ဤကဲ့သို့သော အရာမျိုးကို ပထမဆုံးအကြိမ် မြင်ဖူးသဖြင့် အဘိုးအိုမာသည် ထိတ်လန့်တကြား အော်ဟစ်လိုက်မိသည်။

"ဒါက ဘာကြီးလဲ"

ထိပ်ပြောင်သောအမျိုးသားကြီးက သုန်မှုန်စွာ ရှင်းပြလိုက်သည်။

"ဒါက မန္တာန်စစ်သည်တွေရဲ့ ဝိညာဉ်အတတ်အစီအရင်ပဲ။ မန္တာန်စစ်သည် အမြောက်အမြားက အစီအရင် အလံတွေနဲ့ အစီအရင်ပြားတွေရဲ့ နေရာမှာ အစားထိုး ဝင်ရောက်ပြီး ဝိညာဉ်အတတ်အစီအရင်ကို လျင်မြန်စွာ ဖော်ဆောင်လိုက်ကြတာ။ ဒါပေမဲ့ အဆင့်မြင့် မန္တာန်စစ်သည် တစ်ယောက်က အစီအရင်ကို ကြီးကြပ်ပေးရတယ်။ ဟို ဧရာမ မီးလုံးကြီးတွေကို ကြည့်ရင်တော့ ဒါဟာ မနေ့က မီးဓာတ်အထူးပြုကျင့်ကြံတဲ့ မန္တာန်စစ်သည်က ထိန်းချုပ်နေတာပဲ ဖြစ်ရမယ်"

"ဝိညာဉ်အတတ်အစီအရင် ဟုတ်လား။"

အဘိုးအိုမာသည် အံ့အားသင့်စွာဖြင့် တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။ သူသည် အသေးစိတ် အချက်အလက်များကို ထပ်မံ မေးမြန်းလိုသော်လည်း သင့်တော်သော အချိန်မဟုတ်မှန်း သိသဖြင့် နှုတ်ဆိတ်၍သာ နေသည်။

ဟန်လိသည် သူ၏ အကြည့်ကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး တည်ငြိမ်စွာ ဆို၏။

"ငါတို့ အကုန်လုံး အစီအရင်ထဲကို ဝင်ပြီး အခြေအနေကို ကြည့်ပြီး လှုပ်ရှားကြတာပေါ့။ စဦးစိတ်ဝိညာဉ်အဆင့် မန္တာန်စစ်သည်တွေနဲ့ မတိုက်ခိုက်ခင်မှာ အဆင့်နိမ့် မန္တာန်စစ်သည်တွေကို တတ်နိုင်သလောက် အများကြီး သတ်ကြရအောင်"

"ကောင်းပြီ။"

ထိုနှစ်ဦးစလုံးမှာ ကန့်ကွက်ခြင်း မရှိခဲ့ကြချေ။

ထိပ်ပြောင်သောအမျိုးသားကြီးသည် အခြားသော အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ အချို့ကို ခေါ်ယူလိုက်ပြီး ၎င်းတို့ကို ညွှန်ကြားချက်များ ပေးလိုက်ရာ လီရင်နင်းအပါအဝင် အားလုံးမှာ အစိမ်းရောင် မြူခိုးများအတွင်းသို့ တစ်ဦးပြီးတစ်ဦး ဝင်ရောက်သွားကြတော့သည်။ သေချာပေါက်ပင် ဟန်လိသည် သူမအား အသံလွှင့်စကားဖြင့် သတိပေးချက် အနည်းငယ် ပေးလိုက်ပြီးမှ မြူခိုးများအတွင်းသို့ ပျောက်ကွယ်သွားခဲ့သည်။

ထိုအခိုက်အတန့်တွင် မန္တာန်စစ်သည် အချို့မှာ လူ ဆယ်ဂဏန်းခန့်စီပါဝင်သော အဖွဲ့များအဖြစ် ဖွဲ့စည်းထားပြီး တစ်ဖွဲ့ချင်းစီမှာ နက်နဲဆန်းပြားသော မန္တာန်အစီအရင်တစ်ခုစီကို ဖော်ဆောင်ထားကြသည်။ သူတို့အားလုံးမှာ တောက်ပနေသော မီးနီရောင် မှော်ကိရိယာတစ်ခုစီကို သူတို့၏ ဦးခေါင်းထက်တွင် မြှောက်ထားကြပြီး မီးဓာတ်ချီများကို စုစည်းကာ အစီအရင်ကို မောင်းနှင်နေကြသည်။

ဧရာမမီးလုံးကြီး ဆယ်ဂဏန်းခန့်မှာ သူတို့၏ အထက် ပေရာဂဏန်းခန့်တွင် ဝဲပျံနေကြပြီး ပြင်းထန်လှသော အပူရှိန်များကို ထုတ်လွှတ်လို့နေသည်။ အောက်ဘက်ရှိ မန္တာန်စစ်သည်များမှာ ကင်ခံနေရသည့်အလား။ သူတို့၏ ပါးစပ်များမှာ ခြောက်ကပ်နေပြီး အမြင်အာရုံများမှာ ဝေဝါးနေကာ ခန္ဓာကိုယ်များမှာလည်း တုန်ယင်လျက် ရှိ၏။ ဝိညာဉ်အတတ်အစီအရင်ကို အသည်းအသန် ထိန်းသိမ်းနေကြရသည်။

မီးလုံးကြီး ဆယ်ဂဏန်းခန့်ရှိသော အစီအရင်၏ အလယ်ဗဟိုတွင်မူ ကုယောင်သည် ဖရိုဖရဲဖြစ်နေသော ဆံပင်များနှင့်အတူ တင်ပျဉ်ခွေထိုင်နေပြီး သူ၏ပတ်လည်တွင် ကြီးမားလှသော အနီရောင် အလံခြောက်ခုမှာ ဖြည်းညင်းစွာ လည်ပတ်နေခဲ့သည်။ သူသည် လုံးဝ မလှုပ်မယှက်ဘဲ ရှိနေစဉ်မှာပင် သူ၏ လက်နှစ်ဖက်မှာ ထူးဆန်းသော မန္တာန်ချိပ်ဟန်တစ်ခုကို ဖန်တီးထားသည်။ ၁၀ ပေခန့် ရှည်လျားသော မီးမြွေဟောက်မှာမူ သူ၏ ဦးခေါင်းထက်တွင် ဝဲပျံနေပြီး ၎င်း၏ ခန္ဓာကိုယ်မှ တောက်ပလှသော အနီရောင်အလင်းတန်းများ ထွက်ပေါ်နေသလို ပတ်ဝန်းကျင်တွင်လည်း မီးတိမ်တိုက်များကို ဖြစ်ပေါ်နေစေသည်။

မလှမ်းမကမ်းတွင်မူ အစိမ်းရောင်ဝတ်ရုံဝတ် အမျိုးသမီးသည် သားရဲကြီးပေါ်မှ ဆင်းလိုက်ပြီး ကုယောင်၏ လုပ်ဆောင်ချက်များကို အေးစက်စွာ စောင့်ကြည့်နေခဲ့သည်။ ပိန်ရှည်သော မန္တာန်စစ်သည်မှာမူ သူတို့၏ အနောက်တွင် ရှိနေပြီး ၎င်းတို့ကို စိုးရိမ်တကြီး ကြည့်နေခဲ့သည်။

ကုယောင်သည် ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်ပြီး အော်ဟစ်လိုက်သည်။

"သွားစမ်း။"

သူ၏ပတ်လည်ရှိ အလံခြောက်ခုမှာ တစ်ပြိုင်နက်တည်း အနီရောင် အလင်းတိုင်ကြီးများအဖြစ် ပွင့်ထွက်သွားတော့သည်။ ထိုအခိုက်အတန့်မှာပင် လေထုအတွင်း၌ ပေ ၁၃၀ ခန့် ကျယ်ဝန်းသော မီးလုံးကြီး ခြောက်လုံး ပေါ်လာတော့သည်။

ရုတ်တရက်ပင် အနီရောင် အလင်းတိုင်ကြီးများသည် ထိုမီးလုံး ခြောက်လုံးအတွင်းသို့ လုံးဝ စုပ်ယူခြင်း ခံလိုက်ရပြီး ၎င်းတို့မှာ ခေတ္တမျှ တုန်ခါသွားပြီးနောက် ၁၀ ပေခန့် မြင့်သော မီးတောက်များကို မှုတ်ထုတ်လိုက်တော့သည်။ ၎င်းနောက် စစ်ဗုံတီးသံများ ဆက်တိုက် ထွက်ပေါ်လာသည်နှင့်အမျှ ထိုမီးလုံးကြီးများသည် အစိမ်းရောင် မြူပင်လယ်ကြီးဆီသို့ ဧရာမ ကြယ်တံခွန်ကြီးများအလား တစ်တန်းတည်း ဒုန်းစိုင်း ပျံသန်းသွားကြရာ မြူခိုးများအတွင်း လမ်းကြောင်းတစ်ခုကို အတင်းအကျပ် ဖွင့်လှစ်ရန် ကြိုးစားနေသည့်အလား။

ဤမန္တာန်စစ်သည် အမြောက်အမြား၏ပူးပေါင်း လုပ်ဆောင်မှုကြောင့် ထူးခြားသော စွမ်းအားရှိသည့် မီးလုံးကြီးများ ဖြစ်တည်လာခဲ့ခြင်းပင်။

ကိုးပြည်ထောင်စု၏ အစီအရင် ကျွမ်းကျင်သူများက အစိမ်းရောင် မြူခိုး မန္တာန်အစီအရင်ကြီးကို မည်မျှပင် သေသေချာချာ ချမှတ်ထားပါစေ၊ ဤမီးတောက် ကြယ်တံခွန်များသည် အစိမ်းရောင် မြူခိုးများနှင့် ထိမိသည်နှင့်တစ်ပြိုင်နက် ကမ္ဘာပျက်မတတ် ပေါက်ကွဲသံကြီးများကို ဖြစ်ပေါ်စေခဲ့သည်။ ပေါက်ကွဲမှု တစ်ခုချင်းစီနှင့်အတူ ပေ ၃၀၀ ကျော် မြင့်သော မီးတောက်များ ဆက်တိုက် ထွက်ပေါ်လာပြီးနောက် ကပ်ပါလာသော ပြင်းထန်လှသော မီးတောက်လေပြင်းများကြောင့် အစိမ်းရောင် မြူခိုးများမှာ လွင့်စင်သွားရသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် လုံးဝ ကွယ်ပျောက်သွားတော့သည်။

အစိမ်းရောင်နှင့်အဝါရောင် အစီအရင်အလင်းတန်းများမှာ တောက်ပနေဆဲ ဖြစ်သော်လည်း ၎င်းတို့မှာ သိသိသာသာပင် အင်အားချင်း မမျှဘဲ ထိုတိုက်ခိုက်မှုကို အနည်းငယ်မျှပင် တောင့်မခံနိုင်ခဲ့ကြချေ။ မျက်စိတစ်မှိတ်အတွင်းမှာပင် အစီအရင်အတွင်း၌ မြူခိုးများ ကင်းစင်သွားသော ကြီးမားလှသော ဧရိယာခြောက်ခု ပေါ်ပေါက်လာတော့သည်။

အစိမ်းရောင်ဝတ်ရုံဝတ် အမျိုးသမီး၏ မျက်ဝန်းများအတွင်း၌ အေးစက်သော အလင်းတန်းတစ်ခု လက်သွားပြီး သူမသည် လက်ကို ဝှေ့ယမ်းကာ ရွှေရောင် အဝိုင်းတစ်ခုကို လက်ထဲတွင် ဆင့်ခေါ်လိုက်သည်။ ထို့နောက် သူမသည် ၎င်းကို လေထဲသို့ မြှောက်လိုက်ရာ ၎င်းသည် အစိမ်းရောင် မြူပင်လယ်၏ အစွန်းတွင် ရှိနေသော ဧရာမကြံ့ကြီးဆီသို့ ပျံဆင်းသွားတော့သည်။

ကျယ်လောင်လှသော အသံတစ်ချက်နှင့်အတူ ရွှေရောင်အဝိုင်းမှာ ဧရာမကြံ့ကြီး၏ အပြာရောင် ဦးချိုပေါ်သို့ ကျရောက်သွားပြီး ချက်ချင်းပင် တင်းကျပ်သွားတော့သည်။ ကြီးမားလှသော ဦးချိုမှာ ဖုံးအုပ်ခြင်း ခံလိုက်ရပြီး စူးရှတောက်ပသော အလင်းတန်းများဖြင့် လင်းလက်လာတော့သည်။

စူးရှလှသော ရွှေရောင်အလင်းတန်းကြောင့် ဖြစ်စေ၊ အစိမ်းရောင်ဝတ်ရုံဝတ် အမျိုးသမီး၏ လုပ်ဆောင်ချက် တစ်ခုခုကြောင့် ဖြစ်စေ ဧရာမကြံ့ကြီး၏ မျက်လုံးများမှာ ချက်ချင်းပင် သွေးရောင်နီရဲသွားပြီး မိုးခြိမ်းသံကဲ့သို့ ဟိန်းဟောက်သံကြီးများကို ထုတ်လွှတ်လိုက်တော့သည်။ ၎င်းသည် သူ၏အောက်ရှိ အပြာရောင် တိမ်တိုက်များကို နင်းဖြတ်လျက် အစိမ်းရောင် မြူခိုးများဆီသို့ ရူးသွပ်စွာ ဒုန်းစိုင်း ပြေးဝင်သွားတော့သည်။

ခဏအကြာတွင် သတ္တဝါကြီး၏ ဟိန်းဟောက်သံများ လေထုအတွင်း၌ ပြည့်နှက်သွားစဉ်မှာပင် အဝါရောင်နှင့်အစိမ်းရောင် အလင်းတန်းများမှာ စူးရှစွာ တောက်ပလာတော့သည်။

"အထဲကို ဝင်ကြစမ်း။ နတ်ဘုရားပညာရှိ ကုယောင်က မီးဓာတ် ဝိညာဉ်အတတ်တွေကို ဆက်သုံးပြီး အတားအဆီးတွေကို ဖျက်ဆီးလိမ့်မယ်။ ငါတို့က ဒီအစီအရင်ကို ဖြိုဖျက်ပစ်မယ်။" အစိမ်းရောင်ဝတ်ရုံဝတ် အမျိုးသမီး၏ ကြည်လင်လှသော အသံမှာ ကောင်းကင်ယံ တစ်ခုလုံးသို့ ပျံ့နှံ့သွားတော့သည်။ အဆင်သင့် စောင့်ဆိုင်းနေသော မန္တာန်စစ်သည်များမှာ အမိန့်ရရှိသည်နှင့် ဝမ်းမြောက်ဝမ်းသာ ဟစ်အော်ကြပြီး ငါးဦးမှ ဆယ်ဦးအထိ ပါဝင်သော အဖွဲ့များအဖြစ် ဖွဲ့စည်းကာ အစိမ်းရောင် မြူခိုးများအတွင်းသို့ စတင် ဝင်ရောက်ကြတော့သည်။

အစိမ်းရောင်ဝတ်ရုံဝတ် အမျိုးသမီးက ထပ်ပြောသည်။

"ငါတို့လည်း အထဲကို ဝင်ကြရအောင်။ နတ်ဘုရားပညာရှိ ကုယောင် မန္တာန်ရွတ်ဆိုတာ ပြီးတာနဲ့ သူ ငါတို့နောက်က လိုက်လာလိမ့်မယ်"

ထို့နောက် သူမ၏ ခန္ဓာကိုယ်မှ အဖြူရောင်အလင်းတန်းများ တောက်ပလာပြီး အလင်းတန်းတစ်ခုအဖြစ် အောက်သို့ ပျံဆင်းသွားတော့သည်။ ပိန်ရှည်သော မန္တာန်စစ်သည်သည်လည်း အလျင်အမြန်ပင် သဘောတူလိုက်ပြီးနောက် သူမ၏နောက်မှ အနက်ရောင် အလင်းတန်းတစ်ခုအဖြစ် လိုက်ပါလာသည်။

ခဏအကြာတွင် အတားအဆီးအတွင်းသို့ မဝင်ရသေးသော မန္တာန်စစ်သည် ရာဂဏန်း အနည်းငယ်သာ ကျန်ရစ်တော့သည်။

ထိုအခိုက်အတန့်တွင် ကျန်ရှိနေသော မီးလုံးကြီးများမှာ ကုယောင်ကို ဝန်းရံထားသော မီးတောက်အလံ ခြောက်ခုအတွင်းသို့ စုပ်ယူခြင်း ခံလိုက်ရသည်။ ၎င်းနောက် ၎င်းတို့သည် ယခင် ကြယ်တံခွန် ခြောက်လုံး ကျရောက်ခဲ့သော နေရာသို့ပင် တစ်တန်းတည်း ထပ်မံ ကျရောက်သွားပြန်ရာ မီးတိုင်ကြီး ဆယ်ဂဏန်းခန့် ပွင့်ထွက်လာပြီး အတားအဆီး တစ်ခုလုံးကို ပြိုကွဲလုနီးပါး ဖြစ်သွားစေတော့သည်။

ကုယောင်သည် ရူးသွပ်စွာ ရယ်မောလိုက်ပြီးနောက် ရုတ်တရက် ထရပ်ကာ သူ၏ ပတ်ဝန်းကျင်ရှိ မန္တာန်စစ်သည်များကို လက်ဝှေ့ယမ်းပြလိုက်သည်။ ထို့နောက် သူသည် ဘာစကားမျှမဆိုဘဲ ပူပြင်းလှသော မီးလုံးကြီးအတွင်းသို့ ဝင်၍ မြူပင်လယ်ဆီသို့ ပျံဆင်းသွားတော့သည်။ အစီအရင်အတွင်းရှိ အခြားသော မန္တာန်စစ်သည်များမှာလည်း ဤသည်ကို မြင်သောအခါ သူ၏နောက်မှ အုပ်စုလိုက် လိုက်ပါလာကြသည်။

ထိုအခိုက်အတန့်တွင် အစီအရင်အတွင်း၌ စုစုပေါင်း မန္တာန်စစ်သည် တစ်ထောင်ကျော် ရှိနေလေပြီ။ အစီအရင်၏ အတားအဆီးများကို အတွင်းမှ ထိန်းချုပ်နေသော ပုန်းအောင်းနေသည့် မန္တာန်စစ်သည် ရာဂဏန်း အနည်းငယ်ကို ထည့်မတွက်ရသေးချေ။

ဟန်လိသည် သူ၏ မျက်လုံးများကို ပိတ်လျက် မြူခိုးများအတွင်း၌ မလှုပ်မယှက် ဝဲပျံနေခဲ့သည်။ သူက အနက်ရောင် သန်းနေသော ရွှေဝါးမြိုခြင်းပိုးတောင်မာများဖြင့် ပြုလုပ်ထားသည့် စစ်ချပ်ဝတ်ကို ဝတ်ဆင်ထား၏။ သူသည် ကြီးမားလှသော အပြာရောင် ဓားတစ်လက်ပေါ်တွင် ရပ်နေ၏။ သူ၏ အထက်တွင်မူ တောက်ပနေသော ရွှေရောင်ပိုးတောင်မာအုပ်စုကြီးမှာ တိတ်ဆိတ်စွာ ဝဲပျံနေကြသည်။ ၎င်းအင်းဆက်တိုင်းက ပထမဆုံးသော သတ်ဖြတ်မှု အခွင့်အရေးကို စောင့်ဆိုင်းနေသည့်အလားပင်။ ၎င်းတို့မှာ အင်မတန် ရက်စက်ကြမ်းကြုတ်ပြီး သွေးဆာနေပုံ ရ၏။

ဟန်လိသည် မျက်တောင် အကြိမ်ကြိမ် ခတ်လိုက်ပြီး သူ၏ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ရာ သူ၏ မျက်နှာပေါ်တွင် အံ့အားသင့်ရိပ်တစ်ခု ပေါ်လာတော့သည်။

"ထင်ထားတဲ့အတိုင်းပဲ… သူတို့ထဲမှာ စဦးစိတ်ဝိညာဉ်အလယ်အဆင့် ပညာရှိတစ်ယောက် ပါနေတာပဲ၊ ဒါပေမဲ့ အမျိုးသမီး မန္တာန်စစ်သည်တစ်ယောက် ဖြစ်နေလိမ့်မယ်လို့တော့ မထင်ထားခဲ့ဘူး။"

ဟန်လိသည် တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။ ခေတ္တမျှ ထပ်မံ စဉ်းစားပြီးနောက် သူ၏ သိုလှောင်အိတ်ကို ပုတ်လိုက်ပြီး သူ၏ လက်ထဲသို့ အစီအရင်ကိရိယာ အစုံလိုက်တစ်ခုကို ဆင့်ခေါ်လိုက်သည်။

ဟန်လိ၏ ပုံရိပ်မှာ ဝေဝါးသွားပြီးနောက် ဤအချိန်တိုလေးအတွင်း သူ ချမှတ်နိုင်သော အစွမ်းအထက်ဆုံး မန္တာန်အစီအရင်ကို အလျင်အမြန် ချမှတ်လိုက်တော့သည်။

ဟန်လိသည် သူ၏အင်္ကျီလက်အိုးကို ဝှေ့ယမ်းလိုက်ပြီး အမိန့်ပေးလိုက်သည်။

"ငွေရောင်လ… ထွက်ခဲ့စမ်း။"

ထို့နောက် မြေခွေးငယ်လေး တစ်ကောင်သည် သူ၏အင်္ကျီလက်အိုးအတွင်းမှ ပျံထွက်လာပြီး သူ့ ရှေ့တွင် ဆင်းသက်လိုက်သည်။ ဟန်လိက ဆက်ပြောသည်။

"ငါ မင်းကို ခရမ်းရောင်တိမ်တိုက်ကြိုးနဲ့ ပန်းခြင်းကိုပါ ပေးထားမယ်။ ဒီတစ်ကြိမ် ပြိုင်ဘက်က ဝမ်အာရဲ့ စီနီယာအစ်မကြီးထက်တောင် ပိုပြီး အလုပ်ရှုပ်စရာ ကောင်းပုံရတယ်။ သတိထားနော်။ တကယ်လို့ သူမရဲ့ စွမ်းရည်တွေက တကယ်ပဲ ကြောက်စရာကောင်းနေမယ်ဆိုရင် ငါတို့ အတင်းအကျပ် တိုက်နေဖို့ မလိုဘူး။ သူမကို ဒီဘက်ကို ဆွဲခေါ်လာပြီး အစိမ်းရောင် မြူခိုး အတားအဆီးတွေရော၊ ငါ့ရဲ့ မန္တာန်အစီအရင်ကိုပါ သုံးပြီး အသာစီးရအောင် လုပ်ကြတာပေါ့။ အဲဒါမှ မရသေးရင်တော့ ငါတို့ ဒီအတိုင်းပဲ ထွက်ပြေးကြမယ်။ အရာအားလုံးကို လောင်းကြေးထပ်နေဖို့ မလိုဘူး"

ထို့နောက် သူသည် သူ၏လက်ထဲသို့ ခရမ်းရောင်တိမ်တိုက်ကြိုးနှင့် ပန်းခြင်းကို ဆင့်ခေါ်လိုက်ပြီး မြေခွေးဖြူလေးထံ ပစ်ပေးလိုက်တော့သည်။

All Chapters