အခန်း (၇၄၁-၇၄၂)
Vol. 54 Ch. 741-742
အပိုင်း (၇၄၁) အစီအရင်ကို ဖျက်ဆီးခြင်း တိုက်ပွဲ (၃)
"ဟုတ်ကဲ့ပါ သခင်။ ဒါဆိုရင်တော့ ကျွန်မ အရင်တစ်ခေါက်ကလိုပဲ ပုန်းအောင်းနေပြီး လှုပ်ရှားဖို့ အကောင်းဆုံးအချိန်ကို စောင့်နေပါ့မယ်" ဟု ငွေရောင်လက ပြန်လည်ဖြေကြား၏။
ဟန်လိက ခေါင်းညိတ်လိုက်ပြီး ပြော၏။
"ဒါဆိုရင်တော့ အဆင်ပြေတာပေါ့။ အရင်တစ်ခေါက်က မင်း အခွင့်ကောင်းအခါကောင်း အချိန်မှာ ကွက်တိလှုပ်ရှားခဲ့တာ တကယ်ကို ထိရောက်ခဲ့တယ်"
"သခင်… ချီးမွမ်းမှုအတွက် ကျေးဇူးတင်ပါတယ်ရှင်။ ကျွန်မ အစွမ်းကုန် ကြိုးစားပါ့မယ်" ငွေရောင်လက ရတနာနှစ်ခုကို သိမ်းဆည်းပြီး ငွေရောင်အလင်းတစ်ချက်နှင့်အတူ လူမြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။
ထို့နောက် ဟန်လိသည် ဝေးလံသော နေရာသို့ လှည့်ကြည့်လိုက်၏။ သူ၏မျက်နှာတွင် လေးနက်သော အမူအရာတစ်ခု ပေါ်လာတော့သည်။ အပြာရောင်အလင်းတန်းများ ပွင့်ထွက်လာပြီးနောက် သူသည် မြူခိုးများ၏ အနက်ရှိုင်းဆုံးနေရာသို့ ပျံသန်းသွားခဲ့သည်။
မန္တာန်စစ်သည်များ မြူခိုးများအတွင်းသို့ ဝင်ရောက်ပြီး မကြာမီမှာပင် အစီအရင်၏ အကြွင်းအကျန် အတားအဆီးများမှာ စတင်လှုပ်ရှားလာပြီး ၎င်းတို့ကို အကြိမ်ကြိမ် အန္တရာယ် ပေးနေတော့သည်။ ကံကောင်းထောက်မစွာဖြင့် မန္တာန်စစ်သည် အများစုအတွက် ဧရာမကြံ့ကြီးက လမ်းရှင်းပေးနေခြင်းပင်။ ၎င်းသည် အတားအဆီးများကို ဂရုမစိုက်ဘဲ ဖယ်ရှားပစ်နေခဲ့သည်။
မီးလုံးများ၊ လျှပ်စီးများ၊ ရေခဲဆူးများ သို့မဟုတ် မြေစိုင်ခဲကြီးများဖြစ်စေ ၎င်းတို့သည် သတ္တဝါကြီးကို အနည်းငယ်မျှပင် မထိခိုက်နိုင်ချေ။ ၎င်း၏ နက်မှောင်သော စစ်ချပ်ဝတ်က မည်သည့်တိုက်ခိုက်မှုကိုမဆို လွယ်ကူစွာပင် ဖယ်ရှားပစ်နိုင်နေသည်။
မည်သည့်တိုက်ခိုက်မှုကိုမျှ ဂရုမစိုက်ဘဲ ဧရာမကြံ့ကြီးသည် ဦးခေါင်းကို ငုံ့ကာ ရှေ့သို့ ဒုန်းစိုင်း ပြေးဝင်လာနေသည်။သူ၏လမ်းကို ပိတ်ဆို့ထားသော မည်သည့် အတားအဆီးမဆို ကြယ်တံခွန်တစ်ခု၏ အရှိန်အဟုန်ဖြင့် တိုက်ဖြတ်ခြင်း ခံလိုက်ရသည်။ ထိုကြံ့ကြီး၏ဖျက်စီးအားက ၎င်း၏ဘေးပတ်ပတ်လည် ပေ ၃၀၀ ကျော်ရှိ မြူခိုးများကို ကင်းစင်သွားစေသည်။ ၎င်း၏နောက်မှ လိုက်ပါလာသော မန္တာန်စစ်သည် အမြောက်အမြားမှာမူ တစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာ ရခြင်း မရှိခဲ့ချေ။
သို့သော်လည်း မန္တာန်စစ်သည် အုပ်စုအတွင်း၌ အမြင့်ဆုံး ကျင့်ကြံသူများမှာ အမြုတေဖွဲ့စည်းခြင်းအဆင့် လေးဦးသာ ရှိနေခြင်းက စဉ်းစားရ ခက်လှသည်။ ၎င်းတို့ထဲတွင် စဦးစိတ်ဝိညာဉ်အဆင့် ပညာရှိ တစ်ဦးမျှ ပါဝင်မနေချေ။ စဦးစိတ်ဝိညာဉ်အဆင့် ပညာရှိ သုံးဦးမှာ အစိမ်းရောင် မြူခိုးများအတွင်းသို့ ဝင်ရောက်ပြီးနောက် မည်သည့်နေရာသို့ ရောက်သွားကြသည် သို့မဟုတ် မည်သည့် ထူးဆန်းသော အကြံအစည်များ ရှိနေကြသည်ကို မည်သူမျှ မသိနိုင်ချေ။
ထိုမန္တာန်စစ်သည်များမှာ မြူခိုးများ ကင်းစင်သွားသော ဧရိယာကို မြင်လိုက်ရသည့်အခါ စိတ်အေးသွားကြသည်။ အမြုတေဖွဲ့စည်းခြင်းအဆင့် မန္တာန်စစ်သည်များမှာမူ နောက်ထပ် ဘာလုပ်ရမည်ကို ဆွေးနွေးရန် စုစည်းလိုက်ကြသည်။ သို့သော် ထိုအခိုက်အတန့်တွင် တောက်ပနေသော ငွေရောင်လှံရှည် နှစ်လက်သည် မြူခိုးများအတွင်းမှ ရုတ်တရက် ပျံထွက်လာသည်။ ထိုလှံချက်နှင့်အတူ လျှပ်စီး၊မိုးကြိုးတို့ပါ ကပ်ပါလာ၏။
ထိတ်လန့်တုန်လှုပ်သွားသော အမြုတေဖွဲ့စည်းခြင်းအဆင့်မန္တာန်စစ်သည်နှစ်ဦးက အရင်ဆုံး လှုပ်ရှားလိုက်သည်။ သူတို့သည် ချက်ချင်းပင် လက်များကို မြှောက်လိုက်ပြီး ထိုလှံရှည်များကို တားဆီးရန်အတွက် အပြာရောင်နှင့်အနီရောင် အလင်းတန်းများကို ထုတ်လွှတ်လိုက်သည်။ သို့သော်လည်း ထိုလှံရှည်များသည် မန္တာန်စစ်သည်များ၏ မှော်ရတနာများကို ထိပ်တိုက် ရင်မဆိုင်ဘဲ ဦးတည်ရာကို ပြောင်းလဲလိုက်ကာ ဧရာမကြံ့ကြီး၏ ဦးခေါင်းထံသို့ အလျင်အမြန် ပျံသန်းသွားတော့သည်။
ဤသည်မှာ အမြုတေဖွဲ့စည်းခြင်းအဆင့် မန္တာန်စစ်သည်များကို အကြီးအကျယ် အံ့အားသင့်သွားစေသော်လည်း မကြာမီမှာပင် စိတ်အေးသွားကြပြန်သည်။ ဧရာမကြံ့ကြီး၏အကာအကွယ်မှာ သာမန် မှော်ရတနာများဖြင့် ဖောက်ထွင်းနိုင်သော အရာမျိုး မဟုတ်ချေ။
သို့သော်လည်း မကြာမီမှာပင် သူတို့ရှေ့၌ တုန်လှုပ်ဖွယ် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာတော့သည်။ ငွေရောင်လှံရှည် နှစ်လက်မှာ ဧရာမကြံ့ကြီးကို တိုက်ရိုက် မတိုက်ခိုက်ဘဲ သတ္တဝါကြီး၏ အထက်သို့ ပျံတက်သွားကာ တစ်လက်နှင့်တစ်လက် မထင်မှတ်ဘဲ ထိပ်တိုက် ရိုက်နှက်လိုက်ကြသည်။ ထို့နောက် မိုးခြိမ်းသံကြီး တစ်ချက် ထွက်ပေါ်လာပြီး လှံရှည်နှစ်လက်အတွင်းမှ ထူထဲလှသော လျှပ်စီးတန်းကြီးတစ်ခု ထွက်ပေါ်လာကာ သတ္တဝါကြီး၏ ဦးခေါင်းပေါ်သို့ တိုက်ရိုက် ကျရောက်သွားတော့သည်။
သတ္တဝါကြီး၏ ခန္ဓာကိုယ်မှ အပြာရောင် အလင်းအတားအဆီး တစ်ခု တောက်ပလာသော်လည်း ၎င်းမှာ ငွေရောင်လျှပ်စီးတန်းကြောင့် လုံးဝ ပြိုကွဲသွားပြီး နက်မှောင်သော စစ်ချပ်ဝတ်ကို တိုက်ရိုက် ထိမှန်သွားတော့သည်။ ကျယ်လောင်လှသော ပေါက်ကွဲသံနှင့်အတူ လျှပ်စီးများ လက်သွားပြီးနောက် ဧရာမကြံ့ကြီးမှာ ဒဏ်ရာ အနာတရ မရှိဘဲ ထိုနေရာမှာပင် ရပ်နေခဲ့သည်။ သို့သော်လည်း သတ္တဝါကြီးမှာ ထိုတိုက်ခိုက်မှုကြောင့် ဒေါသထွက်သွားသည်။ ၎င်းက ကောင်းကင်ယံသို့ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီးနောက် ပါးစပ်ကို ဖွင့်ဟကာ သူ၏အထက်ရှိ ငွေရောင်လှံရှည်များထံသို့ ၁၀ ပေခန့် ရှည်လျားသော ရေခဲဆူးကြီး တစ်ခုကို မှုတ်ထုတ်လိုက်တော့သည်။
လှံရှည်များမှာမူ ထိုနေရာ၌ပင် တရားသေရပ်၍ တိုက်ခိုက်ရန် စိတ်ကူးရှိမနေပေ။ ၎င်းတို့က ရေခဲဆူးကို ရှောင်တိမ်းလိုက်ကြပြီးနောက် နောက်ထပ်ငွေရောင်လျှပ်စီးတန်းတစ်ခုကို ထပ်မံ ထုတ်လွှတ်ကာ မြူခိုးများအတွင်းသို့ ပြန်လည် ပျံဝင်သွားကြသည်။ ကြံ့သားရဲသတ္တဝါကြီးမှာ ဤသည်ကို မြင်သောအခါ သူ၏ မျက်လုံးများမှာ သွေးရောင်နီသွားပြီး ဘာကိုမျှ ထပ်မံ မစဉ်းစားတော့ဘဲ ၎င်းတို့နောက်သို့ လိုက်လံ ဖမ်းဆီးတော့သည်။
အမြုတေဖွဲ့စည်းခြင်းအဆင့်မန္တာန်စစ်သည်များမှာ ထိတ်လန့်သွားကြပြီး သူတို့၏ အနောက်မှ အခြားသော မန္တာန်စစ်သည်များကို အလျင်အမြန် လှမ်းခေါ်သည်။ သူတို့အားလုံးမှာ ဧရာမကြံ့ကြီးနောက်သို့ လိုက်ရန် ပြင်ဆင်လိုက်ကြသည်။ သို့သော်လည်း သူတို့ မလှုပ်ရှားမီမှာပင် မြူခိုးများအတွင်းမှ အရောင်စုံ အလင်းတန်းများ ပေါ်လာပြီး ပုန်းအောင်းနေသော ကျင့်ကြံသူ တစ်ရာကျော် ပေါ်ထွက်လာတော့သည်။ ထို့နောက် ၎င်းတို့သည် သူတို့၏ မှော်ကိရိယာများကို လေထဲသို့ ထုတ်လွှတ်ကာ မောက်လန် မန္တာန်စစ်သည်များအပေါ် အကြီးအကျယ်တိုက်ခိုက်မှု စတင်လိုက်ကြတော့သည်။
ဒေါသနှင့်ထိတ်လန့်မှုများကြားမှ မောက်လန် မန္တာန်စစ်သည်များသည်လည်း သူတို့၏ မှော်ကိရိယာများကို ထုတ်လွှတ်ပြီး သူတို့၏ ဝိညာဉ်အတတ်များကို အသုံးပြုလိုက်ကြသည်။ ကျင့်ကြံသူများကြား၌ ဖရိုဖရဲ ဖြစ်သွားတော့သည်။ ထိုအချိန်ဆွဲမှုကြောင့် ဧရာမကြံ့ကြီးမှာ မြူခိုးများအတွင်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
အမြုတေဖွဲ့စည်းခြင်းအဆင့် မန္တာန်စစ်သည်များမှာ ကျင့်ကြံမှုအဆင့် တူညီသော ကျင့်ကြံသူ အများအပြားနှင့် တိုက်ပွဲ ဖြစ်နေရသဖြင့် ဤကိစ္စကို မကိုင်တွယ်နိုင်တော့ချေ။ သူတို့သည် ဒေါသတကြီးဖြင့် သူတို့၏ နောက်မှ မန္တာန်စစ်သည်များကို အကူအညီ လှမ်းခေါ်ကာ ကျင့်ကြံသူများကို အပြီးသတ် ချေမှုန်းရန် ကြံစည်လိုက်သော်လည်း ရုတ်တရက်ပင် ကျင့်ကြံသူများမှာ သူတို့၏ မှော်ကိရိယာများကို ပြန်လည် သိမ်းဆည်းလိုက်ကြပြီး မြူခိုးများအတွင်းသို့ ပြန်လည် ပျံဝင်သွားကြတော့သည်။ မန္တာန်စစ်သည်များမှာ ဤသည်ကို မြင်သောအခါ ဇဝေဇဝါဖြင့် တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြပြီး နောက်ထပ် ဘာလုပ်ရမည်ကို မသိဘဲ ဖြစ်နေကြတော့သည်။
အမြုတေဖွဲ့စည်းခြင်းနောက်ဆုံးအဆင့်ရှိသော အဘိုးအို တစ်ဦးဖြစ်သူ အဖွဲ့ခေါင်းဆောင်မှာ ခေတ္တမျှ စဉ်းစားပြီးနောက် တည်ငြိမ်စွာ အမိန့်ပေးလိုက်၏။
"ငါတို့ လူအင်အား များတာကို အသုံးချပြီး အဖွဲ့ခွဲပြီး လှုပ်ရှားကြမယ်။ အနားမှာရှိတဲ့ အတားအဆီး အများစုကတော့ ပျက်စီးသွားလောက်ပြီ။ ငါတို့ သတိထားမယ်ဆိုရင်တော့ ဒါက ပြဿနာ မရှိပါဘူး။ သူတို့က ပြောက်ကျားစနစ်ကို သုံးနေတာဆိုတော့ ငါတို့ အစွမ်းကုန် လိုက်ဖမ်းမယ်ဆိုရင်တော့ သူတို့ တောင့်ခံနိုင်မှာ မဟုတ်ဘဲ အလွယ်တကူ အသတ်ခံရမှာပဲ။ ဧရာမကြံ့ကြီးအတွက်ကတော့ အဲဒီ အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူတွေက ဒီကောင့်ကို မထိခိုက်နိုင်ပါဘူး။ သူတို့ကို သတ်ပြီးတာနဲ့ ငါတို့ သားရဲကြီးကို ပြန်ရှာတာပေါ့"
ထို့နောက် အဘိုးအိုသည် ရှေ့မှ ဦးဆောင်သည်။ သူ့ဦးဆောင်မှုနှင့်အတူ စောစောက ပြန်ထွက်ပြေးသွားသော အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူတစ်ဦးနောက်သို့ မြူခိုးများအတွင်း လိုက်လံ ဖမ်းဆီးတော့သည်။ မကြာမီမှာပင် အခြားသော မန္တာန်စစ်သည်များလည်း အမိန့်ကို နာခံပြီး အဖွဲ့အသီးသီးခွဲကာ မြူခိုးများအတွင်းသို့ ပြန့်ကျဲ ဝင်ရောက်သွားကြတော့သည်။
ထူထပ်လှသော မြူခိုးများမှာ ခဏမျှ လှိုင်းထန်သွားပြီးနောက် မကြာမီမှာပင် ပြန်လည် ငြိမ်သက်သွားရာ မည်သည့် လူတစ်ဦးတစ်ယောက်မျှ ရှိမနေတော့ချေ။ သို့သော် ခဏအကြာတွင် အစိမ်းရောင် မြူခိုးများအတွင်းမှ ပုံရိပ်တစ်ခုမှာ တည်ငြိမ်သော မျက်နှာထားဖြင့် လက်နှစ်ဖက်ကို နောက်ပစ်လျက် လှမ်းထွက်လာခဲ့သည်။ ထိုသူမှာ အဘိုးအိုမာပင်။ သူ၏မျက်နှာမှာ အနည်းငယ် ဖြူဖျော့နေသော်လည်း သူ၏မျက်ဝန်းများမှာမူ အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိနေသည့်အလား စိုပြည် တောက်ပနေခဲ့သည်။
သူသည် မြူကင်းစင်နေသော နေရာ၏ အလယ်ဗဟိုသို့ လှမ်းထွက်လာပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ရုတ်တရက် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာတော့သည်။ ထို့နောက် သူသည် ဟာလာဟင်းလင်း ဖြစ်နေသော နေရာတစ်ခုကို စိုက်ကြည့်ကာ တည်ငြိမ်စွာ ဆို၏။
"ငါ ထွက်လာမှတော့ တာအိုမိတ်ဆွေ အနေနဲ့ ဆက်ပြီး ပုန်းနေဖို့ မလိုတော့ပါဘူး။ မင်းရဲ့ အတတ်တွေက ငါ့ကိုတော့ ဖုံးကွယ်ထားနိုင်မှာ မဟုတ်ဘူး"
အေးစက်သော နှာခေါင်းရှုံ့သံ တစ်ချက်နှင့်အတူ အနက်ရောင်အလင်းတန်း တစ်ခု လက်သွားပြီးနောက် ပိန်ရှည်သော မန္တာန်စစ်သည် ပေါ်လာတော့သည်။ သူက ခနဲ့တဲ့တဲ့ ဆို၏။
"မင်းရဲ့ စိတ်ဝိညာဉ်အာရုံက အခုထိ ဒီလောက် အားကောင်းနေသေးလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ ငါက မင်းကို အံ့ဩစရာတစ်ခု ပေးဖို့ ကြံစည်ထားတာ၊ ဒါပေမဲ့ အရာအားလုံးကတော့ စိတ်ကူးထားတဲ့အတိုင်း ဖြစ်မလာဘူးပဲ"
သူ ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူ၏ လက်များကို လှည့်ပတ်လိုက်ပြီး အဘိုးအိုမာထံသို့ မြှောက်လိုက်သည်။ နောက်တစ်ခဏမှာပင် လက်မခန့် ထူထဲသော အနက်ရောင် အမျှင်တန်း ဆယ်ဂဏန်းခန့်သည် အဘိုးအိုထံသို့ တရစပ် ပျံထွက်သွားတော့သည်။
...
အဘိုးအိုမာနှင့် ပိန်ရှည်သော မန္တာန်စစ်သည်တို့ ရှိနေသော နေရာနှင့် ပေ ၃၀၀၀ ခန့် အကွာတွင် ထိပ်ပြောင်သောအမျိုးသားကြီးမှာ သူ၏ရှေ့မှလူတစ်ဦးကို အမူအရာကင်းမဲ့စွာ စိုက်ကြည့်နေခဲ့သည်။ ထိုလူမှာ ပူပြင်းလှသော မီးလုံးကြီးအတွင်း၌ ရှိနေသော ကုယောင်ပင်။ သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော မီးတောက်များမှာ အင်မတန် ပြင်းထန်လှသဖြင့် အနီးနားရှိ မြူခိုးများကို ပြာအဖြစ် ပြောင်းလဲသွားစေသည်။ သူ၏ ပတ်ဝန်းကျင် ပေ ၃၀၀ ခန့်အတွင်းရှိ လေထုမှာ သန့်စင်နေခဲ့သည်။
ကုယောင်သည် မူလက အဘိုးအိုမာကို အနောက်မှနေ၍ ပိန်ရှည်သော မန္တာန်စစ်သည်နှင့်အတူ ပူးပေါင်းပြီး အငိုက်မိ တိုက်ခိုက်ရန် ကြံစည်ထားခြင်း ဖြစ်သည်။ သို့သော်လည်း သူ၏လမ်းကို ထိပ်ပြောင်သောအမျိုးသားကြီးက ပိတ်ဆို့ထားသည်ကို တွေ့လိုက်ရသဖြင့် သူသည် အင်မတန် ဒေါသထွက်သွားရသည်။ သူက နှာခေါင်းရှုံ့လျက် ဆို၏။
"ငါ့ကို ပိတ်ထားရုံနဲ့ မင်းရဲ့ အဖော်ကို ကယ်နိုင်မယ်လို့ ထင်နေတာလား။ ပညာရှိဝမ်ရဲ့ ဝိညာဉ်အတတ်တွေက မင်း စိတ်ကူးထားတာထက် အများကြီး ပိုပြီး ရက်စက်တယ်"
ထိပ်ပြောင်သောအမျိုးသားကြီးမှာ မလှုပ်မယှက် ရပ်နေရင်း သူ၏ မျက်လုံးများကို မှေးကြည့်လျက် ဆို၏။
"တခြားသူတွေအပေါ် အာရုံစိုက်နေမယ့်အစား မင်းရဲ့ ကိုယ်ပိုင် အသက်ကို ဘယ်လို ထိန်းသိမ်းရမလဲဆိုတာကို ပိုပြီး အာရုံစိုက်လိုက်တာက ပိုမကောင်းဘူးလား။ တာအိုမိတ်ဆွေမာက မနေ့က တိုက်ပွဲကနေ အင်အား ပြန်မပြည့်သေးဘူးဆိုပေမဲ့ မင်းကိုယ်တိုင်လည်း မင်းရဲ့ အင်အားတွေကို အများကြီး ကုန်ဆုံးထားရတာပဲ မဟုတ်လား။ ပြီးတော့ ဝိညာဉ်အတတ်အစီအရင်ကို ဦးဆောင်ဖို့အတွက် မန္တာန်စွမ်းအား အမြောက်အမြား သုံးထားရသေးတယ်ဆိုတော့ မင်းရဲ့ အခြေအနေကလည်း သိပ်မကောင်းလှပါဘူး။ မင်းဆီမှာ ကောင်းကင်ကို ဆန့်ကျင်နိုင်တဲ့ ရတနာတစ်ခုခု မရှိဘူးဆိုရင်တော့..."
ထို့နောက် သူသည် ပါးစပ်ကို ဖွင့်လိုက်ပြီး အဖြူရောင် တုတ်တံတို တစ်ခုကို ထွေးထုတ်လိုက်သည်။ ၎င်းသည် သူ၏ ခန္ဓာကိုယ်ကို တစ်ပတ် ပတ်လိုက်ပြီးနောက် ခေတ္တမျှ တုန်ခါသွားကာ စူးရှလှသော အဖြူရောင် အလင်းတန်းများကို ထုတ်လွှတ်လိုက်တော့သည်။ ကုယောင်သည် ဤသည်ကို မြင်သောအခါ သူ၏ မျက်နှာတွင် အထင်သေးရိပ်များ ပေါ်လာတော့သည်။ သို့သော် သူ၏ ကိုယ်ပိုင် တိုက်ခိုက်မှုကို စတင်ရန် ကြံစည်လိုက်စဉ်မှာပင် သူ၏ မျက်နှာအမူအရာမှာ အကြီးအကျယ် ပြောင်းလဲသွားတော့သည်။ အလင်း၏အရောင်မှာ ရုတ်တရက် ပြောင်းလဲသွားပြီး အဖြူရောင်မှသည် တဖြည်းဖြည်းနှင့် ရွှေရောင်သို့ ပြောင်းလဲသွားတော့သည်။
ထိုအခိုက်အတန့်မှာပင် တုတ်တံတို၏ အထက်တွင် ကြီးမားလှသော ရွှေရောင်မျောက်ဝံကြီး တစ်ကောင် စတင် ဖြစ်ပေါ်လာတော့သည်။ ၎င်း၏ အရွယ်အစားမှာ ဧရာမကြံ့ကြီး လောက်အထိ မကြီးမားသော်လည်း ပေ ၇၀ ခန့် မြင့်မားလှသည်။ အနီးကပ် ကြည့်ရှုမည်ဆိုလျှင် ထိုမျောက်ဝံကြီးတွင် အမွေးထူသော နားလေးဖက် ရှိနေပြီး ကြည့်ရသည်မှာ အင်မတန် ရုပ်ဆိုးကာ ကြောက်မက်ဖွယ် ကောင်းလှပေသည်။ ၎င်းသည် ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူ၏ရင်ဘတ်ကို ထုရိုက်ကာ ကောင်းကင်ယံသို့ ဟိန်းဟောက်လိုက်ပြီးနောက် ရှေ့မှ ကုယောင်ကို စိုက်ကြည့်လိုက်တော့သည်။
"လက်နက်ဝိညာဉ်! မင်းရဲ့ မှော်ရတနာမှာ လက်နက်ဝိညာဉ် ရှိနေတာလား"
ကုယောင်သည် ဤသည်ကို မြင်သောအခါ ထိတ်လန့်တကြား အော်ဟစ်လိုက်မိသည်။
သတ်ဖြတ်လိုစိတ်များ သူ၏မျက်နှာတွင် ပြည့်နှက်နေစဉ် ထိပ်ပြောင်သောအမျိုးသားကြီးက လက်ဖြင့် မန္တာန်ချိပ်ဟန်တစ်ခု ပြုလုပ်လိုက်ပြီး ဆို၏။
"ဟဲဟဲ။ မင်းက ငါ့ရဲ့ နားလေးဖက်ရွှေရောင်မျောက်ဝံ လက်နက်ဝိညာဉ်ကို ပထမဆုံး မြင်ဖူးတဲ့သူပဲ။ ဒီရတနာလက်နက်နဲ့ သေရတာဟာ မင်းအတွက် သိပ်ပြီး မနစ်နာလှပါဘူး"
မျောက်ဝံကြီး၏ ခန္ဓာကိုယ်မှာ ပိုမို ထင်ရှားလာပြီး မကြာမီမှာပင် တုတ်တံတိုမှာ ပေ ၃၀၀ ကျော် ရှည်လျားသော တုတ်ကြီးအဖြစ် ကြီးမားသွားတော့သည်။ ယခုအခါ အစစ်အမှန် မိစ္ဆာသားရဲကြီး တစ်ကောင်အဖြစ် ပေါ်ထွက်လာပြီးနောက် ၎င်းသည် ရှည်လျားလှသော တုတ်ကြီးကို ဆုပ်ကိုင်ကာ ရွှေရောင်အလင်းတန်းများ တောက်ပလျက် ကုယောင်ထံသို့ ပြင်းထန်စွာ ခုန်အုပ်ဝင်ချလာသည်။
...
အစိမ်းရောင်ဝတ်ရုံဝတ် အမျိုးသမီးမှာမူ ပိန်ရှည်သော မန္တာန်စစ်သည် သို့မဟုတ် ကုယောင်တို့နှင့်အတူ ရှိမနေခဲ့ချေ။ သူမ၏ ရည်ရွယ်ချက်မှာ အင်မတန် ရိုးရှင်းပါသည်။ သူမ၏ ကိုယ်ပိုင် စွမ်းရည်များကို အသုံးချပြီး မန္တာန်အစီအရင်ကြီး၏ ဗဟိုချက်မသို့ တိုက်ရိုက် ချဉ်းကပ်ကာ ၎င်းကို ဖြိုဖျက်ပစ်ရန် ဖြစ်သည်။ အစီအရင်၏ အချက်အချာ ပျက်စီးသွားသည်နှင့် ကျန်ရှိသော အစိတ်အပိုင်းများမှာလည်း မကြာမီ ပြိုလဲသွားပါလိမ့်မည်။ သေချာပေါက်ပင် သူမသည် ဤခရီးစဉ်တွင် ကျင့်ကြံသူ တစ်ဦးကိုလည်း အပြီးသတ် ရှင်းလင်းရန် ကြံစည်ထားခဲ့သည်။
သူမ မြူခိုးများအတွင်းသို့ ဝင်ရောက်လာကတည်းက သူမ၏ ပတ်ဝန်းကျင်တွင် မသိသာလှသော စိတ်ဝိညာဉ်အာရုံ အစအနလေး တစ်ခု ဝိုင်းရံနေသည်ကို သူမ အသေအချာ ခံစားနေရသည်။ သူမ၏ အင်မတန် အားကောင်းလှသော စိတ်ဝိညာဉ်အာရုံဖြင့်ပင် ၎င်းကို ပိတ်ဆို့နိုင်ခြင်း မရှိခဲ့ချေ။ ဤအချက်က သူမကို တုန်လှုပ်စေ၏။ သို့သော်ငြား စဦးစိတ်ဝိညာဉ်အဆင့်လူငယ်လေးကို သတ်ဖြတ်လိုသော သူမ၏ဆန္ဒမှာ ပိုမို ပြင်းပြလာတော့သည်။
အကယ်၍ သူမသာ ဤစွမ်းရည်မြင့်မားလှသော ကျင့်ကြံသူကို မရှင်းလင်းနိုင်ခဲ့ပါက နောင်ကျရင် ကြီးမားသော ဘေးအန္တရာယ်များ ဖြစ်လာနိုင်သည်ဟု ယူဆထားသည်။ ကံကောင်းထောက်မစွာဖြင့် ထိုကျင့်ကြံသူမှာ သူ၏ စွမ်းရည်အပေါ် အတော်လေး ယုံကြည်ချက် ရှိပုံရသဖြင့် သူ့ကိုယ်သူ အနည်းငယ်မျှပင် ဖုံးကွယ်ထားခြင်းမရှိဘဲ စဦးစိတ်ဝိညာဉ်အလယ်အဆင့် မန္တာန်စစ်သည် ဖြစ်သူ သူမကို အတွင်းသို့ ဆွဲခေါ်ရန် ကြိုးစားနေခဲ့သည်။ သူမသည် ထိုစိန်ခေါ်မှုကို လှောင်ပြုံးဖြင့် လက်ခံလိုက်ပြီး သူ ရှိရာအရပ်သို့ တိုက်ရိုက် ပျံသန်းလာသည်။
ထိုလူငယ်လေးမှာ သူမ၏ ပတ်ဝန်းကျင် ပေ ၁၀၀၀ ခန့်အတွင်းသို့ ရောက်ရှိနေပြီဖြစ်မှန်း သူမ အာရုံခံစားမိသည့်အခါ အစိမ်းရောင်ဝတ်ရုံဝတ်အမျိုးသမီးသည် သူမ၏ ခန္ဓာကိုယ်မှ အဖြူရောင် အလင်းတန်းများ ထုတ်လွှတ်ခြင်းကို ရပ်တန့်လိုက်ပြီး သူမ၏ပျံသန်းနှုန်းကို လျှော့ချလိုက်ကာ အပြီးသတ် ရပ်တန့်လိုက်တော့သည်။ သူမသည် သူမ၏ကိုယ်ပိုင် စွမ်းရည်များအပေါ် ယုံကြည်မှု ရှိသော်လည်း ကျော့ကွင်းတစ်ခုအတွင်းသို့ လှမ်းဝင်မိနေပြီလား ဆိုသည်ကိုမူ မသေချာသေးချေ။ ထို့နောက် သူမသည် သိုလှောင်အိတ်ကို ပုတ်လိုက်ပြီး လက်သီးဆုပ်ခန့် ရှိသော အပြာရောင်ပုလဲတစ်လုံးကို လက်ထဲသို့ ဆင့်ခေါ်လိုက်တော့သည်။
အပိုင်း (၇၄၂) အစီအရင်ကို ဖျက်ဆီးခြင်း တိုက်ပွဲ (၄)
အပြာရောင်ပုလဲသည် သူမ၏ဦးခေါင်းထက်တွင် ဝဲပျံနေပြီး သူမက မန္တာန်တံဆိပ်တစ်ခုဖြင့် ရိုက်နှက်လိုက်သည်။ ချက်ချင်းပင် ၎င်းထံမှ စူးရှသော အလင်းတန်းများ တောက်ပလာပြီးနောက် အစိမ်းရောင်မြူခိုးများကို ဖြတ်ကျော်တိုက်ခိုက်မည့် မရေမတွက်နိုင်သော အပြာရောင်အလင်းမျှင်တန်းများကို ထုတ်လွှတ်လိုက်တော့သည်။ ပြင်းထန်လှသော လှုပ်ခတ်မှုများနှင့်အတူ အလင်းလေပြင်းများသည် ပတ်ဝန်းကျင်ရှိ မြူခိုးများကို လွင့်စင်သွားစေရာ သူမ၏ပတ်ဝန်းကျင် ပေ ၁၀၀၀ ခန့်မှာ လုံးဝ ကြည်လင်သွားတော့သည်။
သူမသည် ပေ ၃၀၀ ခန့်အကွာတွင် ရပ်နေသော လူငယ်တစ်ဦးကို လှမ်းမြင်လိုက်ရသည်။ သူက သူမကို မည်သည့်ခံစားချက်မျှ မရှိဘဲ တိတ်ဆိတ်စွာသာ ကြည့်နေ၏။ ထိုလူငယ်မှာ သူမကို အတော်လေးကြာအောင် စောင့်ဆိုင်းနေခဲ့သည့် ဟန်လိပင်။
အမျိုးသမီး၏ မျက်ဝန်းများအတွင်း၌ အေးစက်သော အလင်းတန်းတစ်ခု ပေါ်လာသည်။ သူမက တောက်ပသောအကြည့်ဖြင့် ဝေ့ဝိုက်ကြည့်ရှုလိုက်၏။ သူမ၏ စိတ်ဝိညာဉ်အာရုံဖြင့် ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် သူမသည် မျက်မှောင်ကြုတ်လျက် ကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။ သူတို့၏ အထက် ပေ ၃၀၀ ခန့်အကွာတွင် ငွေရောင်နှင့်ရွှေရောင် တိမ်တိုက်တစ်ခုမှာ တိတ်ဆိတ်စွာ ဝဲပျံနေခဲ့သည်။
သူမသည် ရွှေရောင်တိမ်တိုက်၏ အစစ်အမှန်ပုံသဏ္ဌာန်ကို မြင်လိုက်ရသည့်အခါ သူမ၏ မျက်နှာအမူအရာမှာ အကြီးအကျယ် ပျက်ယွင်းသွားပြီး သူမ၏မျက်ဝန်းများအတွင်းရှိ အေးစက်သော သတ်ဖြတ်လိုစိတ်များမှာ ပိုမို သိပ်သည်းလာတော့သည်။ အမျိုးသမီးက တိုးညင်းစွာ ရေရွတ်လိုက်၏။
"ရွှေဝါးမြိုခြင်းပိုးတောင်မာတွေ… အဲဒါတွေကို ပိုင်ဆိုင်ထားတဲ့ ကျင့်ကြံသူက မင်းဖြစ်နေတာကိုး"
ဟန်လိသည် သူမက ၎င်းတို့ကို မှတ်မိနေခြင်းအပေါ် အံ့အားသင့်သွားသော်လည်း သူ၏တည်ငြိမ်မှုကို ဆက်လက် ထိန်းသိမ်းထားနိုင်ဆဲပင်။ သူက တည်ငြိမ်စွာ ပြောလိုက်သည်။
"မောက်လန်တွေကြားမှာ ဒီအင်းဆက်တွေကို မှတ်မိတဲ့ မန္တာန်စစ်သည်တွေ အများကြီး ရှိပုံရတာပဲ။ ငါ တကယ်ကို အံ့ဩမိပါတယ်။ ငါ့ကို နောက်ဆုံးတွေ့ခဲ့တဲ့ မန္တာန်စစ်သည်က မင်းကို အကြောင်းကြားလိုက်တာလား"
သူမသည် သူ၏မေးခွန်းကို ပြန်မဖြေဘဲ မေးလိုက်၏။
"ကောင်းကင်လေမျိုးနွယ်စုက ပညာရှိမူရဲ့ ရုပ်ခန္ဓာကို မင်းလက်နဲ့ ဖျက်ဆီးခဲ့တာလား"
ဟန်လိသည် စိတ်ထဲတွင်တော့ သိထားနေလေပြီ။ သို့သော အပြင်ဘက်တွင်တော့ ထုတ်မပြ။ သူက အေးဆေးစွာ ပြောလိုက်သည်။
"ပညာရှိမူ… ဟုတ်လား။ လေဟုန်စီးရထားနဲ့ ငါ့နောက်ကို လိုက်ဖမ်းခဲ့တဲ့ မန္တာန်စစ်သည်လား။ အဲဒီလူကို ပြောတာဆိုရင်တော့ ဟုတ်ပါတယ်။ သူ့ရဲ့ ရုပ်ခန္ဓာကို ဖျက်ဆီးခဲ့တာ ငါပဲ။ သူ့ စဦးစိတ်ဝိညာဉ်က ဒီလောက်အထိ မြန်မြန် ထွက်မပြေးသွားဘူးဆိုရင်တော့ ငါက ဝိညာဉ်ရော ရုပ်ခန္ဓာပါ နှစ်ခုစလုံးကို အပြီးသတ် ချေမှုန်းနိုင်ခဲ့မှာပါ။ ဘာလဲ… မင်းက သူ့အတွက် ကလဲ့စားချေပေးချင်လို့လား"
ဤအမျိုးသမီးသည် နတ်ဘုရားရေခဲမီးတောက်နှင့်မိုးကြိုးမုန်တိုင်းတောင်ပံ အကြောင်းကို သိရှိထားပြီး ဖြစ်သဖြင့် သူသည် သူမကို အငိုက်ဖမ်း တိုက်ခိုက်နိုင်တော့မည် မဟုတ်ပေ။ ထိုအချက်က သူမကို အတော်လေး ကိုင်တွယ်ရခက်သော ပြိုင်ဘက်တစ်ဦး ဖြစ်လာစေသည်။ သူ စဦးစိတ်ဝိညာဉ်အဆင့်သို့ ရောက်ရှိပြီးနောက် ဆင်နွှဲခဲ့သော တိုက်ပွဲအားလုံးတွင် တစ်ပွဲမှလွဲ၍ ပြိုင်ဘက်ကို မိုးကြိုးမုန်တိုင်းတောင်ပံဖြင့် အငိုက်မိအောင် အရင်လုပ်ပြီးမှ နတ်ဘုရားရေခဲမီးတောက်ကို သုံးကာ အေးခဲစေသည့် နည်းလမ်းဖြင့်သာ ကိုင်တွယ်ခဲ့ခြင်း ဖြစ်သည်။
"ပညာရှိမူရဲ့ ရုပ်ခန္ဓာကျင့်ကြံမှုဟာ နက်နဲမှု သိပ်မရှိဘူး၊ ဒါကြောင့် ဆုံးရှုံးသွားတာက ညည်းတွားနေစရာ ကိစ္စ မဟုတ်ဘူး။ ဒါပေမဲ့ မင်းမှာ ထူးဆန်းတဲ့ စွမ်းရည်တွေ အများကြီး ရှိနေရုံတင်မကဘဲ ရွှေဝါးမြိုခြင်းပိုးတောင်မာတွေကိုပါ ထိန်းချုပ်နိုင်နေတာဆိုတော့… မင်းကို အသက်ရှင်လျက် လွှတ်ပေးလို့ မဖြစ်တော့ဘူး"
အစိမ်းရောင်ဝတ်စုံဝတ်အမျိုးသမီးက ထိုသို့ဆိုကာ မျက်နှာသုန်မှုန်သွားသည်။ သူမက လက်ဖြင့် မန္တာန်ချိပ်ဟန် တစ်ခုကို အလျင်အမြန် ဖန်တီးလိုက်သည်။ သူမ၏ ပတ်ဝန်းကျင်တွင် အဖြူရောင်အလင်းတန်းများ လက်သွားပြီးနောက် အဖြူရောင် ဖဲကြိုးတစ်ခုမှာ သူမ၏ ခန္ဓာကိုယ်မှ ရုတ်တရက် ထွက်ပေါ်လာပြီး လေထဲတွင် တဖျပ်ဖျပ် လွင့်နေတော့သည်။ ထို့နောက် သူမသည် လက်ဖဝါးကို လှည့်ပတ်လိုက်ရာ ဝါဖျော့ဖျော့ ဒယ်စောက်ငယ်တစ်ခု သူမ၏လက်ထဲတွင် ပေါ်လာတော့သည်။ ၎င်းကို အမျိုးအမည်မသိသော သစ်သားဖြင့် သန့်စင်ထားပြီး လေးလက်မခန့်သာ အရွယ်အစား ရှိကာ ကြည့်ရသည်မှာ အင်မတန် ရှေးကျလှသလို အပြင်ဘက်တွင်လည်း နားလည်ရခက်သော မန္တာန်စာလုံးများ ထွင်းထုထားသေးသည်။
ဟန်လိ၏ စိတ်ဝိညာဉ်အာရုံက ၎င်းကို ဖြတ်ကျော်ကြည့်လိုက်သည့်အခါ သူ၏မျက်နှာအမူအရာမှာ ပြောင်းလဲသွားတော့သည်။
အမျိုးသမီးက အေးစက်သော လေသံဖြင့် ဆို၏။
"မင်းရဲ့ ရွှေဝါးမြိုခြင်းပိုးတောင်မာတွေဟာ ရှေးဟောင်းခေတ်က ထူးဆန်းတဲ့ အင်းဆက်တွေ ဖြစ်သလို ဘယ်အရာကမှ မဖောက်ထွင်းနိုင်တဲ့အထိ သန်မာပြီး ဘာကိုမဆို ဝါးမြိုနိုင်တဲ့ အဆင့်အထိ မွေးမြူထားတယ်ဆိုပေမဲ့… အဲဒါတွေဟာ ငါ့ရဲ့ အဝါရောင်စိတ်ဝိညာဉ်ဒယ်စောက် လိုမျိုး သစ်သားဓာတ် မှော်ရတနာတွေရဲ့ ဟန့်တားခြင်းကို ခံရဖို့ ဖြစ်လာတာပဲ။ အတိတ်မှာ ငါ ရွှေဝါးမြိုခြင်းပိုးတောင်မာတွေကို ထိန်းချုပ်တဲ့ ပျံသန်းခြင်းမျိုးနွယ်စု ကျင့်ကြံသူ တစ်ယောက်နဲ့ တိုက်ခိုက်ခဲ့ဖူးတယ်၊ အဲဒီလူနဲ့ နောက်တစ်ခါ ပြန်တွေ့ရင် ကိုင်တွယ်နိုင်ဖို့အတွက် ဒီဒယ်စောက်ကို ငါ ရှာဖွေခဲ့တာ။ ဒါပေမဲ့ အဲဒီလူနဲ့ မတွေ့ရခင်မှာတင် ဒါကို သုံးတဲ့ ကောင်းကင်တောင်ပိုင်း ကျင့်ကြံသူ တစ်ယောက်နဲ့ အရင် ဆုံလိမ့်မယ်လို့တော့ မထင်ထားခဲ့ဘူး။ အဲဒီလိုသာ မဟုတ်ရင်တော့ ဒီလောက် အမြောက်အမြားရှိတဲ့ ရွှေဝါးမြိုခြင်းပိုးတောင်မာတွေကို ကိုင်တွယ်ရတာဟာ ငါ့အတွက် ခက်ခဲမှာ အမှန်ပဲ"
သူမ စကားဆုံးသည့်အခါ သူမ၏ နူးညံ့လှသော လက်ဖြင့် ဒယ်စောက်ငယ်ကို ပွတ်သပ်လိုက်ရာ ၎င်းမှာ အံ့မခန်းလှသော အလင်းတန်းများဖြင့် တောက်ပလာတော့သည်။ ဖောက်ထွင်းမြင်ရသော အလင်းအတားအဆီးတစ်ခုမှာလည်း ခပ်ဖျော့ဖျော့ ပေါ်ထွက်လာတော့သည်။
ဟန်လိသည် ဤစကားကို ကြားရသည့်အခါ အလေးအနက် မေးလိုက်သည်။
"ရွှေဝါးမြိုခြင်းပိုးတောင်မာတွေကို သုံးတဲ့ တခြားသူတွေလည်း ရှိသေးတာလား"
တစ်ဖက်အမျိုးသမီးက အလေးမထားဟန်ဖြင့် ပြန်ဖြေ၏။
"မင်း မသိဘူးလား။ ရွှေဝါးမြိုခြင်းပိုးတောင်မာတွေဟာ ငါတို့ရဲ့ အကြီးမားဆုံး ရန်သူဖြစ်တဲ့ ပျံသန်းခြင်းမျိုးနွယ်စုရဲ့ မြင့်မြတ်တဲ့ အင်းဆက်တွေလေ။ သူတို့ရဲ့ ဘိုးဘေးတွေဟာ အချိန်အင်မတန် အများကြီး အကုန်ခံပြီးမှ နောက်ဆုံးမှာ လုံးဝ ကြီးရင့်သွားတဲ့ ရွှေဝါးမြိုခြင်းပိုးတောင်မာ ဆယ်ဂဏန်း အနည်းငယ်ကို မွေးမြူနိုင်ခဲ့တာ။ သူတို့ဆီက ထူးချွန်ထက်မြက်ဆုံး ကျင့်ကြံသူတွေကိုပဲ အဲဒါတွေကို အမွေဆက်ခံခွင့် ပေးခဲ့တာ။ ဒါပေမဲ့ အဲဒီခေတ်ကတည်းက မရေမတွက်နိုင်တဲ့ မန္တာန်စစ်သည်တွေဟာ အဲဒီအင်းဆက်တွေရဲ့ ဝါးမြိုခြင်းကို ခံခဲ့ရသလို မောက်လန်တွေကြားမှာ မုန်းတီးစရာ ပစ်မှတ်တစ်ခု ဖြစ်ခဲ့တာ။ မင်းဆီမှာ အဲဒီလောက် အမြောက်အမြား ရှိနေမှတော့ ဒီအင်းဆက်ကောင်တွေ ဘယ်လောက်ပဲ အရွယ်ရောက်နေပါစေ…မင်းကို ဆက်ပိုင်ဆိုင်ခွင့် မပေးနိုင်ဘူး"
ဒယ်စောက်ငယ်မှာ သူမ၏အထက်တွင် တစ်ပတ်ပတ်လိုက်ပြီးနောက် အလင်းတစ်ချက် လက်သွားကာ ကောင်းကင်ယံရှိ ပိုးတောင်မာတိမ်တိုက်ထံသို့ အလင်းတိုင်ကြီး တစ်ခုကို တိုက်ရိုက် ပစ်လွှတ်လိုက်တော့သည်။
ဟန်လိသည် ဤကမ္ဘာတွင် လုံးဝ ကြီးရင့်ပြီးသား ရွှေဝါးမြိုခြင်းပိုးတောင်မာတွေ အမှန်တကယ် တည်ရှိနေသည်ကို ကြားလိုက်ရသဖြင့် မင်သက်သွားမိသည်။ သို့သော်ငြား သူသည် သူမ၏ ရန်လိုလှသော လေသံကို ကြားရသည့်အခါမှ သတိပြန်ဝင်လာပြီး ထိုကိစ္စကို ဘေးဖယ်ထားလိုက်သည်။ သူမက ဒယ်စောက်ကိုသုံးပြီး သစ်သားဓာတ် ဝိညာဉ်ချီများဖြင့် ပိုးတောင်မာများကို တိုက်ခိုက်သည်ကို မြင်လိုက်ရသည့်အခါ သူ၏နှလုံးသားမှာ လေးလံသွားရသည်။ သူ၏မျက်နှာတွင် ရက်စက်သော အမူအရာတစ်ခု ခေတ္တမျှ ပေါ်လာပြီးနောက် ပိုးတောင်မာများကို ညွှန်ပြလိုက်ရာ ရွှေရောင်တိမ်တိုက်မှာ မရေမတွက်နိုင်သော ရွှေရောင်ပွင့်ချပ်လေးများအဖြစ် ပြန့်ကျဲသွားတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ပိုးတောင်မာများကို မြင်တွေ့ရန် ခက်ခဲသွား၏။
ရလဒ်အနေဖြင့် အဝါရောင်အလင်းတန်းမှာ ပစ်မှတ် လွဲချော်သွားခဲ့သည်။ အမျိုးသမီးမှာ မှင်တက်သွားသော်လည်း တစ်စုံတစ်ခုကို ချက်ချင်း သတိရသွားကာ သူမ၏ စိတ်ဝိညာဉ်အာရုံကို အနီးနားရှိ မြူခိုးများအတွင်းသို့ ဖြန့်ကြက်လိုက်တော့သည်။ ခဏအကြာတွင် သူမသည် မျက်မှောင်ကြုတ်လိုက်ပြီး သူမ၏မျက်နှာတွင် အေးစက်သော အငွေ့အသက်များ ဖုံးလွှမ်းသွားကာ ဆို၏။
"မင်းက တခြား မန္တာန်စစ်သည်တွေကို တိုက်ခိုက်ဖို့ ရွှေဝါးမြိုခြင်းပိုးတောင်မာတွေကို တကယ်ပဲ ခိုင်းလိုက်တာပေါ့။ ငါ့ရှေ့မှာတင် မင်းက အာရုံလွှဲဖို့ အင်အား ရှိနေသေးတယ်လို့ ထင်နေတာလား"
သူမ စကားမဆုံးခင်မှာပင် သူမ၏ အဖြူရောင်ဖဲကြိုးကို ဟန်လိထံသို့ လှမ်းပစ်လိုက်တော့သည်။ ဖဲကြိုးမှာ စူးရှတောက်ပသော အဖြူရောင်အလင်းတန်းများ လင်းလက်လျက် လေထဲတွင် ဝဲပျံနေပြီးနောက် ပေ ၂၀ ခန့် ရှည်လျားလာသည်။ ယင်းနောက် မီးတောက်မျက်လုံးများနှင့် နက်မှောင်သော လက်သည်းများရှိသည့် ဆီးနှင်းရောင် သိန်းငှက်ကြီး တစ်ကောင်အဖြစ် ပြောင်းလဲသွားတော့သည်။ ၎င်းသည် အတောင်ပံများကို ခတ်လိုက်ရာ အဖြူရောင်အလင်းတစ်ချက်နှင့်အတူ ချက်ချင်း ပျောက်ကွယ်သွားပြီး နောက်တစ်ခဏမှာပင် ဟန်လိ၏ ဦးခေါင်းထက်တွင် ပြန်လည် ပေါ်လာတော့သည်။ ထို့နောက် စူးရှသော အော်မြည်သံနှင့်အတူ ၎င်း၏ ထက်မြက်လှသော လက်သည်းများဖြင့် ဟန်လိကို ဦးတည်ကာ အောက်သို့ ထိုးဆင်းလာတော့သည်။
ဧရာမသိန်းငှက်ကြီးမှာ အင်မတန် မြန်ဆန်လှပေသည်။ ဟန်လိသည် ထိတ်လန့်သွားပြီး အလိုအလျောက်ပင် သူ၏လက်ကို မြှောက်လိုက်မိ၏။ သူ၏လက်ဖဝါးအတွင်းမှ ရွှေရောင်လျှပ်စီးတန်း ဆယ်ဂဏန်းခန့် ထွက်ပေါ်လာပြီး ရှေ့မှ သိန်းငှက်ကြီးကို ဆီးကြိုရန် ကြီးမားလှသော ရွှေရောင်ကွန်ရက်ကြီးတစ်ခုကို ဖန်တီးလိုက်တော့သည်။
အဖြူရောင် သိန်းငှက်ကြီးမှာ ဤသည်ကို မြင်သောအခါ သူ၏မျက်လုံးများမှာ ရက်စက်လိုသည့် အရိပ်အယောင်များ ပေါ်လာသည်။ သူ၏အတောင်ပံများ တုန်ခါသွားတော့သည်။ လေထုအတွင်း၌ ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ မရေမတွက်နိုင်သော လေဓားများမှာ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတော့မည့် ရွှေရောင်လျှပ်စီးကွန်ရက်ကို ဆီးကြိုရန် တရစပ် ပျံထွက်သွားတော့သည်။
ရွှေရောင်နှင့်အဖြူရောင်အလင်းတန်းများ ရောယှက်သွားသည်နှင့်အမျှ ပေါက်ကွဲသံများ ပဲ့တင်ထပ်သွားတော့သည်။ ထိတွေ့လိုက်သည်နှင့် ရွှေရောင်ကွန်ရက်မှာ လေဓား အများစုကို ပိတ်ဆို့နိုင်ခဲ့သော်လည်း ၎င်းတို့မှာ အင်မတန် အားပြင်းလှပေသည်။ လျှပ်စီးကွန်ရက်မှာ ဖောက်ထွင်းခြင်း ခံလိုက်ရပြီး လေဓား ဆယ်ဂဏန်းခန့်မှာ ဟန်လိထံသို့ ဒုန်းစိုင်း ပျံသန်းလာရာ ၎င်းတို့နောက်မှ သိန်းငှက်ကြီးမှာလည်း အနီးကပ် လိုက်ပါလာခဲ့သည်။
"ဟမ်"
ဟန်လိ၏မျက်ဝန်းများအတွင်း၌ အံ့ဩရိပ်အချို့ ပေါ်လာသော်လည်း သူ၏မျက်နှာမှာမူ အမူအရာကင်းမဲ့နေဆဲပင်။
သူသည် သူ၏လက်ချောင်းများကို တစ်ချက် လှုပ်ရှား၏။ လေဓားများကို ဆီးကြိုရန် အပြာရောင် ဓားအလင်းတန်း ဆယ်ခုကျော်ကို ထုတ်လွှတ်လိုက်သည်။ မကြာမီမှာပင် သူသည် သူ၏လက်ဖဝါးကိုလည်း လှည့်ကစား၏။ အပြာရောင် ဒိုင်းငယ်တစ်ခု သူ၏လက်ထဲတွင် ပေါ်လာတော့သည်။ ခေတ္တမျှ တုန်ခါသွားပြီးနောက် အပြာရောင်ဒိုင်းမှာ အဆပေါင်းများစွာ ကြီးမားလာပြီး ၁၀ ပေခန့်အထိ ရှည်လျားသွားတော့သည်။ တောက်ပြောင်နေသော အပြာရောင်အလင်းတန်းများက ၎င်း၏မျက်နှာပြင်ပေါ်တွင် အရည်များအလား စီးဆင်းနေခြင်းကို ကြည့်ရသည်မှာ အင်မတန် ထူးဆန်းလှပေသည်။
ထိုအခိုက်အတန့်တွင် အပြာရောင် ဓားအလင်းတန်းများသည် လေဓားများကို ချေမှုန်းပစ်လိုက်ပြီး သိန်းငှက်ကြီးကို တိုက်ခိုက်ရန် ပြင်လိုက်သည်။ သိန်းငှက်ကြီးမှာ အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်း မရှိဘဲ အတောင်ပံများကို ခတ်ကာ အပြာရောင်ချီများကို ဖယ်ရှားပစ်လိုက်ပြီးနောက် ကြီးမားလှသော အပြာရောင်ဒိုင်းဆီသို့ ဆက်လက်၍ အရှိန်ပြင်းပြင်း ထိုးဆင်းလာတော့သည်။
ဟန်လိသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ဒိုင်းထံသို့ လက်ညွှန်ပြလိုက်ရာ ၎င်းမှာ ပိုမို၍ တောက်ပလာတော့သည်။ ရလဒ်အနေဖြင့် သိန်းငှက်ကြီး၏ လက်သည်းများမှာ ရေခဲမျက်နှာပြင်တစ်ခုကို ထိမှန်သွားသည့်အလား လှိုင်းဂယက်အချို့သာ ကျန်ရစ်ခဲ့တော့သည်။ သို့သော် ထိုခဏအတွင်းမှာပင် ဟန်လိ၏ မျက်ဝန်းများအတွင်း၌ အေးစက်သော အလင်းတန်းတစ်ခု လင်းလက်သွားပြီး သူက လက်မြှောက်လိုက်သည်။ အနက်ရောင်အလင်းတန်း တစ်ခု သူ၏လက်ဖဝါးအတွင်းမှ ထွက်ပေါ်လာပြီး ၁၀ ပေခန့် ကျယ်ဝန်းသော အနက်ရောင် လက်ဝါးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။ ၎င်းသည် လျှပ်စီးထက်ပင် မြန်ဆန်သော အရှိန်ဖြင့် ပျံထွက်သွားပြီး ဧရာမသိန်းငှက်ကြီးကို အားဖြင့် လှမ်းဖမ်းလိုက်တော့သည်။
ဝူး။ မြည်ဟီးသံများ ထွက်ပေါ်သွားသည်။ ယင်မီးတောက်များမှာ ထိုလက်ဝါးကြီးမှ ရုတ်တရက် ထွက်ပေါ်လာပြီး သိန်းငှက်ကြီးကို နက်မှောင်သော မီးတောက်များဖြင့် လွှမ်းခြုံလိုက်တော့သည်။ သိန်းငှက်ကြီက ထိုချုပ်ကိုင်မှုမှ လွတ်မြောက်ရန် ကြိုးစားရင်း အော်ဟစ်မြည်ကြွေး၍ လက်ဝါးကြီးကို ရက်စက်စွာ ထိုးဆိတ်နေတော့သည်။
ဟန်လိသည် ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါမှ စိတ်အေးသွားပြီး တစ်ဖက်အမျိုးသမီးထံသို့ ခေါင်းလှည့်ကြည့်လိုက်သည်။ အမျိုးသမီးမှာမူ သူမ၏ သိန်းငှက်ကြီး အဖမ်းခံလိုက်ရသည်ကို ဂရုစိုက်ပုံ မရချေ။ ထိုအစား သူမသည် လေးနက်သော မျက်နှာထားဖြင့် ရှေးဟောင်းမန္တာန်တစ်ခုကို တိုးညင်းစွာ ရွတ်ဆိုလို့နေသည်။ အနီးကပ် ကြည့်ရှုလိုက်သည့်အခါ ဟန်လိသည် ထိုမန္တာန်ကို နကန်းတစ်လုံးမျှ နားမလည်နေမှန်း သိလိုက်ရသဖြင့် သူ အကြီးအကျယ် ထိတ်လန့်သွားရသည်။
မကြာမီမှာပင် အမျိုးသမီးသည် သူမ၏ လက်ချောင်းများကို ကြာပန်းအသွင် ဖြန့်ကားလိုက်၏။ အဖြူရောင် အလင်းတန်းများမှာ တဖျပ်ဖျပ် စတင်တောက်ပလာပြီး အဖြူရောင်ကြာပန်းတစ်ပွင့် အသွင်သို့ ပြောင်းလဲလာတော့သည်။ ဟန်လိသည် သူမ ဘာလုပ်ရန် ကြံစည်နေသည်ကို မသိသော်လည်း သူမမှာ စဦးစိတ်ဝိညာဉ်အလယ်အဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်နေသေးသည် မဟုတ်ပါလား။ ဤမျှအထိ ကြာမြင့်စွာ မန္တာန်ရွတ်ဆိုရသော မည်သည့်အရာမဆို သေချာပေါက်ပင် အစွမ်းထက်လှပေလိမ့်မည်။ သူမကို အေးအေးဆေးဆေး အောင်မြင်အောင် သူ ခွင့်မပြုနိုင်ချေ။
ထိုသို့စဉ်းစားလိုက်ပြီးနောက် ဟန်လိသည် လေးနက်သော အမူအရာဖြင့် အင်္ကျီလက်အိုးကို ဝှေ့ယမ်းကာ အပြာရောင် ပျံသန်းခြင်းဓား ဆယ်ဂဏန်းခန့်ကို အုပ်စုလိုက် ဆင့်ခေါ်လိုက်တော့သည်။ ထို့နောက် ၎င်းတို့မှာ မြူခိုးများအဖြစ် စုစည်းသွားပြီး အစိမ်းရောင်ဝတ်စုံဝတ်အမျိုးသမီးထံသို့ ဒုန်းစိုင်း ပြေးဝင်သွားကြတော့သည်။ ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူကာ ဟန်လိသည် ငှက်ကြီးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသော လက်ဝါးကြီးထံသို့ သူ့အခြားလက်တစ်ဖက်ဖြင့် လက်ညွှန်လိုက်သည်။ အနက်ရောင် လက်ဝါးကြီးမှာ ရုတ်တရက် အင်အား ပိုမို စိုက်ထုတ်လိုက်ပြီး ငှက်ကြီးကို သူ၏ရှေ့သို့ ချက်ချင်း ဆွဲခေါ်လိုက်တော့သည်။
ဘာကိုမျှ ထပ်မံ မစဉ်းစားတော့ဘဲ ဟန်လိသည် ရုန်းကန်နေသော ငှက်ကြီးအပေါ်သို့ အပြာရောင် နတ်ဘုရားရေခဲမီးတောက် အစအနလေးတစ်ခုကို မှုတ်ထုတ်လိုက်တော့သည်။ တဖျစ်ဖျစ် မြည်သံနှင့်အတူ အပြာရောင်မီးတောက်မှာ ငှက်ကြီးကို တောက်ပြောင်နေသော နှင်းခဲများဖြင့် ချက်ချင်း ဖုံးလွှမ်းလိုက်တော့သည်။ ငှက်ကြီးမှာ ရေခဲရုပ်အသွင် ဖြစ်သွားရလေပြီ။ အသက်ဝင်လှချေ၏။
သူ၏မျက်နှာတွင် ကျေနပ်ရိပ်အချို့ ပေါ်လာတော့သည်။ သို့သော်လည်း သူသည် ၎င်းကို ပြန်လည် သိမ်းဆည်းရန် ကြံစည်လိုက်စဉ်မှာပင် သူ၏ရှေ့မှ တော်ဝင်ခမ်းနားသောအသံများကို ဆက်တိုက် ကြားလိုက်ရသည်။ စူးရှတောက်ပသော အဖြူရောင် အလင်းတန်းများမှာ ဟန်လိ၏ပြိုင်ဘက်အမျိုးသမီးထံမှ ရုတ်တရက် ပွင့်ထွက်လာပြီး ပတ်ဝန်းကျင် ပေ ၁၀၀၀ ခန့်ကို အဖြူရောင် အလင်းလွှာတစ်ခုက ဖုံးလွှမ်းသွားတော့သည်။
ဟန်လိသည် စိတ်ထဲမှ ဆဲရေးလိုက်ပြီး သူ၏ရှေ့မှ ထူးဆန်းသောမြင်ကွင်းကို အလျင်အမြန် လှမ်းကြည့်လိုက်သည်။ အစိမ်းရောင်ဝတ်စုံဝတ်အမျိုးသမီးမှာ သူမ၏ မန္တာန်ရွတ်ဆိုခြင်းကို အပြီးသတ်လိုက်ပြီ ဖြစ်၏။ ယခုအခါ အဖြူရောင်ကြာပန်းမှာ သူမ၏လက်မှ ထွက်ခွာသွားခဲ့ပြီး သူမ၏ ဦးခေါင်းထက် ၁၀ ပေခန့် အကွာတွင် ဝဲပျံနေသည်။ ၎င်းသည် စူးရှတောက်ပသော အလင်းတန်းများ လင်းလက်နေစဉ်မှာပင် ၎င်း၏ ပွင့်ချပ်များကို အဆုံးမရှိ ဖြန့်ကားသည်။
ဟန်လိ ထုတ်လွှတ်လိုက်သော ဓားချီတိမ်တိုက်ကြီးမှာမူ သူမနှင့် ပေ ၁၃၀ ခန့်အကွာတွင် ရပ်တန့်သွားပြီး သူမထံသို့ ရောက်ရှိရန် အစွမ်းကုန် ကြိုးစားနေရသည်။ ၎င်းမှာ မမြင်ရသော အတားအဆီးတစ်ခုခုဖြင့် ပိတ်ဆို့ခြင်းကို ခံနေရပုံပင်။ ဟန်လိသည် အလိုအလျောက်ပင် သူ၏မျက်လုံးများကို မှေးကြည့်လိုက်မိတော့သည်။