အခန်း (၇၄၃-၇၄၄)
Vol. 54 Ch. 743-744
အပိုင်း (၇၄၃) အစီအရင်ကို ဖျက်ဆီးခြင်း တိုက်ပွဲ (၅)
အဖြူရောင်ကြာပန်းမှာ ရတနာတစ်ခုမှ ဖန်တီးထားခြင်း မဟုတ်ဘဲ အမျိုးသမီး၏ ကိုယ်ပိုင် မန္တာန်စွမ်းအားမှ ဖြစ်ပေါ်လာခြင်း ဖြစ်ပုံရသည်။ ဤမျှ စွမ်းအားကြီးသောအရာတစ်ခုကို မှော်ပညာရပ်သပ်သပ်တစ်ခုဖြင့် ဖန်တီးထားနိုင်ခြင်းအပေါ် ဟန်လိသည် တကယ်ကို အံ့အားသင့်သွားရသည်။ သို့သော်လည်း ထိုအံ့ဩမှုမှာ ခဏသာ ခံလိုက်သည်။ သူ့မျက်နှာမှာ သုန်မှုန်သွား၏။ သူ အသက်ပြင်းပြင်း ရှုရှုလိုက်ပြီး လက်ကို ခပ်မြန်မြန် ပင့်မြှောက်လိုက်၏။ ထိုအခါ သူ့လက်မှာ ခပ်ဖျော့ဖျော့အနက်ရောင်ချီများဖြင့် ဖုံးအုပ်သွားသည်။
အနက်ရောင်ချီများမှာ အသက်ဝင်နေသည့်အလား တဖျပ်ဖျပ် လှုပ်ရှားနေပြီး ပိုမို ထူထပ်လာခဲ့သည်။ ၎င်းမှာ လုံးဝ နက်မှောင်သွားသည့်အချိန်တွင် ဟန်လိ၏မျက်နှာမှာ လေးနက်သွားတော့သည်။ သူ၏ လက်မောင်းမှာ လျင်မြန်စွာ ဖောင်းကားလာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် မူလထက် သုံးဆခန့် ကြီးမားသွားတော့သည်။ မကြာမီမှာပင် စူးရှလှသော နီရဲသည့်အလင်းတန်းတစ်ခုသည် အနက်ရောင်ချီများကို ဖုံးလွှမ်းသွားရာ အင်မတန် ထူးဆန်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။
ထိုအခိုက်အတန့်တွင် ဟန်လိသည် အစိမ်းရောင်ဝတ်ရုံဝတ် အမျိုးသမီးကို အေးစက်စွာ လှမ်းကြည့်လိုက်သည်။ သူ့ပြိုင်ဘက်အမျိုးသမီးကလည်း ခေါင်းမော့၍ သူ့ကို ကြည့်လိုက်သဖြင့် သူတို့အကြည့်ချင်း ဆုံသွားကြတော့သည်။ သူမသည် ဟန်လိ၏ကြောက်မက်ဖွယ် လက်မောင်းကြီးကို မြင်လိုက်ရသည့်အခါ သူမ၏မျက်ဝန်းများအတွင်း၌ အေးစက်သော အလင်းတန်းတစ်ခု လင်းလက်သွား၏။
“သွားစမ်း”
ဟန်လိက မာန်သွင်း၍ သူ့လက်ကို ဝေ့ခါယမ်းပြီး နီရဲသော အလင်းလုံးကြီး တစ်ခုကို ထုတ်လွှတ်လိုက်တော့သည်။ ၎င်းသည် သူ၏ လက်မောင်းမှ ထွက်ခွာသွားသည်နှင့် ပေ ၃၀ ခန့်အထိ ကြီးမားသွားတော့သည်။ ၎င်းသည် လေထုကို ဆွဲဖြဲလျက် အလင်းတန်းများကို ချန်ရစ်ခဲ့ကာ အဖြူရောင်ကြာပန်း၏ ရှေ့သို့ ချက်ချင်း ရောက်ရှိသွားတော့သည်။
အစိမ်းရောင်ဝတ်ရုံဝတ်အမျိုးသမီးသည် ယင်မိစ္ဆာကွပ်မျက်ခြင်း တိုက်ကွက်ကို မြင်လိုက်ရသည့်အခါ မျက်ခုံးပင့်၏။ သူမက ကြာပန်းပေါ်သို့ တောက်ပနေသော အဖြူရောင်ချီမြူခိုးများကို မှုတ်ထုတ်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ကြီးမားလှသော ပုံရိပ်ယောင်ကြာပန်းကြီး တစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး မူလကြာပန်းနှင့်အမျိုးသမီး နှစ်ဦးစလုံးကို ဖုံးအုပ်လိုက်တော့သည်။
အလင်းတစ်ချက် လက်သွားပြီးနောက် ယင်မိစ္ဆာကွပ်မျက်ခြင်း တိုက်ကွက်မှာ ကြာပန်း ပုံရိပ်ယောင်အတွင်းသို့ တိုးဝင်သွားပြီး လွယ်ကူစွာပင် ထိုးခွဲလိုက်တော့သည်။ သို့သော်လည်း ပုံရိပ်ယောင်အတွင်းသို့ ပေ ၃၀ ခန့် နက်ရှိုင်းစွာ ဝင်ရောက်သွားပြီးနောက် ၎င်းမှာ အရှိန်လျော့သွားပြီး ရပ်တန့်သွားရသည်။
ထိုအခါ အမျိုးသမီးဖြစ်သူ၏မျက်နှာထက်တွင် ဝံ့ကြွားသည့်အရိပ်အယောင် ပေါ်လာသည်။ သို့သော်ငြား မကြာမီမှာပင် သူမ၏ မျက်နှာအမူအရာမှာ အကြီးအကျယ် ပြောင်းလဲသွားတော့သည်။ အကြောင်းကား ထိုအခိုက်အတန့်တွင် သူမအနေဖြင့် ဟန်လိက သူမထံသို့ အနက်ရောင် ပစ္စည်းတစ်ခုကို ပစ်လွှတ်လိုက်သည်ကို တွေ့လိုက်ရခြင်ကြောင့်ပင်။ ၎င်းသည် သူ၏လက်မှ ထွက်ခွာသွားသည်နှင့် တဟုန်ထိုး ကြီးမားလာပြီး အမျိုးသမီးနှင့်ကြာပန်း နှစ်ခုစလုံးကို အပေါ်မှနေ၍ အင်အားအပြည့်ဖြင့် ဖိနှိပ် ချေမှုန်းလိုက်တော့သည်။
“တောင်စဉ်တစ်ထောင်”
အမျိုးသမီးသည် ကြီးမားလှသော တောင်ကြီးကို မြင်လိုက်ရသည့်အခါ ၎င်း၏ အမည်ကို မအော်ဘဲ မနေနိုင်ခဲ့ချေ။ ဤရှေးဟောင်းရတနာမှာ မန္တာန်စစ်သည်များကြားတွင် အင်မတန် ကျော်ကြားလှပေသည်။ သူမလို စဦးစိတ်ဝိညာဉ်အလယ်အဆင့်မန္တာန်စစ်သည် တစ်ဦးအနေဖြင့် ရှေးဟောင်း ဗုဒ္ဓလျှို့ဝှက်အတတ်ကို သုံးလျှင်ပင် ဤတောင်၏တိုက်ခိုက်မှုကို ဒဏ်ရာ အနာတရ မရှိဘဲ တောင့်ခံနိုင်ဖို့ မလွယ်လှပေ။
အစိမ်းရောင်ဝတ်ရုံဝတ်အမျိုးသမီးသည် ထပ်မံ စဉ်းစားမနေတော့ဘဲ လက်ဖြင့် မန္တာန်ချိပ်ဟန် တစ်ခုကို ဖန်တီးလိုက်ရာ သူမ၏အထက်ရှိ အဖြူရောင်ကြာပန်း၊ အဝါရောင်စိတ်ဝိညာဉ်ဒယ်စောက်နှင့် သူမကိုယ်တိုင်ကိုပါ အဖြူရောင် အလင်းတန်းများအတွင်း နစ်မြုပ်စေလိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ကြာပန်း၏ပတ်ဝန်းကျင်ရှိ လေထုမှာ လုံးဝ ငြိမ်သက်သွားပြီးနောက် အပြာရောင် အလင်းတန်းများ ရုတ်တရက် ပွင့်ထွက်လာတော့သည်။ အမျိုးသမီးမှာမူ အခြားတစ်နေရာတွင် ပြန်လည် ပေါ်ထွက်လာခဲ့သည်။
အမျိုးသမီး၏မန္တာန်စွမ်းအားဖြင့် ဆက်လက် ထိန်းသိမ်းထားခြင်း မရှိတော့သော်လည်း ကြာပန်း ပုံရိပ်ယောင်မှာ ချက်ချင်း ပျောက်ကွယ်မသွားပေ။ မှေးမှိန်သွားရုံသာ ရှိ၏။ ၎င်းမှာ ခေတ္တမျှ တောင့်ခံနိုင်ခဲ့သော်လည်း အပေါ်မှ ကျဆင်းလာသော တောင်ကြီးကြောင့် လုံးဝ ပြိုကွဲသွားတော့သည်။
ထိုအခြင်းအရာကြောင့် ဟန်လိသည် ကျေနပ်ဝမ်းသာမှု မဖြစ်ပေ။ သူက သုန်မှုန်စွာ ရေရွတ်လိုက်၏။
“လေဟုန်ရွှေ့လျားခြင်းအတတ်ပညာလား”
ထို့နောက် သူသည် စိတ်ထဲမှ ဆဲရေးလိုက်မိတော့သည်။ ဤအမျိုးသမီးမှာ သူ၏ လျှပ်စီးရွှေ့လျားခြင်းနှင့် တစ်တန်းတည်း ရှိသော ထူးဆန်းသည့် ရွှေ့လျားခြင်းအတတ်ကို သုံးနိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။ ဤသို့ဆိုလျှင် သူမကို တစ်နည်းနည်းဖြင့် ပိတ်မိအောင် မလုပ်နိုင်သရွေ့ သူ့အနေဖြင့် သူမကို ထိခိုက်အောင် လုပ်နိုင်တော့မည် မဟုတ်ပေ။
ဟန်လိက တိုက်ပွဲအစီအစဉ်တစ်ခုကို စဉ်းစားလိုက်၏။ သို့သော် ထိုအစီအစဉ်အပေါ် သူ မသေချာသေးချေ။ တစ်ဖက်လူက လေဟုန်ရွှေ့လျားခြင်းအတတ်ကို သူ၏မိုးကြိုးမုန်တိုင်းတောင်ပံ ကဲ့သို့ပင် ကျွမ်းကျင်လှပေသည်။ သူမ၏အရှိန်ကို သူ အမှီလိုက်နိုင်သရွေ့တော့ နတ်ဘုရားရေခဲမီးတောက်၏ ကြောက်မက်ဖွယ် စွမ်းအားဖြင့် သူမကို ဒဏ်ရာရအောင် အလွယ်တကူ လုပ်နိုင်မည်ဟု ယုံကြည်မှုရှိသည်။
ထိုသို့စဉ်းစားလိုက်ပြီးနောက် ဟန်လိသည် လက်များကို မြှောက်ကာ နီရဲသော အလင်းတန်းကို ထုတ်ဖော်ပြီး အမျိုးသမီး၏ ထိန်းချုပ်မှုအတွင်းမှ လွတ်မြောက်လာသော ဆယ်ဂဏန်းခန့်ရှိသော ဝါးတိမ်အုပ်ဓားများထံ လက်ညွှန်လိုက်၏။ ၎င်းတို့သည် အစိမ်းရောင်ဝတ်ရုံဝတ် အမျိုးသမီး ပေါ်လာသော နေရာသို့ ချက်ချင်းပင် တဟုန်ထိုး ပျံသန်းသွားကြတော့သည်။ ထို့နောက် ဟန်လိ၏အနောက်မှ မိုးခြိမ်းသံများ ထွက်ပေါ်လာပြီး သူ၏ကျောဘက်တွင် ငွေရောင်အတောင်ပံများ ပေါ်လာတော့သည်။
သူ၏အပြာရောင်အလင်းဒိုင်းအတွက်မူ သူက လက်နှစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ၎င်းမှာ လျင်မြန်စွာ ကျုံ့ဝင်သွားပြီး ဟန်လိ၏အင်္ကျီလက်အိုးအတွင်းသို့ ပြန်လည်ဝင်ရောက်သွား၏။ ထိုအချိန်မှာပင် ကြီးမားလှသော အနက်ရောင်တောက်တောက်လက်ဝါးကြီးမှာ အဖြူရောင် သိန်းငှက်ကြီးကို လွှတ်ပေးလိုက်ပြီး အမျိုးသမီးထံသို့ အနက်ရောင် အလင်းလုံးကြီး တစ်ခုအဖြစ် ပြေးဝင်သွားတော့သည်။
သို့သော် ထိုမျှသာ မကသေး။ သူသည် လက်မောင်းများကို နောက်တစ်ကြိမ် မြှောက်လိုက်ပြန်ရာ ဤတစ်ကြိမ်တွင် သူ၏လက်ဖဝါးအတွင်းမှ အပြာရောင် မီးတောက်တစ်ခု ထွက်ပေါ်လာတော့သည်။ ၎င်းသည် တုန်ခါနေသော အပြာရောင် အလင်းတန်းများနှင့်အတူ တဖျစ်ဖျစ် မြည်နေ၏။ နောက်ဆုံးတွင် ဟန်လိသည် သူမ၏လှုပ်ရှားမှုများကို တတ်နိုင်သလောက် ကန့်သတ်ပြီးနောက် လူကိုယ်တိုင်ပင် သူမ၏ အနားသို့ ချဉ်းကပ်လိုက်တော့သည်။ ငွေရောင်လျှပ်စီးတစ်ချက်အတွင်းမှာပင် သူသည် ပျောက်ကွယ်သွားပြီး မိုးခြိမ်းသံများကိုသာ ချန်ရစ်ခဲ့တော့သည်။
အမျိုးသမီးသည် ဟန်လိက တစ်ပြိုင်နက်တည်း ရတနာ အမြောက်အမြားကို ထုတ်လွှတ်လိုက်သည်ကို မြင်သောအခါ ရုတ်တရက် ခေါင်းမူးသွားရသည့်အထိပင်။ မူလက သူမသည် ဤစဦးစိတ်ဝိညာဉ်အစောပိုင်းအဆင့်ကျင့်ကြံသူမှာ ထူးဆန်းသောစွမ်းရည် အနည်းငယ်လောက်သာ ရှိသည်ဟု ယုံကြည်လို့ထားသည်။ ထိုစွမ်းရည်များကိုသာ ဟန့်တားနိုင်လျှင် သူမ သူ့ကို လွယ်လွယ်ကူကူ ကိုင်တွယ်နိုင်လိမ့်မည်ဟု ထင်ခဲ့သည်။
သို့သော်လည်း ဟန်လိက တစ်ချီတည်းနှင့် အစွမ်းထက်လှသော ရတနာအမြောက်အမြားကို ဆက်တိုက် ထုတ်သုံးလိမ့်မည်ဟု သူမ မထင်ထားခဲ့ချေ။ နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် သူမ ထုတ်သုံးခဲ့သော တစ်ခုတည်းသော ရတနာမှာ ပြိုင်ဘက်၏ ထိန်းချုပ်ခြင်းကို ခံလိုက်ရသည်။ မန္တာန်စစ်သည်များကြားတွင် အမြဲတမ်း ရိုသေလေးစားခြင်း ခံလာရသူ တစ်ဦးအနေဖြင့် ဤအရှက်ရမှုက သူမကို ဒေါသပုန်ထသွားစေသည်။ သို့သော်လည်း အမျိုးသမီးသည် တစ်ဖက်လူ၏လက်ထဲတွင် ရတနာ အမြောက်အမြား ရှိနေသဖြင့် သာမန်နည်းစနစ်များနှင့် ရတနာများကိုသုံးပြီး သူ့ကို ဒဏ်ရာရအောင် လုပ်ဖို့ပင် ခက်ခဲလိမ့်မည်ဖြစ်ကြောင်း၊ သတ်ဖို့ဆိုလျှင်တော့ ပို၍ပင် ခက်ခဲလိမ့်မည်ဖြစ်ကြောင်း အသေအချာ နားလည်သွားတော့သည်။
ဟန်လိက သူ၏အတောင်ပံများကို ခတ်လိုက်ပြီး လျှပ်စီးတစ်ချက်အတွင်း ပျောက်ကွယ်သွားသည်ကို သူမ မြင်လိုက်သည့်အခါ နှာခေါင်းရှုံ့၏။ သူမ၏အစွမ်းအချို့ကို ထုတ်သုံးကာ အပြီးသတ် ရှင်းလင်းရန် ဆုံးဖြတ်ချက် ချလိုက်တော့သည်။ သေချာတာပေါ့… ထိုအချိန်အတွင်းမှာ သူမသည် ဟန်လိကို သူမ၏ အနားသို့ လွယ်လွယ်ကူကူ ချဉ်းကပ်ခွင့် ပေးမှာ မဟုတ်ပါဘူး။ သူမ စဉ်းစားနေစဉ်မှာပင် အဖြူရောင်ကြာပန်းမှာ သူမ၏ ဦးခေါင်းပေါ်သို့ ကျဆင်းလာပြီး သူမ၏ ခန္ဓာကိုယ်အတွင်းသို့ ပျောက်ကွယ်သွားတော့သည်။
ဤသို့ ဖြစ်ပျက်သွားသည်နှင့်တစ်ပြိုင်နက် ဟန်လိ၏ ပုံရိပ်မှာ လျှပ်တပြတ်အတွင်း အမျိုးသမီး၏ ခန္ဓာကိုယ်နှင့် ပေ ၃၀ ခန့်အကွာတွင် ပေါ်လာတော့သည်။ သူ၏ခန္ဓာကိုယ်မှာ ဝေဝါးသွားပြီးနောက် သူသည် သူမနှင့် ၁၀ ပေခန့်အကွာတွင် ရုတ်တရက် ပေါ်လာပြီး အပြာရောင်လက်ဝါးဖြင့် အမျိုးသမီး၏ ခန္ဓာကိုယ်ကို ဝန်းရံထားသည့် အဝါရောင် အတားအဆီးကို အလျင်အမြန် ရိုက်နှက်လိုက်တော့သည်။
ဟန်လိသည် ဒယ်စောက်မှ ဖန်တီးထားသော သစ်သားဓာတ်အတားအဆီးမှာ နတ်ဘုရားရေခဲမီးတောက်ကြောင့် ပျက်စီးသွားလိမ့်မည်ဟု ယုံကြည်ချက် ရှိနေခဲ့သည်။ သူ၏ တိုက်ခိုက်မှုမှာလည်း အောင်မြင်စွာ ထိမှန်သွားသည်။ သို့သော်လည်း အမျိုးသမီးမှာမူ မလှုပ်မယှက် ရှိနေပြီး သူမ၏ လေဟုန်ရွှေ့လျားခြင်းအတတ်ကို သုံးမည့် အရိပ်အယောင် အနည်းငယ်မျှပင် မပြခဲ့ချေ။ ထိုအခါ ဟန်လိ၏စိတ်ထဲ၌ မသက်မသာခံစားလိုက်ရ၏။ ကျောထဲ စိမ့်သွားမိသည်။
ထိုအခိုက်အတန့်တွင် အမျိုးသမီး၏ ခန္ဓာကိုယ်မှ နူးညံ့လှသော အဖြူရောင်အလင်းတန်းများ ရုတ်တရက် တောက်ပလာပြီးနောက် ကြာပွင့်ချပ် ပုံရိပ်ယောင်များ သူမ၏ခန္ဓာကိုယ်မှ ပွင့်ထွက်လာတော့သည်။ မျှော်လင့်ထားသလိုပင်။ ဟန်လိ အခုနက ရိုက်နှက်လိုက်သော ဝါဖျော့ဖျော့ အလင်းအတားအဆီးမှာ သူ၏တိုက်ခိုက်မှုကို အမှန်တကယ်ပင် တောင့်ခံနိုင်ခဲ့သည်။ အဖြူရောင်အလင်းတန်းနှင့်အပြာရောင်မီးတောက်များ ထိတွေ့လိုက်သည်နှင့် ဟန်လိသည် သူ၏ လက်မောင်းတစ်ခုလုံး တုန်ခါသွားသည်ကို ခံစားလိုက်ရသည်။ အဖြူရောင်အလင်းများ လက်သွားသည့် တစ်ခဏမှာပင် ကြာပွင့်ချပ်များသည် သူ့ထံသို့ ဝှေ့ယမ်းလာတော့သည်။ ၎င်းတို့ချဉ်းကပ်လာပုံမှာ ဖြည်းညင်းပုံရ၏။ သို့သော် သူ့အနေဖြင့် ၎င်းတို့၏ တိုက်ခိုက်မှုများကို မရှောင်တိမ်းနိုင်ဘဲ ကြာပွင့်ချပ်များ သူ၏ခန္ဓာကိုယ်ကို ထိမှန်သွားသည်ကို မတတ်သာဘဲ စိုက်ကြည့်နေရလေသည်။
အံ့အားသင့်စွာဖြင့် ဟန်လိသည် နောက်သို့ လွင့်စင်သွားရပြီး သူ၏ရင်ဘတ်အတွင်းမှ နာကျင်မှု လှိုင်းလုံးကြီး တစ်ခု တက်လာတော့သည်။ သူသည် ပေ ၃၀၀ ခန့်အထိ လွင့်ထွက်သွားပြီးနောက်မှ ဟန်ချက်ကို အသည်းအသန် ပြန်လည် ထိန်းကျောင်းနိုင်ခဲ့သော်လည်း သူ့ခန္ဓာကိုယ်မှာ ယိုင်ထိုးသွားရသည်ပင်။ သူ့ရင်ဘတ်ကို လက်ဖြင့် အုပ်လျက် အမျိုးသမီးကို ထိတ်လန့်တကြား လှမ်းကြည့်လိုက်မိသည်။
သူ မော့ကြည့်လိုက်သည့်အခါ အစိမ်းရောင်ဝတ်ရုံဝတ်အမျိုးသမီးမှာ ယခုအခါ ပေ ၃၀ ခန့် ကျယ်ဝန်းသော ကြာပန်းကြီး တစ်ပွင့်၏ အထက်တွင် ရပ်နေသည်ကို တွေ့ရှိလိုက်ရသည်။ အဖြူရောင် ကြာပွင့်ချပ်များမှာ သူမ၏ ပတ်ဝန်းကျင်တွင် ဖြည်းညင်းစွာ ဝဲပျံနေကြပြီး အမျိုးသမီးကိုယ်တိုင်မှာမူ ဟန်လိကို အေးစက်စွာ စိုက်ကြည့်နေခဲ့သည်။
ဟန်လိ တိုက်ခိုက်ခဲ့သော ရတနာများမှာလည်း သူမ၏ပတ်ဝန်းကျင်ရှိ ကြာပွင့်ချပ်များ၏ အလွယ်တကူ ပိတ်ဆို့ခြင်းကို ခံလိုက်ရသည်။ ၎င်းတို့မှာ အစောပိုင်းက ပုံရိပ်ယောင်ကြာပန်းထက် ပိုမို စွမ်းအားကြီးမားလှပေသည်။
ထိုအခိုက်အတန့်တွင် ဟန်လိသည် သူ၏လည်ချောင်းအတွင်း၌ ပူရှိန်းမှုကို ရုတ်တရက် ခံစားလိုက်ရပြီး မအောင့်နိုင်တော့ဘဲ သွေးအန်လိုက်ရ၏။ သူသည် စိတ်ထဲမှ ခါးသီးစွာ ပြုံးလိုက်မိသည်။ ထိုတိုက်ကွက်အတွင်းမှာ သူ အတော်လေး ထိခိုက်သွားခဲ့ခြင်းပင်။ ထို့နောက် ဟန်လိသည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ မငြိမ်မသက် ဖြစ်နေသော ချီများကို မှုတ်ထုတ်လိုက်ပြီး သူ၏ ရင်ဘတ်မှ လက်ဖဝါးကို ဖြည်းညင်းစွာ ဖယ်လိုက်သည်။ သူ၏ ရင်ဘတ်ကို ငုံ့ကြည့်လိုက်သည့်အခါ သူ၏ ဝတ်ရုံမှာ စုတ်ပြဲနေလေပြီ။ အတွင်းရှိ သုံးရောင်ခြယ်အရောင်အဝါများ လင်းလက်နေသည်ကို တွေ့လိုက်ရသည်။ စစ်ချပ်ဝတ်ပေါ်တွင် ကြီးမားလှသော အချိုင့်ကြီးတစ်ခု ရှိနေသလို လက်မခန့်ရှိသော အက်ကြောင်းများလည်း ပေါ်နေခဲ့သည်။
ဟန်လိသည် အသက်ရှု မဝတော့သလိုပင် ခံစားလိုက်ရ၏။ သူ၏ရင်ဘတ်မှ ခံစားနေရသော နာကျင်မှုမှာ ပိုမို စိုးဝါးလာတော့သည်။ သူသည် သုန်မှုန်သော မျက်နှာထားဖြင့် အစိမ်းရောင်ဝတ်ရုံဝတ် အမျိုးသမီးကို မော့ကြည့်လိုက်သည်။ ထိုအခါ တစ်ဖက်ရန်သူက သူ့ရင်ဘက်ကို အံ့အားသင့်ဟန်၊ စိတ်ပျက်ဟန်တို့ ရောနေသော အကြည့်ဖြင့် လှမ်းကြည့်နေတာ မြင်ရ၏။
သူသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူ၏ ဝတ်ရုံအပိုင်းအစများကို ဆွဲဖြဲပစ်လိုက်ရာ ပိုးတောင်မာ စစ်ချပ်ဝတ်ကို အပြည့်အဝ ဖော်ထုတ်လိုက်တော့သည်။ ထို့နောက် အပြာရောင်အလင်းတစ်ချက် လက်သွားပြီးနောက် သူသည် စစ်ချပ်ဝတ်ပေါ်တွင် လက်ဖြင့် ဝှေ့ယမ်းလိုက်၏။ စစ်ချပ်ဝတ်မှာ မယုံနိုင်စရာကောင်းသော အရှိန်နှုန်းဖြင့် မူလ အခြေအနေအတိုင်း ပြန်လည်ကောင်းမွန်သွားသည်။
အမျိုးသမီး၏ မျက်နှာပေါ်တွင် အံ့အားသင့်ဟန် အရိပ်အယောင်များ ခဏပေါ်သွားသေး၏။ သို့သော် ခဏမျှသာ။ သူမ၏အေးစက်စက်ပုံစံအမှန် ပြန်ပေါ်လာကာ ခဏအတွင်း သူမသည် တည်ငြိမ်သွားလေ၏။ ဟန်လိအပေါ် ထားရှိသော သူမ၏သတ်ဖြတ်လိုစိတ်မှာ ပိုမို ပြင်းပြလာတော့သည်။ သူမက ရှည်ရှည်ဝေးဝေး တွေးမနေတော့။ သူမ၏ရင်ဘတ်ပေါ်သို့ လက်ဝါး တင်လိုက်ပြီး နားလည်ရခက်သော မန္တာန်တစ်ခုကို စတင် ရွတ်ဆိုတော့သည်။ ထို့နောက် အပြာရောင် အလင်းလုံးကြီးတစ်လုံးက သူမ၏အင်္ကျီလက်အိုးအတွင်းမှ ပျံထွက်လာပြီး သူမ၏လက်ထဲသို့ ကျရောက်လာသည်။
အလင်းတန်းများ ပျောက်ကွယ်သွားသည့်အခါ ရှေးကျပြီး ဟောင်းနွမ်းနေသော အပြာရောင် ဆီမီးခွက်တစ်ခု ပေါ်လာတော့သည်။ ၎င်းမှာ အနည်းငယ်မျှပင် မည်းမှောင်နေပုံ ရပေသည်။ အစိမ်းရောင်ဝတ်ရုံဝတ်အမျိုးသမီးသည် ထိုဆီမီးခွက်ကို ကြည့်ရင်း အသုံးမပြုလိုသော တွန့်ဆုတ်ရိပ်အချို့ ပြသနေသော်လည်း ၎င်းပေါ်မှ အကြည့်လွှဲကာ ဟန်လိကို ဒေါသတကြီး စိုက်ကြည့်လိုက်တော့သည်။
ဤမြင်ကွင်းက ဟန်လိအား စိုးရိမ်စိတ်အချို့ ဖြစ်ပေါ်စေခဲ့သည်။ ဤကြေးဆီမီးခွက်မှာ ဘယ်လိုမျိုး ရှေးဟောင်းရတနာလဲ ဆိုသည်ကို သူ မသိရှိသလို ဤသည်မှာ သူ ပထမဆုံးအကြိမ် မြင်ဖူးသော ရတနာဆီမီးခွက်ဆိုလည်း ဟုတ်သည်။ သူ၏ စိတ်ထဲတွင် အတွေးမျိုးစုံ လျင်မြန်စွာ ဖြတ်သန်းသွားပြီးနောက် ကောင်းကင်ယံသို့ ပျံတက်ရန်နှင့် သူ၏ရတနာများကို ပြန်လည် သိမ်းဆည်းရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက် သူ၏အတောင်ပံများကို တစ်ချက်ခတ်လိုက်ကာ သူ ပျောက်ကွယ်သွားတော့သည်။
သူသည် အေးခဲနေသော ဖဲကြိုးသိန်းငှက်၏ ရှေ့တွင် ပြန်လည် ပေါ်လာပြီးနောက် ၎င်းကို သူ၏ လက်ထဲသို့ အားဖြင့် လှမ်းယူလိုက်ပြီး နောက်တစ်ကြိမ် ထပ်မံ ပျောက်ကွယ်သွားပြန်သည်။ ထို့နောက်တွင်မူ ဟန်လိသည် ထူထပ်လှသောမြူခိုးများ၏ အစွန်းအဖျားတွင် ပြန်လည် ပေါ်လာတော့သည်။
အစိမ်းရောင်ဝတ်ရုံဝတ်အမျိုးသမီးမှာ အံ့အားသင့်လွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ သူမသည် သူမ၏ လက်ရှိ ကျင့်ကြံမှုအဆင့်သို့ ရောက်ရှိလာကတည်းက သူမနှင့် အင်အားချင်း မျှသော ကြောက်မက်ဖွယ် ပြိုင်ဘက် အမြောက်အမြားနှင့် ဆုံဖူးပါသည်။ သို့ပေမည့် အဆင့်မြင့်ကျင့်ကြံသူတစ်ဦးက ဤမျှအထိ အရှက်မရှိ နောက်ပြန်လှည့် ထွက်ပြေးသည်ကို မြင်ဖူးခြင်းမှာ အခုက ပထမဆုံးအကြိမ်ပင်။
မည်သို့ပင်ဖြစ်စေ ဟန်လိက သူမ၏ဖဲကြိုးသိန်းငှက်ကို ယူဆောင်သွားတာ မြင်လိုက်ရသည့်အခါ သူမသည် ဒေါသတကြီးဖြင့် မင်သက်နေရာကနေ နိုးထလာတော့သည်။ ဆီမီးခွက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လျက် သူမသည် အဖြူရောင်ကြာပန်းပေါ်တွင် ရပ်ကာ လေထဲတွင် ဝဲပျံလျက် လေပြင်းတစ်ချက်အလား ဟန်လိနောက်သို့ ထပ်ကြပ်မကွာ လိုက်လံ၏။ ၎င်းနောက် သူမသည် သိပ်သည်းထူထပ်လှသော မြူခိုးများအတွင်းသို့ ဝင်ရောက်သွားပြီး အစအန မကျန် ပျောက်ကွယ်သွားတော့သည်။
ချက်ချင်းဆိုသလိုပင် ငွေရောင်လျှပ်စီးများ ပေါ်လာတိုင်းတွင် အပြာရောင်အလင်းတန်းများမှာလည်း အနီးကပ် လိုက်လံ ဖမ်းဆီးနေသည်။ မိုးကြိုးသံများနှင့်လေပြင်းတိုက်သံများမှာ ရောယှက်နေ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဟန်လိသည် အစိမ်းရောင်ဝတ်ရုံဝတ်အမျိုးသမီးကို အစီအရင်၏ မရင်းနှီးသော နေရာတစ်ခုအတွင်းသို့ ဆွဲခေါ်သွားနိုင်ခဲ့ပြီ ဖြစ်သည်။
ထိုနေရာသို့ ရောက်သည့်အခါမှ ဟန်လိသည် ရပ်တန့်လိုက်ပြီး သူ၏လက်ထဲရှိ အေးခဲနေသော ဖဲကြိုးသိန်းငှက်ကို လှမ်းကြည့်လိုက်သည်။ အေးတိအေးစက်လှောင်ပြုံးတစ်ခုနှင့်အတူ သူ၏လက်ထဲမှ နတ်မိစ္ဆာနှိမ်နင်းခြင်းလျှပ်စီးများ လင်းလက်သွားပြီးနောက် ၎င်းကို အပိုင်းပိုင်းအစစ ခွဲပစ်လိုက်တော့သည်။
အပိုင်း (၇၄၄) အစီအရင်ကို ဖျက်ဆီးခြင်း တိုက်ပွဲ (၆)
ရေခဲများဖုံးလွှမ်းနေသော ဖဲကြိုးသိန်းငှက်သည် ရေခဲများနှင့်အတူ အပိုင်းပိုင်းအစစ ကွဲအက်သွားတော့သည်။ သို့သော်လည်း အစိမ်းရောင်ဝတ်ရုံဝတ်အမျိုးသမီးသည် ဟန်လိနောက်သို့ လိုက်လံဖမ်းဆီးနေရင်း ဤသည်ကို မြင်လိုက်ရသည့်အခါ သူမက အေးစက်စွာ ရယ်မောလိုက်ပြီး သူမ၏အောက်ရှိ အဖြူရောင်ကြာပန်းကို ခြေဖြင့် ဆောင့်နင်းလိုက်သည်။ ထိုအခါ ပြင်းထန်သော လေပြင်းများကြောင့် အနီးနားရှိ မြူခိုးများကို လွင့်စင်သွားစေတော့သည်။
ဟန်လိသည် သူမ၏ရက်စက်သော မျက်နှာထားကို စိုက်ကြည့်လျက် တည်ငြိမ်စွာ မေး၏။ "တာအိုမိတ်ဆွေ…ခင်ဗျားရဲ့ရတနာ ပျက်စီးသွားတာကို နောင်တမရဘူးလား။ ဒါမှမဟုတ် ငါ့ရဲ့ တိုက်ချက်တွေက အဲဒီရတနာကို ဖျက်ဆီးဖို့ မလုံလောက်ဘူးလို့ ထင်နေတာလား"
ထိုသို့ ဆိုရင်း သူသည် လေထဲတွင် လွင့်မျောနေသော ရေခဲစအနည်းငယ်ကို ဂရုမစိုက်ဘဲ မြူကင်းစင်နေသော လေထုကို ဝေ့ကြည့်လိုက်သည်။
"ရှင်ကိုယ်တိုင်ပဲ ပြောကြည့်ပါလား" ဟု အစိမ်းရောင်ဝတ်ရုံဝတ်အမျိုးသမီးက ဟန်လိထံသို့ လက်ညွှန်ရင်း ပြောလိုက်သည်။ ချက်ချင်းဆိုသလိုပင် ဟန်လိ၏ ဘေးရှိ မရေမတွက်နိုင်သော ရေခဲစများမှာ အဖြူရောင်အလင်းတန်းများဖြင့် တောက်ပလာတော့သည်။
ဟန်လိသည် မှင်တက်သွားရသော်လည်း နှောင့်နှေးမနေပေ။ သူ့လက်ကို ချက်ချင်း ပင့်မြှောက်၍ တောက်ပနေသောရေခဲများကို ဝါးမြိုရန် အပြာရောင်မြူခိုးများကို ထုတ်လွှတ်လိုက်သည်။ သို့သော်လည်း ထိုအခိုက်အတန့်မှာပင် ရေခဲများမှာ ကွဲအက်သွားပြီး အဖြူရောင် အလင်းစက်လေးများ အပြင်သို့ လွတ်ထွက်လာကာ အမျိုးသမီးထံသို့ အုပ်စုလိုက် ပျံသန်းသွားကြတော့သည်။ အပြာရောင်မြူခိုးများမှာမူ နောက်ကောက်ကျသွားရ၏။
ထိုတိုက်ကွဲ မအောင်သည့်အခါ ဟန်လိသည် မျက်နှာသုန်မှုန်သွားသော်လည်း အကျိုးသက်ရောက်မှု မရှိနိုင်သော တိုက်ခိုက်မှုများအတွက် အင်အားကို ထပ်မံ မဖြုန်းတီးတော့ဘဲ လက်ပြန်ရုပ်သိမ်းလိုက်သည်။
အမျိုးသမီး၏ရှေ့တွင် အဖြူရောင်အလင်းတန်းများ စုစည်းလာပြီး မကြာမီမှာပင် ဦးခေါင်းခွံအရွယ်အစားရှိသော အလင်းလုံးကြီးတစ်ခု ဖြစ်ပေါ်လာသည်ကို သူ မြင်လိုက်ရသည်။ အလင်းလုံးကို မန္တာန်တံဆိပ်တစ်ခုဖြင့် ရိုက်နှက်လိုက်ရာ စူးရှတောက်ပသော အဖြူရောင်အလင်းတစ်ချက်နှင့်အတူ အတွင်းမှ သိန်းငှက်တစ်ကောင်၏ ဟစ်အော်သံ ထွက်ပေါ်လာပြီးနောက် အစောပိုင်းတုန်းက ဆီးနှင်းရောင် သိန်းငှက်ကြီးအသွင်သို့ ပြန်လည် ပြောင်းလဲသွားတော့သည်။
ဟန်လိသည် ဤသည်ကို မြင်သောအခါ မျက်မှောင်ကြုတ်လိုက်မိသော်လည်း မကြာမီမှာပင် ၎င်းသိမ်းငှက်မှာ အရင်ကထက်စာလျှင် ပို၍ အသက်ဓာတ် ကင်းမဲ့နေတာ သူ သတိပြုမိလိုက်သည်။ ဤမြင်ကွင်းကို ကြည့်ပြီး သူ လေးနက်စွာ စဉ်းစားလိုက်သည်။ ရတနာကို ခေတ္တမျှ ဖျက်ဆီးလိုက်ခြင်းက အကျိုးသက်ရောက်မှု အချို့တော့ ရှိပုံရပေသည်။ သိန်းငှက်မှာ တကယ့်ကို မသေနိုင်သော အရာမျိုး မဟုတ်ချေ။ အကယ်၍ ထိုသိန်းငှက်ကို နောက်ထပ် အကြိမ်အနည်းငယ်မျှ ထပ်မံ သတ်ဖြတ်နိုင်လျှင် ၎င်းမှာ သေချာပေါက် ပြာအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားလိမ့်မည်ဟု သူ ယုံကြည်သည်။
သိန်းငှက် အင်အားချည့်နဲ့သွားတာ မြင်နေရသော်လည်း အစိမ်းရောင်ဝတ်စုံနှင့်အမျိုးသမီးသည် ဘာစကားမျှမဆိုဘဲ လက်ကို ဝှေ့ယမ်းကာ ၎င်းကို ကောင်းကင်ယံသို့ ပျံတက်ရန် အမိန့်ပေးလိုက်သည်။ ၎င်းသည် လေထဲတွင် တစ်ပတ်ဝဲပြီးနောက် အဖြူရောင်ဖဲကြိုးတစ်ခုအဖြစ် အမျိုးသမီး၏ ခန္ဓာကိုယ်ထံသို့ ကျဆင်းလာကာ ပျောက်ကွယ်သွားတော့သည်။
သူမသည် လက်တစ်ဖက်ဖြင့် ဆီမီးခွက်ကို ကိုင်ဆောင်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် သူမ၏ဆံပင်များကို သပ်လိုက်သည်။ သူမက ဂရုမစိုက်သော လေသံဖြင့် ဆို၏။
"ရှင် ရုတ်တရက် ရပ်လိုက်တာက ငါ့ရဲ့ မှော်ရတနာကို ဖျက်ဆီးပြီး ငါ့ကို ဒေါသထွက်အောင် လုပ်ဖို့ ဖြစ်ရမယ်။ ဒီနေရာက ရှင့်ရဲ့ နောက်ဆုံး အစီအစဉ် ရှိနေတဲ့ နေရာ ဖြစ်ရမယ်"
ဟန်လိသည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် တောက်ပနေသော မျက်ဝန်းများဖြင့် ဆို၏။
"မင်းက ဒါကို သိလျက်နဲ့ ငါ့နောက်ကို လိုက်လာတယ်ဆိုတော့ မင်းလက်ထဲက ရတနာအပေါ် အတော်လေး ယုံကြည်ချက် ရှိပုံရတာပဲ။ အဲဒီအကြောင်း ငါ့ကို တစ်ခုခု ပြောပြရင် မကောင်းဘူးလား။ ငါ ဆီမီးခွက်လို မှော်ရတနာမျိုးကို မြင်ဖူးတာ ဒါ ပထမဆုံးအကြိမ်ပဲ"
အမျိုးသမီး၏မျက်နှာမှာ သုန်မှုန်သွားပြီး သူမက တည့်ပြောလာ၏။
"မပြောနိုင်ပါဘူး… အဲဒီအစား ရှင့်ကို ငရဲပြည်ကိုပဲ ပို့ပေးလိုက်မယ်… ဘယ်လိုလဲ"
ထိုသို့ပြောပြီးသည်နှင့် သူမက ပါးစပ်ဟကာ ဆီမီးခွက်အတွင်းသို့ စဦးမီးတောက် အစအနလေးတစ်ခုကို မှုတ်ထုတ်လိုက်သည်။ အပြာရောင် အလင်းစက်လေးများမှာ ၎င်းအတွင်းမှ ဖြည်းညင်းစွာ ထွက်ပေါ်လာတော့သည်။
ဟန်လိသည် သက်ပြင်းချလိုက်ပြီး သူ၏လက်နှစ်ဖက်ကို ဝှေ့ယမ်းလိုက်ကာ အစိမ်းရောင် အစီအရင်အလံတစ်ခုနှင့် အပြာရောင် အစီအရင်ပြားတစ်ခုကို လက်ထဲသို့ ဆင့်ခေါ်လိုက်သည်။ သူသည် အမျိုးသမီးကို တစ်ချက် လေးလေးနက်နက် ကြည့်လိုက်ပြီးနောက် အစီအရင်အလံငယ်ကို လေထဲသို့ ပစ်တင်လိုက်သည်။ သူသည် ၎င်းကို မန္တာန်တံဆိပ်တစ်ခုဖြင့် အလျင်အမြန် ရိုက်နှက်လိုက်ပြီး မန္တာန်တစ်ခုကို ခပ်သွက်သွက် ရွတ်ဆိုလိုက်တော့သည်။
အစီအရင်အလံမှာ အလင်းတန်းများဖြင့် လက်သွားပြီးနောက် အစိမ်းရောင်မြူခိုးများ ရုတ်တရက် ဖြစ်ပေါ်လာစေတော့သည်။ ၎င်းသည် ကောင်းကင်ယံ ပေ ၃၀၀ ခန့်အထိ ပြန့်နှံ့သွားပြီး လေနှင့်အတူ လွင့်မျောသွားရာ ပေ ၁၃၀ ခန့် ရှည်လျားသော အစိမ်းရောင်မြူခိုး နဂါးကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားတော့သည်။
ဟန်လိသည် ထိုနဂါးကြီးကို အမျိုးသမီးအား တိုက်ခိုက်ရန် အမိန့်ပေးလိုက်၏။ တစ်ချိန်တည်းမှာပင် သူ၏လက်ထဲရှိ အစီအရင်ပြားကိုလည်း အလင်းတန်းများ တောက်ပစေလိုက်သည်။ သူသည် ၎င်းကို အောက်သို့ ပစ်ချလိုက်ရာ ၎င်းမှာ ချက်ချင်းပင် အဖြူရောင်မြူခိုးများအဖြစ် ပြောင်းလဲသွားပြီး မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။ ရုတ်တရက်ပင် အောက်ဘက်ရှိ မြူပင်လယ်ကြီးမှာ လှိုင်းထန်လာပြီး မရေမတွက်နိုင်သော အပြာရောင်အနီရောင်ရောစပ်နေသည့် အလင်းမျှင်တန်းများကို ထုတ်လွှတ်ကာ အစိမ်းရောင်ဝတ်ရုံဝတ်အမျိုးသမီးထံသို့ တရစပ် ပျံသန်းဝင်ရောက်လာသည်။
ထို့နောက် ဟန်လိက အင်္ကျီလက်အိုးကို ဝှေ့ယမ်းလိုက်ပြီး ငွေရောင်ခေါင်းလောင်းငယ်တစ်ခုကို ထုတ်ယူလိုက်သည်။ ၎င်းသည် မျက်စိတစ်မှိတ်အတွင်းမှာပင် အဆမတန် ကြီးမားလာပြီးနောက် ကျယ်လောင်လှသော မြည်သံနှင့်အတူ ငွေရောင်အသံလှိုင်းများကို ထုတ်လွှတ်လိုက်တော့သည်။ ဤအရာအားလုံးကို လုပ်ဆောင်ပြီးနောက် သူသည် အစိမ်းရောင်ဝတ်ရုံဝတ်အမျိုးသမီး၏ ဦးခေါင်းထက်ဆီသို့ တဟုန်ထိုး ပျံသန်းဝင်ရောက်လာသည်။
သူသည် အမျိုးသမီး၏အနားသို့ ချဉ်းကပ်၍ မရသဖြင့် ငွေရောင်အသံလှိုင်းများကို အသုံးပြုပြီး တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ ဖြစ်နိုင်သည်မှာ ပုံသဏ္ဌာန်မရှိသော တိုက်ခိုက်မှုက တစ်စုံတစ်ရာ အကျိုးသက်ရောက်မှု ရှိနိုင်ပေသည်။ သေချာတာပေါ့… အစိမ်းရောင်ဝတ်ရုံဝတ်အမျိုးသမီး၏ အဖြူရောင်ကြာပန်းနှင့် အမည်မသိ ကြေးဆီမီးခွက်တို့ကို ရင်ဆိုင်ရန်အတွက် ဟန်လိ၏ အစစ်အမှန် သတ်ကွင်းတိုက်ကွက်မှာ သူ ယခု ထုတ်သုံးလိုက်သော တိုက်ခိုက်မှုများ မဟုတ်။ သူ့ဝှက်ဖဲပွဲသိမ်းကွက်မှာ မြေပြင်အောက်တွင် ကြိုတင် ပုန်းအောင်းနေသော ငွေရောင်လပင်။
ထိုအခိုက်အတန့်တွင် ငွေရောင်လသည် ခရမ်းရောင်တိမ်တိုက်ကြိုးကို စတင် ဖြန့်ကျက်ထားပြီး အစီအရင်၏ အလယ်ဗဟိုတွင် ရပ်နေခဲ့သည်။ သူမသည် အစိမ်းရောင်ဝတ်စုံဝတ်အမျိုးသမီး သတိလက်လွတ်ဖြစ်မည့် အချိန်ကို စောင့်ဆိုင်းနေပြီးမှ ပွဲသိမ်းတိုက်ကွက်ကို ထုတ်သုံးရန် ပြင်ဆင်နေခြင်း ဖြစ်သည်။
အစိမ်းရောင်ဝတ်စုံဝတ်အမျိုးသမီးမှာမူ တစ်စုံတစ်ဦးက အငိုက်ဖမ်းရန် ပုန်းအောင်းနေသည်ကို မသိရှိသော်လည်း ဟန်လိ ထုတ်လွှတ်လိုက်သော အတားအဆီးများနှင့် တိုက်ခိုက်မှုများကို လျစ်လျူရှုထားခဲ့သည်။ သူမသည် သူမ၏ခေါင်းကို ငုံ့လျက် အားနည်းလှသော အပြာရောင်မီးတောက်များ တဖျပ်ဖျပ် တောက်ပနေသော ဆီမီးခွက်ကိုသာ စိုက်ကြည့်နေခဲ့သည်။ သူမ၏မျက်နှာတွင် လှောင်ပြုံးတစ်ခု ပေါ်လာတော့သည်။
သူမသည် အလျင်စလိုမရှိဘဲ သူမ၏လက်မောင်းကို မြှောက်လိုက်ပြီး ဆီမီးခွက်အတွင်းမှ ပဲစေ့အရွယ်အစားရှိသော မီးတောက်တစ်ခုကို သူမ၏လက်ချောင်းနှစ်ချောင်းဖြင့် ကျွမ်းကျင်စွာ ညှပ်ထုတ်လိုက်သည်။
ထိုခဏမှာပင် မြူခိုးနဂါးကြီး၊ အပြာရောင်အနီရောင် အလင်းမျှင်တန်းများနှင့် ငွေရောင်အသံလှိုင်းများ အားလုံးမှာ သူမကို ထိမှန်တော့မည့်အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။ အမျိုးသမီးမှာ အနည်းငယ်မျှပင် စိုးရိမ်ခြင်း မရှိဘဲ သူမ၏ခြေဖဝါးအောက်ရှိ အဖြူရောင်ကြာပန်းထံသို့ ရိုးရိုးရှင်းရှင်းပင် လက်ညွှန်လိုက်သည်။ အဖြူရောင်အလင်းတန်းများ လက်သွားပြီးနောက် ၎င်းမှာ လျင်မြန်စွာ လည်ပတ်လာတော့သည်။ ၎င်း၏ပွင့်ချပ်များမှာ ကျုံ့ဝင်သွားပြီးနောက် အမျိုးသမီးကို ဖောက်ထွင်းလို့မရနိုင်သော အတားအဆီးတစ်ခုအတွင်း ချက်ချင်းပင် ဖုံးအုပ်လိုက်တော့သည်။
မြူခိုးနဂါးကြီးမှာ အတားအဆီးကို အရင်ဆုံး ထိမှန်သွားသူပင်။ ၎င်းသည် ပါးစပ်ကို ဖွင့်လိုက်ပြီး အင်အားပြင်းလှသော အစိမ်းရောင်မြူခိုးများကို မှုတ်ထုတ်လိုက်တော့သည်။ ထိုအခိုက်အတန့်မှာပင် အတားအဆီးအတွင်းမှ အဖြူရောင် ကြာပွင့်ချပ်တစ်ခုမှာ အသာအယာ လှုပ်ခတ်ကာ ထိုတိုက်ခိုက်မှုကို လွင့်စင်သွားစေတော့သည်။
ထို့နောက် အပြာရောင်အနီရောင် အလင်းမျှင်တန်းများ လိုက်ပါလာခဲ့သည်။ ၎င်းတို့သည်လည်း လွင့်စင်သွားခဲ့ရသည်။ အဖြူရောင် ကြာပွင့်ချပ်များ၏ ပိတ်ဆို့ခြင်းကို မခံရသည်မှာ အသံလှိုင်းများသာ ဖြစ်သည်။ ၎င်းတို့မှာ အတားအဆီးကို ဖြတ်ကျော်သွားခဲ့သော်လည်း မည်သို့သော အကျိုးသက်ရောက်မှု ရှိလာမည်ကို မသိရှိနိုင်ချေ။
ဟန်လိသည် ဤသည်ကို မြင်သောအခါ လက်နှစ်ဖက်ဖြင့် မန္တာန်ချိပ်ဟန်တစ်ခုကို ဖန်တီးလိုက်ရာ အပြာရောင်အနီရောင် အလင်းမျှင်တန်းများမှာ အတားအဆီးအပေါ် တိုက်ခိုက်နေခြင်းကို ရပ်တန့်လိုက်ကြသည်။ ထိုအစား ၎င်းတို့မှာ ကြီးမားလှသော ကွန်ရက်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး အဖြူရောင်ကြာပန်းကို အရပ်မျက်နှာ အသီးသီးမှ ပိတ်ဆို့ရန်အတွက် အထပ်ထပ် အလွှာလွှာ ဖုံးအုပ်လိုက်တော့သည်။ မြူခိုးနဂါးကြီးမှာလည်း ကျယ်ပြန့်လှသော အစိမ်းရောင်မြူခိုးများအဖြစ် ပြောင်းလဲသွားကာ အဖြူရောင်ကြာပန်းကို အတွင်း၌ နစ်မြုပ်စေလိုက်တော့သည်။
ငွေရောင်ခေါင်းလောင်းမှာမူ အဖြူရောင်ကြာပန်း၏ရှေ့သို့ အလျင်အမြန် ရောက်ရှိလာပြီး ဟန်လိက အင်အားကုန်သုံးကာ ၎င်းကို ထိန်းချုပ်၏။ ငွေရောင်အသံလှိုင်းများမှာ ပိုမို ပြင်းထန်လာပြီး အတားအဆီးကို ဖြတ်ကျော်ကာ အစိမ်းရောင်ဝတ်စုံဝတ်အမျိုးသမီးကို အဆက်မပြတ် တိုက်ခိုက်နေတော့သည်။
ခေတ္တမျှအတွင်းမှာပင် အဖြူရောင်ကြာပန်းအတွင်းရှိ အစိမ်းရောင်ဝတ်စုံဝတ်အမျိုးသမီးမှာ ထိန်းချုပ်ခြင်း ခံထားရပုံပင်။ သို့သော်လည်း ဟန်လိသည် ထိုအဖြစ်အပေါ် အနည်းငယ်မျှပင် ဝမ်းသာဟန် မပြဘဲ မျက်မှောင်ကြုတ်လျက်သာ စောင့်ကြည့်နေခဲ့သည်။
တိုက်ခိုက်မှုများမှာ အမှန်တကယ်ပင် အကျိုးသက်ရောက်မှု မရှိမှာကို ဟန်လိ စိုးရိမ်နေစဉ်မှာပင် ကျုံ့ဝင်နေသော ကြာပွင့်ချပ်များမှာ မည်သည့်သတိပေးချက်မျှ မရှိဘဲ ရုတ်တရက် ပြန်လည် ပွင့်ကားလာတော့သည်။ ကြာပွင့်ချပ် တစ်ခုချင်းစီမှာ သင်တုန်းဓားကဲ့သို့ ထက်မြက်လို့နေသည်။ ပတ်ဝန်းကျင်ရှိ မြူခိုးများနှင့် အလင်းမျှင်တန်းများမှာ ပန်းပွင့် ပွင့်လာသည်နှင့်တစ်ပြိုင်နက် လုံးဝ လွင့်စင်သွားတော့သည်။
ဤမြင်ကွင်းကြောင့် ဟန်လိ မျက်စိမျက်နှာ ပျက်သွား၏။
မိန်းမလှတစ်ယောက်ဖြစ်သူ အစိမ်းရောင်ဝတ်ရုံဝတ်အမျိုးသမီးမှာ အဖြူရောင်ကြာပန်း၏ အလယ်ဗဟိုတွင် အမူအရာကင်းမဲ့စွာ ရပ်နေခဲ့သည်။ သူမသည် လက်တစ်ဖက်တွင် ကြေးဆီမီးခွက်ကို ကိုင်ဆောင်ထားပြီး ကျန်လက်တစ်ဖက်တွင်မူ သာမန်ဟုထင်ရသော အပြာရောင်မီးတောက်တစ်ခုကို ဆုပ်ကိုင်ထားခဲ့သည်။ သူမသည် ဟန်လိကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူမကို ငွေရောင်အသံလှိုင်းများဖြင့် ဝန်းရံနေသော သူ၏အထက်မှ ငွေရောင်ခေါင်းလောင်းကို လှမ်းကြည့်လိုက်သည်။
သူမ၏မျက်ဝန်းများအတွင်း၌ ရက်စက်သော အမူအရာတစ်ခု လက်သွားတော့သည်။ သူမသည် လက်ကို ရုတ်တရက် မြှောက်လိုက်ပြီး ကြေးဆီမီးခွက်အတွင်းသို့ မီးပွင့်လေးတစ်ခုကို ပစ်ထည့်လိုက်သည်။ ၎င်းမှာ တဖြတ်ဖြတ် မြည်ကာ တုန်ခါသွားပြီးနောက် မျက်စိတစ်မှိတ်အတွင်းမှာပင် လူမြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။
နောက်တစ်ခဏ၌ ကြီးမားလှသော ငွေရောင်ခေါင်းလောင်းကို ဘယ်ကရောက်လာမှန်း မသိရသော အပြာရောင်မီးလုံးကြီးတစ်လုံးက ထိမှန်သွားပြီးနောက် ၎င်းကို လုံးဝ လွှမ်းခြုံလိုက်တော့သည်။ အမျိုးသမီးက ဤသည်ကို မြင်သောအခါ မန္တာန်တစ်ခုကို ရွတ်ဆိုလိုက်ရာ ငွေရောင်ခေါင်းလောင်း၏ မျက်နှာပြင်မှာ အပြာရောင်မိစ္ဆာမီးတောက်များ၏ လောင်ကျွမ်းခြင်းကို ခံလိုက်ရတော့သည်။
ငွေရောင်ခေါင်းလောင်းမှာ ခေတ္တမျှ မြည်ဟည်းသွားပြီး မီးတောက်များကို ခုခံရန်အတွက် ငွေရောင်အလင်းတန်းများကို ထုတ်လွှတ်လိုက်သည်။ သို့သော်လည်း ခဏအကြာတွင် ငွေရောင်ခေါင်းလောင်းမှာ ငွေရောင်မီးတောက်များကြောင့် ပုံပျက်သွားပြီး အရည်ပျော်နေသော ငွေရည်များအဖြစ် ပြောင်းလဲသွားတော့သည်။ ၎င်းနောက် အပြာရောင် မိစ္ဆာမီးတောက်မှာလည်း အစအန မကျန် ပျောက်ကွယ်သွားတော့သည်။
ရှေးဟောင်းရတနာမှာ ပြာအဖြစ် ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည့်အခါ ဟန်လိ၏ မျက်နှာမှာ ဖြူဖျော့သွားတော့သည်။ ထိုအခိုက်အတန့်တွင် အစိမ်းရောင်ဝတ်စုံဝတ်အမျိုးသမီးက သူမ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး ဆီမီးခွက်အတွင်းမှ နောက်ထပ် အပြာရောင် မီးပွင့်လေးတစ်ခုကို ကျွမ်းကျင်စွာ ညှပ်ထုတ်လိုက်ပြန်ကာ ဟန်လိကို ရက်စက်စွာ လှမ်းကြည့်လိုက်သည်။
ဟန်လိသည် စိတ်ထဲမှ ဆဲရေးလိုက်ပြီး ဘာကိုမျှ ထပ်မံ မစဉ်းစားတော့ဘဲ သူ၏ မိုးကြိုးမုန်တိုင်းတောင်ပံကို ခတ်လိုက်တော့သည်။ ထို့နောက် သူ ပျောက်ကွယ်သွားပြီး မိုးခြိမ်းသံများကိုသာ ချန်ရစ်ခဲ့တော့သည်။ အမျိုးသမီးမှာမူ ဤသည်ကို အနည်းငယ်မျှပင် ဂရုမစိုက်ဘဲ အပြာရောင် မီးပွင့်လေးကို ဆီမီးခွက်အတွင်းသို့ ထည့်လိုက်သည်။ သူမသည် ၎င်းအတွင်းသို့ ဝိညာဉ်ချီများ မှုတ်ထုတ်ရန် ပြင်လိုက်စဉ်မှာပင် သူမ၏အောက်၌ ခရမ်းရောင်အလင်းတန်းများ ရုတ်တရက် လက်သွားပြီးနောက် ပေ ၁၃၀ ခန့် ကျယ်ဝန်းသော ခရမ်းရောင်ကွန်ရက်ကြီးတစ်ခုမှာ အောက်ဘက်မှနေ၍ သူမထံသို့ ဒုန်းစိုင်း တက်လာတော့သည်။
အစိမ်းရောင်ဝတ်စုံဝတ်အမျိုးသမီး ထိုနေရာတွင် ရပ်နေစဉ်မှာပင် အခြားအမျိုးသမီးတစ်ဦး၏ ရယ်မောသံကို ရုတ်တရက် ကြားလိုက်ရပြီးနောက် ခရမ်းရောင်ကွန်ရက်အတွင်း၌ ချက်ချင်းပင် ဖုံးအုပ်ခြင်း ခံလိုက်ရတော့သည်။
ခရမ်းရောင်ကွန်ရက် ပေါ်လာပြီးနောက် အဝါရောင်အလင်းတစ်ချက်နှင့်အတူ လှပသော အမျိုးသမီးတစ်ဦး ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။ သူမက တခစ်ခစ် ရယ်မောလိုက်ပြီး ဆို၏။ "ရှင်က မီးနဲ့ ကစားရတာ ဝါသနာပါမှတော့… ကျွန်မရဲ့ ခရမ်းရောင်တိမ်တိုက်ကြိုးရဲ့ ကျောက်စိမ်းနေမင်းမီးတောက် ရဲ့ စွမ်းအားကို စမ်းကြည့်ရင် ဘယ်လိုလဲ"
သူမသည် လက်ကို မြှောက်လိုက်သည်။
ခရမ်းရောင်ကွန်ရက်မှာ မီးတောက်များဖြင့် တဖျပ်ဖျပ် လက်သွားပြီးနောက် ၎င်းပေါ်တွင် ဖြူပြာရောင် မီးတောက်အလွှာတစ်ခု ဖုံးလွှမ်းသွားတော့သည်။ ကွန်ရက်အတွင်းမှ ဖြူပြာရောင် မီးမြွေများစွာ ရုတ်တရက် ထွက်ပေါ်လာပြီး အဖြူရောင်ကြာပန်းကို ပြင်းထန်စွာ တိုက်ခိုက်နေတော့သည်။ မကြာမီမှာပင် အဖြူရောင်ကြာပန်းမှာ ဖြူပြာရောင် မီးပင်လယ်ကြီးအတွင်း၌ လုံးဝ နစ်မြုပ်သွားတော့သည်။
ထိုအခိုက်အတန့်တွင် ဟန်လိသည် အစိမ်းရောင်ဝတ်ရုံဝတ်အမျိုးသမီးနှင့် ပေ ၁၃၀ ခန့်အကွာတွင် ပြုံးလျက် ပေါ်လာတော့သည်။ သူသည် သူ၏လက်အင်္ကျီကို ဝှေ့ယမ်းလိုက်ပြီး သူ၏ရှေ့တွင် ဝါးတိမ်အုပ်ဓား ၇၂ လက်ကို ဆင့်ခေါ်လိုက်သည်။ ၎င်းတို့မှာ ကောင်းကင်ယံတွင် အုပ်စုလိုက် ဝဲပျံနေသည်နှင့် သူသည် ၎င်းတို့ကို မန္တာန်တံဆိပ်များစွာဖြင့် ဆက်တိုက် ခပ်နှိပ်လိုက်တော့သည်။
ဓားပျံများက ကြည်လင်လှသော မြည်သံတစ်ခုကို ထုတ်လွှတ်လိုက်ကြပြီး ပေ ၇၀ ခန့် ရှည်လျားသော ဓားကြီးတစ်လက်အဖြစ် စုစည်းသွားကြတော့သည်။ ၎င်းအတွင်းမှ မိုးခြိမ်းသံများ ထွက်ပေါ်လာပြီး ထူထဲလှသော လျှပ်စီးတန်းများမှာ ဓားကြီးထံမှ ထွက်ပေါ်လာကာ ၎င်းကို မိုးကြိုးနှင့်လျှပ်စီးဓားကြီး တစ်လက်အသွင် ပြောင်းလဲသွားစေသည်။
သို့သော်လည်း ဟန်လိသည် ထိုမျှနှင့် ရပ်တန့်မနေခဲ့ချေ။ သူသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး ဓားကြီးပေါ်သို့ နတ်ဘုရားရေခဲမီးတောက် အစအနလေးတစ်ခုကို မှုတ်ထုတ်လိုက်ရာ ဓား၏မျက်နှာပြင်ပေါ်တွင် ခပ်ဖျော့ဖျော့ အပြာရောင်မီးတောက် အလွှာတစ်ခုကို ထပ်မံ ထည့်သွင်းလိုက်ပြန်သည်။
ဟန်လိသည် သူ၏မျက်ဝန်းများအတွင်း၌ အေးစက်သော အလင်းတန်းများ လင်းလက်လျက် ဓားကြီးထံသို့ ညွှန်ပြလိုက်သည်။ ၎င်းမှာ တုန်ခါသွားပြီးနောက် အဖြူရောင်ကြာပန်းပေါ်သို့ တိုက်ရိုက် ခုတ်ပိုင်းသည်။
ထိုအခိုက်အတန့်တွင် အစိမ်းရောင်ဝတ်စုံဝတ်အမျိုးသမီးမှာ အဖြစ်အပျက်ကို နောက်ဆုံး၌ သဘောပေါက်သွားတော့သည်။ သူမသည် ဒေါသနှင့်ထိတ်လန့်မှုကြောင့် ဗျာများသွားသည့်ကြားကနေ သူမ၏အထက်သို့ အပြာရောင် မီးပွင့်လေးကို လှမ်းပစ်လိုက်တော့သည်။