အခန်း (၇၄၅-၇၄၆)
Vol. 54 Ch. 745-746
အပိုင်း (၇၄၅) အစီအရင်ကို ဖျက်ဆီးခြင်းတိုက်ပွဲ (၇)
အပြာရောင်မီးပွင့်လေးသည် အစိမ်းရောင်ဝတ်ရုံဝတ်အမျိုးသမီး၏ လက်မှ ထွက်ခွာသွားသည်နှင့် စူးရှတောက်ပသော အပြာရောင်အလင်းတန်းများ ထွက်ပေါ်လာတော့သည်။ ၎င်းနောက် ထိုမီးပွင့်လေးမှာ သူမ၏ဦးခေါင်းကို တစ်ပတ်ပတ်လျက် အံ့ဩဖွယ်ရာ မြင်ကွင်းတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ အဖြူရောင်ကြာပန်း၏ အပြင်ဘက်တွင် လောင်ကျွမ်းနေသော ဖြူပြာရောင်မီးတောက်များကို ဆီမီးခွက်မီးပွင့်လေးက လွှမ်းမိုးသွားပြီး အလျင်အမြန်ပင် စုပ်ယူပစ်လိုက်တော့သည်။
ကျောက်စိမ်းနေမင်းမီးတောက်များ သန့်စင်စွာ စုပ်ယူခံရပြီးနောက် သူမ၏ဦးခေါင်းထက်တွင် ဝဲပျံနေသော မီးပွင့်လေးမှာ ရပ်တန့်သွားပြီး အနည်းငယ် ပိုမိုတောက်ပလာခဲ့သည်။ ထို့နောက် အစိမ်းရောင်ဝတ်ရုံဝတ်အမျိုးသမီးသည် ထိုမီးပွင့်လေးထံ လက်ညွှန်လိုက်ရာ ၎င်းမှာ ငွေရောင်လရှိနေသော ဦးတည်ရာသို့ တဖျပ်ဖျပ် ပျံသန်းသွားတော့သည်။
ငွေရောင်လသည် အကြီးအကျယ် ထိတ်လန့်သွားပြီး ဘာမှ ထပ်မစဉ်းစားတော့ဘဲ ခရမ်းရောင်တိမ်တိုက်ကြိုးထံသို့ လက်ညွှန်၏။ ရုတ်တရက် ခရမ်းရောင်ကွန်ရက်ကြီးမှာ စူးရှစွာ တောက်ပလာပြီး ၎င်း၏အစိတ်အပိုင်းတစ်ခုမှာ သူမ၏ရှေ့သို့ ရွှေ့လျားလာတော့သည်။ ထိုအခိုက်အတန့်မှာပင် ရှေးဟောင်းပန်းခြင်းမှာလည်း သူမ၏လက်ထဲတွင် ပေါ်လာသည်။
ထိုအချိန်မှာပင် မိုးခြိမ်းသံများ မြည်ဟိန်းနေသော အပြာရောင်ဓားကြီးမှာ အမျိုးသမီး၏အထက်သို့ ရောက်ရှိလာပြီး ဟန်လိ၏ အမိန့်ပေးမှုအောက်တွင် သူမထံသို့ ချက်ချင်း ခုတ်ပိုင်းချလိုက်တော့သည်။ သေချာပေါက်ပင် ငွေရောင်လသည်လည်း ထိုအခိုက်အတန့်တွင် ပူးပေါင်းတိုက်ခိုက်လိုက်သည်။ သူမသည် ပန်းခြင်းကို အဖြူရောင်မြူခိုးများအဖြစ် သူမ၏ခန္ဓာကိုယ်ကို ဖုံးအုပ်စေလိုက်ပြီး လက်နှစ်ဖက်ကို မန္တာန်ချိပ်ဟန် ပြုလုပ်ကာ ခရမ်းရောင်အလင်းတစ်ချက်အတွင်း အဖြူရောင်ကြာပန်း အတားအဆီးပေါ်တွင် ကြီးမားလှသော အပေါက်တစ်ခုကို ရုတ်တရက် ဖွင့်လိုက်တော့သည်။
ဓားကြီးထံမှ ထွက်ပေါ်လာသော အံ့မခန်းလှသော ဖိအားကို မြင်တွေ့လိုက်ရသည့်အခါ အမျိုးသမီး၏ မျက်နှာအမူအရာမှာ ထိတ်လန့်တကြား ပြောင်းလဲသွားပြီး ဤရင်ဆိုင်တွေ့မှုအတွင်း ပထမဆုံးအကြိမ်အဖြစ် လေးနက်သော အမူအရာ ပေါ်လာတော့သည်။ ခေတ္တမျှ တွေဝေပြီးနောက် သူမသည် ငွေရောင်လအပေါ် တိုက်ခိုက်နေခြင်းကို ရပ်တန့်လိုက်ပြီး သူမ၏ခန္ဓာကိုယ်ရှိ ဝိညာဉ်စွမ်းအားအားလုံးကို သူမ၏အောက်ရှိ အဖြူရောင်ကြာပန်းအတွင်းသို့ အပြည့်အဝ စုစည်းလိုက်တော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူမကို ဝန်းရံထားသော အဖြူရောင်ကြာပွင့်ချပ် အရေအတွက်မှာ အဆပေါင်းများစွာ တိုးပွားလာပြီး ကြာပန်းပုံရိပ်ယောင်များမှာ သူမ၏ပတ်ဝန်းကျင်တွင် ထူထပ်လှသော အတားအဆီးတစ်ခုအဖြစ် ထပ်ကာတလဲလဲ ဖုံးအုပ်သွားတော့သည်။
ထိုအခိုက်အတန့်တွင် သူမသည် ဆီမီးခွက်မီးပွင့်လေးကို ရုတ်တရက် ညွှန်ပြလိုက်ရာ ၎င်းမှာ သူမ၏ဦးခေါင်းထက်သို့ ပြန်လည် ပျံသန်းလာခဲ့သည်။ ၎င်းနောက် အမျိုးသမီးသည် ဦးခေါင်းထက်မှ ကြေးဆီမီးခွက်ကို မြှောက်လိုက်ပြီး သူမ၏ရှေ့တွင် ဝှေ့ယမ်းလိုက်သည်။ အပြာရောင်မီးတောက် ပုံရိပ်ယောင်များစွာမှာ မီးပွင့်နှစ်ခုနှင့်အတူ ပေါ်လာတော့သည်။ ထိုမီးပွင့်နှစ်ခုမှာ အမျိုးသမီး၏ ဦးခေါင်းထံသို့ ပျံသန်းသွားပြီး မူလအပြာရောင်မီးပွင့်လေးနှင့် ပေါင်းစပ်သွားကာ လက်သီးဆုပ်ခန့်ရှိသော အပြာရောင်မီးလုံးကြီးတစ်ခု ဖြစ်ပေါ်လာတော့သည်။
ထိုခဏမှာပင် ဓားကြီးမှာ ကြာပွင့်ချပ် အတားအဆီးထံသို့ ရောက်ရှိလာခဲ့သည်။ မိုးခြိမ်းသံများနှင့်အတူ အဖြူရောင်အလင်း၊ ရွှေရောင်လျှပ်စီးနှင့် အပြာရောင်မီးတောက်များ ရောယှက်သွားစဉ်မှာပင် ကြီးမားလှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာတော့သည်။
ဆယ်ဂဏန်းခန့်ရှိသော ကြာပွင့်ချပ်များမှာ အတော်လေး ထူးခြားလှသော်လည်း နတ်မိစ္ဆာနှိမ်နင်းခြင်း လျှပ်စီးနှင့် နတ်ဘုရားရေခဲမီးတောက်တို့မှာလည်း အင်မတန် အစွမ်းထက်လှ၏။ ၎င်းတို့သည် တစ်ခုချင်းစီအနေဖြင့် ကြာပန်းပုံရိပ်ယောင်များကို မကျော်လွှားနိုင်သော်လည်း ဓားကြီးတစ်လက်အဖြစ် ပေါင်းစပ်သွားသည့်အခါတွင်မူ ဝါးတိမ်အုပ်ဓား ၇၂ လက်၏ ပူးပေါင်းအင်အားမှာ ကြာပန်းပုံရိပ်ယောင်များ၏ အသည်းအသန် ခုခံမှုကြားမှပင် ၎င်းတို့ကို အပိုင်းပိုင်းအစစ ချေမှုန်းပစ်လိုက်ပြီး ကြယ်ပွင့်လေးများအဖြစ် ပျောက်ကွယ်သွားစေတော့သည်။
မည်သည့်အဟန့်အတားမျှ မရှိတော့ဘဲ ဓားကြီးမှာ ဆက်လက် ထိုးဆင်းလာခဲ့ရာ အပြာရောင်မီးလုံးကြီးနှင့် ထိပ်တိုက်ရင်ဆိုင်မိတော့သည်။ ဟန်လိက ဤမြင်ကွင်းကို ကြည့်ပြီး သူ့မျက်နှာအမူအရာမှာ လေးနက်သွား၏။ သူသည် ဤထူးဆန်းသော အပြာရောင်မီးတောက်အပေါ် စိုးရိမ်စိတ်အချို့ ရှိနေတာ မှန်သော်ငြား နတ်ဘုရားရေခဲမီးတောက်နှင့်ဆီမီးခွက်မီးတောက်တို့အကြား မည်သည့်အရာက ပို၍ စွမ်းအားကြီးမလဲဆိုသည့်အပေါ် အတော်လေး စိတ်ဝင်စားမိသည်။
ဓားကြီးနှင့်အပြာရောင်မီးလုံးတို့ ထိတွေ့မှုမှာ လုံးဝ တိတ်ဆိတ်နေခဲ့သည်။ ရွှေရောင်လျှပ်စီးဖြစ်စေ၊ ရေခဲမီးတောက်ဖြစ်စေ ၎င်းတို့နှစ်ခုစလုံးမှာ အပြာရောင်မီးတောက်၏ ဝါးမြိုခြင်းကို ချက်ချင်း ခံလိုက်ရတော့သည်။ ၎င်းနောက် မီးတောက်မှာ ဓားကြီးကို စတင် လွှမ်းခြုံလာတော့သည်။
ဝါးတိမ်အုပ်ဓားများမှာ ဟန်လိ၏ အသက်ဓာတ်နှင့်ဆက်နွှယ်နေသောမှော်ရတနာများ ဖြစ်သဖြင့် ၎င်းတို့၏ ခံစားချက်ကို သူ အနီးကပ် သိရှိနေခြင်းမှာ သဘာဝကျလှပေသည်။ အပြာရောင်မီးတောက်များက ဓားကြီးကို လုံးဝ လွှမ်းခြုံလိုက်သည့် တစ်ခဏမှာပင် သူ၏စိတ်မှာ တုန်ခါသွားရပြီး တောင့်မခံနိုင်လောက်သော နာကျင်မှုနှင့် ပူပြင်းလှသော အပူရှိန်များက သူ့ကို တိုက်ခိုက်လာတော့သည်။ သူ၏ခန္ဓာကိုယ်အပူချိန်မှာ ရုတ်တရက် မြင့်တက်လာပြီး သူ၏သွေးများ ဆူပွက်နေသလိုပင် ခံစားလိုက်ရသည်။
ဟန်လိသည် အကြီးအကျယ် ထိတ်လန့်သွားပြီး ချက်ချင်းပင် မန္တာန်ချိပ်ဟန်တစ်ခု ပြုလုပ်ကာ ဓားကြီးထံသို့ ညွှန်ပြလိုက်သည်။ ထိုသို့လုပ်ဆောင်ပြီးသည်နှင့် ဓားကြီးမှာ အသည်းအသန် လင်းလက်သွားပြီးနောက် ဓားငယ်လေးများစွာအဖြစ် ပြန်လည် ပြောင်းလဲကာ ပြန့်ကျဲသွားတော့သည်။
ဤသို့လုပ်ခြင်းဖြင့် ထူးဆန်းသော မီးတောက်များမှ လွတ်မြောက်နိုင်လိမ့်မည်ဟု သူ မူလက ယူဆထားခြင်း ဖြစ်သည်။ သို့သော်လည်း ဖြစ်ပျက်သမျှကို သူ အသေအချာ မြင်လိုက်ရသည့်အခါ သူ၏မျက်နှာအမူအရာမှာ အကြီးအကျယ် ပျက်ယွင်းသွားတော့သည်။ သူ၏ပျံသန်းခြင်းဓား အားလုံးမှာ အပြာရောင်မီးတောက်များ၏ လောင်ကျွမ်းခြင်းကို တစ်ပြိုင်နက်တည်း ခံနေရသည် မဟုတ်ပါလား။
သူ၏ခန္ဓာကိုယ်အခြေအနေမှာ ပိုမိုဆိုးရွားလာသဖြင့် ဟန်လိ၏မျက်နှာမှာ တုန်လှုပ်နေပြီး သူ၏ခန္ဓာကိုယ်မှ ချွေးများ တရစပ် ထွက်ပေါ်လာတော့သည်။ သူသည် အံ့ဩတကြီးဖြင့် အံတင်းတင်းကြိတ်လျက် မန္တာန်ချိပ်ဟန် အမြောက်အမြားကို အလျင်အမြန် ဖော်ဆောင်ကာ ပျံသန်းခြင်းဓားများကို ထိန်းချုပ်ထားသော စိတ်ဝိညာဉ်အာရုံအမျှင်တန်း ဆယ်ဂဏန်းခန့်ကို ကောင်းကင်ယံသို့ ပျံတက်ရန် အမိန့်ပေးလိုက်သည်။ ထို့နောက် မီးတောက်များထံမှ လွတ်မြောက်ရန် ကြိုးစားသည့်အနေဖြင့် ၎င်းတို့မှာ ရူးသွပ်စွာ လည်ပတ်လာကြတော့သည်။
ငွေရောင်ခေါင်းလောင်းမှာ ငွေရည်များအဖြစ် အရည်ပျော်သွားသည်ကို မြင်ဖူးထားသဖြင့် သူသည် သူ၏ကိုယ်ပိုင်အသက်ဓာတ်နှင့်ဆက်နွှယ်နေသောမှော်ရတနာများ ပျက်စီးသွားမှာကို ပိုမိုထိတ်လန့်နေလေပြီ။။ အကယ်၍ ထိုသို့သာ ဖြစ်လာခဲ့ပါက သူ၏အသက်စွမ်းအားနှင့် စိတ်ဝိညာဉ်အာရုံမှာ အကြီးအကျယ် ထိခိုက်သွားပါလိမ့်မည်။
ထိုအခိုက်အတန့်တွင် ပျက်စီးသွားသော ကြာပန်းပုံရိပ်ယောင်များမှာ အမျိုးသမီး၏ အောက်ဘက်မှ ထပ်မံ ထွက်ပေါ်လာသော ကြာပန်းများဖြင့် အစားထိုးခံရပြီး လစ်ဟင်းသွားသောနေရာများကို ပြန်လည် ဖြည့်တင်းလိုက်တော့သည်။ ထို့နောက် အမျိုးသမီးသည် ဟန်လိ၏ မီးတောက်များ ဖုံးလွှမ်းနေသော ပျံသန်းခြင်းဓားများကို အေးစက်စွာ ဝေ့ကြည့်လိုက်သည်။ မီးတောက်များကို ငြိမ်းသတ်ရန် ကြိုးစားနေသော ဓားများကို ကြည့်ပြီး အမျိုးသမီးက လှောင်ပြုံးပြုံးလိုက်တော့သည်။
သို့သော်လည်း သူမက လှုပ်ရှားရန် အလောတကြီး မလုပ်ခဲ့ချေ။ သူမသည် ဟန်လိ၏ အသက်ဆက်နွှယ်မှော်ရတနာများ ပျက်စီးသွားမည့် အချိန်၊သူ၏ ကျင့်ကြံမှု အကြီးအကျယ် ထိခိုက်သွားမည့် အချိန်ကိုသာ စောင့်ဆိုင်းနေခဲ့သည်။ ခဏအကြာတွင် အမျိုးသမီး၏လှောင်ပြုံးမှာ တောင့်တင်းသွားလေ၏။ သူမက အံ့အားတသင့် ဖြစ်သွားသည်။
သူမ၏ဦးခေါင်းထက်မှ ကြေးဆီမီးခွက်မှာ သာမန် မှော်ကိရိယာတစ်ခု မဟုတ်ချေ။ အတိအကျ ပြောရမည်ဆိုလျှင် ၎င်းမှာ သူမ၏ကိုယ်ပိုင်ပင် မဟုတ်။ ၎င်းမှာ မောက်လန်မျိုးနွယ်စုများက လက်ဆင့်ကမ်းလာခဲ့သော မျိုးရိုးစဉ်ဆက်ရတနာနှစ်ခုထဲမှ တစ်ခု ဖြစ်သည်။
ဤပညာရှိလဲ့ (ဝါ) အစိမ်းရောင်ဝတ်စုံနှင့်အမျိုးသမီးသည် ဤရတနာကို ရရှိနိုင်ခဲ့ခြင်းမှာ သူမ၏ နက်နဲလှသော ကျင့်ကြံမှုကြောင့်သာမက သူမမှာ မောက်လန် တစ်ခုလုံးတွင် အစွမ်းထက်ဆုံးသော အမျိုးသမီး မန္တာန်စစ်သည် ဖြစ်သောကြောင့်လည်း ပါဝင်သည်။ အရေးကြီးဆုံးအချက်မှာ သူမသည် ပျံသန်းခြင်းမျိုးနွယ်စု၏ သူတော်စင်မထျန်းလန်နှင့် အဆင့်အတန်းချင်း တူညီသော တစ်ဦးတည်းသော အမျိုးသမီးဖြစ်ပြီး အခြားသော အဆင့်မြင့် မန္တာန်စစ်သည်များကြားတွင် ရိုသေလေးစားခြင်း ခံရသူ ဖြစ်သည်။ မောက်လန်မျိုးနွယ်စုတစ်ခုလုံး၏ နတ်ဘုရားပညာရှိကြီးသုံးဦးပင်လျှင် သူမကို လေးလေးစားစား ဆက်ဆံကြရသည်။
သူမ ဤရှေးဟောင်းရတနာကို ရရှိပြီးကတည်းက ၎င်း၏ ကန့်သတ်ချက်များနှင့် ထူးခြားမှုများကြောင့် ဆီမီးခွက်ကို အကြိမ်အနည်းငယ်သာ အသုံးပြုခဲ့ဖူးသည်။ ဤရတနာသည် သတ်မှတ်ထားသော အကြိမ်အရေအတွက် ပြည့်သွားသည့်အခါတွင်မူ ၎င်းကို ချက်ချင်း ပြန်လည် သိမ်းဆည်းပြီး နောက်ထပ် သင့်တော်သော သခင်တစ်ဦးထံသို့ လွှဲပြောင်းပေးရမည် ဖြစ်သည်။ ဤရတနာမှာ မောက်လန်များကြားတွင် အင်မတန် အရေးကြီးသော အရာတစ်ခုဆိုလည်း ဟုတ်၏။
သို့သော်လည်း ကြေးဆီမီးခွက်၏ အရေးကြီးဆုံးသော အသုံးဝင်မှုမှာ တိုက်ပွဲသီးသန့်အတွက် မဟုတ်။ ထိုအစား ၎င်းတွင် သီးခြားဖြစ်သော အင်မတန် အရေးကြီးသည့် အသုံးဝင်မှုတစ်ခု ရှိနေသည်။ သေချာပေါက်ပင် ဤရတနာမှာ တိုက်ပွဲတွင် အင်မတန် စွမ်းအားကြီးလှပြီး ၎င်း၏ သခင်များမှာ ၎င်းကို သုံး၍ အစွမ်းထက်လှသော ရန်သူ အမြောက်အမြားကို သတ်ဖြတ်ခဲ့သလို မရေမတွက်နိုင်သော ရတနာများကိုလည်း ဖျက်ဆီးခဲ့ဖူးသည်။ ရှေးဟောင်းရတနာ ဖြစ်စေ၊ မှော်ရတနာ ဖြစ်စေ ဤမီးတောက်များ၏ လောင်ကျွမ်းခြင်းကို ခံရပြီဆိုလျှင် ဘယ်လိုမှ ငြိမ်းသတ်၍ မရနိုင်တော့ချေ။ အထူးသဖြင့် သစ်သားဓာတ် ရတနာများသည် ဤမီးတောက်များကို အင်မတန် ကြောက်ရွံ့ကြပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ပျက်စီးသွားလေ့ ရှိသည်။
သို့သော်လည်း ဟန်လိ၏ ပျံသန်းခြင်းဓား အစုံမှာ သိသာလှသော သစ်သားဓာတ် မှော်ရတနာများ ဖြစ်သော်လည်း ၎င်းတို့မှာ ဆီမီးခွက် မီးတောက်များအတွင်း၌ အတော်လေးကြာအောင် လောင်ကျွမ်းခံနေရသည့်တိုင် ပြာအဖြစ် ပြောင်းလဲသွားမည့် အရိပ်အယောင် အနည်းငယ်မျှပင် မပြသခဲ့ချေ။ သူမက အံ့ဩမှုများအတွင်း နစ်မျောနေသည့် တစ်ခဏမှာပင် သူမ၏ဦးခေါင်းထက်၌ ခရမ်းရောင်အလင်းတန်းများ ရုတ်တရက် လက်သွားပြီးနောက် ခရမ်းရောင် တိမ်တိုက်တစ်ခု ရုတ်တရက် ပေါ်ထွက်လာတော့သည်။
အစိမ်းရောင်ဝတ်ရုံဝတ်အမျိုးသမီးမှာ မှင်တက်သွားလေပြီ။ သူမက ခရမ်းရောင်တိမ်တိုက်ကြိုးဖြင့် အတားအဆီးတစ်ခု ဖန်တီးရန် အခွင့်အရေး ယူလိုက်သော ငွေရောင်လထံသို့ လှည့်ကြည့်လိုက်သည်။ ထို့နောက် ငွေရောင်လသည် သူမ၏ခန္ဓာကိုယ်ကို တစ်ချက် လှည့်လိုက်ရာ လေထုအတွင်း၌ မွှေးပျံ့လှသော ပန်းရောင်မြူခိုးများ ပြည့်နှက်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် အဖြူရောင်ကြာပန်းကို ဖုံးလွှမ်းသွားတော့သည်။
အစိမ်းရောင်ဝတ်ရုံဝတ်အမျိုးသမီးက နှာခေါင်းရှုံ့လိုက်ပြီး သူမ၏လက်ထဲရှိ ဆီမီးခွက်ကို လှမ်းကြည့်လိုက်သည်။ ခဏမျှ တွေဝေပြီးနောက် သူမသည် ၎င်းကို ဆက်လက် မသုံးစွဲရန် ဆုံးဖြတ်လိုက်ပြီး ထိုအစား သူမ၏လက်မောင်းကို မြှောက်ကာ အဝါရောင် ကျောက်စိမ်းဆွဲသီးတစ်ခုကို သူမ၏လက်ထဲတွင် ဆင့်ခေါ်လိုက်တော့သည်။
သူမသည် ထိုဆွဲသီးကို အသက်သွင်းပြီး ငွေရောင်လကို ကိုင်တွယ်ရန် ကြံစည်လိုက်စဉ်မှာပင် ပန်းရောင် မွှေးရနံ့မြူခိုးများမှာ လှုပ်ခတ်သွားပြီး အနံ့မှာ ပိုမို ပြင်းထန်လာတော့သည်။ ၎င်းနောက် မြူခိုးများအတွင်းမှ မရေမတွက်နိုင်သော ချောမောလှပသော အမျိုးသားများနှင့် အမျိုးသမီးများ ထွက်ပေါ်လာကြပြီး တစ်ဦးကိုတစ်ဦး အင်မတန် အတင့်ရဲပြီး ရင်းနှီးပွင့်လင်းလှသော ပုံစံများဖြင့် ပွေ့ဖက်နေကြသဖြင့် အစိမ်းရောင်ဝတ်ရုံဝတ်အမျိုးသမီး၏ မျက်နှာမှာ ရဲတက်သွားတော့သည်။
“မိစ္ဆာမ… နင်ကတော့ သေချင်နေပြီပဲ။”
အမျိုးသမီး၏ မျက်နှာမှာ မကြာမီမှာပင် ဖြူဖျော့သွားပြီး ကျောက်စိမ်းဆွဲသီးထံမှ အဝါရောင်အလင်းတန်းများ တောက်ပလာတော့သည်။ အဝါရောင်မြူခိုးများက သူမကို ဝန်းရံသွားပြီး သူမ၏ ပတ်ဝန်းကျင်ရှိ ပန်းရောင်မြူခိုးများကို လွင့်စင်သွားစေတော့သည်။ သို့သော်လည်း ငွေရောင်လကိုမူ မတွေ့ရတော့ချေ။
အစိမ်းရောင်ဝတ်ရုံဝတ်အမျိုးသမီးက နှာခေါင်းရှုံ့လိုက်သည်။ သို့သော် သူမ ငွေရောင်လကို လိုက်ရှာရန် ကြံစည်လိုက်စဉ်မှာပင် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားကာ ဟန်လိရှိရာ ဦးတည်ရာသို့ အလျင်အမြန် လှမ်းကြည့်လိုက်သည်။
ငွေရောင်လက သူမကို နှောင့်ယှက်နေခဲ့သည့် ထိုအချိန်တိုလေးအတွင်းမှာပင် ဟန်လိသည် သူ၏ ပျံသန်းခြင်းဓားများကို ဓားကြီးအသွင်သို့ ပြန်လည် စုစည်းပြီး သူ၏ရှေ့သို့ ပြန်လည် သိမ်းဆည်းထားပြီးပြီ ဖြစ်သည်။ သူသည် လောလောဆယ်တွင် ၎င်းကို လေးနက်သော မျက်နှာထားဖြင့် စိုက်ကြည့်နေခဲ့သည်။
အမျိုးသမီးသည် ပျံသန်းခြင်းဓားများမှာ အခုထိ လောင်ကျွမ်းခြင်း မရှိသေးသည်ကို မြင်လိုက်ရသည့်အခါ နောက်တစ်ကြိမ် ထိန်လန့်သွားရပြန်သည်။ သို့သော် သူမက သည်အတိုင်း ငြိမ်နေတော့ မဟုတ်ပေ။
သူမသည် ဦးခေါင်းထက်မှ ကြေးဆီမီးခွက်ကို ချက်ချင်း ပင့်မြှောက်၏။ သို့သော် သူမအနေဖြင့် ဟန်လိကို တိုက်ခိုက်ရန်အတွက် ၎င်း၏အသုံးဝင်မှုကို နောက်တစ်ကြိမ် အလဟဿ ဖြုန်းတီးသင့်၊ မသင့် စဉ်းစားနေသည်။ ထိုစဉ် ဟန်လိက ရုတ်တရက် သူ၏လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်သို့ တင်လိုက်သည်။ သူ၏ လက်တစ်ဖက်တွင် ဆီးနှင်းနှင်းခဲ မြူခိုးများကို ကိုင်ဆောင်ထားပြီး ကျန်လက်တစ်ဖက်တွင်မူ တဖျပ်ဖျပ် တောက်ပနေသော အပြာရောင်မီးတောက်များကို ကိုင်ဆောင်ထားကာ ၎င်းတို့ကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ရန်အတွက် အပြာရောင်ချီမြူခိုးများကို မှုတ်ထုတ်လိုက်တော့သည်။
လေပြင်းတစ်ချက်နှင့်အတူ ကြက်ဥအရွယ်အစားရှိသော ခရမ်းရောင်မီးတောက်တစ်ခု သူ၏လက်ထဲတွင် ပေါ်လာတော့သည်။ ဟန်လိသည် သူ၏ အားနေသော လက်တစ်ဖက်ဖြင့် ၎င်းကို ညွှန်ပြလိုက်ရာ ၎င်းမှာ ရုတ်တရက် ပွင့်ထွက်သွားပြီးနောက် တောင်ပံခတ်နေသော ငှက်ငယ်လေးတစ်ကောင်အဖြစ် ပြောင်းလဲသွားတော့သည်။ ၎င်းသည် အတောင်ပံများကို ဖြန့်ကားလိုက်ပြီး ဆီမီးခွက်၏ အပြာရောင်မီးတောက်များ ဖုံးလွှမ်ခြင်း ခံထားရသော ဓားကြီးထံသို့ ဒုန်းစိုင်း ပျံသန်းသွားတော့သည်။
တိုးညင်းသော ပေါက်ကွဲသံနှင့်အတူ သူတို့ရှေ့၌ ထူးဆန်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာတော့သည်။ ခရမ်းရောင်မီးတောက်နှင့်အပြာရောင်မီးတောက်တို့သည် ဓားကြီး၏ မျက်နှာပြင်ပေါ်တွင် ဟုန်းဟုန်းတောက် လောင်ကျွမ်းနေကြသည်။ မီးတောက် နှစ်ခုစလုံးမှာ တုန်ခါနေကြပြီး တစ်ခုကိုတစ်ခု အလျှော့မပေးဘဲ အပြန်အလှန် ဝါးမြိုရန် အစွမ်းကုန် ကြိုးစားနေကြသည်။ ခဏအတွင်း မည်သည့်မီးတောက်ကမှ အသာစီး မရရှိခဲ့ချေ။
ဟန်လိသည် စိုးရိမ်သော မျက်နှာထားဖြင့် ဤသည်ကို စောင့်ကြည့်နေစဉ် အစိမ်းရောင်ဝတ်ရုံဝတ်အမျိုးသမီးမှာမူ ပိုမို၍ ထိတ်လန့်သွားပုံ ရပေသည်။
ဤခရမ်းရောင်မီးတောက်များမှာ သူမ၏ ဆီမီးခွက်မီးတောက်များကိုပင် မကြောက်ရွံ့ရအောင် ဘာတွေများ ဖြစ်နေလို့လဲ။ သူမသာ ကိုယ်တိုင် မမြင်ခဲ့ရလျှင်တော့ သည်အဖြစ်သနစ်ကို ယုံကြည်လိမ့်မည် မဟုတ်ပေ။ သို့သော် ဤအမျိုးသမီးသည် မကြာမီမှာပင် သူမ၏ ထိတ်လန့်မှုများအတွင်းမှ နိုးထလာပြီး ဟန်လိကို သတ်ဖြတ်လိုသော ဆန္ဒမှာ ပိုမို ပြင်းပြလာတော့သည်။ သာမန် စဦးစိတ်ဝိညာဉ်အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးမှာ ဘယ်လိုလုပ်ပြီး ဒီလောက်အထိ ကောင်းကင်ကို ဆန့်ကျင်တဲ့ စွမ်းရည်တွေ အများကြီး ပိုင်ဆိုင်ထားနိုင်ရတာလဲ။ အကယ်၍ သူသာ စဦးစိတ်ဝိညာဉ်အလယ်အဆင့် သို့မဟုတ် နောက်ဆုံးအဆင့်သို့ ရောက်ရှိသွားမည်ဆိုလျှင် ထိုသူသည် မောက်လန်လွင်ပြင် တစ်ခုလုံးကို ပြိုင်ဘက်မရှိဘဲ လှည့်ပတ် သောင်းကျန်းနိုင်ပါလိမ့်မည်။
ထိုသို့ စဉ်းစားလိုက်ပြီးနောက် အမျိုးသမီး၏ မျက်နှာမှာ သုန်မှုန်သွားပြီး ဆီမီးခွက်ကို လေထဲသို့ ပစ်တင်လိုက်သည်။ ၎င်းသည် သူမ၏အထက် ၁၀ ပေခန့်အကွာတွင် ရပ်တန့်သွားတော့သည်။ ထို့နောက် သူမသည် လေးလေးနက်နက် တင်ပျဉ်ခွေ ထိုင်ချလိုက်သည်။
ထိုအခိုက်အတန့်တွင် အမျိုးသမီးမှာ တကယ့်ကို ဆုံးဖြတ်ချက် ချလိုက်ပြီ ဖြစ်သည်။ ကြေးဆီမီးခွက်၏ အသုံးပြုနိုင်စွမ်း အားလုံးကို ကုန်ဆုံးသွားစေလျှင်ပင် သူမသည် ဟန်လိကို သေချာပေါက် သတ်ဖြတ်တော့မည်။
ဟန်လိသည်လည်း အမျိုးသမီး၏ လုပ်ဆောင်ချက်များကို သတိပြုမိလိုက်သဖြင့် စိတ်နှလုံး လေးလံသွားရသည်။ သူသည် စိတ်ထဲမှ ခါးသီးစွာ ဆဲရေးလိုက်ပြီးနောက် ဆုတ်ခွာရန် ဆုံးဖြတ်လိုက်တော့သည်။ သူ၏လက်ထဲတွင် ခရမ်းရောင်အထွတ်အထိပ်မီးတောက်နှင့် သွေးမိစ္ဆာဓားတို့ ရှိနေသေးသော်လည်း ဤတိုက်ပွဲတွင် အရာအားလုံးကို လောင်းကြေးထပ်နေရန် မလိုအပ်ချေ။ သူ၏ရှေ့မှ အမျိုးသမီးမှာ သာမန် စဦးစိတ်ဝိညာဉ်အလယ်အဆင့် ကျင့်ကြံသူ မဟုတ်ချေ။ သူသည် အထူးသဖြင့် ဤတိုက်ပွဲကို နှစ်ဦးစလုံး ပျက်စီးမည့် လမ်းစဉ်မျိုးဖြင့် အဆုံးမသတ်ချင်ပေ။
ဟန်လိ၏စိတ်ထဲတွင် ဤအတွေးများ လှုပ်ရှားနေစဉ်မှာပင် မြူခိုးများအတွင်းမှ ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်လာပြီး သူတို့ထံသို့ ဒုန်းစိုင်း ပြေးဝင်လာသဖြင့် နှစ်ဦးစလုံးမှာ အံ့အားသင့်သွားကြရသည်။
သူတို့နှစ်ဦးစလုံး အာရုံလွှဲသွားသည့် အချိန်ခဏမှာပင် အစိမ်းရောင်ဝတ်ရုံဝတ်အမျိုးသမီး၏ ဦးခေါင်းထက်ရှိ ခရမ်းရောင်တိမ်တိုက်ကြိုးမှ ဖြစ်ပေါ်လာသော ခရမ်းရောင်တိမ်တိုက်မှာ ရုတ်တရက် နှစ်ခြမ်းကွဲသွားပြီး ဆီမီးခွက်ထံသို့ အင်မတန် လျင်မြန်လှသော အဖြူရောင်အလင်းတန်းတစ်ခု တိုးဝင်လာတော့သည်။ ထို့နောက် အဖြူရောင်အလင်း တစ်ချက်လင်းလက်သွားစဉ်အတွင်း ဆီမီးခွက်မှာ ထိုအလင်းတန်း၏ လုံးဝဝန်းရံခြင်းကို ခံလိုက်ရပြီး ခရမ်းရောင်တိမ်တိုက်ထံသို့ အပြင်းအထန် ဆွဲခေါ်တာ ခံရလေ၏။
အပိုင်း (၇၄၆) အစီအရင်ကို ဖျက်ဆီးခြင်း တိုက်ပွဲ (၈)
ကြေးဆီမီးခွက်ကြီး အသိမ်းခံလိုက်ရသည်ကို မြင်လိုက်ရသည့်အခါ ဟန်လိသည် ဝမ်းမြောက်သွားသော်လည်း အစိမ်းရောင်ဝတ်ရုံဝတ်အမျိုးသမီးမှာမူ စိတ်ပျက်အားလျော့သွားရသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူမ၏မျက်နှာမှာ ဒေါသနှင့် ထိတ်လန့်မှုများကြောင့် ဖြူဖျော့သွားတော့သည်။ မကြာမီမှာပင် သူမသည် လက်ပင့်မြှောက်ကာ သူမ၏ပတ်ဝန်းကျင်တွင် အဖြူရောင်မြူခိုးများကို ဝှေ့ယမ်းလိုက်သည်။ သူမ၏အောက်ရှိ အဖြူရောင်ကြာပန်းမှာ ရူးသွပ်စွာ လည်ပတ်လာပြီး တောင်တစ်လုံးခန့် ကြီးမားလှသော ကြာပန်းပုံရိပ်ယောင်ကြီးတစ်ခုကို ထုတ်လွှတ်လိုက်တော့သည်။
ဆီမီးခွက်ကို ဖမ်းယူထားသော အဖြူရောင်အလင်းတန်းက တိမ်တိုက်အတွင်းသို့ ပြန်ဝင်သွားသည်နှင့် ကြီးမားလှသော ကြာပန်းပုံရိပ်ယောင်ကြီးမှာလည်း ၎င်းနောက်သို့ အမှီလိုက်လေတော့သည်။ ထိုအခိုက်တွင် ခရမ်းရောင်တိမ်တိုက်မှာ ကြီးမားသော ခရမ်းရောင်ကွန်ရက်တစ်ခုအဖြစ် ပြောင်းလဲကာ အောက်သို့ အုပ်မိုးချလိုက်သည်။ နောက်တစ်ခဏမှာပင် ကြာပန်းမှာ ကွန်ရက်ကို ထိမှန်သွားပြီး ခရမ်းရောင်နှင့် အဖြူရောင်အလင်းတန်းများ ပွင့်ထွက်လာတော့သည်။ ငွေရောင်လ၏ ချိုသာသော ရယ်မောသံမှာလည်း ထွက်ပေါ်လာခဲ့သည်။
ခရမ်းရောင်ကွန်ရက်ကို ရုပ်သိမ်းလိုက်သည့်အခါ အဖြူရောင်အလင်းတန်းများ မှေးမှိန်သွားပြီး ငွေရောင်လ ပေါ်လာတော့သည်။ သူမသည် ရှေးဟောင်းပန်းခြင်းကို ကိုင်ဆောင်ထားရင်း ရယ်မောနေခဲ့သည်။ ပန်းခြင်းအတွင်း၌ အဖြူရောင်အလင်းတန်းများ တောက်ပနေပြီး ကြေးဆီမီးခွက်ကို တင်းကျပ်စွာ ပိတ်လှောင်ထားခြင်း ဖြစ်သည်။ အစိမ်းရောင်ဝတ်ရုံဝတ်အမျိုးသမီး၏ စိတ်ဝိညာဉ်အာရုံကို ၎င်းထံမှ ဖယ်ရှားပြီးသည်နှင့် မည်သူမဆို ဤရတနာကို သုံးစွဲနိုင်မည် ဖြစ်သည်။
သို့သော်လည်း ဟန်လိ တစ်ယောက် ဝမ်းမြောက်နေချိန်မှာပင် ပုံရိပ်တစ်ခုမှာ သူတို့ထံသို့ ယိုင်နဲ့နဲ့ လျှောက်လာပြီး တိုက်ပွဲဖြစ်နေသော ဟန်လိနှင့် အမျိုးသမီးကို လှမ်းမြင်သွားတော့သည်။ ထိုပုံရိပ်မှာ ဟန်လိကို ကြည့်ကာ ထိတ်လန့်တကြား အော်ဟစ်လိုက်တော့သည်။
"တာအိုမိတ်ဆွေဟန်… မြန်မြန်ပြေးတော့။ မောက်လန်နတ်ဘုရားပညာရှိတစ်ယောက် ရောက်လာပြီ။ သူက တာအိုမိတ်ဆွေလူကို သတ်လိုက်ပြီ။ မြန်မြန်ပြေးတော့"
ထိုပုံရိပ်မှာ ဆံပင်များ ဖရိုဖရဲဖြစ်နေပြီး လက်တစ်ဖက် ပြတ်နေသော အဘိုးအိုမာပင်။
"မောက်လန်နတ်ဘုရားပညာရှိ ဟုတ်လား"
ဟန်လိသည် ဤစကားကို ကြားရသည့်အခါ သူ၏နှလုံးသားမှာ လေးလံသွားရသည်။ ထိုကိစ္စကို ထပ်မံမေးမြန်းရန် ကြံစည်လိုက်စဉ်မှာပင် အဘိုးအိုမာသည် ခဏမျှပင် ထပ်မနေရဲတော့ဘဲ အဖြူရောင်အလင်းတစ်ချက်နှင့်အတူ ပျံထွက်သွားတော့သည်။ သို့သော် ထိုအခိုက်အတန့်တွင် အမျိုးသားတစ်ဦး၏ အေးစက်လှသော အသံတစ်သံ ထွက်ပေါ်လာတော့သည်။
"မင်း နောက်ကျသွားပြီ။ ငါ မင်းကို ရှာတွေ့ပြီးသားပဲ။ မင်းက ဘေးဒုက္ခကနေ လွတ်ဖို့ လက်တစ်ဖက်ကိုတောင် စွန့်ခဲ့တာဆိုတော့… နောက်ထပ် ဘာလျှို့ဝှက်အတတ်တွေ ရှိနေဦးမလဲ ကြည့်ရသေးတာပေါ့။ မင်းရဲ့ ကျန်တဲ့လက်တစ်ဖက်နဲ့ရော အစားထိုးရုပ်သေးတစ်ခု ထပ်ပြီး မသန့်စင်ထားဘူး မဟုတ်လား။ တကယ်လို့ အဲ့လိုနောက်ထပ်အစားထိုးရုပ်သေးတစ်ခု ထပ်ပြီး သန့်စင်ထားတယ်ဆိုရင်တော့ ငါ မင်းကို တကယ်ပဲ ချီးကျူးမိမှာ။ ဟမ်…ဒါက အနှစ်သာရဆီမီးခွက် မဟုတ်လား။ မင်းတို့လို ကောက်ကျစ်တဲ့ကောင်တွေကတော့ တကယ်ကို သတ္တိရှိတာပဲ။ မြေခွေးငယ်လေးတစ်ကောင်ကတောင် ငါတို့ မောက်လန်တွေရဲ့ မျိုးနွယ်ဆက်ခံရတနာကို ခိုးယူရဲတယ်ပေါ့လေ"
ထိုစကားများကို တစ်ဆက်တည်း ပြောဆိုလိုက်ပြီးနောက် အသံပိုင်ရှင်မှာ သူတို့ရှေ့သို့ ရောက်ရှိလာတော့သည်။
ငွေရောင်အလင်းတန်းတစ်ခုမှာ မြူပင်လယ်အတွင်းမှနေ၍ ဖြည်းညင်းသော ပုံစံဖြင့် ထွက်ပေါ်လာသော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် ငွေရောင်လ၏ ရှေ့သို့ ရောက်ရှိသွားတော့သည်။ ငွေရောင်လ၏မျက်နှာမှာ သေလူကဲ့သို့ ဖြူဖျော့သွားပြီး သူမ၏လက်ကို အလျင်အမြန် ဝှေ့ယမ်းကာ သူမ၏ရှေ့တွင် ခရမ်းရောင်ကွန်ရက်တစ်ခုကို ဆင့်ခေါ်လိုက်သည်။ ထိုအခိုက်အတန့်မှာပင် သူမသည် ဘာကိုမျှ ထပ်မစဉ်းစားတော့ဘဲ ချက်ချင်း ထွက်ပြေးလေတော့သည်။
ငွေရောင်အလင်းတန်းမှာ ခေတ္တမျှ ရပ်တန့်သွားပြီးနောက် ကြီးမားလှသော ငွေရောင်လက်ဝါးကြီးတစ်ခုအဖြစ် ချက်ချင်း ပြောင်းလဲသွားတော့သည်။ ၎င်းသည် ခရမ်းရောင်တိမ်တိုက်ကြိုးကို အတင်းအကျပ် လှမ်းဖမ်းလိုက်ပြီး လက်သီးဆုပ်လိုက်ကာ ငွေရောင်လ ထွက်ပြေးသွားသော ဦးတည်ရာရှိ လေထုကို ရိုက်နှက်လိုက်တော့သည်။
ငွေရောင်လသည် အဝါရောင်အလင်းတန်းတစ်ခုအဖြစ် ပျံထွက်သွားစဉ်မှာပင် ဘယ်ကမှန်းမသိသော ငွေရောင်အလင်းလုံးတစ်ခု၏ ထိမှန်ခြင်းကို ရုတ်တရက် ခံလိုက်ရသည်။ ကြေကွဲဖွယ်ရာ အော်ဟစ်သံနှင့်အတူ သူမ၏အဝါရောင်အလင်းတန်းမှာ ပျောက်ကွယ်သွားပြီး ကောင်းကင်ယံမှ ကျဆင်းလာတော့သည်။ သို့သော် သူမသည် ပါးနပ်၏။ အံတင်းတင်းကြိတ်ကာ နာကျင်မှုကို တင်းခံပြီး ရှေးဟောင်းပန်းခြင်းကို ဟန်လိထံသို့ အဖြူရောင်အလင်းတန်းအဖြစ်ပြောင်းကာ ပစ်ပေးလိုက်တော့သည်။
"နင်ကတော့ သေချင်နေပြီပဲ"
အမျိုးသား၏အသံမှာ ဒေါသတကြီး ထွက်ပေါ်လာပြီး ငွေရောင်လက်ဝါးကြီးမှာ နှစ်ခုအဖြစ် ကွဲထွက်သွားရာ တစ်ခုက ပန်းခြင်းနောက်သို့ လိုက်ပြီး ကျန်တစ်ခုကတော့ ကျဆင်းနေသော ငွေရောင်လကို ချေမှုန်းရန် လိုက်လံဖမ်းဆီးတော့သည်။ ထိုလုပ်ဆောင်ချက်မှာ လျှပ်စီးကဲ့သို့ပင် မြန်ဆန်လှပေသည်။
ငွေရောင်လသည် ထိတ်လန့်တုန်လှုပ်သွားပြီး လွတ်မြောက်ရန်အတွက် သူမ၏မန္တာန်စွမ်းအားကို ဆွဲထုတ်ရန် အသည်းအသန် ကြိုးစားတော့သည်။ သို့သော်လည်း သူမ၏ခန္ဓာကိုယ်မှ ငွေရောင်အလင်းတန်းများ လက်သွားပြီးနောက် သူမသည် မည်သည့်မန္တာန်စွမ်းအားကိုမျှ သုံး၍မရတော့မှန်း သိရှိလိုက်ရသည်။ အခုနက အငိုက်မိ တိုက်ခိုက်ခံလိုက်ရခြင်းမှာ သူမကို အပြင်းအထန် ဒဏ်ရာရစေရုံတင်မကဘဲ သူမ၏ခန္ဓာကိုယ်ပေါ်တွင် ရိုးရှင်းသော အတားအဆီးတစ်ခုကိုပါ ချမှတ်သွားခဲ့ခြင်း ဖြစ်သည်။ ၎င်းကို လွယ်ကူစွာ ဖျက်ဆီးနိုင်သော်လည်း သူမမှာ အငိုက်မိသွားသဖြင့် ဖြေရှင်းရန် အချိန်မရရှိခဲ့ချေ။
ကြီးမားလှသော ငွေရောင်လက်ဝါးကြီးမှာ ပြိုကျလာသော တောင်တစ်လုံး၏ အရှိန်အဟုန်ဖြင့် သူမထံသို့ ချဉ်းကပ်လာသည့်အခါ သူမ၏နှလုံးသားမှာ တုန်ခါသွားရသည်။ သူမသည် သေဘေးကို စောင့်ဆိုင်းရင်း မျက်လုံးများကိုသာ မှိတ်ထားနိုင်တော့သည်။ သို့သော် ထိုအခိုက်အတန့်တွင် သူမ၏အနောက်မှ မိုးခြိမ်းသံကို ကြားလိုက်ရသည်။ လက်မောင်းတစ်ဖက်က သူမ၏ခါးကို ဖမ်းဆီးလိုက်ပြီး ငွေရောင်လက်ဝါးကြီး၏ အုပ်ကိုင်မှုအတွင်းမှ တစ်နည်းနည်းဖြင့် လွတ်မြောက်သွားတော့သည်။
"သွားကြစမ်း"
ဟန်လိ ပေါ်လာပြီးနောက် ငွေရောင်လကို ခေါ်ဆောင်ကာ လူမြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။ ကြီးမားလှသော ငွေရောင်လက်ဝါးကြီးမှာ အနည်းငယ်မျှဖြင့်သာ လွဲချော်သွားခဲ့ခြင်း ဖြစ်သည်။ နောက်တစ်ခဏမှာပင် ဟန်လိသည် သုန်မှုန်သော မျက်နှာထားဖြင့် မြူခိုးများ၏ အစွန်းရှိ ပေ ၃၀၀ ခန့်အကွာတွင် ပေါ်လာတော့သည်။ သူသည် လက်တစ်ဖက်ဖြင့် ငွေရောင်လကို ပွေ့ပိုက်ထားပြီး ကျန်လက်တစ်ဖက်တွင်မူ အပြာရောင်နှင့်ခရမ်းရောင်မီးတောက်များ လောင်ကျွမ်းနေသော ဓားကြီးကို ကိုင်ဆောင်ထားခဲ့သည်။
"ဟမ်။ လျှပ်စီးရွှေ့လျားခြင်းလား"
ကြီးမားလှသော ငွေရောင်လက်ဝါးကြီးထံမှ အံ့ဩသံတစ်ခု ထွက်ပေါ်လာသည်။ ကျန်လက်တစ်ဖက်မှာမူ ပန်းခြင်းကို ဆုပ်ကိုင်လျက် ပြန်လည်ရောက်ရှိလာခဲ့သည်။ ထို့နောက် ငွေရောင်လက်ဝါး နှစ်ခုမှာ စူးရှသော အလင်းတန်းများအတွင်း ပေါင်းစပ်သွားပြီး ပျောက်ကွယ်သွားရာ စာပေပညာရှင်ဝတ်ရုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်း မန္တာန်စစ်သည်တစ်ဦး ပေါ်လာတော့သည်။ သူသည် လက်တစ်ဖက်ဖြင့် ခရမ်းရောင်တိမ်တိုက်ကြိုးကို ကိုင်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် ရှေးဟောင်းပန်းခြင်းကို လှမ်းဖမ်းလိုက်သည်။ သူသည် ဝေးလံသော နေရာမှ ဟန်လိကို တည်ငြိမ်သော မျက်နှာထားဖြင့် အကဲခတ်နေခဲ့သည်။
အဘိုးအိုမာသည် ဤလူ ပေါ်လာသည်ကို မြင်လိုက်ရသည့်အခါ သူ၏မျက်နှာမှာ သေလူကဲ့သို့ ဖြူဖျော့သွားပြီး သူ၏ခန္ဓာကိုယ်မှ အလင်းတန်းများ အဆက်မပြတ် ထွက်ပေါ်နေသော်လည်း ထွက်ပြေးရန်ပင် မဝံ့မရဲ ဖြစ်နေခဲ့သည်။
ဟန်လိ၏ အကြည့်မှာ ဝေ့ဝဲသွားပြီး သူ ပထမဆုံးအကြိမ် တွေ့ဖူးသော စဦးစိတ်ဝိညာဉ်နောက်ဆုံးအဆင့် ကျင့်ကြံသူကို အသေအချာ အကဲခတ်လိုက်သည်။ နတ်အသွင်ပြောင်းခြင်းအဆင့်သို့ ရောက်ရှိနိုင်သော အင်မတန် နည်းပါးလှသည့် ကျင့်ကြံသူများမှလွဲ၍ စဦးစိတ်ဝိညာဉ်နောက်ဆုံးအဆင့် ကျင့်ကြံသူများမှာ ကျင့်ကြံခြင်းလောက၏ အထွဋ်အထိပ် ပုဂ္ဂိုလ်များပင် ဖြစ်သည်။
ထိုအခိုက်အတန့်တွင် လူလတ်ပိုင်း မန္တာန်စစ်သည်မှာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ လဲ့မျိုးနွယ်အမည်ရှိသော အစိမ်းရောင်ဝတ်ရုံဝတ်အမျိုးသမီးကို လှမ်းမြင်သွားသည်။ သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ ကြေးဆီမီးခွက် ပါရှိသော ရှေးဟောင်းပန်းခြင်းမှာ သူမထံသို့ ပျံသန်းသွားတော့သည်။
"နတ်ဘုရားပညာရှိကျန့်ရဲ့ အကူအညီအတွက် အများကြီး ကျေးဇူးတင်ပါတယ်ရှင်။ တကယ်လို့ အစ်ကိုကျန့် သာ ရောက်မလာခဲ့ရင်…"
အစိမ်းရောင်ဝတ်ရုံဝတ်အမျိုးသမီးသည် ကြေးဆီမီးခွက်ကို ပြန်လည်ရရှိသွားသဖြင့် ဝမ်းသာသွားပြီး စိတ်အေးသွားရသည်။ သူမသည် မည်မျှပင် မောက်မာပြီး အေးစက်ပါစေ၊ သူမ ရင်ဆိုင်နေရသူမှာ မောက်လန်နတ်ဘုရားပညာရှိကြီးသုံးဦးထဲမှ တစ်ဦး ဖြစ်နေသဖြင့် စိုးစိမျှ မလေးမစား မလုပ်ဝံ့ပေ။
စာပေပညာရှင် လူလတ်ပိုင်းအမျိုးသားက တည်ငြိမ်စွာ ဆို၏။
"ဒါက ဘာမှ မဟုတ်ပါဘူး။ ကောင်းကင်တောင်ပိုင်း ကျင့်ကြံသူတွေက ဒီအစီအရင်ဆီကို စစ်ကူတွေ လွှတ်နေတယ်လို့ ငါ ကြားလိုက်ရလို့ပါ။ ကောင်းကင်မျက်ရည် သေဆုံးသွားတဲ့အကြောင်း ကြားရတော့ ငါ နည်းနည်း စိုးရိမ်သွားပြီး လာကြည့်တာပါ။ ငါတို့က အခု ကျင်းပြည်ထောင်စုက လူတွေနဲ့ ပတ်သက်နေတာဆိုတော့ သူတို့ကို ယုတ္တိရှိတဲ့ ရှင်းပြချက်တစ်ခု ပေးဖို့ လိုလိမ့်မယ်။ ဒါပေမဲ့ ငါတို့ရဲ့ ရန်သူက လျှပ်စီးရွှေ့လျားခြင်းကို သုံးနိုင်နေတာဆိုတော့ ပညာရှိလဲ့ အနေနဲ့ သူ့ကို ကိုင်တွယ်ရ ခက်ခဲနေတာလည်း မထူးဆန်းပါဘူး"
ထို့နောက် သူသည် ဟန်လိကို လှည့်ကြည့်ကာ မေး၏။
"အဲဒီ မြေခွေးငယ်လေးက မင်းဟာလား။ ငါတို့ မောက်လန်တွေရဲ့ မျိုးနွယ်ဆက်ခံရတနာကို ထိပါးရဲတာ တကယ်ကို သတ္တိရှိတာပဲ။ မင်းက သူမရဲ့ သခင်ဆိုမှတော့ ငါ မင်းတို့ နှစ်ယောက်စလုံးကို ကိုင်တွယ်ရမှာပေါ့"
ဟန်လိသည် မျက်လုံးများကို မှေးကြည့်လျက် အသက်ပြင်းပြင်း ရှူလိုက်သည်။ သူက နှာခေါင်းရှုံ့လိုက်ပြီး အေးစက်စွာ ပြန်လည်ဖြေကြား၏။
"ခင်ဗျားရဲ့ လေသံက တော်တော်လေး မောက်မာတာပဲ။ ငါတို့က အဲဒီဆီမီးခွက်ကို မထိခဲ့ရင်ရော မင်း ငါတို့ကို ဒီအတိုင်း လွှတ်ပေးမှာမို့လို့လား။ မင်းမှာ ငါ့အသက်ကို ယူနိုင်တဲ့ အရည်အချင်း ရှိ၊ မရှိ ဆိုတာတော့ စမ်းကြည့်ပေါ့…"
စာပေပညာရှင် အမျိုးသားသည် ဤသည်ကို ကြားလိုက်ရသည့်အခါ သူ၏အကြည့်မှာ ဟန်လိ၏ လက်ထဲရှိ ဓားကြီးထံသို့ ကျရောက်သွားသည်။ အပြာရောင်နှင့် ခရမ်းရောင်မီးတောက်များ အပြန်အလှန် ဝါးမြိုနေသည်ကို မြင်လိုက်ရသည့်အခါ သူ၏မျက်နှာတွင် အံ့ဩရိပ်တစ်ခု ပေါ်လာသော်လည်း မကြာမီမှာပင် ဘာမှ မမြင်လိုက်သည့်အလား ရယ်မောလိုက်ပြီး ဆို၏။
"ကျင့်ကြံသူတစ်ယောက်က ငါ့ရှေ့မှာ ဒီလိုစကားမျိုး ပြောရဲခဲ့တာ နှစ်ပေါင်း မနည်းတော့ဘူး။ ပညာရှိလဲ့… ဟိုဘက်က လက်တစ်ဖက်ပြတ်နေတဲ့ ကျင့်ကြံသူကိုတော့ မင်းပဲ ကိုင်တွယ်လိုက်ပါ။ လျှပ်စီးရွှေ့လျားခြင်း သုံးနိုင်တဲ့ ငါတို့ သူငယ်ချင်းလေးကိုတော့ ငါကိုယ်တိုင်ပဲ ကိုင်တွယ်လိုက်ပါ့မယ်။ သူ ဘယ်လောက်အထိ တောင့်ခံနိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့"
အမျိုးသား၏မျက်နှာတွင် ရက်စက်သော အရိပ်အယောင်များ ပေါ်လာပြီးနောက် သူ၏ခန္ဓာကိုယ်မှာ ဝေဝါးသွားကာ သူ၏ဘေးနှစ်ဖက်မှ ငွေရောင်အလင်းတန်းများ လက်သွားတော့သည်။ ရုတ်တရက်ပင် သူနှင့် တစ်ထေရာတည်း တူညီသော၊ အဝတ်အစားနှင့် ရုပ်ရည်ပါ တူညီသော ကိုယ်ပွား နှစ်ခုမှာ သူ၏ဘေးတွင် ပေါ်လာတော့သည်။ ၎င်းတို့ သုံးဦးစလုံးမှာ ဟန်လိကို သေလူတစ်ယောက်ကဲ့သို့ စိုက်ကြည့်နေကြတော့သည်။
ဟန်လိသည် အသက်ရှူခြင်းများ အေးစက်သွားသည်ကို ခံစားလိုက်ရသည်။ သူသည် သူ၏ စိတ်ဝိညာဉ်အာရုံကို အလျင်အမြန် ဖြန့်ကြက်လိုက်သော်လည်း ထိုကိုယ်ပွား နှစ်ခုနှင့် မူလကိုယ်ကြားတွင် မည်သည့်ကွဲပြားမှုကိုမျှ ရှာမတွေ့ခဲ့ချေ။ ကျင့်ကြံမှု အငွေ့အသက် ဖြစ်စေ၊ ရုပ်ရည် ဖြစ်စေ လုံးဝ တူညီနေခြင်း ဖြစ်သည်။ သူ၏နှလုံးသားအတွင်း၌ စိုးရိမ်စိတ်များ ရှိနေသော်လည်း ဟန်လိသည် ငွေရောင်လ၏ ပုခုံးကို ပုတ်လိုက်ပြီး သူမအား တစ်စုံတစ်ခုကို တိုးတိုးတိတ်တိတ် မှာကြားလိုက်သည်။
ငွေရောင်လသည် လိမ္မာပါးနပ်စွာ ခေါင်းညိတ်လိုက်သည်။ သူမ၏ခန္ဓာကိုယ်ပေါ်မှ အတားအဆီးကို ဖြေရှင်းပြီးသား ဖြစ်သဖြင့် သူမသည် အဖြူရောင်အလင်းတစ်ချက်အတွင်း မြေခွေးငယ်လေးအသွင်သို့ ပြန်လည် ပြောင်းလဲသွားကာ ဟန်လိ၏ အင်္ကျီလက်အိုးအတွင်းသို့ လျင်မြန်စွာ ဝင်ရောက်သွားတော့သည်။
ထိုအခိုက်အတန့်တွင် စာပေပညာရှင် သုံးဦးမှာ သူတို့၏အင်္ကျီလက်အိုးများကို ဝှေ့ယမ်းလျက် ဟန်လိထံသို့ ဖြည်းညင်းစွာ လှမ်းလာကြတော့သည်။ သူတို့၏ လှုပ်ရှားမှုများမှာ အေးအေးဆေးဆေး ရှိလှပုံရသော်လည်း ခြေလှမ်း သုံးလှမ်းအတွင်းမှာပင် ၎င်းတို့သည် ဟန်လိနှင့် ပေ ၁၀၀ ခန့်အကွာသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဟန်လိ၏ မျက်နှာအမူအရာမှာ အကြီးအကျယ် ပြောင်းလဲသွားပြီး ဘာကိုမျှ ထပ်မံစဉ်းစားမနေတော့ဘဲ သူ၏အတောင်ပံများကို ခတ်ကာ လူမြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။
"မင်းက ထွက်သွားချင်တာလား… ဒါပေမဲ့ ဘယ်ကို ပြေးနိုင်မှာလဲ"
စာပေပညာရှင်သုံးဦးအနက် အလယ်မှတစ်ဦးက တဟားဟား ရယ်မောလျက် ဆို၏။ ထို့နောက် ၎င်းတို့ သုံးဦးစလုံးမှာ ငွေရောင်အလင်းတန်းများဖြင့် လက်သွားကာ အေးအေးဆေးဆေး ခြေလှမ်းများဖြင့် သူ၏နောက်မှ လိုက်လံဖမ်းဆီးတော့သည်။ လေထဲတွင် ခြေနှစ်လှမ်းမျှ လှမ်းလိုက်ရုံဖြင့် ၎င်းတို့ သုံးဦးစလုံးမှာလည်း ပျောက်ကွယ်သွားကြတော့သည်။
မျက်နှာဖြူဖျော့နေသော အဘိုးအိုမာသည် ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ဘာစကားမျှမဆိုဘဲ အင်မတန် မြန်ဆန်လှသော အရှိန်ဖြင့် ခုန်ထွက်သွားပြီး အဖြူရောင်အလင်းတန်းတစ်ခုအဖြစ် ကောင်းကင်ယံကို ခွဲ၍ ထွက်ပြေးလေတော့သည်။
အစိမ်းရောင်ဝတ်ရုံဝတ်အမျိုးသမီးသည် ဤသည်ကို မြင်သောအခါ နှာခေါင်းရှုံ့လိုက်ပြီး လက်ဖြင့် မန္တာန်ချိပ်ဟန် ပြုလုပ်ကာ လေပြင်းတစ်ချက်အလား သူ၏နောက်မှ လိုက်လံဖမ်းဆီးတော့သည်။ သူမသည် နတ်ဘုရားပညာရှိတစ်ဦးက လိုက်လံဖမ်းဆီးနေပြီ ဖြစ်ကြောင်း သိထားသဖြင့် ဟန်လိအတွက် အနည်းငယ်မျှပင် စိုးရိမ်စရာ မရှိတော့ချေ။ ၎င်းအပြင် ဤအဘိုးအိုမာမှာ လျှပ်စီးရွှေ့လျားခြင်း မတတ်သဖြင့် သူမ၏လက်မှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်မှန်း သေချာလှသည်။ ဤနယ်မြေရှိ မန္တာန်အစီအရင်ကြီးအတွက်မူ စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ဦးအတွက် စာဖွဲ့စရာ မလိုချေ။ ၎င်း၏ အတားအဆီးများမှာ လွယ်ကူစွာပင် ဖယ်ရှားခြင်း ခံလိုက်ရတော့သည်။
...
မည်းမှောင်နေသော ကောင်းကင်အောက်ရှိ လူသူကင်းမဲ့လှသော တောကန္တာရအတွင်း၌ ငွေရောင်အလင်းတန်းများနှင့်အတူ မိုးခြိမ်းသံများ လေထုအတွင်း၌ ပဲ့တင်ထပ်နေခဲ့သည်။ အလင်းတစ်ချက် လက်တိုင်းတွင် ပင်ပန်းနွမ်းနယ်နေသော ဟန်လိ၏ ပုံရိပ်မှာ ပေါ်ထွက်လာလေ့ ရှိသည်။ သူသည် နာကျည်းသော မျက်နှာထားဖြင့် သူ၏အနောက်ကို အလျင်အမြန် လှမ်းကြည့်နေခဲ့သည်။
"ငွေရောင်လ… ငါတို့ ထွက်ပြေးလာတာ ဘယ်နှစ်ရက် ရှိပြီလဲ"
ငွေရောင်လ၏အသံမှာ ဟန်လိ၏ စိတ်ထဲတွင် စိုးရိမ်တကြီးဖြင့် ပေါ်လာတော့သည်။
"လေးရက်လောက် ရှိပါပြီ သခင်။ သခင်က မိနစ်အနည်းငယ်ထက် ပိုပြီး အနားယူလိုက်တာနဲ့ အဲဒီ စဦးစိတ်ဝိညာဉ်နောက်ဆုံးအဆင့် ကျင့်ကြံသူက ချက်ချင်း အမှီလိုက်လာတာပဲ။ သူ၏ စိတ်ဝိညာဉ်အာရုံ မှတ်သားမှုကနေ လွတ်မြောက်နိုင်မယ့် နည်းလမ်း တကယ်ပဲ မရှိတော့ဘူးလား။ ဒါက တကယ်ကို အန္တရာယ် များလွန်းတယ်။ သခင်ဆီမှာ မန္တာန်စွမ်းအားတွေ ပြန်ဖြည့်ဖို့ နှစ်တစ်သောင်းဝိညာဉ်နို့ရည် ရှိနေပေမဲ့ သခင့် နတ်မိစ္ဆာနှိမ်နင်းခြင်း လျှပ်စီးတွေကတော့ ကုန်ခမ်းလုနီးပါး ဖြစ်နေပြီလေ။ လျှပ်စီးရွှေ့လျားခြင်းအတတ်ပညာကို ထုတ်မသုံးနိုင်တော့ဘူးဆိုရင် သခင် သူ့ရဲ့ လိုက်လံဖမ်းဆီးမှုတွေနဲ့ လှုပ်ရှားမှုတွေကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ ဒီလောက်အထိ နက်နဲလှတဲ့ စွမ်းရည်တွေဟာ လျှပ်တပြတ်ရွှေ့လျားခြင်းအတတ်နဲ့ အတူတူပါပဲ၊ ဘာမှ ကွဲပြားမှု မရှိသလောက်ပါပဲ။ တိုက်ခိုက်ဖို့ကို လုံးဝ ရှောင်ရှားပြီး အဆက်မပြတ် ထွက်ပြေးနေခဲ့တဲ့ သခင်ရဲ့ ပါးနပ်မှုကြောင့်သာ မဟုတ်ရင်… ကျွန်မတို့ လွတ်လမ်းမရှိအောင် အပိတ်ခံထားရမှာပါ"
ဟန်လိက ခါးသီးစွာ ပြုံးလိုက်ပြီး နာကျည်းစွာ ဆို၏။
"စဦးစိတ်ဝိညာဉ်နောက်ဆုံးအဆင့် တစ်ယောက်ရဲ့ စိတ်ဝိညာဉ်အာရုံ ခြေရာခံမှုက ကီလိုမီတာ ရာနဲ့ချီတဲ့အထိ လိုက်နိုင်တာလေ။ ငါ့ရဲ့ ကိုယ်ပိုင် စိတ်ဝိညာဉ်အာရုံက စဦးစိတ်ဝိညာဉ်အလယ်အဆင့် ကျင့်ကြံသူတစ်ယောက်ထက် သာလွန်နေတယ်ဆိုပေမဲ့… အစစ်အမှန် စဦးစိတ်ဝိညာဉ်နောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်နဲ့ ယှဉ်ရင်တော့ အများကြီး လိုအပ်နေသေးတာပဲ။ ဘာပဲဖြစ်ဖြစ် ငါက မဟာဖွံ့ဖြိုးမှုကျင့်စဉ်ကို ပြီးဆုံးအောင် မတတ်မြောက်သေးဘူး။ အဲဒီကျင့်စဉ်ရဲ့ နောက်ဆုံးကျင့်စဉ်တွေကို ငါ လက်ဝယ် မရရှိခဲ့ဘူး။ ဒီလိုက်တမ်းပြေးတမ်း ကိစ္စ ပြီးတာနဲ့ ငါ အနောက်ဘက် အစွန်အဖျားဆီကို ချက်ချင်း သွားပြီး အဲဒီကျင့်စဉ်ရဲ့ နောက်ဆုံး အစိတ်အပိုင်းတွေကို သေချာပေါက် ရှာဖွေရမယ်။ အတိတ်မှာတော့ ငါ့ရဲ့ စိတ်ဝိညာဉ်အာရုံက ပြိုင်ဘက်တွေထက် အမြဲ သာလွန်နေခဲ့လို့ ဒီပြဿနာမျိုးနဲ့ တစ်ခါမှ မကြုံခဲ့ဖူးဘူး။ ဒါပေမဲ့ အခုတော့ ငါ့ရဲ့ခြေလက်တွေဟာ ချည်နှောင်ခံထားရသလိုပဲ။ ငါ ဘယ်လို နည်းလမ်းတွေပဲ သုံးသုံး ဘာမှ လုပ်လို့ မရနိုင်ဘဲ ဖြစ်နေရတယ်"