← Chapters

အခန်း (၇၄၇-၇၄၈)

Vol. 54 Ch. 747-748

အခန်း (၇၄၇-၇၄၈)

Vol. 54 Ch. 747-748

အပိုင်း (၇၄၇) နာမည်ကျော်လာခြင်း

ငွေရောင်လသည် စိုးရိမ်တကြီးဖြင့် တိုးညင်းစွာ ရေရွတ်လိုက်၏။

"ဒါဆိုရင် သခင်က သွေးအရိပ်ရှောင်တိမ်းခြင်းအတတ်ကို သုံးရင် ဘယ်လိုလဲ။ တစ်ကြိမ်သုံးလိုက်ရုံနဲ့ ကီလိုမီတာ ၅၀ ကျော်ကို ဖြတ်ကျော်နိုင်မှာပါ။ ဒါဆိုရင်တော့ သူ့ရဲ့ စိတ်ဝိညာဉ်အာရုံမှတ်သားမှုကနေ သေချာပေါက် လွတ်မြောက်နိုင်ပါလိမ့်မယ်"

ဟန်လိ သူမအသက်ကို ကယ်ခဲ့သည့်အကြောင်းကို ငွေရောင်လက ထုတ်မပြောသော်လည်း သူမ၏ စိတ်ထဲတွင်တော့ အင်မတန် ထိမိသွားသဖြင့် သူမ၏ လေသံမှာ အထူးတလည် စိုးရိမ်ပူပန်မှုများ ပါဝင်လို့နေ၏။

ထိုကိစ္စကို ကြိုတင် စဉ်းစားပြီးသား ဖြစ်သဖြင့် ဟန်လိက ခါးသီးစွာ ပြုံးလျက် ဆို၏။

"တစ်ကြိမ်တည်းနဲ့တော့ မလုံလောက်ဘူး။ ငါက သွေးအရိပ်ရှောင်တိမ်းခြင်းအတတ်ကို အနည်းဆုံး နှစ်ကြိမ် ဆက်တိုက်…ဖြစ်နိုင်ရင် သုံးကြိမ်လောက်အထိ…သုံးရမှာဖြစ်သလို၊ လွတ်မြောက်ဖို့အတွက် ကျန်နေတဲ့ နတ်မိစ္ဆာနှိမ်နင်းခြင်း လျှပ်စီးတွေ အကုန်လုံးကိုပါ သုံးပစ်ရလိမ့်မယ်။ ငါ့ရဲ့ မန္တာန်စွမ်းအားက သာမန် စဦးစိတ်ဝိညာဉ်အစောပိုင်းအဆင့် ကျင့်ကြံသူတွေထက် အနည်းငယ် သာလွန်တယ်ဆိုပေမဲ့ ဒါက တကယ်ကို အန္တရာယ် များလွန်းတယ်။ ဒဏ်ရာ အနာတရ မရှိဘဲ လွတ်သွားရင်တောင်မှ ငါက အချိန်အတော်ကြာအောင် အင်အားချည့်နဲ့သွားလိမ့်မယ်။ အခုတော့ တခြား ဘာနည်းလမ်းမှ မရှိတော့တာဆိုတော့ ဒါက ငါ့အတွက် နောက်ဆုံး ရွေးချယ်စရာပဲ"

"သခင်… သခင်က…"

ဟန်လိ၏ မျက်နှာအမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားပြီး သူ၏အနောက်သို့ ခေါင်းလှည့်ကြည့်လိုက်သည်။ သူက သုန်မှုန်စွာ နှာခေါင်းရှုံ့လိုက်ပြီး ဆို၏။

"အဲဒီလူက စက္ကန့်နဲ့အမျှ ပိုပြီး နီးကပ်လာနေပြီ။ ငါ ဒီအတိုင်း ဆက်ပြီး မနေနိုင်တော့ဘူး။ စွန့်စားရုံပဲ ရှိတော့တယ်"

ငွေရောင်လသည် ဤသည်ကို ကြားရသည့်အခါ တိတ်ဆိတ်နေရန်သာ ရွေးချယ်လိုက်တော့သည်။

မကြာမီမှာပင် ဟန်လိသည် သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်ပြီး သူ၏လက်များမှာ ဝေဝါးသွားကာ ထူးဆန်းသော မန္တာန်ချိပ်ဟန်များစွာကို အလျင်အမြန် ဖန်တီးလိုက်တော့သည်။ ထိုအခိုက်အတန့်မှာပင် သူ၏ခန္ဓာကိုယ်မှ အပြာရောင်အလင်းတန်းများ တဖျပ်ဖျပ် လက်လာပြီးနောက် အံ့မခန်း ဝိညာဉ်ဖိအားတစ်ခု ထွက်ပေါ်လာတော့သည်။ ထို့နောက် သူ၏ပါးစပ်မှ နီရဲသော သွေးအနှစ်သာရ မြူခိုးများကို မှုတ်ထုတ်လိုက်သည်။ ၎င်းတို့မှာ လေထုအတွင်း ပျံ့လွင့်သွားပြီးနောက် သူ၏ခန္ဓာကိုယ်ကို ဝန်းရံထားသော အပြာရောင်အလင်းတန်းများအတွင်းသို့ စိမ့်ဝင်သွားရာ အပြာနှင့်အနီရောင် ရောယှက်နေသော မိစ္ဆာဆန်လှသော အလင်းတန်းများအဖြစ် ပြောင်းလဲသွားတော့သည်။

မကြာမီမှာပင် ဟန်လိ၏ လက်များနှင့် မျက်နှာမှာ အနီရင့်ရောင်သို့ ပြောင်းလဲသွားပြီး သူ၏အရေပြား တစ်ခုလုံးမှ မရေမတွက်နိုင်သော သွေးမျှင်တန်းများ ပန်းထွက်လာသဖြင့် ကြည့်ရသည်မှာ အင်မတန် ကြောက်မက်ဖွယ် ကောင်းလှပေသည်။ ဟန်လိသည် ဤသည်ကို အနည်းငယ်မျှပင် ဂရုမစိုက်ဘဲ မန္တာန်ချိပ်ဟန်များကို အရှိန်အဟုန်ဖြင့် ဆက်လက် ဖော်ဆောင်နေခဲ့သည်။ နောက်ထပ် သွေးအနှစ်သာရ နှစ်လုပ်ကို ထပ်မံ ထွေးထုတ်လိုက်ပြီးနောက် ဟန်လိသည် သွေးမြူခိုးများအတွင်း လုံးဝ နစ်မြုပ်သွားသဖြင့် သူ့ကို မြင်တွေ့ရန် ခက်ခဲသွားတော့သည်။

ထိုအခိုက်အတန့်တွင် ဝေးလံသော ကောင်းကင်ယံမှ အလင်းတန်းများ စတင် တောက်ပလာတော့သည်။ ငွေရောင် အလင်းလုံး သုံးလုံးမှာ သူတို့ရှိရာသို့ ဖြည်းညင်းစွာ ရွှေ့လျားလာနေခဲ့သည်။ အတွင်း၌ ပုံရိပ်များ လှုပ်ရှားနေသည်ကို မြင်တွေ့နိုင်ခဲ့သည်။ ၎င်းတို့မှာ နတ်ဘုရားပညာရှိကျန့်နှင့် သူ၏ ကိုယ်ပွားနှစ်ခုတို့ ဖြစ်ကြသည်။ သူတို့၏ စာပေပညာရှင် ဝတ်ရုံများမှာ တဖျပ်ဖျပ် လွင့်နေပြီး ဟန်လိရှိရာ ဦးတည်ရာသို့ တည်ငြိမ်စွာ ပျံသန်းလာနေကြသော်လည်း ၎င်းတို့၏ အရှိန်မှာမူ အင်မတန် မြန်ဆန်လှပေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းတို့သည် ပေ ၁၃၀၀ ကျော်သော အကွာအဝေးကို ဖြတ်ကျော်လာပြီး ဟန်လိကို သာမန်မျက်စိဖြင့် မြင်တွေ့နိုင်သည့် အနေအထားသို့ ရောက်ရှိလာတော့သည်။

"ဟမ်" အမျိုးသား သုံးဦးအနက် တစ်ဦးက အံ့အားသင့်သော မျက်နှာထားဖြင့် ဆိုလိုက်သော်လည်း မကြာမီမှာပင် မျက်မှောင်ကြုတ်လိုက်တော့သည်။

သွေးမြူခိုးများမှာ စူးရှတောက်ပသော အနီရောင်အလင်းတန်းများနှင့်အတူ ရုတ်တရက် ပွင့်ထွက်သွားတော့သည်။ ဟန်လိသည် သူ၏နေရာ၌ပင် ရပ်နေရင်း ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတော့မည့် မောက်လန်နတ်ဘုရားပညာရှိကို အေးစက်စွာ လှမ်းကြည့်လိုက်ပြီးနောက် သူ၏ကျောဘက်မှ မိုးကြိုးမုန်တိုင်းတောင်ပံကို ဖြန့်ကားလိုက်သည်။ နောက်တစ်ခဏမှာပင် သူ၏ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှာ ပုံပျက်သွားပြီး ဟန်လိ၏ ပုံရိပ်မှာ လူမြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။

စူးရှလှသော အသံတစ်ချက်သည် ရုတ်တရက် ပေါ်လာသကဲ့သို့ပင် ဝေးလံသော နေရာသို့ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။

စာပေပညာရှင် အမျိုးသား သုံးဦးစလုံးမှာ တစ်ပြိုင်နက်တည်း အံ့ဩသော မျက်နှာထားများ ဖြစ်သွားကြပြီး တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြပြီးနောက် အလယ်မှ အမျိုးသားနှင့် ပြန်လည် ပေါင်းစပ်လိုက်ကြသည်။ ငွေရောင်အလင်းတစ်ချက်အတွင်းမှာပင် အမျိုးသား သုံးဦးမှာ တစ်ဦးတည်းအဖြစ် ပြန်လည် ပြောင်းလဲသွားတော့သည်။ သူသည် ချက်ချင်းပင် မျက်လုံးများကို ပိတ်လိုက်ပြီး ထိုအသံ ထွက်ပေါ်လာရာ ဦးတည်ရာသို့ သူ၏ စိတ်ဝိညာဉ်အာရုံကို ဖြန့်ကြက်လိုက်တော့သည်။

စာပေပညာရှင် အမျိုးသားသည် ဟန်လိ ပျောက်ကွယ်သွားသော နေရာကို လှမ်းကြည့်လိုက်ပြီး အံ့ဩရိပ်အချို့ ပြသလျက် ဆို၏။

"မျက်စိတစ်မှိတ်အတွင်းမှာ ကီလိုမီတာ ၅၀ လောက်ကို သွားနိုင်တဲ့ ဘယ်လိုမျိုး ရွှေ့လျားခြင်းအတတ်လဲ။ မိစ္ဆာတာအိုရဲ့ သွေးရွှေ့လျားခြင်းအတတ်နဲ့ ဆင်တူပေမဲ့ အကွာအဝေးကတော့ အင်မတန် အံ့ဩဖို့ ကောင်းတာပဲ"

ဟန်လိကို ရက်ပေါင်းများစွာ လိုက်ဖမ်းလာခဲ့သည့်အတွက် ဤနတ်ဘုရားပညာရှိမှာ အနားမရဘဲ ဆက်တိုက် လိုက်လံ ဖမ်းဆီးခဲ့ရခြင်းအပေါ် အတော်လေး အံ့အားသင့်နေခဲ့သည်။

သာမန် စဦးစိတ်ဝိညာဉ်အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးမှာ လျှပ်စီးရွှေ့လျားခြင်းကို သုံးနိုင်ရင်တောင်မှ သူတို့ရဲ့ မန္တာန်စွမ်းအားတွေက အခုလောက်ဆို ကုန်ခမ်းနေသင့်ပြီဖြစ်ရာ မိမိ၏ ကံကြမ္မာကိုသာ လက်လျှော့ထားသင့်ပြီ ဖြစ်သည်။ ၎င်းမှာ မန္တာန်စွမ်းအားကို ချက်ချင်း ပြန်ဖြည့်ပေးနိုင်သော ကောင်းကင်ဘုံ ရတနာမျိုး သို့မဟုတ် အသက်စွမ်းအားကို သုံးစွဲရသော လျှို့ဝှက်အတတ်မျိုး မရှိလျှင်ပေါ့။ ယခုအခါ ဟန်လိက ထူးဆန်းသော ရွှေ့လျားခြင်းအတတ်ကို သုံးလိုက်သဖြင့် သူသည် ယခင်က သူ၏ စွမ်းအားအပြည့်ကို ထုတ်မပြခဲ့မှန်း သိသာလှပေသည်။

သို့သော် ဤသည်က သူ့အတွက် ပြဿနာ မဟုတ်နေပေ။ ဟန်လိအနေဖြင့် ကီလိုမီတာ ၅၀ လောက်ထိ တစ်ခါတည်း တည်နေရာရွှေ့ပြောင်းနိုင်သော်ငြား နတ်ဘုရားပညာရှိကျန့်အတွက် သူ၏ စိတ်ဝိညာဉ်အာရုံဖြင့် သူ့ကို ဆက်လက် ခြေရာခံနေဆဲ ဖြစ်သည်။ ထိုသူ အမှီလိုက်ဖို့ဆိုတာ အချိန်အနည်းငယ်ပဲ လိုပါတော့သည်။

ထိုအတွေးဖြင့် နတ်ဘုရားပညာရှိကျန့်က မျက်လုံးများကို မှေးကြည့်၍ သူ၏ စိတ်ဝိညာဉ်အာရုံဖြင့် ဟန်လိကို နောက်တစ်ကြိမ် ပစ်မှတ်ထားလိုက်ပြန်သည်။ အေးစက်သော လှောင်ပြုံးတစ်ခုနှင့်အတူ သူ၏ခန္ဓာကိုယ်မှာ အဖြူရောင်အလင်းတန်းများ တောက်ပလာပြီးနောက် နောက်တစ်ကြိမ် လိုက်လံဖမ်းဆီးရန် ပြင်လိုက်သည်။ သို့သော် ထိုအခိုက်အတန့်တွင် စာပေပညာရှင် အမျိုးသားသည် ဟန်လိ၏ အငွေ့အသက်မှာ နောက်တစ်ကြိမ် ထူးဆန်းစွာ ပျောက်ကွယ်သွားပြန်သည်ကို ခံစားလိုက်ရသည်။ သူသည် ထိတ်လန့်တကြားဖြင့် သူ၏လှုပ်ရှားမှုများကို ရပ်တန့်လိုက်တော့သည်။

သူသည် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပြီးနောက် သူ၏ စိတ်ဝိညာဉ်အာရုံ နယ်နိမိတ်ကို နှစ်ဆခန့် အလျင်အမြန် ဖြန့်ကြက်လိုက်သည့်အခါမှ ဟန်လိကို နောက်တစ်ကြိမ် ပြန်လည် တွေ့ရှိလိုက်ရသည်။ သို့သော်လည်း သူ နောက်တစ်ကြိမ် လှုပ်ရှားရန် မပြင်မီမှာပင် ဟန်လိ၏ အငွေ့အသက်မှာ နောက်တစ်ကြိမ် ထပ်မံ ပျောက်ကွယ်သွားပြန်သည်။ ယခုတစ်ကြိမ်တွင်မူ စာပေပညာရှင် အမျိုးသားမှာ မှင်တက်သွားသော မျက်နှာထားဖြင့် ထိုနေရာ၌ပင် မလှုပ်မယှက် ရပ်နေခဲ့တော့သည်။

သူ၏ စိတ်ဝိညာဉ်အာရုံမှာ အင်မတန် အားကောင်းလှသော်လည်း ၎င်းမှာ ကီလိုမီတာ ၁၀၀ ကျော် အကွာအဝေးအထိသာ ရောက်ရှိနိုင်ခြင်း ဖြစ်သည်။ သူသည် သူ၏ စိတ်ဝိညာဉ်အာရုံကို အတင်းအကျပ် ဖြန့်ကြက်ပြီး ပတ်ဝန်းကျင် အခြေအနေကို ခန့်မှန်းရယူနိုင်သော်လည်း ထိုမျှ ဝေးလံသော အကွာအဝေးမှ တစ်စုံတစ်ဦးကို ခြေရာခံဖို့ဆိုသည်မှာ သူ၏ စွမ်းရည်ထက် ကျော်လွန်နေခဲ့သည်။ သေချာပါသည်။ မထင်ထားတာမျိုး မဖြစ်လျှင် သူ့အနေဖြင့် ဟန်လိကို ခြေရာခံနိုင်ရန် မလွယ်နေပေ။ ဥပမာ - ဟန်လိ တည်နေရာရွှေ့ပြောင်းမည့် နေရာတွင် ကြိုစောင့်နေခြင်းမျိုးပင်။

ဟန်လိသည် တကယ့်ကို အကင်းပါးသော ပြိုင်ဘက်တစ်ဦး ဖြစ်သည်။ သူသည် နတ်ဘုရားပညာရှိ၏ စိတ်ဝိညာဉ်အာရုံ သူ့ထံသို့ ရောက်လာသည်ကို ခံစားလိုက်ရသည်နှင့် ထိုထူးဆန်းသော ရွှေ့လျားခြင်းအတတ်ကို အကြိမ်ကြိမ် ဆက်တိုက် သုံးစွဲပြီး လွတ်အောင် ပြေးသွားခဲ့ခြင်းပင်။ ဤသည်မှာ စာပေပညာရှင် အမျိုးသားအတွက် နှစ်ပေါင်းများစွာအတွင်းမှာ ဤကဲ့သို့ ကစားခြင်း ခံရသည့် ပထမဆုံးအကြိမ်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။

သူက မည်သူဖြစ်သနည်း။ ကြီးကျယ်လှသော နတ်ဘုရားပညာရှိကြီး မဟုတ်ပါလား။ စဦးစိတ်ဝိညာဉ်အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးက သူ့ဆီကနေ လွတ်အောင် ပြေးနိုင်ခဲ့သည်ဆိုသည့် အချက်မှာ လူသိရှင်ကြား ဖြစ်သွားခဲ့လျှင် သူ၏ ကျော်ကြားမှုမှာ အကြီးအကျယ် ထိခိုက်ပျက်စီးသွားပါလိမ့်မည်။ သို့သော်လည်း သူသည် လိုက်လံဖမ်းဆီးခြင်းကို ချက်ချင်း ဆက်လက် လုပ်ဆောင်ရန် ရည်ရွယ်ချက် မရှိတော့ချေ။ ဟန်လိ၏ ထူးဆန်းသော အတတ်များနှင့်အတူ စိတ်ဝိညာဉ်အာရုံဖြင့် ခြေရာခံနိုင်ခြင်း မရှိတော့ဘဲ ဟန်လိကို ပြန်လည် ရှာတွေ့ဖို့ဆိုသည်မှာ လျှို့ဝှက်နည်းစနစ်များကို သုံးလျှင်တောင်မှ ခက်ခဲလှပေလိမ့်မည်။ ၎င်းအပြင် သူသည် ဟန်လိကို လိုက်ဖမ်းနေခဲ့သည်မှာ ရက်ပေါင်းများစွာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ မရေရာလှသော အောင်မြင်မှုအတွက် ဤလိုက်လံဖမ်းဆီးခြင်းကို သူ ဆက်လက် မလုပ်ဆောင်နိုင်တော့ချေ။

အကြောင်းကား သူ့လို နတ်ဘုရားပညာရှိတစ်ဦး ပေါ်ထွက်လာမှတော့ ကောင်းကင်တောင်ပိုင်းရှိ အခြားသော စဦးစိတ်ဝိညာဉ်နောက်ဆုံးအဆင့် ကျင့်ကြံသူများသည်လည်း ဆက်လက် ငြိမ်နေကြတော့မည် မဟုတ်ပါဘူး။ သူသည် ပြန်လည် ဆုတ်ခွာပြီး အခြားသော မောက်လန်နတ်ဘုရားပညာရှိကြီးသုံးဦးနှင့် သွားရောက် ပူးပေါင်းကာ ပြင်ဆင်မှုများ လုပ်ဆောင်ရမည် ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် ရန်သူ့ဘက်မှ စဦးစိတ်ဝိညာဉ်နောက်ဆုံးအဆင့် ကျင့်ကြံသူများ၏ ပူးပေါင်းတိုက်ခိုက်ခြင်းကို ခံရမည်ဆိုလျှင် အင်မတန် အန္တရာယ် များလှပေလိမ့်မည်။

မတည်မငြိမ် ဖြစ်နေသော စိတ်အခြေအနေဖြင့် အတော်လေးကြာအောင် စဉ်းစားပြီးနောက် သူ၏မျက်နှာမှာ သုန်မှုန်သွားပြီး သူ လာခဲ့ရာ ဦးတည်ရာသို့ ပြန်လည် ပျံသန်းခဲ့တော့သည်။ ငွေရောင်အလင်းတစ်ချက်အတွင်းမှာပင် သူသည် လူမြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။

ကီလိုမီတာ ၁၅၀ ခန့် ဝေးကွာသော နေရာတွင်မူ ဟန်လိသည် အရင်နှင့် မတူညီသော ဦးတည်ရာတစ်ခုသို့ အပြာရောင်အလင်းတန်းတစ်ခုအဖြစ် ကောင်းကင်ယံကို ဖြတ်ကျော် ပျံသန်းနေခဲ့သည်။ သူသည် သူ၏ခန္ဓာကိုယ် အနှံ့အပြားမှ ဆေးပုလင်းများကို အဆက်မပြတ် ထုတ်ယူနေပြီး သူ၏လက်ထဲတွင် ရှိသမျှသော အသက်စွမ်းအား ကုသဆေးများကို ပါးစပ်ထဲသို့ လောင်းထည့်နေခဲ့သည်။ သူ၏မျက်နှာမှာ သေလူကဲ့သို့ ဖြူဖျော့နေပြီး မျက်ဝန်းများမှာလည်း အသက်ဓာတ် ကင်းမဲ့နေခဲ့သည်။

ငွေရောင်လ၏အသံမှာ ဟန်လိ၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားပြီး ဆို၏။

"သခင်… အဆင်ပြေရဲ့လား။ သွေးအရိပ်ရှောင်တိမ်းခြင်းအတတ်ကို သုံးကြိမ် ဆက်တိုက် သုံးလိုက်တာက တကယ်ကို အန္တရာယ် များလွန်းပါတယ်။ သခင် လမ်းတလျှောက်မှာ သောက်ခဲ့တဲ့ ဆေးလုံးတွေသာ မရှိခဲ့ရင်… အဲဒီအတတ်ရဲ့ တတိယအကြိမ်မြောက် အသုံးပြုမှုကတော့—"

"ဘာမှ မဖြစ်ပါဘူး။ ငါ အသက်စွမ်းအား သွေးအနှစ်သာရတွေ အများကြီး ဆုံးရှုံးသွားတယ်ဆိုပေမဲ့၊ ကံကောင်းတာက အတိတ်မှာ ဆေးလုံးအချို့ သန့်စင်ထားခဲ့တာ ရှိနေသေးလို့သာပေါ့။ အဲဒါတွေကို သောက်ပြီး လအနည်းငယ်လောက် သေသေချာချာ အနားယူလိုက်ရင်တော့ ငါ့ရဲ့ ကျင့်ကြံမှုက မူလအတိုင်း ပြန်ဖြစ်လာမှာပါ။"

ဟန်လိက ပင်ပန်းနွမ်းနယ်နေသော အသံဖြင့် ဖြည်းညင်းစွာ ပြန်လည်ဖြေကြား၏။

ဤစကားကို ကြားရသည့်အခါ ငွေရောင်လက သက်ပြင်းချလိုက်ပြီး တွေဝေစွာ မေး၏။

"သခင်က မိုးမျှော်ကောင်းကင်မြို့တော်ကို ပြန်မှာလား"

ဟန်လိက မတတ်သာသည့် လေသံဖြင့် ဆို၏။

“ လုံးဝ ပြန်လို့ မဖြစ်ဘူး။ အခြေအနေက ဒီလောက်အထိ ဆိုးရွားနေတာဆိုတော့… ငါ့ရဲ့ ကျင့်ကြံမှုကို အနည်းဆုံး ပြန်လည် ကုသပြီးမှသာ ကိုးပြည်ထောင်စုဆီ ပြန်သွားရမယ်။ မဟုတ်ရင်တော့ တစ္ဆေဝိညာဉ်ဂိုဏ်းနဲ့ တခြား ငါ့ရဲ့ ရန်သူတွေက ငါ့ကို အလွယ်တကူ ကြံစည်ကြပါလိမ့်မယ်။ ငါ အဲဒီလိုမျိုး စွန့်စားမှုတွေ မလုပ်နိုင်ဘူး။ ကံကောင်းတာက ငါ့ဆီက ဆေးလုံးတွေရဲ့ အစွမ်းကြောင့် ဝိညာဉ်ကြောတွေရှိတဲ့ နေရာကို ရှာနေဖို့ မလိုပါဘူး။ လူသူကင်းမဲ့တဲ့ နေရာတစ်ခုကို ရှာပြီး ခဏလောက် အနားယူဖို့ပဲ လိုတာပါ‌။ ဒါ့အပြင် ဝါးတိမ်အုပ်ဓားတွေမှာ အခုထိ အပြာရောင် ဆီမီးခွက် မီးတောက်တွေ စွဲကပ်နေတုန်းပဲ။ ငါက ခရမ်းရောင်အထွတ်အထိပ်မီးတောက်ကို သုံးပြီး အတင်းအကျပ် ဟန့်တားထားတယ်ဆိုပေမဲ့ အဲဒီ အပြာရောင်မီးတောက်တွေကို လုံးဝ ဖယ်ရှားပစ်နိုင်မယ့် နည်းလမ်းတစ်ခုကို စဉ်းစားရမယ်၊ မဟုတ်ရင် နောက်ကျရင် ဆိုးကျိုးတွေ ရှိလာနိုင်တယ်"

ငွေရောင်လက ပြုံးလိုက်ပြီး ဆို၏။

"အဲဒီ ကြေးဆီမီးခွက်က မောက်လန် မျိုးနွယ်စုတွေရဲ့ မျိုးနွယ်ဆက်ခံရတနာ တစ်ခုဆိုတော့ ၎င်းဟာ တစ္ဆေတာအိုနဲ့ တစ်စုံတစ်ရာ ပတ်သက်မှု ရှိရပါမယ်။ သခင်သာ အချိန်အနည်းငယ် ပေးမယ်ဆိုရင် အဲဒီမီးတောက်တွေကို လုံးဝ သန့်စင်ပစ်နိုင်လိမ့်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ခရမ်းရောင်အထွတ်အထိပ်မီးတောက်မှာ တကယ်ကို ထူးခြားတဲ့ စွမ်းရည်တွေ ရှိနေတာပဲလေ"

ဟန်လိသည် ခါးသီးစွာ ပြုံးလိုက်ပြီး တည်ငြိမ်စွာ ပြန်လည်ဖြေကြား၏။

"အခြေအနေတွေက ဒီလို ဖြစ်လာမှတော့… ဒီပြဿနာတွေကိုလည်း ဖြည်းဖြည်းချင်းပဲ ရှင်းရတော့မှာပေါ့။"

ထို့နောက် ဟန်လိသည် ဘာမှ ထပ်မဆိုတော့ဘဲ သူ၏ခန္ဓာကိုယ်အတွင်းရှိ ကျန်ရှိနေသော ဝိညာဉ်စွမ်းအားများကို သုံး၍ သူ၏ပတ်ဝန်းကျင်ရှိ အလင်းတန်းများကို ပိုမို မြန်ဆန်စွာ ပျံသန်းရန် လှုံ့ဆော်လိုက်တော့သည်။

တစ်ရက်ကြာ ပျံသန်းပြီးနောက် ဟန်လိသည် ပျံသန်းခြင်းကို ရပ်တန့်လိုက်ပြီး သာမန်ဟု ထင်ရသော တောင်ကြားတစ်ခုအတွင်းသို့ ဆင်းသက်လိုက်သည်။ မောက်လန်နတ်ဘုရားပညာရှိကတော့ ဤမျှ ဝေးလံသောနေရာထိ လိုက်လံဖမ်းဆီးရန် ဆန္ဒမရှိလောက်ပေ။

သူသည် ပတ်ဝန်းကျင်ကို အကြိမ်ကြိမ် ဝေ့ကြည့်လိုက်ပြီးနောက် သင့်တော်သော ကန္တာရတောင်ကုန်း နှစ်ခုကို ရှာတွေ့လိုက်သည်။ ၎င်းတို့မှာ ဝိညာဉ်စွမ်းအား လုံးဝ ကင်းမဲ့နေရုံတင်မကဘဲ အပင်များလည်း မရှိသဖြင့် ထိုနယ်မြေရှိ အခြားသော တောင်ကုန်းများနှင့် ခွဲခြား၍ မရနိုင်လောက်အောင် ဖြစ်နေခဲ့သည်။

ဟန်လိသည် ကီလိုမီတာ ၅၀ ပတ်လည်အတွင်းသို့ သူ၏ စိတ်ဝိညာဉ်အာရုံကို သတိကြီးစွာဖြင့် ဖြန့်ကြက်လိုက်သည်။ အနီးနားတွင် မည်သည့် ကျင့်ကြံသူ သို့မဟုတ် မန္တာန်စစ်သည်မျှ မရှိသည်ကို တွေ့ရှိလိုက်ရသည့်အခါမှ သူ စိတ်အေးသွားပြီး ငွေရောင်လကို ထွက်ခွင့် ပြုလိုက်တော့သည်။

ထို့နောက် ဖြူဖွေးသော မြေခွေးငယ်လေးသည် ဟန်လိ၏ အမိန့်ကို မည်သည့် ကန့်ကွက်မှုမျှ မရှိဘဲ နာခံလိုက်ပြီးနောက် သူမ၏ ပတ်ဝန်းကျင်တွင် အဝါရောင်အလင်းတန်းများကို ဝှေ့ယမ်းကာ ဟန်လိကို အတွင်း၌ ဖုံးလွှမ်းလိုက်တော့သည်။ အလင်းတစ်ချက် လက်သွားပြီးနောက် သူမသည် ဟန်လိကို တောင်ကုန်း၏ ဘေးဘက်အတွင်းသို့ တိုက်ရိုက် ခေါ်ဆောင်သွားတော့သည်။

တောင်ကြားမှာ နောက်တစ်ကြိမ် လူသူကင်းမဲ့သွားပြန်သည်။

ငွေရောင်လ၏ မြေလျှိုးအတတ်ပညာဖြင့် ဟန်လိကို တောင်၏ အလယ်ဗဟိုသို့ ခေါ်ဆောင်သွားပြီးနောက် အပြာရောင် ဓားချီများစွာမှာ တရစပ် ပွင့်ထွက်သွားရာ ပေ ၃၀ ခန့် ကျယ်ဝန်းသော ရိုးရှင်းလှသည့် အခန်းတစ်ခုကို အလျင်အမြန် ထွင်းထုလိုက်တော့သည်။ ဟန်လိသည် ထိုအခန်းအတွင်းသို့ ဝေဝါးသော ပုံရိပ်တစ်ခုအဖြစ် ဝင်ရောက်သွားပြီးနောက် ချက်ချင်းပင် တင်ပျဉ်ခွေ ထိုင်ချလိုက်တော့သည်။

မကြာမီမှာပင် ဟန်လိသည် သူ၏မျက်လုံးများကို ဖွင့်လိုက်ရာ သူ၏ပတ်ဝန်းကျင်တွင် အပြာရောင်အလင်းတန်းများ လည်ပတ်လာတော့သည်။ အရွယ်အစား မျိုးစုံရှိသော ဆေးပုလင်း ဆယ်ခုကျော်မှာ သူ၏ရှေ့တွင် ရှိနေခဲ့သည်။ သူသည် နောက်ထပ် ဆေးဝါးများကို မသောက်မီ အခုနက သောက်ခဲ့သော ဆေးလုံးများကို အရင် သန့်စင်ရန် လိုအပ်နေခဲ့သည်။ ထို့ကြောင့် သူသည် သူ၏အသက်စွမ်းအားများကို ပြန်လည် ကုသရင်း တည်ငြိမ်စွာ ကျင့်ကြံခြင်းတွင် ဈာန်ဝင်စားလိုက်၏။

သို့သော်လည်း သူ၏ အသက်စွမ်းအား ထိခိုက်ပျက်စီးမှုမှာ သူ ခန့်မှန်းထားသည်ထက် အများကြီး ပိုမို ကြီးမားလိမ့်မည်ဟု ဟန်လိ မထင်ထားခဲ့ချေ။ သူ ပြန်လည် နာလန်ထူဖို့ လိုအပ်မည့် အချိန်ပမာဏမှာ အများကြီး ပိုမို ကြာမြင့်သွားပါလိမ့်မည်။ အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားသည်နှင့်အမျှ သူသည် တရားထိုင်ခြင်းအပေါ် အာရုံစိုက်နေခဲ့ပြီး ဆေးလုံးများ၏ အကူအညီဖြင့် ပြန်လည် ကုသနေခဲ့သည်။

ခန့်မှန်းခြေအားဖြင့် နှစ်ဝက်ခန့် ဖြည်းညင်းစွာ ကုန်ဆုံးသွားသည့်တိုင်အောင် ဟန်လိသည် တောင်၏ အလယ်ဗဟိုအတွင်းမှာပင် ရှိနေဆဲ ဖြစ်သည်။ သို့သော်လည်း ထိုအတောအတွင်း အပြင်ဘက်လောကတွင်မူ မရေမတွက်နိုင်သော ပြောင်းလဲမှုများစွာ လှိုင်းထန်နေခဲ့ပြီ ဖြစ်သည်။ ကျင့်ကြံသူများနှင့် မန္တာန်စစ်သည်များအကြား အသေအလဲ တိုက်ခိုက်မည့် တိုက်ပွဲကြီးမှာ မိုးကုတ်စက်ဝိုင်းတွင် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိနေပြီ ဖြစ်သည်။

ဟန်လိ မသိရှိနိုင်သော အချက်မှာမူ မျောလွင့်တိမ်တိုက်ဂိုဏ်း၏ အကြီးအကဲဟန် အဖြစ် သူ၏ ကျော်ကြားမှုမှာ ကောင်းကင်တောင်ပိုင်းရှိ ကျင့်ကြံသူများကြားမှာသာမက မန္တာန်စစ်သည်များ၏ တပ်ဖွဲ့များအတွင်းမှာပါ အကြီးအကျယ် ပျံ့နှံ့သွားခဲ့ပြီ ဖြစ်သည်။ သူ၏ အမည်ကို ကြားလိုက်ရတိုင်း မည်သူမျှ သူ့ကို အထင်မသေးဝံ့ကြတော့ချေ။ သူသည် စဦးစိတ်ဝိညာဉ်အလယ်အဆင့် ကျင့်ကြံသူတစ်ဦးနှင့် အင်အားချင်း ညီမျှနိုင်သည်ဟူသော သူ၏ ကျော်ကြားမှုမှာလည်း လူသိရှင်ကြား ဖြစ်နေခဲ့လေပြီ။

အပိုင်း (၇၄၈) ပြန်လည်ရောက်ရှိခြင်း

နဂါးဝါတောင်တန်း တိုက်ပွဲ ဖြစ်ပွားပြီးကတည်းက မောက်လန် နတ်ဘုရားပညာရှိ သုံးဦးသည် စစ်ပွဲကို ဦးဆောင်ရန် ကိုယ်တိုင် လှုပ်ရှားလာခဲ့ကြသည်။ နှစ်ဝက်ခန့်အတွင်းမှာပင် ၎င်းတို့သည် မိုးမျှော်ကောင်းကင်မြို့တော်အထိ တိုးဝင်လာနိုင်ခဲ့ကြပြီ ဖြစ်သည်။

ကြိုတင်ပြင်ဆင်ထားခြင်း မရှိသဖြင့် ကိုးပြည်ထောင်စုသည် ကျူးကျော်လာသော ရန်သူများကို တစ်ဦးတည်း ရင်ဆိုင်ခဲ့ရသည်။ ကံကောင်းထောက်မစွာဖြင့် ကိုးပြည်ထောင်စု၏ အကြီးအကဲဖြစ်သူ ဝေဝူယာ၊ကောင်းကင်တောင်ပိုင်းရှိ အထွတ်အထိပ်ကျင့်ကြံသူကြီး သုံးဦးအနက် တစ်ဦးဖြစ်သူသည် မြို့တော်သို့ အလျင်အမြန် လာရောက်ရန် သတင်းရရှိခဲ့ခြင်းပင်။ ထို့ကြောင့်သာ သူသည် မြို့တော်၏ မန္တာန်အစီအရင်ကြီးကို အမှီပြု၍ မန္တာန်စစ်သည် စစ်တပ်များကို တစ်လတိုင်တိုင် ကြံ့ကြံ့ခံ ခုခံနိုင်ခဲ့သည်။

သို့သော်လည်း မြို့တော်သည် နတ်ဘုရားပညာရှိ သုံးဦး၊ အနက်ရောင်ဝတ်ရုံဝတ်ကျင့်ကြံသူအချို့နှင့် ဧရာမသားရဲကြီး ရှစ်ကောင်တို့၏ ပူးပေါင်း အင်အားကို ရင်ဆိုင်ခဲ့ရသည်။ ရလဒ်အနေဖြင့် မန္တာန်အစီအရင်ကြီး ပျက်စီးသွားပြီးနောက် မိုးမျှော်ကောင်းကင်မြို့တော်မှာ မန္တာန်စစ်သည်များ၏ လက်ထဲသို့ မကြာမီ ကျရောက်သွားတော့သည်။ သို့သော် ကိုးပြည်ထောင်စုအတွက် ကံကောင်းသည်မှာ မြို့တော်အတွင်းရှိ ၎င်းတို့၏ အင်အားစုအများစုမှာ အိမ်နီးချင်း ပြည်နယ်များဖြစ်သော ယွီပြည်နယ်နှင့် ပေလျန်ပြည်နယ်များသို့ ဆုတ်ခွာနိုင်ခဲ့ခြင်းပင် ဖြစ်သည်။

ထိုအချိန်မှာပင် လမ်းမှန်တာအို၊ မိစ္ဆာတာအိုနှင့် ကောင်းကင်တာအို မဟာမိတ်အဖွဲ့တို့မှ စစ်ကူများ ရောက်ရှိလာခဲ့ကြသည်။ ကောင်းကင်တောင်ပိုင်း၏ အင်အားကြီး မဟာမိတ်အဖွဲ့ လေးခု ပူးပေါင်းလိုက်ပြီးနောက် အသေးစား တိုက်ပွဲ အချို့ ဆင်နွှဲခဲ့ပြီး မောက်လန် ရှေ့တန်းတပ်ဖွဲ့များကို ယာယီ ဟန့်တားနိုင်ခဲ့သည်။ သို့သော်လည်း ထိုတိုက်ပွဲများမှာ အစစ်အမှန် အသေအလဲ တိုက်ခိုက်ခြင်းမျိုး မဟုတ်သည်မှာ ထင်ရှားလှပေသည်။

မိုးမျှော်ကောင်းကင်မြို့တော်ကို မောက်လန်တို့ သိမ်းပိုက်လိုက်ပြီးသည်နှင့် ၎င်းမှာ မန္တာန်စစ်သည်များအတွက် ကောင်းကင်တောင်ပိုင်းရှိ ပထမဆုံးသော အမာခံစခန်း ဖြစ်လာတော့သည်။ အဆုံးမရှိသော မောက်လန်မန္တာန်စစ်သည် အမြောက်အမြားမှာ မောက်လန်လွင်ပြင်မှ တရစပ် စီးဝင်လာကြတော့သည်။ မောက်လန် မျိုးနွယ်စု တစ်ခုချင်းစီသည် ကောင်းကင်တောင်ပိုင်းကို သိမ်းပိုက်နိုင်ရန် မျှော်လင့်ချက်ဖြင့် ၎င်းတို့၏ အထူးတပ်ဖွဲ့များကို အသီးသီး စေလွှတ်ခဲ့ကြသည်။ ထိုထဲတွင် အင်အားအကောင်းဆုံး ရွှေနေမင်းမျိုးနွယ်စုတော့ မပါဝင်သေးပေ။ ၎င်းတို့မှာမူ မောက်လန်လွင်ပြင်အတွင်းရှိ ပျံသန်းခြင်းမျိုးနွယ်စုများ၏ လှုပ်ရှားမှုကို စောင့်ကြည့်နေရသောကြောင့် ဖြစ်သည်။

မောက်လန်များ အားလုံး စုစည်းပြီးသွားသည်နှင့် ၎င်းတို့သည် အသေအလဲ တိုက်ပွဲကြီးများကို စတင် ဆင်နွှဲကြပါလိမ့်မည်။ ကောင်းကင်တောင်ပိုင်းသည်လည်း ဤသိမ်းပိုက်မှုကို ငြိမ်ခံနေမှာ မဟုတ်တာတော့ သေချာပါသည်။ အင်အားကြီး အဖွဲ့အစည်း လေးခု၏ အင်အားစုများအပြင် မည်သည့်အဖွဲ့အစည်းနှင့်မျှ မပတ်သက်သော ဂိုဏ်းများကလည်း လူအင်အားများ စေလွှတ်ခဲ့ကြသလို လေလွင့်ကျင့်ကြံသူ အချို့ပင်လျှင် လာမည့်တိုက်ပွဲကြီးမှာ ဘယ်လောက်အထိ အရေးကြီးသည်ကို သိသဖြင့် စစ်ပွဲတွင် ပါဝင်ခဲ့ကြသည်။ ကောင်းကင်တောင်ပိုင်းရှိ မျိုးနွယ်စု အမျိုးမျိုးကလည်း စစ်ပွဲကို ထောက်ပံ့ရန် ကိုယ်တိုင် လှုပ်ရှားလာခဲ့ကြသည်။

ဤအင်အားစုများ ရောက်ရှိလာပြီးနောက် အင်အားကြီး အဖွဲ့အစည်း လေးခုမှာ ပေလျန်ပြည်နယ်နှင့် ယွီပြည်နယ်တို့၏ နယ်စပ်သို့ ချက်ချင်း ရွှေ့ပြောင်းခဲ့ကြသည်။ အံ့မခန်းလက်မှုအတတ်ပညာရပ်များကို သုံး၍ ၎င်းတို့သည် တစ်ညတည်းနှင့် ကြီးမားလှသော ကျောက်သားမြို့တော်ကြီး တစ်ခုကို တည်ဆောက်နိုင်ခဲ့ကြပြီး ၎င်းကို မန္တာန်စစ်သည်များ၏ ကျူးကျော်မှုကို ခုခံမည့် ခံစစ်မြို့အဖြစ် သတ်မှတ်လိုက်ကြသည်။ ထိုအချိန်အတွင်းမှာပင် သူတို့သည် ၎င်းတို့၏ စစ်တပ်အတွင်းရှိ ဂိုဏ်းအသီးသီးနှင့် လေလွင့်ကျင့်ကြံသူများကို စနစ်တကျ ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့ကြသည်။ သို့မှသာ မောက်လန်များကို ကောင်းကင်တောင်ပိုင်းမှ တစ်ချက်တည်းနှင့် မောင်းထုတ်နိုင်မည် မဟုတ်လား။

မုန်တိုင်းမလာမီ ငြိမ်သက်ခြင်းအလား။ နှစ်ဖက်စလုံး၏ တိုက်ပွဲများမှာ ခေတ္တမျှ ရပ်တန့်သွားပြီး ၎င်းတို့သည် ဤအခွင့်အရေးကို အသုံးချကာ နောက်ထပ် ပြင်ဆင်မှုများ လုပ်ဆောင်နေခဲ့ကြသည်။ ဤအချိန်အတွင်းမှာပင် နဂါးဝါတောင်တန်းတွင် ရှိနေစဉ်က ဟန်လိ၏ စွမ်းဆောင်ချက်များမှာ အကြီးအကျယ် ပျံ့နှံ့နေခဲ့ပြီ ဖြစ်သည်။

သေချာတာပေါ့… သူနှင့်အပြိုင် အဘိုးအိုမာသည်လည်း ထိုနေ့က တိုက်ပွဲမှ အသက်ရှင် လွတ်မြောက်ခဲ့သည်ကို ဟန်လိ မသိထားပေ။ သို့သော်လည်း အစိမ်းရောင်ဝတ်ရုံဝတ် အမျိုးသမီး၏ ညင်သာလေပြင်းအတတ်ကို ရင်ဆိုင်ရသည့်အခါ သူသည် သူ၏ ရုပ်ခန္ဓာကို စွန့်လွှတ်ခဲ့ရပြီး သူ၏ စဦးစိတ်ဝိညာဉ်ဖြင့်သာ ကိုးပြည်ထောင်စုဆီ ထွက်ပြေးခဲ့ရခြင်း ဖြစ်သည်။ အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများအတွက်မူ လီရင်နင်းနှင့် မူရုံညီအစ်ကိုတို့ နှစ်ဦးစလုံးမှာ အသက်ရှင် လွတ်မြောက်ခဲ့ကြသည်။ တိုက်ပွဲမှာ ရှုံးနိမ့်သွားပြီမှန်း သူတို့ မြင်လိုက်ရသည့်အခါ အသီးသီး ကြိုတင်ဆုတ်ခွာ ထွက်ပြေးနိုင်ခဲ့သောကြောင့်ပင်။

ဤအသက်ရှင်ကျန်ရစ်သူများကြောင့် ဟန်လိ အနက်ရောင်ဝတ်ရုံဝတ် စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူကို မျက်စိတစ်မှိတ်အတွင်း သတ်ဖြတ်နိုင်ခဲ့သည့် စွမ်းဆောင်ချက်မှာ လူသိရှင်ကြား ဖြစ်သွားခဲ့ပြီး သူ၏ ကျော်ကြားမှုမှာလည်း ဟိုးဟိုးကျော် သွားတော့သည်။ မိစ္ဆာတာအို ဝိညာဉ်ထိန်းချုပ်ရေးဂိုဏ်း၏ မောက်လက်တို့ဘက်မှ သူလျှိုကုရွှမ်းဖူ မည်သူမည်ဝါ ဖြစ်ကြောင်းကိုတော့ အင်အားကြီး အဖွဲ့အစည်းများမှ ထိပ်တန်း ကျင့်ကြံသူ အချို့သာ သိရှိထားကြသည်။ ၎င်းမှာ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ခြင်း မရှိခဲ့ချေ။

ဟန်လိ၏ ကျော်ကြားမှုကို တဟုန်ထိုး မြင့်တက်စေခဲ့သည့် အချက်မှာ သူသည် မောက်လန် နတ်ဘုရားပညာရှိ တစ်ဦး၏ လက်မှ လွတ်အောင် ပြေးနိုင်ခဲ့သည်ဟူသော သတင်းကြောင့်ပင်။ နတ်ဘုရားပညာရှိကျန့် မန္တာန်စစ်သည် စစ်တပ်ဆီ ပြန်ရောက်သည့်အခါ ဟန်လိကို မသတ်နိုင်ခဲ့သည့် သူ၏ ရှုံးနိမ့်မှုမှာ မန္တာန်စစ်သည်များကြားတွင် အတော်လေး လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့သည်။ စာပေပညာရှင် အမျိုးသားသည် သူ့ကိုယ်သူ မျက်နှာပြန်ဆယ်ရန်နှင့် အရှက်ရမှုကို ရှောင်ရှားရန်အတွက် ဟန်လိ၏ စွမ်းရည်ကို အင်မတန် မြင့်မားစွာ အကဲဖြတ်ပေးခဲ့ရသည်။ ဟန်လိ၏ အစွမ်းမှာ စဦးစိတ်ဝိညာဉ်အလယ်အဆင့် ကျင့်ကြံသူထက်ပင် အနည်းငယ် သာလွန်သည်ဟု သတ်မှတ်ပေးခဲ့ခြင်းမျိုးပင်။

နတ်ဘုရားပညာရှိ တစ်ဦး၏ အကဲဖြတ်မှုကို မည်သူမျှ သံသယ မရှိခဲ့ကြချေ။ ဤသည်မှာ သဘာဝကျ၏။ ၎င်းအပြင် ဟန်လိ အစိမ်းရောင်ဝတ်ရုံဝတ် လဲ့မျိုးနွယ် အမျိုးသမီးနှင့် တိုက်ခိုက်စဉ်က ထုတ်ဖော်ပြသခဲ့သော စွမ်းရည်များစွာနှင့် အရင်တုန်းက ကောင်းကင်လေမျိုးနွယ်စုမှ ပညာရှိမူကို အနိုင်ယူပြီး သူ၏ ရုပ်ခန္ဓာကို ဖျက်ဆီးပစ်နိုင်ခဲ့သည့် အချက်များကြောင့် မန္တာန်စစ်သည်များကြားတွင် သူ၏ ကျော်ကြားမှုမှာ ကောင်းကင်တောင်ပိုင်း ကျင့်ကြံသူများထက်ပင် ပိုမို ကြီးမားနေခဲ့ပြီ ဖြစ်သည်။ သေချာတာပေါ့… ဤသတင်းအချက်အလက်များသည် နောက်ဆုံးတွင် ကောင်းကင်တောင်ပိုင်းသို့ ရောက်ရှိလာခဲ့ပြီး အကြီးအကျယ် လှုပ်ခတ်သွားစေခဲ့သည်။

နဂိုကထင်ရှားခြင်း မရှိသည့် အခြားစဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ အမြောက်အမြားသည်လည်း ထိုနည်းလမ်းအတိုင်းပင် နာမည်ကျော်ကြားလာခဲ့ကြသည်မှာ ပြောစရာ မလိုပါဘူး။ ဘာပဲဖြစ်ဖြစ် ကျင့်ကြံသူတစ်ဦး၏ အစစ်အမှန် စွမ်းရည်မှာ တိုက်ပွဲအတွင်းမှာသာ တကယ့်ကို တိုင်းတာနိုင်သည် မဟုတ်ပါလော။ နောက်ဆုံးတွင် နှစ်ဝက်ခန့် ကုန်ဆုံးသွားပြီးနောက် ဟန်လိသည် ယွီပြည်နယ်ရှိ တောင်ကြားတစ်ခုအတွင်း တံခါးပိတ်ကျင့်ကြံရာမှ နောက်ဆုံး၌ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။

...

ဖုန်းထောက်သည် မောက်လန် မျိုးနွယ်စုငယ်လေး တစ်ခုမှ အခြေခံတည်ဆောက်ခြင်းအဆင့်မန္တာန်စစ်သည် တစ်ဦး ဖြစ်သည်။ သူ၏ သာမန်လူမျိုးစုများကြားတွင် သူသည် တန်ခိုးကြီးသော အင်မောတယ်သခင် အဖြစ် ကိုးကွယ်ခြင်း ခံရသော်လည်း၊ ယခုအခါတွင်မူ သူသည် မိုးမျှော်ကောင်းကင်မြို့တော်ရှိ သာမန် ခြေလျင်စစ်သည် တစ်ဦးသာ ဖြစ်နေတော့သည်။

သူသည် လောလောဆယ်တွင် ပေလျန်ပြည်နယ် နယ်စပ်ရှိ ခံစစ်စခန်းတစ်ခုတွင် တာဝန်ကျနေခြင်း ဖြစ်သည်။ သူသည် ကောင်းကင်တောင်ပိုင်း ကျင့်ကြံသူများ၏ ရုတ်တရက် တိုက်ခိုက်မှုကို သတိပေးရန်အတွက် ခံစစ်စခန်းနှင့် မြို့တော်ကြားရှိ ကီလိုမီတာ ရာဂဏန်းခန့်ရှိသော ဧရိယာကို ချီစုဆောင်းခြင်းအဆင့် မန္တာန်စစ်သည် အဖွဲ့ငယ်လေး တစ်ခုနှင့်အတူ ကင်းလှည့်နေရသည်။ နှစ်ဝက်ခန့် ကင်းလှည့်ပြီးနောက်တွင်မူ သူသည် အခြားသော မန္တာန်စစ်သည် တစ်ဦးနှင့် တာဝန် လွှဲပြောင်းရမည့် အချိန်သို့ ရောက်ရှိလာပြီ ဖြစ်သည်။ နောက်ထပ် ကီလိုမီတာ ဆယ်ဂဏန်းခန့် ထပ်မံ ကင်းလှည့်ပြီးသည်နှင့် သူ ပြန်နိုင်ပြီ ဖြစ်သည်။

ဖုန်းထောက်က လွန်ခဲ့သော နှစ်ရက်အတွင်း သူ ရရှိခဲ့သော ဝိညာဉ်ကျောက်တုံး ဆယ်ဂဏန်းခန့်ကို စဉ်းစားရင်း ခေတ္တမျှ ငြိမ်သက်သွားသည်။ ထိုဝိညာဉ်ကျောက်တုံးများဖြင့်ဆိုလျှင် သူသည် အခြေခံတည်ဆောက်ခြင်းအလယ်အဆင့်သို့ တက်လှမ်းနိုင်ပြီး အတားအဆီးကို သေချာပေါက် ကျော်ဖြတ်နိုင်လိမ့်မည်ဟု သူ ယုံကြည်နေခဲ့သည်။ သူသည် နောက်ထပ် တိုက်ပွဲကြီး မစတင်မီ ကျင့်ကြံခြင်းကို ပြန်လည် အာရုံစိုက်ပြီး ပိုမို သန်မာလာချင်သည့် စိတ်စောမှုကို မထိန်းနိုင်ဘဲ ဖြစ်လို့နေသည်။ အကယ်၍ သူသာ လာမည့် တိုက်ပွဲကြီးအတွင်း၌ တစ်စုံတစ်ရာ အကျိုးပြုနိုင်မည်ဆိုလျှင် သူသည် သင့်တော်သော ဝိညာဉ်ကျောက်တုံး အရေအတွက်ကို ဆုလာဘ်အဖြစ် သေချာပေါက် ရရှိပါလိမ့်မည်။ ထိုမန္တာန်စစ်သည်မှာ သူ၏ မှော်ကိရိယာပေါ်တွင် ဖြည်းညင်းစွာ ပျံသန်းရင်း၊ ချီစုဆောင်းခြင်းအဆင့် မန္တာန်စစ်သည် အဖွဲ့ငယ်လေးကို ဦးဆောင်ရင်း စိတ်ကူးယဉ်မှုများအတွင်း နစ်မျောနေခဲ့သည်။ ထိုအခိုက်အတန့်တွင် သူသည် လူသူအရောက်အပေါက် နည်းလှသော သာမန် ကျောက်ဆောင်တစ်ခုကို ဖြတ်ကျော် ပျံသန်းမိတော့သည်။ ထိုနေရာကို ကျော်ဖြတ်ရန် ကြံစည်လိုက်စဉ်မှာပင် ကျောက်ဆောင်အတွင်းမှ အပြာရောင်အလင်းတစ်ချက် လက်သွားသည်ကို သူ ရုတ်တရက် မြင်လိုက်ရပြီးနောက် အသက် ၂၀ ကျော်ခန့်သာ ရှိပုံရသော အပြာရောင်ဝတ်ရုံဝတ် လူငယ်တစ်ဦး ပေါ်ထွက်လာတော့သည်။

ထိုလူငယ်သည် မန္တာန်စစ်သည် အဖွဲ့ငယ်လေးကို အေးစက်ပြီး ခံစားချက်ကင်းမဲ့သော မျက်နှာထားဖြင့် လှမ်းကြည့်လိုက်သည်။ ဖုန်းထောက်သည် ဤလူငယ်ကို အသေအချာ မြင်လိုက်ရသည့်အခါ သူ၏ စိတ်ဝိညာဉ်အာရုံကို ဖြန့်ကြက်ကြည့်လိုက်မိပြီးနောက် အသက်ရှူခြင်းများ အေးစက်သွားသည်ကို ခံစားလိုက်ရသည်။

"ကောင်းကင်တောင်ပိုင်း ကျင့်ကြံသူပဲ… အနည်းဆုံးတော့ အမြုတေဖွဲ့စည်းခြင်းအဆင့် ဖြစ်ရမယ်။ ငါ သူ့ရဲ့ ကျင့်ကြံမှု အတိမ်အနက်ကို မမြင်နိုင်ဘူး"

"မြန်မြန် ဆုတ်ကြစမ်း… ဒီလူက ငါတို့ ကိုင်တွယ်နိုင်မယ့်သူ မဟုတ်ဘူး"

ဖုန်းထောက်သည် အင်မတန် လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး သူ၏ အဆင့်နိမ့် အဖွဲ့ဝင် ခြောက်ဦးကို ဆုတ်ခွာရန် ပျာပျာသလဲ အော်ဟစ်လိုက်သည်။ ထို့နောက် သူသည် လှပသော ဝိညာဉ်သားရဲအိတ်တစ်ခုကို လေထဲသို့ ပစ်တင်လိုက်သည်။ ထိုအခိုက်အတန့်မှာပင် အိတ်အတွင်းမှ နီရဲသော အလင်းတန်းတစ်ခု ပျံထွက်လာပြီး လေထဲတွင် တစ်ပတ်ဝဲကာ ခံစစ်စခန်းရှိရာ ဦးတည်ရာသို့ ဒုန်းစိုင်း ပျံသန်းသွားတော့သည်။

ထိုခဏမှာပင် အဖြူရောင်အလင်းတစ်ချက်နှင့်အတူ လှပလှသော အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးတစ်ဦး ပေါ်လာတော့သည်။ သူမ၏ အနားတွင် နီရဲသော အလင်းတန်းတစ်ခု ရုတ်တရက် ပေါ်လာပြီးနောက် သူမက တခစ်ခစ် ရယ်မောလိုက်ကာ မွှေးပျံ့လှသော ပန်းရောင်မြူခိုးများကို မှုတ်ထုတ်လိုက်ပြီး နီရဲသော အလင်းတန်း၏ ပတ်ဝန်းကျင်တွင် အတားအဆီးတစ်ခု ဖန်တီးလိုက်တော့သည်။ ကြည်လင်လှသော အော်မြည်သံတစ်ခုနှင့်အတူ နီရဲသော အလင်းတန်းမှာ မှေးမှိန်သွားပြီး လေထဲတွင် ဝဲပျံနေသော နီရဲသည့် ငှက်ငယ်လေးတစ်ကောင် ပေါ်လာတော့သည်။ ထိုအမျိုးသမီးငယ်သည် သူမ၏ လက်ကို ဆန့်ထုတ်လိုက်ရာ ငှက်ငယ်လေးမှာ သူမ၏လက်တွင်း ကျရောက်သွားတော့သည်။

ဤသည်ကို မြင်လိုက်ရသည့်အခါ ဖုန်းထောက်၏ နှလုံးသားမှာ လေးလံသွားရသည်။ သူသည် အခြားသူများကို ဂရုမစိုက်နိုင်တော့ဘဲ လက်ဖြင့် မန္တာန်ချိပ်ဟန်တစ်ခုကို အလျင်အမြန် ဖန်တီးလိုက်ရာ သူ၏ ခန္ဓာကိုယ်မှာ အဝါရောင်အလင်းတန်းများ တောက်ပလာပြီး အသက်ကယ် လျှို့ဝှက်အတတ်ပညာတစ်ခုကို သုံးကာ ကီလိုမီတာ အနည်းငယ် အကွာအဝေးသို့ မျက်စိတစ်မှိတ်အတွင်း ပြေးထွက်လိုက်တော့သည်။ သို့သော် ထိုအခိုက်အတန့်တွင် လူငယ်လေးက သူ၏ မျက်လုံးများကို မှေးကြည့်လိုက်ပြီး နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။

ထိုအသံမှာ သာမန်အတိုင်းပင် ဖြစ်သော်လည်း ဖုန်းထောက် ဤသည်ကို ကြားလိုက်ရသည့်အခါ သူ၏ နားထဲတွင် အသံများ ပဲ့တင်ထပ်သွားပြီး သူ၏ စိတ်မှာ မှောင်မိုက်သွားကာ မြေပြင်ကြီးတစ်ခုလုံး သူ၏ ပတ်ဝန်းကျင်တွင် လည်ပတ်နေသလို ခံစားလိုက်ရသည်။ အခြားသော ချီစုဆောင်းခြင်းအဆင့် ကျင့်ကြံသူများသည်လည်း အခြေအနေ သိပ်မကောင်းလှချေ။ လူငယ်လေးသည် သူ၏ နှာခေါင်းရှုံ့သံအတွင်းသို့ မန္တာန်စွမ်းအားများကို ထည့်သွင်းလိုက်သည့် တစ်ခဏမှာပင် မန္တာန်စစ်သည်များမှာ တစ်ဦးပြီးတစ်ဦး မြေပြင်ပေါ်သို့ လဲကျသွားကြတော့သည်။

ထိုအတောအတွင်း မိန်းမပျိုတစ်ဦးက ဖုန်းထောက်ဘေးနားသို့ ဝေဝါးသော ပုံရိပ်တစ်ခုအဖြစ် ရောက်ရှိလာပြီး သူ့ကို ဂုတ်ဆွဲကာ လေထဲသို့ မလိုက်တော့သည်။ သူမသည် လူငယ်လေး၏ ရှေ့တွင် ဆင်းသက်လိုက်ပြီးနောက် လူငယ်လေးကို ချိုသာစွာ ပြုံးပြလိုက်ပြီး ဆို၏။

"သခင်… ဒီလူက သူတို့ရဲ့ ခေါင်းဆောင်ပဲ။ သူက တစ်ခုခုတော့ ပိုသိမှာပါ"

ဤနှစ်ဦးမှာ သူတို့တံခါးပိတ်ကျင့်ကြံနေစဉ်အတွင်း ယွီပြည်နယ် ကျဆုံးသွားသည်ကို သိရှိသွားခဲ့သော ဟန်လိနှင့် ငွေရောင်လတို့ ဖြစ်ကြသည်။ ၎င်းတို့သည် ဘာတွေ ဖြစ်ပျက်ခဲ့သလဲ ဆိုသည်ကို အကြမ်းဖျင်းအားဖြင့် နားလည်ထားကြပြီး ဖြစ်သည်။ သူသည် ငွေရောင်လကို အနီးနားသို့ ခိုးဝင်စေပြီး သတင်းအချက်အလက် အချို့ကို ကြိုတင် စုဆောင်းစေခဲ့ခြင်း ဖြစ်သည်။ သူသည် ဤနေရာကို ဖြတ်ကျော်နေစဉ်မှာပင် ဖုန်းထောက်၏ အဖွဲ့ငယ်လေး ကင်းလှည့်နေသည်ကို တွေ့ရှိလိုက်ရခြင်း ဖြစ်သည်။

ဟန်လိသည် သူ၏ နှလုံးသားမှာ လှုပ်ရှားသွားရပြီး မန္တာန်စစ်သည် အဖွဲ့ငယ်လေးကို ဖမ်းဆီးကာ ပတ်ဝန်းကျင် အခြေအနေများကို မေးမြန်းရန် ဆုံးဖြတ်လိုက်သည်၊ သို့မှသာ နတ်ဘုရားပညာရှိ တစ်ဦး စောင့်ကြပ်နေနိုင်သော နယ်မြေအတွင်းသို့ မတော်တဆ ဝင်မိမည့် ဘေးမှ ကင်းဝေးမည် ဖြစ်သည်။ ငွေရောင်လ၏ ညှို့ယူဖမ်းစားခြင်း အတတ်များနှင့်အတူ ဟန်လိ၏ အိပ်မက်မျက်ရည်အတတ်မှာ သူ အလိုရှိသော အရာကို လွယ်ကူစွာ ရယူနိုင်စေခဲ့သည်။

ဟန်လိသည် အကြီးအကျယ် သက်ပြင်းချလျက် စိတ်အေးသွားရသည်။ နတ်ဘုရားပညာရှိ သုံးဦးမှာ နယ်စပ်ကို အလှည့်ကျ စောင့်ကြပ်နေကြခြင်း ဖြစ်သော်လည်း၊ ဤနယ်စပ် နယ်မြေမှာ နတ်ဘုရားပညာရှိ စောင့်ကြပ်နေသော ခံစစ်စခန်းနှင့် အင်မတန် ဝေးကွာနေပြီး သာမန် မောက်လန် ပညာရှိ တစ်ဦးသာ စောင့်ကြပ်နေခြင်း ဖြစ်သည်။ ဟန်လိ၏ ကျင့်ကြံမှုဖြင့်ဆိုလျှင် ထိုသူ၏စောင့်ကြပ်မှုအတွင်း ခိုးဝင်သွားဖို့မှာ ဘာပြဿနာမှ ရှိလိမ့်မည် မဟုတ်ချေ။

ထို့နောက် ဟန်လိသည် အဖမ်းခံထားရသူများကို မျက်မှောင်ကြုတ်လျက် ငုံ့ကြည့်လိုက်သည်။ သတင်းအချက်အလက်များကို တတ်နိုင်သလောက် အမြန်ဆုံး ရယူနိုင်ရန်အတွက် ဟန်လိသည် စိတ်ဝိညာဉ်ရှာဖွေသည့် အတင်းအကျပ် နှိုက်ယူသည့် နည်းလမ်းကို သုံးခဲ့ရသဖြင့် ၎င်းတို့၏ စိတ်ဓာတ်များမှာ လုံးဝ ပြိုကွဲ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ သူတို့ နိုးလာလျှင်ပင် အသိဉာဏ်မဲ့သော လူစားထိုး ရုပ်ကလာပ်များသာ ဖြစ်နေကြပါလိမ့်မည်။ သူသည် သက်ပြင်းတစ်ချက်ကို သာသာယာယာ ချလိုက်ပြီးနောက် မန္တာန်စစ်သည် တစ်ဦးချင်းစီကို မီးလုံးတစ်ခုစီဖြင့် ပြာအဖြစ် ပြောင်းလဲပစ်လိုက်သည်။ ထို့နောက် သူသည် အပြာရောင် အလင်းတန်းတစ်ခုအဖြစ် ကောင်းကင်ယံသို့ ပျံတက်သွားပြီး ငွေရောင်လကိုလည်း ခေါ်ဆောင်သွားတော့သည်။

...

ပေလျန်ပြည်နယ် နယ်စပ်၊ အသစ် တည်ဆောက်ထားသော ကောင်းကင်ဦးမြို့တော်ရှိ ဝေးလံသော အဆောက်အအုံ တစ်ခုအတွင်း၌ ဟန်လိ၏ စီနီယာအစ်ကိုလုသည် ကောင်းကင်တောင်ပိုင်းရှိ အခြားသော အဆင့်မြင့် ကျင့်ကြံသူ အချို့နှင့် စကားပြောနေခဲ့သည်။ သို့သော်လည်း သူသည် တစ်စုံတစ်ခုကို စိုးရိမ်နေသည့်အလား စိတ်မပါ့တပါ ဖြစ်နေပုံ ရပေသည်။

သူသည် မန္တာန်စစ်သည် ရှေ့တန်းတပ်ဖွဲ့များနှင့် တိုက်ခိုက်ပြီး ဖြစ်သဖြင့် သူသည် မျောလွင့်တိမ်တိုက်ဂိုဏ်းသို့ ပြန်နိုင်ပြီ ဖြစ်သည်။ သို့သော်လည်း ဂိုဏ်းအတွင်း၌ လောလောဆယ်တွင် စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ နှစ်ဦးသာ ရှိနေခြင်း ဖြစ်သည်။ သူသည် ဆံပင်ငွေရောင်နှင့် အဘိုးအို ဖြစ်သူ သူ၏ စီနီယာအစ်ကိုကို မျောလွင့်တိမ်တိုက်ဂိုဏ်း တပည့်များကို ဦးဆောင်ကာ တိုက်ပွဲဝင်ရန် ခွင့်မပြုနိုင်သဖြင့် သူ ကိုယ်တိုင်သာ ကျန်ရစ်နေရန်နှင့် ဂိုဏ်းဝင် တပည့်များကို စောင့်ရှောက်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

သေချာတာပေါ့… သူ မထွက်ခွာလိုသော အခြားသော အကြောင်းရင်း တစ်ခုမှာ မကြာသေးခင်ကမှ နာမည်ကျော်ကြားလာခဲ့သည့် မျောလွင့်တိမ်တိုက်ဂိုဏ်း၏ အကြီးအကဲဟန် ကြောင့်ပင်။ ဟန်လိ၏သတင်းမှာ ပျောက်ချက်သား ကောင်းနေဆဲ ဖြစ်သည်။ သူသည် ဟန်လိ တစ်စုံတစ်ရာ ဘေးဒုက္ခနှင့် ကြုံတွေ့နေရသလား သို့မဟုတ် ပြန်မလာနိုင်ဘဲ ဖြစ်နေသလား ဆိုသည်ကို စိုးရိမ်နေခဲ့သည်။ ဘယ်လိုပဲဖြစ်ဖြစ် ဟန်လိသည် အခြားသော စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများကို သတ်ဖြတ်နိုင်စွမ်း ရှိကြောင်းနှင့် မောက်လန် နတ်ဘုရားပညာရှိ တစ်ဦး၏ လိုက်လံဖမ်းဆီးမှုမှပင် လွတ်အောင် ပြေးနိုင်ခဲ့ကြောင်း သက်သေပြခဲ့ပြီးသား ဖြစ်သည်။ အကြီးအကဲလုသည် ဟန်လိက ဤမျှအဖြစ် အရည်အချင်း ရှိသူတစ်ဦး ဖြစ်လိမ့်မည်ဟု မယုံကြည်နိုင်လောက်အောင် ဖြစ်နေခဲ့သည်။

ဘာပဲဖြစ်ဖြစ် တခြားသူတွေ မသိရင်တောင်မှ သူကတော့ ဟန်လိ လွန်ခဲ့သော နှစ်အနည်းငယ်ကမှ စဦးစိတ်ဝိညာဉ်အဆင့်သို့ ရောက်ရှိခဲ့သည်ကို ကိုယ်တိုင် သိရှိထားသူ ဖြစ်သည်။

ဟန်လိက ဘယ်လိုလုပ်ပြီး ဒီလောက်အထိ တိုတောင်းလှတဲ့ အချိန်အတွင်းမှာ ဒီလိုမျိုး ကောင်းကင်ကို ဆန့်ကျင်တဲ့ စွမ်းရည်တွေကို ပိုင်ဆိုင်လာခဲ့တာလဲ။

မောက်လန် နတ်ဘုရားပညာရှိ တစ်ဦးကိုယ်တိုင်ပင် သူ့ကို စဦးစိတ်ဝိညာဉ်အလယ်အဆင့် ကျင့်ကြံသူ တစ်ဦးထက်ပင် အဆင့်မြင့်သည်ဟု အကဲဖြတ်ခဲ့ရသည် မဟုတ်ပါလော။ မျောလွင့်တိမ်တိုက်ဂိုဏ်းအနေနဲ့ တကယ့်ကို ရတနာတစ်ခု သိမ်းဆည်းနိုင်ခဲ့တာလား။ ဂျူနီယာညီလေးဟန်က နှစ်ပေါင်း တစ်သောင်းမှာ တစ်ယောက် ပေါ်ထွန်းခဲတဲ့ ကျင့်ကြံခြင်း ပါရမီရှင် တစ်ယောက်များလား။

လောလောဆယ်တွင် လုလောသည် ခန်းမအတွင်း၌ ထိုင်နေရင်း အခြားသူများ ပြောဆိုနေသည်ကို ဂရုမစိုက်နိုင်တော့ဘဲ ဤကိစ္စကိုသာ စဉ်းစားနေမိတော့သည်။

All Chapters