← Chapters

အကျိုးဆက်

Vol. 11 Ch. 154

အကျိုးဆက်

Vol. 11 Ch. 154

အခန်း (၁၅၄) အကျိုးဆက်

ရွမ်ပင်းသည် အသက် (၂၇) (၂၈)ခန့် ရှိပြီး တက်တက်ကြွကြွဟန်ပန်ရှိကာ အလွန်တရာလည်း ချောမောခန့်ညားသူ ဖြစ်၏။

သူက လှိုင်းနက်ဂေဟာ၏ ပင်မတိုက်ရိုက်တပည့်ဖြစ်ပြီး ရေကန်နယ်မြေ၏ လျှို့ဝှက်သိုင်းပညာများကို ကျွမ်းကျင်သလို ထူးခြားသောစွမ်းအားများကို ပိုင်ဆိုင်သူ ဖြစ်သည်။

သို့သော် ရန်ကျောက်ကဲ သူ့ကို သတိထားမိသည့်အချက်မှာ ရွမ်ပင်းသည် နေသူတော်စင်ဂိုဏ်းမှ မန်ဝမ်ကို သဘောကျနေပြီး အတော်လေး စွဲလန်းနေခြင်းပင် ဖြစ်သည်။

မန်ဝမ်က သူ့ထက် အသက် (၁၀)နှစ်နီးပါး ငယ်ရွယ်သည့်တိုင် ရွမ်ပင်းက လက်လျှော့ခြင်းမရှိဘဲ မလျှော့သောဇွဲဖြင့် သူမကို လိုက်နေခဲ့သည်။

လွန်ခဲ့သည့်နှစ်ဝက်ခန့်က အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် အခြေအနေများ ရုတ်တရက် ပြောင်းလဲသွားပြီး ထိပ်သီးသိုင်းဂိုဏ်းများအကြား ဆက်ဆံရေးလည်း ပိုမိုတင်းမာလာသည်။

လှိုင်းနက်ဂေဟာသည် အစဉ်အမြဲ ကြားနေဝါဒကိုသာ ကျင့်သုံးခဲ့လေရာ သူတို့၏လုပ်ရပ်များကို ပိုပြီး သတိထားလာခဲ့သည်။

ထို့ကြောင့် လှိုင်းနက်ဂေဟာမှ လူငယ်မျိုးဆက်တပည့်တစ်ယောက်ဖြစ်သော ရွမ်ပင်းအနေဖြင့် ပုံမှန်အတိုင်း မန်ဝမ်ကို အသဲအသန် စွဲလန်းပြနေလျှင် အလွန် သိသာထင်ရှားပြီး သံသယဝင်စရာ ဖြစ်လာနိုင်သည်။

ထို့ကြောင့် အကြီးအကဲများကပဲ ထိန်းလိုက်၍လား ၊ သူ့ကိုယ်သူပဲ ထိန်းလိုက်သည်လား မသိရသော်လည်း မန်ဝမ်နောက်သို့လိုက်နေသည့် ရွမ်ပင်း အနည်းငယ် ငြိမ်သက်သွားခဲ့သည်။

ရွမ်ပင်းက လျိုရှန်းဖုန်း ၊ ရန်ကျောက်ကဲနှင့် အခြားသူများကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး ခေါင်းတစ်ချက်ညိတ်လိုက်သည်။

“အားလုံးပဲ... ကျေးဇူးပြုပြီး ငါ့နောက်လိုက်ခဲ့ကြပါ”

ထိုအခါမှ လျိုရှန်းဖုန်းက ရန်ကျောက်ကဲနှင့် ရဲ့ကျိုန်းကျိုးတို့ကို အကဲခတ်နေသည့် သူ၏ ဝံပုလွေအကြည့်ကို ပြန်လည် ရုတ်သိမ်းလိုက်သည်။

ရဲ့ကျုန်းကျိုးကတော့ ရွမ်ပင်းနှင့် သက်တူရွယ်တူများဖြစ်ပြီး အစောကပင် ရင်းနှီးသူများ ဖြစ်ကြ၏။

သူက ရယ်ကာမောကာပင် စကားဆိုသည်။

“ရွမ်ပင်း... မင်းတို့ဆီကို ခရီးထွက်လာတယ်ဆိုတာ ရှားရှားပါးပါးကိစ္စနော် ၊ မင်းတို့ရဲ့ ရှည်လျားလှပတဲ့ ကြည်လင်လျှို့ဝှက်ရေကန်ကို ငါတို့ကိုခေါ်သွားမှာ မဟုတ်လား”

ကြည်လင်လျှို့ဝှက်ရေကန်က ရေကန်နယ်မြေ အနောက်မြောက်ဘက်တွင်တည်ရှိပြီး ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲ ကျင်းပမည့်နေရာလည်း ဖြစ်သည်။

ထိုနေရာတွင် ကီလိုမီတာ (၅၀၀) ပတ်လည် ‌ရေကန်ကျယ်ကြီးတည်ရှိပြီး တစ်နှစ်ပတ်လုံး တိမ်များ ဖုံးလွှမ်းနေသည်။ ရေကန်မျက်နှာပြင်တွင် တိမ်တိုက်များ လှုပ်ရှားနေသည်က အလွန်တရာ လှပသောရှုမျှော်ခင်းကို ဖန်တီးပေးသည်။

တိမ်တိုက်များ ငြိမ်သက်နေချိန်တွင်တော့ အကန့်အသတ်မဲ့ မိုးမြေနိယာမများ ပါဝင်နေဟန် ထူးထူးခြားခြား မြင်ကွင်းများကို မွေ့ဖွားပေးသည်။ ကမ္ဘာတစ်ခုလုံးမှ သိုင်းသမားများသည် ဤနေရာသို့ လာရောက်လည်ပတ်ရန် အလွန်စိတ်အားထက်သန်ကြသည်။

လှိုင်းနက်ဂေဟာမှ သိုင်းကျင့်ကြံသူများသည်လည်း သိုင်းတာအိုကိုနားလည်ရန် ဤနေရာတွင် လာရောက်ကျင့်ကြံလေ့ ရှိကြသည်။

ယခုတစ်ကြိမ် ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲကို အိမ်ရှင်အဖြစ် လက်ခံစီစဉ်သည့် လှိုင်းနက်ဂေဟာက ဤနေရာကို စုရပ်အဖြစ် စီစဉ်ပေးသည်။

ရွမ်ပင်းက ပြုံးလိုက်ရင်း...

“ဒါပေါ့ ၊ မင်း အဲဒီမှာ ကြိုက်တဲ့နေရာ လျှောက်ကြည့်နိုင်တယ် ၊ ဒါပေမဲ့ ရေကန်မျက်နှာပြင်မှာ ငါတို့ဂိုဏ်းက အကြီးအကဲတွေက မြေမျက်နှာသွင်ပြင်အကူအညီယူပြီး အစီအရင်တွေ ပြုလုပ်ထားတယ်”

“ဒီတော့ လွတ်လွတ်လပ်လပ်လျှောက်သွားမယ်ဆိုရင်တော့ အစီအရင်တွေကို သွားပြီးမနှိုးစွမိအောင် သတိထားဖို့လိုတယ်”

ရွမ်ပင်း၏ ဦးဆောင်မှုအောက်တွင် ရန်ကျောက်ကဲ ၊ စစ်ခုန်ချင်း ၊ ကျောက်စိမ်းပင်လယ်မြို့တော်မှ တပည့်များ ၊ အဆုံးမဲ့‌တောင်တန်းမှ တပည့်များအားလုံးတို့ ကြည်လင်လျှို့ဝှက်ရေကန်သို့ ရောက်ရှိလာကြသည်။

ရေကန်မျက်နှာပြင်ထက် နင်း‌လျှောက်ရင်း ရန်ကျောက်ကဲက ပတ်ဝန်းကျင်ကို စူးစမ်းမိတော့ သူ့စိတ်များ ချက်ချင်းလန်းဆန်းပျော်ရွှင်သွားရသည်။

တိမ်တိုက်များလွင့်မျောနေပြီး ကန်ရေပြင်နှင့် ထိမိသည်နှင့် အဆက်မပြတ် ပြောင်းလဲသွားသည်။

မိုးနှင့်မြေကြား နယ်နိမိတ်က မှုံဝါးနေပြီး ရန်ကျောက်ကဲ လှမ်းမျှော်ကြည့်လိုက်သည့်အခါ ရေကန်က တိမ်တိုက်အဖြစ် ပြောင်းလဲသွားသလို ကောင်းကင်ထက်တွင် ရေကန်စီးဆင်းနေသည့်အလား ခံစားရသည်။

“လှိုင်းနက်ဂေဟာရဲ့ ရေစီးဆင်းတိမ်ရိပ်လွှာက ဒါကနေ ဆင်းသက်လာတာလား”

ရန်ကျောက်ကဲက သူ့‌ဘေးနားမှ စစ်ခုန်ချင်းကိုကြည့်လိုက်တော့ သူမက အဝေးမှမြင်ကွင်းကို စိတ်ဝင်တစား ကြည့်နေသည်။

ရဲ့ကျုန်းကျိုးနှင့် အခြားသူများက စစ်ခုန်ချင်းကိုကြည့်ပြီး ပြုံးလိုက်ကြ၏။

ရဲ့ကျုန်းကျိုးအနားမှ အသက် (၂၀)ခန့် မိန်းကလေးတစ်ယောက်က သက်ပြင်းချလိုက်ရင်း...

“သူက ဘာဖြစ်လို့ သိုင်းတာအိုကို ဒီလောက်စွဲလန်းမြတ်နိုးရတာလဲ”

ထိုမိန်းကလေးက ကျောက်စိမ်းပင်လယ်မြို့တော်မှ အချစ်ခံမိန်းမပျိုလေး လီကျင်းဝမ် ဖြစ်သည်။ သူမက ရဲ့ကျုန်းကျိုးနှင့် အဆင့်တူသည့်တိုင် ရန်ကျောက်ကဲ ၊ ရှောင်ယွိတို့နှင့် သက်တူရွယ်တူ ဖြစ်သည်။

သူမသွင်ပြင်က ပန်းချီကားတစ်ချပ်ပမာဖြစ်ပြီး စစ်ခုန်ချင်းလောက် ချောမောလှပခြင်း မရှိသည့်တိုင် ထူးခြားသည့်အလှတရားကို ပိုင်ဆိုင်သည်။

ကြမ်းတမ်းဟန်ရှိသော ရဲ့ကျုန်းကျိုးနှင့်ယှဉ်လျှင် လီကျင်းဝမ်က အလွန်နူးညံ့သိမ်မွေ့ဟန် ရှိ၏။ သူမက စစ်ခုန်ချင်းကို စိတ်ဝင်တစားဖြင့် ကြည့်နေလေသည်။

စစ်ခုန်ချင်းက သူတို့နှင့်မိတ်ဆက်ပြီး နှုတ်ဆက်စကားဆိုပြီးကတည်းက လမ်းတစ်လျှောက်လုံး စကားတစ်ခွန်းမှ မဆိုခဲ့ပေ။

သူမက ရန်ကျောက်ကဲနောက်သို့ တစ်ချိန်လုံးလိုက်နေခဲ့သော်လည်း ရဲ့ကျုန်းကျိုးနှင့် လီကျင်းဝမ်တို့ကတော့ စစ်ခုန်ချင်းသည် ကိုယ်ပိုင်အတွေးအမြင်မရှိဘဲ ပြဿနာများကို ရှောင်ရှားလိုသူတစ်ယောက် မဟုတ်ကြောင်း သိရှိခဲ့သည်။

သူမသည် အခြားကိစ္စများအတွက် အချိန်ပေးရန် မစဉ်းစားဘဲ အချိန်တိုင်း သိုင်းတာအိုကိုနားလည်ရန်သာ ကြိုးစားနေဟန် ရှိသည်။

စစ်ခုန်ချင်းက လူ့လောကအကြောင်းကို နားလည်သော်လည်း အခြားသူများနှင့် မိတ်ဆွေဖွဲ့ရသည်ကို ဝါသနာမပါပေ။ သူမက အခြားသူများနှင့်မတူညီသော စိတ်နေစိတ်ထားရှိသည်။

ရဲ့ကျုန်းကျိုးက ရယ်မောလိုက်ရင်း...

“ထူးခြားတဲ့ပါရမီပိုင်ဆိုင်ပြီး သိုင်းတာအိုကို ဒီလောက်စိတ်ဝင်စားတာ ၊ ကောင်းကင်ဘုံတောင်မှ သူ့ကိုလမ်းလွဲသွားအောင် မလပ်နိုင်ဘူး”

လီကျင်းဝမ်က...

“အမှန်ပဲ ၊ အသက်ငယ်ငယ်လေးနဲ့ အတွင်းပိုင်းကြယ်တာရာချီ နှောင်းပိုင်းအဆင့် အထွတ်ထိပ်ကိုရောက်နေပြီ ၊ ကျွန်မကြားတာတော့ လွန်ခဲ့တဲ့နှစ်ဝက်က အဆုံးမဲ့တောင်တန်းက ဟိုရှန်းကို အနိုင်ယူခဲ့တုန်းက သူက အတွင်းပိုင်းကြယ်တာရာချီ အလယ်ဆင့်ပဲ ရှိသေးတယ်တဲ့ ၊ ဒီလောက်အဆင့်တက်မြန်တာ တကယ့်ကို အံ့သြစရာပဲ”

နေရာက ကျယ်ဝန်းပြီး ရေကန်ထက်မှ ကျွန်းများက ကောင်းကင်ထက်မှ ကြယ်စင်များအလား များပြားလွန်းသည်။ သူတို့ ရေကန်မျက်နှာပြင်ထက် လမ်းလျှောက်လာရင်း ရေကန်အလယ်ပိုင်းသို့ လျှင်မြန်စွာ ရောက်ရှိလာကြသည်။

ကြည်လင်လျှို့ဝှက်ရေကန်၏ အကြီးဆုံးကျွန်းကြီးက ဤနေရာ၏ ပင်မနယ်မြေ ဖြစ်သည်။ ထိုကျွန်းကြီးကို ကြည်လင်လျှို့ဝှက်ကျွန်းဟု ခေါ်ဆိုပြီး ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲ ကျင်းပမည့်နေရာလည်း ဖြစ်၏။

ကြည်လင်လျှို့ဝှက်ကျွန်းသို့ ရောက်သည့်အခါ လှိုင်းနက်ဂေဟာမှ တပည့်အချို့က ဧည့်ကြိုများအဖြစ် ဆောင်ရွက်ပြီး တည်းခိုရာနေရာအသီးသီးသို့ လိုက်ပါပို့ဆောင်ပေးကြသည်။

ဤနေရာ၏ အဆောက်အဦဗိသုကာလက်ရာများက ရေကန်နယ်မြေ၏ အငွေ့အသက်များနှင့် ပြည့်နက်နေသည်။ အဆောက်အဦများကို ဝါးများဖြင့် စည်းစနစ်တကျ ဆောက်လုပ်ထားပြီး အနုစိတ်လက်ရာများ‌ ဖော်ကျူးထားသည်။

နေရာအခြေချပြီးနောက် ရန်ကျာက်ကဲက သူနေထိုင်ရာ ဝါးအိမ်လေးအတွင်းမှ ထွက်ခွာလာပြီး ရေကန်ထက်သို့ လမ်းလျှောက်ထွက်ခဲ့သည်။

တိမ်တိုက်များကြား ဖြတ်သန်းသွားလာရင်း ရန်ကျောက်ကဲက မျက်လုံးများကို ဖြည်းညင်းစွာ မှေးမှိတ်လိုက်ပြီး ကန်ရေပြင်ထက် အေးအေးလူလူ လမ်းလျှောက်လာသည်။

အားဟူက ရန်ကျောက်ကဲနောက်မှ လိုက်ပါလာပြီး သူ့ကို အနှောက်အယှက်မပေးဘဲ ငြိမ်သက်နေသည်။

သူက ပတ်ဝန်းကျင်တစ်ခုလုံးကို အာရုံဖြန့်ကျက်ထားပြီး ရန်ကျောက်ကဲကို အနှောက်အယှက်ပေးမည့်သူများ ရောက်မလာရန်နှင့် ရုတ်တရက် ကျရောက်လာမည့်အန္တရယ်များကိုကာကွယ်ရန် အသင့်ပြင်ထားသည်။

သူ့အနေဖြင့် ကြည်လင်လျှို့ဝှက်ရေကန်၏ နက်နဲသော တာအိုသဘောတရားများကို နားလည်အောင်ကြိုးစားရန် အားလပ်ချိန် မရှိပေ။

မနက်ဖန် ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲ စတင်သည့်အခါ ရန်ကျောက်ကဲ ပါဝင်ဆင်နွှဲမှသာ အားဟူတစ်ယောက်တည်း ဤနေရာသို့ လာရောက်လေ့လာရန် အခွင့်အရေးရမည် ဖြစ်သည်။

ရန်ကျောက်ကဲက မျက်လုံးများကို မှေးမှိတ်ထားသည့်တိုင် ဝိညာဉ်စွမ်းအား စိတ်အာရုံက အမြင့်ဆုံးအထိ မြင့်တက်လာသည်။ သူ့ခန္ဓာကိုယ်မှ မွေးညင်းပေါက်လေးများက ခပ်သာသာ ခုန်လှုပ်နေပြီး အသက်ရှူသွင်းရှူထုတ်လုပ်ရင်း ပတ်ဝန်းကျင်မှ မိုးမြေစွမ်းအားများကို စုပ်ယူနေသည်။ အဖိုးတန်နယ်မြေတစ်ခုဖြစ်သော ကြည်လင်လျှို့ဝှက်ရေကန် ပတ်ဝန်းကျင်မှ ချီစွမ်းအားများသည် ကျင့်ကြံခြင်းအတွက် အလွန်အထောက်အကူပြုသည်။

ခဏမျှလမ်းလျှောက်ပြီးနောက် ရန်ကျောက်ကဲ ခေတ္တတုံ့ဆိုင်းသွားပြီး ဆက်မလျှောက်တော့ဘဲ တိတ်ဆိတ်စွာ မတ်တတ်ရပ်နေသည်။ သူက လက်များကို ဆန့်ထုတ်လိုက်ပြီး တိမ်များအလယ်တွင် သင်္ကေတတစ်ခုကို ဖြည်းညင်းစွာ ရေးသားလိုက်သည်။

အတန်ကြာမှ ရန်ကျောက်ကဲက သတ်မှတ်အကွာအဝေးတစ်ခုအထိ ရှေ့ဆက်လျှောက်သွားပြီး ထပ်မံရပ်တန့်လိုက်ပြန်သည်။

ထိုသို့ လမ်းလျှောက်လိုက် ရပ်တန့်လိုက်လုပ်နေရင်း သူ၏လက်များကိုလည်း အဆက်မပြတ် လှုပ်ရှားလျှက် ရှိသည်။

ထို့နောက် ပတ်ဝန်းကျင်မှ တိမ်တိုက်များသည် သူ့အနားသို့ တဖြည်းဖြည်း စုဝေးလာပြီး သူ့ဘေးနားတွင် လှုပ်ရှားနေသော ချီစွမ်းအားအစုအဝေးကြီးတစ်ခု ဖြစ်တည်လာသည်။

“ကြည်လင်လျှို့ဝှက်ရေကန်ရဲ့ ပြောင်းလဲမှုတွေကိုကြည့်ရတာ ငါ့အတွက် သိုင်းတာအိုနဲ့ပတ်သက်တဲ့ အတွေးအခေါ်အသစ်တွေကို ဖြစ်ပေါ်စေတယ်”

ရန်ကျောက်ကဲ တွေးလိုက်သည်။

“ရှန်ထျန်းအဆင့်ကို ရောက်ပြီဆိုတာနဲ့ ကျင့်ကြံသူတစ်ယောက်ရဲ့ ကြယ်တာရာချီစွမ်းအားမှာ ဝိညာဉ်စွမ်းအား စတင်ထွက်ပေါ်လာတယ် ၊ ရှန်ထျန်းအလယ်ဆင့်ဆိုရင် ကြယ်တာရာချီစွမ်းအားကို အသုံးပြုပြီး ပုံရိပ်ယောင်လောကတစ်ခုကို ဖန်ဆင်းနိုင်ပြီ ၊ အမှန်နဲ့အမှားကြားက ပြောင်းလဲမှုကို မွေးဖွားနိုင်ဖို့ ခြေတစလှမ်းပဲ လိုတော့တယ် ၊ ပြီးရင်တော့ မိုးမြေက လျှို့ဝှက်ချက်တွေကို ရှာဖွေနိုင်ပြီပဲ”

“ဒီတိမ်တိုက်တွေနဲ့ ရေကန်တွေကြားမှာ ငါ အသုံးပြုနိုင်တဲ့အရာတွေ ရှိကောင်းရှိနိုင်တယ်”

စဉ်းစားနေရင်း ရန်ကျောက်ကဲ ရုတ်တရက် အံ့အားသင့်သွားသည်။

“ဟင်...”

သူ့နောက်မှလိုက်လာသည့် အားဟူက...

“သခင်လေး... ဘာဖြစ်လို့လဲ”

ရန်ကျောက်ကဲက မျက်လုံးများကို အသာမှေးစင်းရင်း ပတ်ဝန်းကျင်ကို တစ်ချက်စူးစမ်းလိုက်သည်။

“ဒီနေရာက အစီအရင်က တစ်ခုခုပြောင်းလဲသွားသလိုပဲ”

အားဟူ အံ့အားသင့်သွားသော်လည်း မျက်နှာထက်တွင် နားမလည်သည့်အမူအရာများ ထင်ဟပ်လာသည်။

ရန်ကျောက်ကဲက စကားဆက်မပြောတော့ပေ။ အဂ္ဂိရတ်ပညာနှင့် လက်နက်သန့်စင်ခြင်းများကဲ့သို့ပင် အစီအရင်ပညာဆိုသည်ကလည်း ကိုယ်တိုင်လေ့လာရသည့် ပညာရပ်တစ်ခုဖြစ်သည်။ အစီအရင်ပညာက သိုင်းတာအိုနှင့် နီးနီးကပ်ကပ်ဆက်နွယ်နေသည့်တိုင် သိုင်းကျင့်ကြံသူများ မဖြစ်မနေကျင့်ကြံရန် လိုအပ်သည့်ပညာတစ်ခုတော့ မဟုတ်ပေ။

ဝိညာဉ်အစီအရင်က ကြည်လင်လျှို့ဝှက်ရေကန်ကို လွှမ်းခြုံထားပြီး သူတို့ရှေ့တွင်ဖြစ်ပေါ်သွားသည့် အပြောင်းအလဲက သိသာထင်ရှားခြင်း သိပ်မရှိပေ။

အားဟူသည် ကောင်းကင်ချိတ်ဆက်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း အစီအရင်အကြောင်းကို တစ်လုံးမှ မသိပေ။ ထို့ကြောင့် ထိုအပြောင်းအလဲကို မသိသည်မှာ မဆန်းပေ။

ရန်ကျောက်ကဲသည်လည်း အစီအရင်ပညာတွင် အားနည်းသူ ဖြစ်၏။ သို့သော် သူ လေ့လာထားသည့် အခြားနယ်ပယ်များနှင့် နှိုင်းယှဉ်လျှင် အားနည်းသည်ဟု ဆိုခြင်းဖြစ်ပြီး သူနှင့် သက်တူရွယ်တူများကြားတွင်တော့ အစီအရင်ပညာကို အများနည်းတူ ထူးချွန်သည်ပင်။

ထို့ပြင် ဤရက်များအတွင်း ရန်ကျောက်ကဲက ရည်ရွယ်ချက်ရှိရှိဖြင့် အစီအရင်ပညာကို ပိုမိုလေ့လာကာ အဆင့်မြှင့်တင်ထားသောကြောင့် ထိုကိစ္စနှင့်ပတ်သက်ပြီး အနည်းငယ် အကဲဆတ်သည်။

ထို့ကြောင့် အစီအရင်ပြောင်းလဲသွားမှုကို လျှင်မြန်စွာ သိရှိလိုက်ခြင်း ဖြစ်၏။

ရန်ကျောက်ကဲက မေးစေ့ကို တစ်ချက်ပွတ်သပ်လိုက်ရင်း...

“အဟမ်း... ဒါက အဆုံးမဲ့တောင်တန်း သတင်းတွေလျှောက်ဖြန့်တဲ့အတွက် ရလာတဲ့အကျိုးဆက်တွေပဲ ၊ ငါ့ကို သေတွင်းထဲရောက်တဲ့အထိ ချီးကျူးကြတာလေ”

All Chapters